Tuesday, 16 October 2012





ကဗျာ


ဖွင့်ထားတဲ့(တံခါး)ပိတ်ထားတဲ့ 
 - တ ယ် ရီ -


နံနက်ဖြန်ကို အကျိုးအကြောင်းပြောပြ၍ ကံကြမ္မာကို အသံထွက်ကျက်ချင်သည်။
ညတိုင်းသော့ပေါက်ကနေ ချောင်းကြည့်နေတာဘယ်သူလဲ…။ ထုပ်တန်းမှ
တွဲလောင်းကျနေသည့် ကြိုးတစ်ချောင်းကို ဘယ်သူမှမမြင်မိလိုက်။ galaxy.iphone
အစရှိသဖြင့်ပေါ့ အခုခင်ဗျားဘယ်လိုမျက်လုံးကိုကိုင်ထားလဲ။ ညနေ၆နာရီတွင်
အိပ်ရာသည်။ နေ၏စွမ်းအင်ပေါက်ကွဲမှုမှ အနာဂတ်ကိုထုတ်လုပ်ရန် အတည်ပြုခြင်းပြီးနောက် ပိုက်ဆံရှင်းဖို့ အိပ်ကပ်ကို စမ်းမိသည်။ မွေးနေ့ဟု
ခေါ်သောနေ့၌ လက်ဆောင်ဟုခေါ်သော တန်ဖိုးအဖြစ် အချိန်ဟုခေါ်သော
ပုတ်သိုးမှုတစ်ခုကို သူမဟုခေါ်သော ကောင်မလေးက ပေးသည်။ အနက်ရောင်
လေထုအား ရွေးချယ်ခြင်း မျက်နှာကျက်တစ်ခုသည် ကွဲကြေနေပြီ။ ဖြစ်နိုင်မယ်ဆို လေဟာနယ်ထဲမှာပဲ နေချင်တာ။ ကောင်းကင်တွင် ကော်ဖြင့်ကပ်ထားသော ကြယ်တွေ၊ နားမလည်သောသူအား မပြောပြခြင်းဖြင့် ပြောပြခြင်းဖြစ်တဲ့အကြောင်း
ဘယ်သောအခါမှ မတွေ့ရှိနိုင်သည့် စမ်းသပ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ချီးယားစ်… ဘယ်လောက်တောင်အမြှုပ်ထနေသလဲဆိုတော့ လော့ခ်ချစရာမလိုတော့တာ ကနေစတယ်ဆိုပါတော့။ သစ်ခုတ်ရန်ရှိသောကြောင့်သစ်ပင်စိုက်ရန် မအားသေးပါ။ အဲ့လိုပြောတာတေ ဟိုဘက်လှည့်ရီတာများပြီ်။ အားနာတာကြောက်ရွံ့ခြင်းပဲ၊
လေမှမရှိတာ ငှက်တွေဘယ်လိုပြန်မလဲ။ ဤစက်ဝိုင်းသည် မလုံးဝန်းကြောင်း အဖော်အပေါင်းများဖြင့် သက်သေပြပါ။ တစ်ပွဲလုံးကုန်တော့ ဒီကဗျာရတဲာ။
အရေပြားတွေကို ခွာချလိုက်ပြီး သေနေတဲ့ ကင်းဗတ်စ ပေါ်တင်လိုက်… ဒါပန်းချီပဲ၊ မကြောက်ပါနဲ့ ခင်ဗျားအောက်မှာပဲ ကျွန်တော်ရှိနေပါသေးတယ်။ သူ့အရိပ်က တုံးလုံးပက်လက်သေနေတဲ့ ရေအိုင်၊ လူကြီးလူကောင်းမပါရင်စကားမပြောတတ်ဘူး။ သူ့မျက်နှာကျက်မှာအဲ့ဒီအသံရှိရဲ့ကောက်ကွေးနေသောအချိန်အား လဖက်ရည်ဆိုင်တစ်ခုမှ ကောက်တွေ့ခဲ့ခြင်းဖြစ်ကြောင်း၊ မယုံကြည်နိုင်ခြင်းဟာသူမအတွက်အကောင်းဆုံး
ဆင်ခြေတစ်ခုဖြစ်ကြောင်း၊ မျက်နှာချင်းဆိုင်ထားသောသူနှစ်ဦးသည် လားရာလည်း မတူညီနိုင်ပေ။ ဖြောင့်မတ်မှုအား မဖြောင့်မတ်မှုဖြင့် တိုင်းတာရသည် ဟု နောက်သုံးနှစ်ကြာသောအခါ အခြားတစ်ယောက်အား သတ်မှတ်ချက်စံနှုန်းထက် တစ်လက်မခွဲခန့်ပိုရှည်နေသော ၀ါကျကြောင့် ပြိုင်ပွဲမှရာသက်ပန်ပိတ်ပင်ခံရသူလေ
မဟုတ်သေးပါဘူး…မနေ့ကစဉ်းစားထားတဲ့မနက်ဖြန်ရဲ့မနက်ခင်းမှာဒီနေ့ နံနက်ခင်း ပျောက်နေတယ်၊ ဟုတ်ပါတယ်….ဟုတ်ပါတယ် သူပဲအရင်ပြောပါလိမ့်မယ်၊ ဇာတ်သိမ်းခန်းပဲမှားတာလား…စာတန်းထိုးတာ Good luck တဲ့။ ကောင်းကင်ပေါ်လမ်းလျှောက်နေတဲ့ငါ့ကို သူတို့ က ဇောက်ထိုးကြီး….။

====================================================== 

 အပ်ကြောင်းထပ်နေသော ပြကွက်တစ်ချို့ရဲ့ဆက်စပ်မဲ့စကားလုံးများ
- အ မ ည် မဲ့ -

ဘဝဆိုတာ
ကြော်ငြာတစ်မျိုးဖြစ်ကြောင်း
သက်သေပြရဦးမှာလား
ဆန္ဒ
အာသီသ
ယနေ့
မနက်ဖြန်
အတ္တ
ပရ
မာန သိက္ခာ
ကြွားဝါခြင်း
ထုတ်ကုန်တွေအကြောင်း
စသည်ဖြင့်..
စသည်ဖြင့်...
စသည်ဖြင့်....
မဖြစ်စလောက်လေးတီးမိခေါက်မိရင်
တော်ရောပေါ့ ။

ငါ
ခင်ဗျား/ကျွန်တော်
သူ/မင်း
အလွှာစုံပြဿနာများ
ပူ မှုအထွေထွေ
စား ဝတ် နေ ရေး
လမ်းသွားရင်းကြုံ
ရင်တွင်းပူလိုက်အေးလိုက်
အာမေဍိတ် !
ညည်းညူရသများ
အဖြစ်နိင်ဆုံးသောအရာများနှင့်
အဆုံးစွန်သောလိုက်လျောမှု
အလိုမတူမှု
လက်သီးပုန်းများ
ယုတ်မာလိုက်တာ
အသုံးကိုမကျဘူး
စသည်ဖြင့်...
စသည်ဖြင့်....
စသည်ဖြင့်.....
ဒီအသံတွေလဲခါးသီးစွာချိုတယ် ။

......ဟူး.....
ဖြစ်-ပျက်-တည်
လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု
ကွမ်းယာဆိုင်ယဉ်ကျေးမှု
အင်တာနက်ယဉ်ကျေးမှု
................ယဉ်ကျေးမှု
စသည်ဖြင့်......
စသည်ဖြင့်.........
စသည်ဖြင့်.............
လေထုညစ်ညမ်းမှုတွေများကုန်ပြီ ။

ဒီလိုလေးနဲ့ပဲ
တွေးမရတဲ့ဒီဦးနှောက်
အသုံးမကျမှုများစွာနဲ့ရေးထားတဲ့
ဒီကဗျာ
အခုတော့
ခင်ဗျားလဲဖတ်လို့ပြီးရောပေါ့ ။

====================================================== 

Oishi Pillows ကြော်ငြာ၊ ဝတ်မှုန်ရွှေရည်လေသံနဲ့ ... ဘယ် လို ပြော ရ မ လဲ ဆို တော့
- ဟိ န်း -


ခင်ဗျားရင်ဘတ်မှာ တံဆိပ်အဝိုင်းလေး ချိတ်ချင်လား ၊ ကျုပ်ကတော့ ချိတ်ချင်ချင်ဗျ ။
ခပ်ချဉ်ချဉ်နည်းနည်းဖြစ်မယ် ။ ဒါနဲ့ ဘဝကြီးက နေပျော်မှာပါ ။ လမ်းမှာ တွေ့တဲ့ ကောင်မ
လေးတစ်ယောက်ကို ခေါင်းခေါက်လိုက်၊ ဖက်နမ်းလိုက်၊ နဘန်ကျင်းလိုက်၊ ကျောသပ်ပေးလိုက် ၊
ပြီးရင် .. ကျုပ် ဘာတွေ လုပ်မိမှန်းမသိပါဘူးဗျာ လို့ ပြော ။ ကဲ.... မမိုက်ပလား ။
အိပ်ရာသိမ်းစရာ/ ပန်းကန်ဆေးစရာ/ E-book လုပ်စရာ/ ကားဟွန်းတီးစရာ/ KTV သွားစရာ/
ဖုန်းအားသွင်းစရာ/  ဆံပင် သစရာ/ ဘုရားဖူးစရာ/ ခွေးမွေးစရာ မလိုဘူး ။
လက်သီးလက်မောင်းတန်းပြီး တစ်ခွန်းထဲ အော်ပစ်လိုက် ။ ကျုပ်က .... နေတာလို့။
ပုဆိုးမပါဘဲ လျှောက်ပြေးချင်ပြေးဦး ၊ အိမ်ထဲမှာပဲ ပုဆိုးဝတ်ပြီး ငြိမ်ငြိမ်ကလေး ထိုင်နေပါလို့ မပြောဘူး။
ပန်းပင်ကလေးတွေ ရေမလောင်းချင်မလောင်းနဲ့ ၊ ယမမင်းကြီးဆီမှာ ဆုတောင်းဖို့ မတိုက်တွန်းဘူး။
ဒါနဲ့ ဘဝကြီးကနေပျော်မှာပါ၊ ကဲ...မမိုက်ပလား ။
ဘယ်သူလစ်လစ် ခင်ဗျားတို့ မလစ်ရင်ပြီးရော၊ ဒါမှ ဂရု တောင့်မှာ ။
နေ့ခင်းကြောင်တောင် လသာနေရင်တော့ အကြီးမားဆုံးခြစားမှုကြီးပဲ၊ မျက်နှာအဆီပြန်နေဖို့လိုမယ်။
ဒါလည်း ... သိပ်ကိစ္စမရှိပါဘူး ။ ကျုပ် ဘာတွေ လုပ်မိမှန်းမသိပါဘူး လို့ပြောလိုက် ။
တံဆိပ်အဝိုင်းကလေးတော့ မမေ့နဲ့ ။ အူတက်ပြီးလဲသေသွားတဲ့ မသာတွေ တွေ့ရင် မျက်လုံးလေး
ပေလကပ် ပေလကပ်(ဆောရီး)ပေကလပ် ပေကလပ် လုပ်နေလိုက် ။
ခင်ဗျား မို့လို့နော်။ မြတ်မြတ်နိုးနိုးချစ်လို့ပေးတာ။ ရော့....ခေါင်းထိုးဖို့ ယပ်တောင် ။
လည်ပင်းမှာ ဆွဲတဲ့ နို့ဆီခွက်တွေလည်း update ဖြစ်ပလေ့စေ ။ အခု Version 4.1.3 ထွက်နေပြီ ကြားတယ် ။
လုပ်ထားဦး ။ တော်ကြာ...နည်းနည်းပဲ ရ တယ် ထင်သွားမယ်။
ခပ်ချဉ်ချဉ် ဖြစ်လာပြီဗျာ ။ ဆိုက်ကားမမီမှာ စိုးနေလား ၊ နေဦးဗျ ၊ အမှတ်တရ ချိတ်ထားဖို့ တစ်ပုံလောက်တော့
စွန့်ကြဲသွားဦး ။ တံဆိပ်အဝိုင်းကလေး ရယ်။ ကဲ ... မမိုက်ပလား ။
ပြောင်းဖူးဖုတ်တော့ ကြိုက်ရမယ် ၊ ဟိုလူက ပေါတာကြီး ၊ ဒီလူက ဆန်ကုန်မြေလေးကြီး ၊ ရဲရဲဖွင့်ချ ၊ ရဲရဲဖွင့်ထုတ် ....
များများပြောပေး ကျုပ် ဘာတွေ လုပ်မိမှန်းမသိပါဘူး လို့ ။
ဒီလောက်ဆို ခင်ဗျားလည်း ချိတ်ချင်ချင်/ခပ်ချဉ်ချဉ် ဖြစ်လောက်ရောပေါ့ ။
တစ်ခုပဲ...လိုအပ်ရင် ငါးမိနစ်အတွင်းပြန်ကောင်းနိုင်ရမယ် ၊ တံဆိပ်အဝိုင်း ၊ ဒါနဲ့ ဘဝကြီးက အလွန်နေပျော်ပါတယ် ။

 ======================================================

 သားတို့ ရွှံ့နဲ့ပစ်တမ်း မကစားတော့ပါဘူး မေမေ
- မ င်း လု လ င် -

အမှားမှာ အမှန်ကိုရှာတော့ အမှာစာအမှားတွေ မှားပို့မိမှာစိုးတဲ့ အမှာကို နံရံကပ်
စာစောင်တွေပေါ်မှာ လက်ဗွေရာမကင်းတဲ့ရုပ်သေးခြေထောက်တွေ ဘယ်သူ
ကြိုးဆွဲလိုက်သလဲ ခေါင်းလောင်းဟာအသံမမြည်ဘဲတုန်ခါ မျက်ရည်တွေကျလာတယ်
ဒီနေ့ပြီးရင်တော့ နောက်တစ်နေ့အစီအစဉ်ဟာအသက်ဝင်လာမယ်
ဒီတစ်နပ်ပြီးရင်တော့ နောက်တစ်နပ်ဟာဘူတာမှားရပ် အသက်ကိုထုတ်ထားတဲ့ ဖက်ဟာ
နေလောင်ဒဏ်ကြောင့် အသားတွေမည်းကုန်မှာပေါ့ လက်ဖဝါးမှာ လမ်းကြောင်းတွေ တိုဝင်
နေသလား ဆရာကြီးရယ် ဆရာလေးရယ် ဆရာရယ် သားတို့သေမှာလား မေမေ
ငယ်ငယ်က ရွှံ့နဲ့ပေါက်တမ်းကစားရင်တောင် ဟိုဘက်မြောင်းခံတပ် ဒီဘက်မြောင်းခံတပ်
လမ်းပေါ်မှာတော့ရွှံ့တွေနဲ့ ပေရေညစ်ပတ် ပန်းကလေးများပွင့်တော့မည် မိုးမည်းရေထဲ
အကျိုးနည်းနေတဲ့ ခဲတံလေးတွေက တံတွေးဆွတ်နေကျ လျှာအဖျားလေးတွေကို
ဖုန်သိပ်နေတဲ့ ဘောလုံးကွင်းလေးက ဖုန်တထောင်းထောင်းနေ့ရက်တွေဆီကို
သွားကြပေါ့ တနိုင်တပိုင်အိပ်မက်လေးတွေ သားလေးကြီးရင် ဘာလုပ်မယ် စစ်ဗိုလ်ကြီး
လုပ်ပါမယ် ယတြာကောင်းကောင်းလေးသာပေးပါ တကယ်သာဂြိုဟ်ဆိုးပြီဆို
တောခိုနေလည်း မလွတ်ဘူး ငှက်ဖျားပိုးဦးနှောက်ထဲဝင်  သွားတာတွေ့လိုက်တယ်
ဘယ်တော့မှပြန်လာနိုင်မယ် အေးမြအရိပ်မှာလည်းမနေရပါဘူး အခက်ကလေးလည်းမချိုးရပါဘူး
“ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေ”
နိုင်ငံတော်သီချင်းကို ဘယ်သူရေးလဲ မေမေ ။ ဘယ်တော့မှမှန်မှာလဲ မေမေ ။
သားမေးတာ မှားသွားပြီလား မေမေ ။ အိပ်နေတာလား မေမေ ။
လူကြီးတွေပြောသလို မေမေ ဆုံးပြီ ဆိုတာလား မေမေ ။
အဲ့လိုဆိုရင် သားဘာမှဆက်မေးလို့မရတော့ဘူးလား မေမေ ။

တောင်းနေကျဆုတောင်းတွေဟာ ကြယ်တွေသာကုန်သွားတယ် ကမ္ဘာကြီးမှာ ကျည်ဆံတွေ
ဘယ်တော့မှကုန်သွားမယ့် ကမ္ဘာကြီးမှာ ကြယ်တွေသာကုန်သွားတယ်
တောင်းနေကျဆုတောင်းတွေဟာ ကျည်ဆံတွေ ကုန်နေတုန်း ။

သားတို့ ရွှံ့နဲ့ပစ်တမ်း မကစားတော့ပါဘူး မေမေ ။

*( ဂြိုဟ်ဆိုးတွေ မြူးပြီဆို ရိုးမထဲ တောခိုနေလည်းမလွတ်ဘူးဆိုတာ ...........)
| ကြယ်ပန်းလူ - သိုးမည်းတစ်ကောင်၏အစွန်းအထင်းများသော ဂီတ မှ |

 ======================================================

အိမ်ကလေး
- မ င်း သို က် ထွ န်း -


မိုးက တိမ်ကို မထားခိုဘူး။
အသားမကျမှုက အချိန်မရွေး ပြောင်းပြန်စီးတယ်။
အိမ်ကလေး။

ရေမယိုဘဲ ထီးကာတယ်။ အဲဒါ
မီး မဆော့ရလို့ ပြောတော့
ဆိုင်းဘုတ်ကြီးပဲ ပြေးပြေးမြင်တယ်။ အိမ်ကလေး။

အစကတော့ ရိုးတယ်။
တဖြည်းဖြည်းလည်း မဆိုးလာအောင်
ဝိုင်းဝန်းတည့်မတ်ကြမယ်။ အိမ်ကလေး။

. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .
 
မိ နဲ့ ဖ လို့ပြောရင်လည်း သိကြပါတယ်။
ကျ သိ ပါတယ်။ မီး
မလုံဘူး။ ရေ လှုံတယ်။
အမိုးအကာ မလာဘူး။ အထားအသို
မပြိုဘူး။ အိမ်ကလေး။

ဟိုး အရှေ့မှာ လက်တန်း အော်ရောင်းနေကြတယ်။
ဒီဘက်က အခန်းတွေကလည်း ပြောင်းပြောင်းလာတယ်။
မဆန်းဘူး။ ရိုးတယ်။ အိမ်ကလေး။
မရဘူး။ ပြင်မယ်။ အိမ်ကလေး။

ရေချိုးခန်းရဲ့ အထွက်မှာ စကားလုံးအကြီးကြီးတွေ
ကပ်ထားတယ်။ သန့်စင်ပြီးတိုင်း
ဖတ်ရမယ်။ အိမ်ကလေး။

. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .


ပိုလျှံနေရာလို့ သေချာတယ်ဆို
အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်မယ်။
အိမ်ကလေး။
အခန်းတွေ ဖွဲ့ထားမယ်။ အဖွဲ့တွေလည်း
ခမ်းသွားမှာစိုးတယ်။ အိမ်ကလေး။
အနောက်တောင်မှာ တံခါးပေါက် ထားမယ်။
တံတားဖောက် ထားမယ်။ အိမ်ကလေး။

ရင်သွေးတိုင်းကို စောင့်ရှောက်မယ်။
ဧည့်သည်တိုင်းကို ဖေးမမယ်။
အရေးကြီးရင် သွေး နီးမယ်။ သွေး နီမယ်။
မျှမျှတတ ရကြပါစေ။ အိမ်ကလေး။

အနက်နာတွေကို မျှဝေခံစားရမယ်။ အေးသမျှကိုလည်း
ဝေမျှ ကြမယ်။ အိမ်ကလေး။

. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .

အနာဂတ်တွေ မဝေးဘူး။
မနက်ဖြန်ဟာလည်း အနာဂတ်ပဲ။
ကလေးငယ်ဟာလည်း အနာဂတ်ပဲ။
နောက်ဖေးဈေးဆိုင်ဟာလည်း အနာဂတ်ပဲ။
ကြောင်က ကြွက်ကို မတွက်ကပ်ဘူး။
လိုအပ်ရင် မီးဖိုကလည်း အနွေးဓာတ်ပေးမယ့် အိမ်ကလေး။

ထင်းက ထင်းလိုမနေလည်း
ဓားက စိတ်မတိုဘဲ နားလည်ပေးရမယ်။
ထိန်းသိမ်းစောင့်ရှောက်ကြမယ်။ အိမ်ကလေး။

ရွှေအေးနားယောင်မစိုးလို့ လျှောက်ပြန်သံတွေလည်း
လျှော့ရမယ်။ နောက်ပြန်တာတွေလည်း
လျှော့ရမယ်။ အိမ်ကလေး။

တစ်ချပ်ပျက်ရင် တစ်ခါပြင်မယ်။
တစ်လက်နားရင် အားတဲ့လက်က ကူမယ်။
အားလုံးအတွက် မျှတူညီမယ့် အိမ်ကလေး။

. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .

အမိုးထိရင် တစ်အိမ်လုံး နာမယ်။
အကာထိရင် တစ်အိမ်လုံး နာမယ်။
လသာထိရင် တစ်အိမ်လုံး နာမယ်။
ပြတင်းထိရင် တစ်အိမ်လုံး နာမယ်။
ကြမ်းခင်းထိရင် တစ်အိမ်လုံး နာမယ်။
လက်သည်း ဆိတ်ရင် လက်ထိပ်ကလည်း နာမယ့် အိမ်ကလေး။

မြီဟောင်းကိုလည်း လေးစားရမယ်။
မြီသစ်ကိုလည်း ချေးငှါးရမယ်။ အိမ်ကလေး။

ရေကပြင်မှာ မြစ်ကို မတင်ဘူး။
ထမင်းစားပွဲမှာ ဇာတ်တူသား မထားဘူး။
ဧည့်ခန်းအနားမှာ အိနြေ္ဒကြီးတစ်ခွဲသားနဲ့
ယဉ်ကျေးမှုကို ခန့်ခန့်ကြီး ချပြထားမယ်။ အိမ်ကလေး။

တစ်သက်စာအတွက်
တစ်ရက်ချင်းကို ပေါင်းစုရမယ်။
တစ်လချင်းကို ပေါင်းစုရမယ်။
တစ်နှစ်ချင်းကို ပေါင်းစုရမယ်။
ကောင်းကျိုးပြုမယ့် တောင်းဆုမှန်သမျှ
ပြည့်ဝရမယ်။ အိမ်ကလေး။

ဒို့ သမိုင်းတစ်ခုမှာ နှိုင်းတုမရအောင်
ရာဇဝင်မှာ အက္ခရာတင်မယ့် အိမ်ကလေး။

. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .

ငါတို့ အိမ်ကလေးရဲ့ အမည်ကို
ရိုးမြင့် လို့ပေးမယ်။ ဒါ
သမိုင်းဝင် စီမံကိန်းပဲ။
နောင်လာနောင်သားတို့ ဆက်လက်ထိန်းသိမ်းကြစေ။

 ======================================================

ဟိုက်ပါတက်စ်တွေအတိုင်း
- မိုး လှို င် ည -

ဘယ်လန်းဂွေ့ရှ်တွေပြောင်းသုံးမလဲ
အယ်ဂိုရစ်သမ်တွေဘယ်လိုဆုပ်ဖမ်းမလဲ
လှမ်းလိုက်တဲ့ခြေလှမ်းတိုင်း
ဘယ်ကစရင်        0
ညာကစရင်  1
အလုပ်မဖြစ်တော့တဲ့ စိတ်ကူးတွေကို စကစ်လုပ်လိုက်
ကွန်မန်ပရုနဲ့ ဂျီယူအိုင်မုဒ်တွေ
ဈာန်ဝင်နေတဲ့ ခေါင်းစုတ်ဖွားဟာ ဆိုရှယ်နက်ဝေါ့တွေကြား ဖျားလို့
ထိလိုက်တာနဲ့ ကြွေသွားတဲ့ ပန်းသီးလို
ဂယ်ရယ်ဗယ်တီနဲ့တင် မရပ်လို့
အမှုန်တွန်းကန်အားကြားကနေ ဝေါဝှိုက်ဝပ်
ဒေတာဘေ့စ်တွေအကြောင်းလား ဟို့စ်လုပ်ထားတဲ့
ဟုမ်းပေခ်ျ့ဟာ လုပ်ဒင်းတွေကြား သေဆုံးလို့
ဟိုက်ပါတက်စ်တွေထပ်ဖြည့်တယ်….
စပေ့ခ်ျထဲက ဆိုက်ဘာဝါတွေ
ဆိုက်ဘာဝါထဲက စပေ့ခ်ျတွေ ပိုကျယ်လာတယ်…
စကရင်ဆေဗာဟာ ခဏခဏပြောင်းလို့…။
ခုံပေါ်ကလူမှာ ပင်ကူမျှင်တွေနဲ့…။

 ======================================================

အပေါစားဓာတ်သတ္ထု
- န ရီ မ င်း ထ က် -

စပီကာကို ဆွဲဖြဲပြီး စာရွက်ကို တိုင်မှာချိတ်လိုက်တယ်၊
အင်္ကျီကို ထုရိုက်ပြီး ပန်ကာခလုတ်ကို ဖြောင့်လိုက်တယ်၊
ပြတင်းပေါက်ကို အဖုံးချွတ်ပြီး မျက်လုံးကို ဆွဲလှန်၊
စာအုပ်ကို စီးနင်းပြီး ပန်းကန်ပြားကို သောက်ချလိုက်တယ်၊
(နင့်ကို လုံးဝအသိအမှတ်မပြုဘူး လို့ တေးထားလိုက်)
ရေသန့်ဘူးကို တသွင်သွင်ခုတ်မောင်း၊ အသံတွေကို ချိုးချ၊
ကြွပ်ကြွပ်အိတ်ကို ဟိုးအောက်ထိ ပစ်တင်လိုက်တယ်၊
မျက်ရည်တွေ တလိမ့်ပြီးတလိမ့် ဝါးစားလိုက်ဖို့ရာ၊
ယပ်တောင်တစ်ချောင်းဟာ တဖျပ်ဖျပ် ထခုန်နေလေတော့၊
(ငါ့ကိုအသိအမှတ်မပြုဘဲ ငါရှိတဲ့နေရာ နင်လာတာ တော်တော်မျက်နှာပြောင်တိုက်မှုပဲ)
လေမုန်တိုင်းဟာ အရိုးပြိုင်းပြိုင်းနဲ့ ကုန်းထလာတယ်၊
ဒီလောက်နဲ့တော့ ဘယ်ရမလဲ၊ တိမ်တွေကို ခါးချိုးပြီး
ကောင်းကင်ကို အမြီးကနေ ဆောင့်ဆွဲ၊ ပင်လယ်ထဲ ပစ်ရိုက်လိုက်
တယ်၊ မြေငလျင်တွေ တဝုန်းဝုန်းအက်ကွဲ၊ နေလုံးကြီးလည်း
မြစ်ထဲ ရှဲခနဲ ပြုတ် ကျ သွား တယ်၊ ဘာတွေ ထစ်ချုန်းချင်သေးလဲ၊
မိုးကြိုးလက်နက်ဆိုတာကလည်း ငါ့အတွက် သွားကြားထိုးတံလောက်ပဲရှိတယ်၊
(နင်ဟာ သစ္စာတရားကို ခိုးဝှက်ထားတဲ့ နတ်ဆိုးမ)
ခက်တာက ပန်းပွင့်တစ်ပွင့်ဟာ ငါ့အတွက် လေးလံလွန်းနေတာပဲ၊
မုတ်ဆိတ်ရိတ်ဓားလို ပျော့ပျောင်းနေလို့မရတော့ဘူး၊
ဂျုံးဂျုံးဂျက်ဂျက်ဆိုတဲ့ ရထားသံက အနက်ရောင်တွေ မွှေးလွန်းတယ်
(နင် မလာခဲ့စမ်းပါနဲ့၊ နင့်ရယ်သံဟာ မျက်တွင်းဟောက်ပက် ဖြစ်လွန်းလို့)
နံရံဟာ တုန်လှုပ်စွာ ထွက်ပြေးနေတယ်၊ အလင်းရောင်ဆိုတာ ခပ်တုံးတုံးအကောင်၊
ငါသောက်လက်စ သံဗူးတစ်ဗူးကို ပလပ်ထိုး၊ ကီးဘုတ်ကြီးကိုလည်း မီးညှိလိုက်တယ်၊
နှလုံးခုန်သံကို နားမှာတပ်ပြီး နားကြပ်ပေါ် တင်ကြည့်တယ်၊ သံယောဇဉ်ရဲ့ညည်းသံတွေကိုကြားရ၊
မနေ့ကအထိ ငါဟာ နင့်ကို မုန်းတီးဆဲဖြစ်ကြောင်း ပြန်သတိရလာတယ်ဆိုတာကို သတိရလာတယ်၊
(သွားစမ်းပါ၊ နင့်ခြေလှမ်းတွေဟာ ညှီစော်တွေ နံလွန်းလို့၊ အသေကောင်ဆန်လွန်းတဲ့ နင့်စကားလုံးတွေ)
စတီးတစ်ချောင်းလို ပြောင်လက်ဖို့ ကြိုးစားနေတယ်၊
တိတ်ဆိတ်မှုဟာ ငါ့နားစည်ထဲမှာ ကျယ်လောင်စွာ ခုန်ပေါက်အော်ဟစ်နေတယ်၊
ငါ့ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတဲ့ သွေးနီဥများ တဖောင်းဖောင်း ပေါက်ကွဲ၊
ဘာသူငယ်ချင်းလဲ၊ သောက်သူငယ်ချင်းလား၊
အခြေအနေကောင်းသွားတာနဲ့ အရောင်ပြောင်းတတ်တဲ့ပုတ်သင်လိုမျိုးလား၊
မီးတောင်က ချော်ရည်တွေ ပေါက်/ပန်း ထွက်သလို ပေါက်ကွဲ၊
အသက်ရှူသံတွေလည်း စကားထစ်သူတစ်ယောက်စကားပြောသလို ထစ်ငေါ့လာ၊
လှုပ်ရှားနေတဲ့ကြိုးတစ်ချောင်းဟာ မြွေဟောက်တစ်ကောင်ပဲ၊
မြွေဟောက်တစ်ကောင်ဟာ နင့်လျှာတစ်ချောင်းပဲ၊
နံရံမှာကပ်ထားတဲ့စာတမ်းတစ်ခုဟာ ပစ္စုပ္ပာန်ပဲ၊
ပစ္စုပ္ပာန်ဟာ လွန်ခဲ့တဲ့တစ်ပတ်က မီးလောင်သေဆုံးသွားပါပြီ (စိတ်မကောင်းဖွယ်ပြဇာတ်)
အဟက်၊
သွားစမ်း၊
နင့်ရဲ့ပုပ်အဲ့အဲ့သံယောဇဉ်ဆိုတာကို ခေါင်းဖြတ်သတ်ခဲ့တယ်၊
နာ ကျင်/ကျည်း မှုဆိုတာ       အထက် ရှ ဆုံး လက်နက် ။               

====================================================== 

အားရကျေနပ်ဖွယ်ရာမရှိခြင်းများနှင့် စပ်လျဉ်း၍......
- စ စ် နို င် -

ပြတ်ထွက်လုခမန်း သံယောဇဉ် မြူးဇစ်
လုပ်ဇာတ်၊ ထိုးဇာတ်ဆန်ဆန် သရုပ်မဆောင်တတ်ဘူး
ခက်တာက....ရိုးလည်း မရိုးဘူး။ ဟာသ။
ရယ်ရတယ် မထင်နဲ့။ မျက်ရည်တွေပုံအော။
ကိုယ်ကျောမှီ်ထားတဲ့ခေတ်ရဲ့ အပေါက်အပြဲထဲ (အို အေး အို) (အို အေး အို)
သီချင်းတစ်ပုဒ်ဆိုချင်တယ် ....... လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်ရင်း
နားထင်မှာ ရှဲကနဲ အကယ်ဒမီရှော့ခ်
အနုပညာကလည်းခရီးကိုမတွင်ဘူး စာမျက်နှာတစ်ခုလုံးကို
ဖြတ်ပြီး....ငှက်တွေပျံသွားတယ် ဘယ်တော့မှမပျော်ဘူး

တောင်တန်းကြီးဆီကို ညာဘက်ထိပ်ကနေ  ရင်ဘတ်ထဲအထိ
ဖွင့်ဆိုရှင်းပြနည်းနဲ့ မလုံလောက်တော့ဘူး လွဲလွဲလေးပဲကောင်းတဲ့ မီး
အရေးကြီးလို့ သွေးနီးပြီဆိုကာမှ သူစိမ်းတစ်ယောက်လို
ပြန်ပြန်ပြော
ဘယ်လိုအမောဖြေရမှန်းတောင် မသိဘူး ဒီစိတ္တဇကို
ဈေးကြီးသလိုနေတဲ့ မျက်နှာပေးက သံသရာတစ်လျှောက်လုံး
ရုပ် နဲ့၊ နာမ် နဲ့၊ အမှား နဲ့၊ နားလည်ရခက်တဲ့ သင်္ကေတတွေနဲ့
အတောင်ပံလည်း မရှိဘူး ချစ်မြတ်နိုးဖွယ်ရာစကားတွေလည်း မဆိုတတ်ဘူး။
ရူးရူးမူးမူး ၂၀၁၂ အတွက်
ဒီချိုင့်ခွက်လေးရဲ့ ခေါင်းမာမှုကို ကိုယ့်ကိုယ်ကို
အံ့သြ။         

 ======================================================

မခံချိကြိုး
- စိုး မ င်းေ အာ င် -

ရှေးကျတဲ့ အတွေးအခေါ်တွေ အသားပို ကွာရှင်းခွင့်
စိတ်အနှောင့်အယှက်ဖြစ်ကာ ဆန့်သော လက်မကွေးမီ နောက်လိုက် နောက်ပါ
ဖိအားကြား ပြောက်ကျားတိုက် ကျွန်တော်လွတ်မြောက်လာခဲ့ပါပြီ မိုင်း
ဖယ်ရှားရေး ဂူများ အလယ်ရှိ ရလဒ် ခင်ဗျားလည်း သူ့အလိုလိုပြီးသွားမယ် အိုး
မီးစင်ကြည့် က
နာရီပေါင်းများစွာ ခေတ်များစွာ အဖြေမရသေးပေမယ့် မတ်တပ်ရပ် လမ်းလျှောက် သွား စား
ထိုင် အိပ် ပြေး ရှုခင်း စုပ်ယူခံရပြီး ဆီးကြိုသော စွန့်ထုတ်မှု အရေပြားပေါင်မုန့်
များ ပျက်စီးပြိုကွဲ အတင်းကျပ်ဆုံး အလုပ်လုပ်ကြရသည် အေးစက်နေသော ညှို့ယူမှု
လှည့်စားမှု သေးနဲ့ ပန်း
အသွင်သစ် ဦးနှောက်များလည်း အပါအဝင် ကမ္ဘာ့ထိပ်တန်း မသဲမကွဲပုံပျက်ကြီး
ချုပ်နှောင်ရောင်ကိုင်း တွေ့ရလိမ့်မယ် ကျင်းကြီး အလုပ်ကြမ်း နိုး
မကြည့်တော့ဘူး 46664 သောက
အဆိုးဆုံးက မီးခိုးရောင်တွေပေါ့ တွန့်ဆုတ် ဘယ့်နှယ် အိုဘယ့်ဘယ် ခြောက်သွေ့
အခြားရွေးစရာလမ်း ကြည့်ရှုရန် တသိမ့်သိမ့် လှုပ်ခါတိုက်ခိုက်မှု
တောင့်တင်းအောင် ဖြစ်ခဲ့ကြသည်
အပြိုင်းအရိုင်း တကယ့်အသက်ရရှိရေးဆိုင်ရာ အတူချောက်ချား အရင်းအတိုင်း
ပိုမိုကြီးမားလာတာကိုလည်း အကာအကွယ်ပေးနိုင် မပေးနိုင် (ဓ/န) (အာ/ဏာ) (ဘာ/ညာ)
နှလုံးရည်တစ်ပြင်တည်းဖြစ်ရေး အမည်းမစွန်းရေး ရေး ရေး ခွေကျတာဟာ
လဲစရာမရှိတော့တာဖြစ်တယ်
အရှိန်မြင့်လာတယ် ကျန်းမာကြပါစေကုန် တိုးတိတ်စွာ မျက်နှာဝှက်ထိုင်နေ
နောင်အခါတင်သွင်းခဲ့သည့် ကြောက်မက်ဖွယ်ကောင်းပုံ အစုအပြုံလိုက်ဆိုးဝါးပုံ
နိဂုံးချုပ်ကြပါစို့ရဲ့ ၃ မိနစ်စောင့် ငြိမ်သက်စွာ လူတိုင်းသည်
ယိမ်းထိုးနေကြသည် အားလုံးကို
နွေးထွေးစွာဖြင့် ယုံကြည်ချင်ပါတယ် အသား အရိုး အရောင် မှုန်ဝါးဝါး အလို
အနီးကပ်ဆုံးရှိနေပြီး ဘဇာကြောင့်
ဆွံ့အစွာ ပြောနေခြင်း ဖြစ်သည် နေရစဉ် တိုတောင်းလှသော အက်ကြောင်းကို
သတိပြုမိပြီး ဖာလိုက်
သင့်တယ် ရှင်းပြ ဆင်းရဲမွဲတေမှု အရှင်းပြ ရှက်ဖွယ် ပေနေသည် သတင်း
လုပ်တာကို ဘာမဆို လက်ပိုက်ကြည့်
သတင်းဖြစ်သွားဦးမှာ ပတ်သက်ရင် ပေးနိုင်တာက အသုံးမကျတဲ့ အရာတွေပဲလား
မြေအောက် အိပ်မက်ကောက်ဈာပန
ကျွန်တော်ဟာ အသံကို ဖမ်းယူရရှိထားပါတယ် မိုးချုပ်တိုင်း
အရမ်းဆူညံလာတာတွေကတော့ မသိပါဘူး ဆေး
ဒါဟာ ပတ်တီးတစ်စပါပဲ မကြောက်ပါဘူး အမူအကျင့် ဘာတွေများ အကျင့်ခံ ဝေးလေ ကောင်းမယ်
မျက်ရည်ဟာ မျက်လုံးထဲ ပြန်မဝင်ဘူး မဟုတ်ဘူး ဝင်တယ် အံ့အားသင့်တယ် မြင်တဲ့ အချိန်တိုင်းမှာ
ကန်းနေတယ်လို့ပဲ ထင်တယ် လာတော့မှာပါ တကယ်အလိုရှိရင် လာတော့မှာပါ ကုပ်ကို ကာကွယ်
တုံ့ပြန် ဒါပေမဲ့ အဲဒီလိုသာဆိုရင် (အဓိပ္ပာယ်ဖော်ပြမရ) ပဲ အာမမခံပါဘူး
ခံချင်လည်း ခံလေ
အနောက်ကနေ အနောက်ကို မလုပ်သင့်ဘူး

 ======================================================

မူကြမ်း
- သ က် တံ့ -

ဒီမှာ
က
ရဲ့

ဗျာ
က ဗျာ    ရဲ့ ကိုယ် ထည် က ဒီမှာ
ဗျာ

ရဲ့
ဆုံး
က
ဒီမှာ       
                                                                                                          
 ======================================================

လတ်တလောအခြေအနေ
- သွ ယ်ေ လး -

ခေါင်းတွေကိုက်နေတယ်။ ဒီရက်ပိုင်း ခေါင်းထဲကိုမိစ္ဆာတစ်ကောင်ဝင်အောင်းနေသလိုပဲ။
ချစ်ခြင်းမေတ္တာကိုဘယ်လိုမြင်လဲ။ အထူးသဖြင့်ချစ်ခြင်း။ အထူးသဖြင့်မေတ္တာ။ ကိုယ်လိုအပ်
မှုတစ်ခုအတွက်နဲ့ ကျန်တာတွေကိုတံဆိပ်ပြောင်း။ ရေများနေပါတယ်။ ရွာမယ်ဆိုရင် တောင်
ခြေထိစီးဆင်းပါစေ။ ဆန့်တန်းထားတဲ့လက်တွေ။ မြှောက်ထားတဲ့လက်တွေ။ တစ်စုံတစ်ခုကို
ဖမ်းဆုပ်ရမှာလိုမျိုး အားပြုနေတဲ့လက်တွေ။ ဘယ်လက်နဲ့ဘယ်လမ်းအထိပေါက်မြောက်ချင်လဲ။
မျက်ဝန်းတွေထဲကမျှော်လင့်ချက်တွေနဲ့ ဆာလောင်နေတဲ့သွေးသားတွေ။ သူတို့ကခုန်နေတဲ့
လမ်းပေါ်ကတေးသွားတွေ။ ခင်ဗျားဘယ်နားနဲ့နားထောင်နေလဲ ။ ကြားမိခဲ့သမျှတဆိတ်လောက်
အတုအယောင်တွေလို့ပြောပါ။ ဒါမှမဟုတ်အစစ်အမှန်တွေလို့ပြောပါ။ ခေါင်းတွေကိုက်နေတယ် ။
တစ်ခါတစ်လေ အမှန်အမှားဆိုတာကိုတောင် ဆွံ့အနေတယ် ။ လက်ဖဝါးထဲမှာဆုပ်ကိုင်ထားမိတဲ့
ယုံကြည်မှု။ သပ်လျှိုဒဏ်ရာတွေကြောင့် အံတစ်ချက်အကြိတ်မှာတင်ကျကွဲခဲ့တယ်။ အရာရာ
ပြောင်းလဲနေပြီ။ နေရာတိုင်းမှာကြားတယ်။ စည်းဝိုင်းအပြင်ရောက်နေလို့လား။ မသိမသာပြောင်း
လဲနေလို့လား။ မသိလိုက်ရဘဲ ပြောင်းလဲနေလို့လား။ ဇောတွေ။ အမောတွေ။ တစ်ခုခုကိုတွေးနေရ
တဲ့ကြောက်ရွံ့မှုတွေ။ မနက်ဖြန်တွေကိုမလတ်ဆတ်နိုင်တဲ့ပစ္စုပ္ပာန်ရဲ့ ခပ်ပါးပါးပုတ်မှုတွေ။ ရှုံ့ချည်
နှပ်ချည်နဲ့ ပီကေလိုဆက်ဆံရေးတွေ။ ခေါင်းတွေကိုက်နေတယ်။ ငှက်ဖျားပျောက်ဆေးရဲ့သုံးပုံ
တစ်ပုံကအတု။ ကိုယ်ဝယ်ထားမိတဲ့ဒီနာရီလေးကတံဆိပ်အတု။ အခုစားနေတဲ့မုန့်ကသားရေစာ
အတု။ နို့တစ်စက်မှမပါတဲ့နို့မှုန့်ကို ကော်ဖီတစ်စေ့မှမပါတဲ့ကော်ဖီမစ်နဲ့ရောပြီး သောက်လိုက်တယ်။
ပတ်ဝန်းကျင်အတုထဲက လူအတုတွေကိုဘာနဲ့ရောရမလဲ။ စကားလုံးအတုတွေ။ ခင်မင်မှုအတုတွေ။
အပြုံးအတုတွေ။ နေလောင်ခံအရေပြားအတုတွေ။ အရိပ်အရောင်ရက်ရောမှုအတုတွေ။ ပါးပါးလေး
ရွှေချထားတဲ့အခွင့်အလမ်းအတုတွေ။ စုပ်ဝဲသိက္ခာအတုတွေ။ ခေါင်းတွေကိုက်နေတယ်။ မျက်စိကို
မှိတ်ထားမိတယ်။ ခေါင်းတွေကိုက်နေတယ်။ နားကိုပိတ်ထားမိတယ်။
ခေါင်း............တွေ...........ကိုက်..........နေ............တယ်။

====================================================== 

အက်ဆေး

သောကြာနေ့မွေးသောသူများသည်…
- စိ မ်း ခ က် စိုး -

သောကြာနေ့ မွေးသောသူများသည် - စိတ်ခံစားချက်ပြင်းထန်သူများဖြစ်သည်။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေအောင် ဆက်ဆံတတ်သည်။ နှုတ်ဖွာ စကားများသူ မဟုတ်။ ထိထိမိမိ စီကာပတ်ကုံး အချက်ကျကျ ပြောတတ်ဆိုတတ်သော သဘာဝရှိသည်။ စကားပြောခဲသည်။ ပြောပြီဆိုလည်း တစ်ပါးသူ အလှည့်မရောက်လောက်အောင်ပင် အကွက်ကျကျ ပြောဆိုလေ့ရှိသည်။ ထိတွေ့နေရသော ပတ်ဝန်းကျင်အပေါ် ဆွဲဆောင်နိုင်စွမ်းရှိသည်။

သောကြာနေ့ မွေးသောသူများသည် - ကလေးတွေကို ရိုက်ခဲ့တယ်။ မော်ဒယ်မကို ရိုက်ခဲ့တယ်။ ဘုရားကို ရိုက်ခဲ့တယ်။ အမှိုက်ပုံကို ရိုက်ခဲ့တယ်။ ချစ်သူကို ရိုက်ခဲ့တယ်။ နိုင်ငံရေးသမားကို ရိုက်ခဲ့တယ်။ လူသေအလောင်းကို ရိုက်ခဲ့တယ်။ ရေကြီးတာကို ရိုက်ခဲ့တယ်။ နွားလှည်းမောင်းသွားတဲ့သူကို လိုက်ရိုက်ခဲ့တယ်။ ဖိုးကပ် ဘယ်လောက်။ အပါချာ ဘယ်လောက်။ အလင်းအမှောင်၊ အနီးအဝေး၊ ပြေးတန်ပြေး၊ အသေရပ်တန် ရပ်၊ အကြာကြီး စောင့်နေ၊ စိမ်ပြေနပြေ ပစ်ထား။ ကင်မရာတစ်လုံး ဝယ်ဖြစ်သွားတယ်။ ဘယ်သူမှ လာမပေးတဲ့ နိမိတ်မို့လို့ ကိုယ့်ဖာသာကိုယ် လင်းလင်းစင်စင်ရှိနေတယ်။ အကြောင်းအရာ စံလွဲနေသည့်တိုင် ဓာတ်ပုံတွေကို တဖျပ်ဖျပ် ရိုက်ခဲ့တယ်။

သောကြာနေ့မွေးသူများသည် - တစ်ပါးသူများအပေါ် ဦးစားပေး၍ စိတ်ကောင်း၊ စေတနာကောင်းနှင့် ဆက်ဆံ တတ် သည်။ စွန့်စားခြင်းကို နှစ်သက်သည်။ ရန်ပရိယာယ် ကြီးမားသည်။ နောက်လိုက် မဖြစ်လို။ မြင့်မားသော ရည်ရွယ်ချက်တို့ကို ဥာဏ်ပရိယာယ်သုံး၍ အကောင်အထည်ဖော်တတ်သည်။ တစ်ပါးသူ ကြိုတင်အကဲခတ်ရခက်အောင် အကွက်ချ၍ လုပ်ကိုင်တတ်သည်။ အလွန်ခေါင်းမာသည်။ မာနအပေါ် ဆတ်ဆတ်ထိမခံ။ အလွန်အကင်းပါးသည်။ သင်လျှင် ပြလျှင် သိလွယ်တတ်လွယ်သည်။ ဝန်းကျင်စိမ်းနှင့် တစ်သားတည်းဖြစ်အောင် အချိန်တိုအတွင်း ပေါင်းစည်းဆက်ဆံနိုင်စွမ်းရှိသည်။

သောကြာနေ့ မွေးသူများသည် - အရင် အာခီကျောင်းသူ ဘဝတုန်းကတော့ အဆောက်အဦဒီဇိုင်းတွေကို ဘယ်လို လန်ထွက်အောင်လုပ်ဖို့  .. နိုင်ငံတကာကလိုမျိုး ကြီးကျယ်ခမ်းနားအောင် ... Material တွေကိုလည်း အဆင့်မီအောင် ငါတို့နိုင်ငံမှာလည်း အဲ့လိုမျိုးငွေကုန်ခံပြီး ကြီးကျယ်ခမ်းနားတဲ့ ဒီဇိုင်းတွေ လုပ်ချင်တဲ့ စိတ်တွေ တစ်ဖွားဖွားပေါ်ခဲ့မိတယ် ... အခု Urban Planner ကျောင်းသူတစ်ယောက်ဖြစ်တော့ လန်ထွက်နေတဲ့ မိုးမျှော်တိုက်ကြီးတွေအစား အခြေခံလူတန်းစားတွေအတွက် မလောက်ငှတဲ့ ဝင်ငွေထဲကနေ တန်ဖိုးနည်းအိမ်ရာ ဆိုတာတွေကို စိတ်ဝင်စားလာတယ် ... ခေတ်မီလှပပြီး ဈေးကြီးပေးဝယ်ရတဲ့ Building Material တွေအစား မိသားစုတစ်စုကို လုံလုံခြုံခြုံ အကာအကွယ်ပေးနိုင်မယ့် ဈေးသက်သာပြီး ခိုင်ခန့် မှုရှိတဲ့ Building Material တွေစိတ်ဝင်စားလာတယ်။ အရင်တုန်းက ပိုက်ဆံရှိ လူကုံထံတွေဆောက်မယ့် အိမ်တွေအစား အခြေခံ လူတန်းစားတွေရဲ့ ဝင်ငွေကို စိတ်ဝင်စားလာတယ် .... အရင်တုန်းက အိမ်တွေ ပန်းခြံတွေအစား အခု .. အမှိုက်ကားတွေ အမှိုက်ပုံတွေ .. လမ်းတွေ ရေမြောင်းတွေ ... သောက်သုံးရေသန့် တွေကို ပိုပိုပြီး စိတ်ဝင်စားလာတယ် .... အရင်တုန်းက မိုးပေါ်မော့ကြည့်ပြီး အားကျခဲ့သလောက် အခု ကိုယ့်ဘေးဝဲယာကြည့်ပြီး စဉ်းစားချင်လာတော့တယ် ။

သောကြာနေ့ မွေးသူများသည် - စနေနေ့မွေးသူများနှင့်ပူးပေါင်းကာ ၄င်းအတွက် ကိုယ့်ဘက်မှ ပေးဆပ်ခြင်း၊ အနစ်နာခံ ရခြင်းများရှိမည်။ တနင်္ဂနွေနေ့မွေးသူများနှင့် မကြာခဏစကားများရတတ်သည်။ တနင်္လာနေ့မွေးသောသူများနှင့် အထူးကောင်းကျိုးပေးသည်။ အင်္ဂါနေ့မွေးသောသူများနှင့် အထူးကောင်းကျိုးပေးသည်။ အပြန်အလှန်နားလည် သဘော ပေါက်မှုရှိသည်။ ဗုဒ္ဓဟူးနေ့မွေးသောသူများသည် မိမိအပေါ် အလိုလိုက်မည်။ ဆောင်ရွက်သမျှ လိုက်လံကူညီမည်။ ရာဟုတွင်မွေးသောသူများနှင့် ပြဿနာ အခက်အခဲများ ဖြစ်တတ်သည်။ အပြန်အလှန် နားလည်မှုမရှိ။ ကြာသာပတေးနေ့မွေးသောသူများနှင့် ပူးတွဲ၍ အလုပ်စီးပွားများတိုးတက်အောင် ဆောင်ရွက်နိုင်မည်။ နာမည်ကျော်ကြားခြင်းများရရှိရန် ပူးတွဲနိုင်သည်။ သောကြာနေ့မွေးသောသူများနှင့် မကြာခဏစကားများရမည်။

သောကြာနေ့ မွေးသောသူများသည် - စိုစိုပြေပြေ လျှောက်ပြောနေရင်း အလေအလွင့်ချည်းပဲ ဖြစ်လာလိုက်။ အမှောင် မကွယ်ချင်ပါဘူးဆိုမှ မီးလည်းပျက် နေလည်းကြတ်တယ်။ ပြက်လုံးတွေ ပြက်လုံးတွေ နဲ့ ပန်းလုံး။ မြို့စားကတော်ကြီးကို မုန်းသည်။ နို့စစ်စစ်သောက်ချင်သည်။ ယင်နားစာလည်း မကြိုက်။ လူလိမ္မာမရှိတဲ့ခေတ်မှာ လူမိုက်နဲ့ မပေါင်းဘူးဟု အတွင်တွင်အော်ဟစ်။ ကားတွယ်စီး။ အပြာကား ကြုံရင်ကြည့်။ ပန်းချီပြပွဲတွေ သွား။ နေပူတဲ့ မြို့ထဲမှာနေတယ်။ အမှိုက်ရှုပ်တဲ့ မြို့ထဲမှာ ကြီးတယ်။ (ဆယ်မိနစ်တာ ကာလကို ဖြတ်ကျော်ပြီး နာရီက သည်အရာတွေ သူ့နံဘေး စားပွဲခုံပေါ် တည်ခင်းပေးနေခဲ့သည်။ သည့်နောက်တွင်တော့ တဖြေးဖြေးချင်း ချဉ်းကပ်လာနေသည့် ခြေသံဖွဖွများကို ကြားရသည်။) ပညာရလိုက်သည်။ အဲလိုပဲ ရှာရှာဖွေဖွေ အသက်မွေးလိုက်ရသည်။

သောကြာနေ့ မွေးသောသူများသည် - အပြန်အလှန် နားလည်မှုရှိမည်။ ဝေးကွာနေသောသူများနှင့် ပြန်လည်ဆုံ ဆည်း မည်။ ချစ်သူထံမှ အင်အားကောင်းများကိုရယူ၍ ဘဝအောင်မြင်မှုများ အခိုင်အမာဖန်တီးနိုင်ခြင်းရှိမည်။ ရင်တွင်းခံစားချက်၊ နှလုံးသား ခံစားချက်ကို အမှန်တကယ်နားလည်သောသူတို့နှင့် ဆုံတွေ့ကာ စစ်မှန်သော အဖော်မွန်ကို လက်တွဲနိုင်မည်။ သောကြာနေ့မွေးသောသူများသည် တစ်ဦးထက်ပိုသော မေတ္တာရေးကိစ္စများ ပေါ်ပေါက်မည်။ မေတ္တာရေးတွင် အနှောင့်အယှက်များရှိမည်။ စိတ်ပြန့်လွင့်ခြင်း၊ စိတ်ကစားခြင်းများ ဖြစ်တတ်သည်။ ချစ်သူမှ မိမိအပေါ် သစ်စိမ်းချိုးချိုး၍ စိတ်ကုန်သည်၊ ပစ်ခွာမည်ဟုပြောခြင်းမျိုး ကြုံမည်။

သောကြာနေ့ မွေးသောသူများသည် - မုတ်ဆိတ်အရှည်ထားပြီး ပင်လယ်ဘက်ကို ခရီးသွားဖူးတယ်။ တောင်တန်းတွေကို ခြေဖ၀ါးအောက် ထားဖူးတယ်။ အပူပိုင်းတွေကို ဖုန်တွေနဲ့အတူ ရွက်လွှင့်ဖူးတယ်။ အရယူဖို့ ဘာမှရည်ရွယ်မထားပေမယ့် ရောက်ရာအရပ်က အသီးအပွင့်တွေတိုင်းနဲ့ တနံ့တည်းမွှေးတယ်။ ဖြေးဖြေးပဲ အေးဆေးပဲ။ တခါတလေ ဆေးချပြီး တခါ တလေဘီယာလေးဘာလေး မှီဝဲတယ်။ သူတပါး မျက်ရည်အတွက် ကိုယ့်ဘဝကို တက်တူးထိုးထားတဲ့သူအဖြစ် တစ်နှစ်ဝင်တစ်နှစ်ထွက် ခရီးဆက်နေဆဲ။ အချိန်တန်ရင် သူအိမ်ပြန်လိမ့်မယ်။ အိမ်ပြန်ချင်စိတ်ကိုတော့ ရောက်ရာအရပ်က အမှိုက်ပုံမှာ စွန့်ပစ်ခဲ့တတ်တယ်။ ဆောင်းတွင်းတွေကိုတော့ ဘာမှန်းညာမှန်းမသိဘဲ ချစ်နေ ခြူနေပြန်ရော။ ခု မနက်ထပြေးဖို့ဆိုပြီး ဖိနပ်တစ်ရံလိုက်ရှာဝယ်နေလေရဲ့။ ဝယ်မယ့် ဖိနပ်က အနီရောင်။

သောကြာနေ့ မွေးသောသူများသည် - မီးတောက် မီးလျှံ၊ သစ်သီးဝလံများ၊ ပိုး၊ လောက်၊ ချ အစရှိသည်များ ခန္ဓာကိုယ်တွင် တရွရွတက်သည်ကိုမြင်မက်က အိပ်မက်မြင်မက်ပြီးနောက်နေ့သည် အင်္ဂါနေ့၊ ကြာသာပတေးနေ့၊ သောကြာနေ့ တစ်ခုခုဖြစ် နေပါက ထီထိုးပါ။ နေအိမ်ရှေ့တွင် စိတ်မနှံ့သူ လာရောက်အော်ဟစ်ကခုန်ခြင်း၊ ခန္ဓာကိုယ်၊ ခေါင်း၊ ပခုံးအစရှိသည်တို့တွင် မစင်ထိက ရွေ့လျားထီဆိုင်များဖြစ်သော လမ်းလျှောက်ရောင်းသူ၊ စက်ဘီး၊ ကားစသည့် လိုက်လံရောင်းချသူများတွင် ထီ ထိုးပါ။ အသံချဲ့စက်နှင့် တေးသီချင်းဖွင့်ကာ လိုက်လံရောင်းချသော ထီဆိုင်တွင် သောကြာနံ(သ၊ ဟ)နှင့်စသော အဆိုတော် သီဆိုသောသီချင်းဖွင့်၍ ရောင်းချသည်ဆိုက ထိုဆိုင်တွင် ထိုကာလ၌  ထီထိုးပါ။

သောကြာနေ့မွေးသူများသည် - သဘာဝတရားကြီးကို မလွန်ဆန်နဲ့။ ဒါက သူ့အဖေ အမြဲဆုံးမခဲ့တဲ့ စကား။ သူကလည်း ဘူးဆို ဖရုံသီး။ မတားနဲ့ဆိုတာမျိုး။ အများနဲ့ အပြောအတိုင်း ပြောရကြေးဆို သိပ်ခေါင်းမာသူပေါ့။ လူမှုဆက်ဆံရေးညံ့ ဖျင်းသူ။ သူ့အလုပ်တော့ သူအလေးအနက် လေးစားတယ်။ ဒါက ဘဝရဲ့ အကြီးမားဆုံးအစိတ်အပိုင်းလို့ သူသတ်မှတ်တယ်။ ဘဝက သိပ်အထီးကျန်တာပဲလို့ တစ်ခါမှ မပြောခဲ့။ မတွေးခဲ့ဖူးဘူး။ ဒီမိန်းမက ခုတလော မိန်းမစိတ်ဝင်နေတယ်။ သူ့ခြေထောက်ပေါ်သူ မတ်မတ်ရပ်နေရင်း ဝမ်းနည်းနေတယ်။

သောကြာနေ့ မွေးသူများသည် - အားနာခြင်း၊ လိုက်လျောခြင်း၊ ပေးဆပ်ခြင်း၊ နားလည်မှု အပြည့်အဝရှိခြင်း၊ အနစ်နာခံခြင်းတို့အခြေခံ၍ သူတစ်ပါးအပေါ် အလေးပေးဆက်ဆံသူများဖြစ်သည်။ အနီးကပ်လူ ဒုက္ခပေးတတ်သည်။ ကာလရှည်ကြာ ရင်းရင်းနှီးနှီး ဆက်ဆံသူများက လိမ်ညာခြင်း၊ လှည့်စားခြင်း၊ ဒုက္ခပေးခြင်းများ ပြုလိမ့်မည်။ ယှဉ်ပြိုင်သူများ အားလုံးက လူမှုရေး ပျော့ကွက်ကို ထောက်၍ သိက္ခာထိခိုက်အောင် အတင်းအဖျင်းများ၊ သတင်းစကားပြု၍ တိုက်ခိုက်မှုကြုံမည်။ မိတ်ဆွေသင်္ဂဟများကြောင့် နာမည်ပျက်တတ်သည်။ ပြဿနာအခက်အခဲများ ထိပ်တိုက်တွေ့တတ်သည်။ သံယောဇဉ်မထားသင့်သူကို ထားခြင်း၊ မကူညီသင့်သူကို ကူညီခြင်းများကြောင့် စိတ်အနှောင့်အယှက်များ ကြုံမည်။

သောကြာနေ့မွေးသူများသည် - အချို့ဟာ ကဗျာဆရာ၊ အချို့ဟာ အရက်သမား၊ အချို့ဟာ လူမိုက်၊ အချို့ဟာ ဂေါပကလူကြီး၊ အချို့ဟာ ဖာခေါင်း၊ အချို့ဟာ နိုင်ငံရေးသမား။ အချို့ဟာ စပွန်ဆာနဲ့နေရသူ။ အချို့ဟာ အထည်ချုပ်သမ။ အချို့ဟာ မိဘမဲ့။ အချို့ဟာ ကန်စွန်းရွက်သည်။ အချို့ဟာ ကားတိုးစီးသူ။ အချို့ဟာ ကိုယ်တပိုင်းသေ။ အချို့ဟာ အေ့စ်ဝေဒနာရှင်။ အချို့ဟာ သမ္မတ။ အချို့ဟာ ပြည့်တန်ဆာ။ အချို့ဟာ ကျူရှင်ဆရာမ။ အချို့ဟာ စည်ပင်ဝန်ထမ်း။ အချို့ဟာ ဒီဝတ္ထုတိုကို ဒီအထိဖတ်ခဲ့သူ။ အရာအားလုံးသည် သောကြာနေ့မွေးသူများလိုပင် အရာအားလုံးနှင့် ပတ်ပတ်သက်သက်ရှိနေခဲ့ကြသည်။

စုစည်းစကားလုံးများ၊ ကဗျာများ -
နော်ထိုက်ထိုက်ထွန်း (Facebook friend)၊ စံ-ဇာဏီဘို (မြန်မာ့ရိုးရာ အဋ္ဌဟောကိန်း)၊ ညိုပြာဝိုင် (မိန်းမတစ်ယောက်ရဲ့ ကွယ်ဝှက်နေတဲ့ သီချင်း)

 ======================================================

ဆု တောင်း ကြမ်း သူ
-ေ န ကျ ယ် ဝ န်း -

မမ မိတ်တွေကယားတယ် မိုးရွာတော့မယ်မြန်မြန်လှော် ချိုပေါ့ချိုကျချိုဆိမ့်ရှယ် အဲယားကွန်းကအေးတယ်နော်၊ အနွေးထည်ဝတ် ဓာတ်လှေကားကပျက်ပြန်ပြီ ရပ်ကွက်အတွင်းရှိလုပ်သားပြည်သူအပေါင်းတို့ခင်ဗျာ ရေနွေးသောက်၊ ဆေးသောက်၊ စောင်ခြုံအိပ်လိုက် အမေ့မုန့်ဖိုး ငိုပါနဲ့ကွာ၊ယောက်ျားလေးတန်မယ့် ရေကတိမ်ပါတယ်ကွာ၊ လာပါ ဇော်ဝင်းထွဋ်ကိုခြံထဲခေါ်လိုက်တော့ မှောင်နေပြီ ဒီနေ့တော့ဘဲဥနဲ့ပဲစားလိုက်တော့နော် ဟိုဆော်ကြီးမိုက်တယ်ဟေ့ကောင် ဘောလုံးအခွေအသစ်ထွက်တယ် mountain king level six !! မြောင်းကလည်းပိတ်ပြန်ပြီ ဒေါ်လာဈေးတွေကျနေတယ် မုန့်ဖတ်တွေယင်မနားစေနဲ့ ဒီနေ့ဆီထုတ်ရမယ် မနက်ဖြန်ထီဖွင့်ပြီ သဘက်ခါမင်းအဖိုးရက်လည် အရှင်ရုက္ခစိုးနတ်မင်းကြီး ကျွန်တော့်သားလေးကို ညနေကျရင်ထွက်ခဲ့နော် ရောက်ရင်ဖုန်းဆက်လိုက်မယ် 'တူ'ပြီလား အချဉ်ရည်ဟင်းကငံလိုက်တာ ရိုက်မယ်၊၁၊၂၊၃ လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ ကိုကိုလူတွေရှိတယ်၊မလုပ်နဲ့ မင်းမကြိုက်တဲ့ hiphop ဂစ်တာကြိုးကမညီသေးဘူး ဟိုကိစ္စကြားပြီးပြီလား ဖိနပ်တစ်ဖက်ဘယ်သူမှားစီးသွားလဲမသိဘူး တောက် မင်းဆံပင်တွေရှည်နေပြီ ခုံပေါ်တက်၊မတ်တပ်ရပ်၊လက်မြှောက် လွယ်သလားခက်သလားရာမ၊ ဒီမှာဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ ဆေးမြီးတိုချည်းပဲအားကိုးမနေနဲ့ ကလေးတွေကောမိခင်ပါကျန်းမာပါတယ် ဒါပေမဲ့ ဘယ်ကောင်မှလူမထင်ဘူးကွ ခေါင်းမူးတယ် ဟုတ်ပါပြီ၊ ပူတုန်းလေးစားလိုက်ပါဦး ဒါနဲ့ ဤတွင်သတင်းအကျဉ်းကိုကြေငြာလို့ပြီးပါပြီ မီးကိုသေချာပိတ်နော် မီးဆီဦးမလာတာကြာပြီနော် မီးပျက်ရင် ၁ နာရီ ၅၀၀ ကွ မုန်းတယ်မုန်းတယ်ယောက်ျားတွေကိုမုန်းတယ် ဟားဟားငါလူဖြစ်ပြီကွ အလုပ်တွေခေါ်နေတယ်၊အများကြီးပဲ သူကြီး ဒီနှစ်ဘုရားပွဲကို အင်္ကျီတွေပေကုန်ပြီ၊အငမ်းမရစားတာကိုး ရုံချိန်တွေကလည်းနည်းလိုက်တာ allstar လေးလှလိုက်တာ တွယ်မစီးနဲ့နော်၊စောစောပြန်လာခဲ့ လွှတ်ပေးလိုက်တော့မယ် လိုက်ရင်လာလိုက်ရင်လာ မင်းစက်က လေးလိုက်တာ ဖြေးဖြေးမ၊ခါးနာမယ် ကျောင်းလွှတ်ရင်ဘောလုံးကန်ရအောင် ဘောလား ဘောမဟုတ်ဘူးဟေ့၊မင်းမေ(…) ဆံပင်ကလည်းကောက်သွားပြန်ပြီ ဖိုးဖိုးပုံပြောပြ screwdriver တွေ့မိလား ဒီအတိုင်းကြီးမကြည့်နဲ့ငါကြောက်လို့အချစ်ရယ် ၁၀ တန်းတုန်းက monitor မှတ်မိလား ဟိုအသားဖြူဖြူနဲ့တစ်ယောက်လား မနက်ဖြန်အောင်စာရင်းထွက်မှာ အပြန်ကားကြပ်မလားမသိဘူး အိုးတိုက်ဖွဲပြာ ဘယ်နှနာရီထိုးပြီလဲ အဟွတ်အဟွတ် မေတ္တာတန်ခိုးငှာဖွင့်ကာပြလျှင်တန်ခိုးအာနိသင် လုပ်ချလိုက်ပြန်ပြီ ပုရွတ်ဆိတ်တွေတက်ကုန်တော့မယ် ဘယ်သွားမလို့လဲ မနက်ဖြန်ညနေနောက်ဆုံးပေးပါတဲ့ checkmate ကဲကဲကန်တော့ကြ၊ကန်တော့ကြ ကိုယ်ရောစိတ်ပါလန်းဆန်းကာကျန်းမာကြပါစေ၊မိမိကောင်းမှုအကြောင်းပြု ပြောစရာလေးရှိလို့ ဘယ်ကလှည့်လာတာလဲ ဆရာမသမီးဗိုက်ထဲကအောင့်အောင့်နေတယ် အရူးလား ဘာမှလည်းမမြင်ရဘူး ဗိုက်ဆာပြီ ပင်ပန်းနေပြီလား စောင့်နေတာကြာပြီ ကျီးကန်းဟိုမှာ လက်စွပ်ပျောက်သွားလို့ ငိုပါနဲ့ဆိုကွာ ၁၂နာရီတောင်ထိုးပြီလား ဟုတ်ကဲ့အမိန့်ရှိပါ ဖြေနိုင်ဘူးကွာ ကျပြီလားမသိဘူး ကြက်သွန်ဈေးတွေတက်လို့ဆို ဖုန်းလာနေတယ် ပိုက်ဆံမလောက်လို့မဝယ်ခဲ့ရဘူး သွားရအောင် ခွေးကိုက်တတ်သည် လွမ်းတယ်လွမ်းတယ်လွမ်းတယ်လွမ်းတယ် ခေါင်းမာလိုက်တာ ရှေးယခင်သုံးတဲ့ဆေး ဒွေးအစဉ်သုံးတဲ့ဆေး အလည်ရောက်ပါတယ် ၃မိနစ်ပဲစောင့် မနေ့ကပေးတဲ့သီချင်းနားထောင်ပြီးပြီလား refresh နှိပ်ပေး အေးအေးနာနာနှိပ်အဲဒီနားကို ဖုန်းနံပါတ်ဘယ်လောက်ကိုဆက်တာပါလဲ ခင်ဗျာ သြော် ဟုတ်ကဲ့ ဖုန်းမှားနေပါတယ် ထိလား အင်း ဖိနပ်အသစ်ဝယ်ဖို့ပိုက်ဆံမရှိဘူး show ပွဲဆိုရင်ရန်တော့ဖြစ်မှာပဲ ဂျပိုးကိုက်တယ် ကျောင်းတက်ပြီ လှည်းဝင်ရိုးသံ တညံညံ ကျွန်ုပ်တို့သည်နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ မီးလာပြီ လမ်းထိပ်ကဒေါ်အုန်းသိန်းကိုသိလား အင်္ကျီကတွန့်ကြေနေတာပဲမီးပူမတိုက်ဘူးလား ဘယ်ရောက်နေပြီလဲဆင်းလာပြီနော် ကလင် ကလင် ကလင် ကလင် မှတ်တိုင်ပါတယ် သူများတကာတွေများ တို့ရဲ့ကမ္ဘာပေါ်မှာဂြိုဟ်သားတွေ စဉ်းစားလို့မရတော့ဘူး သူသိအောင်မင်းဘက်က လုပ်သင့်တာ ရင့်ကျက်သင့်ပြီ  ပြောင်းလဲရတော့မယ် အရင်လိုမဟုတ်တော့ဘူးကွ ရင်းနှီးမှုကို မွေးမြူပါ ရေရှည်စီမံကိန်းပေါ့ ဟုတ်တယ် ဖြည်းဖြည်းချင်းသွားမယ် တည့်တည့်က စောင်းကြည့်ရင် အပြားထူ သွားမယ်ဗျာ မင်းရဲ့ ရည်းစားကို ငါ မမှီဘူး? လဲသေလိုက်ပါလား မှိုဟင်းချက်စားချင်လိုက်တာ ရုပ်ရှင်တွေထဲကလိုဒိုင်နိုဆောကြီး မတွေ့တာကြာလို့ခေါ်လိုက်တာ ဖွင့်လိုက်ရင်ထွက်လာတဲ့ မိုးခြိမ်းသံကြီးက ပြန်မပြောချင်ဘူး လူသတ်ချင်လို့ကွာ မနက်ဖြန်ပြန်လာမှဖြစ်တော့မယ် ဆန်ပြုတ်ရပြီလား အိမ်ဟောင်းပဲတမ်းတနေတာပဲ မိုးတိတ်သွားပြီ အိပ်တော့မလို့လား အသံထွက်အတိုင်း ဖုန်းအားသွင်းထားလား လက်ဝါးရိုက်တာကို ဘယ်လိုခေါ်လဲ အားရင်လာလည်ဦးလေ ခါးလေးထောက်ပြီး စိုင်းစိုင်းခမ်းလှိုင်စင်ပေါ်က ဇာတ်လမ်းမစောင့်နိုင်လို့ အခုငါနေတာ အဆင်ပြေနေတယ် ကျေးဇူးတင်ပါတယ် အိပ်မက်ကမ္ဘာဆိုတဲ့ စကားပြောနည်း သင်ပေး အင်တာနက်က အနံ့ပို့လို့ ရတယ်လား  သက်မွန်မြင့် ဝလာတယ် ကျွန်တော်ကတော့ အရင်အတိုင်းပဲ အိပ်မက်လှလှ ဖတ်ချင်စိတ်မရှိပါ ခရီးထွက်မလို့ဆို မာဆတ် သိမ်ကြီးဈေး ကုန်းတံတား ငွေဈေးဘယ်လောက်လဲ chess ထိုးတတ်လား မိန်းမလိုချင်တယ် vcd မထွက်သေးဘူး ရိုင်းလိုက်တာ စာအုပ်ဆိုဒ်လေး တစ်ချက်လောက် ကျွန်တော်အရင်ခေါ်တယ် ကွဲနေတုန်းလား မနက်ဖြန်ည အားလား ဘယ်အခွေထဲကလဲ အိပ်တော့မယ် တကယ်မရှိဘူး အောင်မြင်ပါစေ  ငါ့ဆီဖုန်းဆက်ဦးလေကွာ မင်းဂျော်တကီးလား ဘဲလေး ငိုလို့ဝပြီလား ဟိုဟာငှားပါဦး အဲဒီကားလည်း ကြည့်ချင်တယ် ဘောင်းဘီပဲလားလို့ တွေ့ရတာဝမ်းသာပါတယ် ၄ လ တောင် ရန်ကုန်ပြန်သွားတာ မြောင်းထဲတောင်ရောက်သွားပြီလား cheer ကွာ သုံးပန်လှ ဒူးခေါင်းလေးကိုလည်း ချစ်တယ် တိုက်တစ်တိုက်အောက်က ခုံတန်းလေးမှာ အာတာပူစီ စားကြတယ် တစ်သက်နဲ့တစ်ကိုယ် ခေါက်ဆွဲပြုတ်လိုက်ဦးမယ်အဲလို ဖြစ်မှာလား ကိုယ့်ဖာကိုယ်ရှာ ယောက်ျားလေးလား အဲလောက်ပေါနေရင် အိပ်ပြီနော် ပိတ်တော့မယ် ပြဿနာတက်နေလို့ ဝင်းဒိုးတင်တာ လင်စိတ်သားစိတ်ကုန်တယ် သတိထားရမှာပေါ့ မ..လုပ်များနေတာလား ယားရင်တောင်မကုတ်အားဘူး အနက်တွေဝတ်ပြီးသုံးတယ် မှန်ကြည့်ပြီးနောက် ပြန်ပြောပါဦး မင်းနဲ့ပတ်သက်တဲ့ကိစ္စဝစ္စ ခြေထောက်လက်ထောက်ဆေးပြီးမှအိပ် မေးချင်စိတ်ပျောက်သွားလို့ တော်တော့ ဟဲ့ဖုန်းပျက်သွားပြီ ငါကြည့်နေတာတော့မရသေးဘူး ဘယ်မှာဒေါင်းလို့ရလဲ ပိုကာလား ဖတ်ဦးမှ အိမ်စာလုပ်ဦးနော် အိပ်ခါနီး

ဤသို့ပြုရသောအကျိုးအားကြောင့် ဤသို့မပြုရသောအကျိုးအားကြောင့် ဖြစ်ချင်တာသာဖြစ်ပါတော့ အရှင်ဘုရား ။

 ======================================================

ကဗျာဆောင်းပါး

မြောက်ဥက္ကလာ ဘာလဲ ဘယ်လဲ
- သ င်း ကွဲ -


သူ တွေးနေတယ်။ သူ့ရွေးချယ်မှု မှန်ကန်ရဲ့လား။ သူ အမှားတစ်ခုကို အမှန်လို့ထင်ပြီး (သူယုံကြည်ရာကို) ရွေးချယ်ခဲ့မိခြင်းလား။ သူ့ကိုယ်သူတော့ သူ မမှားမှန်း သိနေတယ်။ သူ တွေးနေတယ်။ အတိတ်က သူ ပျော်ရွှင်ခဲ့ရာ သူကျင်လည်ခဲ့ရာ သူနဲ့ သူ့ အတိတ်မြက်ခင်းစိမ်းတွေဆီ .. ။

(၁)

သူ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ်၊ မြင်ကွင်းရှေ့တွင် ရုတ်တရက် ဘီအမ်ကား တစ်စီး မှောက်လဲကျသည်။ ကားပေါ်တွင် ပါလာကြသော ခရီးသည်များ၏ ကယ်ပါ ယူပါ အော်နေကြသံ။ ကမ္ဘာပျက်သည့်အလား၊ ဆိုးရွားလှသည့်ဖြစ်စဉ်။ ဤအဖြစ်အပျက်မှာ ထိုခရီးသည်များအတွက် ငရဲခန်းအသစ် ဖြစ်သော်လည်း၊ သူ့အတွက်မူ ထိုမြင်ကွင်းက ရိုးအီနေသော ပြဇာတ်တစ်ပုဒ်။ ဘာအတွက် ဘာကိုအလျင်လိုနေမှန်း မသိကြသော ယာဉ်မောင်းများ၏ အမှားအောက်တွင် ဒဏ်ရာရခဲ့ကြသော ခရီးသည်များ၊ အသက်ဆုံးရှုံးခဲ့ရသူများ ဒုနဲ့ဒေး။ သူ သောက်လက်စ စီးကရက်ကို တောက်ထုတ်ရင်း ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်ဖို့သာ တတ်နိုင်ခဲ့သည်။ 01 500005 ။

(၂)

သူ့ ညီဝမ်းကွဲတစ်ယောက် ဆေးရုံတင်ရသည်ကြား၍ သတင်းမေးရန် ရောက်ရှိနေခြင်းဖြစ်သည်။ ကလေးက ဖြူရော်ရော်မျက်နှာကလေးဖြင့် စိတ်မချမ်းမြေ့ဖွယ်ရာ။ ဝမ်းပျက်ဝမ်းလျှော ဖြစ်သည်ဟူ၏။ လမ်းဘေးတွင် အအုပ်အကာ မပါဘဲ ရောင်းချသော အစားအစာများကို ဝယ်ယူစားသုံးမိရာမှ ဖြစ်ခြင်းဟု သိရသည်။ ဒီလို ကလေးငယ်မျိုးတွေ ဘယ်လောက်ဒုက္ခခံခဲ့ရပြီလဲ။ ဒီလို လမ်းဘေးဈေးသည်မျိုးတွေ ဘယ်လောက်များနေပြီလဲ။ ဒီလို ရောဂါသယ်ဆောင်လာတဲ့ ယင်ကောင်တွေ ဘယ်လောက်ပေါက်ဖွားနေပြီလဲ။ အမှည့်လွန်နေတဲ့ သစ်သီးတွေ၊ ပုပ်ပွနေတဲ့ သစ်သီးတွေကို လမ်းဘေးအမှိုက်ပုံက တာဝန်ယူရမယ်တဲ့လား။ ဒါဖြင့်ရင် ရောဂါသယ်ယင်ကောင်တွေအတွက်ရော ဘယ်သူ့ကို အပြစ်ဖို့ရမလဲ။ ဆရာဝန်ကြီးကတော့ စိတ်ပူစရာမရှိပါဘူး၊ ကောင်းသွားမှာပါ ဟု ခပ်လွယ်လွယ်ပြောသည်။ ဆေးရုံရဲ့ မလောက်ငှမှုတွေ လိုအပ်ချက်တွေကြား ဘယ်သူတွေ ဘယ်လောက်ဆုံးပါးသွားခဲ့ရသလဲ ဟု ဆရာဝန်ကြီးကို မေးလိုက်ချင်စိတ်တွေ မနည်းမြိုသိပ်ထားလိုက်ရ၏။

(၃)

ထိုနေ့ကမှ စိတ်ကူးပေါက်သဖြင့် ပင်နီတိုက်ပုံနှင့် ယောပုဆိုး ဝတ်လာခဲ့သည်။ အမျိုးသားဝတ်စုံ၏ လွှမ်းမိုးမှုကြောင့်လား မသိ၊ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေသလို ခံစားမှုမျိုး ခံစားရမိသည်။ လမ်းလျှောက်နေရင်း မသိစိတ်မှ လှုံ့ဆော်မှုကြောင့် သူ့အနောက်မှ တစ်စုံတစ်ခု လိုက်ပါလာသလို အငွေ့အသက် ရမိသည်။ နံရံတိုင်းတွင် နားတွေရှိသည် ဆိုသော်လည်း သူ လျှောက်နေသော လမ်းသွယ်ကလေးတွင် နံရံများမရှိတာ သေချာသည်။ သို့သော် သူ့အနောက်မှ နားတစ်စုံ လိုက်ပါလာသည်။ မျက်လုံးဒေါက်ထောက်ကြည့်နေသော နားတစ်စုံ ဖြစ်ကောင်းဖြစ်နိုင်သည်။ ပြဿနာမရှိ။ ထိုဖြစ်ရပ်မျိုးက သူ့အတွက် အဆန်းမဟုတ်တော့။ နိုင်ငံ့အရေးကို စိတ်ဝင်စားသော လူငယ်တစ်ယောက်အတွက်၊ ထိုသို့သော နားမျိုး အစုံပေါင်းများစွာ ကြုံခဲ့ဖူးပြီ။ စိတ်ထဲတွင် တွေးမိသည်က .. ကံကောင်းလျှင် ရပ်ကွက်ရုံးက ခေါ်ယူမေးမြန်းတာလောက်နှင့် ပြီးမည်ပေါ့၊ အင်း .. ကံမကောင်းလျှင်တော့ .. .. .. ။

(၄)

ကျောက်ရေတွင်းက စီးပွားပျက်တံတားကြီးအကြောင်း၊ (၂)ဈေးက သစ်သီးတန်းနဲ့ နွယ်သာကီက အသွေးအသားတန်းအကြောင်း၊ ကရင်ရွာလေး နွယ်နီအကြောင်း၊ အခြေခံလူတန်းစားတွေရဲ့ ဘဝပျက်ခန်းများအကြောင်း၊ ညဘက် အပြင်ထွက်တဲ့ လူငယ်တချို့ ဘယ်ရောက်လို့ရောက်မှန်းမသိ၊ ပျောက်သွားရတဲ့အကြောင်း၊ မြရတနာ တရားရုံးက တရားမမှုတွေ မတရားမှုတွေအကြောင်း၊ အဝိုင်းကြီး ဈဈေးနဲ့ မေဓာဝီလမ်းဆုံအကြောင်း၊ ရေနစ်နေတဲ့ စာပေဝါသနာရှင်ချာတိတ်တွေနဲ့ ရေတက်လာရင် ပိတ်တတ်တဲ့ စာသင်ကျောင်းတွေအကြောင်း၊ အိမ်မပြန်နိုင်သူတချို့ရဲ့ အိမ်ပြန်ချင်တဲ့ ဟုမ်းဆစ်(Home Sick)တွေအကြောင်း၊ စသည်ဖြင့် စသည်ဖြင့်၊ ခင်ဗျားတို့ စိတ်ဝင်စားမယ်ဆိုရင် ဖတ်နိုင်မယ့် စိမ်းခက်စိုးရဲ့ “ကဲ…..မြောက်ဥက္ကလာ ဘာဖြစ်ဖြစ်လဲကွာ” ကဗျာအကြောင်း၊ အောက်မှာ ဆက်ဖတ်နိုင်ပါတယ်။

= = = = = = = = = = = = = = = = = = =

“ကဲ…..မြောက်ဥက္ကလာ ဘာဖြစ်ဖြစ်လဲကွာ”
-စိမ်းခက်စိုး- 

တစ်ခါတုန်းကပေါ့
မြောက်ဥက္ကလာသားလူငယ်တစ်ယောက်
မျောက်ကမြင်းမတွေမွေးတဲ့သားတွေကို တိုက်ဖို့
သစ္စာတရားကိုနိုင်ငံကူးလက်မှတ်လုပ်ပြီး
လောကဓံမြူမှောင်တောင်ရိုးကို
ဖြတ်ကျော်ထိုးဖောက်သွားပြီးနောက်…….
သူ့ကိုလွမ်းတဲ့သူတွေအကြား
ဒီကဗျာဟာ မှိုလေးတွေလို နီလွပေါက်ပွားလာခဲ့ပါတယ်…။

ဒါနဲ့ပဲ…ဒါတွေကို
ဒီလို….ဒီနေရာကနေ
တိုးတိုးတိတ်တိတ် အော်ဖတ်ပြလိုက်တယ်
……………..
……………………..။

အချိန်တန်တော့လည်း
မြောက်ဥက္ကလာဟာ မ/ဥက္ကလာပါပဲ
ခင်ဗျားရှိတုန်းကလို
ခဏခဏမှောက်တတ်တဲ့ ဘီအမ်ကားတွေ တဂျောင်းဂျောင်းနဲ့
ခင်ဗျားရှိတုန်းကလို
ရောဂါသယ်ယင်ကောင်တွေ တလောင်းလောင်းနဲ့
ခင်ဗျားရှိတုန်းကလို
သတင်းပေးတွေ၊ ကြံ့ခိုင်ရေးတွေ တဖျောင်းဖျောင်းနဲ့
ခင်ဗျားရှိတုန်းကလို
ညဘက်ညဘက် ဘောပွဲခိုးထွက်ကြည့်တဲ့
စာသင်သားသံဃာတွေ တထောင်းထောင်းနဲ့ပဲ။

အခုလည်း ဝမ်းရောဂါတွေ မော်ဒယ်တွေလို ကြွလို့
အသီးပုပ်နဲ့၊ အမှည့်လွန်တွေဆိုတာ
လမ်းဘေးကအမှိုက်ပုံတွေ တာဝန်ယူလိမ့်မယ်ဆိုပဲ…..။

အချိန်တန်လာတော့လည်း
မြောက်ဥက္ကလာဟာ မ/ဥက္ကလာပါပဲ
ခင်ဗျားရှိတုန်းကလို
ကျောက်ရေတွင်းက စီးပွားပျက်တံတားကြီးနဲ့
အချိန်မမှန်တဲ့ ရထားဘူတာကြီးတွေဟာလည်း ခိုင်မာနေဆဲ…
ခင်ဗျားရှိတုန်းကလို
မ/ဥက္ကလာ ဆေးရုံကြီးကတော့
စရိတ်မျှပေးကို ဟန်ဆောင်ထွေးပွေ့ပေးထားတုန်းပဲလေ…….
ခင်ဗျားရှိတုန်းကလို
နှစ်ဈေးက သစ်သီးတန်းနဲ့
နွယ်သာကီက ဖာတန်းလည်း မြို့နယ်သားတွေနဲ့လန်းဆဲပဲ
ခင်ဗျားရှိတုန်းကလို
အပေါင်ဆိုင်နဲ့ ဘေထုပ်တန်းလည်း ငွေဝင်လမ်းနဲ့ လန်းဆဲပဲ။

လိုင်စင်ဘယ်တော့မှမရတဲ့ ပညာဒါန ကျောင်းများရယ်
မလုံမလဲနဲ့အမြဲနှစ်သစ်ကူးရတဲ့ ကရင်ရွာလေး နွယ်နီရယ်
ကိုယ်ထူကိုယ်ထဖောက်ရတဲ့ လမ်းများရယ်
မီးခဏခဏလောင်တဲ့ မလုံမခြုံစက်ရုံတွေရယ်
ခင်ဗျားမျက်လုံးထဲမှာ အလွယ်ဆုံးတွေးနိုင်သေးတယ်မှတ်လား…။

အချိန်တန်တော့လည်း
မ/ဥက္ကလာဟာ မြောက်ဥက္ကလာပါပဲ
ခင်ဗျားရှိတုန်းကလိုပဲ
အပေါင်ဆုံးနဲ့ ဂရမ်မဲ့ အိမ်ခြံမြေဈေးတွေလည်း တယ်မကောင်းပါဘူး
ခင်ဗျားရှိတုန်းကလို
ရေဆိုးမြောင်းတွေ၊ လိုင်းကားဟောင်းတွေ
ခင်ဗျားရှိတုန်းကလို
ဆင်းရဲသားထံကငွေခြူတဲ့
ဈေးပွဲတော်အဟောင်းတွေလည်း ဖြစ်ညှစ်ပေါ်ပေါ်လာတတ်ဆဲပဲ
ခင်ဗျားရှိတုန်းကလို
ဘုရားပွဲဟောင်းနဲ့ ဆရာကန်တော့ပွဲဟောင်းတွေလည်း
သောင်းသောင်းဖြဖြ ရှိဆဲပဲ…..။
ခင်ဗျားရှိတုန်းကလို
နေ့ပြန်တိုးကို ၃၇မင်းကိုရိုကျိုးသလို အားကိုးရရှာတဲ့
နေ့စား ဘဝပါးပါးလေးတွေလည်းရှိဆဲပဲ…..။

ပညာမတတ်ဆင်းရဲသားဟောင်းတွေလည်း
အိမ်ထောင်ဟောင်းတွေပြုကြပြီး ဘဝဟောင်းကိုဖက်တွယ်ထားဆဲပဲ
ခင်ဗျားယောက်ဖက အရက်ကြိုက်နေသေးသလို
ကျွန်တော့်အဖေကလည်း အစိုးရသတင်းစာကို အာဂုံဆောင်နေဆဲ

အချိန်တန်တော့
မ/ဥဟာ မြောက်ဥက္ကလာဘဲ
ခင်ဗျားရှိတုန်းကလို
နှစ်ဈေးဘူတာဘေးက စစ်သားစုဆောင်းရေးတဲလေးကလည်း
မလိမ်မိုးမလိမ်မာလေးတွေကို ဆွဲဆွဲသိမ်းသွားဆဲပဲ
ခင်ဗျားရှိတုန်းကလို ပုရွက်ဆိတ်ကုန်းက
ဟိုဟာဒီဟာတွေကလည်း လူငယ်ခြေတက်တွေနဲ့
ယောက်ယက်ခတ်နေဆဲပဲ
ခင်ဗျားရှိတုန်းကလို
မြရတနာရပ်ကွက်ဟာလည်း မတရားသံတွေနဲ့
တရားရုံးထုတ်သံ ညံပွက်ရှုပ်ယှက်နေဆဲ..
ခင်ဗျားရှိတုန်းကလို
တတ်ယောင်ကန်း ကျူရှင်ဆရာတွေနဲ့
ရေတက်ရင်ပြန်ပြန်လာရတဲ့ အထက်တန်းအလယ်တန်းကျောင်းတွေလည်း
ခေါင်းလောင်းသံသာနေဆဲ
အဝိုင်းကြီး၊ ဈဈေးနဲ့ မေဓာဝီလမ်းဆုံ
စုံတွဲလေးတွေနဲ့အုံကြွနေသလို…
ထမင်းတစ်နပ်အတွက် ပူလွနေတဲ့ ဘယာမကြော်ဘဝလေးတွေနဲ့လည်း
ညနေတွေကိုခြုံလွှမ်းထားဆဲပဲ
ခင်ဗျားရှိတုန်းကလို
ဥက္ကလာက ဆေး(၂)နဲ့ ဆယ်တန်းကျူရှင်သစ်တွေနားလည်း
ကောင်တာဂိမ်းဆိုင်တွေနဲ့ လက်ချာသစ်သင်နေဆဲ

တစ်ခုပဲ
ခင်ဗျားရှိတုန်းကထက်
ဘီယာဆိုင် မာဆတ်ခန်းနဲ့
ကာရာအိုကေသို့သွားရာလမ်းတွေ၊
ယောင်ကိုင်းထူပွလာတာတော့အမှန်ပဲဗျာ….

အချိန်တန်တော့လည်း
မြောက်ဥက္ကလာဟာ မြောက်ဥက္ကလာပါပဲ…
သူ့ရင်ဘတ်ထဲမှာ
မနော်ဟရီလေးတွေလည်း ဖွားလာသလို
သစ္စာနီလေးတွေလည်း ထွားလာပါသေးတယ်။
ခင်မောင်ရင်သစ်တွေ ဋ္ဌာပနာထားသလို
တာရာမင်းဝေလေးတွေလည်း အများသား……။
သူ့ရင်ဘတ်ထဲမှာ
စံပယ်ပန်း၊ ကွမ်းယာနဲ့ ဘောလုံးဂျာနယ်တွေ
စီးပွားဖြစ်ရောင်းစားသူတွေလည်း ဒုနဲ့ဒေး
ဇီးသီးသည်မောင်မှိုင်းလို သားလေးတွေနဲ့
စစ်စကားပြောတဲ့ အာဏာပါးကွက်သားပေါက်စလေးတွေလည်း
တစ်နှစ်ခြားတစ်နှစ်ခြားပေါ့။

တန်းဝင်ခန်းဝင် အလုပ်လက်မဲ့နှုန်းနဲ့ လူငယ်တွေအေကူးနှုန်း
ကားပွဲစားတွေ လျင်သူစားနှုန်းနဲ့ ငယ်ငယ်ရွယ်ရွယ်လင်ယူသွားသူနှုန်း
ခေတ်ကုန်နေတဲ့ကားတွေ တိုက်မှောက်နှုန်းနဲ့ တရားဝင်လာဘ်စားနှုန်း
ညညဘောလောင်းနှုန်းနဲ့ အိမ်တွင်းစီးပွားပျက်နှုန်းတွေ တပုံတပင်နဲ့
သူ့ခမျာ ဘုံးဘုံးလဲမှု ညီညာနေတာလည်း
ခင်ဗျားရှိတုန်းကအတိုင်းပါပဲ

အခု မေလ ၂၆ရက်လေ
အင်းစိန်မှာ ဘာလိုလို၊ မြို့ထဲမှာညာလိုလို
ကောင်းကင်မှာလည်း မိုးမည်းတွေနဲ့ဘာလိုလို
ကျုပ်တို့ရင်ဘတ်တွေထဲမှာ ဘာမှန်းမသိဘဲ ဘာလိုလို
ကျွန်တော်သိတယ်
ခင်ဗျားလည်းအဝေးကနေ ဘာလိုလိုဖြစ်နေမှာဆိုတာ

အချိန်တန်ပေမယ့်
နွားပိန်တဲ့ကိစ္စမှမဟုတ်တာ
တစ်နေ့
ခင်ဗျားအမေအိမ် ခင်ဗျားပြန်လာနိုင်မှာပါ….
တစ်နေ့
ခင်ဗျားရေးလက်စစာတွေ ခင်ဗျားပြန်ရေးနိုင်မှာပါ……
တစ်နေ့
ခင်ဗျားညီမ၊ မောင်နှမများနဲ့ ခင်ဗျားပြန်တွေ့ရမှာပါ…..
တစ်နေ့
ခင်ဗျားဆွဲလက်စပန်းချီတွေ ခင်ဗျားပြန်အပြီးသတ်နိုင်မှာပါ…..
တစ်နေ့
ခင်ဗျား ပါဖောမန့်တွေ ခင်ဗျားလူတချို့ကိုဆက်ချပြရဦးမှာပါ

အဲဒီတစ်နေ့မှာပေါ့
ဘဝဟောင်းကလမ်းကြောင်းတွေမပြတ်သမျှ
ထမင်းအိုးပူပေါ်က ယောက်မတစ်ချောင်းလို
မြောက်ဥက္ကလာအကြောင်းတွေတွေးရင်
လွမ်းဟောင်းကျွမ်းဟောင်းတွေက ခင်ဗျားရင်ကိုမွှေနေဦးမှာပဲ
ဒါမှမနှစ်သက်ရင် ခင်ဗျားမြောက်ဥက္ကလာသားပြန်ဖြစ်စေဗျား…………….။             ။

= = = = = = = = = = = = = = = = = = = = = =

ကဗျာဆရာ စိမ်းခက်စိုးက မြောက်ဥက္ကလာအကြောင်း အဲ့ဒီလို ရေးဖွဲ့ထားတယ်။ ခင်ဗျားတို့သိတဲ့ မြောက်ဥက္ကလာနဲ့၊ ကျွန်တော်သိတဲ့ မြောက်ဥက္ကလာ၊ ဘာတွေ မှန်ပြီး ဘာတွေမှားသလဲ။ လမ်းကြုံရင် မြို့တော်ခန်းမဘေးကနေ ဘီအမ်စီးပြီး သွားကြစို့ရဲ့ အဲ့ဒီမြောက်ဥက္ကလာကို။

 ======================================================

ဝံပုလွေနှင့် ကခုန်ခြင်း
- သ စ္စာ နီ -

စာအုပ်အမည်                               -           ကဗျာဆရာဝံပုလွေ
ရေးသူ                                        -           နေမျိုး
                                                            ၁၉၉၁ - ၂၀၀၅ အတွင်းကဗျာများ
စာပေ                                         -           လင်းသစ်ရောင်စဉ်


(၁)

            မန္တလေးတွင်ရှိသည့် ကျွန်တော်လေးစားသော အနုပညာရှင် အနည်းငယ်ထဲ၌ နေမျိုးသည် ထိပ်ဆုံးက ပါလေသည် ။ မြန်မာပြည်တွင် တချို့ကဗျာရေးသည် ။ တချို့စကားပြေ (ဝတ္ထုတို)ရေးသည် ။ စကားပြေရော ၊ ကဗျာပါ နှစ်မျိုးလုံးရေးသူရှားသည် ။ ထိုရှားသည့်အထဲ ထိုနှစ်မျိုးလုံးကို ထူးချွန်ပြောင်မြောက်အောင် ရေးနိုင်သူကား ပို၍ရှားသည် ။ နေမျိုးကား ထိုအထဲမှ တစ်ယောက်ဖြစ်သည် ။
            ကျွန်တော်တို့အထက်မျိုးဆက်ကပင် ၊ ကဗျာရေးခြင်းနှင့် စတင်ခဲ့ကြသော တက္ကသိုလ်ဘုန်းနိုင် ၊ ခင်နှင်းယု၊ ဝင်းဦး (ညိုမင်းလွင် အမည်ဖြင့် ကဗျာရေးခဲ့သည်။) ရောင်နီ စသူတို့မှာ၊ ဝတ္ထုရေးရာ၌ အခိုင်အမာ နေရာရလာသောအခါ ကဗျာရေးခြင်းကို စွန့်ပစ်ခဲ့ကြသည် ။ ကျွန်တော်တို့ခေတ်တွင် မိုးမိုး(အင်းလျား)၊ မောင်ကိုကို (အမရပူရ) ၊ ကြူးနှစ် ၊ မင်းလူ ၊ နွမ်ဂျာသိုင်း စသူတို့မှာ စာပေလောကကို ကဗျာဖြင့်စတင်ဝင်ရောက်လာသူများ ဖြစ်ကာ၊ ယခုကဗျာ ရေးသည်ကို မတွေ့ကြရတော့ ၊ နေမျိုးကား ယနေ့တိုင်အောင် ကဗျာရော စကားပြေကိုပါ ၊ စွဲစွဲမက်မက် ရေးနေဆဲဖြစ်ကာ ၊ သူရေးသမျှမှာလည်း အဆင့်မီကောင်းမွန်နေသည်မှာ ကျွန်တော့်အတွက် ဆွဲဆောင်စရာ ဖြစ်၍နေလေသည်။

(၂)

            ကျွန်တော်အမှတ်မမှားဘူးဆိုလျှင် လင်းသစ်ရောင်စဉ်မှ ထုတ်ဝေလိုက်သည့် ဤ 'ကဗျာဆရာ ဝံပုလွေ' သည် နေမျိုး၏ ပထမဆုံး လုံးချင်းကဗျာစာအုပ်ဖြစ်မည်ထင်ပါသည်။ ဤစာအုပ်ထဲတွင် ပါဝင်သော ကဗျာ ၃၁ ပုဒ်ကို နေမျိုးသည် သူရေးပြီးသမျှ ကဗျာတွေထဲမှ စိစစ်ရွေးထုတ်ခဲ့ရဟန်တူသည်။ တချို့ကို နှမြောတသဖွယ်ရာ မမြင်မတွေ့ရ။ (စုစည်းထားသည်မှာ ၁၉၉၁ နှင့် ၂၀၀၅ အတွင်း ကဗျာများဖြစ်၏။)
            ဤစာအုပ်ဖြင့် နေမျိုးသည် သူ၏ မော်ဒန်ကဗျာအချိုးအကွေ့ကို ထင်ရှားလိုဟန်ဖြစ်၏။ ထိုစာအုပ်ထဲတွင် အစဉ်အလာ မော်ဒန်ကဗျာတစ်ချို့နှင့်အတူ Post Modern ကဗျာလမ်းကြောင်းကို ယိမ်းညွတ်နေသည်ဟု ဆိုရမည့်စကားပြေ ကဗျာ Prose Poem နှင့် စမ်းသပ်ကဗျာ (Experimental Poetry )များ ပေါင်းစပ်ပါဝင်နေခြင်းကြောင့် ဖြစ်သည်။ (ခေတ်စားနေသော L.P ဘာသာဗေဒကဗျာကိုမူမတွေ့ရပါ။)
            တန်ဖိုးရှိသည်မှာ စာအုပ်ရှေ့တွင် ထည့်သွင်းဖော်ပြထားသော ပိတောက်ပွင့်သစ် 'ပင်လယ်များကို ဖြတ်သန်းခြင်းကဏ္ဍ' ပါ ၊ သူ့၏ကဗျာ ဖြတ်သန်းမှု အတွေ့အကြုံ ဖြစ်သည် ။ ထိုအမှာစာလိုလို နိဒါန်းလိုလို စာမှာ အရေးကြီးသည့် ကဗျာဆရာ၏ ကဗျာသဘောတရားဆိုင်ရာ ကြေငြာစာတမ်းပင် ဖြစ်လေသည်။ သူသည် ကဗျာ ရေးနိုင်ခြင်းအပေါ် ဂုဏ်ယူမိသူ ၊ တစ်ခါတရံ ကိုယ့်ကဗျာကြောင့် ကိုယ့်ဘာသာ မပျော်ရွှင်နိုင်ဖြစ်နေသူ ၊ တစ်ခါတရံ ကိုယ့်ကဗျာကို တစ်ခြားသူတွေ ဖတ်မိမှာပင် စိုးရိမ်မိတတ်သူ ဟုဆိုသည်။ ကဗျာတစ်ပုဒ်ထက် ကဗျာဆရာရဲ့ဘဝဟာ နားလည်ရပိုခက်သည် ဟုလည်း ဆိုပြန်သည်။ နားလည်ရခက်သော သူ့ဘဝကို သူ့ကဗျာများထဲတွင် ခြေရာကောက်ကြည့်ရလျှင် စိတ်ဝင်စားစရာကောင်းမည်ထင်ပါ၏။

(၃)

            သူသည် 'တစ်ယောက်တည်း စကားပြောခြင်း' ၊ 'မိမိကိုယ်ကို ဖျော်ဖြေ တင်ဆက်ခြင်း' တို့ဖြင့် ဘဝကို အာသာဖြေတတ်သူဖြစ်သည် ။ တစ်ခါတရံ 'ငါ့ဖန်ခွက်ထဲ ၂ ပက်လောက်'  နှင့်သော်လည်းကောင်း၊ 'ဝတ်ဆင်လိုက်ရင် နွေးသည့်' ကုတ်အင်္ကျီနှင့်တူသော မိန်းမတစ်ယောက်နှင့်သော်လည်းကောင်း ၊ နှစ်သိမ့်မှုရှာတတ်သူ ဖြစ်သည်။ တစ်ခါတရံ 'ကြောင်' တစ်ကောင်အဖြစ် ၊ 'လေယာဉ်ပျံ'တစ်စီးအဖြစ် ၊ 'ဥာဏ်ပညာ ထက်မြက်တဲ့မြို့'အဖြစ် (သူ့ကိုယ်သူ) မြင်တတ်သူလည်း ဖြစ်သည်။ တစ်ခါတရံတွင်မူ 'ဒီဘဝမှာ ငါရတဲ့ဝေစု' လို ဘဝကို အရင်းအတိုင်း မြင်တတ်သူလည်း ဖြစ်ပြန်တယ်။ ထိုအခါ ဘယ်လောက်ပင် ဆင်းရဲဒက္ခတွေ ကြုံကြုံ 'လူဖြစ်ရတာကောင်းတယ်' ဟု သဘောပေါက်သူလည်းဖြစ်တယ်။ သို့သော် သူ့အဆိုအရ လူဖြစ်ရတာကောင်းတယ် ဟု သူသိသောအခါ သူသည် ဝံပုလွေတစ်ယောက်ဖြစ်နေခဲ့ပြီဟုဆိုလေသည်။ သို့သော် ထိုဝံပုလွေကား သာမန်ဝံပုလွေမဟုတ် ။ 'ကဗျာဆရာ ဝံပုလွေ' ဖြစ်သည်။ (ကဗျာထဲမှာ) ၊ ငါးကလေးတွေ ကူးခတ်နေတဲ့ စမ်းချောင်းလေးတွေအကြောင်း ၊ ထွက်ပေါ်လာသည့် ဒိန်ခဲနှင့်တူသည့် လမင်းကြီးအကြောင်း ၊ သစ်ရွက်ကလေးတွေအကြား တိုးဝှေ့သွားလာနေတဲ့ လေညင်းကလေးအကြောင်း ရေးဖွဲ့တတ်သည့် ဝံပုလွေဖြစ်သည်။ သူ့အစားအစာဖြစ်မည့် ယုန်ဖြူမလေးကို ဖြူဖြူစင်စင် စောင့်ရှောက်တတ်သော ဝံပုလွေဖြစ်သည်။ ကဗျာဆရာဝံပုလွေသည် နေမျိုး၏ကဗျာစာအုပ်နာမည် သို့မဟုတ် နေမျိုးဘဝ သို့မဟုတ် နေမျိုး ကိုယ်တိုင်လားဟု (ဖော်ပြခဲ့သော ကဗျာများဖတ်ရှု၍) စဉ်းစားဖွယ်ရာ ရှိလေသည် ။ ထုံးစံအတိုင်းပင် နေမျိုးပဲ တွေးတတ်ရေးတတ်သည့် အလင်္ကာတွေ ၊ နိမိတ်ပုံတွေ သူ့ကဗျာများထဲ၌ တွေ့ရသည်။

၁။ ကျွန်တော်တို့ မုန်တိုင်းကို လေညင်းဖြစ်အောင် ခွဲစိတ်အောင်မြင်ခဲ့ကြပြီ။
၂။ စီးကရက်တစ်လိပ်ကို မီးညှိပြီး ငြင်းဖယ်ဖို့ ကြိုးစားကြည့်မိပြန်ပေါ့။
၃။ ငြိမ်သက်ခြင်းဟာ ဇာတ်ညွှန်းနှစ်ခုကို တပြိုင်နက်တည်း သရုပ်ဆောင်ရာ ရောက်သတဲ့ ။
                                                            (တစ်ယောက်တည်းစကားပြောခြင်း ကဗျာမှ)

၁။ မိုက်မဲမှုတွေ အကောင်ပေါက်ကာ ပျံဝဲတဲ့ရာသီဥတု သူ့မှာရှိတဲ့မြို့
၂။ အရိုးများတဲ့ အတွေးအခေါ်နဲ့ သင်္ဘောပျက်တွေ အရောင်းအဝယ်ဖြစ်ရာမြို့
၃။ ပျော်ရွှင်မှုတွေဆီ ခုန်ချလိုက်တိုင်း ဘယ်တော့မှ လေထီးမပွင့်တဲ့မြို့
     (ချိုင်းထောက်နဲ့ ပတ်တီးကို မုန်းသတဲ့)
                                                            (မြို့တစ်မြို့အကြောင်းမိတ်ဆက် ကဗျာမှ)

၁။ သူဟာ ပြင်သစ်ဘာသာနဲ့ ချောင်းဆိုးပြီး ဂျာမန်ဘာသာနဲ့ သမ်းဝေတယ်
     'ကြောင်တစ်ကောင်၏ တစ်နေ့တာ' စာအုပ်ကို မြန်မာဘာသာနဲ့ ထုတ်ဝေခဲ့တယ်။
၂။ သူဟာ မြို့တစ်မြို့ကို ခုန်အုပ်နိုင်တယ် ။ ပင်လယ်ထဲ မျောလာတဲ့ စံပယ်ပန်းလေး တစ်ပွင့်ကို ဟိုတယ်တစ်ခု ပေါ်ကနေပြီး အနံ့ခံနိုင်တယ်။
                                                            (ကြောင် ကဗျာမှ)

၁။ ပင်လယ်ကို ဆိုင်ကယ်ပေါ်တင်ပြီး တံလျှပ်တွေထက် ငါမောင်းနှင်ခဲ့စဉ်က တစ်နှစ်လုံး ဘရိတ်ဖမ်းလို့မရခဲ့ဘူး ။
ဘာပါလိမ့် ကြယ်တာရာပေါ်က လိမ့်ကျခဲ့ သူဟာ လာမယ့် နိုဝင်ဘာလမှာ ကျောက်ပတ်တီး ဖြေပါလိမ့်မယ်။
၂။ ပုပ်ပွနေတဲ့ မီးလုံးတွေဆီ ငါခလုတ်နှိပ်လိုက်မယ်။ ဝိုင်ယာကြိုးထဲမှာ သွေးတွေစီးလာတဲ့အထိ။
                                                            (ကျွန်တော်ကိုယ်တိုင် နားမလည်တဲ့ကဗျာ ကဗျာမှ)

(၄)

            စက္ကန့်တွေ တစ်မြို့လုံးအနှံ့ဖုံးလွှမ်းနေသော (အေးစက်စက်နေ့ရက်များ) နှင့် (မြေမျိုခံရတဲ့ညများ) ကဗျာနှစ်ပုဒ်မှာ အချိန်ကာလအကြောင်း ကဗျာဆရာ၏ဆန်းစစ်မှုကို သရုပ်မှန်လွန် ဝါဒဟန်ဖြင့် ရေးဖွဲ့ထားခြင်း ဖြစ်သည်။ အချိန်ကာလနှင့်ပတ်သက်၍ 'လူသားတစ်ယောက်ရဲ့ အမြင့်မားဆုံး အံ့သြနိုင်မှု စွမ်းရည်နဲ့တောင် လုံလောက်အောင် မအံ့သြနိုင်လို့ သာမန်အချက်အလက် တစ်ခုလို့ ထင်မှတ်ရတယ်'ဟု မှတ်ချက်ချခဲ့၏။ ထို့အတူ အသံကဗျာသည်လည်း ဒြပ်မဲ့ဆန်သော လက်ရာတစ်ပုဒ်ဖြစ်သည်ကို တွေ့ရသည်။ 'ဘာမှ မရှိခြင်း ဥယျာဉ်'ကဗျာသည် သူ၏ နတ္ထိဝါဒ ကြေငြာစာတမ်းလော။
            အထက်ပါကဗျာများအပြင် 'ကျွန်ုပ်ဆိုက်ရောက်လာခြင်း' ၊ 'မရှိမဖြစ် လိုအပ်သော အရာဝတ္ထုများ' ၊ 'ဂျက်ကပြောတယ်' ကဗျာများကိုလည်း ဖတ်ရှုကြည့်စေချင်ပါသည်။ 'ညစာစားပွဲ' နှင့် 'သည်ဒုက္ခမှာ မြူးမိတယ်' တို့မှာ စကားပြေကဗျာများဖြစ်ပါသည်။ ထူးခြားမှုရှိသည် မထင်ပါ ။ 'ငါတို့ရွာက ရေကန်ကြီး' ၊ 'ပါမောက္ခကြီး နှင့်အိမ်ဖော်မလေး' 'မနက်ပြာ' စသောကဗျာများမှာ ကဗျာပုံစံစီမံထားသော်လည်း ဆက်ဖတ်လိုက်လျှင် စကားပြေအတိုင်းပင် ဖြစ်သဖြင့် စကားပြေကဗျာများဟုပင် ဆိုနိုင်ပါသည်။ ထူးခြားဆန်းသစ်မှုမပါ။ အတွေးသစ် အရေးသစ်မပါ။' နေမျိုး' နာမည်ကြောင့် ဆုံးအောင်ပင် ကြိုးစားဖတ်ရှုခဲ့ရသော ကဗျာများဖြစ်သည်။ 'ဖားပြုတ်ဝက်သိုးကြီး' နှင့် နွားပြာကြီးအကြောင်းဖွဲ့ ခေတ်ပေါ်ကဗျာတို့မှာလည်း ထိုနည်းနှင်နှင်ပင်။ ကဗျာအနံ့အသက် ကင်း၍နေသည်။ ဒီလိုကဗျာမျိုးကို နေမျိုး ဘာကြောင့် ရေးဖွဲ့သနည်း။ တစ်ခုပဲစဉ်းစားရသည်။ လက်ရှိ သူ၏ မော်ဒန်ကဗျာ လမ်းကြောင်းမှ ခွဲထွက်ရန် ကြိုးစားမှုပြုခြင်းဟုပင်။ ဤအတိုင်းသာ ရည်ရွယ်ရင်းဖြစ်ပါက နေမျိုးသည် သူလိုချင်သော ပန်းတိုင်ရောက်ရန် လိုသေးသည်ဟု  မှတ်ချက်ချချင်သည်။ နေမျိုးကို နောက်ပြန်သွားပါဟု မတိုက်တွန်းလိုသော်လည်း ရပ်တန့်စဉ်းစားပါဦးဟုတော့ အကြံပေးချင်ပါသည်။ ထိုစာအုပ်ထဲတွင် 'ငါ့ရဲ့လက်တွေ' ဟူသော ကဗျာတစ်ပုဒ်ပါသည်။
            'ငါ့ရဲ့လက်တွေအကြောင်း ပြောချင်တယ်
            ငါ့ရဲ့လက်တွေဟာ တစ်ပါးသူဆီမှာ လက်ဝါးဖြန့်ဖူးတယ်
            ငါ့ရဲ့လက်တွေဟာ လက်သီးကျစ်ကျစ်ဆုပ်ပြီး လေထဲမှာ မြှောက်ပြခဲ့ဖူးတယ်
            ငါ့ရဲ့လက်တွေဟာ ငွေစက္ကူတွေ ကိုယ်တွယ်ခဲ့ဖူးတယ်
            ငါ့ရဲ့လက်တွေဟာ အပေါစားအရက်ခွက်တွေကို ကိုင်တွယ်ခဲ့ဖူးတယ်
            ငါ့ရဲ့လက်တွေဟာ သင်တုန်းဓားတစ်လက်ကို သွေးခဲ့ဖူးတယ်'
           
            ထိုအဖွဲ့အနွဲ့များ၌ ကဗျာဓာတ်နည်းလှကြောင်း အထင်အရှားတွေ့နိုင်သည်။ ထိုကဗျာအဆုံးပိုဒ်၌ နေမျိုးက-
            'ငါ့ရဲ့လက်တွေဟာ ဘယ်ကိုမှ မညွှန်ပြခဲ့ကြပေဘူး
            ဘာကြောင့်လဲဆိုတော့ ငါဟာ
            ခုထိရွှေတွင်းတွေ ဘယ်မှာရှိတယ်ဆိုတာ မသိနိုင်သေးလို့ပဲ။'
ဟု ရေးဖွဲ့ခဲ့၏။ ကျွန်တော်က နေမျိုးကို အကြံပေးချင်သည်။ သူ့လက်များမှာ ရွှေတွင်းဘယ်မှာ ရှိတယ်ဆိုတာ ညွှန်ပြနေမယ့် လက်များမဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် သူ့လက်များကပင် ရွှေဖြစ်နေခြင်းကြောင့် ဖြစ်ပါသည်။

 ======================================================

ဝတ္ထုတို

ကကြိုးစုံတဲ့ည
- မှူးေ န ဝ န်း -


ရီဝေဝေ ညချမ်းတစ်ခုဖြစ်သည်။ ပတ်ဝန်းကျင်ကလည်း စိတ်လှုပ်ရှားစရာကောင်းနေသည်။ သူက သူ့ဘေးမှ မိတ်ဆွေကို လှမ်းကြည့်လိုက်သည်။ မိတ်ဆွေကလည်း လက်ဖဝါးနှစ်ခုကို အကြောင်းမဲ့ ပွတ်သပ်လျက် သူ့ကိုပြန်ကြည့်ပြီး ပြုံးသည်။ ဘာကြောင့်မှန်းတော့မသိ။

သူရောက်ရှိနေသည့်နေရာကား ပြိုင်ပွဲကွင်းပြင်တစ်ခုပင်ဖြစ်သည်။ အချင်းပေ ၂၀ ခန့် စက်ဝိုင်းပုံ မြေကွင်းပြင်တစ်ခု ဘေးတွင် သူတို့ထိုင်နေကြခြင်းဖြစ်၏။ လျှပ်စစ်မီးအလင်းရောင်ကို အသုံးမပြုဘဲ မီးပုံတစ်ခုကိုသာ ဖိုထားသည်။ မီးပုံမှ အလင်းရောင်ဖြင့် ဝိုးတဝါး မြင်ကွင်းသည်ပင် သူ့အတွက်အမြင်ဆန်းနေသည်။ ထို့ထက်အမြင်ဆန်းသော အရာမှာ သူ့ရှေ့တည့်တည့်၌မြင်နေရသော ဖယောင်းသား လောကနတ်ရုပ်တုကြီးပင် ဖြစ်သည်။ လူတစ်ရပ်မျှရှိသော လောကနတ်ရုပ်တုကြီးသည် ဤပြိုင်ပွဲအခမ်းအနား၏ တစ်ခုတည်းသော အပြင်အဆင်ပင် ဖြစ်သည်။ စောင်းကောက်ကိုပိုက်ထားရင်း စည်းနဲ့ဝါးကို ခြေမှာ ညှပ်ထားသည့် လောကနတ်ရုပ်ကြီးသည် သူ့အတွက် နှစ်လိုဖွယ်ရာဖြစ်နေ၏။

ပရိသတ်တွေကတော့ တဖွဲဖွဲရောက်လာနေဆဲ။ အမှောင်ကလည်း နက်ရှိုင်းလာဆဲ။ သူရင်ခုန်သံပင် မြန်လာသလိုလို ခံစားနေရသည်။ ထိုအခိုက်မှာပင် မြေစည်းဝိုင်းအတွင်းသို့ လူတစ်ယောက်ဝင်လာသည်။

“ဟုတ်ကဲ့  ကျွန်တော်က ဒီပွဲကိုစီစဉ်သူဖြစ်ပါတယ်။ ဒီပွဲက အကပြိုင်ပွဲဖြစ်ပါတယ်။ ဘယ်လိုအကမျိုးလဲဆိုတော့…” 

စကားပြောနေသူက ပရိသတ်ကို တစ်ချက်အကဲခတ်သည်။ ပြီးမှ

“တိမ်မြုပ်ပျောက်ကွယ်နေပြီဖြစ်တဲ့ အကတွေကို ပြန်လည်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီအကတွေကို ကတတ်တဲ့သူတွေဟာ အနည်းစုပဲကျန်ပါတော့တယ်။ ဒီအကတွေမပျောက်ပျက်အောင် ထိန်းသိမ်းချင်တဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်။ ဟုတ်ကဲ့ အခုမကြာခင်အချိန်အတွင်းမှာပဲ အကပြိုင်ပွဲကို စတင်တော့မှာ ဖြစ်ပါတယ်ခင်ဗျာ”

ပရိသတ်ဘက်မှ စကားပြောသံဝိုးဝိုးဝါးဝါး ထွက်လာသည်။ မိတ်ဆွေဘက်ကို သူတစ်ချက်လှမ်းကြည့်လိုက်သည်။ မိတ်ဆွေကတော့ ထုံးစံအတိုင်း ပြန်ပြုံးပြသည်။ အမှန်မှာမူ မိတ်ဆွေနှင့်အတူ သူလိုက်လာခြင်းပဲဖြစ်သည်။ ဘာပွဲမှန်းသိ၍လိုက်လာခြင်းမဟုတ်။ ဒီလို အကပြိုင်ပွဲတွေကို သူစိတ်ဝင်တစားမရှိလှပါ။ သူပျင်းလာသလိုလိုပင်ဖြစ်လာသည်။ သို့သော် မိတ်ဆွေကမူ အားတက်သရောပုံစံမျိုးဖြစ်နေသဖြင့် သူလည်း ဘာမှ မပြောဖြစ်တော့။

လေတစ်ချက်ဝေ့သွားသည်။ သူချမ်းစိမ့်စိမ့်ဖြစ်သွားသည်။ ပုခုံးတစ်ချက်တွန့်ရင်း ခပ်ပြေလျော့လျော့ အနေအထားဖြစ်အောင် ပြင်ထိုင်လိုက်သည်။ မကြာမီ စည်းဝိုင်းအတွင်းသို့ မိန်းမပျိုတစ်ဦးဝင်လာသည်။ အဝါရောင် ရှေးခေတ်ဝတ်စုံမျိုးနှင့်ဖြစ်သည်။ မီးရောင်ဝိုးတဝါး အောက်မှာပင် အတော်လှသည့် မိန်းကလေးဖြစ်ကြောင်း သူသတိထားမိလိုက်သည်။ မိန်းကလေးက စကားအနည်းငယ်ဆို၏။

“ကျွန်မ ကမယ့် အက ကတော့ ရှေးခေတ်နန်းတွင်းမှာ ရှင်ဘုရင်မိဖုရားတွေအိပ်ရာဝင်ခါနီး ကပြရတဲ့ အကမျိုးဖြစ်ပါတယ်။ သူတို့က သလွန်ထက်ကနေ ရှုစားနေကြချိန်မှာ ကပြရတဲ့ အကမျိုးပေါ့ရှင်။ ညင်ညင်သာသာနဲ့ ပျော့ပျောင်းမှုကို ဦးစားပေးရတဲ့အကမျိုးဖြစ်ပါတယ်။ အခု အဲဒီအကကို ကျွန်မ ကပြမှာ ဖြစ်ပါတယ်”

မိန်းမပျို၏ စကားအဆုံးမှာပင် စောင်းသံသဲ့သဲ့ကို အမှောင်ထဲမှ ကြားလာရသည်။ ခပ်ကြဲကြဲ စည်းသံ ဝါးသံ နှင့် ဆွဲဆွဲငင်ငင် ပုလွေသံအချို့ကိုပါကြားလိုက်ရသည်။ မိန်းမပျိုကတော့ ဂီတသံနှင့်အတူ နွဲ့နှောင်းစွာ ကပြနေတော့သည်။ လေထဲမှာ မျောလာသည့်ပုဝါစလေးလို မိန်းမပျို၏ အကသည် လွင့်လူးညင်သာလွန်းသည်။ ပရိသတ်သည် အခိုက်အတန့်အားဖြင့် မှင်သက်မိသလိုဖြစ်သွားသည်။ ငြိမ်သက်စွာ ငေးမောရင်း အကမကြိုက်သော သူပင် သက်ပြင်းချမိ၏။ မိတ်ဆွေကိုလှည့်ကြည့်တော့လည်း မိတ်ဆွေသည်လည်း ကျောက်ရုပ်တစ်ခုလို။

သူ မိန်းမပျို၏အကကို ပြန်လည်အာရုံစိုက်လိုက်သည်။

ဒီတစ်ခါတွင်တော့ သူ အရင်ကလောက် စိတ်မဝင်စားမိတော့။ အမှန်မှာ မိန်းမပျို၏ ကကွက်များသည် အစပိုင်းကထက်ပင် ဆန်းပြားလှပလာသည်။ သို့သော် သူ့ကိုမစွဲဆောင်နိုင်တော့။ ပရိသတ်ကို သူသတိထားလိုက်တော့လည်း ယခင်လောက်မငြိမ်တော့ဘဲ အနည်းငယ်လှုပ်လှုပ်ရွရွဖြစ်လာသည်ကို သိလိုက်ရသည်။ ခုနက ကျောက်ရုပ်ကြီးလိုငြိမ်နေသော သူ၏ မိတ်ဆွေသည်ပင် မျက်တောင်စင်းစင်းနှင့် တစ်ချက်သမ်းဝေနေသည်ကို သူတွေ့လိုက်ရပြန်သည်။ ခဏကြာတော့ မိန်းမပျို၏ အကပြီးဆုံးသွားသည်။ လက်ခုပ်သံ ဖျိုးဖျိုးဖျောက်ဖျောက်ထွက်လာသည်။

“ကောင်းတော့ကောင်းတယ်ဗျ ဒါပေမဲ့ ကြာလာတော့လည်း အဟင်း…”

မိတ်ဆွေက သူ့ကို ပြော၏။ သူကတော့ အလိုက်အထိုက်ပဲပြုံးပြမိလိုက်သည်။

နောက်တစ်ယောက် မြေစည်းဝိုင်းထဲ ဝင်လာပြန်၏။ သူလည်း ရှေးခေတ်ဝတ်စုံနှင့်ပင် ဖြစ်သည်။ မင်းညီမင်းသား ဝတ်စုံဖြစ်မည်ဟု သူယူဆမိသည်။ ထိုသူက ပရိသတ်ဘက်ကိုလှည့်ရင်း

“ကျွန်တော် ကမယ့် အက ကတော့ ရှေးခေတ်မင်းသားတွေ အရွယ်ရောက်တဲ့အခါ အဌာရဿ ပညာတွေကို သင်ရပါတယ်။ အဲလိုပညာသင်ပြီး ပြည်တော်ပြန်တဲ့အခါ မင်းပရိသတ်ဗိုလ်ပုံအလယ်မှာ ကပြရတဲ့ အကမျိုးဖြစ်ပါတယ်။ ကိုယ်သင်ကြားခဲ့တဲ့ ပညာရပ်တွေပေါ်လွင်အောင် အကထဲမှာ ထည့်သွင်းကပြရပါတယ်။ အခုအဲဒီအကကို ကပြမှာဖြစ်ပါတယ်။ ရှုစားကြပါခင်ဗျ”

စည်တော်သံဟုပြောရမလား ဗုံတီးသံတွေကို သူကြားလိုက်ရသည်။ စည်းသံဝါးသံမှာလည်း ခုနက အကထက်တော့ ပိုပြီး မြန်လာသည်။ ကဟန် ကကွက်တွေကလည်း ပိုပြီး မြူးကြွလာသည်။ ကျွမ်းဘားလို ကကွက်တွေ ၊ လေးပစ်ဟန်ကကွက်တွေ၊ ပေါ့ပါးသွက်လက်ခြင်းနှင့် ပရိသတ်ကို ဆွဲခေါ်သွားသည်။ လေဝေ့ဝေ့ တစ်ချက် တိုက်ခတ်သွား၏။ မီးပုံက အရှိန်ကောင်းလာ၏။ မီးပွားအချို့လွင့်စင်လာ .. ကပြသူ၏ ဝတ်ရုံက လေထဲမှာ တလွင့်လွင့်..။

ထိုလူ၏ကပြမှု ပြီးသွားသောအခါ လက်ခုပ်သံ တသောသောထွက်လာသည်။ သူက မိတ်ဆွေကို တစ်ချက်လှမ်းကြည့်မိပြန်သည်။ ဒီတစ်ခါတော့ မိတ်ဆွေက ရွှင်ရွှင်ပျပျပြုံးရင်း ပြောလာသည်။

“ဒါလေးက မဆိုးဘူးဗျ။ အပျင်းပြေတယ်။ မျက်စိပသာဒလည်းရှိတယ်”

သူကတော့ခေါင်းတစ်ချက် ဆတ်ပြမိရုံကလွဲ၍ ဘာမှပြန်မပြောဖြစ်။ ကပြရာ မြေကွင်းပြင်ပေါ်က မီးပုံကြီးကိုသာ ငေးမောနေမိသည်။ ခုနက လေတစ်ချက်ဝေ့သွားသဖြင့် မီးကအရှိန်ကောင်းသွားသော်လည်း အခု ထင်းနည်းနေပြီဖြစ်၍ ပြန်လည်အရှိန်ကျသွားသည်။ ပတ်ဝန်းကျင်ကိုပင် သဲသဲကွဲကွဲမမြင်ရတော့။ ထို့ကြောင့်လားမသိ။ ပွဲစီစဉ်သူအချို့က ထင်းများထပ်ပြီးထည့်နေသည်။ ပရိသတ်ဆီမှ စကားသံခပ်အုပ်အုပ် ထွက်လာသည်။ ခဏကြာသောအခါ နောက်ထပ်ယှဉ်ပြိုင်မည့်သူတစ်ယောက် မြေကွင်းပြင်ပေါ် ရောက်လာပါပြီ။

ထိုလူဝတ်စားထားပုံကို ကြည့်ရုံမျှနှင့် ဘာအက ကမည်ဆိုသည်ကို သူ မှန်းဆ၍ရသွားသည်။ ထိုလူသည် ရှေးခေတ်ရဲမက်အဝတ်အစားကို ဝတ်ထားရုံမျှမက လက်ထဲမှာလည်း ဓားတစ်ချောင်းရယ် ဒိုင်းတစ်လက်ရယ်။ သူကတော့ မျက်မှောင်ကြုတ်၍သာ ကြည့်နေမိပါသည်။

“ ကျွန်တော် ကမှာ ကတော့ ရှေးတုန်းက တိုက်ပွဲမထွက်ခင်မှာ ရဲစိတ်ရဲမာန် ထကြွအောင်လို့ စစ်သည် ရဲမက်တွေ ဝိုင်းဖွဲ့စုပေါင်း ကကြတဲ့ အကမျိုးဖြစ်ပါတယ်။ ကာချင်းဆိုတဲ့ သီချင်းတစ်မျိုးနဲ့ တွဲဖက် ကရပါတယ်။ လက်နက်တွေကိုင်စွဲပြီး သိုင်းကွက်တွေနဲ့ အားမာန်ပါပါ ကပြရတဲ့ အကမျိုးပဲ ဖြစ်ပါတယ်”

အမှောင်ရိပ်ထဲမှ စည်တိုသံ ခပ်စိပ်စိပ်ထွက်လာသည်။ လင်းကွင်းသံလိုလို ခရာသံလိုလို အသံအချို့ကိုလည်း ကြားလာရသည်။ ထိုအသံတို့နှင့်အတူ စည်းချက်ညီညီ သံပြိုင်ရွတ်ဆိုသံတွေကိုပါ ကြားလာရပြန်သည်။ ကာချင်းသံဆိုတာ ဖြစ်မည်ဟု သူကမှတ်ချက်ချမိသည်။ ရဲမက်ဝတ်စုံနဲ့လူကတော့ အားအပြည့်မာန်အပြည့်နှင့် ကနေပါပြီ။ ဓားရေးပြလိုက် သိုင်းကွက်နင်းလိုက်နှင့် အကကိုဖော်ကျူးနေသည်။ တစ်ခါတစ်ခါ ဓားကိုလွှဲခုတ်လိုက်ရာမှ ဝှီခနဲ အသံကိုတောင် ကြားလိုက်ရသည်။

မီးပုံကြီးကတော့ အရှိန်နဲ့အဟုန်နဲ့ တောက်လောင်နေပါပြီ။ ခုနကထပ်ထည့်လိုက်သော ထင်းများကြောင့် ယခင်ထက်ပင် ပိုမိုလင်းမြိုက်နေပြီဖြစ်၏။ ရဲမက်ဝတ်စုံနှင့်အကသမားမှာ ချွေးရွှဲရွှဲနစ်နေပြီဖြစ်သည်။ သူသည် သူ့မိတ်ဆွေဖက်ကို ကြည့်မိတော့ စည်းချက်နှင့်အတူ မိတ်ဆွေမှာ ခြေထောက်လေး ပုတ်ခါပုတ်ခါ စည်းဝါးလိုက်နေသည်ကိုတွေ့ရသည်။ အပြစ်တော့မဆိုသာပါ။ ပရိသတ်ထဲမှပင် စည်းချက်နှင့်အညီ လက်ခုပ်လိုက်တီးပေးနေသံများကို သူကြားနေရသောကြောင့်ဖြစ်သည်။

မကြာမီ ထိုလူ၏အက ပြီးဆုံးသွား၏။ လက်ခုပ်သံများ တခဲနက်ထွက်ပေါ်လာသည်။ တော်တော်နှင့်ကို မစဲတော့။ သူ့မိတ်ဆွေဆိုလျှင် လက်ခေါက်တွေပင်မှုတ်၍အားပေးနေသည်။ သူကတော့ အမှတ်မဲ့ပင် လောကနတ်ရုပ်တုကြီးကိုငေးမောနေမိသည်။

ကမ္ဘာဦးမှာ ခြင်္သေ့နှင့်ဆင်ပျံ တိုက်ပွဲဖြစ်သတဲ့။ တိမ်ညွန့်တွေကို လုစားရင်း ရေကုန်ရေခမ်း သတ်ကြ ဖြတ်ကြသတဲ့။ ဒီအခါ လောကနတ်ဟာ စောင်းကို ရင်မှာပိုက် စည်းနဲ့ဝါးကို ခြေမှာညှပ်ပြီး သာယာညှင်းပျောင်းစွာ သီကျူးတီးခတ်ပါသတဲ့။ နူးညံ့တဲ့ ဂီတသံကြောင့် ခြင်္သေ့နဲ့ဆင်ပျံတို့ ဒေါသအဟုန်ပြေပျောက်ခဲ့ပါသတဲ့။ လောကကိုငြိမ်းချမ်းစေခဲ့သောနတ်သား၏ ဒဏ္ဍာရီဆန်ဆန်ပုံပြင်တစ်ပုဒ်ကို သူတွေးနေမိသည်။ ပရိသတ်၏ ဆူညံစွာအော်ဟစ် နေသံကို မေ့ပြီး သူမျောမျောလွင့်လွင့် ထပ်တွေးမိပြန်သည်။ အိပ်ရာဝင်အကလို ပျော့ပျောင်းမှုကို အသားပေးသော နူးညံ့သိမ်မွေ့သော အကမျိုးမှာ ခေတ္တခဏ မင်သက်မိသော်လည်း ကြာလာသောအခါ ရိုးအီသွားသလို ဘာကြောင့်ခံစားနေရတာလဲ။ မိမိတတ်ကြောင်းတော်ကြောင်း မော်ကြွားသောအကမျိုး၊ သွေးချောင်းစီးမည့် စစ်ပွဲတစ်ခု၏ တပ်လှန့်ခရာသံလို အကမျိုးကို ပိုမိုနှစ်သက်လာကြတာ ဘာကြောင့်လဲ။

သူ့ကို ဆုံးအောင်တွေးခွင့်မပေးပါ။ မြေကွင်းပြင်စည်းဝိုင်းထဲသို့ ပွဲစီစဉ်သူ ဝင်လာသောကြောင့်ဖြစ်သည်။

“ကျွန်တော်တို့ကို ပြိုင်ပွဲဝင်ကပြဖို့ စာရင်းပေးထားတာ လူ ၄ ယောက်ပါ။ အခု ၃ ယောက် ကပြပြီးချိန်အထိ နောက်ထပ်တစ်ယောက် ရောက်မလာသေးပါဘူး။ ဒီတော့ အခုကပြသွားတဲ့ လူ ၃ ယောက်ကိုပဲ စဉ်းစားရတော့မှာဖြစ်ပါတယ်။ ခဏနေကျရင် ဒီပွဲကို အဆုံးသတ်ပါတော့မယ်”

ပရိသတ်ဆီမှ တိုးတိုးတိုးတိုးဝေဖန်သံများ ထွက်လာသည်။ ထိုအချိန်မှာပင်…

“ပြိုင်ပွဲကို မရပ်ပါနဲ့ဦး ။ ကျုပ်အခု ရောက်လာပါပြီ။ ”

ခြောက်ကပ်ကပ်အသံနှင့်အတူ လူအုပ်ထဲမှ အရပ်ထောင်ထောင်မောင်းမောင်းနှင့်လူကြီးတစ်ယောက် ထွက်လာသည်။ ဆံပင်များက စုတ်ဖွားရိုင်းစိုင်းစွာ.. လက်ထဲမှာလည်းလှံတစ်ချောင်းနှင့် .. အပေါ်ပိုင်းဗလာကျင်းထားပြီး ခါးမှာတော့တိရစ္ဆာန်အရေခွံနှင့် လုပ်ထားသည့် နံငယ်ပိုင်းလို အရာမျိုး..။

မျက်လုံးပေါင်းများစွာ၏ စူးစိုက်ကြည့်ရှုခြင်းကို ခံနေရသော်လည်း အနည်းငယ်မျှ ဂရုစိုက်ခြင်းမရှိဘဲ မြေကွင်းပြင်ဆီသို့ လျှောက်လာသည်။ ပွဲစီစဉ်သူ ဆိုသူမှာ ဘယ်ချောင်ကိုရောက်သွားပြီမသိ။ ထိုလူကြီးကတော့ ခပ်တည်တည်ပင် မီးပုံထဲကို ထင်းချောင်းများ ထပ်ပြီးထည့်နေသည်။ အစကတည်းက အရှိန်ကောင်းနေသည့်မီးပုံမှာ ပို၍တောက်လောင်လာလေပြီ။ တိုက်တိုက်ဆိုင်ဆိုင်ပင် လေတစ်ချက် ခပ်ပြင်းပြင်း တိုက်ခတ်လိုက်သည့်အချိန်မှာတော့ မီးပုံကြီးသည် ကြောက်စရာကောင်းလောက်အောင် တငြီးငြီးလောင်နေပြီဖြစ်၏။

မီးပုံ၏အပူရှိန်ကိုပင် သူခံစားလိုက်ရသလို ဖြစ်မိသည်။ မိတ်ဆွေကိုကြည့်မိတော့ အံ့သြငေးရီစွာ လိပ်ပြာလွင့်နေသူလို…။ ထိုအချိန်မှာပင် မြေစည်းဝိုင်းထဲမှ လူကြီး၏အသံကို ကြားလိုက်ရသည်။

“အခုကျုပ်ကပြမှာက  တောထဲမှာ သားကောင်တွေကိုဖမ်းဆီးသတ်ဖြတ်ပြီးတဲ့နောက် ယစ်ပူဇော်တဲ့အခါ ကပြရတဲ့အကဖြစ်တယ်။ သားကောင်တွေဖမ်းဆီးရမိလို့ အောင်ပွဲခံတဲ့အကဖြစ်တယ်။ ကြည့်ကြပါ”

ပရိသတ်ကတော့ တုတ်တုတ်မလှုပ်အောင်ငြိမ်နေပြီဖြစ်သည်။ ထိုလူကြီးကို ထူးဆန်းစွာ (တုန်လှုပ်ခြင်း အနည်းငယ်ဖြင့်) ငေးမောကြည့်နေကြသည်။ ထိုအချိန်မှာပင် အမှောင်ထဲမှ သစ်တုံးခေါက်သံလိုလို အသံအချို့ကို ကြားလိုက်ရသည်။ မရှေးမနှောင်းမှာပင် စူးစူးဝါးဝါးအော်ဟစ်သံများ အတိုင်အဖောက် အော်သံများကို ကြားလာရသည်။ ထိုအသံတွေနှင့်အတူ လူကြီးသည် သူ၏လှံကိုဝှေ့ကာရမ်းကာ ကပြလေပြီ။ ကြမ်းတမ်းသော လှုပ်ရှားမှုများဖြင့် မြေကွင်းပြင်ထဲတွင် စိတ်လွတ်ကိုယ်လွတ်ကို ပြေးလွှားကပြနေပြီဖြစ်သည်။ ထိုလူကြီး၏ မျက်လုံးအတွင်းမှာလည်း ရက်စက်မှု သွေးဆာမှုတစ်ခု၏ အရိပ်အယောင်များကို သူမြင်လိုက်ရသလို ခံစားနေရသည်။

လေတစ်ချက် ဝေ့လာပြန်ပြီ။ မီးပုံက ဟုန်းခနဲ..။ ကနေသောလူကြီးက ဟေးခနဲ အာခေါင်ခြစ်၍ အော်လိုက်သည်။ ပရိသတ်ထဲမှလည်း ဟေးခနဲအော်လိုက်သံကို သူ အံ့သြစွာ ကြားလိုက်ရ၏။ ထို့နောက်တွင်တော့ ဟေးဟေးဝါးဝါးအော်သံများသည် ထိုလူကြီးနှင့်အတူ ပရိသတ်ထဲမှ ထွက်ထွက်လာပြီဖြစ်သည်။ သူက သူ့မိတ်ဆွေကို လှည့်ကြည့်မိပြန်သည်။ မိတ်ဆွေ၏မျက်လုံးများမှာ ပုံမှန်မဟုတ်တော့။ အံတွေကြိတ်ပြီး လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်ကို သူတွေ့လိုက်ရ၏။ သူတစ်ခုခုပြောရန် အားယူလိုက်စဉ်မှာပင် …

“အား……..”  ………. ငယ်သံပါအောင်အော်ဟစ်ရင်းနှင့် လူတစ်ယောက် အကစည်းဝိုင်းထဲသို့ ပြေးဝင်သွားသည်ကိုတွေ့လိုက်ရသည်။ ပြီးနောက် ထိုလူကြီးနှင့်အတူ ရူးသွပ်ရိုင်းစိုင်းစွာ ခုန်ပေါက် က…။ ချက်ချင်း ဆိုသလိုပင် နောက်ထပ် လူ သုံးလေးငါးယောက် စည်းဝိုင်းထဲ ပြေးဝင်သွားကြပြန်သည်။ မြင်ကွင်းကို ကြည့်ရင်း သူ ထိတ်လန့်လာသည်။ အသက်ရှူရတာပင်မဝတော့။ နှလုံးသွေးတိုးသံကို တဒိန်းဒိန်း သူပြန်ကြားနေရ၏။ သူ၏မိတ်ဆွေမှာကား နတ်ဝင်နေသလို တဆတ်ဆတ်တုန်နေပြီ…။

သိပ်မကြာပါ။ သူ့မိတ်ဆွေလည်း အရူးတစ်ယောက်လို အော်ဟစ်ရင်း အကမြေကွင်းပြင်ဆီ ပြေးသွားလေသည်။ သူ ခေါင်းကို ခပ်ကြမ်းကြမ်း ခါယမ်းလိုက်သည်။

“ဒါမဟုတ်ဘူး။ ဒါမဖြစ်သင့်ဘူး” 
စိတ်ထဲမှပြောရင်း သူဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ ၄င်းမှာ ဤ ပြိုင်ပွဲကွင်းပြင်မှ ထွက်သွားရန်ပင် ဖြစ်သည်။ ဆုံးဖြတ်လိုက်သည့်အတိုင်း သူနောက်သို့ အလှည့်…….
မရတော့။ မရတော့။ သူ့နောက်က လူအုပ်ကြီးသည်လည်း မြေစည်းဝိုင်းဆီကို တိုးခွေ့ပြေးလာနေကြပြီ။

သူကတော့မိုက်မဲစွာ ဖောက်ထွက်တိုးဖို့ ကြိုးစားသည်။ သို့သော် အင်အားခြင်းမမျှ။ ထိုလူအုပ်ကြီးနှင့်အတူ ယက်ကန်ယက်ကန်နှင့် မြေစည်းဝိုင်းထဲသို့ သူပါသွားသည်။

စူးစူးဝါးဝါးအော်ဟစ်သံများ သွေးပျက်ဖွယ် တူရိယာရိုက်ခတ်သံများ ဆူညံစွာ…. တိုးဝှေ့ကြ .. မျက်လုံးတွေ.. ဆာလောင်နေတဲ့မျက်လုံးတွေနှင့်အတူ… မီးတောက်၏ ပူလောင်မှု ..သူအသက်ရှူ မဝတော့… ရုတ်တရက် မူးမိုက်သွား…။ မြေပေါ် ခွေကျသွားပြီးနောက် သူ မြေကြီးကိုအားယူ၍ လက်ထောက်အထ….။ သူ့လက်ဖ၀ါးမှာ စေးကပ်ချွဲကျိသော အရည်ပျစ်ပျစ်အချို့….။  နားမလည်သလို သူကြည့်ရင်း ရုတ်တရက် သတိရသွား…….။

သူ့အတွေးမှန်၏။

ပူပြင်းလွန်းသောမီးတောက်များကြောင့် လောကနတ်ရုပ်ကြီးအရည်ပျော်ကျနေသည်။     ။

====================================================== 

ခေါင်းတုံး(ဂတုံး)မြို့တော်
- လ င်း န စ် -

အခန်း(၁) 

ဒီမြို့ထဲကိုစဝင်လာကတည်းက သူသတိထားမိတဲ့ အချက်တွေရှိသည်။ ဝတ်စားဆင်ယင်မှုကို ကြည့်ခြင်းအားဖြင့် ရှေးဟောင်းမြို့တစ်မြို့ ဖြစ်ကြောင်းသိရသည်။ နောက်ပြီး အများစုကိုကြည့်ရတာ လူကုံထံ လူချမ်းသာပုံစံတွေချည်းဖြစ်သည်။

နောက်တစ်ချက်ကတော့ အလွန်ထူးခြားသည်။ အားလုံးက ခေါင်းတုံး (ဂတုံး) တွေချည်း ဖြစ်နေသည်။ ထို့ကြောင့် ခေါင်းတုံး(ဂတုံး)မြို့တော် ဟုစိတ်ထဲက သူ့ဖာသာသူ နာမည် ပေးလိုက်သည်။

လူစိမ်းဖြစ်ခြင်းကြောင့်လား၊ သူတို့နှင့်ပုံစံမတူသည့် ဆံပင်နှင့်လူတစ်ယောက်ကို မမြင်ဖူးခြင်းကြောင့်လားမသိ အားလုံး၏ မျက်လုံးများက သူ့ဆီကိုသာ ရောက်နေကြသည်။ အချင်းချင်း တီးတိုးပြောဆို၍ ရယ်မောနေကြသည်။ ကလေးတွေ (ဂတုံးလေးတွေ) ကလည်း သူ့နောက်ပြေးလိုက်ကြသည်။ သေချာသတိထားကြည့်တော့  လူကြီးတွေ(ဂတုံးကြီးတွေ)လည်း မလှမ်းမကမ်းမှ သူ့နောက်လိုက် နေကြောင်း သိလိုက်ရသည်။ အချို့ကလည်း(သူ့တို့မိသားစုတွေ မမြင်ဖူးလိုက်မှာစိုး၍ထင်သည်) အိမ်ထဲသို့ လှမ်းအော်ခေါ်နေကြသည်။ သူ့အနေနှင့်လည်း တစ်သက်နဲ့တစ်ကိုယ် ဒီလောက်များတဲ့ ခေါင်းတုံး(ဂတုံး)သီးသန့် လူအုပ်ကြီးကို မမြင်ဖူးပေ။ ဒီလိုနဲ့  ခေါင်းတုံး(ဂတုံး)တွေကို သူက တအံ့တသြ ကြည့်ရင်း ခေါင်းတုံး(ဂတုံး)တွေက သူ့နောက်ကို ရယ်မော ပျော်ရွှင်စွာ လိုက်ပါကြရင်း မြို့အတွင်းပိုင်းကို တဖြည်းဖြည်းရောက်လာလေတော့သည်။   

လူကကြာလေများလေ ဖြစ်လာသောကြောင့် သူ့စိတ်ထဲမှာ အနည်းငယ်လန့်သလိုဖြစ်လာသည်။ သို့သော် ရန်လိုသည့် အပြုအမူမရှိကြောင်းကို သူတို့၏မျက်နှာပေါ်ကအပြုံးတွေကိုကြည့်ရင်း သူတွေးမိလာသည်။ တဆက်တည်း တွေးမိလာသည်က ရုပ်ရှင်တွေ ကာတွန်းတွေထဲကလို သူတို့လူမျိုးတွေရဲ့ နိမိတ်အရ (သို့) ကျမ်းဂန်အရရောက်လာသည် ဟုယူဆပြီး သူ့ကို ဘုရင် ဝိုင်းမြှောက်ကြလေမလား ဟုတွေးမိသည်။ သူ့ဆီမှာ ပါလာသော ပစ္စည်းတွေထဲက အထူးအဆန်းဖြစ်မည့် ပစ္စည်းတွေကို အလျင်အမြန် စဉ်းစားကြည့်သည်။ မီးခြစ်၊ Andriod Phone စသည်ဖြင့် သူတို့မမြင်ဖူးလောက်သည့် ပစ္စည်းများပါကြောင်း တွေးရင်း အခြေအနေကြည့် လှုပ်ရှားဖို့ စဉ်းစားလိုက်သည်။ ထိုသို့ဖြင့် မြို့၏အစည်ကားဆုံး နေရာဟုယူဆရသော ဈေးတန်းတွေ၊ စားသောက်ဆိုင်တန်း တွေရှိသည့် နေရာသို့ ရောက်လာလေသည်။

 “ ကျွန်တော်တို့ဆိုင်ထဲကိုကြွပါဧည့်သည်…. လူကြီးမင်းနှစ်သက်ရာကို အခမဲ့သုံးဆောင်နိုင်ပါတယ် ”

“ ကျွန်တော်တို့ဆိုင်မှာ တရုတ်စာအစုံရှိပါတယ်အခမဲ့ပါဧည့်သည် ”

“ ဒီကိုလာပါဧည့်သည်……………………….”

ဥရောပအစားအစာ၊ တရုတ်အစားအစာ၊ ပင်လယ်စာ စသည်ဖြင့် စုံလင်လှသော စားသောက်တန်းကို သူတအံ့တသြ ငေးကြည့်ရင်း ကြက်သေသေသွားသည်။ ပြီးတော့ အားလုံးက သူ့ကိုအခမဲ့စားသောက်ဖို့ အလုအယက်ခေါ်နေကြသည်။ ဒီဇာတ်လမ်းသည် သူထင်ထားသလို သူ့ကို ဘုရင်မြှောက်မည့် ဇာတ်လမ်းမဟုတ်နိုင်ကြောင်းတွေးရင်း စိတ်ညစ်သွားသည်။ မတတ်နိုင်ဘူး မီးစင်ကြည့်ကရမှာပဲ ဟု သူ့ဘာသာရေရွှတ်ရင်း လောလောဆယ် ဗိုက်ထဲမှ ဆာလောင်မှုကို အရင်ဖြေရှင်းဖို့ စဉ်းစားလိုက်သည်။ အားလုံးကအခမဲ့ဆိုတော့ သူ့စိတ်ထဲ နည်းနည်းတော့ ထူးဆန်းနေသော်လည်း ဆာလောင်မွတ်သိပ်မှုက သံသယစိတ်တွေကို အနိုင်ယူပြီး ဖြစ်ချင်ရာဖြစ် ဆိုင်တစ်ဆိုင်ဆိုင် ကိုဝင်ဖို့ ဆုံးဖြတ်လိုက်သည်။

ဒီလိုနဲ့ သူ စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးပြီး ဝင်လိုက်သောအခါ သူဝင်လိုက်သည့် ဆိုင်ထဲသို့ အစောပိုင်းက သူ့နောက်လိုက်လာသော ခေါင်းတုံး(ဂတုံး)အုပ်ကြီးလည်း လိုက်ဝင်လာလေတော့သည်။ ဆိုင်တစ်ဆိုင်လုံး ထိုင်စရာနေရာပင် မရှိအောင် ပြည့်သွားသည့်အပြင် ဆိုင်အတွင်း၌ မတ်တပ်စားသုံးသူများပါပြည့်ကျပ်နေလေတော့သည်။ ဆိုင်အပြင်၌လည်း သူ့ကိုကြည့်နေသည့် လူအုပ်(ဂတုံးအုပ်)ကလည်းမနည်း။ ဆိုင်ရှင်ဆိုတာ ပါးစပ်နားရွက်မချိတ်ရုံတမယ် သူ့ကိုအစွမ်းကုန် ဝန်ဆောင်မှု ပေးနေလေတော့သည်။ အခမဲ့ဆိုတာကို သူနည်းနည်း သဘောပေါက်သလိုဖြစ်သွားပြီး တစ်ချက်ပြုံးလိုက်သည်။ ဒီလိုနဲ့ စားသောက်ဖွယ်ရာတချို့ကို သူမှာယူ လိုက်သည်။ တစ်ဆိုင်လုံးလည်း အစားအသောက်မှာသံ၊ ဆိုင်ရှင်နှင့် စားပွဲထိုးများအော်ဟစ်သံတို့ဖြင့် ဆူညံပွက်လောရိုက်နေသည်။

“ ပေါက်စီနှစ်လုံး ကတ်ကြေးတစ်လက်”                                                                               

“သင်တုန်းဓါးရော ယူဦးမလားအစ်ကိုတို့ “                                                                                      

“ မယူတော့ပါဘူးကွာ“

ဘေးဝိုင်းက ထူးဆန်းသော မှာပုံမှာနည်းနှင့် စားပွဲထိုးကောင်လေး၏ ပြန်မေးသော မေးခွန်းပုံစံကြောင့် ရုတ်တရက် သူကြောင်သွားသည်။ ကတ်ကြေး၊ သင်တုန်းဓါးနှင့် ပေါက်စီ ဘယ်လိုမှဆက်စပ်၍မရ။ တစ်ခြားဝိုင်းတွေကို မသိမသာ အကဲခတ်ကြည့်တော့လည်း ဝိုင်းတိုင်းတွင် ကတ်ကြေး(သို့)သင်တုန်းဓါး တစ်လက်မဟုတ် တစ်လက် ရှိနေကြောင်း တွေ့လိုက်ရသဖြင့် သူလန့်သွားသည်။ တည်ငြိမ်စပြုနေသောကြောက်စိတ်သည်လည်း ပြန်လည်အသက်ဝင်လာပြီး ရင်ထဲမှာဗလောင်ဆူသွားသည်။ အားလုံး၏ မျက်လုံးတွေက သူ့ကို သိသိသာသာရော မသိမသာပါကြည့်ရင်း ပြုံးရွှင်ရယ်မောနေကြသည်။ သူ အတွေးတွေ ယောက်ယက်ခတ်ဗျာများနေပြီဖြစ်သည်။

“ မှာထားတာတွေ ရပါပြီအစ်ကို..”

စားပွဲထိုးလေးက စားစရာတွေလာချသည်။ သူမှာထားတွေရော မမှာထားတာတွေပါဖြစ်သည်။ ထို့နောက် ဆိုင်ရှင်က သူ့အနား ရောက်လာပြီး

“ အေးအေးဆေးဆေးစားပါ ဧည့်သည်… လိုအပ်တာရှိရင်လည်းပြောပါ ”

သူစားချင်စိတ်လုံးဝမရှိတော့။ စားလို့လည်းလုံးဝမဝင်တော့။ သူ့ကိုကြည့်နေသော မျက်လုံးတွေကို ခိုးကြည့်လိုက် တို့ကနန်း ဆိတ်ကနန်းစားလိုက်လုပ်ရင်း ဇောချွေးတွေပြန်လာသည်။ တစ်ခုခုတော့ လုပ်မှဖြစ် မည်။ သို့သော် ဘာလုပ်ရမှန်းလည်းမသိ။ ထွက်ပြေးဖို့ကြည့်ပြန်တော့ ဒီလူအုပ်နှင့် ဆိုင်ထဲကတောင် မနည်းတိုးထွက်ရမည့်ပုံ။ (ဘာလုပ်ကြမယ်မှန်းမသိသော်လည်း) တစ်ခုခုထူးထူးခြားခြား လုပ်လိုက်ကာမှ တရားဝင်အစပြု ပေးလိုက်သလိုလည်း ဖြစ်သွားနိုင်သည်။ မျက်နှာကို ခပ်တင်းတင်းထားပြီး ခပ်တည်တည်ဖြင့် ဆိုင်ထဲက ထွက်သွားဖို့ စဉ်းစားလိုက်သည်။ ဒီလိုနဲ့ စားလက်စကို လက်စသတ်ပြီး ရေတစ်ခွက် မော့သောက်လိုက်သည်။

“ စားလို့ပြီးသွားပါပြီလား ဧည့်သည် အချိုပွဲသုံးဆောင်ဦးမလား ”

ဆိုင်ရှင်၏ ပျူငှာသောမေးခွန်းကိုပင် “ မလိုဘူး ” ဟုခပ်ပြတ်ပြတ်ပြန်ဖြေပြီး ဆိုင်ထဲက ထွက်ဖို့ပြင်လိုက် သည်။

“ ဧည့်သည်စားလို့ပြီးပြီတဲ့ဟေ့ ”

ဆိုင်ရှင်၏ အော်သံအဆုံးတွင် တစ်ဆိုင်လုံး “ဟေး” ခနဲဖြစ်သွားသည်။ စားပွဲထိုးလေးတွေအားလုံး ဆိုင်ရှင်အနားသို့ ပြေးလာကြသည်။ တစ်ချို့က သူ့စားပွဲပေါ်က ပန်းကန်တွေကို လျင်မြန်စွာသိမ်းသွားသည်။ သူလည်း ကျောပိုးအိတ်ကိုလွယ်၍ ထမည်အပြု  ‘ရွှက်' ခနဲမြည်သံနှင့်အတူ တခုခုဟာသွားသလို ခံစားလိုက်ရသည်။ တစ်ယောက်ယောက်က ကတ်ကြေးဖြင့် ညှပ်လိုက်သဖြင့် သူ့နောက်ကဆံပင်တစ်ချို့ ပါသွားခြင်း ဖြစ်သည်။

“ ဟင်…ဒါဘာလုပ်တာလဲ ”

သူလည်း အနောက်သို့ ကမန်းကတန်း လှည့်ကြည့်လိုက်ရာ သူ့ဆံပင်ကို ကိုင်မြှောက်ပြီး အော်ဟစ် ပျော်ရွှင်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ တစ်ဆိုင်လုံးလည်း အားပေးသံအော်ဟစ်သံများဆူညံ နေသည်။

“ရွှက်”

ဆံပင်အချို့ထပ်ပါသွားပြန်သည်။ ဒီတစ်ခါတော့ သူ့အရှေ့က လူက ထညှပ်သွားခြင်းဖြစ်သည်။ သူက အနောက်သို့ လှည့်လိုက်သဖြင့် ရှေ့တည့်တည့်ကလူကို ကျောခိုင်းလိုက်သလိုဖြစ်သွားချိန်တွင် ထိုလူက ထညှပ်လိုက်ခြင်းဖြစ်သည်။ သူလည်း ဒေါသဖြင့် ဝုန်းကနဲ ထရပ်လိုက်သည်။

“ ခင်ဗျားတို့ဘာလုပ်ကြတာလဲဗျ ဟင်.. ရိုင်းလှချည်လား ”

သူ၏ အော်ဟစ်ပြောဆိုမှု မဆုံးခင်မှာပင် စားပွဲထိုးလေးတွေက သူ့ကိုချုပ်ပြီး စားပွဲပေါ်မှောက်တင်လိုက်ကြသည်။ တစ်ဆိုင်လုံး ထိန်းမနိုင်သိမ်းမရ ဆူညံနေပြီဖြစ်သည်။ အားလုံးကသူ့အနားကပ်လာကြသည်။ သူ့ဆံပင်ကို ကတ်ကြေးဖြင့်ညှပ်ယူကြသည်။ သင်တုန်းဓါးဖြင့် ရိတ်ယူကြသည်။ ဟိုပုံဖော်ကွာ ဒီပုံညှပ်ဟေ့ စသဖြင့် တစ်ယောက်တစ်ပေါက် အော်ဟစ်သံများကြား သူလည်းရုန်းရင်းကန်ရင်း အော်ဟစ်ဆဲဆိုနေမိသည်။         

“ အားလုံးတစ်ယောက်တစ်ခါပဲနော်…ငါ့အတွက်လည်း နည်းနည်းချန်ထားပါဦးဟ.. ဓါးလည်းမထိစေနဲ့ဦး….”

ဆိုင်ရှင်က အော်ဟစ်သတိပေးနေသည် ။ ဒီလိုနဲ့ တဖြည်းဖြည်း သူ့ဆံပင်များကုန်သွားပြီး နောက်ဆုံး ဆိုင်ရှင်အလှည့်ပြီးသွားချိန်တွင်တော့ သူကိုယ်တိုင် ခေါင်းတုံး(ဂတုံး)တစ်ယောက်ဖြစ်သွားလေတော့သည်။ စားပွဲထိုးလေးတွေက သူ့ကိုလွှတ်ပေးလိုက်ပြီဖြစ်သည်။

 “ ခင်ဗျားတို့ ဒါသက်သက် အုပ်စုဖွဲ့ အနိုင်ကျင့်တာ .. ခင်ဗျားတို့ကို မကျေနပ်ဘူး တိုင်မယ် တရားစွဲမယ် ”

သူတစ်ယောက်တည်း အရူးလိုအော်ဟစ်ရင်း ပေါက်ကွဲနေသည်။ ဘယ်သူ့ကို ဘာလုပ်ရမှန်းလဲမသိ။ အများနှင့်တစ်ယောက်ဖြစ်သောကြောင့် လက်ပါကြစတမ်းဆိုလျှင်လည်း သူပဲ နာမည် ဖြစ်ကြောင်း သူသိသည်။  ခုတော့သူ့ကို ဘယ်သူမှ ဂရုမစိုက်ဘဲ ဝိုင်းအသီးသီးက ပိုက်ဆံရှင်းကြ၊ စားပွဲထိုးလေးတွေက ပိုက်ဆံလိုက်သိမ်း နှင့် သူတို့ဟာသူတို့ အလုပ်ရှုပ်နေကြသည်။ ဆိုင်ရှင်က ကတ်ကြေးနှစ်လက် ပျောက်သွားသဖြင့် စားပွဲထိုးတွေကို ဆူနေသည်။ တချို့ကလည်း သူတို့ မညှပ်လိုက်ရ မတုံးလိုက်ရသဖြင့် ကတ်ကြေး(သို့)သင်တုန်းဓါး (ငှားရမ်းခ)ဖိုး လျှော့ပေးရန် ပြောနေကြသည်။ သူကတော့ တစ်ယောက်တည်း အော်ဟစ်တုန်းပေါက်ကွဲတုန်း။ ကြာလာတော့ သူလည်းမောပန်းလာပြီး ခေါင်းငိုက်စိုက်ကျသွားသည်။ ဆိုင်ထဲတွင်လည်း လူရှင်းသွားပြီဖြစ်သည်။ ခေါင်းအေးအေးထားပြီး သူဘာလုပ်ရမည်ကို စဉ်းစားပြီး တရားဥပဒေအရရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်သည်။ အနည်းဆုံးတော့ သူတို့ နစ်နာကြေးပေးရတာမျိုးဖြစ်နိုင်သည်။ ဒီလိုနဲ့ တရားစွဲဖို့ဆုံးဖြတ်ပြီး ဆိုင်ထဲကထွက်လာခဲ့သည်။ ဆိုင်နာမည်ကိုလည်း အသေအချာ မှတ်လိုက်သည်။

ဆိုင်မှ သူထွက်လာပြီး လမ်းမှာတွေ့တဲ့ ဆိုက်ကားသမားလေးတစ်ယောက်ကိုမေးလိုက်သည်။

“ ညီလေး.. ဒီမှာ တရားရုံး ဘယ်နားမှာရှိလဲ ”

“ ဟို.. တရားရုံးတော့ မရှိဘူးဗျ ကျွန်တော်တို့ဆီမှာက မကျေနပ်တာရှိရင် ဘုရင်ကြီးဆီပဲသွားကြတာ ”

“ အေး.. အဲဒါဆိုလည်း မင်းတို့ဘုရင်ကြီးဆီပို့ပေးကွာ ဆိုက်ကားခ မင်းတောင်းသလောက်ပေးမယ် ”

“ ဟို..ဟို…ဆိုက်ကားခကို ပိုက်ဆံမပေးပါနဲ့ အစ်ကို.. ကျန်သေးတဲ့ ဆံပင်နည်းနည်းလောက် ကျွန်တော် ရိတ်လို့ရမလား ”

သူ့တစ်ခေါင်းလုံးကို သူပြန်ပွတ်ကြည့်တော့ နားသယ်မွှေး အနည်းငယ်နှင့် လည်ဂုတ်နားတွင် ဆံပင် အနည်းငယ် ကျန်သေးကြောင်းသိလိုက်သည်။ ဆိုက်ကားသမားလေးကို ကြည့်ပြီး သူ သက်ပြင်း တစ်ချက်ချ လိုက်သည်။ ပေါက်တဲ့နဖူး မထူးတော့။

ဆိုက်ကားသမားလေး၏ ကောင်းမှုဖြင့် သူသည် လုံးဝ ခေါင်းတုံး(Absolute ဂတုံး)ဖြစ်သွားပြီဖြစ်သည်။ ဆိုက်ကား စီးရင်း သူနားမလည်သည့် အချက်များကို ဆိုက်ကားသမားလေးကိုမေးလာသည်။ ဆံပင်ကို ဘာ့အတွက်လိုချင်ကြသည်ကို မေးကြည့်တော့ ဒီလိုပဲ ဧည့်သည်လာရင်ကြွားဖို့၊ ပြဖို့ပါတဲ့။ မင်းတို့ကရော ဆံပင်မပေါက်ကြဘူးလား.. အားလုံးက ဘာလို့ခေါင်းတုံးတွေ ဖြစ်နေတာလဲ.. စသော တခြားမေးခွန်းများကိုလည်း သူက သေသေချာချာ ရှင်းမပြချေ။  “ဘုရင်ကြီးဆီရောက်တော့ အစ်ကိုသိလိမ့်မယ်” ဟုသာပြန်ဖြေရင်း ဆိုက်ကားကိုသာ လှိမ့်နင်းလာလေတော့သည်။

ဒီလိုနဲ့ နန်းတော့်ရှေ့သို့ ရောက်လာခဲ့သည်။ အစောင့်တွေကို သူတရားစွဲဆိုမည့်အကြောင်း ပြောတော့ နည်းနည်းပါးပါး စစ်ဆေးပြီး အစောင့်တစ်ယောက်က ဘုရင်ကြီးဆီသို့ သူ့ကိုခေါ်ဆောင် ခဲ့လေသည်။ နန်းတွင်းသူ နန်းတွင်းသားတွေသည်လည်း ထူးမခြားနား အားလုံးက ခေါင်းတုံး(ဂတုံး) ချည်းသာ ဖြစ်သည်။ ဒီလိုနဲ့ ဘုရင်ကြီးရှေ့ကိုရောက်လာတော့ ခွိ ခနဲ တစ်ချက် သူရယ်မိသွားသည်။ အော်ရယ်ချင်စိတ်ကိုလည်း မနည်း အောင့်ထားရသည်။ ဟုတ်တယ်လေ ဘုရင်ကြီးကလည်း ခေါင်းတုံး(ဂတုံး) မိဘုရားကြီးလည်း ခေါင်းတုံး (ဂတုံး)။ မျက်လုံးထဲမှာ ကန့်လန့်ကြီး ဖြစ်နေသည်။ ဒါကို ဘုရင်ကြီးက သိပုံရသည်။ မျက်နှာလည်း သိပ်မကောင်း…

“ ကျွန်ုပ်က ဟမ်မူယာဘီ(Hammurabi)ဖြစ်ပါတယ် အသင်က မည်သည့် အရပ်က လာရောက်ပါသလဲ နောက်ပြီး ဘာအတွက် တရားစွဲဆိုလိုပါသလဲ ”

“ ဟင်…ဟမ်မူယာဘီ(Hammurabi) မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး လက်တစ်ဖက်အတွက် လက်တစ်ဖက် ဆိုတဲ့ ကိုဒ ဥပဒေ(Code of Laws)ကို ပြဋ္ဌာန်းခဲ့တဲ့ ဘုရင်ကြီး ဟမ်မူယာဘီလားဗျ”

သူအံ့သြသင့်စွာ ပြန်မေးမိလိုက်သည်။

“ အမှန်ပါပဲ မိတ်ဆွေ”

“ ဒါဆို… ကျွန်တော်ရောက်နေတာ ဘေဘီလုံမြို့ပေါ့။ ဒါပေမယ့် စာထဲမှာဖတ်ဖူးတာ ဘေဘီလုံက ခေါင်းတုံး(ဂတုံး)တွေ လို့မပါပါလားဗျ ဘယ်လိုဖြစ်ကုန်ကြတာလဲဗျာ ”

ဟမ်မူယာဘီ ဘုရင်ကြီးက သက်ပြင်းရှည်ကြီးချပြီး လေးပင်စွာပြောသည်။

“ ကျွန်ုပ်တို့မြို့ကို လူတစ်ယောက်ရောက်လာတာက စတာပါပဲ”

ထို့နောက် တစ်မြို့လုံး ခေါင်းတုံး(ဂတုံး)ဖြစ်ရခြင်း (ဝါ) ခေါင်းတုံး(ဂတုံး)မြို့တော် ဖြစ်တည်လာ ခြင်းကို ဇာတ်စုံခင်း ပြောပြလေသည်။

*******

အခန်း(၂)

ဂန္ဒီရောက်ရှိလာခြင်း

“ ဒီထက်တရားတဲ့ တရားဥပဒေ ရှိနိုင်ပါ့မလားကွာ ”

“ ဒါဟာ မှားယွင်းတဲ့ ဥပဒေတစ်ခုဆိုတာ ဘုရင်ကြီးမကြာခင်သိလာမှာပါ ”

လူစိမ်းက ပြုံးပြီးပြောသည်။ ထို့နောက် ဘုရင်ကြီးကို နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။ သူပြန်သွားပြီးနောက် ဘုရင်ကြီး စိတ်လက်မအီမသာ ဖြစ်ကျန်ခဲ့သည်။ သူ့ဥပဒေကို မှားယွင်းကြောင်း ပြောခံရတာ ဒါပထမဆုံးဖြစ်သည်။

ထိုလူစိမ်း သူ့ကိုတွေ့ခွင့်တောင်းစဉ်က သာမန်တရားစွဲဆိုမည့်သူတစ်ဦးဟု သူထင်ပြီး လက်ခံတွေ့ဆုံခဲ့သည်။ တကယ်တမ်းတွေ့တော့ သူ၏ ဥပဒေကို မှားယွင်းကြောင်း အကိုးအကားများစွာဖြင့် လာပြောသူတစ်ဦးဖြစ်နေသည်။ သူ့ကိုယ်သူ မိတ်ဆက်ပေးမှုအရ သူ၏အမည်မှာ ဂန္ဒီ ဖြစ်ကြောင်း သိရသည်။ သူပြောသွားသည့် အချက်များကို ဘုရင်ကြီး အနေဖြင့် သိပ်မရှင်းလင်း နားမလည်သော်လည်း သူ၏ အခိုင်အမာ ရဲဝံ့စွာ ပြောသွားပုံကြောင့် တွေးစရာများစွာဖြင့် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

ဒီလိုနဲ့ ဂန္ဒီ တစ်ယောက် ဘေဘီလုံမြို့တွင် ဆံပင်ညှပ်ဆိုင်လာဖွင့်သည်။ ဆိုင်ပထမဆုံးဖွင့်သည့်နေ့ တွင်ပင် ပြဿနာစတက်ပါတော့သည်။

နန်းတော်ထဲသို့ လူတစ်ယောက် ခေါင်းတုံး(ဂတုံး)ဖြင့် ဝင်လာပြီး ဂန္ဒီကိုတရားစွဲလိုကြောင်းပြောသည်။ သူ ဖြစ်ကြောင်းကုန်စင်ပြောလို့ မဆုံးခင်မှာပင် နောက်ထပ်ခေါင်းတုံး(ဂတုံး)တစ်ယောက် ထပ်ဝင်လာပြီး ဂန္ဒီကို ပင် တရားစွဲလိုကြောင်းပြောပြန်သည်။ နှစ်ယောက်စလုံးကပြောကြသည်မှာ ဂန္ဒီ၏ ဆံပင်ညှပ်ဆိုင်သို့ ဆံပင် သွားညှပ်ကြရာမှ ဂန္ဒီက ခေါင်းတုံး တုံးလိုက်ခြင်းကို မကျေနပ်ကြ၍ ဖြစ်သည်။ ဘုရင်ကြီးလည်း အမှုစစ်ရန် ဂန္ဒီကို အခေါ်လွှတ်ရလေသည်။ ရဲမက်တွေ ဂန္ဒီ၏ ဆံပင်ညှပ်ဆိုင်ကိုရောက်သွားချိန်မှာတော့ ဂန္ဒီက တတိယမြောက် ခေါင်းတုံး (ဂတုံး)ကို တုံးပြီး၍ ထိုသူနှင့်ပင် ရန်ဖြစ်နေလေပြီ….။

ဒီလိုနဲ့ ဘုရင်ကြီး၏ရှေ့မှောက်၌ ခေါင်းတုံး(ဂတုံး)သုံးယောက်နှင့်ဂန္ဒီတို့ အမှုစစ်ခံရလေ၏။ ဂန္ဒီ၏ မျက်နှာမှာလည်း ဒဏ်ရာဒဏ်ချက်များဖြင့် မြင်မကောင်း။ အပြန်အလှန် စစ်ဆေးပြီးသောအခါ ဆုံးဖြတ်ချက် အောက်ပါအတိုင်း ထွက်လာသည်။

ပထမခေါင်းတုံး(ဂတုံး) အမှုအတွက် ဂန္ဒီကိုပြန်၍ ခေါင်းတုံးတုံးစေရမည်။ ပထမခေါင်းတုံး(ဂတုံး)က ဂန္ဒီကို မျက်လုံးတစ်ဖက်ရောင်ကိုင်းအောင် ထိုးခဲ့သည့်အတွက် သူ့မျက်လုံးကို ရောင်ကိုင်းအောင်ပြန်ထိုးစေရမည်။

ဒုတိယခေါင်းတုံး(ဂတုံး) အမှုအတွက် ဂန္ဒီကိုပြန်၍ ခေါင်းတုံးတုံးစေရမည်။ ဒုတိယခေါင်းတုံး(ဂတုံး)က ဂန္ဒီကို နှာခေါင်းသွေးထွက်အောင် ထိုးခဲ့သည့်အတွက် သူ့ကိုနှာခေါင်းသွေးထွက်အောင် ပြန်ထိုးစေရမည်။

တတိယခေါင်းတုံး(ဂတုံး) အမှုအတွက် ဂန္ဒီကိုပြန်၍ ခေါင်းတုံးတုံးစေရမည်။ တတိယခေါင်းတုံး(ဂတုံး)က ဂန္ဒီကို သွားတစ်ချောင်းကျိုးအောင် ထိုးခဲ့သည့်အတွက် သူ့ကို သွားတစ်ချောင်း ပြန်နှုတ်စေရမည်။

ဘုရင်ကြီး ဟမ်မူယာဘီ၏ ဆုံးဖြတ်ချက်များ ထွက်ပေါ်လာသောအခါ ခေါင်းတုံး(ဂတုံး)သုံးကောင်လည်း မျက်လုံးပြူးကုန်ကြလေ၏။ ကန့်ကွက်သံများလည်း ဆူညံကြကုန်လေ၏။

“ ဘုရင်ကြီး မတရားဘူး သူကနဂိုထဲက ခေါင်းတုံး(ဂတုံး)လေ”

“ ဟုတ်တယ် ကျွန်တော်တို့က ခေါင်းတုံး(ဂတုံး)ဖြစ်ချင်တာမဟုတ်ဘဲ ဖြစ်ရတာ”

“ ကျွန်ုပ် မတရားတာဘာများ လုပ်မိလို့တုန်းမောင်မင်းတို့ ဒါဟာ တရားဥပဒေအတိုင်းဆုံးဖြတ်တာပဲ။ မောင်မင်းတို့ ပြောပြချက်အရ ဂန္ဒီက လက်ပြန်တောင် ပြန်မရွယ်ဘူးဆို။ နောက်ဆုံးအမှုဆို ရဲမက်တွေ တောင် မျက်မြင်ရှိသေးတယ်”

ထိုအခါ ဂန္ဒီက ပြုံး၍တစ်ခုဝင်ပြောသည်။

“ အရှင်မင်းကြီး သူတို့ကသာ ကျွန်တော့်ကို တရားစွဲဆိုတာဖြစ်ပါတယ်။ ကျွန်တော်က သူတို့ကို ပြန်တရားမစွဲပါဘူး ဒါကြောင့် တရားခံဖြစ်တဲ့ ကျွန်ုပ်ကိုသာ အပြစ်ပေးတော်မူပါ”

ဒီလိုနှင့် ဂန္ဒီကို ခေါင်းတုံးသုံးကြိမ် တုံးပြီး အမှုသည်လည်း မအီမလည်နှင့် ပြီးသွားရလေ၏။ ခေါင်းတုံးတွေက မကျေနပ်လှသော်လည်း ဂန္ဒီသာ ဝင်မကယ်လျှင် သူတို့မစားသာသည့် အဖြစ်ကိုတွေးပြီး ဂန္ဒီကိုပင် ကျေးဇူးတင်ရမလိုလို ဖြစ်ကုန်၏။ ထို့နောက်ဂန္ဒီက သူတို့ကို တောင်းပန်ပြီး သူ၏ဆံပင်ညှပ်ဆိုင်ရှိ ပစ္စည်းများကို ခေါင်းတုံး(ဂတုံး)သုံးယောက်အား လက်ဆောင်ပေးခဲ့ပြီး ဆိုင်ပိတ်ကာ မြို့မှထွက်ခွာသွားလေတော့သည်။

*******

အခန်း(၃)

ဟမ်မူယာဘီ နှင့် ဒီမိုကရေစီစနစ်

“ အဲဒီ ဂန္ဒီ ဆိုတဲ့လူပြန်သွားပြီး နောက်ပိုင်းက ပြဿနာစတော့တာပါပဲ ဂန္ဒီ တုံးခဲ့တဲ့ ခေါင်းတုံး(ဂတုံး)သုံးယောက်က သူတို့ မကျေနပ်တဲ့သူတွေကို ဂတုံးပြန်တုံးကြရော..ဒီလိုနဲ့ပဲ…”

ဘုရင်ကြီးပြောပြသည်မှာ ခေါင်းတုံး(ဂတုံး)သုံးယောက်က အစပြု၍ ခေါင်းတုံး တုံးသည့်အမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ကြောင်း။ အစပိုင်းက လာရောက်တိုင်ကြားကြသော်လည်း ခေါင်းတုံး တစ်လုံး အတွက် ခေါင်းတုံး တစ်လုံးသာ ဖြစ်ရမည့် သူ၏ ကိုဒ ဥပဒေ(Code of laws)ကြောင့် ကြာတော့ မည်သူမျှ အထူးတလည် မတိုင်ကြားကြတော့ကြောင်း။ နောက်တော့ နေရာအနှံ့အပြား ခေါင်းတုံး တုံးမှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး အခကြေးငွေဖြင့် ခေါင်းတုံး တုံးပေးသော လူမိုက်ဂိုဏ်းဆန်ဆန် အဖွဲ့တစ်ခုပင် ပေါ်ပေါက်ခဲ့သေးကြောင်း။

နောက်တော့ ခေါင်းတုံး တုံးခံရမည်ကိုကြောက်၍ ရှောင်ရှားရင်း အလုပ်ပျက် အကိုင်ပျက် ဖြစ်ကုန်ကြကြောင်း။ တချို့ကတော့ လာမယ့်ဘေးပြေးတွေ့ဟု သဘောဆောင်ကာ သူများတုံးသည်အထိ မစောင့်တော့ဘဲ ကိုယ့်ဘာသာကိုယ် ခေါင်းတုံး တုံးပစ်သူများလည်း ရှိကြောင်း။

နောက်ဆုံး ခေါင်းတုံး ပြဿနာသည် နန်းတွင်းထိ ကူးစက်လာကာ နန်းတော်တစ်ခုလုံးလည်း ခေါင်းတုံးတွေ ဖြစ်ကုန် ကြောင်း။ နောက်ဆုံး မိဘုရားကြီး အိပ်ပျော်နေစဉ် နန်းတွင်းသူတွေစုပြီး အလစ်အငိုက် ခေါင်းတုံး တုံးခဲ့ရာမှ မိဘုရားကြီး ခေါင်းတုံးဖြစ်သွားရပြီး သူမက ရှက်တော်မူသဖြင့် အဖော်ရအောင် သူပါ ခေါင်းတုံး လိုက်တုံးလိုက်ခြင်းဖြစ်ကြောင်း။ (ကြည့်ရတာ ဟမ်မူယာဘီ ဘုရင်ကြီး လည်း မိန်းမကြောက်ရပုံရသည်။) ထိုမှစ၍ မည်သူမျှ ဆံပင်အရှည် မထားဖြစ်တော့ဘဲ ထားသည့်သူကို အားလုံးက ဝိုင်းချုပ်၍ ခေါင်းတုံး တုံးကြခြင်းဖြင့် ရယ်စရာလုပ်ကြကြောင်း။

“ နောက်တော့ မြို့ကိုလာတဲ့ ဧည့်သည်တွေကိုပါ ခေါင်းတုံး တုံးပြီးရယ်စရာလုပ်ကြပြန်ရော။ ကြာလာတော့ အပြိုင်အဆိုင်ဖြစ်လာကြတယ်။ အဲဒီကိစ္စကိုလည်း ဂုဏ်ယူစရာအဖြစ်အားလုံးက တညီတညွတ်တည်း ယူဆလာကြပြီး သူတို့ ဧည့်သည်ဘယ်နှစ်ယောက်ကို ခေါင်းတုံး(ဂတုံး)တုံး ဖူးကြောင်း ကြွားဝါကြတယ်။ သူတို့ရခဲ့တဲ့ ဆံပင်တွေကိုလည်း သေချာသိမ်းဆည်ထားလေ့ရှိပြီး အချင်းချင်း ပြိုင်ဆိုင်ကြလေ့ရှိတယ်။ ခုဆိုရင် ကျွန်ုပ်တို့ မြို့အကြောင်းကိုသိတဲ့ လူတွေက မလာဝံ့ကြတော့ဘူး။ ဒါကြောင့် ကုန်သွယ်ရေးမှာလည်း ကျွန်ုပ်တို့ကပဲ သွားရောက်ကုန်သွယ်ရတဲ့အတွက် စရိတ်စက ပိုများလာပြီး စီးပွားရေးလည်း ကျဆင်းလာတယ်။ ဒါတောင် ကျွန်ုပ်တို့ မြို့သူမြို့သား တွေက နောင်တမရသေးဘဲ ဧည့်သည်တွေကို စောင့်ပြီးခေါင်းတုံး တုံးခြင်းကို ပြုလုပ်နေကြတုန်းပဲ။ အိမ်နီးချင်းနိုင်ငံတွေကလည်း ကျွန်ုပ်တို့ကို ခေါင်းတုံး(ဂတုံး)မြို့တော်၊ ကျွန်ုပ်ကိုလည်း ခေါင်းတုံး(ဂတုံး) ဘုရင်ကြီး စသဖြင့် နောက်ပြောင်ခေါ်ဝေါ်ကုန်ကြပြီ။

ဘုရင်ကြီးသည် သူ့ကို အများကြီးရှင်းပြလိုက်ရ၍ မောသွားပုံရသည်။ သက်ပြင်းရှည်ကြီးချပြီး တစ်နေရာကို အဓိပ္ပါယ်မဲ့ ငေးမောနေလေသည်။ သူလည်း သူ၏တရားစွဲဆိုမှုသည် အချည်းနှီးဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

“ ဒါနဲ့…ဂန္ဒီက တစ်ခေါင်းလုံး ခေါင်းတုံး တုံးနေတာကို အတုံးခံရတဲ့သူတွေက မသိဘူးလား အားလုံးပြီးမှပဲ သိသလားဗျာ ” 

သူက မရှင်းသည့်အချက်ကို မေးမိသည်။

“ အင်း ကျွန်ုပ်လည်း အဲ့ဒါကို ပထမတော့ အံ့သြတာပဲ။ ဒီလိုပါမိတ်ဆွေ… ဂန္ဒီက ဆံပင်စညှပ်ထဲက သူတို့ကို ကွာလတီမဂ္ဂဇင်းစာအုပ်လို့  ခေါ်တဲ့အရာတွေကို လက်ထဲထည့်ပေးထားပါတယ်။ သူတို့တွေလည်း အဲ့ဒီ မဂ္ဂဇင်းထဲက ပုံတွေကြည့်ရင်း သတိလက်လွတ်ဖြစ်ပြီး ခေါင်းတုံး အတုံးခံရတာကို ပြီးမှပဲ သိကုန်ကြတာပါ။ အဲဒီစာအုပ်တွေကိုတော့ သက်သေအနေနဲ့ ကျွန်ုပ်ကပဲ သိမ်းထားပါတယ် ”

မိဘုရားကြီး မျက်စောင်းတစ်ချက်လှမ်းထိုးလိုက်သည်ကို သူတွေ့လိုက်ရသည်။ ဟိုတလောက ပန်းဆိုးတန်းမှာ စာအုပ်အဟောင်းရောင်းတဲ့ သူငယ်ချင်းတစ်ယောက်ပြောတာကို ခုမှသွားသတိရသည်။ သူ့ဆိုင်ကို ဂန္ဒီလာသွားကြောင်းနှင့် မဂ္ဂဇင်းအဟောင်းတွေ လာဝယ်သွားကြောင်း သူပြောပြတုန်းက ကိုယ်က မယုံခဲ့။ ခုတော့ အားလုံး သဘောပေါက်သွားသည်။ မိတ်ကပ်နှင့် ဖိုတိုရှော့(PhotoShop)အစွမ်း ပေါင်းစပ်ပြီး လှချင်တိုင်း လှနေသော (ကွာလတီမဂ္ဂဇင်းခေါ် ကြော်ငြာမဂ္ဂဇင်းများထဲမှ) ပေါင်တံဖြူ မမတွေကို သတိလက်လွတ် ငမ်းရာမှ ဘေဘီလုံသား သုံးကောင် ခေါင်းတုံး တုံးခံလိုက်ရခြင်းဖြစ်ကြောင်းတွေးမိပြီး သူပြုံးလိုက်သည်။ အကြံပိုင်သော ဂန္ဒီပင် ဖြစ်သည်။

“ ခုဆိုရင် ကျွန်ုပ်ရဲ့ အုပ်ချုပ်ရေးစနစ်ကို အားလုံးက ဝေဖန်နေကြပြီ။ ဒီထက်ပိုကောင်းတဲ့ ဥပဒေနဲ့ အုပ်ချုပ်ရေးကို ပြန်လည်တည်ဆောက်ဖို့ အကြံပြုချက်တွေလည်း နားမဆံ့အောင်ပါပဲ”

ဘုရင်ကြီးက ညည်းညည်းညူညူပြောသည်။

“ အဟမ်း.. ဒါကဒီလိုရှိပါတယ်ဗျ။ ဘုရင်ကြီးအနေနဲ့ စိတ်ဝင်စားမယ်ဆိုရင် ဒီမိုကရေစီစနစ်ကို ပြောင်းပြီးကျင့်သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။ ကျွန်တော်တို့ခေတ်မှာဆို ကမ္ဘာ့နိုင်ငံတော်တော် များများဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးကြတယ်ဗျ”

“ ဒီမိုကရေစီစနစ်…”

“ ဟုတ်တယ်ဗျ… ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူက အုပ်ချုပ်တဲ့သဘောပေါ့ ”

“ မဖြစ်နိုင်တာဗျာ… ကျွန်ုပ်တို့ နန်းတွင်းက လူနည်းနည်းလေးကို ပြည်သူအားလုံးက ပြန်အုပ်ချုပ်ရင် သူတို့အမိန့်တွေ နာခံရတာနဲ့ ကျွန်ုပ်တို့အားလုံး ပင်ပန်းပြီး သေဖို့ပဲရှိတယ် ”

“ ဟာ…အဲ့ဒီလိုမျိုးမဟုတ်ဘူးဗျ။ ဒီမိုကရေစီစနစ် ဆိုတာ……………………..”

သူလည်း ဒီမိုကရေစီစနစ်အကြောင်းကို ရှည်လျားစွာရှင်းပြလိုက်သည်။ ဘုရင်ကြီးလည်း ပထမတော့ မျက်မှောင်ကြီးကျုံ့ပြီး သူရှင်းပြတာကို နားထောင်နေသည်။ နောက်တော့ တဖြည်းဖြည်းချင်းပြုံးလာပြီး သူ့စကားဆုံးသွားတော့ ဝမ်းသာအားရဖြင့် .. .. ..

“ ဟာဗျာ ကောင်းလိုက်တဲ့ ဒီမိုကရေစီစနစ်ဗျာ…နောက်နေ့ပဲစပြီး အမတ်တွေနဲ့တိုင်ပင်ပြီး အခြေခံဥပဒေစရေးတော့မယ် ပြီးရင်ပါတီထောင်မယ်ဗျာ…ဒါနဲ့ မိတ်တွေတို့ဆီမှာ ဒီမိုကရေစီစနစ် ကျင့်သုံးနေပြီပေါ့နော် ”

“ ဒါပေါ့ဗျ..လွန်ခဲ့တဲ့ ၂ နှစ်လောက်က စပြီး ကျင့်သုံးတာ” 

သူက ဂုဏ်ယူစွာ ပြန်ပြောသည်။

“ ဟာဗျာ…ဒီလောက်ကောင်းတဲ့စနစ်ကို ဘာလို့များ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှ စပြီး ကျင့်သုံးရတာလဲဗျာ။ အချိန်တွေ နှမြောဖို့ကောင်းလိုက်တာ။ ဒါထက် လွှတ်တော်အမတ်တွေ အားလုံးကို ပြည်သူတွေက ရွေးကောက် တင်မြှောက်ကြတာပေါ့နော် ”

“ အင်း…အဲ…ဆိုပါတော့ ”

“ သူတို့တွေက ကိုယ့်ဒေသအသီးသီးအတွက် အကျိုးရှိတဲ့အဆိုတွေတင်သွင်းကြ။ အကျိုးရှိတဲ့ ဥပဒေတွေပြဋ္ဌာန်းကြ…. ဟာ…တွေးရင်းတောင် ပျော်စရာကောင်းတယ် မိတ်ဆွေနဲ့ တွေ့တာ နောက်ကျလိုက်တာဗျာ.. ”

သူ ဘာစကားမှပြန်မပြောတော့ဘဲ ပြုံးရုံသာပြုံးပြလိုက်သည်။ ထို့နောက် ဟမ်မူယာဘီ ဘုရင်ကြီးက ဒီမိုကရေစီစနစ် အကြောင်းကို သူသိလိုသမျှ အငမ်းမရမေးပါတော့သည်။ သူလည်း ခွေးအကြီးလှည်းနင်း ဖြစ်နေပြီး သူသိသလောက် တတ်သလောက် မှတ်သလောက်ဖြင့် ဒီမိုကရေစီစနစ် အကြောင်းကို ထော့ကျိုး ထော့ကျိုး ရှင်းပြနေရလေသည်။ နောက်တော့ ဘုရင်ကြီးက သူ့ကို အလွန်ကျေးဇူးတင်ပြီး ဂုဏ်ပြုညစာစားပွဲ လုပ်ပေးရန် စီစဉ်ခိုင်းလေသည်။ သို့သော် သူက ညအိပ်၍မဖြစ်ကြောင်း၊ ဧည့်စာရင်းတိုင်ရန် မှတ်ပုံတင်မပါလာကြောင်းပြောရာ ဟမ်မူယာဘီက အံ့သြသွားပြီး ဒီမိုကရေစီစနစ်မှ ဧည့်စာရင်းတိုင်ခြင်းအကြောင်းကို မေးပြန်သဖြင့် (မပြောချင်ပြောချင်ဖြင့်) ရှင်းပြရပြန်လေသည်။ သို့နှင့်…..

******* 

ဒီလိုနဲ့ ခေါင်းတုံး(ဂတုံး)မြို့တော်မှ သူပြန်လာခဲ့သည်။ သူမျက်နှာကိုကြည့်ရတာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေပုံရသည်။

(ခေါင်းတုံး(ဂတုံး)အတုံး ခံလိုက်ရခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။)

 ======================================================

ဆယ်ကုဋေ
- ဆူး ခ က် မ င်း -

ဦးမြ သောက်လက်စ ဆေးပေါ့လိပ်ကို ဆေးလိပ်ပြာခွက်ထဲ ထိုးခြေပစ်လိုက်သည်။ ဆေးပေါ့လိပ် မီးငြိမ်းသွားသည်။ ဦးမြ ရင်ထဲမှ မီးကတော့ မငြိမ်းသေး။ ဆေးပေါ့လိပ်မီးလို လွယ်လွယ်ငြှိမ်းသတ်မရ၍ ဖြစ်သည်။ ဦးမြ ရေချိုးခန်းဝင်သွားသည်။ ရေဝအောင်ချိုးပြီး ပြန်ထွက်လာသည်။ ဧည့်ခန်းထိုင်ခုံတွင်ထိုင်ပြီး ပြာခွက်ထဲမှ ဆေးပေါ့လိပ်ကို ကောက်ယူသည်။ မီးညှိသည်။ ဖွာရှိုက်သည်။ မီးခိုးငွေ့တွေ ထွက်လာသည်။ ရင်ပူသည်မှာ မပျောက်သေး။ ရေချိုးသည်မှာလည်း လေးဆယ့်ရှစ်ခေါက် ရှိပြီ။ ရင်ပူသည်မှာ မပျောက်သေး။ ငါးမိနစ်တစ်ခါလောက် ရေချိုးရလွန်း၍ ရင်တင်မက ကိုယ်တွေပါ ပူလာသည်။ နေမကောင်းဖြစ်ပြီထင်ရဲ့။

* * * * * * * * * *

“မြကို မေ့လိုက်ပါ ကိုညို”

“ဟင် .. ဘာဖြစ်လို့လဲ မြရယ်”

“မြကို အိမ်ကလူကြီးတွေက ယောက်ျားပေးစား
နေပြီ ကိုညိုရယ်”

“ဒါဖြင့် .. မြ .. ကိုညို့ကို ထားခဲ့ပြီး အိမ်က
ပေးစားတဲ့လူနဲ့ ယူတော့မယ်ပေါ့ ဟုတ်လား”

“မြကို အထင်မလွဲပါနဲ့ ကိုညိုရယ် ..
မြ အဲ့လို သစ္စာမဲ့တဲ့လူစားမျိုး မဟုတ်ပါဘူး ..
မြ အိမ်ကပေးစားတဲ့လူကို မယူပါဘူး ကိုညို”

“ဟင် .. ဒါဆို ..”

“မြရဲ့ နောက်ရည်းစားနဲ့ ခိုးရာလိုက်ပြေးတော့မှာ”

“တောက် .. ဗိုင်းနာမ”

* * * * * * * * * *

ညို ခေါင်းမော့လာသည်။ ဦးတင်ဝင်းက ညို့နဖူးလေးကို နမ်းလိုက်၏။ ဦးတင်ဝင်း ညို့ကို ချစ်ပါသည်။ ဒါကြောင့်လည်း ညို့အတွက် တိုက်ခန်းတစ်လုံး စမ်းချောင်းလို နေရာမျိုးမှာ ဝယ်ပေးခဲ့သည်ပဲ။ ညို့မျက်နှာ တစ်ချက်မညှိုးရအောင် အရိပ်တကြည့်ကြည့်ဖြင့် လိုအပ်သမျှ အားလုံး ဖြည့်ဆည်းပေးနေခဲ့သည်ပဲ။ ညိုကတော့ ဦးတင်ဝင်းကို မချစ်ပါ။
ညို့ လိုအပ်ချက်တွေအတွက် မချစ်သော်လည်း အောင့်ကာ နမ်းနေရသည်ပဲ။ ညိုကတော့ ရှင်းသည်လေ။ ဦးတင်ဝင်းက ညို့ကို စပွန်ဆာ ပေးထားသည်။ ညိုက ညို့ကောင်လေးကို စပွန်ဆာပြန်ပေးသည်။ အစစ အရာရာ
အဆင်ပြေပါ၏။

* * * * * * * * * *

“ရှင် ကျွန်မဆီက ယူထားတဲ့ အကြွေး
ဘယ်တော့ပြန်ဆပ်မှာလဲ”

“ခဏတော့စောင့်ပါ မတင်ဝင်းရယ်။
ကျွန်တော်လည်း အဆင်မပြေလို့ပါ”

“ရှင် ဒီလိုပဲ ခဏ ခဏနဲ့ များပြီ ကိုခင်အေး”

“သည်းခံပေးပါ မတင်ဝင်းရယ်။ ဒီလ
စာမူမပါတော့ စားဖို့သောက်ဖို့တောင်
အနိုင်နိုင်မို့ပါ”

“ကျွန်မလိုချင်တာ ညည်းညူသံ မဟုတ်ဘူး။
ပိုက်ဆံရှင့် ပိုက်ဆံ။ သိရဲ့လား ကိုခင်အေးရဲ့”

“ . . . . . . . . . . ”

* * * * * * * * * *

မခင်အေး မျက်နှာပူနေသည်။ တခြားလူကိုမဟုတ်။ သူ့ယောက်ျားကိုဖြစ်သည်။ ဘာလို့ပူရသလဲဆို၊ သူ့ယောက်ျားက သူ နောက်မီးလင်းနေတာကို မိသွား၍ပင်။ သူ့ယောက်ျား အပြင်သွားခိုက် သူ လင်ငယ်နေတုန်း၊ မသင်္ကာ၍ စောင့်ဖမ်းခံရသည်နှင့် လက်ပူးလက်ကြပ် မိလေတော့သည်။ မခင်အေးကလည်း မခင်အေးပဲ။ အသက်ကြီးမှ ဆတ်ဆော့သည်ကိုးလေ။ ခုတော့ သူ့ယောက်ျား ဦးမြနှင့် မျက်နှာချင်းမဆိုင်ရဲ။ ပူရလေသည့် မျက်နှာ။

* * * * * * * * * *

ဦးမြ ရေချိုးခန်းထဲ လေးဆယ့်ကိုးကြိမ်မြောက် ဝင်သွားသည်။

====================================================== 

 အွန်လိုင်းအနုပညာရပ်ဝန်း


ချော်ရည်ပူများဆီသို့ လမ်းလျှောက်ထွက်ခြင်း ( သို့မဟုတ် ) အငုံ့စိတ် နှင့်အတူ
- လမ်းလျှောက်ဘလော့ဂါ -




         မင်္ဂလာပါ ပရိတ်သတ်ကြီးရေ . . . ။ မင်္ဂလာပါဗျာ ။
ဒီတစ်လအတွက် လမ်းလျှောက်ဘလော့ဂါ သိပ်မပင်ပန်းလိုက်ပါဘူး ။ ဘာလို့လဲ ဆိုတော့ 
လမ်းများများမလျှောက်လိုက်ရလို့ပါပဲ ။ ကျွန်တော့်ကို အငုံ့စိတ်လေးက ဘယ်မှမသွားရအောင်
ဆွဲထားတယ် ။ လူတိုင်း လူတိုင်းမှာစိတ္တဇတစ်မျိုးစီရှိတတ်ကြပါတယ် ။ ကိုမြစ်ကျိုးအင်းရဲ့
အငုံ့စိတ်မှာလဲ စိတ္တဇလေး တစ်ခုနဲ့ပါ ။ အရေးအသားပိုင်းကတော့ ပြောဖို့မလိုတော့ပါဘူး ။ 
ကြောက်တတ်တဲ့စိတ်လေး တစ်ခုကို အရေးအသားကောင်းကောင်း နဲ့ ဆွဲဆောင်ထားလိုက်တာဗျာ ။
ရသခံစားမှုအနေနဲ့ရော . . . စကားပြေအရေးအသားလေ့လာချင်သူများအနေနဲ့ပါ ဖတ်သင့်တဲ့ ဝတ္တုတိုလေး
တစ်ခုဖြစ်ပါကြောင်း . . . လမ်းလျှောက်ဘလော့ဂါက လက်တို့လိုက်ပါတယ် ။ ကဲ . . . ဖတ်ကြည့်ကြပါဦးဗျာ ။

အငုံ့စိတ်
---------

စားလက်စာမုန့်ကို ငုံ့ကိုက်လိုက်ချိန်မှာပင် “ဒုန်း” ခနဲ မြည်သံ နှင့်အတူ ရပ်ထားသည့် သူ့ကား အနည်းငယ်လှုပ်ခါသွားသည်။ 
နောက်ကားတစ်စီးစီး၏ ဝင်တိုက်ခြင်းခံရသည်ဟု  တွေးမိကာ နောက်လှည့်ကြည့်စဉ် နောက်တစ်ကြိမ် “ဒုန်း” ခနဲမြည်ကာ 
ကားက ထပ်မံ လှုပ်ခါသွားပြန်သည်။ သည်တစ်ကြိမ်တွင်တော့ တရားခံကို တွေ့လိုက်ရသည်။ သူ့ကားကို နောက်ဘက်မှ 
ဝင်တိုက်ခံရခြင်းမဟုတ်။ လူတစ်ယောက်မှ ကားနောက်ဖုံးကို လက်ဖြင့် ထုနေခြင်းဖြစ်သည်။ သူစိတ်တိုတောင်းစွာဖြင့် 
ကားပေါ်က ဆင်းလိုက်ချိန်တွင် နောက်တစ်ကြိမ် ထပ်ထုပြန်သည်။

“ဒုန်း”
“ဟေ့ကောင်… ဒါ ဘာလုပ်တာလဲ..ပြောစမ်း”

သူ့အော်သံကြောင့် ထိုသူမှနောက်တကြိမ်ထုရန် ရွယ်ထားသော လက်ကို ပြန်ချရင်း သူ့ကို လှမ်းပြုံးပြ၏။ 
စိတ်မနှံ့သူဟုထင်၍ သေချာအကဲခတ်မိသည်။ အဝတ်အစား ဝတ်ဆင်ထားပုံက သာမန်လူများ အတိုင်းသာဖြစ်သည်။ 
အသက်ကတော့ နှစ်ဆယ်ကျော် အစိတ်ခန့်သာရှိမည်။ ဖျတ်ခနဲကြည့်၍ ဆတ်ခနဲမှတ်သားတတ်သည့် အလေ့အကျင့် စိတ်အာရုံအရ 
သည်လူငယ် စိတ်မနှံ့သူ မဟုတ်ကြောင်း မှတ်ချက်ပြုမိသည်။ 

“ စိတ်မရှိပါနဲ့ခင်ဗျာ ကျွန်တော် စိတ်ထဲမှာ မနေနိင်လွန်းလို့ တင်းကျပ်လာလွန်းလို့ ထုမိလိုက်တာပါ”
ထိုအဖြေကြောင့် သူ အတော်အံ့သြသွားသည်။ တစ်ခုခုတော့ လွဲမှားနေပြီထင်သည်။

“ဘာ… မနေနိင်လွန်းလို့ ..ဟုတ်လား ”
“ ဟုတ် ပါတယ် အစ်ကို ”
“ မင်း မနေနိင်တိုင်း ထုရအောင် ဒါ ဘာကားလဲ မင်း မသိဘူးလား။ ”
“ သိပါတယ်… ဒါ ရဲကားပါ။ ”

ကား၏ ဆေးရောင်နှင့် ပုံစံက ရဲကား ဆိုသည်ကို လူတိုင်းသိနိင်၍ ထိုအဖြေက မထူးဆန်း။ သို့သော် ရဲကားမှန်း သိသိနှင့် 
မနေနိင်လွန်း၍ လက်သီးဖြင့်ထုမိသည်ဆိုသော ထိုလူငယ်ကိုတော့ အံ့အားသင့်သွားမိ၏။ ထို့ပြင် သူဝတ်ထားသည့် 
ယူနီဖောင်းကို ကြည့်လျှင်လည်း သူသည် ရဲအရာရှိ တစ်ယောက်ဖြစ်ကြောင်း အရွယ်ရောက်သူတိုင်း သိနိင်သည်။ 
ယခုတော့ ရဲအရာရှိတစ်ဦး ရှိနေသည့် ရဲကားကို တဒုန်းဒုန်းဖြင့် လာထုနေသူကို အံ့သြစွာ ကြုံနေရပြီ။ 
ပုဒ်မပေါင်းများစွာ ခေါင်းထဲ တဖျတ်ဖျတ် ရောက်လာသည်။ သည်ကောင် အချုပ်ထဲ ဝင်ချင်နေပြီထင်သည်။ 

“မနေနိင်လွန်းလို့ ထုမိရင်လည်းရဲစခန်းလိုက်ခဲ့တော့”

လူငယ်က ရဲစခန်းဟု အသံကြားချိန်မှာလည်း တုန်လှုပ်ခြင်းမရှိ။ ကျေကျေနပ်နပ်ပင် ပြုံးလိုက်သေးသဖြင့် သူကိုယ်တိုင် 
ဝေခွဲမရဖြစ်သွားရ၏။ထိုလူငယ်ကို သေသေချာချာ စေ့စေ့စပ်စပ် နောက်တစ်ကြိမ်ကြည့်မိသည်။ 
အနက်ရောင် စတေကာ တီရှပ်နှင့် ဂျင်းဘောင်းဘီအပြာရောင်ကို တွဲဖက်ဝတ်ထားပြီး ညစ်စုတ်စုတ်ပုံသဏ္ဍာန်မျိုး မတွေ့ရ။ 
စိတ်မနှံ့သူ မဖြစ်နိင်ကြောင်း စိတ်ထဲမှ ထပ်မံအတည်ပြုမိသည်။

“ ကျနော် အပြစ်ရှိရင်လည်း စခန်းကို ခေါ်သွားပါအစ်ကို။ ဒါပေမယ့် ကျနော် အခုလို ဘာကြောင့် လုပ်မိသလဲဆိုတာကိုတော့ 
အရင်နားထောင်ပေးပါလား။ ရဲကားတစ်စီးကို လက်သီးနဲ့ ထုလိုက်ရတာရဲ့ နောက်ကွယ်က စိတ်အာသာကို ဖွင့်ဟချင်လွန်းလို့ပါ”

“မင်းဟာက နဲနဲတော့ ဆန်းနေတာ အမှန်ပဲ။ အရက်သမားတွေတောင် ဘယ်လောက်မူးမူး အဝေးက ရှောင်သွားကြတဲ့ ရဲကားကိုမှ 
တမင်တကာ လက်သီးနဲ့ လာထုတယ်ဆိုတော့….အင်း..”

“ အစ်ကို အချိန်နဲနဲလောက်ရရင် နားထောင်ပေးပါဗျာ။ လာပါခင်ဗျာ ဟိုလ္ဘက်ရည်ဆိုင်ထဲမှာ ကျနော် 
အေးအေးဆေးဆေး ပြောပြပါ့မယ်။ အစ်ကိုကြားဖူးနေကျမဟုတ်တဲ့ အကြောင်းလေးတွေ ပြောပြချင်လို့ပါ။”

ရည်ရည်မွန်မွန်ဟန်ပန်နှင့် လှိုက်လှိုက်လှဲလှဲ စကားသံတို့ကြောင့် အနည်းငယ် ထူးဆန်းနေသည့် အဖြစ်အပျက်ကို 
နားထောင်ချင်စိတ်ဖြစ်မိသွားသည်။

“ကဲ.. ဒါဆိုလည်း လာကွာ”



လူငယ်က တက်တက်ကြွကြွဖြင့် ရှေ့မှဦးဆောင်၍ လ္ဘက်ရည်ဆိုင်ထဲ ဝင်သွားသည်။

“အစ်ကို ကြိုက်တာမှာဗျာ။ ကျနော် ကျွေးမယ်”
“ဘာစားမလဲဆရာ”

အနားရောက်လာသည့် စားပွဲထိုးလေးကို လ္ဘက်ရည်နှင့် စမူဆာတပွဲမှာလိုက်သည်။

“ကဲ.. ဆိုစမ်းပါဦးကွာ။ ရဲကားကို လက်သီးနဲ့ ထုရတဲ့ အကြောင်းရင်းကို”
“ ဒီလိုပါအစ်ကို …. ကျနော် မနေ့ကမှ နိင်ငံခြားကနေ ပြန်ရောက်တာပါ”
“ဟ… မင်းနိင်ငံခြားက ပြန်လာတာနဲ့ပဲ မထေမဲ့မြင် လုပ်စရာလားကွ”
“အဲဒီသဘောမျိုး မဟုတ်ပါဘူး။ ကျနော် ပြောတာ လောသွားလို့ပါ။ ရေလည်အောင်ရှင်းပြပါ့မယ်။ အဖြစ်က ဒီလိုပါ”

ထိုလူငယ်၏ စကားကြောင့် သူ စိတ်လျော့ကာ နားထောင်ရန်ပြင်သည်။ လူငယ်က ချက်ချင်းစကားမစသေး။ ခွက်နှစ်ခွက်ထဲ 
ရေနွေးဖြည့်ပြီး သူ့ရှေ့သို့ တစ်ခွက် ချပေးသည်။

“ကျနော် လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်က နိင်ငံခြား ထွက်ဖြစ်တယ်။ အဲဒီတုန်းက ကျနော့် အသက်က ၂၁ ကျော်ပြီ။ 
ထုံးစံအတိုင်းပေါ့ အကိုကြီးရာ တက်တက်ကြွကြွ စိတ်ကူးတွေ တောက်ပတဲ့ အနာဂတ်တွေနဲ့ပေါ့။ သွားဖြစ်တာကလည်း 
အရင်ရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ဆိုပါတော့။ ဟိုရောက်တော့ ကျနော့်ဗီဇာက သက်တမ်း တစ်လ ရတယ်။ 
အဲဒီတစ်လ ကျော်သွားတော့ အိုဗာစတေး ဆိုတဲ့ ခိုးနေထိုင်ရတဲ့ ဘဝ ဖြစ်သွားတော့တယ်။ လွယ်လွယ်ခေါ်ရင် အို ဘဝ ဆိုပါတော့”

“ဟ... မင်းသူငယ်ချင်းက အဲဒီလို ဖြစ်မှာကြိုမပြောဘူးလား”

“ ပြောပါတယ်။ သူပြောတာက ခိုးနေရပေမယ့် အလုပ်နဲ့ အိမ် အသွားအပြန်ကလည်း နီးတယ်။ စီမံချက်တွေရှိရင်လည်း 
သတင်းကြိုရတတ်တာရယ်၊ စက်ရုံပိုင်ရှင်ကလည်း ပေါက်ပေါက်ရောက်ရောက် ရှိတာရယ် ဆိုတော့ ကျနော်လည်း အဲဒီကိစ္စ 
သိပ်မတွေးနေတော့ဘူးလေ။ ဒီမှာကလည်း သိတဲ့ အတိုင်းပဲ မဟုတ်လား”

“ ထားပါ။ အဲဒီတော့ ဘာဆက်ဖြစ်လဲ ”

“ ဟိုရောက်တော့ အလုပ်နဲ့ အိမ်နဲ့ အသွားအပြန်ကလည်း နီးပါတယ်။ ဒါပေမယ့် အကိုရာ ဘဝဆိုတာ အလုပ်နဲ့အိမ် နှစ်ခုထဲမှ 
မဟုတ်တာ။ နေရာအသစ်အဆန်းဆိုလည်း တစ်ခါတစ်လေတော့ သွားချင်တာပေါ့။ စီမံချက်တွေ ကြိုသိတယ်ဆိုတာလည်း 
တချို့တွေ အတွက်ပါ။ ဒီလိုနဲ့ပဲ ပါသွားတဲ့ လူတွေရဲ့ သတင်းတွေ အမြဲ ကြားနေရတယ်။ အဲဒီမှာ ကျနော် ရောဂါ တစ်ခု 
စွဲသွားတော့တယ်ဗျာ။ ဘာရောဂါလည်း သိလား”

သူပြန်မဖြေတော့ လူငယ်က ဆက်ပြောသည်။

“ ရဲ ကြောက်တဲ့ ရောဂါပါ။ ကျနော် တယောက်ထဲ ဖြစ်တဲ့ ရောဂါ မဟုတ်ဘူးနော်။ တော်တော်များများ အဲဒီရောဂါ ဖြစ်ကြတယ်။ 
အခု အစ်ကို့လို ရဲဝတ်စုံဝတ်ထားတဲ့ အရာရှိတစ်ယောက်နဲ့ အတူထိုင်ပြီး စကားပြောနေဖို့ ဆိုတာ စိတ်ကူးတောင် မယဉ်ခဲ့ဖူးဘူး။ 
အဝေးကနေ ရဲဝတ်စုံကို ရိပ်ခနဲတွေ့တာနဲ့ ကျနော့် လက်ဖျားတွေ အလိုလို အေးစက်လာတယ်။ ရဲကား မီးရောင်တွေ 
ရဲကားဥသြသံတွေ ကြားရင် ကျနော် အလိုလို ရင်တုန်တယ်။ ပြီးရင် သိပ်ဝမ်းနဲတယ်ဗျာ။ ကျနော်တို့ မချမ်းသာပါဘူး။ 
ဒါပေမယ့် အမေ့ရဲ့ ကျောင်းဆရာမ လစာရယ် အဖေ့ရဲ့ စက်ရုံဝန်ထမ်း လစာရယ် ပေါင်းပြီး ကျနော်တို့ ကျပ်တည်းပေမယ့် 
ရိုးသားစွာ ကြီးပြင်းခဲ့တာပါ။ ခုချိန်ထိ ရုံးရောက် ဂါတ်ရောက်လည်း မရှိခဲ့ပါဘူး။ 

အဲဒီလို နေခဲ့တဲ့ ကျနော့်အတွက် နိင်ငံရပ်ခြားမှာ အဖမ်းခံရမှာ၊ အချုပ်ထဲနေရမှာ သိပ်ကြောက်မိပါတယ်အစ်ကိုရာ။ 
ရဲကား အရိပ်အယောင် မြင်ရပြီးတိုင်း ရင်တုန်တယ်။ ပြီးရင် ကျနော် ကိုယ့်ကိုကိုယ် သိပ်ဝမ်းနည်းတယ်။ စိတ်ထဲမှာ 
သိမ်ငယ်ရလွန်းတယ်ဗျာ။ အိမ်မှာ ဘဲဥပြုတ်ကို ဆားဖြူးပြီး စားခဲ့တာတောင် ကိုယ့်ဘဝနဲ့ကိုယ် နေခဲ့ပြီးမှ အခုတော့ 
သိမ်ငယ်လိုက်ရတာဗျာ။ ကြောက်လန့်နေရတာဗျာ။ ဒါပေမယ့် ကျနော် ပြန်လို့မရသေးဘူး။ အဖေတို့ ရင်းနှီးပေးလိုက်တဲ့ 
အိမ်ပေါင်ထားတဲ့ အကြွေှး မကျေသေးဘူးလေ။ ဒီတော့ ကျနော့် မှာ ဘယ်သွားသွား ကျီးလန့်စာစားသလို ကြည့်ပြီး 
ခပ်သွက်သွက် သွားရတယ်။ ရဲမြင်ရင် လက်ဖျားတွေအေး ရင်တွေတုန်လာတယ်။ ဒါပေမယ့် ကျနော် အမေတို့ကို 
အဲဒါတွေ မပြောပြဘူးအကို။ ပြောဖို့လည်း မလိုဘူးလေ။”

လူငယ်က ပြောလက်စ စကားရပ်ကာ ရေနွေး ငုံ့သောက်သည်။ သူလည်း လ္ဘက်ရည်ခွက်ကို လှမ်းယူလိုက်သည်။ 
အိုဗာစတေးများအကြောင်း ကြားဖူးသော်လည်း ယခုကဲ့သို့ ကိုယ်တိုင်ပြန်ပြောပြသည် မျိုးမကြုံဖူးသေးပါ။ လူငယ်က စကားပြန်စ၏။

“ ကျနော် နေခဲ့တဲ့ သုံးနှစ်ထဲမှာ အဖြစ်အပျက်တွေ အများကြီး ကြုံခဲ့ရတယ်။ အဲဒီမှာ ကျနော် မမေ့နိင်တဲ့ အဖြစ်တွေ ရှိတယ်။ 
အဲဒီအဖြစ်တွေကိုတော့ တော်တော်နဲ့လည်း မေ့လို့ရမယ် မထင်ပါဘူး။ အဲဒီအဖြစ်တွေကို ကျနော် ရင်ဖွင့်ပြောပြချင်တယ်”

သည်တစ်ကြိမ်တွင်တော့ သူခေါင်းညိတ်ပြလိုက်သည်။ အချိန်အားနေသည်ထက် ထိုလူငယ်ပြောမည့် အကြောင်းအရာများကို 
သူကိုယ်တိုင် စိတ်ဝင်စားနေမိသည်။

“ ဆက်ပြောပါ ညီ”
“နိင်ငံခြားမှာ ခိုးနေရတဲ့ ဘဝက ကိုယ့်မြန်မာလူမျိုး အချင်းချင်းကိုတောင် ပြန်ကြောက်ရပါတယ်။ အဲဒီအဖြစ်ကို ကျနော် 
ခုထိ ထင်ထင်ရှားရှား ပြန်မြင်ယောင် နေသေးတယ်။ ဖြစ်ခဲ့ပုံက ဒီလိုပါ…။”

“ကျနော်တို့ အိုဗာစတေးလောကမှာတော့ ဒီသတင်းက တော်တော် ကြီးသွားခဲ့တယ်။ သူ့နာမည်က ကျော်ထူးလွင်တဲ့။ 
သူကလည်း ခိုးနေတဲ့ အိုဗာစတေးသမားပါပဲ။ သူ့စရိုက်ကတော့ ဟိုစပ်စပ် ဒီစပ်စပ် ပါတတ်တယ်။
 ပြီးတော့ နဲနဲ ဟောင်ဖွာဖွာနိင်တယ်။ ဘာကိစ္စဖြစ်ဖြစ် သူကရှေ့ဆုံးက ပါချင်တဲ့သူမျိုးပေါ့။ လူတတ်ကြီး လုပ်တတ်ပေမယ့် 
စိတ်ရင်းကောင်းပြီး ကူညီတတ်တဲ့သူပါ။ မြင်လွယ်အောင်ပြောရရင် ပေါ့ပေါ့ပါးပါးနေတတ်တဲ့ စရိုက်မျိုးပေါ့ အကိုရာ။ 
ကျွန်တော်တို့ နေတဲ့နားမှာ မြန်မာလူမျိုးပိုင်တဲ့ လ္ဘက်ရည်ဆိုင်ရှိတယ်။ အဲဒီဆိုင်ကို ကျော်ထူးလွင်က ညတိုင်း သွားထိုင်တယ်။ 
ကျနော်တို့ကတော့ သွားမထိုင်ဖြစ်ဘူးအကို။ အဓိကကတော့ ရဲကြောက်တာရယ် အချိန်ကုန် ငွေကုန် မခံနိင်တာရယ်ကြောင့်ပါ။ 
ဒါပေမယ့်ကျော်ထူးလွင်က ညတိုင်းသွားတယ်။ ပြောရရင် အဲဒီဆိုင်မှာ ညဘက်လာထိုင်တဲ့ လူအများစုက 
တရားဝင်နေထိုင်ခွင့်ကဒ် ရှိတဲ့သူတွေပါ။ 

တစ်နေ့တော့ ကျော်ထူးလွင်နဲ့ အဲဒီဆိုင်မှာ အမြဲလာထိုင်တဲ့ မိုးသက်ဆိုတဲ့လူနဲ့ စကားများကြတယ်။ မိုးသက်က 
နေထိုင်ခွင့်ကဒ် ကိုင်ထားတဲ့သူပေါ့။ အဲဒီညက ဘေးလူတွေ ဝိုင်းဆွဲတာနဲ့ စကားများရုံ အဆင့်နဲ့ပဲ ပြီးသွားတယ်။ 
ကျော်ထူးလွင်က အဲဒီလိုဖြစ်ထားတာကို ဂရုမစိုက်ဘူး။ နောက်တစ်ညရောက်တော့လည်း ထပ်သွားပြန်တယ်။ 
အဲဒီလို ညတိုင်းသွားမြဲသွားရင်းက စကားများထားပြီး သုံးရက်မြောက်ညမှာကျော်ထူးလွင် အဖမ်းခံရတယ်။ 
ဘာကြောင့် အဖမ်းခံရသလဲဆိုတာ ဒီလောက်ဆို အစ်ကို မှန်းလို့ရလောက်ပြီပေါ့။ ဟုတ်တယ် အစ်ကို။ မိုးသက် တိုင်လိုက်တာ။ 
တိုင်ပုံကိုက ချည်ပြီးတုပ်ပြီး တိုင်တာ အစ်ကို။ သိပ်ရင်နာဖို့ကောင်းတယ်။ အဲဒီညက ကျော်ထူးလွင် အဖမ်းခံရခါနီးမှာ 
ဖုန်းဝင်လာတယ်။ ဒါနဲ့ ကျော်ထူးလွင်က ဆိုင်ထဲမှာ ဆူညံနေလို့ ဟိုဘက်က ပြောတာ သေချာမကြားရဘူးဆိုပြီး 
ဆိုင်ပြင်ကို ဖုန်းထွက်ပြောတယ်။

သူလည်း ဆိုင်ပြင်ရောက်ရော လူနှစ်ယောက်က သူ့လက်ကိုလာချုပ်တယ်။ မင်းကိုမေးစရာရှိလို့ ဆိုပြီး ပြောသံလည်း ကြားရော 
ကျော်ထူးလွင်လည်း ဆောာင့်ရုန်းပြီး ထွက်ပြေးတော့တာပဲ။ ဒါပေမယ့် ဘယ်လွတ်ပါ့မလဲ။ ရဲတွေက သူပြေးမယ့်နေရာမှာ 
ကြိုစောင့်နေကြတာလေ။ ဒါနဲ့ပဲ ကျော်ထူးလွင် အဖမ်းခံရပြီး မြန်မာပြည် ပြန်ပို့ခံလိုက်ရတော့တယ်။ သူအဖမ်းခံရခါနီး ဝင်လာတဲ့ 
ဖုန်းက ဘယ်သူဆက်တယ် ထင်လဲ။ မိုးသက် ဆက်တာအကို။ အဲကောင်ကိုယ်တိုင် ဖုန်းဆက်ပြီး ရဲတွေနဲ့ 
တိုင်ပင်ကိုက်ထားတာတဲ့လေ။ ဆိုင်နာမည်ရော ကျော်ထူးလွင် ဝတ်ထားတဲ့ အင်္ကျီ အရောင်ရော ပြောပြီး တိုင်တဲ့အပြင် 
ဘယ်အချိန်မှာ ဆိုင်ထဲကနေ ဖုန်းထွက်ပြောလိမ့်မယ် ဆိုပြီးကို တိုင်တာ။ ပြီးတော့မှ သူက ဖုန်းလှမ်းခေါ်လိုက်တာလေ။ 
ကဲ.. ဘယ်လောက်တောင် အကွက်စေ့လိုက်သလဲဗျာ။”

“ဒါက ကျနော့်နှလုံးသားထဲမှာ မပျောက်နိင်တဲ့ ဖြစ်ရပ်တစ်ခုပေါ့။ နိင်ငံခြားမှာ ရဲ တွေ လဝက လို့ခေါ်တဲ့ 
လူဝင်မှုကြီးကြပ်ရေး အရာရှိတွေတင် ကြောက်ရတာမဟုတ်ဘူး။ ကိုယ့်လူမျိုး အချင်းချင်းလည်း ကြောက်ရပါတယ်။ 
တခုခုပြဿနာတက်ရင် ထိုးကြိတ် ဖြေရှင်းနည်းတောင် မသုံးကြတော့ပါဘူး။ ရဲကိုတချက် ဖုန်းဆက်လိုက်တာပါပဲ။ 
ထိုးကြိတ်ရင်တောင် ဖူးယောင်ဒဏ်ရာက ပြန်ပျောက်နိင်တယ် မဟုတ်လား။
ပြန်ပို့ခံလိုက်ရရင် ဘဝက အရှိန်ရပ်သွားနိင်တယ်လေ။ သူတို့အတွက်တော့ သိပ်ကောင်းတဲ့ နည်း ပေါ့ဗျာ။ ”


လူငယ်က မေးကြောကြီးများ ထောင်ထ လာသည်အထိ ခံပြင်းစွာ ပြောဟန်သည် သူ့ရင်ထဲသို့ အလွယ်တကူ ကူးစက်သွားစေသည်။ 
ဒီလို အဖြစ်တွေ ရှိသည် တဲ့လား။ သူ့စိတ်ထဲ ခပ်ဖျင်းဖျင်း ဖြစ်သွားမိသည်။ လူငယ်က ရေနွေးထည့်၍ သူ့ရှေ့ ချပေးပြန်သည်။

“ကျော်ထူးလွင် ရဲ့အဖြစ်က လူငယ်ချင်း ရန်ဖြစ်ရာက စတာလို့ နားလည်ပေးနိင်ရင်တောင် ခံစားပေးဖို့ မလွယ်တဲ့ အဖြစ်တွေ 
ရှိနေသေးတယ်အစ်ကို။ ဒီအဖြစ်ကိုလည်း ကျနော် မမေ့နိင်သေးပါဘူး။”

“အဲဒီတကြိမ်မှာတော့ ကျနော့်သူငယ်ချင်းတွေပါ အဖမ်းခံရတဲ့အထဲ ပါသွားခဲ့တယ်။ ကျနော်လည်း ပါတော့မလို့ပါပဲ။ 
ကံသီတယ်ပဲ ပြောရမယ်နဲ့တူတယ်။ အဲဒီနေ့က ကျနော်တို့နေတဲ့မြို့ရဲ့ ဘေးမြို့ကို အိုင်းရင်းခရော့တီးဝိုင်း လာတဲ့နေ့ပေါ့။ 
ကျနော်တို့ဆီကို အိုင်စီရှိုး လာမယ်ဆိုတဲ့ သတင်းကြားထဲက ကျနော်တို့အားလုံး အရမ်းပျော်ကြတယ်။ 
အိုင်းရင်းခရော့ခ် တီးဝိုင်းရယ် လေးဖြူ အငဲ မျိုးကြီး ဝိုင်ဝိုင်း တို့ဆိုတာ ကျနော်တို့အတွက်တော့ဂီတသူရဲကောင်းတွေလေ။ 
အခုလို ကျနော်တို့နေတဲ့ နေရာအထိ လာဆိုမယ်ဆိုတော့ ကျနော်အပါအဝင် သူငယ်ချင်းတွေအကုန်လုံး ပျော်ကြတာပေါ့ဗျာ။
 ကြည့်ကြမယ်လို့ အားခဲကြတယ်။ ပြောရရင် မြန်မာပြည်မှာတုန်းကလည်း သွားမကြည့်ဖူးပါဘူး။ အဆောင်မှာတော့ 
စတိတ်ရှိုးအခွေလေး ဖွင့်ပြီးကြည့်ဖူးကြတဲ့ သူတွေချည်းပါပဲ။ 

သွားကြည့်မယ်ဆိုတော့ ပထမဆုံး သတိရတာက ရဲကိစ္စပဲ။ ဒီလိုပွဲမျိုးဆို မြန်မာတွေ အလာများမယ်။ ဒီတော့ 
အဖမ်းအဆီးရှိနိင်တယ်လေ။ ပွဲလက်မှတ်ဈေးကြီးတာက အဓိကပြဿနာမဟုတ်ဘဲ ရဲဖမ်းခံရမှာက တကယ့်ပြဿနာ ဆိုတော့ 
အားလုံးက စုံစမ်းကြတယ်။ အဖမ်းအဆီးရှိမလား။ ပွဲစီစဉ်တဲ့သူတွေက တာဝန်ယူသလားဆိုပြီး စုံစမ်းတော့ ပွဲစီစဉ်သူတွေက 
စတိတ်ရှိုးစင်အထိ ဝင်လာရတဲ့ ကိုက်ငါးရာ လမ်းအတွင်းကို တာဝန်ယူတယ်တဲ့။ ကျန်တာတော့ ကိုယ့်အစီအစဉ်နဲ့ 
ကိုယ်လာကြပေါ့လေ။ အဲဒီရက်ပိုင်း စီမံချက်ရှိတယ်လည်း မကြားထားရဘူးဆိုတော့ ကျနော်တို့ သူငယ်ချင်းတွေ သွားကြည့်ကြမယ်လို့ 
ဆုံးဖြတ်လိုက်ကြတယ်။”

“ အဲဒီနေ့မှာ ကျနော် ကံကောင်းချင်တယ်လို့ ဆိုရမှာပဲ။ မနက်ပိုင်း စက်ရုံထဲမှာ ကျနော့်ခြေထောက်ပေါ်ကို စက်ပစ္စည်းသေတ္တာ 
ပြုတ်ကျတယ်။ အဲဒီဒဏ်နဲ့ လမ်းလည်းကောင်းကောင်း မလျှောက်နိင်တော့ဘူး။ ဒါနဲ့စတိတ်ရှိုးမလိုက်ရဘဲ နေခဲ့ရဖို့ဖြစ်လာတော့တယ်။ 
သူငယ်ချင်းတွေကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ သီချင်းတွေဆိုပြီး စတိတ်ရှိုးသွားဖို့ ပြင်ဆင်နေကြတာမြင်တော့ ကျနော်လည်း 
စိတ်ပျက်ပျက်နဲ့ဆေးသောက်ပြီး အိပ်နေလိုက်တော့တယ်။ ဒါပေမယ့်အကိုရယ် အဲဒီနေ့က အဆောင်ကို 
ကျနော့်သူငယ်ချင်းတွေထဲက တစ်ယောက်ပဲ ပြန်ရောက်လာနိင်ခဲ့တယ်။”

လူငယ်မှ ပြောရင်း အနည်းငယ် အသံတိမ်ဝင်ကာ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်နေသဖြင့် သူလည်း လ္ဘက်ရည်ခွက်ကို 
ရေကျင်းနေမိသည်။ ရဲအရာရှိ တစ်ယောက်အနေဖြင့် မည်သို့ဆက်ဖြစ်လာမည်ကို သူ့အနေနှင့် ကြိုသိနေလေပြီ။ 
လူငယ်က ခဏနားပြီးနောက် စကားပြန်ဆက်သည်။

“အဲဒီညက ညခုနှစ်နာရီလောက်မှာ ဖုန်းဝင်လာတယ်။ စတိတ်ရှိုးသွားတဲ့အဖွဲ့ထဲက တစ်ယောက် လှမ်းဆက်တာအကို။ 
ကြားရတဲ့သတင်းက တော်တော်ဆိုးပါတယ်ဗျာ။ စတိတ်ရှိုးပွဲလုပ်တဲ့ လမ်းထဲမှာ ရဲ ရယ် ထောက်လှမ်းရေးနဲ့ လူဝင်မှုကြီးကြပ်ရေး 
အဖွဲ့တွေ ပေါင်းပြီး လမ်းပိတ်ပြီးကို ဖမ်းတာတဲ့ဗျာ။ အချုပ်ကားချည်းပဲ သုံးစီးပါလာတယ်တဲ့။ မြန်မာအယောက် နှစ်ရာကျော် 
အဖမ်းခံလိုက်ကြရတယ်။ ဖုန်းဆက်တဲ့သူငယ်ချင်းတောင် မနဲထွက်ပြေးလို့ လွတ်ခဲ့ရတာ။ 
 အဆောင်က ကောင်တွေဆို တော်တော်များများ ပါသွားကြတယ်။ ကျနော်လေ အဲဒီသတင်းကြားတော့
 စိတ်မကောင်းဖြစ်လိုက်တာဗျာ အဲဒီညက ထမင်းတောင် မစားနိင်ဘူး။ အခုချိန်ဆို ဟိုကောင်တွေတော့ အချုပ်ထဲမှာ 
ဘယ်လိုနေကြပါလိမ့်ဆိုတဲ့ အတွေးတွေပဲ တချိန်လုံးဝင်နေတော့တယ်။ သူတို့တွေထဲမှာရော ကျနော်လိုပဲ 
အကြွေးမကျေသေးသူတွေ ဘယ်လောက်တောင် ပါမလဲဆိုတာပါ တွေးမိတော့ ကျနော်တို့ ဘဝတွေကို အရမ်းစိတ်ပျက်မိတယ်ဗျာ။ 
ကျနော်တို့မှာ ခိုးနေမိတဲ့ အပြစ်တခုကလွဲရင် အလုပ်မှာလည်း မခိုမကပ်နဲ့ ကြိုးစားကြတယ်။ အချိန်ပို အလုပ်ဆင်းရတော့မယ်ဆိုရင် 
ကျနော်တို့မှာ ဒီလတော့ ဝင်ငွေပိုများပြီဆိုပြီးကို ပျော်နေကြရတာ။ တခြားမကောင်းတဲ့ပြစ်မှုဆိုတာလည်း လုပ်ဖို့နေနေသာသာ 
အလုပ်ပြီးရင် အပြင်ကိုတောင် လျှောက်သွားတာ မဟုတ်ဘူး။ အဲဒီလောက်အထိ အလုပ်တစ်ခုထဲပဲ အာရုံစိုက်ထားကြတဲ့သူတွေပါ။ 
ဒါပေမယ့် ကျနော်တို့မှာ အပြစ်တခုရှိနေတယ်လေ။ ခိုးနေမိတဲ့ ဘဝဖြစ်တာနဲ့ ကျန်တာတွေ ဘယ်လောက်ကောင်းအောင် နေလည်း 
ကြောက်နေရတဲ့ ဘဝဖြစ်ရတော့တာပဲ။ပျော်ရွှင်ခြင်းက ကျနော်တို့နဲ့ မထိုက်တန်တဲ့ အရာလိုမျိုး ဖြစ်နေတယ်။ အခုပဲ ကြည့်လေ။ 
စတိတ်ရှိုးကြည့်ဖို့သွားတယ်။ ရောက်သွားတာက အချုပ်ထဲ။ အဲဒီညက ကျနော် ဝမ်းနည်းလွန်းလို့ မျက်ရည်ကျမိခဲ့တယ်။ 
အဲဒီလို ဆိုးတဲ့၊ အဲဒီထက်ဆိုးတဲ့ဘဝတွေ ပြည်ပမှာ အများကြီး ရှိနေသေးပါတယ်။ နိင်ငံခြားမှာ ပျော်ရွှင်ခြင်းဆိုတာ 
ငါးမျှားချိတ်က အစာလည်း ဖြစ်နေတတ်ပါတယ်ဗျာ”

လူငယ်၏ စကားအဆုံးတွင် သူပင့်သက်ရှိုက်မိသည်။ ဖမ်းဆီးခြင်းဖြင့် အကျွမ်းတဝင်ရှိနေသည့် သူ ကိုယ်တိုင်ပင် ကြားခဲ့ရသော
ဖမ်းဆီးခံရမှုကို စာနာနေမိသည်။ “ပျော်ရွှင်ခြင်းဆိုတာ ငါးမျှားချိတ်က အစာ” တဲ့။ ဥပမာလေးက သေသပ်သလို ထိရှလွန်းသည်။ 
စတိတ်ရှိုးဆီကို ပျော်ရွှင်စွာ သွားကြမည့် လူငယ်များ၊ အဆိုတော်နှင့်အတူသံပြိုင်လိုက်ဟစ်ကြွေးရန် အားခဲထားမည့် 
ပရိတ်သတ်များကို သူအတွေးဖြင့်ပင်မြင်ယောင်နိင်စွမ်းသည်။ ထို့နောက် ခပ်ကြမ်းကြမ်း အဖမ်းအဆီးများ လက်အောက်တွေ 
ကြေမွသွားမည့်ပျော်ရွှင်ခြင်းများ ၊ အပြန်အလှန် ကူးစက်နေမည့် အပူလုံးများ ၊ မည်သူ့ မည်သူမှ မကယ်တင်နိင်မည့် ဘဝများစွာ။ 
ထိုသူများ အားလုံးသည် မြန်မာလူမျိုးများဖြစ်နေခဲ့သည်ဆိုသည့်အသိဖြင့် သူ စိတ်မကောင်းဖြစ်ရလေသည်။

လူငယ်လေးလက်ကို သူလှမ်းဆုပ်ကာ အားပေးဟန်ဖြင့် တချက်ဖျစ်ညစ်လိုက်သည်။ လူငယ်က ပြုံးပြလေသည်။

“အစ်ကို စိတ်ညစ်သွားပြီလား။ ပြောရအုံးမလား။ ဒီတခါတော့ ကျနော့် ကိုယ်တွေ့ အကြောင်းပါ”

လူငယ်လေးထံတွင် ရင်ဖွင့်ချင်စရာများ ကျန်နေသေးသည်။ သူ ခေါင်းညိတ်ပြလိုက်၏။

“ပြောညီ... မင်းစိတ်ထဲရှိတာတွေ ထုတ်ပြောလိုက်ပါ။”

“ ပျော်ရွှင်ခြင်းက ငါးမျှားချိတ်က အစာလို့ ခုနက ကျနော်ပြောခဲ့တယ်နော်။ အခုပြောမှာက ပျော်ရွှင်ခြင်းဟာ 
ဂုတ်ပေါ်ခွစီးထားတဲ့ နတ်ဆိုးပါ အစ်ကို။ အဲဒီနေ့က ကျနော် အလုပ်မှာ အချိန်ပို ဆင်းပြီး အဆောင်ပြန်လာခဲ့တယ်။ ”

“အချိန်ပိုဆင်းထားတာဆိုတော့ ဗိုက်ကလည်း ဆာနေတာနဲ့ ခပ်သွက်သွက်ပြန်လာရင်း တစ်နေရာ 
ရောက်တော့ ကျနော့်ဆီကို ဖုန်းဝင်လာတယ်။ ဆက်တဲ့သူက အခန်းဖော်ထဲက တစ်ယောက်ဆက်တာ။ 
ဒါနဲ့ ဘာကိစ္စရှိလဲလို့ ထူးလိုက်တော့ သူက ခပ်လောလောပုံစံနဲ့ ကျနော့်ကို မေးတယ်။ မင်းအခု ဘယ်ရောက်နေပြီ လဲတဲ့။ 
ဒါနဲ့ ကျနော်ကလည်း အခုပြန်လာနေပြီဆိုပြီး ဖြေတော့ ပြန်မလာနဲ့တဲ့ အဆောင်မှာ ရဲတွေရောက်နေတယ်တဲ့။ 
သူလည်း ထွက်ပြေးရင်းနဲ့ ကျနော့်ကို သတိရလို့ လှမ်းပြောတာတဲ့။ အဲဒီ သတင်း ကြားတော့ ကျနော် ထူပူသွားတယ်။ 
ရဲကြောက်ပါတယ်ဆိုမှ အဆောင်မှာ ရဲတွေဝိုင်းထားတယ် ဆိုတော့ ကျနော် ရင်တွေတုန်ပြီး လက်တွေ ခြေတွေ 
ချက်ချင်းအေးတက်လာတာပဲ။ ဒါနဲ့ စိတ်ကို အတတ်နိင်ဆုံး ငြိမ်အောင်လုပ်ပြီး ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားတယ်။ 
ဒါပေမယ့် ဘာလုပ်လို့ လုပ်ရမှန်းကို မသိတာ။ အဆောင်မပြန်ရင် ဘယ်ကိုသွားရမလဲဆိုတာ စဉ်းစားလို့ကိုမရဘူးဗျာ။ 
စက်ရုံထဲပဲ ပြန်သွားရင်ကောင်းမလား စဉ်းစားမိပေမယ့် အဖမ်းခံလိုက်ရတဲ့သူတွေဆီက သတင်းရပြီး ရဲတွေ စက်ရုံအထိ 
လိုက်လာမှာကိုလည်း တွေးကြောက်မိပြန်တယ်။ စိတ်ကလည်း ထူထူပူပူနဲ့ ဘာလုပ်ရမလဲ တွေးနေသလို ကျနော် ရပ်နေမိတဲ့ 
လမ်းတစ်လျှောက်ကိုလည်း လျှောက်ကြည့်နေရတယ်။ အရေးအကြောင်းဆို ဘယ်လမ်းက ပြေးရင် လွတ်မလဲပေါ့။ 
ဒါနဲ့ အနားမှာ ရှိတဲ့ စတိုးဆိုင်လေးထဲ ဝင်ပြီး အအေးတစ်ဗူးဝယ် ဆိုင်ဝမှာ မယောင်မလည်လုပ်ပြီး ကျနော်တို့ အဆောင်ဘက် 
လမ်းကွေ့ကို ကြည့်နေမိတယ်။ ရဲကားတွေကလည်း ထွက်လာတာ မတွေ့တော့ အခုထိ ဝိုင်းထားတုန်းပဲဆိုပြီး 
အဆောင်ပြန်လို့လည်းမဖြစ် ဘယ်သွားရမှန်းလည်း မသိနဲ့ စိတ်အားငယ်တယ်ဆိုတဲ့ ခံစားချက်ကို အဲဒီအချိန်မှာ 
သေသေချာချာကို ခံစားဖူးတော့တယ်။ အဆောင်မှာကလွဲရင် ကိုယ်နဲ့သိတဲ့သူကလည်း မရှိဘူးလေ။ ဒီဆိုင်အဝမှာလည်း 
အကြာကြီးရပ်နေလို့ မကောင်းမှန်းသိတော့ သွားရမယ့် နေရာကိုပဲ ခေါင်းပူအောင် တွေးမိပေမယ့် ဘယ်သွားသွား 
ရဲနဲ့တိုးမှာပဲလို့လည်း စိတ်က ထင်နေမိတယ်။ ဟိုကြည့် ဒီကြည့်လုပ်ရင်း စတိုးဆိုင်ရှေ့က တိုက်လှေကား တံခါးပွင့်နေတာ
မြင်တော့ ကျနော် အကြံရသွားတယ်။ ဒါနဲ့ စတိုးဆိုင်က ပေါင်မုန့်တလုံးရယ် သတင်းစာတစ်စောင်ရယ်ကို ဝယ်ပြီး 
အဲဒီတိုက်လှေကားထဲ လှမ်းဝင်လိုက်တယ်။ တိုက်က လေးထပ်တိုက်ဆိုတော့ အပေါ်တက်အောက်ဆင်းဖို့ ထားတဲ့ 
လှေကားခြေရင်းမှာ ကျနော် ထိုင်ပြီး သတင်းစာလေး ရှေ့မှာ ဖြန့်ထားလိုက်တယ်။ ကျနော့်အကြံက ဒီလိုလေ။ 
အပေါ်က ဆင်းလာသူပဲဖြစ်ဖြစ် တိုက်ပေါ်တက်မယ့်သူပဲဖြစ်ဖြစ် ကျနော့်ကို မြင်ရင် သတင်းစာ ဖတ်နေတယ်လို့ပဲ 
ထင်အောင်လို့လေ။ သတင်းစာက ကျနော် မဖတ်တတ်ပါဘူး။ သူ့နိင်ငံသတင်းစာဆိုတော့ ဖတ်နေတာမြင်ရင် 
သူ့နိင်ငံသားလို့ ထင်သွားမှာပဲဆိုပြီး ရှေ့မှာခင်းထားတာ။ အဲဒီတော့မှ အချိန်ကလည်း ကုန်ခဲလိုက်တာဗျာ။ ဟိုကောင်ကလည်း 
ဖုန်းပြန်မဆက်လာဘူး။ ကျနော်ကလည်း မဆက်ရဲဘူးလေ။ မတော်လို့များ ဟိုကောင်အဖမ်းခံရပြီး ဖုန်းက 
ရဲလက်ထဲရောက်နေရင် ဘယ်လိုလုပ်မလဲ။ ဖုန်းပြန်မလာတော့ ဘယ်သူတွေ ပါလို့ပါသွားမှန်းလည်း မသိရဘူး။ 
အခြေအနေတွေ ဘယ်လောက်ဆိုးကုန်မှန်းလည်း မသိရဘူး။ ကျနော့်စိတ်ထင် တစ်နာရီလောက် အဲဒီတိုက်လှေကားထဲမှာ 
နေပြီးမှ ဖုန်းဝင်လာတယ်။ ဟိုကောင်ဆက်တာ။ ဒါနဲ့ မရဲတရဲ ထူးလိုက်တော့ ပြန်လာလို့ရပြီတဲ့။ ရဲတွေပြန်သွားပြီတဲ့။ 
ဘယ်သူတွေ အဖမ်းခံရသေးလည်း ထပ်မေးတော့ မပါသွားဘူးတဲ့ သူဌေးကိုယ်တိုင် လာရှင်းသွားတာတဲ့။ အဲဒီတော့မှ 
ကျနော်လည်း စိတ်ဒုန်းဒုန်းချမိတော့တယ်။ အဆောင်ကို ခပ်သွက်သွက်လေး ပြန်လျှောက်လာရင်းနဲ့ ဒီနေ့အချိန်ပိုဆင်းဖြစ်တာ 
ကံကောင်းသွားတယ်လို့တောင် တွေးမိသေးတယ်။ မဟုတ်ရင် ရဲနဲ့ ထိပ်တိုက်တိုးမှာလေ။ အဆောင်နားရောက်တော့ 
လိုလိုမယ်မယ် အဆောင်ဝင်းထဲ ချောင်းကြည့် လိုက်သေးတယ်။ ဘာရဲကားမှ မရှိတော့ဘူး။ ဒါနဲ့ အဆောင်ထဲ လှမ်းဝင်တော့ 
ကျနော်တို့ အခန်းထဲက ရီသံတွေ ထွက်နေတယ်။ ဒါနဲ့ ကျနော်လည်း အခန်းထဲဝင်ပြီး ဒီကောင်တွေကိုတောင်
 နောက်လိုက်သေးတယ်။ မင်းအဘတွေ ပြန်သွားလို့ ပျော်နေတယ်ပေါ့လေ လို့။ အဲဒီလို နောက်တော့ သူတို့က ဝိုင်းရီကြတယ်။ 
ပြီးတော့ ကျနော့်ကို မေးတယ်။ ဒီနေ့က ဘာနေ့လဲသိလားတဲ့။ ဒီနေ့က သောကြာနေ့လေလို့ ကျနော်ကပြန်ဖြေတော့
 ရီကြပါလေရော။ ပြီးတော့မှ ဘာပြောတယ် မှတ်လဲ အစ်ကို။ မင်းကငတုံးတဲ့ ဒီနေ့က ဧပရယ်လ တစ်ရက်နေ့တဲ့။ 
မင်းတို့လို ငတုံးတွေကို ဧပရယ်ဖူး အရူးလုပ်တဲ့ နေ့တဲ့လေ။ လုပ်ရက်လိုက်ကြတာဗျာ။ ကျနော်ဖြင့်လေ အဲဒီအဖြေလည်း
 ကြားမိရော မျက်လုံးတွေ ပြာဝေသွားပြီး စိတ်တွေ လွတ်သွားတယ်။ အဲကောင်တွေအုပ်ထဲပြေးပြီး တွေ့ရာအကုန် 
လိုက်ကန်မိတယ်။ ကျနော် သတိပြန်ဝင်လာတော့ ဟိုကောင်တွေက ဝိုင်းချုပ်ပြီး ကျနော့်ကို တောင်းပန်ကြတယ်။ 
ကျနော် ဘာတတ်နိင်မလဲ အစ်ကိုရာ စဉ်းစားကြည့်ပါအုံးဗျာ။ လူငယ်တိုင်း ပျော်ကြတဲ့နေ့ပဲ ကျနော် ဘယ်လောက်အထိ 
အပြစ်ထပ်ပြောလို့ရမလဲ။ သူတို့မှာလည်း ပျော်စရာ ရှာကြံနေရတဲ့ဘဝဆိုတာကျနော် အသိဆုံးပဲဟာ။ ဒါပေမယ့် 
ဝမ်းနည်းတာက အားလုံးပျော်ရတဲ့နေ့မှာ ကျနော်က ဘာလို့ ဒီလို နာကျင်ရတာလဲဆိုတာပဲ။ အဲဒီညက ကျနော် 
မူးအောင်သောက်ပြီး ရှိုက်ကြီးတငင်ငိုမိတယ်တဲ့။ ကျနော့် ပါးစပ်ကလည်း ဧပရယ်ဖူး ဧပရယ်ဖူး ဆိုပြီး 
တတွတ်တွတ်ရွတ်နေတယ်တဲ့လေ။ ”

“သေချာပါတယ်အကို ကျနော့် အတွက်တော့ ပျော်ရွှင်ခြင်းဆိုတာ ဂုတ်ပေါ်ခွစီးထားတဲ့ နတ်ဆိုးပါပဲ”

လူငယ်က မျက်ခွံကို လက်ခုံဖြင့် ဖိသုတ်ရင်း စကားရပ်လိုက်သည်။ လူငယ်၏စကားဆုံးတော့ သူ့တွင် ပြန်ပြောစရာ 
စကားလုံး မရှိခဲ့။ ကြားခဲ့ရသမျှ အဖြစ်တိုင်းက ဆန်းကြယ်နေသလို ထိထိရှရှ ဖြစ်စေခဲ့သည်တော့ အမှန်ပင်။ 
သူမသိနိင်သည့် ရင်နင့်စရာ ဇာတ်လမ်းများစွာ ရှိနိင်ဦးမည်။ သို့သော် သူ ဆက်နားမထောင်ချင်တော့။ 
ယခုပင် ရင်ထဲ တင်းကျပ်လှပါပြီ။

“ အဲဒီအဖြစ်အပျက် ဖြစ်ပြီး ခြောက် လ နေပြီးတော့ ကျနော် ပြန်လာခဲ့တယ်။ အိမ်မှာလည်း ထိုက်သင့်သလောက် 
စုနိင်ခဲ့တာရယ် ခါးသီးတဲ့ ခံစားချက်တွေ ထပ်မကြုံချင်တာရယ်ကြောင့်ပါ။ ရဲမြင်ရင် လက်ဖျားခြေဖျား အေးရတာတွေ၊ 
ရဲကားမြင်ရင် ရင်တုန်ရတာတွေကို ထပ်မခံစားနိင်ခဲ့လို့ ကျနော် ပြန်လာခဲ့တာပါ။ မနေ့က ပြန်လာတာပေါ့။ 
လွတ်လပ်ခြင်းရဲ့ အရသာကို မနေ့က ကျနော်အပြည့်အဝ ခံစားရတယ်။ ကိုယ့်မြေကို ပြန်လာပြီဆိုတဲ့ အသိကိုက 
ကျနော့်အတွက်တော့ ပြီးပြည့်စုံလွန်းတဲ့ ပီတိပါပဲ။ ဒီနေ့မနက် ကျနော် အစောကြီး အိပ်ယာနိုးတယ်အကို။ 
လမ်းတွေ တော်တော်များများကို လျှောက်သွားတယ်။ ကျနော် ကြောက်ရမယ့်သူ မရှိဘူးဆိုတဲ့ စိတ်ချလုံခြုံမှုကြောင့် 
ခြေလှမ်းတိုင်းမှာ ပီတိတွေ ရနေတယ်”

“အဲဒါတော့ ငါ နားလည်ပါတယ်။ ဒါပေမယ့် ဘာအတွက် ရဲကားကို လာထုရတာတုန်း။ အဲဒါရော ပီတိပဲလား။ 
ငါဖမ်းမှာရော မကြောက်ဘူးလား”

“ ဖမ်းမှာ မကြောက်တာတော့ မဟုတ်ပါဘူးအစ်ကို။ ကျနော် ပြစ်မှုလုပ်မိတယ်။ ဒီတော့ အဖမ်းခံရတယ်။ 
ကိုယ့်မြေကိုယ့်ရေမှာ ကျနော် ရှိတယ်။ ဒါကို ကျနော် လက်ခံနိင်တယ်လေ။ ကောင်းကောင်းမွန်မွန်
 နေရဲ့နဲ့ ခြေဖျားလက်ဖျား အေးစက်ပြီး ကြောက်နေရတဲ့ ဘဝထက်တော့ အများကြီး သာပါတယ်ဗျာ။ 
အခုချိန်ဖမ်းမယ်ဆိုလည်း အဖမ်းခံရဲသွားပြီအစ်ကို။ ဘာကြောင့်ဆိုတော့ သံတိုင်နောက်ထဲမှာ
 ရောက်နေရင်တောင် ဒါဟာ ကျွန်တော့်မြေဆိုတဲ့ အသိရှိနေတယ်လေ”

ဘဝထဲက လာသည် ထင်၏။ ထိုခံစားချက်ကိုတော့ သူ တွေးမမှီ။ လူငယ်က ဆက်ပြောသည်။

“ လူတွေမှာ အငုံ့စိတ်ဆိုတာ ရှိတယ်အစ်ကို။ ပြန်မလှန်ရဲ ပြန်မပြောရဲဘဲ ကြောက်နေရတဲ့သူတွေ သိမ်ငယ်နေခဲ့ရတဲ့သူတွေမှာ 
အဲဒီအငုံ့စိတ်က အမြဲ အဆင်သင့်ရှိနေတယ်။ အထဲမှာ ဆူပွက်နေတဲ့ မီးတောင်လိုမျိုးပေါ့။ တချိန်ချိန်မှာ အုံကြွလာတတ်တယ်။ 
ပေါက်ကွဲလာတတ်တယ်။ ကျနော်အမြဲကြောက်ခဲ့ရတဲ့ ရဲကားကို အခုမကြောက်တော့ဘူးဆိုတဲ့ အငုံ့စိတ်ရဲ့ အုံကြွမှုကြောင့် 
အစ်ကို့ကားကို လက်သီးနဲ့ ထုမိတာပါ။ ဖိစီးမှုတစ်ခုအတွက် ထွက်ပေါက် ပေးလိုက်မိတဲ့သဘောပါ။ ဒါမှလည်း ကျနော့်မှာ မိုးနေတဲ့ 
အရိပ်ဆိုးတွေ မရှိတော့ဘဲ ဘဝကို သာမန်လူတွေလို ခရီးဆက်နိင်မယ် ထင်မိတာလည်း ပါ ပါတယ်။ ကားလည်း 
ဘာမှမဖြစ်သွားပါဘူးအစ်ကို။ ပြီးတော့ တဒင်္ဂ စိတ်လွတ်ထွက်ခဲ့ရမှုကိုလည်း ကျနော် အလေးအနက် တောင်းပန်ပါတယ်။ ”

“အငုံ့စိတ်”.... “အတွင်းမှာ ဆူပွက်နေတဲ့ ချော်ရည်”... ရဲကားကို လက်သီးနှင့်လာထုသည်မှာ ထိုမီးတောင် ပွင့်ထွက်လာခြင်းတဲ့လား။ 
လူသားဆန်သည့် စိတ်ဖြင့် ထိုမီးတောင် ပေါက်ကွဲမှုကို သူနားလည်ပေးလိုက်ပါသည်။

လ္ဘက်ရည်ဆိုင်ထဲမှ သူတို့ထွက်လာချိန်တွင် လူငယ်က ကောင်းကင်ကို လက်ညိုးထိုးပြသည်။ 
သူမော့ကြည့်သည့်အခါ ပျံလွှားငှက်ငယ်များ လွတ်လပ်စွာ အုပ်စုဖွဲ့ ပျံသန်းသွားကြသည်ကို 
တွေ့လိုက်ရသည်။ သူ နားလည်စွာဖြင့် လူငယ်၏ ပုခုံးကို ပုတ်ကာ ပြုံးပြလိုက်တော့သည်။ 

_ မြစ်ကျိုးအင်း _

ကဲ . . . ကျွန်တော်တော့ စာပြန်စီရင်း တစ်ခေါက်ပြန်ဖတ်မိပြီး တစ်ခါထပ်မောရပြန်ပြီဗျာ ။ ကျွန်တော်တို့ 
ဆရာမြစ်ကျိုးအင်း ကို လက်ခုပ်တီးပေးကြရအောင်လား ။
ဆရာမြစ်ကျိုးအင်း ရဲ့ ဘလော့ကိုသွားချင်ရင်တော့ . . .
http://www.myitkyoeinn.com မှာ သွားရောက်ခံစားနိုင်ပါတယ် ။ တကယ့်အရသာစစ်စစ်ဆိုတာ အဲ့မှာ ရှိတယ် ။း)
  
 ======================================================
 အခန်းဆက် ဝတ္ထုရှည်

သူမပြန်ဝင်စားတဲ့မိုးရာသီ 
အပိုင်း(၅)
- နေ ပိုင် -

            ရုပ်ဖျက်ထားလည်း သူမှတ်မိနေမည့် လက်ကလေးတစ်ဖက်မို့ လင်းစက်ညီ ကားကိုထိုးရပ်လိုက်၏။ လူရှင်းကာတိတ်ဆိတ်နေသည့် လမ်းမတစ်ခုလုံးက သူတို့နှစ်ဦးအတွက် အနှေးပြကွက် ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုလို။

လင်းစက်ညီ ကားပေါ်မှ ဆင်းလိုက်၏။

“ရှင်ဘာလို့ ပြန်ကွေ့လာတာလဲ လင်းစက်”

လင်းစက်ညီ သူမအား ခြေအဆုံးခေါင်းအဆုံး ကြည့်လိုက်၏။ ရနံ့တစ်ချို့က သူ၏ ဝင်သက်ထွက်သက်ပေါ်တွင် နေရာတကျ ။ တိုက်ခတ်လာသော လေကို ဆံနွယ်တို့က ယိမ်းနွဲ့ပြ၏။ ဟုတ်ပါသည်။ သူမ မြတ်နိုးအိမ်ဖြစ်သည်။

“မင်းကကော ဒီမှာ ဘာလုပ်နေတာလဲ”

မြတ်နိုးအိမ်လက်ထဲမှ ဖုန်းကလေးအား ခါယမ်းပြကာ..

“အိမ်မှာဘယ်သူမှမရှိဘူး။ ကိစ္စရှိလို့ လှည်းတန်းက အမျိုးတွေဆီသွားကြတယ်။ ကျွန်မလည်း အဲ့ဒီကိုလိုက်သွားရမှာ ခုပဲဖုန်းဝင်လာလို့။”

သိပ်ရဲရင့်နေသော စစ်သူကြီးမလေးအား လင်းစက်ညီ တံခါးဖွင့်ပေးလိုက်၏။ မြတ်နိုးအိမ်လည်း ရွပ်ရွပ်ချွံချွံ ကားထဲဝင်ထိုင်လိုက်၏။ ဒေါက်ဖိနပ်သံများက မြင်းခွာသံများ အလား။

            လက်ထဲတွင် ကိုင်ထားသော အကြွေစေ့လေးအား လင်းစက်ညီ စားပွဲပေါ်တွင် လှည့်လိုက်၏။ အကြွေစေ့လေးက မြူးတူးပျော်ပါးစွာ မွှတ်နေအောင်လည်နေချိန်တွင် လင်းစက်ညီ လက်ဖြင့်အုပ်လိုက်၏။

“ခေါင်းလား .. ပန်းလား”

လေသံတိုးတိုးလေးဖြင့် ကိုယ့်ကိုကိုယ် ပြန်မေးမိသော်လည်း အဖြေတိတိကျကျ ထွက်မလာ။ နိုင်ငံခြား ရုပ်သံမှ ကြော်ငြာတစ်ခုအား ပြေးမြင်မိ၏။

“Life is .. choice”

ခေါင်းနှင့်ပန်း တစ်ခုမဟုတ်တစ်ခုဖြစ်မည်ကို သိနေသော်လည်း သူရွေးချယ်ရန် ဇဝေဇဝါဖြစ်နေမိ၏။

“ခေါင်းလား .. ပန်းလား”

ဆိုင်ထဲရှိ မြတ်နိုးအိမ်၏ လှုပ်ရှားပုံတို့ မြင်ကွင်းထဲ ပြေးဝင်လာကြ၏။ ဘာရယ်မဟုတ်ဘဲ သူဆက်ငေးနေမိသည်။ အဖြူရောင်အင်္ကျီလေးအား ဥရောပကုတ်အင်္ကျီ အနက်ကလေး လွှမ်းခြုံကာ အနောက်တိုင်းဝတ်စုံလေးနှင့် လှချင်တိုင်းလှနေသည်။ ရွှေအိုရောင်ဆံနွယ်တို့ကလည်း သူမ ဝတ်ဆင်ထားသည့် ချပ်ဝတ်တန်ဆာတစ်မျိုးပင် ဖြစ်လိမ့်မည်။ လင်းစက်ညီ နားကြပ်တပ်လိုက်၏။ သီချင်းမဖွင့်ရသေးသောကြောင့် မည်သည့်အသံမှ သူမကြားရ။ မလှမ်းမကမ်းမှ ရဲရင့်စွာ လျှောက်သွားသော ဒေါက်ဖိနပ်သံလေးအား သူကြားနေရ၏။ ဖြစ်နိုင်လျှင် ထိုဒေါက်ဖိနပ်သံအား mp3 တစ်ပုဒ်လို repeat ပေးကာ နားထောင်ချင်သည်။ ပါးစပ်မှ ခပ်တိုးတိုးရေရွတ်လိုက်၏။

“ပန်း..”

သူအုပ်ထားသော လက်အား တဖြည်းဖြည်းချင်း ဖယ်ပစ်လိုက်၏။ စပါးနှံပုံလေး ရိုက်နှိပ်ထားသော အကြွေစေ့အခြမ်းကလေးက ထင်ထင်ရှားရှား ပေါ်နေ၏။ လင်းစက်ညီ ပြုံးမိ၏။ ထို့နောက် မြတ်နိုးအိမ်အား နောက်တစ်ကြိမ်သူကြည့်လိုက်မိ၏။

သူမ၏ ဆွဲဆောင်မှုအပြည့်နှင့် လှုပ်ရှားမှုများက လျှို့ဝှက်စွာ လှနိုင်လွန်း၏။ လင်းစက်ညီ အကြွေစေ့လေးအား တဖက်သို့ လှန်ပစ်လိုက်၏။

“ခေါင်း..”

ရွေးချယ်မှုတစ်ခုအတွက်သာ ခေါင်းနှင့်ပန်းသည် အဖြေ တစ်စုံတစ်ရာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူတို့နှစ်ဦးက ကွဲထွက်သွားလိမ့်မည်မဟုတ်။ အကြွေစေ့အင်္ဂါရပ်နှင့် ပြည့်စုံရန်အတွက် ခေါင်းနှင့်ပန်းသည် အမြဲယှဉ်တွဲရှိနေဦးမည်။

“ဒါဆို မြတ်နိုးအိမ်ဆိုတာ ပန်းလား လွန်းသက်ချိုကကော ခေါင်းလား ဒါမှမဟုတ် သူတို့နှစ်ဦးက တစ်ယောက်ထဲဖြစ်နေတဲ့ ခေါင်းနဲ့ပန်းလား”

“ညီ”

လင်းစက်ညီမော့ကြည့်လိုက်၏။ ဇွန်ဦးကိုက ခုံတွင်ဝင်ထိုင်ရင်း..

“နင်ဘာတွေ မှိုင်နေတာလဲ”

“လွန်းသက်ချိုကို ငါမတွေ့တာကြာပြီ”

“လွန်းသက်ချို..”

လင်းစက်ညီ ပြန်တွေးမိ၏ ။ ဇွန်ဦးကို လွန်းသက်ချိုကိစ္စ မသိသေးမှန်း နောက်မှ သတိရမိသည်။

“အော် မဟုတ်ပါဘူး လွန်းသက်ချိုနဲ့ မြတ်နိုးအိမ်က ညီအစ်မများလားလို့”

“နင့်ကြည့်ရတာ ပင်ပန်းလိုက်တာ ဟာ”

လင်းစက်ညီ ကိုယ်တိုင် ကြိုးစားပြုံးကြည့်၏။ သို့သော် အဆင်မပြေ။

“ဒီလိုလုပ်ဟာ နင်သူ့ကိုခေါ်မေးလိုက်။ မိဘချင်းကွဲသွားကြလို့ ညီအစ်မချင်းကွဲသွားကြတာလည်း ဖြစ်နိုင်တာပဲ”

လင်းစက်ညီ မြတ်နိုးအိမ်အား လှမ်းကြည့်လိုက်၏။

“ခုနေ ခေါ်မေးလည်း ကျွန်မအလုပ်ချိန်မို့ဆိုပြီး သူပြန်ထွက်သွားလိမ့်မယ်”
ဇွန်ဦးကို မေးထောက်ကာ စဉ်းစားနေ၏။ လင်းစက်ညီနှင့် သူပါရောယောင်၍ ငိုင်နေမိသည်။

“ညီ ငါတစ်ခုလောက်မေးချင်တယ်”

“အင်း”

“နင် သူတို့(၂)ယောက်ကို ကွဲကွဲပြားပြား သိသွားတော့ရော ဘာလုပ်မှာမို့လို့လဲ”

လင်းစက်ညီ ထိုင်ခုံတွင် နောက်ကျောမီချလိုက်၏။

“ငါကိုယ်တိုင်မသိဘဲနဲ့ ငါ့စိတ်ကိုက သူ့အလိုလို သိချင်နေတာမျိုးဆိုရင် ငါတို့ ဘယ်လိုခေါ်မလဲ”

“အချစ်.. လို့ ပြောချင်တာလား”

လင်းစက်ညီ ဟက်ဟက်ပက်ပက် ရယ်မောပစ်လိုက်၏။

“မုန်တိုင်းမှာ အောက်ဆီဂျင်ပါတယ်။ ဒါပေမဲ့ အောက်ဆီဂျင်ပါတိုင်း မုန်တိုင်းမဟုတ်ဘူး ဇွန်”

ဇွန်ဦးကို မျက်ခုံးပင့်ပြ၏။

“အချစ်မှာရင်ခုန်သံပါစမြဲပဲ ဒါပေမဲ့ ရင်ခုန်သံပါတိုင်း အချစ်မဟုတ်ဘူး ဇွန်”

“ဒါဆိုနင်က အချစ်လို့ ပြောတဲ့ခံစားချက်ကို ငြင်းတယ်ပေါ့”

လင်းစက်ညီ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သက်ပြင်းချသံတစ်ခုအားခပ်တိုးတိုးကြားရ၏။

*******

            အိပ်စက်ခြင်းဖြင့် ခဏတာသေကြည့်လို့ရနိုင်သလား။ အကယ်၍ လင်းစက်ညီ အခန်းထဲတွင် တစ်စုံတစ်ယောက် သူနှင့်အတူရှိနေမည်ဆိုပါက လင်းစက်ညီ စကားပြောကောင်းပြောနေမိမည်။ မျက်လုံးတစ်မှိတ်တွင် သူချက်ချင်းအိပ်ပျော်ချင်မိသည်။ ယခုသူနိုးလာပြီးကတည်းက သူပြန်အိပ်လို့ မရတော့။ အိမ်အပြင်၌ အလင်းရောင်သဲ့သဲ့ပေါ်နေပြီ။ အမှန်အတိုင်းဆိုလျှင် လင်းစက်ညီ အိပ်ယာမှ မထချင်သေး။ ပြန်အိပ်လို့မရခြင်းသက်သက်ပင်။ အခန်းထဲ၌ လမ်းပတ်လျှောက်နေလိုက် ထိုင်ခုံတွင် ထိုင်လိုက်၊ ကုတင်ပေါ်တွင် လှဲလိုက်နှင့်…

“…..”

“ ဟဲလို..”

“ညီ နင်နိုးနေပြီလား”

“အေး ငါပြန်အိပ်လို့မရတော့လို့ ပြောလေဇွန်..”

“အေး ငါသိတယ် ငါနင့်အိမ်ရှေ့မှာ နင့်အခန်းထဲကို လှမ်းမြင်နေရတယ်”

လင်းစက်ညီ အိမ်အပြင်သို့လှမ်းကြည့်လိုက်သည်။ အိမ်ရှေ့ ကတ္တရာ လမ်းပေါ်တွင် ဖုန်းတစ်လုံးနှင့် ဇွန်ဦးကို ။ လင်းစက်ညီ လက်လှမ်းပြလိုက်၏။

“အေး ပြော”

“လက်ဖက်ရည်ဆိုင် သွားထိုင်မလို့”

“သွားမယ်လေ..”

ဖုန်းချလိုက်၏။

            ရေချိုးခန်းဝင်ကာ သွားတိုက် မျက်နှာသစ်၏။ ယောက်ျားလေးမို့ သိပ်ထွေထွေထူးထူးပြင်ဆင်စရာ မလိုတော့။ စာကြည့်စားပွဲ အံဆွဲကို ဖွင့်လိုက်၏။ ညက ဘယ်နားထားမိမှန်းမသိသော ပိုက်ဆံအိတ်ပျောက်နေပြီ။ ခေါင်းအုံးကို မ ကြည့်လိုက်၏။ မရှိပြန်။ အခန်းတစ်ခုလုံး သူထားမိတတ်သော နေရာများကို လိုက်ကြည့်၏။ မတွေ့ရ။ အချိန် ၁ဝ မိနစ်လောက်ပင် ကြာသွားပြီ။

အိမ်ရှေ့ကတ္တရာလမ်းပေါ်တွင် စောင့်နေသော ဇွန်တစ်ယောက်လည်း ဒေါသထွက်နေလောက်ပြီ။ ပိုက်ဆံအိတ်ကလည်း ခုထိရှာမတွေ့သေး။ လိုက်ရှာနေ၍ မနေ့ညက ကားပေါ်တွင် ကျန်ခဲ့ခြင်းပင် ဖြစ်လိမ့်မည်။ လင်းစက်ညီသတိရသွား၏။ ဟုတ်သည်။ သူ ပိုက်ဆံအိတ်အား ကားထဲတွင် ခေါင်းမှီသည့်နေရာရှိ အစွပ်အတွင်းတွင် အမြဲထိုးထည့်ထားလေ့ရှိသည်။ အောက်ကို အမြန်ဆင်းလာခဲ့သည်။ ကားသော့ကိုထိုးဖွင့်ကာ ထိုင်ခုံမှ ခေါင်းစွy်အတွင်းသို့ လက်နှိုက်လိုက်၏။ ပိုက်ဆံအိတ်ထွက်လာ၏။ ထို့အပြင် ပိုက်ဆံအိတ်နှင့်အတူ အတူပါလာသော လက်ကိုင်ပုဝါလေးတစ်ခု။ လင်းစက်ညီ သေချာကြည့်မိသည်။ သူလက်ကိုင်ပုဝါသုံးတတ်သူ မဟုတ်။ ထိုလက်ကိုင်ပုဝါသည်.. မည်သူ၏ လက်ကိုင်ပုဝါ ဖြစ်နိုင်မည်နည်း။

“လွန်းသက်ချို…”

သူအံ့အားသင့်သွား၏။ တစ်ခါက လွန်းသက်ချိုကားပေါ်တွင်ပါလာသည်ဟု သူတို့ ဇဝေဇဝါ ဖြစ်ကြစဉ်က မင်းခနှင့် သူ အသည်းအသန်ရှာခဲ့ဖူးသောလက်ကိုင်ပုဝါလေး။ သူမှတ်မိသွား၏။ ကြက်သီးများဖျင်းခနဲထကာ ကျောထဲတွင် စိမ့်ခနဲ ခံစားလိုက်ရ၏။

“ညီ..”

ခေါ်သံကြောင့် လင်းစက်ညီ တုန်တက်ကာ အလန့်တကြားဖြစ်သွား၏။ မလှမ်းမကမ်းတွင် ဇွန်ဦးကို..

“နင်ကလည်း လက်ဖက်ရည်ဆိုင်သွားဖို့ ပြင်ဆင်တာ အဲ့လောက်တောင် ကြာရလား”

“မဟုတ်ဘူး ဒီလက်ကိုင်ပုဝါ”

“အဲဒီ့ လက်ကိုင်ပုဝါက ဘာဖြစ်လဲ”

လက်ကိုင်ပုဝါနှင့် ပတ်သက်သည့် ဇာတ်လမ်းက သူနှင့် မင်းခ နှစ်ယောက်ထဲသာ သိ၏။ ဇွန်ဦးကိုအား အခု ပြောပြလိုက်လျှင် အစအဆုံးပြန်ရှင်းပြနေရမည်။ သူစိတ်သိပ်မရှည်လှ။ နားမလည်သည့် အကြောင်းအရာတစ်ခုအား သူအချိန်ပေး၍ရှင်းပြနေလေ့မရှိ။

“ဘာမှမဟုတ်တော့ဘူး…”

“ မဟုတ်ရင်လည်း သွာမယ်လေ”

ဇွန်ဦးကိုက ရှေ့က ဦးဆောင်လျှက် လင်းစက်ညီက နောက်က လိုက်သွား၏။ သူ၏လက်ထဲတွင် လက်ကိုင်ပုဝါလေးတစ်ထည်က တဖြတ်ဖြတ်နှင့်…။

*******

“ပြီးဆုံးမသွားခင်မှာတော့ အရာအားလုံးက မဖြစ်နိုင်ဘူးလို့ ထင်ရတယ်”

*******

ဇွန်ဦးကို လက်ဖက်ရည်တစ်ငုံသောက်၏။

“နင်ကိုယ့်ဟာကိုယ်ထုတ်ထားတဲ့ ဒဿနလား”

“မဟုတ်ဘူး Nelson Mandela ပြောတာ”

“သူက ဘယ်သူလဲ”

လင်းစက်ညီ ပြန်မဖြေဘဲတိတ်ဆိတ်နေကာ စားပွဲထောင့်စွန်းတွင် တင်ထားသော လက်ကိုင်ပုဝါလေးအား ငေးနေမိ၏။ ဘယ်ကဘယ်လို ကားထဲကထိုင်ခုံတွင် ကျန်ခဲ့ပါသလဲ။ သူသေချာသတိမရ။ လက်ကိုင်ပုဝါလေးတွင် ဘယ်လိုရနံ့မျိုးရှိနေမည်လဲ။ သူသံသယဝင်နေမိသည်။

“ရေမွှေး….”

ရုတ်တရက် ဇွန်ဦးကို ထအော်လိုက်သဖြင့် လင်းစက်ညီ အံ့အားသင့်သွား၏။ သူစဉ်းစားနေသည်ကို ဇွန်ဦးကို ဘယ်လိုလုပ်သိသွားပါလိမ့်။ လင်းစက်ညီ ခေါင်းကို တွင်တွင်ခါမိသည်။

“ဘာတုန်းဟ အလန့်တကြား”

“နေ့လည်ကျရင် ငါသွားစရာရှိတာ။ အဲဒါအိမ်ကထွက်ကတည်းက စဉ်းစားလာတာ။ ခုမှသတိရတယ်။ ရေမွှေးသွားဝယ်မလို့”

ပြောရင်း ဇွန်ဦးကို ရှက်ပြုံးပြုံးပြ၏။

“နေစမ်းပါဦး နင်ကဘယ်လိုဖြစ်ပြီး ဒီနေ့စောစောစီးစီးနိုးနေတာလဲ”

“မသိပါဘူးဟာ စိတ်ထဲတော့လေးနေတယ်”

“သြော်နင်ကလည်း နောက်ကျတာမှ မကောင်းတာ အိပ်ယာကစောစောနိုးတာပဲ ကောင်းတာပေါ့”

လင်းစက်ညီ မျက်မှောင်ကျုံ့၏။

“နင်အဲ့လိုတော့ စကားကိုပုံသေမပြောနဲ့ ဇွန်။ ဒါဆို လူတစ်ယောက် စောစောအိပ်ယာဝင်တယ်ဆိုရင် ကောင်းလား မကောင်းဘူးလား”

“ကောင်းတာပေါ့”

“အေး ဒါဆို ငါပြောတဲ့လူက မနက်စောစော အိပ်ယာဝင်တဲ့လူဆိုရင်ကောကောင်းသေးလား”

“အဲ..”

ဇွန်ဦးကို စကားထစ်သွား၏။ ကြောင်အမ်းအမ်းနှင့် လင်းစက်ညီအား ပြန်ပြောရန် သူဂနာမငြိမ်ဖြစ်သွား၏။ လင်းစက်ညီက ဆက်ပြော၏။

“အေး နောက်ရှိသေးတယ်။ သေတာရယ် ရေငုပ်တာရယ် အဲ့၂ခုကလည်း နောက်ကျလေကောင်းလေပဲ”

ပြောကာ လင်းစက်ညီ လက်ဖက်ရည်မော့သောက်၏။ ရုတ်တရက် ဖုန်းမြည်လာ၏။ လင်းစက်ညီ ဖုန်းနံပါတ်အား ကြည့်ကာ …

“အေး မင်းခ ပြော”

“ . . . . .”

“ငါ လက်ဖက်ရည်ဆိုင်မှာ..”

“……….”

“အေး ဇွန်နဲ့”

“ ဟေ့ကောင် လက်ဖက်ရည်ကို ဇွန်းနဲ့သောက်တာမဟုတ်ဘူး ဇွန် .. ဇွန် .. ဇွန်ဦးကို နဲ့သောက်နေတာကွ”

“ . . . . .”

လင်းစက်ညီဖုန်းချလိုက်၏။ ဇွန်ဦးကိုက လင်းစက်ညီဖုန်းအား လှမ်းယူရင်း..

“နင့် handset က ချစ်စရာလေးပဲ။ ဘယ်တုန်းကဝယ်ထားတာလဲ”

“စလုံးက ပါလာတာ”

“အော်…”

ပြောရင်းဆိုရင်း ဇွန်ဦးကို လင်းစက်ညီအား ဖုန်းကင်မရာဖြင့် ဓာတ်ပုံလှမ်းရိုက်လိုက်၏။

“ဘာလုပ်တာလဲ”

“ကင်မရာစမ်းတာလေ”

လင်းစက်ညီ မျက်မှောင်ကျုံ့ကာ ကော်ဖီမော့သောက်၏။
“ ညီ ဖုန်းလာနေတယ်….။”

လင်းစက်ညီ ဖုန်းကိုယူကြည့်လိုက်၏။

“Unknown!”

ဖုန်းနံပါတ်မပေါ်သဖြင့် လင်းစက်ညီ အံ့အားသင့်သွား၏။

“ဟဲလို..”

“ရှင့်ဘယ်ဘက်ပါးက ခြစ်ရာလေးတစ်ခုက သွေးတွေထွက်နေတယ်”

လင်းစက်ညီ ယောင်ယမ်းပြီး ဘယ်ဘက်ပါးကို လက်ဖြင့် ပွတ်သပ်လိုက်၏။ အနီရင့်ရောင် ချွဲပျစ်ပျစ်အရည်များ။ တစ်နည်းအားဖြင့် သွေးများ…။လင်းစက်ညီ အံ့အားသင့်သွား၏။

“ခင်ဗျား ဘယ်သူလဲ”

“.. .. .. .. .. ..”

အံ့သြစရာတော့ကောင်းသည်။ သူမဘယ်သူပါလိမ့်။ ပတ်ဝန်းကျင်ကို သူလှည့်ပတ်ကြည့်၏။ လက်ဖက်ရည်ဆိုင်တွင်လည်း မနက်စောစောမို့ ယောက်ျားလေးများသာရှိကြသည်။ မိန်းခလေးဟူ၍ ဇွန်ဦးကိုသာရှိသည်။ ဖုန်းနံပါတ်ကြည့်ရန် ဖုန်းခလုတ်တွေကို သူနှိပ်ပစ်လိုက်၏။

“message sent”

“ဇွန် ဒီထဲက message က နင်ပို့လိုက်တာလား”

“အယ်.. ပေါက်ကရ… ငါမပို့ပါဘူး”

လင်းစက်ညီ message ကိုဖွင့်ကြည့်လိုက်သည်။ attachment ဖိုင်လေးတစ်ခု ကပ်ပါနေ၏။ … သံသယဖြစ်စရာ။ ဇွန်သူ့အား ရိုက်လိုက်သောဓာတ်ပုံအား ရှာကြည့်သည်။ မတွေ့။

“ဇွန် နင်ခုနက ငါ့ကို ဓာတ်ပုံရိုက်လိုက်တာ သေချာပါတယ်နော်”

“အင်း သေချာတယ်လေ”

“ဒီမှာ မရှိတော့ဘူး”

ဇွန်ဦးကိုက ဖုန်းကို ယူကာ သူမကိုယ်တိုင်ရှာဖွေကြည့်၏။

“လင်းစက်ညီ နင်ငါ့ကို အာရုံလာစားနေတယ်နော်။ ဘယ်မှာလဲ ဓာတ်ပုံ နင်ဖျက်လိုက်တာမလား”

လင်းစက်ညီပါ ကြောင်တောင်တောင်ဖြစ်သွား၏။

“မဟုတ်ဘူး ငါမဖျက်ဘူး။ message sent ဆိုတာတွေ့လို့ ဖွင့်ကြည့်တာပဲရှိတာ”

“ဘယ်မှာလဲ နင်ပြောတဲ့ message မရှိပါဘူး”

လင်းစက်ညီ ဖုန်းကိုယူကာ message များအား သေချာစွာကြည့်လိုက်၏။ …

 ======================================================
အဖြူရောင်ကျိန်စာ
လူအိမ်သစ်
အခန်း(၃) 

ပုံမှန်အတိုင်းဆို .. မာတာ ဟာ တံခါးလာဖွင့်ပေးရမယ်၊ အိမ်စေကောင်မလေးတစ်ယောက် တံမြက်စည်းလှဲနေမယ်၊ မီးဖိုထဲမှာ ချက်ပြုတ်နေတဲ့ အိမ်စေတစ်ယောက်၊ ခြံထဲမှာ မာလီတစ်ယောက် ခြံရှင်းနေမယ်၊ ဒီလိုပဲ ဖြစ်ရမှာ။

ခုတော့ ရဲအရာရှိတွေနဲ့ ရဲသားတချို့ကလွဲပြီး ဘယ်သူမှရှိမနေဘူး။

အခုနက ရဲသားဟာ ကျွန်မကို ခေါ်သွားပြီး “ဒါ ဂျန်းနာ ဘရောင်နာ ဘန့်စ်” လို့ မိတ်ဆက်ပေးတယ်။ သူ့ရဲ့ သတိရခြင်း၊ အမှတ်ရခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ရမယ်။ သူ ကျွန်မရဲ့ နာမည်အပြည့်အစုံကို မမေ့မလျော့ (မေမေ့နာမည်ဖြစ်တဲ့ အလယ်စာလုံးပါအောင်) ခေါ်လိုက်တဲ့အတွက်ကြောင့်ပဲ။

သူတို့က အလွန်စိတ်မကောင်းဖြစ်ရပါကြောင်း ကျွန်မကို ပြောကြတယ်။ ဒါပေမဲ့ သူတို့ ကျွန်မကို မေးခွန်းတချို့တော့ မေးကြလိမ့်ဦးမယ်။ မေးကြလိမ့်မယ်လို့ ကျွန်မ သိနေတယ်။

ကျွန်မ စိတ်ရှုပ်ထွေးလွန်းစွာနဲ့ လှည့်ပတ်ကြည့်နေမိတော့တာပဲ။

ဟိုရဲသားကတော့ ကျွန်မရဲ့ အတွင်းစိတ်ကို မြင်သွားပုံရတယ်။

“မင်း အဖေ ညက သေဆုံးခဲ့တာပဲ ဂျန်းနာ .. ဆေးရုံကိုတော့ ဒီမနက်စောစောပိုင်းမှပဲ ရောက်လာတယ်”

“ကျွန်မ နားမလည်နိုင်တော့ဘူး”

ကျွန်မရဲ့ ခြေထောက်တွေ မတ်မတ်ရပ်ဖို့ အဆင်မပြေတော့ဘူး။ ကျွန်မ သိပ်ကို အားနည်းနေပြီ။

“ဒါ .. ရှင်းနေတဲ့ကိစ္စပဲ”
အရပ်ဝတ် ဝတ်ထားတဲ့ ရဲတစ်ယောက်က ပြောတယ်။

သူကပဲ ဆက်ပြီး .. “စိတ်မကောင်းပါဘူး ဂျန်းနာ .. ငါတို့အထင်တော့ မစ္စတာဘန့်ခ်ကို သူ့မိန်းမ သတ်တာပဲ” လို့ ပြောလေရဲ့။

“တိုနီလား .. ?”
ကျွန်မ တုန်တုန်ယင်ယင်ပဲ မေးလိုက်မိတယ်။ မေးလိုက်မိတယ်ဆိုတာထက် နှုတ်က အလိုအလျောက် ထွက်သွားမျိုးခြင်းပဲ။

တိုနီ ဆိုတဲ့ မိန်းမဟာ အနည်းငယ် စိတ်တိုစရာကောင်းတာမှန်ပေမယ့် လူသတ်မှုကျူးလွန်တဲ့ထိတော့ မဖြစ်နိုင်လောက်ဘူး ထင်တာပါပဲ။

အိမ်ရဲ့ဝင်ပေါက်အနီးမှာ ရှေးဟောင်းကုလားထိုင်အချို့ရှိတယ်။ ထိုင်ဖို့တော့မဟုတ်ဘူး၊ အလှပြရုံသက်သက် ဖြစ်တယ်။ ဖေဖေက အစောပိုင်း ကနေဒီယန်လက်ရာတွေကို အတော်လေး သဘောကျနှစ်ခြိုက်သူဖြစ်တယ်။ ကျွန်မစိတ်ထင်တော့ ဒီကုလားထိုင်တွေဟာ ကနေဒီယန်သမိုင်းမှာ ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်ရဲ့ ညစာစားပွဲက ထိုင်ခုံတွေဖြစ်မှာပဲ။

ရဲသားက ကျွန်မကို အဲ့ဒီကုလားထိုင်တွေဆီ ခေါ်သွားတယ်။ ကျွန်မမှတ်မိသလောက် ဒီကုလားထိုင်မှာ အခုလို ထိုင်ဖူးတာ ကျွန်မဘဝအတွက် ပထမဆုံးအကြိမ်ပဲ။

သူက ထိုင်နေတဲ့ကျွန်မနဲ့ နီးကပ်အောင် ခါးကိုကိုင်းချလိုက်ရင်း ..
“တိုနီက မင်းရဲ့အမေလား”
လို့ မေးတယ်။

ကျွန်မ ခေါင်းကိုခါပစ်လိုက်ရင်း ..
“မေမေ ဆုံးခဲ့တာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းကပဲ”
“ကင်ဆာရောဂါနဲ့”
လို့ ကျွန်မ ထပ်ဖြည့်ပြောလိုက်တယ်။

သူက သဘောကျသလို ခေါင်းငြိတ်တယ်။ သူတို့ကိုယ်တိုင်လည်း တိုနီဟာ ကျွန်မရဲ့အမေ မဟုတ်လောက်ဘူး လို့ ခန့်မှန်းထားကြပုံပဲ။

နောက်ထပ် အရပ်ဝတ်ပုဂ္ဂိုလ်နှစ်ဦးနဲ့ ထပ်တွေ့ရတယ်။ ကျွန်မစိတ်ထင်တော့ အလွတ်စုံထောက်တွေ ဖြစ်မယ်ထင်တာပါပဲ။ သူတို့ဟာ ကုလားထိုင်အချို့ကို အိမ်ဝင်ပေါက်အပြင်ဘက်ထိ ဆွဲထုတ်သွားကြတယ်။ ကျွန်မကတော့ ကြည့်နေရုံသက်သက်ပဲ။

ရဲသားဟာ ကျွန်မကို ထိုင်ခုံမှာ ထိုင်နေစေပြီးတဲ့နောက်၊ ကျွန်မနဲ့ မျက်နှာချင်းဆိုင်လိုက်တယ်။

“မစ္စတာဘန့်ခ်ဆီက စာတစ်စောင် ရခဲ့တယ်လို့ မင်းပြောခဲ့တယ်နော်”
သူက ပြောတယ်။
“အဲ့ဒီစာနဲ့ ပတ်သက်လို့ မင်း နည်းနည်းပြောပြပေးနိုင်မလား”

“သိပ်ပြီး ပြောစရာတော့မရှိပါဘူး .. ဖေဖေက ကျွန်မအတွက် ဒေါ်လာသုံးသန်း ဘဏ်ထဲမှာ ထည့်ပေးထားတယ် ဆိုတာရယ်၊ သူ့လက်မှတ်ရယ် .. ဒါပဲ။ ကျွန်မတွက်မိလိုက်တာက ဘာတွေဖြစ်နေသလဲ ဆိုတာ သိရဖို့အတွက် အိမ်ပြန်လိုက်တာ အကောင်းဆုံးပဲလို့ ယူဆမိတယ်လေ”

စုံထောက်တစ်ယောက်က ကျွန်မကိုမေးတယ်။

“အဲ့ဒီဒေါ်လာသုံးသန်းဟာ မင်းအဖေရဲ့ ကျန်းမာရေးကို ဆိုးရွားစေနိုင်လောက်တဲ့ ပမဏလား”

 “ဘုရားသခင် ... မဟုတ်ဘူး ..”

ကျွန်မ မဲ့ရွဲ့ပြီး ဖြေလိုက်တယ်။ သည်လူဟာ ရူးများနေသလား။ သည်အိမ်ရဲ့ တန်ဖိုးတင် အနည်းဆုံး ဒေါ်လာငါးသန်းလောက် ရှိတာ။ ဒီ့ထက်ပိုရင်တောင် ပိုဦးမယ်။ ဘာလို့လဲဆိုတော့ အခုလက်ရှိ ကျွန်မတို့မြို့ရဲ့ အိမ်ဈေးတွေကလည်း အတော်ကိုမြင့်နေတာလေ။

“ဒေါ်လာသုံးသန်း ဆိုတာ သည်အိမ်တန်ဖိုးရဲ့ အစိတ်အပိုင်းတစ်ခုပဲ”

“ဒါဖြင့် .. ကျန်တာတွေက မင်းရဲ့မိထွေးရမှာပေါ့ .. ဟုတ်လား”

ကျွန်မ စိတ်မဝင်စားဟန်နဲ့ ပုခုံးတွန့်လိုက်တယ်။
“ကျွန်မ မသိဘူး။ ကျွန်မ အိမ်ကိုပြန်လာခဲ့တာ ငွေရေးကြေးရေးကိစ္စ ဆွေးနွေးဖို့လည်း မဟုတ်ဘူး။ ကျွန်မ ပိုက်ဆံကိစ္စ စိတ်ကိုမဝင်စားတာ။ ဖေဖေ့စိတ်ထဲမှာ ဘာတွေရှိနေတယ်ဆိုတာ သိရဖို့ ကျွန်မလာခဲ့တာပဲ”

“ဒါပေမဲ့ ဖေဖေ ဘယ်လိုဖြစ်ခဲ့တာလဲ။ ဘာကြောင့် ဒီလိုဖြစ်ခဲ့တာလဲ”

ရဲသားဟာ ကျွန်မရဲ့အမေးကို မဖြေဘဲ လူတစ်ယောက်ကို လှမ်းကြည့်လိုက်တယ်။

အဲ့သည့်လူက ခေါင်းကို ခပ်ဖြည်းဖြည်းငြိတ်ရင်း ..

“မစ္စတာဘန့်ခ် သေဆုံးပုံက သိပ်ကိုမြန်လွန်းတယ် ဂျန်းနာ။ ကျွန်တော်တို့ထင်တာတော့ .. သူနဲ့ ခင်ဗျားရဲ့မိထွေးတို့ စာကြည့်တိုက်ထဲမှာ တစ်စုံတစ်ခုကို ငြင်းခုန်ခဲ့ကြလိမ့်မယ်။ အဲ .. မီးလင်းဖိုအနားမှာပဲ”

ကျွန်မ ခေါင်းငြိတ်လိုက်တယ်။

ဖေဖေ့အနေနဲ့ တခြားတစ်ယောက်နဲ့ ဆွေးနွေးငြင်းခုံစရာအကြောင်းမှ မရှိပဲ။ ဒါပေမဲ့ ကျွန်မရဲ့မိထွေး တိုနီက စကားပြောချင်တယ် ဆိုရင်တော့ သေချာပေါက် မီးလင်းဖိုနားမှာ ထိုင်မှာပဲ။ အခုက ဇွန်လ ဆိုတော့ မီးလှုံစရာ မလိုပေမယ့် အဲ့ဒီနေရာလေးဟာ ဖေဖေ့အကြိုက် နေရာလေးပဲလေ။

“သူမ မီးဆွတံနဲ့ တိုက်ခိုက်ခဲ့တယ်။ အဖြစ်အပျက်က ထင်မှတ်မထားတဲ့အချိန်မှာ တော်တော်မြန်မြန်ဖြစ်ခဲ့ပုံပဲ။ ဘာလို့လဲဆိုတော့ သတ်ပုတ်ထားတဲ့ လက္ခဏာ မတွေ့ရဘူး”

ကျွန်မ မျက်နှာကို ရှုံ့မဲ့လိုက်မိတယ်။ ဖေဖေဟာ တိုနီ့ကို ပြန်ပြီးသတ်ပုတ်မှာမဟုတ်ဘူး။ ပြီးတော့ အခြေအနေကလည်း သူ လုံးဝ မျှော်လင့်မထားတဲ့ အခြေအနေမျိုးပဲလေ။ တိုနီဟာ သူ့ကို မီးဆွတံနဲ့ ရိုက်လိမ့်မယ်လို့ ထင်ထားမှာကိုမဟုတ်ဘူး။

“တိုနီဟာ အဲ့ဒီလို တိုက်ခိုက်ခဲ့ပြီးမှ အသိတရား ဝင်လာပုံရတယ်။ ကားမောင်းပြီး ထွက်သွားခဲ့တယ်လေ”

ဒါ ဖြစ်နိုင်ချေရှိပါတယ်။ ကျွန်မ တိုနီရဲ့ ဆာ့ဖ်ကားကို မတွေ့မိဘူးလေ။

“သူမရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ပြောဖို့တော့ ခက်တယ်။ မြောက်ဘက်ကို ဦးတည်ပြီး မောင်းသွားတာပဲ။ သူမ စိတ်ကယောက်ကယက်ဖြစ်နေခဲ့တယ်။ မြောင်းထဲကို ထိုးဆင်းသွားတဲ့အထိ ကားကို ကောင်းကောင်းမမောင်းနိုင်ခဲ့ဘူး။ မြောင်းထဲကျပြီးနောက် သူမ ကားထဲကနေ ထွက်သွားခဲ့တယ်”

စုံထောက်တစ်ယောက်က ဖြစ်စဉ်ကို ပြောပြတယ်။

“သူမရဲ့ လက်မှာ သွေးတွေပေနေတယ်။ ဒါပေမဲ့ သူမရဲ့ သွေးအမျိုးမစားနဲ့ မတူတာကြောင့် ဆေးရုံက ကျွန်တော်တို့ကို အကြောင်းကြားခဲ့တယ်။ ဘာလို့လဲဆိုတော့ သူမမှာ သွေးထွက်လောက်စရာ ဒဏ်ရာ မရှိဘူးလေ။ ဒါကြောင့်လည်း ဆေးရုံက သံသယဝင်ခဲ့တာပဲ”

“သူမ ဝန်ခံခဲ့လား”
ကျွန်မ မေးလိုက်မိသည်။

စုံထောက်က ခေါင်းခါရင်း ..
“သူမ စကားတစ်လုံးမှ မပြောခဲ့ဘူး။ ဒါပေမဲ့ သက်သေအထောက်အထားတွေအားလုံးကတော့ ခိုင်လုံနေပြီ။ သူမရဲ့လက်ချက်ဆိုတာ သေချာသလောက်ပဲ”

ကျွန်မ တွေတွေဝေဝေပဲ ခေါင်းငြိတ်နေမိတယ်။
ဒါပေမဲ့ အတွေးတစ်ခုကတော့ ခေါင်းထဲဝင်လာလေရဲ့။

ဒီလိုရော မဖြစ်နိုင်ဘူးလား ..။ တိုနီဟာ စာကြည့်ခန်းထဲ ဝင်လာမယ်။ မီးဆွတံနဲ့ အရိုက်ခံထားရလို့ လဲကျနေတဲ့ ဖေဖေ့ကို တွေ့မယ်။ သွေးတွေရွှဲနစ်နေတဲ့ ဖေဖေ့ကို ပွေ့လိုက်မယ်။ သွေးတွေက သူမလက်မှာ ပေသွားမယ်။

တိုနီ့လို ပိန်ပိန်သေးသေး မိန်းမတစ်ယောက်က မီးဆွတံနဲ့ သွေးအေးအေး ရိုက်သတ်ဖို့ ဆိုတာ ကျွန်မမျက်စိထဲ ပုံဖော်ကြည့်လို့တောင်မရဘူး။ ငြင်းခုံတယ်ဆိုတာ ပိုဆိုးသေး။ ဖေဖေဟာ ငြင်းခုံတတ်တဲ့လူစားမျိုးမဟုတ်မှန်း ကျွန်မ သေချာတာပေါ့။

တစ်ခုခုတော့ မှားနေပြီ။ တိုနီက ဖေဖေ့ကို ဘာကြောင့် သတ်ရမှာလဲ။ ငွေကြေးကြောင့်တော့ မဖြစ်နိုင်ဘူး။ ကျွန်မရတဲ့ ဒေါ်လာသုံးသန်း ဆိုတာ ဖေဖေပိုင်ဆိုင်တာနဲ့ ယှဉ်လိုက်ရင် အသေးအမွှားကလေးလောက်ပဲ။ အဲ့ဒီပိုင်ဆိုင်မှုတွေကို ဖေဖေ သေပြီး မကြာခင်မှာ တိုနီပဲ ရမှာမဟုတ်လား။

 ======================================================

ဆောင်းပါး

ကျားလား ပျားပိတုန်းလေးလား......ညီအစ်ကိုမောင်နှမတွေရယ်ပါ
- အ မွ န် မွ န်း -

"အခြောက်ကြီး အခြောက်ကြီး.....ဝေးဟေးဟေး"

ကလေးတစ်သိုက်ရဲ့ အော်သံနဲ့ အတူ ဆိုင်ရှေ့ မှာ ရုတ်ရုတ်သဲသဲ ပြေးလွှားသံတွေကြားလိုက်ရတော့ သုသု နဲ့ ကီလေးတို့ နှစ်ကောင် ခေါင်းထောင်လာကြသည်။ သူတို့လေးတွေ ကလေးပီပီ စပ်စုချင်တဲ့ စိတ်ကလေးနဲ့ ဆိုင်ရှေ့ကို သွားဖို့ မျက်လုံးအ၀ိုင်းသားလေးတွေနဲ့ ကျွန်မကို ခွင့်တောင်းကြည့်ကြည့်နေကြတော့ ကျွန်မကိုယ်တိုင်ကပဲ သူတို့လက်ကလေးတွေ ဆွဲခေါ်လို့ ဆိုင်ရှေ့ကို ထွက်လာခဲ့လိုက်ပါတယ်။ ဒီလိုမှ မဟုတ်ရင် စာထဲကို ဘယ်လိုမှ စိတ်ဝင်စားတော့မှာ မဟုတ်မှန်း သိတဲ့အတွက် သူတို့လေးတွေကို အလိုလိုက်ရင်း ကျွန်မလည်း အဲဒီ မြင်ကွင်းတစ်ခုကို စိတ်ဝင်စားနေခဲ့မိပြီလေ။

နေရောင်အောက်မှာ သူ့ရဲ့အနီရောင်ဖဲဂါဝန်ကြီးက လွှားကနဲ ဝဲပျံရင်း သူ့ရဲ့သီချင်းသံနဲ့ အတူ အနုပညာ တစ်ခုကို ဖော်ကြူးနေလေရဲ့။

" မလွမ်းရဲသေးဘူး မောင်ရယ်........ခဏတော့ မထားခဲ့ပါနဲ့ ....အချစ်ရိပ်လေးမှာ အိပ်နေချင်သေးတယ်......."

အယ်ဆိုင်းဇီရဲ့အသံချိုချိုလေးကို လိုက်တုပြီး မုဒ်အပြည့်နဲ့  သီဆိုနေတဲ့ သူ့ အသံသြသြလေးကလည်း ကျွန်မစိတ်ထဲတော့ တစ်မျိုး နားထောင်ကောင်းနေတယ်လို့ ပဲ ထင်မိတယ်။ ကျွန်မတို့ ဆိုင်ရှေ့ နားမှာ လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင် ရှိတာကြောင့် အဲဒီလက်ဖက်ရည်ဆိုင်မှာ လာသောက်နေကြတဲ့ ဆယ်ကျော်သက်အရွယ် ကောင်ကလေးတစ်သိုက်ရဲ့ တောင်းဆိုမှု နဲ့ သူဖျော်ဖြေနေတာကိုး။ သီချင်း ၃ ပုဒ် တစ်ထောင်ကျပ်ကို ငါးရာထား ဆိုပြီး ဈေးဆစ်နေသေးတာကို စိတ်ထဲမကောင်းပေမယ့် ဒီအတိုင်းပဲ ဆက်ကြည့်နေလိုက်တယ်။ သူတို့ အတွက် နန်းကြီးသုတ်တစ်ပွဲကို တစ်ထောင်လောက် ပေးစားနေနိုင်တဲ့ အခြေအနေမှာ သူတပါးရဲ့ ဝမ်းစာရှာဖွေစားသောက်ခြင်းအပေါ် ဒီလို စနောက်ပြီး တန်ဖိုးဆစ်နေတာကို ကျွန်မ ပုံကြီးချဲ့ပြီး အများကြီး ဆက်မတွေးချင်နေခဲ့ဘူး။ သူတို့ လေးတွေဟာ လူငယ်လူရွယ်လေးတွေဖြစ်ပြီး သူတို့ ရဲ့အသိဥာဏ်ထဲကို ကိုယ်ချင်းစာတရား၊ စဉ်းစားတွေးခေါ်နိုင်ခြင်းဆိုတာတွေဟာ ကျွန်မရှိစေချင်နေတဲ့ အတိုင်းအတာအတိုင်း ဘယ်ရှိနေနိုင်မလဲလေ။

သုသုနဲ့ ကီကီလေး တို့ ကတော့ စိတ်ဝင်တစားကြည့်ရင်း ပျော်နေကြပုံပဲ။ တခစ်ခစ်နဲ့ သီချင်းတောင် လိုက်ညည်းနေလိုက်သေးတယ်။ အဲဒီမှာ ကျွန်မ သတိထားမိတာက ဘာတေးဂီတ ပံ့ပိုးမှုမှ မပါဘဲ သူ့ ရဲ့သီချင်းသီဆိုမှုဟာ အသံသြသြရှတတနဲ့ အရမ်းကို ဆွဲဆောင်မှုရှိနေတာကိုပါ။ သူဟာ ဂီတမှာ ပါရမီရှိသူတစ်ယောက်လို့ ကျွန်မစိတ်ထဲကနေ တိတ်တိတ်လေး အမှတ်ပေးနေမိတယ်။ တဆက်တည်း ကျွန်မ စိတ်အတွေးထဲ ဝင်ရောက်လာတဲ့ မေးခွန်းက သူဘာလို့ ဒီလို အသက်မွေးဝမ်းကြောင်းအလုပ်ကို ရွေးချယ်ခဲ့တာလဲ။ သူ့ မှာ မိသားစု စီးပွားရေး အခက်အခဲရှိမယ်ဆိုရင်တောင် ဘာလို့ များ လူအများကြား ဂုဏ်သိက္ခာကို ရောင်းဝယ်ဖောက်ကားရတဲ့ အဲဒီအလုပ်ကြီးကို ရွေးချယ်ခဲ့တာပါလဲပေါ့လေ။ သူဟာ ယောက်ျားတစ်ယောက်ဖြစ်ရက်နဲ့ ခုလို မိတ်ကပ်ထူထူလိမ်း၊ အရောင်တောက်တောက်ကြီးတွေ ဝတ်ပြီး ပိုက်ဆံ ဘယ်လောက်မှ မရနိုင်တဲ့ အလုပ်အတွက် ဘယ်လို စိတ်မျိုးနဲ့များ ရှင်သန်ရပ်တည်တာပါလိမ့်လို့ ကျွန်မ သူ့ ကို စကားပြောချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာခဲ့တယ်။

ကျွန်မစိတ်ထဲ အတွေးတွေ တန်းစီဝင်ရောက်နေခဲ့တဲ့အချိန်အတွင်းမှာပဲ မမျှော်လင့်တဲ့ မြင်ကွင်းတစ်ခုကို ကျွန်မ မြင်လိုက်ရတယ်။ အဲဒါကတော့ လက်ဖက်ရည်ဝိုင်းထဲက ကောင်လေးတစ်ယောက်ဟာ သီချင်းဆိုနေတဲ့ သူ့ ရဲ့တင်ပါးကို ခြေထောက်နဲ့ လှမ်းကန်လိုက်ပြီး "အခြောက်မ ဒီနားကို လာစမ်း၊ အာဘွားလာပေးစမ်း " ဆိုပြီး စရိုက်ကျစွာ ပြောဆိုနေတာပါ။ သူက မျက်စိတစ်ဖက် မှိတ်ပြပြီး Flying kiss လေးနဲ့ ယဉ်ကျေးစွာ ငြင်းဆိုလိုက်တာကို ဟိုကလေးတွေက တဝါးဝါးရယ်ပြီး သူ့ ကို စနောက်နေတာကို ဘေးနားက ကလေးတစ်သိုက်ကလည်း ခုန်ပေါက်ပြီး အားပေးနေကြတယ်။ မြင်ကွင်းကတော့ ရယ်စရာကောင်းတယ်လို့ အပေါ်ယံ မြင်လို့ ရတာပေါ့။ ဒါပေမဲ့ အဲဒီ ဝန်းကျင်တစ်ခုလုံးမှာ သူ့ နေရာကို ဝင်ရောက်ခံစားကြည့်နေတဲ့ ကျွန်မ အတွက်တော့ အတော်လေး စိတ်မကောင်းဖြစ်နေရတဲ့အပြင် သူတို့ တွေရဲ့ ဘဝတွေကို စာနာနားလည်ခြင်းဆိုတဲ့ အခြေခံစိတ်လေးနဲ့ အတွေးတွေ လွင့်မျောနေမိပြန်တယ်။
ကျွန်မတို့ မြန်မာလူမျိုးဆိုတာ ယဉ်ကျေးမှုကို ရှေ့တန်းတင်တဲ့ စိတ်နှလုံးသားနူးညံ့တဲ့ လူမျိုးရယ်လို့ အသိအမှတ်ပြုခြင်း ခံထားကြရသူတွေပါ။ အဲဒီ လူ့ အသိုက်အအုံထဲမှာ သူတို့ တွေက တတိယလိင်အဖြစ်နဲ့ တည်ရှိနေကြခြင်းအပေါ် ကျွန်မတို့တွေ ဘယ်လို သဘောထားခဲ့ကြသလဲ။ လမ်းမှာ မိန်းမငယ်ချောချောလေး နှစ်ဦး နဲ့ မိန်းမလျာ ဟု ခေါ်ဆိုကြသော ထို တစ်စုံတစ်ယောက်များ ယှဉ်ပြီးလျှောက်လာကြမယ်ဆိုရင် ကျွန်မတို့ လူ့ အသိုက်အအုံကြီးရဲ့ အာရုံဟာ မိန်းမငယ်ချောချောလေးများကို ကျော်လွန်ပြီး သူ့ အပေါ် လုံးလုံးလျားလျား ကျရောက်တတ်လေ့ရှိကြပါတယ်။ ဘာလို့ လဲ။ ယောက်ျား၊ မိန်းမ ဆိုတာ သဘာဝတရားကြီးအတိုင်း တည်ရှိနေတဲ့ လိင်အမျိုးအစားများဖြစ်ပြီး သူတို့ တွေကိုတော့ သဘာဝကို ဆန့်ကျင်ဖြစ်တည်နေသော ဖောက်လွဲဖောက်ပြန် လူသားများလို့ ကျွန်မတို့ ကနဦးကတည်းက သတ်မှတ်လိုက်ကြခြင်းကြောင့်များလား။ ဒါမှမဟုတ် သူတို့ တွေရဲ့ ပြုမူနေထိုင်ပုံဟာ အများတကာနဲ့ ဆန့်ကျင်ပြီး စိတ်ဝင်စားစရာ ဖြစ်နေလို့များလား။ ဒီမှာ စိတ်ဝင်စားတယ်ဆိုတဲ့နောက်မှာ တဆက်တည်း ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေက .. .. ..

"ရွံစရာကြီးတွေဟယ်"

" ရှက်ဖို့ ကောင်းလိုက်တာ.......လူဖြစ်ပြီး လူလိုမနေကြဘူး"

" နှမြောစရာ ကောင်းလိုက်တာနော် မြင့်မြတ်တဲ့ ယောက်ကျားဘဝကို ရထားတာတောင် ကိုယ့်ကိုယ်ကို တန်ဖိုးမထားတတ်ကြတဲ့သူတွေ"

" အတော်ရွတဲ့ အမျိုးတွေ * အခြောက်တွေ"

" ဟေ့ရောင်တွေ သွားမစနဲ့ နော် ဆွဲစိခံရလိမ့်မယ် "

ဒီလို မှတ်ချက်မျိုးတွေကို သင်တို့ ကိုယ်တိုင်လည်း ပြောဖူးရင်ပြောဖူးလိမ့်မယ်။ ဒါမှမဟုတ် ကြားတော့ ကြားဖူးကြမှာပါ။

ဒီလိုပဲ ကျွန်မတို့ဟာ သူတို့တွေကို မြင်ရင် လိုက်မကြည့်ဘဲ မနေနိုင်တဲ့သူ ရှားပါတယ်။ အာရုံတော့ စိုက်မိကြတာချည်းပဲ။ ဒါ ကျွန်မတို့ သတိမထားမိတဲ့ ကျွန်မတို့ ရဲ့ လူနေမှု စရိုက် အလေ့အထ တစ်ခုရယ်လို့ ဖြစ်လာတဲ့အခါမှာတော့ ဒါဟာ ကောင်းသောအကျင့်တစ်ခု ဖြစ်တယ်လို့ တော့ မဖြစ်နိုင်ဘူးဆိုရင် အားလုံးလက်ခံကြမယ်လို့ ကျွန်မမျှော်လင့်မိတာပဲ။ ကျွန်မ မှာ မောင်ငယ်လေး တစ်ယောက် ရှိပါတယ် သူက Charming Draft လေးပါ။ သူ့ ဟာ အခု အသက်အရွယ်ရသည်အထိ လူ့ ပတ်ဝန်းကျင်မှာ ပုံမှန်ရဲရဲဝံ့ဝံ့ သာမန်လူလို သွားလာနေထိုင်ဖို့  ခက်ခဲနေတုန်းပါ။ ခက်ခဲတယ်ဆိုတာ သူတို့ လို လူမျိုးလေးတွေကို ကျွန်မတို့ လူ့ အသိုက်အအုံက အာရုံစိုက်ပြီး အထူးအဆန်းလို ဆက်ဆံကြတာကြောင့်ပါ။ သူနဲ့ အတူ ရွှေတိဂုံ ဘုရားကို သွားကြတုန်းကဆို သူ့ ရဲ့ ရဲဝံ့စွာ ဘ၀ကို ဖြတ်သန်းနေရတဲ့ စိတ်ဓာတ်ခိုင်မာမှု တစ်ခုကို ကျွန်မကောင်းကောင်း သတိထားမိခဲ့ပါတယ်။ ကျွန်မတို့ မြန်မာလူမျိုးများ ဘာ့ကြောင့် ဒီလို လူတွေကို အမြဲတမ်း အထူးအဆန်းကြီးသဖွယ် အာရုံစိုက်ကြရတာလဲ။ သူတို့ အတွက် ထည့်စဉ်းစားပေးနိုင်တဲ့ ကိုယ်ချင်းစာတရား ခေါင်းပါးလွန်းနေတာလား။ တချို့များဆို နောက်ကနေ လက်ညှိုးကြီးထိုး အချင်းချင်း အသိပေးလို့ အော်ဟစ်ပြီးကို လိုက်ကြည့်ကြတယ်။ ကလေးတွေဆို နောက်ကနေကို ပြေးလိုက်လာတယ်။ အဲဒီကလေးလေးတွေကို စိတ်ဓာတ်ရေးရာ ပြုပြင်ပေးရမယ့် လူကြီးတွေကိုယ်တိုင်ကိုက ပွဲကြည့်သလို ကြည့်နေကြပြီဆိုမှတော့ ကျွန်မတို့ ရဲ့ ယဉ်ကျေးမှုကို ပြောင်းလဲဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

ဒါဟာ ဆိုးရွားတဲ့ ပြဿနာတစ်ရပ် မဟုတ်ပေမယ့် သူတို့ တွေအတွက်ကတော့ စိတ်ဝေဒနာတစ်ရပ် ဖြစ်စေနိုင်ပါတယ်။ ကျွန်မ မောင်လေးက ပြောတယ်။ သူ စင်ကာပူ မလေးရှား နိုင်ငံတွေ သွားလည်တုန်းကဆို အရမ်းကို စိတ်လက်ပေါ့ပါး ပျော်ရွှ့င်ရတယ်တဲ့။ သူ့ ကို လူပုလေးရယ်လို့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အာရုံစိုက်ခြင်းမရှိဘူး။ သူ့ ဘေးနားကနေ ဖြတ်သွားလို့ တောင် သူ့ ကို လှည့်မကြည့်ဘဲ ကိုယ့်ကိစ္စကိုယ် လုပ်နေကြတာတဲ့လေ။ သူ့ ကိုယ်သူ သာမန်လူတစ်ယောက်လို ခံစားခဲ့ရတာ အဲဒီအချိန်လေးပဲရှိလို့ သူအရမ်းကို ပျော်ရွှင်လွတ်လပ်ခဲ့ရတာပါတဲ့။ ကဲ .. ကျွန်မတို့ လူ့ အသိုက်အအုံကရော ဒါကို ယဉ်ကျေးမှု တစ်ရပ်ဆိုပြီး မပြုပြင်နိုင်ဘူးတဲ့လား။ သူတို့ တွေဟာလည်း လူ့အဖွဲ့အစည်းထဲက လူပါပဲလေ။ သူတို့ ရဲ့ ရပ်တည်ရှင်သန်ခြင်းအတွက် ကိုယ်ချင်းစာစိတ်လေးကို ရင်ထဲ ပျိုးချကြည့်ကြစေချင်မိတယ်။ တကယ်တော့ ဒီလို စိတ်ကလေးကို မွေးမြူလိုက်တယ်ဆိုတာ အဲဒီသူ ကိုယ်တိုင်အပေါ်မှာ ဦးစွာ အကျိုးသက်ရောက်တာပါလေ။ လူသားချင်း စာနာထောက်ထားခြင်းဆိုတာ စာတန်းထိုးပြမှ ဖြစ်တာမဟုတ်ပါဘူး။ ဒီလို အသေးအမွှားလို့ ယူဆထားတဲ့ အပြုအမူလေးတစ်ခုကနေလည်း ဖော်ဆောင်လို့ ရပါတယ်။ ကိုယ့်အနေနဲ့ သူတို့ ကို သာမန်လူသားများပါလို့ အသိအမှတ်ပြုခြင်းအားဖြင့် သူတို့ အပေါ် ဒီလို အပြုအမူတွေကို ရှောင်ကြဉ်လိုက်ဖို့ သတိထားလိုက်မယ်ဆိုရင် သူတို့ တွေကို ကူညီရာရောက်မယ်။ သူတို့ ဘဝ ရပ်တည်ခြင်းအတွက် ခွန်အားတစ်ရပ် ဖြစ်စေမယ်လို့ ကျွန်မအနေနဲ့ ယုံကြည်မိတယ်။

အဲဒီလိုပါပဲ အခြောက်ကြီး လို့ နာမည်ပေးထားကြတဲ့ လူတန်းစား တစ်ရပ်ကိုလည်း ကျွန်မတို့ အနေနဲ့ လူ့ အသိုက်အအုံမှာ အားမပေးနိုင်သည့်တိုင်အောင် လက်ခံသင့်ပါတယ်။ ကျွန်မတို့ လူ့ အဖွဲ့ အစည်းထဲမှာ သူတို့ တွေဟာ ရာခိုင်နှုန်းတစ်ခုအဖြစ် တည်ရှိနေကြခဲ့ပါပြီ။ လူ့ အသိုက်အအုံကြီးတစ်ခုလုံး ယဉ်ကျေးပြီး တိုးတက်ကောင်းမွန်ဖို့ ဆိုတာ အဲဒီထဲမှာ ပါတဲ့ လူသားတွေအားလုံးနဲ့ ဆိုင်ပါတယ်။ သူများကို နှိမ်ချခြင်းဖြင့် ကိုယ်ကိုယ်တိုင် ဘယ်တော့မှ မြင့်တက်လာနိုင်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် အနာဂတ်ကို ဖန်တီးကြမယ့် လူငယ်လူရွယ်လေးတွေရဲ့ အခြေခံစိတ်ဓာတ်ကလေးကိုသာ ထိန်းညှိပြုပြင်ပေးနိုင်မယ်ဆိုရင် တချိန်မှာ ယဉ်ကျေးသော လူမျိုး ဆိုတဲ့ ခေါင်းစဉ်ထဲ ဒီအလေ့အထလေးလည်း အကျုံးဝင်လာနိုင်မယ်လို့ မျှော်လင့်မိတယ်။ တဖက်က ပြန်ပြောမယ်ဆိုရင်လည်း အဲဒီ တတိယလိင်ဆိုတဲ့ လူတန်းစားတစ်ရပ်ဟာ သူတို့ ကိုယ်တိုင်ရဲ့ ပြုမူနေထိုင်ပုံတွေကလည်း အများလက်မခံနိုင်တာတွေ ရှိတဲ့အတွက် သူတို့ တွေကိုလည်း ကိုယ်က လေးစားမှု အသိအမှတ်ပြုမှုကို ခံယူချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်ရဲ့ ပြုမှုနေထိုင်ပုံတွေကို ပြန်လည်သုံးသပ်ဆင်ခြင်စေချင်ပါတယ်။ သူတို့ တွေရဲ့ အပြောအရ သူတို့ ဟာ ယောက်ျားဟိုမုန်းနဲ့ မိန်းမစိတ်ဖြစ်နေတဲ့အတွက် သူတို့ ရဲ့စိတ်တွေဟာ သူများတကာထက်ပိုပြီး တက်ကြွတတ်တာကို "ဆပ်ဆလူးထတယ်၊ ရွတယ်၊ ကဲတယ် " ဆိုတာတွေ ဖြစ်လာရတာပါပဲ။ အဲဒီအတွက် သူတို့ ဘက်ကနေလည်း ဆင်ခြင်ဖို့ လိုပါတယ်။ အပြောမခံရဖို့ ဆိုတာ အပြောမခံရအောင်နေဖို့ က အဓိကကျပါတယ်။ တကယ်လို့ ကိုယ်က ကောင်းကောင်းမွန်မွန် တည်ငြိမ်စွာနေပြီး လူ့ အသိုင်းအဝိုင်းမှာ အကျိုးရှိစွာ ရပ်တည်နေကြမယ်ဆိုရင် ဝေဖန်ရှုံ့ချသံတွေဟာ လုံးဝ မှေးမှိန်သွားမှာပါ။

ကျွန်မ ရဲ့ အတွေးတွေ ဆက်သွားလိုက်တာ သူ့ ရဲ့တေးသီချင်းသံလေး အတော်ဝေးဝေးရောက်သွားတာကိုတောင် သတိမထားမိလိုက်ပါဘူး။ ကျွန်မစိတ်ထဲက အတွေးတွေအတွက် ကီကီလေးနဲ့ သုသုတို့ ကို သူတို့ တွေဟာ စနောက်စရာ ရှုံ့ချစရာ လူမျိုး မဟုတ်ဘူး ဆိုတာ ပြောပြနိုင်မယ်လေ။ အနည်းဆုံး ကိုယ်တတ်နိုင်တဲ့ ကိစ္စသေးသေးလေးကနေ စတင်လိုက်ခြင်းကသာ တကယ်စတင်ခြင်းဖြစ်တယ်လို့ ပြောစကားလေးကို မှတ်ထားခဲ့ဖူးတယ်။ ကျွန်မရဲ့ တူလေးနဲ့ တူမလေးတွေ ဖြစ်တဲ့ ကီကီနဲ့ သုသုတို့ အတွက် ကျွန်မရဲ့ ဒီနေ့ ည အိပ်ယာဝင်ပုံပြင်ဟာ နူးညံ့သော လုပ်သားပျားများ ဖြစ်ကောင်းဖြစ်လာတော့မှာပါ။ လူသားတိုင်း ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပြီး ကိုယ့်စိတ်ထား ခံယူချက်ကို ပြုပြင်ခြင်းအားဖြင့် လူ့ အသိုက်အအုံကြီး ပိုမို သာယာ ယဉ်ကျေးလာစေဖို့ မျှော်လင့်မိတာ ကျွန်မရဲ့စေတနာပါ။ နောက် ကျွန်မတို့ တိုင်းပြည်ကြီးမှာ တိုင်းတပါးသားတွေ ပိုမိုများပြားလာတဲ့အခါ ဒီအပြုအမူဟာ မြန်မာလူမျိုးများအတွက် ထောက်ပြစရာတစ်ခု မဖြစ်ဖို့  ကျွန်မတို့ တွေလည်း ဆင်ခြင်သုံးသပ်ကြည့်သင့်ပါတယ်။ ထို တတိယလိင် လူတန်းစားများကိုလည်း လူ့ လောက ကောင်းကျိုး ပိုမိုသယ်ပိုးနိုင်တဲ့သူများ ဖြစ်လာပါစေလို့ ဆုတောင်းနေမိရင်း အဲဒီညနေခင်းရဲ့အတွေးတွေဟာ ကျွန်မစိတ်ဝိညာဉ်ထဲ တည်နေခဲ့ပြန်ပြီလေ။

 ======================================================

ကျွန်မဘဝထဲက ရက်စွဲတစ်ချို့
- အိ န် ဂျ ယ် လှို င် -

ကျွန်မ လက်ထဲမှာ ဘွဲ့ လက်မှတ်ရယ်၊ ကွန်ပြူတာ အခြေခံ သင်တန်းဆင်း လက်မှတ်ရယ်၊ LCCI Level 2 certificate ၊ ရဲစခန်း ထောက်ခံစာ၊ ရပ်ကွက် ထောက်ခံစာ၊ ကျန်းမာကြောင်း ဆေးထောက်ခံစာတွေကို တစ်သီကြီး မိတ္တူ ဆွဲပြီး CV Form မှာ သပ်သပ်ရပ်ရပ်လေး ဓါတ်ပုံကပ်လိုက်တော့ ဘာပဲဖြစ်ဖြစ် အလုပ်လျှောက်ဖို့ အတွက် အဆင့်သင့် ပြင်ဆင် လို့ပေါ့။ မလျှောက်လို့ကလည်းမဖြစ်။ ကျောင်းကပြီးနေပြီ။ ကျောင်းပြီးတော့လည်း ကွန်ပြူတာလေး အခြေခံလောက်မှ မသိရင် မဖြစ်ဘူးဆိုပြီး အိမ်ကို ပူဆာတော့ အိမ်ကလည်း နင်တို့ခေတ်ပဲ လုပ်ကြ ဆိုပြီး တက်စေ ဆိုတော့ လျှောလျှော ရူရူ ပါပဲ။ အင်း ကွန်ပျူတာ ပြီးပြန်တော့ စာရင်းကိုင်လေးလည်း နည်းနည်းပါးပါး သိထားမှ ဆိုတော့ အိမ်က လူကြီးတွေ ကမျက်လုံး ပြူးလို့လေ။ ပညာရေးနဲ့ ပတ်သက်လာရင် ဗဟုသုတ နည်းတဲ့ တောသူတောင်သားတွေမလား။ မရှိမဲ့ ရှိမဲ့ လေးစုပြီး ပညာရေးရယ်လို့ အားခဲပြီး တွန်းပို့ပေးကြတာ။ ကျောင်းပြီးတော့လည်း သင်တန်းက တက်ချင်သေး။ ရထားတဲ့ သာမန်ဘွဲ့ လေးကလည်း ပညာတတ် ဆိုတဲ့ အလွှာပါးပါးလေး တစ်ခုမို့အသိမှတ် ပြုရုံထက်မပို။

မှတ်မိသေးတယ် ကျွန်မတို့ ကွန်ပြူတာ Basic သင်တန်းမှာ သင်တန်းသား (၂၀)။ ဆရာက တစ်ယောက်တည်း။ ကွန်ပြူတာကို ဘာမှမသိလို့ အခြေခံ လာတက်ကြတဲ့ သင်တန်းသား တွေကို အော်လိုက် ဟောက်လိုက်တာများ။ တစ်ကယ်မသိတာတောင် မမေးရဲလောက်အောင်ပါပဲ။ မသိလို့ လာသင်ကြတာကို သူကအော်ငေါက်နေတော့ မမေးရဲ၊ အထွန့်မတက်ရဲနဲ့ သင်တန်းသာ ပြီးသွားတယ်၊ ဦးနှောက်ထဲ ဘာရယ်လို့ သိပ်မကျန်ခဲ့ဘူး။ အဲဒီတုန်းက ဆရာက တော့ပြောပါတယ် သင်ပြီးရင်တော့ တတ်ထားတယ်ဆိုပေမယ့် အလေ့အကျင့် မရှိရင် ကျွမ်းကျင်တဲ့အဆင့်မရောက် နိုင်ဘူးတဲ့။ အဲ ပြီးတော့ အလေ့အကျင့် နည်းရင်လည်း မေ့သွားတတ်တယ်တဲ့။ အသေအချာပါပဲ။ အဲဒီအချိန်က ကွန်ပြူတာ ဆိုတာ အခုလို အင်တာနက်ဆိုင်တွေလည်းမရှိသေးသလို သင်တန်းတွေမှာတောင် အလုအယက် စက်ကို မျှဝေသုံးကြရတဲ့အချိန်။ သင်တန်းဆင်း လက်မှတ်ကလေးကသာ အရာမယွင်းပုံစံလေး။ သင်ခဲ့သမျှကတော့ အားလုံး ကြက်ပျောက်ငှက်ပျောက်။ အဲဒီအချိန် ကွန်ပြူတာ ရှေ့ချပေးပြီး ဘာလုပ်တတ်လဲ မေးမယ်ဆိုရင် အဖွင့်အပိတ်တောင် မတတ်ဘူး ဘုရားစူး လို့ ဖြေရမလောက် ကွန်ပြူတာ ကျွမ်းကျင်လို့ ဖြေရမှာပါပဲ။

အဲ နောက်တစ်ခုက စာရင်းကိုင်အခြေခံသင်တန်း။ စာရင်းလောကနဲ့ ပတ်သတ်ပြီး ဝေါဟာရ တွေအသုံးဝင်ပုံတွေ၊ ပြီးတော့ ကုမ္မဏီ လောကဆိုတာ ကျဉ်းကျဉ်းလေးမို့ စာရင်းကိုင်တစ်ယောက်အဖို့ နာမည်အရမ်းအရေးကြီးတဲ့ အကြောင်း၊ ဂရုစိုက်ရမှာတွေ ဆောင်ရန် ရှောင်ရန် လိုက်နာရန် နဲ့ ဗဟုသုတ တော်တော်လေး ရလိုက်တယ်။ ပြီးတော့ မှတ်မှတ်သားသား အခုချိန်ထိ စိတ်ထဲ စွဲစွဲမြဲမြဲ ကျန်နေခဲ့တဲ့ ဝေါဟာရ တစ်ချို့။ ကျွန်မတို့ လူငယ်တွေမှာ "ဟိုဟာတတ်လားဆို အင်း...နည်းနည်း" ဆိုတဲ့ စကားစုလေးပါပဲ။ အဲဒီစကားစုလေးကို ဆရာက အရယ်နှောပြီး အဓိပ္ပာယ် ဖွင့်ဆိုပြခဲ့တာက အင်္ဂလိပ်လို ပြောတတ်လားဆို အင်း..နည်းနည်း၊ စာရင်းကိုင်ရော နားလည်လားဆို အင်း...နည်းနည်း ၊ ဘယ်ဘာသာစကား ပြောတတ်သလဲဆို ဟို...နည်းနည်း ဒီ...နည်းနည်း တဲ့လေ။ ဆရာရှင်းပြတော့လည်း ဟုတ်နေတာပဲ။ ကျွန်မတို့မှာ တစ်ခုတည်းကိုသာ နှံ့နှံ့စပ်စပ် ကျွမ်းကျင် တတ်မြောက်နေမယ်ဆို တစ်နေရာရာမှာတော့ အသုံးဝင်နေမှာ အမှန်ပဲလေ။ အခုတော့ ဟိုနည်းနည်း ဒီနည်းနည်းနဲ့ ဟိုမရောက် ဒီမရောက် ပညာရေးတွေနဲ့ အလုပ်ကောင်းတစ်ခု ရဖို့ လွယ်မယ်ထင်လားလို့ ဆရာက လက်တွေ့ ဘဝနဲ့ ယှဉ်ပြီး ရှင်းပြခဲ့တယ်။ တစ်ခုခုကို တစ်စိုက်မက်မက်လုပ်ဖို့လည်း သင်တန်းပြီးသွားချိန်အထိ တစ်ဖွဖွ မှာခဲ့တယ်။ ဘွဲ့တစ်ခုရဖို့ အသုံးပြုခဲ့ရတဲ့ ကျောင်းသားတစ်ယောက် စရိတ်၊ အချိန်၊ အရင်းနှီးများသလောက် ကျောင်းပြီးသွားတဲ့အခါ ပြန်ရဖို့ မလွယ်ဘူး ဆိုတာလည်း အားလုံးသိကြသလိုပါပဲ။

အဲဒီလိုနဲ့ ကျောင်းလည်းပြီးပြီ။ သင်တန်းတွေလည်းတက်ထားတယ် ဆိုတော့ ကျွန်မရဲ့ အလုပ်ရှာဖွေခြင်း စတင်လို့ ရယ်ပေါ့။ အဲဒီအချိန်က အလုပ်ရှာဖို့အတွက်ဆို အခွင့်အလမ်း ဂျာနယ် တစ်ခုတည်း ထွက်သေးတယ်။ အခုချိန်လို ဂျာနယ်တွေ မပေါများသေး။ အလုပ်ခေါ်တဲ့လိပ်စာ၊ ရာထူးနဲ့ လစာ၊ အသေချာ မှတ်လို့ အလုပ်လျှောက်ခဲ့တာ တစ်ချို့အလုပ်ကကျတော့ အင်တာဗျူးကျရင်ခေါ်လိုက်မယ်၊ ဖောင်ထားခဲ့ ဆိုတာက တစ်မျိုး၊ အလုပ်ခန့်ဖြစ်ရင် ဖောင်ထားခဲ့ ဆိုတာကတစ်သွယ်နဲ့ မိတ္တူဖိုးနဲ့တင် အိမ်ကလူတွေကလည်း မျက်စောင်းထိုးနေပြီ။ မတတ်နိုင်ဘူး မလျှော့သော ဇွဲနဲ့ အလိုရှိသည်မှန်သမျှ လျှောက်ခဲ့ပေမယ့် အချည်းနှီးသာ။ ပိုက်ဆံကုန် လူပင်ပန်း နဲ့ အလုပ်ရဖို့ မလွယ်ပါလား။ လူလိုတယ်ဆို သွားလျှောက်၊ ခန့်ပြီးပြီ ဆိုတာက တစ်မျိုး။ အဲလိုအချိန် ကိုယ်ပိုင် စီးပွားရေး လုပ်နေတဲ့ သူငယ်ချင်းက လှည်းတန်းမှာ အလုပ်ကိုင် ရှာဖွေရေး အေဂျင်စီ ရှိတယ်။ အဲမှာ ဖောင်တင်ထားပါလားလို့ သွားတင်ထားတော့လည်း အင်တာဗျူး ရှိရင် ဖုန်းဆက် အကြောင်းကြားပေးမယ် ဆိုလို့ ဖုန်းသံ ကြားရင် အလုပ်ကများလားလို့ မျှော်ရတာ အမော။

အဲဒီလိုနဲ့ သုံးလလောက်နေတော့ အလုပ်လျှောက် ထားတဲ့ ကုမ္မဏီက ဖုန်းလာတယ်ဆိုလို့ အပြေးအလွား အင်တာဗျူး ဖြေရချည်သေးလို့ အားတင်းပြီး ကုမ္မဏီကိုသွားတော့ အားပါးပါး လူတွေများ နည်းလို့လား။ ကုမ္မဏီရဲ့ ဧည့်ခန်းမှာ အင်တာဗျူး ဖြေဖို့ ရောက်နေသူတွေ ကိုယ်လို ဘဝတူ မိန်းကလေးတွေ။ ခေါ်မယ့်ရာထူးက ရုံးဝန်ထမ်း (မ) တစ်ဦး နဲ့ ဧည့်ကြို အမျိုးသမီး (၁)ဦး၊ အင်တာဗျူး ဖို့ရောက်နေ ကြတာက အယောက် (၂၀)နီးနီး။ အဲဒါနဲ့ ဘာလုပ်တဲ့ ကုမ္မဏီအတွက်များလဲ ဆိုတော့ အခု အလုပ်သမားရှာဖွေရေးကပဲ ဝန်ထမ်းလိုလို့ ခေါ်တာပါတဲ့။ အဲဒီက ဝန်ထမ်းလေးတွေက ယူနီဖောင်းဝတ်စုံလေးတွေနဲ့မို့ အလုပ်လာလျှောက်ကြတဲ့ကျွန်မလိုဘဝတူတွေကလည်း မျှော်လင့်ကြတာပေါ့လေ။ အလုပ်ကလည်း လုပ်ချင်လွန်းလို့ ရှာနေကြသူတွေမဟုတ်လား။ ဘာပဲဖြစ်ဖြစ် အတွေ့အကြုံ ရတာပေါ့လို့ တွေးပြီး အလုပ်မရလည်း အင်တာဗျူးဖြေတဲ့ အတွေ့အကြုံ ရတာပေါ့လို့ အားတင်းပြီး အင်တာဗျုး ဝင်ဖြေခဲ့တာ ကံကောင်းချင်တော့ အဲဒီအယောက် (၂၀)ထဲမှာ ကိုယ်နဲ့ နောက်တစ်ယောက်က အရွေးခံရတယ်ဆိုပဲ။ ကိုယ်က ရုံးဝန်ထမ်း နေရာ၊ အတူဝင်တဲ့ သူငယ်ချင်းက ဧည့်ကြိုအလုပ်နဲ့ လုပ်ငန်းအတွေ့အကြုံရှိတဲ့သူမို့ သူက ဧည့်ကြို။ အဲဒါတောင် အလုပ်က အတည် မဟုတ်သေးဘူး တစ်ပတ် အစမ်းခန့် ကြည့်မယ်တဲ့။ တစ်ပတ်အတွင်း ကိုယ်ကလည်း မကြိုက်ရင် ထွက်ခွင့်ရှိသလို သူကလည်း မကြိုက်ရင် ထုတ်ခွင့်ရှိတယ်တဲ့လေ။

အဲဒါတွေ အများကြီး မစဉ်းစားနိုင်ဘူး အလုပ်ရှာရမလွယ်တာ ကိုယ်တိုင်အသိဆုံးမို့ ဟုတ်ကဲ့လို့သာ ယဲ့ယဲ့လေး ပြောနိုင်တယ်။ စိတ်ထဲကတော့ အဆင်ပြေပါစေရယ်လို့ ဆုတောင်းရတာ အမောပါပဲ။ ရပ်ကွက်ထဲမှာလည်း ရှက်လှပြီ။ ကျောင်းပြီးပြီး အလုပ်လက်မဲ့ ဖြစ်နေရတဲ့ ဘဝ မဟုတ်လား။ နောက်တစ်ခုက စိတ်ထဲအားကျခဲ့ရတဲ့ ယူနီဖောင်းဝတ်စုံ။ သူတို့က မချုပ်ပေးဘဲ ကိုယ့်စရိတ်နဲ့ကိုယ်ချုပ်ရမယ်တဲ့လေ။ မကြားဖူးပေါင်နော်။ ယူနီဖောင်း ဆိုတာ အလုပ်က ပေးတာပဲ ကြားဖူးပါတယ်။ အခုတော့ ကိုယ်တိုင်ချုပ်ဝတ်ရမယ်တဲ့လေ။ စိတ်ထဲကပါ၊ အပြင်ကတော့ နှုတ်ဆိတ်လို့ ပါပဲ။ အလုပ်လိုချင်တာမို့လေ။ တစ်နှစ်ပြည့်အောင် လုပ်မယ်ဆိုရင်တော့ နှစ်ပြည့်ရင် ယူနီဖောင်းဖိုး (၂၀၀၀၀) ပြန်ပေးမှာပါတဲ့။ မပြည့်ခင် ထွက်ရင်တော့ ကိုယ်ဒေါသနဲ့ကိုယ်ပါပဲ ဆိုတဲ့သဘော။ သူရွတ်ပြတဲ့ ကုမ္မဏီရဲ့ စည်းကမ်းချက်တွေနဲ့အတူ လိုက်နာနိုင်ပါ့မလားဆိုတဲ့ အမေးကို ဟုတ်ကဲ့လို့ တစ်ခွန်းသာ ပြန်ပြောခဲ့နိုင်တယ်လေ။ မက်လောက်စရာ အခြေခံလစာ (၁၈၀၀၀)+ရက်မှန်ကြေး (၅၀၀၀)=၂၃၀၀၀ ကြီးများတောင် ရမှာနော်။ အလုပ်ချိန်က မနက်(၈) ညနေ (၅)။တစ်ပတ်မှာ တနင်္ဂနွေ တစ်ရက်နဲ့ အစိုးရ ရုံးပိတ်ရက်တွေပိတ်တယ်တဲ့။ ကျောင်းတက်စဉ်အချိန်က သုံးခဲ့တဲ့ အသုံးစရိတ် တစ်လစာ စာရင်းချုပ်ပြီး နှိုင်းမယ်ဆိုရင်တောင် အဲဒီ ပမာဏထက် များခဲ့မှာ အသေအချာပဲ ။ ဘာပဲပြောပြော အလုပ်ရတဲ့နေ့မို့ အလုပ်လက်မဲ့ တစ်ယောက်ရဲ့ အပျော်က ဘာနဲ့မှ မလဲနိုင်ခဲ့ပါဘူး။ အဲ့လောက် ပျော်ခဲ့တာလေ။ အိမ်ပြန်လမ်းမှာ အပြုံးတွေဝေလို့ပေါ့။

အလုပ်စဝင်တဲ့နေ့ကဆို ရင်တွေခုန်လိုက်တာ။ အမှားအယွင်း မရှိအောင်လည်း ဂရုစိုက်ရသေး။ အစမ်းခန့် တစ်ပတ် မကျော်မချင်း ရင်တစ်ထိတ်ထိတ်နဲ့။ အစမ်းခန့် ကာလ ကျော်မှ ငါအလုပ်ရတာ သေချာပါလားလို့ သက်ပြင်းရဲရဲ ချရဲတဲ့ ဘဝ။ အဲဒီအလုပ်ကိုင် ရှာဖွေရေး အေဂျင်စီမှာ အလုပ်လုပ်ခဲ့တော့မှ တကယ်တမ်း အလုပ်သမားနဲ့ အလုပ်ရှင်တွေရဲ့ သဘောထားကို အများကြီး နားလည်လာခဲ့တယ်။ ဘွဲ့လက်မှတ်တစ်ခုတည်းသာ ရှိပြီး အတွေ့အကြုံ မရှိတဲ့ လျှောက်လွှာတွေ တစ်ထပ်ကြီး ဖြစ်နေရတဲ့ အကြောင်းရင်း၊ လုပ်ငန်းရှင်ကလည်း ပိုက်ဆံပေးပြီး ခိုင်းရတာချင်း အတူတူ အတွေ့အကြုံ ရှိသူ၊ လုပ်သက်ရှိသူတွေကိုသာ အလုပ်ခန့်ချင်ကြပြီး၊ အတွေ့အကြုံ မရှိသေးတဲ့သူတွေကို အလုပ်မှာ နှောင့်နှေးစေမှာစိုးတဲ့အတွက် မလိုချင်ကြဘူးလေ။ အလုပ်သမားလိုချင်တဲ့ လုပ်ငန်းရှင်နဲ့ အလုပ်လိုချင်တဲ့ အလုပ်သမား တွေရဲ့ ကွာဟချက် ၊ လိုအပ်ချက်တွေရဲ့ တကယ့်ဇစ်မြစ်က ကျွန်မတက်ခဲ့တဲ့ စာရင်းကိုင် သင်တန်းက ဆရာပြော သလိုပါပဲ။ ကျွန်မတို့က အင်း..... နည်းနည်းပဲတတ်တာကိုး လို့ မှတ်ချက်ချရမှာပဲ မဟုတ်ပါလား။ ဘာပဲဖြစ်ဖြစ် အဲဒီမှာ အလုပ်လုပ်ခွင့် ရခဲ့တဲ့ ကျွန်မအနေနဲ့ ကုမ္မဏီ တစ်ခုရဲ့ ဝန်ထမ်း တစ်ယောက် အနေနဲ့ရော လူမှုဆက်ဆံရေး ပညာအနေနဲ့ရော လုပ်သက်တစ်ခုအနေနဲ့ရော သင်ယူစရာ၊ လေ့လာစရာ၊ ဘဝအတွေ့အကြုံတွေ အများကြီး ရခဲ့တယ်ဆိုတာ မများပါဘူး။ အတွေ့အကြုံ ဆိုတာ ဘဝထဲမှာ အခြေခံတာမို့ နောက်ထပ် နောက်ထပ်လည်း ဘဝအတွေ့ အကြုံတွေ ကြိုးစားသင်ယူကြရဦးမှာ မဟုတ်ပါလားရှင်

====================================================== 

ပြင်ညာရေး စနစ်
- သ က် တ န့် ချို -

တစ်ခါတုန်းက တောအုပ်ထဲမှာရှိတဲ့ တိရိစ္ဆာန်တွေဟာ ကျောင်းတစ်ခု စဖို့ ဆုံးဖြတ်လိုက်ကြတယ် ။ ကျောင်းသားတွေထဲမှာ ငှက်တစ်ကောင်ရယ် ၊ ရှဉ့်တစ်ကောင်ရယ် ၊ ငါးတစ်ကောင်ရယ် ၊ ခွေးတစ်ကောင် ရယ် ၊ ယုန်တစ်ကောင်ရယ် ၊ စိတ်ချို့ယွင်းနေရှာတဲ့ ငါးရှဉ့်တစ်ကောင်ရယ်ပါဝင်ပါတယ် ။

ဒီလိုနဲ့ တောတွင်းပညာရေးအဖွဲ့ကနေပြီး သင်ရိုးညွှန်းတမ်းတစ်ခုပြုစုဖို့ဆုံးဖြတ်လိုက်ကြတယ် ။ အဲဒီသင်ရိုးညွှန်းတမ်းထဲမှာ ပျံသန်းခြင်း ၊ သစ်ပင်တက်ခြင်း ၊ ရေကူးခြင်း ၊ မြေတူးဆွခြင်းတွေပါဝင်ပြီး အဲဒါတွေက ပညာရေးအခြေခံတွေဖြစ်တယ်လို့ ယူဆထားကြတယ် ။ တိရိစ္ဆာန်အားလုံးဟာ ဘာသာရပ်အားလုံးကို သင်ကြား ရမှာဖြစ်တယ် ။

ငှက်ဟာ ပျံသန်းခြင်းမှာ အတော်ဆုံးဖြစ်ပြီး A အဆင့်ရသွားတယ်။ ဒါပေမဲ့ မြေတူးဆွခြင်းမှာတော့ အဆင်မပြေခဲ့ ဘူး ။ သူ့အတောင်ပံတွေနဲ့ မြေတူးဆွဖို့ရာ သူ့နှုတ်သီးနဲ့ လိုဏ်ခေါင်းတစ်ခုစာရဖို့ တူးဆွဖို့ရာမှာ အဆင်မပြေတဲ့အတွက် အဲဒီဘာသာရပ်ရှုံးနိမ့်ခဲ့ရတယ် ။ သစ်ပင်တက်ခြင်းမှာ C အဆင့်ရခဲ့တယ်။ ရေကူးတဲ့နေရာမှာတော့ F အဆင့်ပဲရခဲ့တယ် ။ ရှဥ့်ကတော့ သစ်ပင်တက်တဲ့နေရာမှာ ဆရာကြီးပါပဲ။ ဒါပေမဲ့ ရေကူးတဲ့နေရာမှာတော့ ရှုံးနိမ့်ခဲ့ရတယ် ။ ငါးဟာလည်း ရေကူးတဲ့နေရာမှာ အတော်ဆုံးဖြစ်ပေမယ့် ရေအပြင်ကိုမထွက်နိုင်ခဲ့ဘူး။ တခြားအရာတွေမှာ F အဆင့်ပဲရခဲ့တယ် ။ ခွေး ဟာ ကျောင်းဆက်မတက်တော့ဘဲ ကျောင်းအတွက် လခပေးတာကိုလည်း ရပ်ခဲ့တယ် ။ ပြီးတော့ ပညာရေးအဖွဲ့ကို သင်ရိုးညွှန်းတမ်းမှာ “ ခွေးဟောင်နည်း ” ပါ ထည့်သင်ဖို့အတွက် ဆန္ဒပြုခဲ့တယ် ။ ယုန် ကတော့ မြေတူးဆွတဲ့နေရာမှာ A အဆင့်ရပါတယ် ။ ဒါပေမဲ့ သစ်ပင်တွေတက်ဖို့ကတော့ သူ့အတွက် ပြဿနာတစ်ခုဖြစ်နေခဲ့ရတယ် ။ မြေပြင်ပေါ် ခဏခဏပြန်ပြုတ်ကျပြီး ဦးနှောက်ကိုပါ ထိခိုက်ခဲ့ရတယ် ။ မကြာခင်မှာ မြေတူးဆွခြင်းကိုပါ သိပ်မလုပ်နိုင်တော့ဘဲ အဆင့် C ပဲရခဲ့တယ် ။

စိတ်အာရုံချို့ယွင်းနေတဲ့ငါးရှဉ့်ကတော့ အရာရာကို တစ်ဝက်လောက်ပဲလုပ်နိုင်ပြီး သူဟာ တစ်တန်းလုံးမှာ အမှတ်အရဆုံး သတ္တဝါဖြစ်ခဲ့တယ် ။ သူ့စိတ်ထဲမှာ ပျံသန်းခြင်းလည်းမရှိ တူးဆွခြင်းလည်းမရှိ ၊ သစ်ပင်တက်ခြင်းလည်း မရှိခဲ့ဘူး ။

တောတွင်းပညာရေးအဖွဲ့ကတော့ သူတို့ရဲ့ သင်ရိုးညွှန်းတမ်းကို သတ္တဝါတိုင်းသင်ယူကြတယ်၊ သူတို့အောင်မြင်တယ်ဆိုပြီး ပျော်နေခဲ့ကြတယ် ။

------------------------------------------------

တကယ့်ပညာရေးစနစ်ဆိုတာဟာ ကျောင်းသားတွေရဲ့ တစ်ဘဝစာ ရေရှည်အတွက် ပြင်ဆင်ပေးခြင်းဖြစ်တယ် ။ အထူးသဖြင့် ကျောင်းသားတစ်ဦးချင်းစီရဲ့ အရည်အသွေးနဲ့ ၊ မွေးရာပါထူးချွန်တဲ့ ဗီဇ အစွမ်းအစတွေကို ထိခိုက်စေခြင်းမရှိဘဲနဲ့ပေါ့ ။

အားလုံးနဲ့လိုက်လျောညီထွေဖြစ်မယ့် သင်ရိုးညွှန်းတမ်းတစ်ခုကို ပြုစုဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မလိုအပ်တဲ့ အရာတွေ ( ကျောင်းသားတစ်ဦးချင်းစီရဲ့ အရည်အသွေးနဲ့ ၊ မွေးရာပါ ထူးချွန်တဲ့ ဗီဇ အစွမ်းအစတွေကို ထိခိုက်စေတဲ့အရာတွေ ) ကို ဖယ်ထုတ်ပြီး အားလုံးနဲ့လိုက်လျောညီထွေဖြစ်မယ့် အားလုံးကို အကောင်းဆုံး ကျောင်းပညာရေးသာမက ဘဝပညာရေးပါ တတ်စွမ်းအောင်သင်ပေးနိုင်တဲ့ သင်ရိုးညွှန်းတမ်း ကျောင်းပညာရေးဖြစ်ဖို့ လိုပါတယ် ။

Broad Based Education? အားခံစားဘာသာပြန်သည် ။
    
======================================================

                                    Download Zone

ခရမ်းရိပ်မဂ္ဂဇင်း သြဂုတ် ၂၀၁၂ အားဒေါင်းလုပ်ရယူရန် >>>

ခရမ်းရိပ်အနုပညာမဂ္ဂဇင်း { အောက်တိုဘာ ၂၀၁၂ }