Tuesday, 17 January 2012
ခရမ်းရိပ်မဂ္ဂဇင်း [ ဇန်န၀ါရီလ ၂၀၁၂ ]
with 0 comments
မာတိကာ
ကဗျာ
  • ကျောက်တုံးဝိုင်းဝိုင်းလေးတွေက ပြောတယ်                                                                A မွန်
  • မြင်သမျှက အဖြူရောင်                                                                                               မောင်မိုးချို
  • ဆပ်ကပ်                                                                                                                         ငြိမ်းရာ
  • စမ်းတ၀ါးဝါး အစမ်းအသပ်မှာ အသတ်ခံရခြင်း                                                           ညိုပြာဝိုင်
  • ကော်ဖီချိုချဉ်                                                                                                                  စုန်း
  • နိစ္စဓူဝ ဆိုတာကြီးကို Recycle လုပ်ပစ်လိုက်                                                               ဆူးခက်မင်း
  • ဒိုင်ယာလော့ငြိမ်ပြီဆိုရင်စမယ်                                                                                     တေးခက်
  • ၀ုန်း                                                                                                                                 သံခဲ
  • တည်ထားတဲ့ခေါင်းစဉ်ဟာ ပျောက်သွားတယ်                                                            သော်ဇင်အုန်း
  • တလွဲတွေးမိတဲ့နေ့က သူနဲ့စိတ်ကောက်တယ်                                                             ဇော်
အက်ဆေး
  • သူတို့သည်  ကတ်ကြေးများဖြစ်ကြသည်                                                                     မှူးနေ၀န်း
  • အဲ့ဒါ ဘာရောဂါလဲ ဒေါက်တာ                                                                                         သင်းကွဲ
  • နကန်းတစ်ကောင်ရဲ့ နမော်နမဲ့ နာလန်ထချိန်                                                            ရင်နင့်အောင်
  • မှောင်မည်းလူ မြို့                                                                                                           သူရဿဝါ
ဟာသ
  • ဟာသထဲမှ ဟာသများ                                                                                                    လူပုလေး
အင်တာဗျူး
  • ကဗျာဆရာ တာယာ ( မောင်မိုးမြင့် ) နှင့် ကဗျာအင်တာဗျူး                                             ခရမ်းရိပ်
 ကဗျာဆောင်းပါး
  •  
  • လင်းသဏ်ညီနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ခြင်း                                                                    ဖိုးဇော် ( ဓါတု )
 ဆောင်းပါး
  •  
  • တိုင်းပြည်ခေါင်းဆောင်ဆိုတာ တစ်ချိန်တုန်းက ကလေးငယ်လေးတွေပါ                          မင်းလုလင်
  • ရယ်စရာထဲက မောစရာ                                                                                                        ဖိုးခွား
  • မျက်မှောက်ခေတ် မြန်မာကဗျာစစ်တမ်း                                                                                သစ္စာနီ
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
                                                   ခရမ်းရိပ် အွန်လိုင်းမဂ္ဂဇင်း စီစဉ်သူများ
  •                                                                      ဆူးခက်မင်း
  •                                                                      မောင်မိုးချို
  •                                                                      သူရဿဝါ
  •                                                                       မင်းလုလင်
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
                                                                            ကဗျာ
ကျောက်တုံးဝိုင်းဝိုင်းလေးတွေက ပြောတယ်
__________ A မွ န် _______________
ကျောက်တုံးဝိုင်းဝိုင်းလေးတွေက ပြောတယ်
သူတို့ဟာ ကျောက်တုံးဝိုင်းဝိုင်းကလေး ဖြစ်ရတာကို
အမြဲ ဂုဏ်ယူနေခဲ့တာပါ တဲ့
ကျောက်တုံးဝိုင်းဝိုင်းလေးတွေက ပြောတယ်
သူတို့ကိုယ်ခန္ဓာ
သူတို့အသက်ဓာတ်
သူတို့ဥာဏ်ပညာ
သူတို့နှလုံးသား
သူတို့ဘုရားဟာ သူတို့အနားက ကွေ့ဝိုက်သွယ်တန်းနေတဲ့
ဟောဒီ ဧရာမရေစီးတန်းကြီးပါပဲ တဲ့
ကျောက်တုံးဝိုင်းဝိုင်းလေးတွေက ပြောတယ်
ကမ္ဘာကြီးရဲ့ အံ့ဖွယ်သူရဲ ထူးကဲလှပမှုထဲ
ထည့်သွင်းမသတ်မှတ်ခံခဲ့ရပေမယ့်
ဝမ်းနည်းစရာ မရှိပါဘူး တဲ့
ဒီမြစ်
ဒီကမ်းနဲ့ ဒီမှာသာ လမ်းခွဲရမယ်ဆို
ဝမ်းနည်းလို့ သေရမှာပါ တဲ့
ကျောက်တုံးဝိုင်းဝိုင်းလေးတွေက ပြောတယ်
ဟိုးနှစ်ပေါင်း ပဝေသဏီ ရှေးရှေးတုန်းက
အဝေးကြီးကို စီးဖို့
အလေးကြီးတွေ တင်ဆောင်ဖြတ်သန်းခဲ့တာ
ရွှေငါးဝါဝါလေးတွေ အသိပါ တဲ့
ကျောက်တုံးဝိုင်းဝိုင်းလေးတွေက ကျောက်တုံးဝိုင်းဝိုင်းလေးတွေဖြစ်ဖို့
နှစ်တွေအကြာကြီး စောင့်ခဲ့ရမှာပဲ
အခု
ကျောက်တုံးဝိုင်းဝိုင်းလေးတွေ တိတ်ဆိတ်ဆွံ့အနေပုံ
ငေးငိုင်မှိုင်တွေနေပုံ
ကြေကွဲတုန်ရီနေပုံဟာ
ထူးဆန်းနေတာပေါ့
သူတို့ဆီ ခင်ဗျားကိုယ်တိုင် ရောက်အောင်သွားကြည့်လိုက်ပါလေ
ကျောက်တုံးဝိုင်းဝိုင်းလေးတွေက
ခင်ဗျားကိုတော့ တစ်ခုခု ပြောချင်ပြောမှာပေါ့ဗျာ
                                 ×××××××××××××××××××××××××××××××××××××××××××××××
မြင်သမျှက အဖြူရောင်
_______________ေ မာ င် မိုး ချို  ___________________________________________
စိတ်ကလွတ်ထွက်သွားတာလား ။ အခန်းလွတ်ထဲလား ။ တစ်ယောက်ယောက်ရဲ့ပိုင်ဆိုင်မှုထဲလား။
သွားကြလာကြ ငေးကြမောကြ ။ သူဟာဘယ်တစ်ယောက်လဲ ။ သူဟာဘာအရောင်နဲ့ သူလဲ ။
မိုးရာသီလား ။ ဆောင်းရာသီလား ။ ဒါမှမဟုတ် စီးကျလာတာ ။ မျက်ရည်လား ။ မိုးရေလား ။
ဟင့်အင်း ။ ဟင့်အင်း ။ တစ်ကိုယ်ကောင်းဆန်လိုတဲ့စိတ်က ဖျတ်ခနဲ ။ ပူခနဲ ။ နားထင်ပေါ်ကျလာတဲ့သွေးလို ။
ထောက်ထားတဲ့လက်ညှိုးမှာ ငါမပိုင်တဲ့ အငွေ့ ။ ကွေးလိုက် ။ ဆန့်လိုက် ။ ဖြန့်လိုက် ။
ပြတင်းပေါက်တံခါးကို ဖြန့်လိုက် ။
ဖြန်းကနဲ ။ ငါ့စိတ်ကို ပက်လိုက်တာ အရက်ပျံနံ့လား ။ လရောင်လား ။
မာကျူရီမီးရောင်လား ။ နေရောင်လား ။ ဒါမှမဟုတ် ။
တစ်ယောက်ယောက် နဲ့ တစ်ယောက်ယောက်ရဲ့ စကားလုံးတွေလား ။
ငါထင်နေတာအမှန်တရားလား ။ မုသားလား ။
ငါ့ဘေးက လူက လူနာကုတင်ပေါ်မှာ လဲလို့ ။ ငါ့ကိုပြောနေတဲ့စကားက ဆေးလိပ်တစ်လိပ်ထက် မပိုခဲ့ဘူးလို့  ။
ငါကိုကြည့်နေတဲ့မျက်လုံးတွေကအဖြူရောင်လို့ ငါ သူ့နဲ့ သူ့ဘေးက လူတွေကိုပြောလို့ ။
တစ်နေရာရာကို အငွေ့လို ။ မိုးရေစက်တွေလို ။ ဖွေးခနဲ ပြုတ်ကျသွားချင်တဲ့စိတ်က ငါ့ကို ဖြတ်ရိုက်ချသွား ။
သူက သစ်ပင်တစ်ပင်လို ။ သူနဲ့ သူ့ဘေးကလူတွေက ကော်ဖီရောင်တွေလို ။
ဖြတ်သွားသမျှလမ်းတွေက အနှေးပြကွက်လို ။ ရုပ်ရှင်ထဲက 3D ပုံရိပ်တွေလို ။
ငါက ငါ့ကိုယ် ငါ နံရံတစ်ချပ်လို ။ ငေးလို့ . .
                     ××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ဆပ်ကပ်
___  ငြိ မ်း ရာ  ___
ငြိမ်ငြိမ်ကလေး နေပါ
ခင်ဗျားက လွဲရင်
အားလုံးက ကျွန်တော့်ပစ်မှတ်
လုံးဝ မလှုပ်ရှားပါနဲ့
ကျုပ်ရဲ့ပစ်မှတ်က ခင်ဗျား မဟုတ်ဘူး
ခေါင်းပေါ်က ပန်းသီးက
ခင်ဗျားစားဖို့ မဟုတ်ဘူး
ကျွန်တော်စားဖို့လည်း မဟုတ်ဘူး
ပရိသတ်လက်ခုပ်သံကို
ဝေမျှ စားသောက်နိုင်တယ်
သူတို့အားလုံး ဆုတောင်းနေကြမှာပါ
ရပ်တည်မှုအတွက်
ရင်သပ်ရှုမော ပြကွက်တွေကြား
ဓားချက်တွေအောက်က ဘဝတွေ
ဝင်လာတဲ့ ဓားအစင်းစင်းတိုင်း
လွတ်မြောက်ပါစေ လို့ . . . ။
                            ××××××××××××××××××××××××××××××××××××××××××××××××××××××
စမ်းတ၀ါးဝါး အစမ်းအသပ်မှာ အသတ်ခံရခြင်း
_______ ညို ပြာ ဝို င် ______________
အီနေတယ်
တွေဝေငေးမောခြင်း များစွာ
အတန်တန်တားခဲ့တဲ့ကြားက စွန့်စား
ဆွမ်းတော် စွန့်စားတာလောက်တော့ မလွယ်သလို မချို
အချစ်ကို ကိုယ်လိုချင်သလို အရောင်ရမလား ၊
စမ်းသပ် စိုက်ကြည့်ရင် ကောင်းမလား
ကျောင်းစိမ်း ကျောင်းဖြူ ဝတ်စုံလေးလို ဖြူဖြူစင်စင် စိမ်းစိမ်းလန်းလန်း
အဲဒီ စင်ကြယ်လန်းဆန်းတဲ့ စိတ်နှလုံးသားကို
တန်ဖိုးထားရမလား ၊ ချထားခဲ့ရမလား
အသွားတုံးနေတဲ့ ဓားများလို အသုံးမ၀င်ချင်တော့တယ်
ကြမ်းတမ်းနေတာကြာတော့ နူးနူးညံ့ညံ့လေးကို စိတ်ကူးတာ
မောပန်းနေတာကြာတော့ သက်သောင့်သက်သာလေးကို မျှော်လင့်တာ
အတွယ်အတာမဲ့တာကြာတော့ သံယောဇဉ်ကြိုးကို နှောင်ဖွဲ့ချင်တာ
ဒါ အပြစ်လား
လူသားနဲ့လည်း တူချင်ပါရက် သံမဏိစက်ရုပ်ပါ
သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်း နားနိုင်သတဲ့
ကိုယ်တစ်ယောက်ကောင်းတဲ့ တစ်မိသားစုလုံး နားနိုင်တဲ့ အိမ်မျိုး
မိုးကိုမျှော်ကိုး ပျိုးကလည်း မအောင်သလိုမျိုး
တွယ်မိတွယ်ရာ တွယ်တာ ကပ်ရပ်ချင်တော့တာ
သက်ပြင်းတွေ ခိုးခိုးချ
တစ်ရက်တစ်ရက်မှာ အသက်ဆယ်ရက်လောက်တော့ တိုတိုသွားပြီထင်တာပဲ
ကိုယ့်ဘေးမှာ သူစိမ်းတွေပဲရှိတယ်
သူတို့ရဲ့ အတ္တစိတ် (ဝါ) မာနတွေကြောင့်
ခြေလှမ်းတွေကို ရိုက်ချိုးဖို့ ကြိုးစားတဲ့သူကိုလည်း
ဟန်မပျက် ပြုံးပြီးကြည့်နေရတာမျိုး
ခက်ပါတယ်
နှလုံးရောဂါမရှိဘဲ ရင်ဘတ်က ခဏခဏ အပြင်းအထန် အောင့်အောင့်တာမျိုး
ရွှေအတု ငွေအတု စက်ပစ္စည်းအတုလို စိတ်ချမ်းသာမှုကို အတုလုပ်လို့မှ မရတာ
နှစ်သိမ့်မှု အတုတွေကြောင့် နာကျင်ရတာတွေလည်း အဆပေါင်းများနေပြီ
မင်္ဂလာယူနေကြသူတွေကြားထဲ မျက်ရည်ဝဲတော့ ကျက်သရေမရှိဘူးပေါ့နော်
သူငယ်ချင်းတွေ တစ်ယောက်က နှစ်ယောက်
တရားစခန်းဝင်ကြည့်ဖို့ နားချတော့
ကိုယ်က အနုပညာသမားလည်း စစ်စစ် မဖြစ်သေးသူ
တရားသမားစစ်စစ်လည်း မဖြစ်မယ့်အတူတူ
ဒဏ်ရာကို ထမ်းရွက်ရင်း ဘဝအပေါ်တော့ တာဝန်ကျေမှဖြစ်မှာ
မြူနှင်းတွေကြားထဲ ဝေဝေဝါးဝါး လျှောက်လှမ်းခဲ့စဉ်ကလို
အေးအေးစက်စက်
အသက်ဆက်နေရပုံများ ။
                                ×××××××××××××××××××××××××××××××××××××××××××××××××××××××××××
ကော်ဖီချိုချဉ်
___ စု န်း ___
ငယ်ငယ်က စွဲလန်းဖူးခဲ့တဲ့အရာတွေဟာ ကော်ဖီချိုချဉ်ပဲ
လမ်းဖြတ်ကူးတိုင်း အဲလိုသကြားလုံးလေးတွေဟာ ပျော်ပျော်
စကားပြောခွင့်သာ ရရင် ပါးစပ်ကို ပိတ်ထားခဲ့သမျှ အမောတကော
သတိမရ ရသလောက်လေး နွေးထွေးအကြည့်တွေ စိတ်ခွဲစိတ်ခန်း
စကေဘာ ၀မ်းဗိုက်ကို ထိုးဖောက် ဒါလည်း အစိတ်စိတ်အမွှာမွှာ
ငါသိပ်ကြိုက်တဲ့ ကော်ဖီချိုချဉ်လို အဆိပ်ပုလင်းသက်သက်
ဆွဲဆောင်မှုကောင်းကောင်း လိင်တူချင်း ချစ်မက်တဲ့ မိန်းကလေး
ကမ္ဘာကို ဖျက်မယ်ဆိုရင်လည်း မိုးမရွာနဲ့ပေါ့ ဘာမဟုတ်တာလေး
ကလေးလေးလို တောင်းပန်ချင်တယ် မျက်လုံးတွေ မှေးစင်းနေချင်
ေ၀၀ါးဝါး သမ်းေ၀၀ါးဝါး တစ်ယောက်ထဲ နေနေရတဲ့ အကြည့်က
တစ်ယောက်ထဲ မြင်ရတဲ့ သူလို ငါက ရွေ့လျားမှုဟင်းလင်းပြင်မှာ
ရေဟေ့ဟေး ယဉ်ယဉ်လို့ ရေး ရူး မကြားရဘူး တစ်ယောက်ထဲ
ရောက်ရှိ ငါ ရောက်ရှိ အသက်ရှူတတ်မှ အရသာတော်တော်ရှိ
အရှိန်နဲ့ လစ်နေတာ မီးရောင်တွေကို ခံနိုင်အားမရှိ ရှိခဲ့ဖူးသလား
မရှိတော့ဘူး လေယာဉ်ပျံတွေလည်း မရှိတော့ဘူး
လိပ်ပြာတွေလည်း မရှိတော့ဘူး အတောင်ပံတွေလည်း
မရှိတော့ဘူး အုတ်နံရံတွေလည်း မရှိတော့ဘူး ကြမ်းပြင်တွေလည်း
မရှိတော့ဘူး မျက်နှာကြက်တွေလည်း မရှိတော့ဘူး လှေကားတွေလည်း
မရှိတော့ဘူး ဆက်သွယ်မှုကြေးနန်းကြိုးတွေလည်း မရှိတော့ဘူး
အဆုံးမဲ့ဝေးကွာရထားတွေလည်း မရှိတော့ဘူး နှစ်ကိုယ်တူလမ်းမတွေ
လည်း မရှိတော့ဘူး ဘ၀ပေါင်းများစွာလည်း မရှိတော့ဘူး
ရောင်စုံမိုးစက်တွေလည်း မရှိတော့ဘူး စိမ်းပြာရောင်ကြယ်တွေလည်း
မရှိတော့ဘူး အကွာအဝေးတွေလည်း မရှိတော့ဘူး ရေခဲမှတ်အောက်
ဆိုတာတွေလည်း မရှိတော့ဘူး ကျပ်မပြည့်တဲ့ အိပ်မက်တွေလည်း
မရှိတော့ဘူး မင်း မရှိတော့ဘူး ငါသိပ်ကြိုက်တဲ့ ကော်ဖီချိုချဉ်လို
စုတ်ပြဲအနာ ဒူးထောက်ကြည့်မှ ဂျင်းဘောင်းဘီဟာ တံတားကို
ခေါက်တယ် တစ်စုံတစ်ယောက်အသံကို နှစ်နှစ်လုံးလုံး မကြားရမှတော့
ဒိုးတော့ လှုပ်ရှားမှုကော အသံကော တပြိုင်နက်တည်း ရောက်မလာဘူး
ငေးမလိုတော့ဘူး လေသာပြတင်းပေါက်လေး ပိတ်ထားလိုက်ပါတယ်
ငါ သိပ်ကြိုက်တဲ့ ကော်ဖီချိုချဉ် လမ်းဖြတ်ကူးတိုင်း မေ့ပစ်လိုက်ရတယ်
ဒီအတိုင်းပဲ ။
                            ××××××××××××××××××××××××××××××××××××××××××××××××××××××××××××
နိစ္စဓူဝ ဆိုတာကြီးကို Recycle လုပ်ပစ်လိုက်
__________ ဆူး ခ က် မ င်း _________
မြ င်မြင်သမျှဟာ မည်းမည်းလာတယ် အမှောင်ထုထဲမှ
အထုလိုက် အထည်လိုက် ချစ်ခြင်းမေတ္တာ အထည်ဆန်းများ
ကိုယ်ပေါ်ဆင်ယင်ထားကြ ပင်လယ်ဟာ သူ့အော်သံ
သူမကြားရဘူး လက်တစ်ဖျစ်စာလေးပါပဲ ယဉ်ကျေးမှု မှိုင်းမိပြီး
ကိုယ် ရိုင်းမိသွားတယ် ရိုင်းပြဖို့အတွက် ရိုင်းပျစရာ လို/မလို
ဒီအသက်အရွယ်ထိ သဘောမပေါက်သေးတဲ့ထဲမှာ ကိုယ့်အသက်တွေ
တဖြည်းဖြည်းကြီးကြီးလာတဲ့ ကိစ္စလည်း အပါအဝင် ထို့နောက်
အချိန်စီးခြင်း မစီးခြင်း // အချိန်ဟာ မြင်းတစ်ကောင်လား
ကုန်းနှီးတပ်ပြီး စီးလို့ရလား // အချိန်ဟာ မြစ်တစ်စင်းလား
နိမ့်ရာမှ မြင့်ရာသို့ စီးလို့ရလား // ကျေးဇူးပြုပြီး မဖြေပါနဲ့
ကိုယ်လည်း ခင်ဗျားကို မမေးဘူး မမေ့ဘူး ချစ်ခြင်းမေတ္တာ
ဟာ ကိုယ့်ရင်ဘတ်ကို ဆောင့်ကန်ပြီး အဝတ်တစ်ထည်
ကိုယ်တစ်ခုနဲ့ အိမ်ပေါ်က ဆင်းသွားတယ် သူ့မှာဖြင့် အတောင်
အလက် မစုံသေးပါဘဲနဲ့ လွတ်လပ်ခြင်းဆီသို့ လွတ်လွတ်လပ်လပ်
ပျံသန်းပါ ငြိမ်းချမ်းရေးငှက်ငယ် သင်သည် လူ့အဖွဲ့အစည်းတစ်ရပ်
လုံးနှင့် မသက်ဆိုင်တော့ သင်သွားလိုရာ သွားနိုင်ပြီ ရုပ်တရား နာမ်
တရား ပြီးနောက် ကျွန်တော်တို့ အလိုရှိသော မေတ္တာတရား // အား // အပို
အလိုမရှိ အလိုရှိနေပါတယ် ကိုယ်ဟာ သွေးဆာနေတဲ့ ဝံပုလွေတစ်ကောင်
ထက် စာရင် သွေးဆာနေတဲ့ ခြင်တစ်ကောင်ပဲ ဖြစ်ချင်ခဲ့ပါတယ်
ဒီနေ့မွေးပြီး မနက်ဖြန်သေရတာလောက် ပျော်စရာကောင်းတာ ဘာများရှိလို့လဲ
                               ××××××××××××××××××××××××××××××××××××××××××××××××××××××××××
ဒိုင်ယာလော့ငြိမ်ပြီဆိုရင်စမယ်
_____ေ တး ခ က် _______
လူနေမှုအဆင့်အတန်းများ မြင့်မြင့်မားမားကပ်ထားတဲ့ အိုင်ဒီကဒ် သံသရာကိုအထုံးဖြည်
မကြောက်မရွံ့နဲ့ကြိုးလုပ်ပြီး လည်တိုင်မှာ ချိတ်ဆွဲလိုက်တယ် သပ်သပ်ရပ်ရပ် ဖီးလိမ်း
ဝတ်စားထားတဲ့ စိတ်နေစိတ်ထား မီးရောင်အောက်မှာမိတ်ကပ်တွေ အဖွေးလိုက်
အကွင်းလိုက် အကွက်လိုက် အခုဆိုကျွန်တော်တို့အနေနဲ့ဒီလိုမျိုးအရေးကိစ္စတွေကို ပြတ်ပြတ်သားသား
ကိုင်တွယ်နှိမ်နင်းနေပါတယ်  (ကွင်းကွင်းကွက်ကွက်ပဲ)အသွေးအသားတွေခမ်းနေတဲ့အခန်းကျဉ်းကျဉ်းများ
ငြိမ်ပြီးရင်းငြိမ်ကျ  ဖိနပ်ကြိုးများတင်းတင်းချည်၍ ဘဝသန်းပေါင်းများစွာ တဒေါက်ဒေါက် ကျကွဲရသည်
အမှောင်တွေ တစ်ခွက်လုံးပြည့်သွားတဲ့အချိန်ဆို ကျည်တစ်တောင့်လျော့ထားတဲ့ သေနတ်ဟာ
တရား(သူ/လူ)ကြီးမင်းရှေ့မှာ သူ့မောင်းသူအပြည့်ဆောင့်ဆွဲပြီး အငွေ့တလူလူနဲ့
နေရောင်ခြည်လေး  ဖွာထွက်သွားတယ်(လို့ထင်တာပဲ) ဒါ ခဏပါ အမှောင်ထဲကစိမ့်ထွက်လာတဲ့
မျက်ရည်စက်များ အမှောင်ထဲမှာခြောက်ကပ်  အိပ်  ကာ  မ  စား
အိပ်  စား  ကာ  မ  တ  ရား အရှို့ခံသက်သက် အညှိခံမီးတောက်အဖျော့ရဲ့ ညစ်ထေးနံရံ
အကာအရံခြောက်ဖက်နဲ့ဘာအမှတ်အသားမှမပါတဲ့ အန်စာတုံးများ လိမ့်ကာဝေ့ကာနဲ့
ခလုတ်တစ်ခုခုပွင့်လိမ့်နိုးနိုးငေးလိုက်တဲ့ ပတ်ကြားအက်နေသောမျက်ကွင်း/ဝန်းများ မျက်တောင်ခတ်အားကို
သိပ်အားမရဘူးဗျာ အမှန်ဆိုဖြစ်သင့်တာက တစ်မိနစ်ကို မည်မျှ  ဘဝအကူးခံနေကြသနည်း
တစ်စက္ကန့်ကို မည်မျှ စိတ်အကူးခံနေကြသနည်း  လမ်း ပန်းဆက်သွယ်ရေးတွေကောင်းရဲ့လား
ကူးသန်းရောင်းဝယ်ရေးတွေရော ကောင်းရဲ့လား  စိတ်ကူးစိတ်သန်းများ
ဘဝကူးဘဝသန်းများ  ကြားခံမီဒီယံပေါ် ဖြတ်ရွေ့ဘီးရာသာဆုံးသွားတယ် ပျက်နေတဲ့ကားကို
မတွေ့ရတဲ့ ကန္တာရသဲမြေပူပူ (အပေါ်မှာ အပေါ်မှာ ) တစ်ပေါက်စနှစ်ပေါက်စ ရွာမိတဲ့မိုးစက်တွေ
ရှဲ ကနဲ လူအုပ်ကြီးကတောင်းဆို လူအုပ်လေးက / လူအုပ်ခလေးက ဖလက်ရှ် ဂန်းတွေ
တဖျတ်ဖျတ်/တဒက်ဒက် ဖန်ခွက်နှုတ်ခမ်းတွေ ပြေးတိုက်ကြ  
                                       " ဂျိမ်း "
ခေါင်းငုံ့ပြီး လည်စင်းပြီး  ရင်ကော့ပြီးအသင့်ဆိုပြီး မှောင်ကျ သွား တယ်
အာသာငမ်းငမ်း ထိုးထွက်ပွင့်ကြတဲ့ ပန်းမျိုးစိတ်ကြမ်းကြမ်းကြောင့် မြေသားနုဖတ်များ
အပိုင်းပိုင်းအပြတ်ပြတ် စတေးခံ လူတန်းစားတစ်မျိုးပဲရှိတယ် ( ထုတ်/လုပ်/ရောင်း/ချ/ဝယ်/ယူ/စား/သုံး )သူ
ကျန်တာက ရုပ်ရှင်ထဲက ဇာတ်ကောင်တွေရဲ့အက်တင်ဝေ့နေတဲ့ အကယ်ဒမီ/ရှော့ခ်..ရှော့ခ်….ရှော့ခ်. . . .
 ရှော့ခ် . . . . .ရှော့ခ်  . . . . . . ရှော့ခ်   .  .  .  .  .  .  .ရှော့ခ် .    .    .   .   .   .  .ရှော့ခ် .    .    .    .    .
    .     . ရှော့ခ်       .        .        .        .       .      .ရှော့ခ်    ( Fade out )    ။        ။
                                    ××××××××××××××××××××××××××××××××××××××××××××××××××××××××
" ၀ုန်း "
___ သံ ခဲ ___
တစ်ယောက်ပြုတ်ကျသွားတယ်
တစ်ယောက်ကတော့ ပြုတ်ကျသွားခဲ့တယ်
ပြန်ကောက်လို့ ရ/မရ တယ်/တော့လောက်အောင်
ပြုတ်ကျကုန်တယ်
၁ နာရီ ၄၀၀ကျပ် ပေးပြီး အင်တာနက်ပေါ်ကနေ ကိုယ့်ကိုကိုယ်
ဖြုတ်ချတယ်
၁၂ ထပ်တိုက်ပေါ်ကနေ ဖြုတ်ချတယ်
နည်းပညာကတစ်ဆင့် ဖြုတ်/ပြုတ် ခြင်းတွေ
ပြုတ်ကျကုန်ပြီလားဟ ..
ဟေ .. ဟုတ်လား ..
အယ်ဗျာ .. ဘယ့်နှယ့်ဖြစ်ရတာတုန်း။
ပေါက်ကုန်ပြီ ..
ကံစမ်းမဲလား .. ထီလား ဘာလား ညာလား
ညာတာလား .. မနောက်ကောင်းဘူးနော်
ပေါက်ကုန်ပြီ ..
ခေါင်းလား .. နှုတ်ခမ်းလား ဘာလား ညာလား
ညာဘက်လား ညဘက်လား
ညဘက်ဆိုရင် အော်တယ်
ရေဒီယိုကအော်တယ်
မြောင်းထဲက အရက်သမားကလဲအော်တယ်
နှစ်အိမ်ကျော်က လူမမာကလဲအော်တယ်
ဒါက ရပ်ကွက်ထဲက အော်ရီဂျင်နယ်ဘဝတွေ
တစ်ခါတစ်ခါ အော်ရယ်ချင်တယ်။
မိုးမှမလင်းသေးဘူး
ခေါင်းရင်းအိမ်က ကြာနီကန်တောင်မဖွင့်သေးဘူး
မန္တလေးသိန်းဇော် တောင် မကြားရသေးဘူး
ဟေ .. ဟုတ်လား ..
အယ်ဗျာ .. ဘယ့်နှယ့်ဖြစ်ရတာတုန်း
မီးခိုးညှော်နံ့တထောင်းထောင်းတွေ
မျက်ရည်နံ့တထောင်းထောင်းတွေ
မတတ်နိုင်ပါဘူးဗျာ
ဘယ်တတ်နိုင်မလဲ
မတတ်နိုင်တာများ လေကိုဖြုန်းနေသေးတယ်
အောက်ဆီဂျင်က အလကားရတယ် မသာကောင်ရဲ့
ကိုင်း.. အဆဲခံရပြီ
ဒုက္ခပါပဲ
မဖြုတ်ချရသေးပဲ ပြုတ်ကျကုန်တော့မယ်။
                                    ×××××××××××××××××××××××××××××××××××××××××××××××××××××××
တည်ထားတဲ့ခေါင်းစဉ်ဟာ ပျောက်သွားတယ်
______ေ သာ် ဇ င် အု န်း ___________
ခင်ဗျားကို ကျေးဇူးတင်တယ်
ဒီကမ္ဘာကြီးမှာ ခင်ဗျားမရှိရင် ဘယ်လောက်များ ဘရုတ်သုတ်ခ
ကသောင်းကနင်း အစီအစဉ်မကျမှုတွေ ကြီးစိုးနေမလဲ
တစ်ဆင့်ပြီးတစ်ဆင့် တိုးပွားလာနေတဲ့
လောဘ ဒေါသ မောဟ မီး မီး မီး
မီးဘေးရှောင် မလောင်ခင်တား မီးသတိပြု
ယခုအချိန်သည် ပူပြင်းခြောက်သွေ့သော ရာသီကို ရောက်ရှိလာပြီဖြစ်ပါသဖြင့်
မီးကို အထူးသတိပြုကြပါ
မီးချိတ်မီးကပ်များ ချိတ်ဆွဲထားကြပြီး ရေပုံးသဲပုံးများကိုလည်း အဆင်သင့်လျက်
မီးကင်းဖိုးများကိုလည်း မှန်မှန်ပေးကြပါရန်
ရန်သူထိုမီးကို နံနက် ၄ နာရီမှ ၁၁ နာရီ ညနေ ၄ နာရီမှ ၉ နာရီအတွင်းသာ သုံးစွဲကြရန်
ခြင်ဆေးခွေမီး ဖယောင်းတိုင်မီး ဝါယာရှော့မီး လောင်စာဆီမီး
မီးမီးက ဦးဦးကို ဦးဦးက မီးမီးကို
အိုတယ် ပျိုတယ်ဆိုတာ ကျဉ်းမြောင်းတဲ့ အယူအဆတွေပါ
မီးပျက် မီးလာ မီးစက်ဖြင့်
မဟာဓာတ်အားလိုင်းများ ပြုပြင်နေပါသဖြင့်
လျှပ်စစ်အန္တရာယ် အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူ
ယူနစ်တွေ ကွဲလွဲ မီတာထိန်းသိမ်းစောင့်ရှောက်ခ ရက်လွန်ကြေး
မီတာဖတ်စာရေးများ သုံးလတစ်ကြိမ်ပြောင်းကြ
အင်တာနက်က ကွန်နက်ရှင်က ချက်တင်က
ဒါနဲ့ စကားမစပ် ညနေက ငမိုးရိပ်ချောင်းထဲမှာ
မိကျောင်းတစ်ကောင် တွေ့လို့ တဲ့ လူတွေ ဝိုင်းကြည့်နေလိုက်ကြတာ
ခင်ဗျားကို ကျေးဇူးတင်တယ်
                                      ××××××××××××××××××××××××××××××××××××××××××××××××××××××
တလွဲတွေးမိတဲ့နေ့က သူနဲ့စိတ်ကောက်တယ်
_________ေ ဇာ် _______________
နင့်, ဖုန်တက်နေ အသံနောက် ၊ နောက်ယောင်ခံ / အသံ
အသံဗလံ ။ ငါ့ဒေါသရဲ့ အာဟာရဟာ နင့်အသံဖြစ်သွားတယ် ။
ဟိတ်(၆)ပါးလည်း ဆင်ခြင်မနေနိုင်ဘူး ။ နင်မလိုချင်တဲ့ မိုးလေဝသ
ဟာလည်း ၊ ငါ မနင်းချင်တဲ့မြေ ။ ဒါပေမယ့် / ဒါပေမယ့် ။
လှေကားကို ဒီဘက်နည်းနည်းရွှေ့ ။ အေး... ရပြီ ၊ ကိုယ် တက်သွားတော့
အပေါ်မှာ ရာဇဝင်တွေ ပြောင်းနေ ။ (ဒီမှာကတော့ ဒီလိုပဲ အကို
ခဏတဖြုတ် မီးပျက်ရင် အခန်းတွေ မှားတက်တယ် ။)
နှင်းတဖွဲဖွဲကြား ၊ ခိုက်ခိုက်တုန် ။ အနာဂတ် ။ အရေအတွက်ဟာ
ရာသီ / မိနစ် ။(ရည်းစားထားတဲ့ မိန်းကလေးတိုင်း အနမ်း /
အနမ်းခံဖူးကြတယ်။) နှင်းတဖွဲဖွဲကြား ၊ ခိုက်ခိုက်တုန် ။
အနာဂတ် ။ အရေအတွက်ဟာ ရာသီ / မိနစ် ။ (ငါ့ဆောင်းဦး
ဆွယ်တာဟာ နင့် နှုတ်ခမ်းပေါ့ ။) နင်, ငါ့ထံ မိုးကြိုးသွား
လာတူးလှည့် ။ ပြဌာန်းချက် လွဲသွားတဲ့ ဘာသာစကားနှစ်ပုဒ်လား ။
နင် မသုံးမိတဲ့ မုသားနံရံကို ငါ, ပလပ်တယ် ။ တိုးတိုးတိတ်တိတ် /
သိုသိုသိပ်သိပ် မရှိတဲ့ နင့် အမှန်တရားရဲ့ ထုထည် ။
ငါသိပြီ / ငါတွေ့ပြီ ။ နင့်မတွေ့ဘူး ။ တစ်သက်စာ ဝင်သက်ထွက်သက်
ပြန် အချောသက်ဖို့ ။ တာမွေ / ၃၈-လမ်း / မြောက်ဒဂုံ ။ အာရုံပေါ်ရာ
စကြာဝဠာ ။ ဟား...ဟား...ဟား...ဟား..(ရယ်သံ အတုပါ) ။
ကိုယ့် ကွာဟမှုကို ။ မိမိကိုယ် မိမိ အံ့သြသရုပ်နဲ့ ပြန်ကြည့် .
ဘယ်ပုံဘယ်နည်း ။ ကိုယ့်မျက်နှာ ဘာအဓိပ္ပါယ်ရ ၊
ဘယ်ဇတ်ဝင်ခန်း ပုံတူကူးချ တော်ကီတွေဝင်လာသလဲ ။
ဖိစီးမှုဒဏ်ဟာ ဟန်ချက်လွဲ သိစိတ်နဲ့ယိုစိမ့် ။ ဘေးဥပါဒ်
ဖြစ်စေသောအရာများ အချိန်မှီပုပ်သိုးရန် လိုအပ်လွန်းနေတာ ။
ဒီမှာ ။ ရက်သတ္တပတ်ပေါင်းများစွာ စိတ်ချင်း စီးချင်းထိုးဖို့ဆို
ငါဘုတ်တေး ။ ပန်းသီး မရှိတဲ့ ကမ္ဘာမှာ နင်နဲ့
ထပ်မဆော့ချင်တော့ဘူး...။                              ။
                         ××××××××××××××××××××××××××××××××××××××××××××××××××××
                         ××××××××××××××××××××××××××××××××××××××××××××××××××××
                                                                          အက်ဆေး
သူတို့သည် ကတ်ကြေးများဖြစ်ကြသည်
_____________________ မှူးေ န ဝ န်း __________
          ကတ်ကြေးတစ်လက်နဲ့ မိတ်ဆွေဖြစ်ဖူးပါသလား။
မထီမဲ့မြင်ဟူသောဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားသည့် ကတ်ကြေးများအနီးအနားမှာ 
အလွယ်တကူတွေ့မြင်နိုင်ပါသည်။ သူတို့သည် အမြဲဆာလောင်နေကြပြီးလျှင် တစ်ခုခုကို 
ကိုက်ဝါးလိုက်ရမှ ကျေနပ်သူများဖြစ်သည်။ သို့ရာတွင် သူတို့သည် မြိုမချတတ် (သို့)
မြိုချရန်မသိ (သို့) မြိုချလို့မရ (သို့) မြိုချရခြင်းကိုမနှစ်သက်သောကြောင့် သူတို့၏ဆာလောင်မှုမှာ ပျောက်ကွယ်သွားခြင်းမရှိခြေ။
ထိုသို့ မြိုမချခြင်းမှာလည်း သဘာဝကျပါသည်။ ကတ်ကြေးဆိုတာ အစာအိမ်မပါသူများပင်မဟုတ်ပါလော။ 
ထို့ကြောင့်သူတို့သည် ကိုက်ဝါးလိုက်ရခြင်းကိုပင် အရသာခံကာ အာဟာရဖြစ်ခြင်းကို
လျစ်လျူရှုနိုင်သော သတ္တ၀ါများဖြစ်ပေသည်။  တစ်ခုခုကိုကိုက်ဝါးခုတ်ဖြတ်လိုက်ရခြင်းပင် မည်သူကမှ 
တာဝန်မပေးပဲ သူတို့ စိတ်ပါလက်ပါ ဆောင်ရွက်လိုသော ကိစ္စတစ်ခုဖြစ်ပေ၏။
ထိုသို့ ပြုလုပ်ရန်အတွက် သူတို့မှာ ကိုက်ဖြတ်ရန် အရာဝတ္ထုများကိုမျက်ခြေအပြတ်မခံဘဲ  
မသိမသာ ဖြစ်စေ၊ သိသိသာသာဖြစ်စေ ရှာဖွေနေရလေသည်။ ထိုသို့ ရှာဖွေတွေ့ပြီဆိုသည်နှင့်
ဆံညှပ်ဆရာသည် ဆံပင်ညှပ်ခါနီး ကပ်ကြေးသံတရွှမ်းရွှမ်းပေးသလို ထိုကတ်ကြေး များသည်လည်း 
သူတို့အချင်းချင်းနားလည်မည့် အချက်ပေးသံတရွှမ်းရွှမ်းကို ပြုကြလေ၏။ ထို့နောက်တွင်ကား
ကတ်ကြေးများသည် အုပ်လိုက်ဖြစ်စေ၊ တစ်ကိုယ်တော်အစွမ်းနှင့်ဖြစ်စေ
သူတို့သားကောင်ကို ကိုက်ဖြတ်ဝါး ကြလေတော့သည်။
သူတို့သည် အလွန်ပင်သတ္တိပြောင်မြောက်သူများဖြစ်၏။
သူတို့ကိုက်ဖြတ်မည့် သားကောင်သည် သူတို့ထက်မာကျောသည့်အရာပင်ဖြစ်စေကာမူ ဂရုမစိုက်ကြ။ 
ကိုက်ဖြတ်လိုက်ခြင်းဖြင့် အပိုင်းပိုင်းပြတ်သည် မပြတ်သည်ကို သူတို့အလေးမထား။
သူတို့ကား ကိုက်ဖြတ်လိုက်ရခြင်းကိုပင် နှစ်သိမ့် ကျေနပ်နိုင်သော ရောင့်ရဲလွယ်သည့် 
စိတ်ဓာတ်ပိုင်ရှင်များ ဖြစ်ပေ၏။ တစ်ခါတစ်ရံ ကတ်ကြေးများသည် သံတုံးကျောက်တုံးများနှင့်လည်း
တိုက်ပွဲဖြစ်ကြ၏။ မီးပွားများ တဖွားဖွားကြွေသည်မှာ တရုတ်သိုင်းကားထက်ပင်
ကြည့်ကောင်းသေး၏။ ထိုသို့တိုက်ခိုက်ရာမှ သံတုံးကျောက်တုံးများ၏ တစ်မှုန်တစ်ပွင့်မျှ ပဲ့ထွက်သွား 
သည်ဆိုလျှင်ပင်  ကတ်ကြေးအချင်းချင်း ချီးကျူးထောပနာပြု 
အားပေးကြကုန်၏။ ကျောက်တုံးသံတုံးကြီးများမှာမူ ထိုကတ်ကြေးများကိုသာ ပါးစပ်အဟောင်းသားအံသြစွာ 
ကြည့်နေကြသည်မှတပါး အရာမယွင်းလှချေ။ ကတ်ကြေးတို့သည်ကား သူတို့၏ထက်လှစွာသော
အသွားနှစ်ဘက်ကို တမြမြ ရှုကာ အကျေနပ်ကြီးကျေနပ် နေပေတော့၏။ သူတို့သည် အသွားနှစ်ဘက်၏ 
ထက်မြက်မှုကို လွန်စွာဂုဏ်ယူကြသော်လည်း သူ့တို့ထက် မာကျောသော ကျောက်တုံးသံတုံးများကြောင့် 
တွန့်လိပ်ကွေးနေပြီဖြစ်သော အသွားများကိုမူ သတိမထားကြ (သို့) မသိချင်ယောင်ဆောင်ကြ ( သို့)
ကတ်ကြေးအားလုံးလိုလိုပင် အနည်းနှင့်အများ တွန့်လိပ်နေသော အသွားများကို 
ပိုင်ဆိုင်ထားကြသောကြောင့် ၄င်းအချင်းအရာသည်ပင် သူတို့၏ စရိုက်လက္ခဏာဟုစွဲမှတ် နေကြလေသည်။ 
ကတ်ကြေးများအချင်းချင်းစကားပြောလိုက်လျှင် ပြတ်သံရှသံများပါလာမြဲပင်ဖြစ်၏။ ထိုပြတ်ရှ သံများသည် 
သူတို့အတွက်မူ အလွန်နားဝင်ချိုလေ၏။ သူတို့အချင်းချင်း ပြိုင်ဆိုင်မှုများလည်းရှိကြ၏။
ဘယ်သူ သည် အာအပြဲဆုံးဖြဲနိုင်သည့် ကတ်ကြေးဖြစ်ကြောင်း၊ ဘယ်သူသည် တစ်စက္ကန့်အတွင်း 
အကြိမ်အများဆုံး ကိုက်ဖြတ်နိုင်သည့် ဂင်းနစ်မှတ်တမ်းဝင်ထားကြောင်း၊ ဘယ်သူသည် ကိုက်ရုံဖြတ်ရုံတင် 
ကျွမ်းကျင်သည် သာမက ဦးချွန်ဖြင့်လည်းထိုးတတ်ကြောင်း၊ ဦးချွန်ဖြင့်ထိုးရာတွင်လည်း 
ဘယ်နေရာသို့တိုက်ခိုက်သည်မှန်း မသိသာအောင် တစ်ခါလျှင် အပေါက်ရာနှစ်ခုကျန်ရန် အသွားနှစ်ဖက်ကို 
ဟ၍ထိုးတတ်ကြောင်း စသည်စသည်ဖြင့် ဆိုင်ရာအရည်အချင်းများလည်း ရှိကြသေးပေ၏။
အမှန်တကယ်မူ ကတ်ကြေးများသည် လွန်စွာ အားအားမနေသောသူများဖြစ်၏။
လူဦးရေ၏ ထက်ဝက်ခန့်သာ ကတ်ကြေးများလို အားအားမနေပဲ ရှာဖွေအလုပ်လုပ်လျှင်
ကမ္ဘာကြီးသည် ယခုထက် ဆယ်ဆခန့်ပိုမိုတိုးတက်ပေလိမ့်မည်။ အဆိုပါကတ်ကြေးများ သည် 
ကိုက်ဖြတ်စရာ အရာကို ရှာဖွေနေသည့်ကြားက မတွေ့ရှိခဲ့လျှင် မိမိတို့အိမ်တွင်းဖြစ်ကိုက်ဝါးစရာများကို 
ထုတ်လုပ်ကြလေ၏။ နို့မစို့ရသောကလေးသည် ချိုလိမ်လေးနှင့်အာသာဖြေသကဲ့သို့ပင်တည်း။
ထိုသို့သော အိမ်တွင်းဖြစ်ကိုက်ဝါးစရာသားကောင်များကို လမ်းမပေါ်တင်ကာ ကတ်ကြေးသံတရွှမ်းရွှမ်းထစေလျှက် ကိုက်ကြ ဝါးကြ ဖြတ်ကြ ခုတ်ကြ ဖြင့် သူတို့၏ရှင်သန်ခြင်းကို 
အဓိပ္ပာယ်ရှိစေလေသည်။ သူတို့သည် သားကောင်အနံ့ရသည်နှင့် သားပစ်မယားပစ်ကာ 
ကိုက်ကြ ဖြတ်ကြရန် ဒုန်းစိုင်းပြေးလာတတ်သည့် မိမိအလုပ် ကို လွန်စွာ 
အလေးထားစူးစိုက်တတ်သူများဖြစ်ပေသည်။ နာမည်ကြီးကတ်ကြေးတစ်ယောက် (အမည်မဖော်ပြ) က 
သူ၏အနာဂတ်ရည်မှန်းချက်မှာ ရေကိုပင်အပိုင်းပိုင်းပြတ်အောင် ကိုက်ဖြတ်နိုင်သူ ဖြစ်ချင်ကြောင်း 
ကမ္ဘာ့ကတ်ကြေးများဆိုင်ရာအဖွဲ့ချုပ်၏ အစည်းအဝေးတစ်ခုတွင် ပြောဆိုလိုက်ကြောင်း 
အတွင်းစကားများအရ သိလိုက်ရသေး၏။ လူငယ်ခြေတက် ကတ်ကြေးလေးများမှာလဲ သူတို့၏ကတ်ကြေးသံ
တရွှမ်းရွှမ်းကို အလွန်ပင် ကျေနပ်နှစ်ခြိုက်စွာဖြင့် ပီတိဖြာလျှက်ရှိလေသည်။ ကတ်ကြေးမဟုတ်သော 
အခြားပုဂ္ဂိုလ်အချို့နှင့် ကွမ်းညှပ်ကဲ့သို့သော ကတ်ကြေးတစ်ပိုင်းသတ္တဝါများမှာလဲ ကြုံရင်ကြုံသလို 
ကတ်ကြေး သံများကို တုပ ထုတ်လွှတ်ကြလေ၏။ မည်သို့ပင်ဆိုစေ ကတ်ကြေးများမှာကား အနီးအနားမှာပင်
ရှိနေကြပြီ ဖြစ်လေသည်။ သူတို့၏ ရည်ရွယ်ချက် အဆိုးအကောင်းကို ဆုံးဖြတ်ဖို့ရန်မူ သူတို့ကိုက်ဖြတ်သော အရာဝတ္ထု၊ သူတို့ကိုက်ဖြတ်ပုံဖော်သော ပုံသဏ္ဍာန်၊ သူတို့ ကိုက်ဖြတ်သော 
အတိုင်းအတာကိုကြည့်ပြီးမှ ပြောနိုင်မည်ဖြစ်ပေသည်။ နောက်ဆုံးရသတင်းများအရ 
ကတ်ကြေးများ၏ ခေတ်စားနေသောဖက်ရှင်မှာ နာကြည်းခြင်း ဖိနပ်တစ်ဖက်၊ မိမိကိုယ်ကိုဖုံးကွယ်ခြင်း 
ဖိနပ်တစ်ဖက်ကို စီးပြီး မာနတုတ်ကောက်ကို ထော့နဲ့ထော့နဲ့ထောက်ကာ လမ်းလျှောက်တတ်သော
ဖက်ရှင်ပင် ဖြစ်ပါသည်။ နိဂုံးသတ်အနေဖြင့် ကတ်ကြေးတစ်လက်နဲ့ တွေ့ဆုံနိုင်မည့် နည်းလမ်းတစ်ခုကိုပေးခဲ့ပါမည်။ ကတ်ကြေးတစ်လက်နှင့်သိကျွမ်းလိုလျှင် သူတို့ ကိုက်ဖြတ်ချင်စဖွယ် 
အရာဝတ္ထုတစ်ခုကိုသာ လမ်းပေါ်ပစ်ချလိုက်ပါ။ လွန်စွာမှပင် ဂန္ဓာရုံ၌ 
ထူးကဲလိမ္မာသူများဖြစ်၍ ရောက်ရာအရပ်မှ သင့်ရှေ့သို့ ဆိုက်ရောက်လာမည် ဖြစ်ပါသတည်း။     ။
                                 ×××××××××××××××××××××××××××××××××××××××××××××××××××××
အဲ့ဒါ ဘာရောဂါလဲ ဒေါက်တာ
_____ သ င်း ကွဲ _________
ကျွန်တော် အိပ်ယာဝင်ဖို့ ကြိုးစားနေတယ် ။
ခေါင်းအုံးထက်မှာ ခေါင်းကို ပစ်တင်လိုက်ရမှာကို
နှစ်ဆယ့်တစ်ရာစုရဲ့ အကြီးမားဆုံးပြစ်မှုကို
ကျူးလွန်လိုက်ရမှာလိုမျိုး ကြောက်ရွံ့နေတယ် ။
အိပ်ပျော်ခါနီးရင် အသံဆိုး ၊ အရုပ်ဆိုး တို့
အကြမ်းဖက်တယ် ။ စူးနင့်ခြောက်ခြားဖွယ်
အော်သံတွေ ၊ အနိဌာရုံ မြင်ကွင်းတွေက
ခေါင်းအုံးထက်ကို ခေါင်းမတင်ရဲလောက်အောင်
ခြောက်လှန့်တယ် ။ ဘယ်သက္ကရာဇ်က
ဝဋ်ကြွေးမျိုးလဲ ။ ထိတ်လန့် ၊ တုန်လှုပ် ၊ ခြောက်ခြား
မောပန်း ၊ ဆုံးရှုံး ၊ ရီဝေ ၊ သေရော့မယ် ခေတ်ပျက်ကြီးရယ် ။
ခေတ်ရဲ့ ပျက်ယွင်းမှုတွေကို စိုးရွံ့ရတာဟာ
လက်ဝါးကြမ်းကြမ်းကြီးနဲ့ ကျောပြင်ကို
ရိုက်ချခံလိုက်ရသလိုမျိုး နာကျင်ရပါတယ် ။
ခေတ်ရဲ့ ယိုယွင်းမှုကို ဘယ်လိုဖြေဆည်ရမလဲ လို့
စဉ်းစားရင်း ၊ ခေါင်းမှာ ဆံပင်တွေ ပိုဖြူလာရပါတယ် ။
ကြောက်စိတ်က အသက်ဓာတ်ကို နှုတ်ယူသွားမလား ။
အသက်ဓာတ်က ကြောက်စိတ်ကို တွန်းကန်ထားနိုင်ပါ့မလား ။
တွေးရင်းနဲ့ ကြောက်လာတာ ၊ ကြောက်စိတ်နဲ့ တွေးမိလို့
ဖြစ်မယ်ထင်တယ် ။ ကြောက်စိတ်ကို လုံးခြေလွှင့်ပစ်လိုက်ပေမယ့်
ကြက်သီးတွေက ထထလာနေတုန်းပဲ ။ ကုတင်ဘေးမှာ
စားပွဲရှိတယ် ။ စားပွဲပေါ်မှာ ရေတစ်ခွက်ရှိတယ် ။
ရေသောက်ပြီး ပြန်အိပ်ဖို့ ကြိုးစားလည်း ခုနက ပြောခဲ့တဲ့
စိတ်ခံစားမှုတွေ တစ်လှည့်စီ ဖြစ် ပျက် နေတယ် ။
အဲ့ဒါ ဘာရောဂါလဲ ဒေါက်တာ ။ ဖြစ်/ပျက် ရောဂါလား
ဒေါက်တာ ။ ဖြစ်ခြင်း ပျက်ခြင်း မရှိတော့အောင်
ပျောက်ကင်းနိုင်မယ့် အနတ္တဆေးဝါးရှိရင်
ညွှန်းပါ ဒေါက်တာ ။
ကျွန်တော့် ဒိုင်ယာရီ ယူလာပါတယ် ။
နေ့စွဲတွေဟာ ကွဲပြားပြီး ၊ အဖြစ်အပျက်တွေဟာ
ထပ်တူညီနေတယ် ။ ကြည့်ကြည့်ပါ ။
ကျွန်တော့်ပါးစပ်ကနေ ထုတ်ဖော်ပြောပြဖို့
အင်အားမရှိတော့လို့ ဒိုင်ယာရီစာအုပ်
ယူလာခဲ့တာပါ ။ သားရေဖုံး အနက်ရောင်လေးနဲ့ပါ ။
စကားလုံး အနက်ရောင်လေးနဲ့ပါ ။
ချစ်ခြင်းမေတ္တာအကြောင်း တွေးမိလိုက်ရင်
"အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး" ခနဲ ။
ညနက်ကြီး ၊ အသံနက်ကြီး ၊ အရိပ်မည်းကြီး ။
အဲ့ဒါ ထင်ရှားတဲ့ အမှတ်အသားတွေပဲ ။
ရှိတယ် ၊ မရှိဘူး ။
ကိုယ့်ကိုယ်ကိုလည်း မသေချာဘူး ဒေါက်တာ ။
ဒီလိုအချိန်ရောက်ပြီဆိုတာနဲ့ ဒိုင်ယာရီထဲကအတိုင်း ၊
ကျွန်တော် ပြောခဲ့တဲ့အတိုင်း ။
ဒီအချိန်ရောက်ရင် ကျွန်တော် အရူးတစ်ယောက်လို
ဖြစ်ဖြစ်နေတယ် ဒေါက်တာ ။ အဲ့ဒါ ဘာရောဂါလဲ
ဒေါက်တာ ။ ခေါင်းတွေ အရမ်းကိုက်ခဲနေတယ် ။
"အဲ့ဒါ ဘာရောဂါလဲ ဒေါက်တာ"
* ဆူးရင့်၏ ကဗျာအား ခံစားရေးဖွဲ့သည် *
                               ××××××××××××××××××××××××××××××××××××××××××××××××××
နကန်းတစ်ကောင်ရဲ့ နမော်နမဲ့ နာလန်ထချိန်
_____________ ရ င် န င့်ေ အာ င် ________
“အစကတည်းက ပန်းတိုင်မပါတဲ့ မာရသွန်ပါ
ခင်ဗျားဘာသာ လိပ်လုပ်လုပ်၊ ယုန်လုပ်လုပ် ၊
ကြိုက်တာသာ လုပ် ၊ ကျုပ်ကတော့
သစ်ပင်အောက်ရောက်တာနဲ့ အိပ်နေမယ့်ကောင်”
အသက်ကို ပြင်းပြစွာ ရှူနေတုန်းက ရေထဲမှာဖြစ်တယ်။ကိုယ့်ကိုယ်ကို သတ်မှတ်ထားတာက ဘယ်တော့မှ သန်းခေါင်ယံမကျော်တဲ့သူ လို့။ သီတင်းကျွတ်တုန်းကဖတ်ရတဲ့သတင်းစာကို သိတာက စပြောရရင်
သက်တံ့တွေလိုမျိုး သူတစ်ယောက်က သက်တောင့်သက်သာလုပ်ဖို့ သန်းတစ်ကောင်လို ပုန်းကွယ်နေတာ 
မသက်သာလှဘူးဆိုတာ သိကြလား။
တကယ်တော့ ကိုယ်ဟာ ဖယောင်းတိုင်မီးလိုပါ။
အညွန့်တလူလူနဲ့ ကောင်။ မငြိမ်းမချင်းပေါ့။ လက်သီးကိုလက်ဖက်ရည်သောက်ရင်း ညစ်နေတာ 
လိုအပ်လို့လား၊မလိုအပ်လို့လား၊ လာပြီးမေးရင် လူဆိုတာ  အလင်းရောင်လို
လင်းလက်နေရုံမဟုတ်၊ လောင်မြိုက်နေတယ်ဆိုတာလည်းနားလည်ဖို့ သိပ်ကိုလိုမှာပေါ့။
တကယ်တော့ ကိုယ်ဟာ တစ်ခါတစ်ခါ ကပ်ပါးကောင်တစ်ကောင်ပါ။
သံပုံးတီးတောလှန့်နေလို့ ရမယ့်သူ မဟုတ်။ ကိုယ်တွယ်တာရာကိုဆိုရင် မာနမရှိ 
အမြဲတွယ်ကပ်နေတဲ့ကောင်။ ခွေးတစ်ကောင်ရဲ့ခြေထောက်က ခွင်နေတာကို ခက်ခက်ခဲခဲ ထပ်ပြီး ချိုးပစ်ဖို့
အချောင်နှိုက်လိုစိတ်နဲ့လူက ချစ်စရာကောင်းလောက်အောင်ခြယ်လှယ်နေတတ်တဲ့ ချိုမြနေတဲ့လောကမှာ 
ချို့ယွင်းအောင်ချိုးနှိမ်ထားကြတာက ချောက်ချားစရာပါ။
“နေထွက်ရာအရပ်ကို မျက်နှာမူ
လက်နှစ်ဖက်ကို ဆန့်တန်းပါ
အလယ်တည့်တည့်က အတ္တတွေရှိသောအရပ် ဖြစ်၏။”
တစ်နေ့ကပဲ လူနှစ်ယောက်က ည လုပ်တမ်းကစားနေကြတာသွားကြည့်မိတယ်။ တစ်ယောက်က 
လ,လုပ်တော့ နောက်တစ်ယောက်ကကြယ်,လုပ်တယ်။ မဟုတ်သေးဘူး၊ လိုသေးတယ်။ ညဖြစ်မလာဘူး။
အဲ့လိုနဲ့၊ တစ်ယောက်က အမှောင်လုပ်တယ်၊ နောက်တစ်ယောက်ကတိတ်ဆိတ်မှု လုပ်တယ်။ ဒါလည်း 
လိုသေးတယ်။ ညက ဖြစ်မလာဘူး။အဲ့လိုနဲ့ပေါ့။ တစ်ယောက်က ညဥ့်ငှက်လုပ်တယ်။ နောက်တစ်ယောက်က သန်းခေါင်ယံတေးသွား လုပ်တယ်။ ဒါလည်းမရဘူး။ ညက ဖြစ်မလာဘူး။
ခင်ဗျားတို့ကော ညလုပ်တမ်းကစားမလား။ ကစားချင်ရင် ရော့ .. ဒီမှာ။
ကိုယ့်မှာ ပိန်းပိတ်အောင်မှောင်နေတဲ့ ကိုယ့်အတ္တဆိုတာကြီး ရှိတယ်။ယူသွား။ တကယ့်ကို ညတစ်ညအတိုင်း 
ဘာကိုမှ မကွဲပြား မထင်ရှားနဲ့ မှောင် မိုက် သွားစေရမယ်။ ဘယ်သူဘယ်လောက် မီးထိုးပြပြ မရဘူး။
ကိုယ်တိုင်ကိုက မှောင်နေတဲ့သူ ဖြစ်စေရမယ်။
တကယ်ပဲ .. နေထွက်ရာအရပ်ကို မျက်နှာမူပါ။ လက်နှစ်ဖက်ကို ဆန့်တန်းပါ။
အလယ်တည့်တည့်က မှောင်မိုက်နေတဲ့ ညတစ်ညရဲ့ ရပ်ဝန်းဖြစ်တယ်။
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *
“ငယ်ငယ်က ရွာတဲ့မိုးက ရွာပြီးရင် တိတ်တယ်
ကြီးလာတော့ ရွာတဲ့မိုးက ရွာလိုက်ရင်
တော်တော်နဲ့ မစဲတော့ဘူး
တွေးတွေးပြီး ပြန်ရွာတယ်”
လဲကျတိုင်း ထလျှောက်တတ်တဲ့ ကလေးငယ်လို အသက်ကြီးလာတိုင်းလဲကျရင် ထလျှောက်ဖို့ သတ္တိတွေ 
နည်းနည်းလာတာ အိုဇုန်းလွှာပေါက်ပြီလားပေါက်တော့မှာလား ထက် ပိုရင်ခုန်စရာကောင်းတယ်။
သစ်ပင်တစ်ပင်ရဲ့ ယိမ်းညွှတ်လွယ်မှုဟာ ဦးနှောက်ကို အသားပေးတဲ့ နာကျည်းချက်လိုပဲ မစိုပြည်လှဘူး။ 
ကိုယ့်ကိုယ်ကို မော့ကြည့်နေရတဲ့လူတစ်ယောက်ဟာ အမြဲလိုလို အရှုံးဘက်ကချည်း။
နေရောင်ပြောက်ပြောက်အောက်မှာ လူဟာ သုံးမြှောင့်ဖန်တုံးတစ်ခုထဲက
အရောင်ခုနစ်သွယ်လို ဖြစ်တည်မှုမဲ့နေခဲ့တယ်။ အဆုံးထိ တွေးနေရင်းကအစကို မေ့မေ့လာတာ။
တကယ်ဆိုရင် ကမ္ဘာကြီးကိုက မာယာများနေတာပါ။ အမြဲတမ်း
အမှောင်တစ်ခြမ်း အလင်းတစ်ခြမ်း ဖြစ်နေရဲ့။
* * * * * * * * * * * * * * * * * * * * * * * * * * * * * *
“မနက်လင်းတာနဲ့
ကိုယ့်ကိုယ်ကို လှန်လှောပြီး ဖတ်ကြည့်
ငါ့နာရေးသတင်းများ ပါလာပြီလား”
ဖြစ်ချင်တော့ အိပ်မက်ထဲမှာ ပန်းပွင့်တစ်ပွင့်ကို စိတ်ရှိလက်ရှိ ခြေမွနေတာ
နိုးလာတော့ ပြန်အိပ်လို့မရတော့ဘူး။ အဲ့ဒီကစပြီး ဘယ်တော့မှ အိပ်စက်လို့
မရတော့။ လူဟာ ကိုယ့်အသိကို ကိုယ်ပြန်သိကြောင်းသိမှ၊ အဲ့ဒီသိနေတာကိုလည်း
ပြန်သိ၊ နောက်ထပ်လည်း သိ။ ကွင်းစက်တွေလို မပြီးဆုံးနိုင်အောင် သိရင်း၊ နောက်ဆုံး 
သိတယ်ဆိုတာ ပျောက်သွားတယ်။
ဘုရားသွားကျောင်းတက် လုပ်တယ်။ အရက်သောက်တယ်။ စိပ်ပုတီးစိပ်တယ်။ ဖရုဿဝါစာ ရေရွတ်တယ်။ 
မိုးလင်းတယ် ၊ မိုးချုပ်တယ် ။ ဖြူတယ်၊ မည်းတယ်။ မနေ့တစ်နေ့ကမှ ကိုယ့်ကတုံးကို ပြန်ပွတ်သပ်ကြည့်တော့
ခေတ်ကြီးတစ်ခုလုံးတောင် ပြောင်လို့နေပါလား။
ကွယ်။ နားနဲ့ လွမ်းတာတွေ ခဏရပ်။ နှုတ်ခမ်းနဲ့ မုန်းတီးတာတွေ ခဏရပ်။
စိတ်နဲ့ ပြာကျနေတာတွေ ခဏရပ်။ အရှေ့က နေထွက်တာတွေ ခဏရပ်။
အရိပ်နေနေ အခက်ချိုးချိုးတွေ ခဏရပ်။ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတွေ ခဏရပ်။
မိဘကျင့်ဝတ်၊ မယားကျင့်ဝတ်၊ လူ့ကျင့်ဝတ်၊ ခဏရပ်။ မောင်းနေတဲ့
အရှိန်ပြင်းပြင်း မာနတွေ ခဏရပ်။ သင်္ခါရတရား ပြောင်းလဲမှုတွေ ခဏရပ်။
မနက်မိုးလင်းတာနဲ့ ဘယ်ကရလာမှန်း မသိတဲ့ ခန္ဓာကိုယ်ကြီးကို ခြေထောက်နဲ့
ထမ်းထမ်းနေရတာ ။ မုန်းစရာ ။
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *
“မိုက်တွင်းနက် သံသရာမှာ အခါခါ လည်ပတ်နေရသူကိုမှ
ဖြတ်ကနဲ မျက်စောင်းထိုးလိုက်ရသလား
ဒီကောင် ရူးလို့သွားရပေါ့ .. နှောင်း ..”
နေသာတဲ့ တစ်နေ့က အနက်ရောင်နာမည်နဲ့လူဟာ နံဘေးမှာလာထိုင်တယ်။ နံပါတ်စဉ်တွေအတိုင်း 
အနက်အဓိပ္ပါယ်တွေကိုရေတွက်ကြည့်တော့ နက်ဖြန်ခါတိုင်းဟာ ကိုယ်လိုက်မမှီအောင်
နက်ရှိုင်းနေခဲ့တယ်။ တော်ကွယ် .. နင် နောက်မဆုတ်ချင်ပေမယ့်နောက်ထပ်ရောက်ရောက်လာဦးမယ့် 
နိစ္စဓူဝ နေ့ရက်တွေက နင့်နင့်သီးသီးတွေချည်း ဒုက္ခကို နောက်ယောင်ခံလိုက်ခိုင်းနေတာ။
ကိုယ့်ထက်နိမ့်တဲ့ နယ်နိမိတ်တွေမှာလည်း နွမ်းလျလျ၊ အဲ့ဒီကိုယ်တိုင်ချည်တဲ့ နှောင်ကြိုးတွေကိုက နှစ်ချို့နေတဲ့ နှလုံးသားပေါ်မှာ
နှိပ်စက်ချင်တိုင်း နှိပ်စက်လာတာ၊ နောက်တစ်ခါဆို နှစ်ပတ်လည်ဘယ်နှစ်ခုရှိပြီလဲ မသိတော့။
တကယ်တော့ ကိုယ်ဟာ နွားတစ်ကောင်ကို ရိုက်လိုက်တဲ့ နှင်တံရဲ့
ပျော့ပျောင်းမှုလို နင့်ကို ချစ်ခဲ့တာပါ .. နှောင်း .. ။
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * *
“တိမ်တွေပေါ်ကို မလှမ်းမကမ်း တက်ကြည့်တယ်
ဟိုဘက်လမ်းမှာ ခြေထောက်တွေ အစုလိုက် ပွင့်ကုန်ကြပြီ ..
ကောင်းကင်ဂါထာကို ရွတ်
ဝါဆိုဝါခေါင် ဘဝတွေက ရေမဖောင်ကြတော့ဘူး”
ဒဏ်ရာတွေ အသိုက်ဖွဲ့ထားတဲ့ ရင်ဘတ်များကို သိသလား။ဆာလောင်မွတ်သိပ်နေတဲ့ခေတ်ကိုက 
အာဒံစားတဲ့ ပန်းသီးကိုမုန်းချင်စရာ။ ဖြေရှင်းမရတဲ့ ပုံသေနည်းအချို့ကို မီးရှို့ကြည့်တော့
ပဋိသန္ဓာရစကားတွေ ထွက်လာတယ်။
ပုန်းရကွယ်ရတဲ့ ဒုက္ခတွေကို မုန်းလို့၊ လိမ်ရညာရတဲ့ ဒုက္ခတွေကို မုန်းလို့လျှာနဲ့ ပါးစပ်ကို ခေါက်သိမ်းထားတာ 
ကြာပြီ။ တပြိုက်လောက် ရွာသွားတဲ့မိုးလိုမျိုး မျက်ရည်က နေရာကွက်ကြား ရွာတယ်။ စိတ်တွေက အခါမလပ်
ညစ်တယ်။ နှလုံးသားကို မသဒ္ဓါရေစာ ကျွေးတယ်။ အမြင်အာရုံကမတော်တရော်ကို မှောက်မှားတယ်။ 
ကိုယ့်ကိုယ်ကို မယုံသင်္ကာဖြစ်တယ်။အလွမ်းက တမြေ့မြေ့ လောင်ကျွမ်းတယ်။
နောက်ဆုံးတော့ ..
တိမ်တွေပေါ်ကို မလှမ်းမကမ်း တက်ကြည့်တယ်
လောကပေါ်ကို ကျွန်တော် တလိမ့်ခေါက်ကွေး
ပြု တ် ကျ ခဲ့ေ ပါ့ ။
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * *
“သူပြောတော့ နွေရာသီရဲ့ မနက်ဖြန်မှာ
မိုး ရွာ မယ် တဲ့ . .
တကယ်တမ်း ဘယ်သူဆိုဆို
ကိုယ့်ဘဝက ဒိုရေမီဖာနဲ့ မလုံလောက်ခဲ့ဘူး”
အက်ဆေးတစ်ပုဒ်ကို ခြောက်မျက်နှာ၊ ဝတ္ထုတိုတစ်ပုဒ်ကို ခုနစ်မျက်နှာ။
ပြည့်ပြီလား ဒီအက်ဆေး။ မပြည့်သေး။ ဆက်ရေးဖို့ ပေးကြဦး။ ဒို။
ခံစားမှုအတိုင်းအတာကို ဘာနဲ့တိုင်းကြမလဲ။ ဖတ်လို့ကောင်းပြီး နားမလည်ရင်
နောက်တစ်ခါ ပြန်ဖတ်။ နားလည်ပြီး ဖတ်လို့မကောင်းရင် စာအုပ်ကို အသာလေးပိတ်။ ရေ။
စကားလုံးတွေ ရှာပေးပါ။ ကုန်သွားပြီ။ ဒါမှမဟုတ်။ မသိတော့ဘူး။
ဒါမှမဟုတ် မကြိုက်တော့ဘူး။ စကားလုံးတွေ ရှာပေးပါ။ ဝတ်ကျေတမ်းကျေထက်
ပိုတဲ့ တသီးပုဂ္ဂလတွေ ပေးပါ။ မီ။
ခံစားမှုကို တစ်ခန်းရပ်သလိုရပ်ပြီး၊ သင့်အတွက် မနက်ဖြန်မှာ ထည့်သွင်း။
အေဘီစီဒီကို ဝဆွဲနဲ့ တစ်ချောင်းငင်နဲ့ ပေါင်း။ လောင်မြိုက်မှုနဲ့ ဆာလောင်မှုကို
တစ်ရပ်တစ်ကျေးဆီမှာ ခွဲထား။ ဖာ။
ခုထိ ဒရောသောပါး ရေးရေးနေတာလည်း ကုန်ပြီ။
တကယ်ပဲ ဘယ်သူဆိုဆိုပါ။ လောက်ကို မလောက်တော့တာပါ။
                  ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××
မှောင်မည်း လူ မြို့
_______________ သူ ရ ဿ ၀ါ ___________________________
ရုတ်တရက် လန့်နိုး လာခဲ့သည့် အချိန်တွင် ကိုယ့်ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မဲလျက် ရှိသည်။ 
ကိုယ့်မှာ မီးစုန်းများ ပါဝင်သော စားပွဲတင် နာရီ မရှိသဖြင့် ကိုယ်နိုးထ လာခဲ့သည့် အချိန်ကို အတိအကျ 
မသိရ သော်လည်း စိတ်၏ စေ့ဆော်မှုကြောင့် (၂)နာရီ တိတိ ဖြစ်နေကြောင်း သေချာခဲ့သည်။
အမှောင်ကို ကြည့်ရင်း မိနစ် အနည်းငယ်ခန့် ကြာသော အခါ မျက်လုံးများက အမှောင်ထဲတွင် 
ဝိုးတဝါး မြင်နိုင်စွမ်း ရှိလာ၏။ ကိုယ့် အနီးတဝိုက် လူများ၊ ကားများ သွားလာ လှုပ်ရှား နေကြသည်ဟု 
တရိပ်ရိပ် ခံစား သိရ၏။ ကိုယ့် မျက်လုံးနှင့် စိတ်အာရုံကို ဒီထက်ပို စူးစိုက် မိသည်။ မီးပွိုင့်မှာ မီးနီမိ၍ 
ရပ်တန့် နေသော ယာဉ်တန်းများ၊ ခရီးသည်တင် ကားများ၊ လမ်းဘေး ဝဲယာ တစ်ဝိုက် တစာစာ အော်နေ 
ကြသော လမ်းဘေး ဈေးသည်များ၊ လမ်းကူး နေသူများ၊ ဦးတည်ရာ တစ်ခုသို့
ရွေ့လျား သွားလာ နေကြသည့် များပြား ပြန့်ကျဲသော လူများ၊
ဝိုး…. ကိုယ် မြို့လယ်ခေါင် အစည်ကားဆုံး နေရာကို ရောက်နေ ခဲ့တာ ပါလား။
ပတ်ဝန်းကျင်မှ ကိုယ် သိဖူး မြင်ဖူးသမျှ အမှတ်အသား များကို အလိုလို ရှာဖွေ မိသည်။
နာရီစင်… မြို့လယ်ခေါင် ခရစ်ယာန် ဘုရားကျောင်း အနီးမှ နာရီစင်ကြီး ရှိသလား။
ယခုထိ ဘယ်အရာ ကိုမှ သေသေချာချာ မဆုံးဖြတ် နိုင်သေး သော်လည်း ယခု ကိုယ် ရောက်ရှိ နေရာ 
အရပ်သည် ကိုယ့်ကို တရင်းတနှီး နိုင်လွန်း နေသည်ဟု မသိစိတ်က သေချာနေ၏။ ကိုယ် နေ့စဉ်လိုလို 
သွားလာ လှုပ်ရှား နေကျ လမ်းများ၊ နေရာများ ဖြစ်သည် ဟူသော ရင်းနှီးမှု ရနံ့ကို အလိုလို ရနေသည်။
မျက်လုံးများက မြို့လယ်ခေါင် နာရီစင်ကြီး ဆီသို့ အရောက်တွင် ရှာဖွေမှု ရပ်တန့် သွား၏။
အချိန်ကို ကြည့်လိုက်တော့ ကိုယ်စိတ်ထဲ ထင်သည့် အတိုင်းပင် (၂)နာရီ တိတိ။
နေ့လည် (၂)နာရီလား၊ ညသန်းခေါင် (၂)နာရီလား။ ရှေးဟောင်း နာရီကြီး ဖြစ်သဖြင့်
ဒစ်ဂျစ်တယ် နာရီများ ကဲ့သို့ နေ့၊ ည အမှတ်အသားပြ စာသား မပါရှိ။
သို့သော် နေ့လည် (၂)နာရီ ဖြစ်ကြောင်း ကိုယ်သိသည်။
ကိုယ့်အသိစိတ် စတင် လှုပ်ရှားလာသည့် အချိန်မှ စတင်၍ အဆက်မပြတ် အလုပ်လုပ် နေခဲ့သော ကိုယ့် 
ပင်ကိုယ်သိစိတ် အဆုံးအဖြတ်သည် ယခုထိ တစ်ချက်မျှ မမှားယွင်းသေး။ ဒါဆို နေ့လည် (၂)နာရီ အချိန်က 
ဘာလို့ မှောင်မည်းဝိုးဝါး ဖြစ်နေတာလဲ။ ကိုယ် အိပ်ပျော် နေရာမှ နိုးထ လာခဲ့တာ ဆိုလျှင်
နေ့လည် (၂)နာရီ အချိန် ဆိုတာ မဖြစ်နိုင်။ နောက်ပြီး ကိုယ်ကရော ဘယ်နေရာမှာ
စတင် အိပ်စက် ခဲ့မိပြီး ဘာကြောင့် ပုံမှန် မဟုတ်သော နေရာတစ်ခုမှာ နိုးထ လာခဲ့တာလဲ။ အမှားအယွင်း 
တစ်ခုခု ကိုယ့်ဆီမှာ လာကပ်ငြိ ခဲ့သလား။ ပထမ ဦးဆုံး အကြိမ်အဖြစ် ကိုယ့်ကိုယ်ကို မယုံကြည်မှုကို ခံစားရသည်။
ပတ်ဝန်းကျင်တွင် သွားလာ လှုပ်ရှား နေကြသည့် လူများ၊ ယာဉ်များ အားလုံး၏ ပြုမူ ဆောင်ရွက် 
ပုံများက နေ့လည် နေ့ခင်း အချိန်၏ သက်ဝင်လှုပ်ရှားမှု ပုံစံနှင့် အံဝင်ခွင်ကျ။ 
သူတို့ဆီက သွက်လက် တက်ကြွမှု၊ ဖျတ်လတ် နိုးကြားမှုကို ကိုယ် မြင်ရသည်။ နောက်ပြီး သူတို့ ရင်ထဲမှ 
တစ်ကိုယ်ရည် တစ်ကာယ အတ္တကို နာမည်တပ်၍ မရသော အရောင်တစ်မျိုး ဖုံးလွှမ်းလျက် 
ထွင်းဖောက် မြင်ရသည်။ အိပ်မက်လား… ကိုယ် အိပ်မက်ထဲ ရောက်နေ တာလား။ လူ၏ အတ္တကို မမြင်နိုင်  မတွေ့ထိ နိုင်သော စိတ္တဇနာမ် အဖြစ် သိထားရာမှ ယခုလို အရာဝတ္ထု ပုံသဏ္ဍာန် အတိအကျ မြင်ရ 
သည့်အခါ ကိုယ် ခြောက်ခြား လာ၏။ ကိုယ့် အာခေါင်တွေ ခြောက်သွေ့ လာသည်။
ဦးတည်ရာမဲ့ လမ်းလျှောက် ခဲ့မိ၏။
ကြီးမား ကျယ်ဝန်းသော အဆင့်မြင့် အရောင်း ကုန်တိုက် တစ်ခု အတွင်း ကိုယ် ရောက်လာသည်။ အရောင်း 
ဝန်ထမ်း အမျိုးသား လူငယ်များ၊ ချောမော လှပသော အမျိုးသမီး ငယ်လေးများက သူတို့၏ ကုန်ပစ္စည်းကို
ဝယ်ယူသူ များအား ချိုသာ ပြေပြစ်စွာ ရှင်းပြ နေကြသည်။ သို့သော် ပုံမှန် အနေအထား တစ်ခုနှင့် 
လွဲချော် နေသည်ဟု ထင်မိသည်။ ကိုယ် သေသေချာချာ အာရုံစိုက်၍ ထပ်ကြည့် လိုက်သည်။
ဘုရားရေ… သူတို့၏ ချိုသာသော စကားသံ များနှင့် ဆန့်ကျင်စွာ
သူတို့၏ ပကတိ မျက်နှာများက တည်တံ့ မာကျော နေကြပါလား။
နောက်ပြီး သူတို့၏ အကြည့်များ…
ထိုအကြည့် များသည် ပုံမှန် အနေအထား မဟုတ်၊ အမည်မဖော် နိုင်သော ပုံစံတစ်မျိုးဖြင့် 
ထူးဆန်းကာ နေ၏။ ကိုယ့်စိတ်တွေ အတော်ပင် ရှုပ်ထွေး လာသည်။
ကုန်တိုက်ကြီး၏ အပေါ်ဆုံး အထပ်သို့ မရေမရာ ကိုယ်တက်လာ ခဲ့သည်။
အပေါ်ဆုံး ထပ်ရှိ အသေးစား ရုပ်ရှင်ရုံ တစ်ခုထဲ ကိုယ် ရောက်သွား၏။
ရယ်ရွှင်ဖွယ်ရာ ရုပ်ရှင် ဇာတ်ကား တစ်ကားကို ပြသနေ လေသည်။
ရုပ်ရှင် ပိတ်ကား ထဲမှ သရုပ်ဆောင် များက ရယ်စရာ ကောင်းသော စကားများ၊ သရုပ်ဆောင် 
မှုများ ပြုလုပ် နေကြသည်။ သူတို့၏ မျက်နှာများ သည်လည်း ခုနက တွေ့ခဲ့သည့် သူများလိုပင် မာကျော 
ခက်ထန်မှု အပြည့်။ ဝေခွဲမရစွာ ရုပ်ရှင် ကြည့်နေသည့် ပရိသတ် များကို ကိုယ် ဝေ့ဝဲ ကြည့်မိသည်။
ကျယ်လောင် ရွှင်မြူးသော ရယ်သံများနှင့် ရယ်မော နေကြသည့်တိုင် သူတို့၏ အပြုံးနှင့် မျက်နှာများက 
တည်ငြိမ်မာထန် နေ၏။ ခုနက လိုပင် ထူးဆန်း၍ အမည် မတပ်နိုင်သော အကြည့်များ မှာလည်း တစ်ထပ်ထဲ။
စိတ်ပျက် လက်ပျက် ကိုယ် ထွက်ခွာ လာခဲ့သည်။
ရွှေရောင် ဝင်း၍ အေးမြသော စိတ်ကို ခံစားမိသည့် အချိန်တွင် ကိုယ် ဘုရား စေတီ၏ 
ရင်ပြင်တော် ပေါ်သို့ ရောက်နေပြီ ဖြစ်ကြောင်း သတိရသည်။ ဆည်းလည်းသံနှင့် 
ရင်ပြင်တော် ပေါ်မှ ခြေနင်း ကျောက်ပြား၏ အေးစက်မှုသည် စိတ်ကို ခဏတော့ ငြိမ်သွားစေ၏။ မြို့၏ 
တန်ခိုးကြီး စေတီတော် ဖြစ်သဖြင့် ဘုရား ရှိခိုးသူများ၊ လာရောက် ဖူးမျှော် သူများ များပြား 
စည်ကား နေသည်။ ခုနကနှင့် မတူသော ငြိမ်းအေးမှုကို ရ၏။ ကြည်လင် ပြတ်သားသော
ဝတ်တက် ရွတ်ဖတ်သံ များကို ခပ်သဲ့သဲ့ ကြားရ သဖြင့် ထိုနေရာသို့ မှန်း၍ လျှောက်လာ ခဲ့သည်။ စေတီတော် 
ရင်ပြင်တွင် ထိုင်၍ ဘုရားကို ညီညာစွာ ပူဇော် ဝတ်ဖြည့် နေကြသည့် ဝတ်ရွတ်ဖတ်သူ လူနှစ်ဆယ် 
ခန့်ကို တွေ့ရသည်။ ချမ်းမြေ့ငြိမ်းအေး စိတ်ဖြင့် သူတို့ အနားသို့ ကိုယ် တိုးကပ် သွားမိသည်။
အား… သူတို့၏ မျက်နှာတွေ၊ သူတို့၏ မျက်နှာ များသည် ခုနက တွေ့ခဲ့ ရသည့်
လူများ အတိုင်း ပါပဲလား။ ငြိမ်းချမ်း အေးမြသော အသံစီးဆင်း မှုကို ထုတ်လွှင့်သည့်
ဘုရားစာ ရွတ်ဆိုသံ များနှင့် ဆန့်ကျင်စွာ သူတို့တွေ၏ မျက်နှာများ အေးခဲမာကျောနေကြသည်။
သူတို့၏ မျက်ဝန်း အကြည့်များ သည်လည်း…..။ ကိုယ် သွေးရူး သွေးတန်း ပြေးထွက် လာခဲ့သည်။
ကိုယ့် ဘေးဘီ ဝဲယာ တစ်ဝိုက် ဘုရား ရေချမ်း ကပ်နေ သူများ၊ ပုတီးစိပ် ကြသူများ၊
ဘုရားဖူး နေကြသူများ သည်လည်း သူတို့ ပြုမူ ဆောင်ရွက် နေသည့် အလုပ်များနှင့်
ဆန့်ကျင်စွာ မာကျော အေးစက်သည့် မျက်နှာများနှင့်။ ကြောက်လန့်တကြား
ကိုယ် ပြေးဆင်း လာခဲ့သည်။ ခြေရူးတည့်ရာ ကိုယ့်သွားလမ်း ပေါ်တွင် တွေ့သမျှ
လူများ အားလုံးလည်း ဒီအတိုင်းပဲ ဖြစ်ပါလိမ့်မည်။ ကြောက်လန့် ခြောက်ခြား နေလျက်က
ကိုယ် လိုက်ကြည့် မိပြန်သည်။ အမှန်ပါပဲ… လူများ အားလုံးသည် တစ်ဦးနှင့် တစ်ဦး
မတူညီသော သွားလာ လှုပ်ရှား ပြောဆို မှုများကို ကိုယ်စီ ပြုလုပ် နေကြ သော်လည်း
သူတို့ အားလုံး၏ မျက်နှာများ ကတော့ အားလုံး အတူတူ… မာကျောထုံကျင်
အေးစက်မှု များကို တပ်ဆင်လျက်။ နောက်ပြီး ကိုယ်အခုထိ အဓိပ္ပါယ် မဖော်နိုင်သော
ထူးဆန်းသည့် မျက်ဝန်း အကြည့်များနှင့်။
အကြည့်တွေ၊ မျက်လုံးတွေ၊ မျက်ဝန်းတွေ…. အဲဒါ ဘယ်လို အချင်းအရာ မျိုးပါလိမ့်။
သူတို့၏ မျက်ဝန်း မျက်သား များက ဘာဖြစ် နေတာပါလိမ့်။ ကိုယ် ကြည့်မိသည်။
သေသေချာချာ လိုက်ကြည့် မိပြန်သည်။ အိုး…. ကိုယ့် နှုတ်ခမ်းတွေ ပြတ်ထွက်သွားမတတ်
ကိုက်ထား လိုက်မိ၏။ ကိုယ် အရမ်း ကြောက်လာသည်။ ကိုယ် ဖော်ဆောင် မရသော၊
ဝေခွဲ မရသော အရာများကို ချက်ချင်း သိလိုက်ပြီ။ သူတို့… သူတို့ အားလုံး၏
မျက်လုံးအိမ် အတွင်းရှိ မျက်သား များသည် ဖြူလျော် နေကြသည်။
ကြောင် ကန်း နေသော မျက်သားများ…. သူတို့ အားလုံး အမြင်အာရုံ ကန်းနေသူ များကဲ့သို့
ဒါမှ မဟုတ် အိပ်မက်ထဲတွင် အသိစိတ်မဲ့ လမ်းလျှောက် နေသကဲ့သို့ စမ်းတဝါးဝါး
ပြုမူ လှုပ်ရှား နေကြတာ ပါလား။ နောက်ပြီး သူတို့ အားလုံး၏ မျက်နှာများသည်
မာကျော အေးခဲ နေကြတာ ပါလား။ ဒီတစ်လောက လုံးမှာ ကိုယ်က လွဲ၍ အားလုံး
စက်ဆုပ် ဖွယ်ရာ ဖြူဖွေး နေသော မျက်သား များကို ဖွင့်ချလျက် အေးခဲ သေဆုံးနေသည့်
မျက်နှာများ ဖြစ်နေ ကြပါလား။
ကြောက်ရွံ့မှု၊ ခြောက်ခြားမှု၊ တုန်လှုပ်မှု၊ ပကတိ အခြေအနေကို နားလည်စွာ ဝေခွဲမရမှု…
စသည့် ခံစားချက်များ ကိုယ့် မျက်နှာပေါ်တွင် ထင်ဟပ်လျက် ရှိနေပြီ ထင်သည်။
မယုံကြည်စွာဖြင့် မှန်သား တစ်ချပ် ရှေ့တွင် ကိုယ် စွန့်စား၍ ရပ်လိုက်၏။
ပြီးနောက်… ယုံကြည်မှု တစ်ခုခု ကိုယ့်ဆီမှ ကိုယ်ပြန်၍ ရလိုရငြား အားတင်း၍ ပြုံးကြည့် လိုက်သည်။ 
မှန်ထဲတွင် ကိုယ့်နှုတ်ခမ်း များက ပြုံးလိုက်သည့် သင်္ကေတ အဖြစ် တွန့်ကွေး၍ သွားသော်လည်း 
ကိုယ့်မျက်နှာ ကတော့ အေးခဲမာကျော နေခဲ့ပြီ။ သူတို့တွေ… သူတို့တွေရဲ့ မျက်နှာဟာ ကိုယ့်ဆီ
ဘယ်လို ရောက်လာ တာလဲ။ ကိုယ် ဘာဖြစ် သွားခဲ့ တာလဲ။ ကိုယ်ကြောက်ရွံ့သည့်
မျက်နှာက ဘာလို့ ကိုယ်ကိုယ်တိုင် ပြန်ဖြစ် နေတာလဲ။ ဒါဆို.. ဒါဆို ကိုယ့် မျက်လုံး တွေရော။
အနည်းငယ် လက်ကျန်မျှ မျှော်လင့်ချက်ဖြင့် ကိုယ့်မျက်လုံးတွေကို ပြန်ကြည့် လိုက်သည်။
ကိုယ့်မျက်ဝန်း မျက်သားများ ဖြူလျော်လျက် ရှိသည်။ ကိုယ်ရော… ကိုယ့်ပတ်ဝန်းကျင်
အနီးအဝေး အားလုံးရော လှုပ်ရှား သွားလာ နေလျက်က လူသေများလို ခံစားချက် တစုံတရာ မရှိသည့် 
စက်ဆုပ်ဖွယ်ရာ မျက်နှာများ ဖြစ်နေခဲ့ပြီ။
“ အား …….. ”
ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့စွာ ခြောက်ခြောက်ခြားခြား အော်ဟစ် မြည်တမ်းသံ ပေါ်ထွက် 
လာပြီးသည့်နောက် ဖြူလျော် သေဆုံး နေသော မျက်လုံးများ၊ အေးခဲမာကျော နေသော မျက်နှာများဖြင့် 
ကိုယ့်ကို ဝိုင်းဝန်း ကြည့်ရှုနေကြသူများ၏ အလယ်တွင် ကိုယ် အမှန်တကယ် လန့်နိုး လာခဲ့လေသည်။
                        ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××
                                                                                      ဟာသ
ဟာသထဲမှ ဟာသများ
__ လူ ပု ေ လ း ___
ဒါလေးပဲ သိချင်တာ
စခန်းမှူး လူပုလေးသည် မနေ့ညက သူ၏ အိမ်သို့ ဖောက်ထွင်းဝင်ရောက်ခဲ့သော သူခိုးအား
ရုံးခန်းအတွင်းတွင် စစ်မေးနေ၏ ။
“မင်း ငါ့အိမ်ထဲကို ငါ့မိန်းမ မနိုးအောင် ဘယ်လိုနည်းနဲ့
ဖောက်ထွင်းပြီး ဝင်ခဲ့သလဲဆိုတာ ပြောပြရင်
မင်းရဲ့ အမှုကို ငါ အလျှော့ပေါ့ဆုံး စဉ်းစားပေးမယ်
ဘာလို့လဲ ဆိုတော့ ငါ အဲ့ဒီလို ကြိုးစားခဲ့တာ
နှစ်ပေါင်းမနည်းတော့ဘူး ကိုယ့်လူ”
==================================
ဒီတစ်ခါတော့
တစ်ညမှာ ဒေးဗစ်ဟာ အရက်တော်တော်မူးပြီး အိမ်ပြန်လာတယ် ။
လမ်းမှာ သူနဲ့ မျက်နှာချင်းဆိုင်ကနေ အနက်ရောင်သားရေသား ဝတ်စုံ ဝတ်ထားတဲ့ 
ညဥ့်ငှက်မလေး လျှောက်လာတယ် ။
ညဥ့်ငှက်မလေးက အလုပ်ဖြစ်မလားဆိုပြီး ဒေးဗစ်ရှေ့မှာ ရပ်လိုက်တာနဲ့ တပြိုင်နက် ..
“ခွပ်” ဆိုတဲ့ အသံနဲ့ အတူ သူမရဲ့ မျက်စိထဲမှာ  ကြယ်တွေ လတွေ မြင်သွားရတယ် ။ ဒေးဗစ် မပြောမဆိုနဲ့ ထိုးလိုက်တာပါ ။ သူမ တစ်ခုခု မရှင်းပြနိုင်ခင်မှာပဲ ဒေးဗစ်ဟာ သူမကို ဂုတ်ပိုးက ဆွဲပြီး ခပ်ဝေးဝေးကို 
လွှင့်ပစ်လိုက်တယ် ။ သူမ ပြန်မထနိုင်တော့ပါဘူး ။ အဲ့ဒီမှာ ဒေးဗစ်ဟာ
ယိုင်တိယိုင်တိုင်နဲ့ လျှောက်လာပြီး သူမရဲ့ ဘေးမှာ ဝင်လှဲလိုက်ရင်း ..
“ ဒီညတော့ ခင်ဗျားရဲ့ စွမ်းအားတွေ ပျောက်နေပါလား Bat Man ရဲ့ ”
====================================
၅၀ - ၅၀
ဒေးဗစ်တစ်ယောက် နေ့လည်စာ စားနေစဉ် ဆိုင်အတွင်းသို့ 
အဘိုးကြီးနှင့် အဘွားကြီး စုံတွဲ ဝင်လာလေသည် ။
အဘိုးကြီးက ဟမ်ဘာဂါတစ်လုံးမှာ၍ ယင်းဟမ်ဘာဂါအား တစ်ဝက်တိတိ အညီအမျှ ခွဲနေလေသည် ။ 
ထို့နောက် ဓား ခက်ရင်းကို ဖြည်းညင်းစွာ ကိုင်တွယ်ရင်း တုန်ချိတုန်ချိဖြင့်
စားနေလေ၏။ အဘွားကြီးမှာမူ အဘိုးကြီးစားနေသည်ကို ထိုင်ကြည့်နေ၏။ ဒေးဗစ်မှာ ကြည့်နေရင်း 
အဘွားကြီးကို သနားလာသည်နှင့် သူတို့ဝိုင်းသို့ ထသွားကာ ..
“အဘွား နောက်ထပ်ဘာဂါ တစ်လုံး ထပ်မှာလိုက်ပါလား
ကျွန်တော် ရှင်းပါ့မယ်”
“ဝယ်မစားနိုင်လို့ မဟုတ်ပါဘူး မြေးရယ် .. အဘွားတို့ လင်မယား
ပေါင်းခဲ့တာ နှစ်ပေါင်း ငါးဆယ် တိုင်ခဲ့ပြီ .. ညားခါစကတည်းက
ဘာပဲလုပ်လုပ် ၅၀ - ၅၀ ပဲ ဆိုတဲ့ ကတိထားခဲ့တာလေ”
“ဒါဖြင့်လည်း အဘွားရယ် .. အဘိုး ခွဲပေးထားတဲ့တစ်ဝက်ကို
စားဖို့ ခက်ရင်းနဲ့ ဓား မှာလိုက်ပါတော့လား .. ဘာကြောင့်
ထိုင်စောင့်နေရသလဲ”
“အခုက အံကပ်ကို သူသုံးရမယ့်အလှည့်မို့ပါကွယ်”
                        ××××××××××××××××××××××××××××××××××××××××××××××××××××××××××××
                                                                             အင်တာဗျူး
ကဗျာဆရာ တာယာ(မောင်မိုးမြင့်) နှင့် ကဗျာအင်တာဗျူး
ခရမ်းရိပ်မှ တွေ့ဆုံမေးမြန်းသည် ။
မေး - အစ်ကို ကဗျာရေးတဲ့အခါ သုံးတဲ့ နာမည်က နှစ်မျိုးတွေ့ရတယ်နော် ။
မောင်မိုးမြင့် ၊ တာယာ ဆိုပြီး ။ ဘယ်နာမည်က ဘယ်အတွက်သုံးတယ်ဆိုတာရယ် ၊
အဲ့ဒီကလောင်နာမည်တွေကို ရွေးချယ်ဖြစ်ခဲ့ပုံရယ် ပြောပြပေးပါဦး ။
ဖြေ - ဒါကလား တာယာ ဆိုတာက ၂၀၀၆ ခုနှစ်လောက်က ဘလော့ပေါ် စတက်လာတော့
ပရဟိတ အတူလုပ်တဲ့ သူငယ်ချင်းတစ်ယောက် ပေးထားတဲ့ နာမည်ပါ အကြမ်းခံမယ် အနင်းခံမယ်ပေါ့
နောက်ပိုင်းကျတော့ အဲ့ကလောင်နဲ့ ပတ်သက်ပြီး အငြင်းပွားရတာတွေ အထင်မှား အမြင်မှားမှုတွေ ဖြစ်လာလို့
အမေပေးထားတဲ့ မွေးစာရင်းထဲက နာမည် မောင်မိုးမြင့် ဆိုတာနဲ့ပဲ ဆက်ရေးပါတော့တယ်
ဒါပေမဲ့ ကလောင်ဟာ သိပ်တော့ အရေးမပါလှပါဘူး သင်္ကေတ တစ်ခုသာသာ ပါပဲ
မေး - ကိုတာယာ ကြိုက်နှစ်သက်တဲ့ ကဗျာအမျိုးအစားက ဘာဖြစ်မလဲ ။
ဖြေ - ဘယ်လိုပြောရမလဲ စိတ်ခံစားမှု့ပေးနှိုင်တဲ့ ကဗျာမှန်သမျှ
ကျနော် ကြိုက်ပါတယ် ဘယ်အမျိုးအစားရယ်တော့ မဟုတ်ပါဘူး
မေး - ကိုတာယာ့ကို အကောင်းဆုံးစိတ်ခံစားမှုပေးနိုင်ခဲ့တဲ့
ကဗျာပိုင်ရှင်တွေက ဘယ်သူတွေများဖြစ်မလဲ မှတ်မှတ်ရရပေါ့ ။
ဖြေ - ဆရာ တာရာမင်းဝေ ၊ ဆရာ မောင်ချောနွယ် ၊
ဆရာ ခရမ်းပြာထက်လူ နဲ့ ဆရာ ညီစိမ်း တို့ပေါ့နော် မှတ်မှတ် ရရပါပဲ
မေး - အခုဆိုရင် အွန်လိုင်းကဗျာဆိုတဲ့ ယဉ်ကျေးမှုတစ်ရပ်ကလည်း
တွင်ကျယ်လာခဲ့ပြီ ။ လူငယ်တော်တော်များများ ကဗျာရေးလာကြတယ် ။
အွန်လိုင်းကဗျာတွေအပေါ် အမြင်လေး ပြောပြပါဦး ။
ဖြေ - အွန်လိုင်းကဗျာ ယဉ်ကျေးမှုဟာ အပေါင်း လက္ခဏာပါ
ဒါပေမဲ့ပေါ့ဗျာ ဘယ်ကိစ္စမဆို ဘေးထွက်ဆိုးကျိုးတော့ ရှိတတ်တာပဲလေ
လူငယ်တွေ ကဗျာရေးလာတာဟာ ၀မ်းသာစရာပါ ကြိုဆိုရမှာပါ
လူ့အဖွဲ့အစည်းအတွက် ဒီလိုလူငယ်တွေ လိုအပ်လာပြီလေ
ခေတ်ကလဲတောင်းဆိုလာပြီ ဘာပဲဖြစ်ဖြစ် ကဗျာရေးနေတာဟာ
အကုသိုလ်လဲ မကြီးလို့ လူငယ်တွေ ကဗျာရေးလာကြတာ ကောင်းပါတယ်
အွန်လိုင်းကဗျာတွေ အပေါ်အမြင်ကတော့ ရှင်းပါတယ်
လွတ်လပ်တယ် မျှတတယ် လုပ်ပိုင်ခွင့်တွေရထားတယ်
ဒါကြောင့် ကိုယ်ယုံကြည်ရာလမ်းကို ကိုယ်တိုင်လျှောက်ကြတယ်
ဖောက်ကြတယ် မလိုလားအပ်တဲ့ ခေတ်စမ်းဓလေ့ အနည်းငယ်တော့ ပါတာပေါ့ဗျာ
ဘာပဲဖြစ်ဖြစ် အွန်လိုင်းကဗျာတွေဟာ တော်တော်လေး ရင့်သန်လာပါပြီ
ကျနော့် အနေနဲ့တောင် မဝေဖန်နိုင်လောက် အောင်ပါပဲ
မေး - နောက်ပိုင်းမှာ အသစ်ထပ်ထပ်ထွက်လာတဲ့
ကဗျာအမျိုးအစားတွေအပေါ် ကိုတာယာ့ အမြင်က .. ။
ဖြေ - အပေါ်မှာ ကျနော်ပြောခဲ့ပြီးပါပြီ ခေတ်ကလဲတောင်းဆိုပြီ နောက်ပြီး
 လူ့အဖွဲ့အစည်းကလဲ အသစ် အသစ်တွေကိုပဲ ဆာလောင်နေတာကြောင့်
ကျနော့် အမြင်ကတော့ နည်းနည်းလေး မျက်စိဖွင့်ပြီး ဒီအသစ်တွေ အပေါ်နားလည်ဖို့
(ခံစားကြည့်ဖို့) ကြိုးစားကြည့်သင့်တယ်လို့ ထင်မိပါတယ်
ကျနော်လဲ အခုမှ ခံစားကြည့်နေတုန်းပါ
မေး - တချို့က .. ကဗျာတစ်ပုဒ်ဖတ်ပြီဟေ့ ဆိုရင် ..
ဒီကဗျာက ဘာ အဓိပ္ပါယ်လဲဆိုတာ နားလည်အောင် ကြိုးစားကြတယ် ။
ဒါမှန်သလား မှားသလား ဆိုတာ ကိုတာယာ ဘယ်စည်းဖက်မှာ ရပ်မလဲ ။
ဖြေ - ကျနော်ကတော့ မှားတယ်ဆိုတဲ့ စည်းဖက်မှာ ရပ်နေဖြစ်လိမ့်မယ်ဗျ
ဘာဖြစ်လို့လဲဆိုတော့ နားလည်ဖို့ ကြိုးစားနေတာကိုက ကဗျာနဲ့ မပတ်သက်လို့ပါ
ဒါဆို နားလည်စရာမလိုဘူးလား အဲ့လိုလည်း မဟုတ်သေးပါဘူး ကဗျာဟာ အများအားဖြင့်
ဘာသာစကားနဲ့ တည်ဆောက်ထားတာပါ ဒါကြောင့် ဘာသာစကားကိုတော့ နားလည်ဖို့လိုပါတယ်
ဒါပေမဲ့ ကဗျာရေးသူ ဘာပြောချင်တယ်( ကဗျာဆရာရဲ့ နာကျင်မှု ) ဆိုတာကိုတော့
လိုက်ပြီး အဓိပ္ပါယ်ကောက်နေတာဟာ မိုက်မဲမှုသက်သက်ပါပဲ
အဲ့ကိစ္စတွေဟာ ကိုဆူးခက်မင်းတစ်ခါပြောသလိုပဲ ပန်းပွင့်ကို ပွင့်ဖတ်ခွာကြည့်နေတာပါ
ဒါတွေဟာ အလယ်တန်းကျောင်းသား ဘ၀မှာ ကျန်ခဲ့ပါပြီ
ဥပမာပေါ့ဗျာ ကျနော့် တစ်ယောက်ထဲ အမြင်ပါ
တစ်ချို့လူငယ်တွေ အင်္ဂလိပ်သီချင်းတွေ အရမ်းကြိုက်လို့ နားထောင်တယ်
သူတို့ ဘယ်လောက်နားလည်လဲ နောက်ပြီး ကျနော်ဆို ၁၀ နှစ်သားလောက် အထိ
ဟသာင်္တထွန်းရင် သီချင်းနဲ့မှ အိပ်တတ်တာပါ ဒါပေမဲ့ ကျနော်  အဲ့ဒီအရွယ်မှာ
သီချင်းရဲ့အဓိပ္ပါယ် အတိမ်အနက်ကို မသိသေးပါဘူး ကျနော်ပြောချင်တာက
ကဗျာလဲ ထိုနည်းတူပါပဲ ခံစားမှုလေးတစ်ခုပါပဲ ကျနော့် ကဗျာထဲကလိုပေါ့
အနုပညာဆိုတာ နှလုံးသားနဲ့ ဦးနှောက်ကို ခပ်ကြမ်းကြမ်း ဝတ်မှုန်ကူးနေတဲ့
လိပ်ပြာတစ်ကောင်ပါပဲဗျာ တော်တော်တောင် များသွားပြီ
မေး - ကဗျာရေးနေကြတဲ့ လူငယ်တွေအပေါ် ဘယ်လိုအကြံမျိုး
ပေးချင်ပါသလဲ ။ ဘယ်လိုစာအုပ်မျိုးတွေဖတ်သင့်တယ် စသဖြင့်ပေါ့ ။
ဖြေ - စာကတော့ ဘယ်လိုစာမျိုးမဆို အကုန်ဖတ်သင့်ပါတယ်
ညစ်ညမ်းစာပေကလွဲလို့ပေါ့ ကဗျာ စာအုပ်အနေနဲ့ကတော့
အရမ်းများနေတော့ ပြောမပြတက်ဘူးဗျ
ဒါပေမဲ့ ဒါတွေ လျှောက်မဖတ်လဲ ကဗျာရေးနေလို့ရပါတယ်
မေး - ကျေးဇူးတင်ပါတယ် ကိုတာယာရေ ။
ခရမ်းရိပ်ရဲ့ ပရိသတ်တွေအတွက် အစ်ကို့ကဗျာတစ်ပုဒ်လောက် ပေးဖတ်ပါဦး ။
ဖြေ - ဟုတ်ကဲ့ ကျနော်ရေးထားတဲ့ "ဘာတဲ့ ကျနော်ချစ်တဲ့ သူ့ခြေမလေးက ရူးနေတာတဲ့"
ဆိုတဲ့ ကဗျာလေး ပေးဖတ်ချင်ပါတယ် ။ အခုလို ဖြေခွင့်ရတဲ့အတွက် ကျနော်ကလည်း
ခရမ်းရိပ်မဂ္ဂဇင်းကို အထူးပဲ ကျေးဇူးတင်ပါတယ် ။
...............................................................................
ကဲ .. ကဗျာဆရာ တာယာ(မောင်မိုးမြင့်) နဲ့ အခုလို ပြောဖြစ်ဆိုဖြစ်ခဲ့ပြီးနောက်မှာ
သူ့ရဲ့ ကဗျာကို ခရမ်းရိပ်ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ် ။
 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
"ဘာတဲ့ ကျနော်ချစ်တဲ့ သူ့ခြေမလေးက ရူးနေတာတဲ့"
နားထင်ထဲက မီးခိုးတွေ အလျားလိုက် အူထွက်လာသလို ၊ စတင်
ပြုတ်ထွက်သွားခဲ့သော တန်ဖိုးနည်း အိမ်မက်အပိုင်းအစများ ရေစက်လက်နှင့်
" အန်တီ့ကို ကျနော်ချစ်တယ် " ဆိုတဲ့
လူငယ်တစ်ယောက်ရဲ့ နံရိုးကြားက ထွက်ကျလာခဲ့သည့် အပြာရောင် မိုးဥတုငယ်လေး
ဒီကဗျာ အပါအ၀င် လူတွေ ၊ စိတ္တဇနာမ်တွေ ၊ နောက်ဆိုးပေါ်နည်းပညာတွေ ၊ အရက်ပုလင်းတွေ ၊
မသမာမှု့နဲ့ သဘောင်္ဘူတာတွေ အားလုံးဟာ ၂၁ ရာစုမှာ ပိတ်မိနေပြီ
အိပ်မပျော်တဲ့ ညတွေဆို အိပ်ဆေးသောက်မဲ့အစား ကြယ်တွေကိုပဲ ရေတွက်နေသင့်တယ်
မီးမလာဘူး၊ ပျက်နေပြီ ရာသီဥတုရော ၊ ဇီဝရော ၊ စာရိတ္တရော အကုန်ပဲ
ပစ္စုပ္ပန်တည့်တည့်မှာ ကျွံဝင်သွားတဲ့ အမှတ် ( နုညံ့လွန်းသော အဆိပ် )
စာရေးတက် ဖတ်တက် ယုံလောက်နဲ့တော့ လူငယ်တွေဘာလုပ်နေတယ်ဆိုတာ မသိနှိုင်ဘူး
လက်ဖမိုးလေးပေါ်မှာ ၂၆ စက္ကန့်လောက်သေသွားတယ် လို့ ထင်ရပြီး
ပြန် ပြန် ရှင်လာတဲ့ စိတ် ၊ စိတ်ငြိမ်ဆေး ဆောင်ထားတက်တဲ့ အလေ့အကျင့်ဟာ
လူကြီး လူကောင်း ပီသမှု့ ၊ အဲ့လိုဆို မကောင်းဘူးလား
လက်ထဲမှာ သိမ်းဆည်းထားခဲ့မိ ပါးချိုင့်ခွက်လေးတစ်ရံ ၊ အန်တီ ဆံပင်တွေ အရမ်းလှတာပဲ
တကယ်တော့ ကျနော့်အသက်က အခုမှ ၂၀ ကျော်ယုံလေးပါ
အသိအတိုင်း ပြောရရင်တော့ အရမ်းပဲ အသည်းကွဲလို့ကောင်းတဲ့ အရွယ်ပေါ့
ဂျိုးဆက်ဖင်း(န်) ကို ကျနော် လုံးဝ မချစ်ဘူး ကျနော့်ကို ပြောပြပါ
ဗိုက်ပူ သစ်သား ဘက်စ် ကားအိုကြီးပေါ်မှာ ရဲတွတ်နေတဲ့ နုတ်ခမ်းလေးနဲ့ အချစ်ရှိနေတယ် မဟုတ်လား
လူငယ်လေးတစ်ယောက် သွပ်သွပ် ခါအောင် ရူးနေပြီ
ရန်ကုန်-မန္တလေး အမှတ် (၄) လမ်းမကြီးပေါ်မှာ ၊ ပဲရစ်က အီဖယ်လ် မျှော်စင်ပေါ်မှာ
နည်းပညာ တက္ကသိုလ်ရဲ့ စာသင်ဆောင်တွေပေါ်မှာ ၊ နမ်းတက်ခါစ နုတ်ခမ်းလေးပေါ်မှာ
အဲလိစဘတ်စ် သောင်းထွန်းတို့ အိမ်နားမှာ ၊ ဒန်မ်းဖိုက်တံဆိပ် စကော့ ၀ီစကီ ပုလင်းထဲမှာ
ဒီလိုပါပဲ မကြာ မကြာ တော့ မှားဖြစ်ပါတယ်
အပေါစား ရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်းတွေလို ကျနော့်ကို မလိမ်ပါနဲ့
အသက်ရှူသံတွေ ကြားကထဲက အန်တီဟာ ခေတ်ပေါ်မိန်းမတစ်ယောက် ဖြစ်တယ်
ကျနော့်ရဲ့ လူငယ်ဘ၀ အာသီသဟာလည်း အန်တီပဲဖြစ်လိမ့်မယ်ဆိုတာကို သိတယ်
လျှပ်စစ် မျှင်တန်းတွေနဲ့ ယက်လုပ်ထားတဲ့ လူ့ယဉ်ကျေးမှု့တွေ ကြားမှာ
စိတ်ခံစားမှု့ဟာ ရူးနေတဲ့ ခွေးလို အမြုပ် တစီစီနဲ့ တစ်ခုခုကို အလောတကြီး ဆာလောင်နေလိမ့်မယ်
နေပူထဲမှာ လမ်းလျှောက်ကြည့်ပါ အန်တီ
မလိုအိပ်တဲ့ အစိတ် အပိုင်းတွေကို ဖြုတ်ချ၊ ဖျက်ချ ထားခဲ့လိုက်ပါ
နောက်ဆုံးပေါ် လင်ဆာကားသစ်ကြီး စီးချင်တဲ့ ဆန္ဒနဲ့ အာကာသထဲကို အသံတွေ လွင့်လိုက်
သိစိတ်နယ်လွန် ဖြစ်ရပ်တစ်ချို့ တိတိကျကျကို မွေးဖွားလာပါလိမ့်မယ်
အန်တီနဲ့ ကျနော်ရဲ့ ပတ်သတ်ဆက်နွယ်မှု့ကို ခပ်ရိုင်းရိုင်း ခေါင်စဉ်တစ်ခု တပ်ပေးပါ
နောက်ပြီး နံရံကပ် ခွေးရုပ်လေး ၀ယ်ပေးပါ ( နှိပ်ရင် အသံမြည်ရမည် ) ၊ ခဏ ခဏ နမ်းပါ
မာတင်ဘော(န်)မန်း နဲ့ မာသာ ထရီဇာ ကိုမသိလည်း ကျနော့်ကို ချစ်လို့ရပါတယ်
နုတ်ခမ်းဆိုးဆေးတွေ ဖျက်ပစ်လိုက်ပါ အန်တီ
ကျနော်ကလည်း ရှက်တက်ကာစ ခေတ်လူငယ်လေးတစ်ယောက်ပဲလေ
မဟုတ်ဘူး ၊ လုံးဝ မဟုတ်ဘူး အန်တီ
ကျနော့်အတွက် အချစ်ဆိုတာ ဘုန်းကြီးလမ်း ပလက်ဖောင်းပေါ်ကနေ
စံပြ ရုပ်ရှင်ရုံကို တစ်နေကုန် ထိုင်ကြည့်နေရခြင်းပဲ ဖြစ်တယ်
ဒါနဲ့ပဲ လဆန်း ၆ ရက်နေ့မှာ ကျနော်ချစ်တဲ့ သူ့ခြေမလေး ရူးသွားတယ် ။ ။
မောင်မိုးမြင့်
                           ××××××××××××××××××××××××××××××××××××××××××××××××××××××××××××
                                                                   ကဗျာဆောင်းပါး
လင်းသဏ်ညီနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ခြင်း
_____ ဖိုးေ ဇာ် ( ဓာ တု ) __________
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အတွင်ကျယ်ဆုံးယဉ်ကျေးမှုနှစ်ရပ်ရှိတယ် ။ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု နဲ့
ကွမ်းယာ ယဉ်ကျေးမှု တို့ပဲ ဖြစ်တယ် ။ ကဗျာဆရာ လင်းသဏ်ညီက
"အာရှမှာ လမ်းဘေးလက်ဖက်ရည်ဆိုင်ဟာ ယဉ်ကျေးမှု"ဆိုပြီး ကဗျာနဲ့ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုကို ယှဉ်တွဲစပ်ဟပ်ပြခဲ့တယ် ။ သည်နေရာမှာ ဒီမိုကရေစီတွေ ဟိုမိုကရေစီတွေ ခဏဘေးဖယ်ထားဦး ။
"အာရှ" ဆိုတာထက်"မြန်မာ"လို့ သုံးလိုက်ရင် ပိုကောင်းမလားလို့ စဉ်းစားမိတယ် ။
အခြားအခြားသော အာရှနိုင်ငံတွေမှာ လမ်းဘေးလက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု မရှိမဟုတ် ။ သို့သော်ငြားလည်း အာရှတစ်ခွင်မှာ ၊ ဒီ့ထက်ပိုပြီး တပ်အပ်သေချာ ပြောလိုက်ရင် တစ်ကမ္ဘာလုံးမှာ ၊
လမ်းဘေးလက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု ထွန်းကားတွင်ကျယ်တာ မြန်မာတစ်နိုင်ငံတည်း ရှိပါတယ် ။ 
မင်းက ဒါကို ဂုဏ်ယူနေတာလားလို့ မေးလာရင် ၊ ဂုဏ်ယူစရာတော့ မရှိပေမယ့် ၊ လက်ဖက်ရည်ဆိုင်
ယဉ်ကျေးမှုရဲ့ အသုံးဝင်မှု ၊ အရေးပါအရာရောက်မှုတွေ ရှိပါလေကြောင်းကျွန်တော်က ပြန်ပြောမှာပါ ။
ဆိုကြပါစို့ ၊ ခင်ဗျားရဲ့ ဧည့်သည်တစ်ယောက် အိမ်လာလည်ပြီ ။
အိမ်တွင်းရေးအဆင်မပြေမှု ဆိုတာတော့ အနည်းနဲ့အများရှိတတ်ကြတာပဲ မဟုတ်လား ။ 
အဲသည့်လို အချိန်မျိုးမှာခင်ဗျားရဲ့ ဧည့်သည်ကို ခင်ဗျားရဲ့ အိမ်ရှင်မက
ပြီးပြည့်စုံအောင် ဧည့်ဝတ်ကျေပြွန်နိုင်ဖို့ဆိုတာ မလွယ်တဲ့ ကိစ္စပဲ ။ သည်တော့ ဘာလုပ်မလဲ ။
တစ်ခု အကြံပေးမယ် ။ ခင်ဗျားအိမ်ရဲ့ တစ်မိုင်ပတ်လည်အတွင်းမှာ
လက်ဖက်ရည်ဆိုင် အနည်းဆုံး တစ်ဆိုင်တော့ ကျိန်းသေရှိမှာပဲ ။
ခင်ဗျားမိတ်ဆွေကို လက်တို့ ၊ "လာဗျာ လက်ဖက်ရည်ဆိုင်သွားထိုင်ရအောင် အေးဆေးစကားပြောရတာပေါ့" 
ဆိုပြီးခေါ်ထုတ်သွား ။ ငါးရာတန်တစ်ရွက်ရှိရင် ဧည့်ခံလို့ဖြစ်ပြီ ။
ဒါ့အပြင် ခင်ဗျားရဲ့အမျိုးသမီးကို မသိစေချင်တဲ့ကိစ္စရှိရင်လည်းပြောလို့ဆိုလို့ ကောင်းတာပေါ့ ။ 
ဘယ်လောက် အဆင်ပြေလိုက်သလဲ ။
နောက်ပြီး ကဗျာဆရာ အ၀န်းအ၀ိုင်းမှာလည်း လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုဟာအတော်အသုံးတည့်တာပဲ ။ ၃၃ လမ်း လေထန်ကုန်း ၊ခရားကြီး ၊ ၃၈ လမ်း အရှည်ကြီးဆိုင် ၊ စသည်ဖြင့် မိမိနဲ့
အလွမ်းသင့်ရာ ကဗျာဆရာချင်း ထိုင်တတ်ကြလေတော့ ၊တစ်ယောက်ယောက်ကို ရှာချင်ရင် ဘယ်သူကဖြင့် ဘယ်ဆိုင်မှာ ရှိတတ်တယ်ဟေ့ ဆို ၊ ကိစ္စက ပြတ်ပြီ ။IT ခေတ်ကြီးမှာ IT ပစ္စည်းမပါဘဲ
ဆက်သွယ်ရအဆင်အပြေဆုံးနည်းပေါ့ ။ အခြားအခြားသော အသုံးတည့်မှုတွေ ရှိသေးပေမယ့်လည်း ၊
ဒီလောက်ပဲ ဖော်ပြပါရစေ ။
ကဗျာအကြောင်း ပြန်သွားရအောင် ။
ကဗျာဆရာ လင်းသဏ်ညီက သူ့ရဲ့ကဗျာထဲမှာလက်ဖက်ရည်ဆိုင် အငွေ့အသက်တွေ
ဆုပ်ယူထည့်သွင်းပေးထားတယ် ။လက်ဖက်ရည်ဆိုင်ထိုင်ရင်း ကြားနေကျ
စကားလုံးတွေ ၊ အသံတွေ ၊ မြင်နေကျမြင်ကွင်းတွေကို စီကာစဉ်ကာ ရေးဖွဲ့ပေးထားတယ် ။
သည်ကဗျာဖတ်အပြီးမှာ ကဗျာဆရာနဲ့သူ့ရဲ့ကဗျာနဲ့ ခင်ဗျားနဲ့ သဘောတူညီမှုတစ်ရပ်
ရရှိသွားပြီဆိုရင် ခင်ဗျားစိတ်ထဲမှာလမ်းဘေးလက်ဖက်ရည်ဆိုင်ထိုင်ချင်စိတ်တွေ
တဖွားဖွား ဖြစ်တည်လာလိမ့်မယ် လို့ကျွန်တော် အာမခံတယ် ။
" ကဲ . . ခင်ဗျား ဖတ်မယ်မဟုတ်လား ကိုယ့်လူ "
အာရှမှာ လမ်းဘေးလက်ဖက်ရည်ဆိုင်ဟာ ယဉ်ကျေးမှု
စကားတစ်ခွန်းက အမြဲတမ်း မမာကြောနိုင်ဘူး
ဆိုင်အတွင်း မူးယစ်ဆေးဝါး မသုံးစွဲရ
ဟန်းဖုန်းနဲ့ပြောလည်း အဖျော်ဆရာရဲ့ အရသာအတိုင်း
စားပွဲဝိုင်းတွေ သန့်ရှင်းပါ စားပွဲလေးထောင့်တွေ သန့်ရှင်းပါ
နေရာဒေသအတိုင်း ပြောင်းလဲနေရတဲ့ လေသံ
ခုံခြေထောက်နားမှာ တံတွေးခွက် ထားပေးတယ်
ငယ်စရိုက်အတိုင်း နားရွက်တံတွေးမဆွတ်ရ
သူဌေးသားလည်း ဒီရေနွေးခွက်ပဲ
ဖန်ခွက်တစ်လုံးကွဲလျှင် တန်ဖိုးအတိုင်း ပေးလျော်ရမည်
ပြန်မလျော်နိုင်သေးတဲ့ လူ့ဘ၀အစအနများ
သောက်နေကျအတိုင်း ပေါ့ဆိမ့်ပဲလား ဆံပင်အနီရောင်ထဲ ကပ်ငြိနေတဲ့
ဖုန်မှုန့်တွေ အရင်ခါချလိုက်ပါ
မနက်ဖြန်လည်း နက်စ်ပလိန်းကို နို့စိမ်းပေါက်ဦးမယ်
စားပွဲထိုးလေး မှာတဲ့အတိုင်း နန်းကြီးသုပ် ချဉ်ငန်စပ် အလွတ် တစ်ပွဲ
တန်ဖိုးအပြည့်ပေးရင် အရသာ မပေါ့စေရဘူးလား
ဆေးလိပ်ကို မီးညှိပါ ရူဘီတစ်ပွဲ နျစ်ရာ
အထားအသို နည်းနည်းပြောင်းရင် အသစ်တဲ့လား
အစ်ကိုကြီး ထိုင်ခုံအောက်ခြေ ခဲနည်းနည်းခုမယ် ကျွန်တော်တို့လည်း ခိုးလိုးခုလု
ဂျာနယ်ထဲက ဘောလုံးပွဲအတိုင်း အာပေါင်အာရင်း သန်မလား
ရေနွေးနည်းနည်းကုန်နေတယ် အစ်ကို
"ဒီလို မချစ်ဘူး မပြောပါနဲ့"
ဒိုးလုံးသေပြီ သူ့အသံ ကြားနေရတုန်း
ဟိုဘက်ဝိုင်းက ကောင်မလေးတွေ လှမ်းရှိုးရအောင်
အကန့်လေ
တစ်သင်းမှာ ဆယ့်တစ်ယောက်ထက် ပိုကစားလို့ မရဘူး
ဒိုင်လူကြီးကတော့ ကွင်းထဲမှာ ၀ီစီကြီး တရွှီရွှီနဲ့
ခြေထောက်နဲ့ ကန်လို့မရတိုင်း ပါးစပ်နဲ့ ကန်နေတာ
ကျွန်တော်ပြောတဲ့ စကားလည်း
မမာကြောတန်ကောင်းဘူးနဲ့ တူပါတယ်
အားလုံးပြန်ရအောင်
စားပွဲထိုးလေးလည်း အိပ်ငိုက်နေပြီ
ဆယ်နာရီကျော်ရင် ဆိုင်ပိတ်တယ် အစ်ကို
ရေဒီယိုသတင်းလည်း မိုးလင်းမှ ဆက်နားထောင်ပေါ့ ။
လ င်း သ ဏ် ညီ
သူငယ်ချင်းရေ .. ခြောက်နာရီတောင် ထိုးပြီးပါပကောလေ
သီချင်းနဲ့ ၊ လက်ဖက်ရည်ဆိုင် သွားကြမယ် .. လာ ။
                              ×××××××××××××××××××××××××××××××××××××××××××××××××××××××××××
                                                                               ဆောင်းပါး
 တိုင်းပြည်ခေါင်းဆောင်ဆိုတာ တစ်ချိန်တုန်းက ကလေးငယ်လေးတွေပါ
____________________ မ င်း လု လ င် ________________________
နေရာအနှံ့ သေနတ်သံတွေကြားနေရသည် ။ ကဗျာဆရာနီလေး ရေးသားခဲ့ဖူးသည့်
ကဗျာတပုဒ်ကို သတိရမိသည် ။ ကဗျာက နှစ်ကြောင်းထဲရယ်ပါ ။
War ( ၀ါး )
ကလေးငိုသည် ။
စစ်ဖြစ်သည် ။
- နီလေး -
ကလေးတွေငိုလို့ စစ်ဖြစ်နေကြသည်လား ။ စစ်တွေဖြစ်လို့ ကလေးတွေငိုနေကြသည်လား ။
ကျွန်တော်မသိပါ ။ သိလဲမသိချင်ပါ ။ ကလေးတွေငိုနေသည့်အတွက်စစ်ဖြစ်တာတော့ မဟုတ်လောက်ဘူးရယ်လို့
မမှီကာ မှီကာ စဉ်းစားနေမိသည် ။ သေနတ်သံတွေကြားထဲတွင် ကလေးများ အပြစ်မဲ့စွာအသက်သေဆုံးနေကြရသည် ။
အပြစ်မဲ့စွာ ဘ၀သေဆုံးနေကြရသည် ။  သေနတ်သံများကြားထဲတွင် ကလေးများ စာသင်ကြားကြရမည်မဟုတ်ချေ ။
ကျောင်းသားမရှိသော စာသင်ကျောင်းများအတွက် စစ်ပွဲတွေကို ရပ်တန့်ဖို့လိုပါတယ် ။
ယနေ့ခေတ်ခေါင်းဆောင်တွေဟာ တစ်ချိန်တုန်းက ကလေးတွေပါ ။ ကလေးဘ၀ကို ကျော်လွန်လာပြီးမှ
ခေါင်းဆောင်တွေဖြစ်လာခဲ့ကြတာပါ ။ စာသင်ကျောင်းတွေထဲမှာ နေခွင့်မရတဲ့ ကလေးတွေ ၊
စစ်ပွဲတွေအတွင်း အသက်ဆုံးရှုံးသွားခဲ့ရတဲ့ကလေးတွေထဲမှာ ခေါင်းဆောင်ကောင်းဖြစ်လာနိုင်တဲ့ကလေးတွေ
မပါပါဘူးဟု မည်သူအတပ်ပြောနိုင်ပါမည်နည်း ။ တိုင်းပြည်ခေါင်းဆောင်ကောင်းတွေ မဆုံးရှုံးစေဖို့
ခင်ဗျားတို့ ကျွန်တော်တို့ စစ်ပွဲတွေကို ရပ်တန့်ပေးကြရအောင်လားဗျာ ။
တလောက သတင်းတစ်ပုဒ်တွင် စိတ်နင့်စရာ စိတ်မကောင်းဖြစ်စရာ စိတ်ပျက်စရာ သတင်းတစ်ခုကို
တွေ့လိုက်ရသည် ။ ဆိုမာလီယာနိုင်ငံမှာ အစာရေစာငတ်မွတ်ခေါင်းပါးတဲ့ဒါဏ်ကြောင့်
ခြောက်မိနစ်ကို ကလေးတစ်ယောက်နှုန်း အသက်ဆုံးရှုံးနေရပါသတဲ့ ။ ဒါဟာ ဆိုမာလီယာနိုင်ငံတစ်ခုထဲပါ ။
ဆိုမာလီယာနိုင်ငံလိုမျိုး အခြား နိုင်ငံပေါင်းမြောက်များစွာက ကလေးတွေ ဘယ်လောက်တောင် လူမသိသူမသိပဲ
တိရိစ္ဆာန်တွေရဲ့ အစာဖြစ်နေကြပါသလဲ ။ ကျွန်တော်တို့ စဉ်းစားစရာလိုအပ်လာပါပြီ ။ နားလည်လွယ်တဲ့ ဥပမာနဲ့ပြောရရင်
ယနေ့ခေတ် ခေတ်စားနေတဲ့အားကစားတွေထဲက တစ်ခုဖြစ်တဲ့ ဘောလုံးအားကစားနည်းမှာ မျိုးဆက်မွေးထုတ်ရေးကို
အင်တိုက်အားတိုက်လုပ်နေကြပါတယ် ။ အဲ့ဒီမျိုးဆက်တွေဟာ သူတို့အသင်းရဲ့အောင်မြင်မှုကို ဆက်လက်ဆောင်ရွက်နိုင်မဲ့သူတွေ
ဖြစ်တဲ့အတွက် လူငယ်ကစားသမားတွေကို ဈေးကြီးပေး ဂရုတစိုက်မွေးမြူကြပါတယ် ။ ဒီလိုဆိုခဲ့ရင် ခြောက်မိနစ်ကိုတစ်ယောက်နှုန်း
သေဆုံးနေရတဲ့ ကလေးငယ်တွေကရော ... တစ်ချိန်ချိန်မှာ သက်ဆိုင်ရာတိုင်းပြည်တွေရဲ့ အောင်မြင်မှုတွေကို ဆက်လက်ထမ်းပိုးမဲ့
မျိုးဆက်တွေမဟုတ်ကြဘူးလား ။ စစ်လက်နက်ပစ္စည်းစားရိတ်တွေရဲ့ တ၀က်လောက်ထောက်ပံ့နိုင်တယ်ဆိုရင်ပဲ
အဲ့ဒီကလေးတွေရဲ့ သေဆုံးမှုနှုန်းဟာ အများကြီးကျဆင်းသွားနိုင်ပါတယ် ။ ဘာလို့ မျက်ကွယ်ပြုနေကြပါသလဲ ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာလဲ အများကြီးရှိပါတယ် ။ ကျောင်းနေအရွယ်ကလေးငယ်လေးတွေ လမ်းပေါ်မှာ လှည့်လည်တောင်းစား
နေရတဲ့အဖြစ်မျိုးတွေ တွေ့ဖူးမြင်ဖူးကြမှာပါ ။ အဲ့လိုကလေးငယ်တွေ ပိုက်ဆံလာတောင်းတဲ့အခါ ရိုက်လွှတ် ဆဲလွှတ်ကြတဲ့သူတွေလဲ
ရှိပါတယ် ။ တစ်ခါတစ်လေကျတွေးမိတယ် ။ အဲ့လို ဆဲလွှတ်ရိုက်လွှတ်တဲ့သူတွေကို အဲ့ဒီကလေးတွေနေရာ ခဏလောက်ဝင်နေကြည့်စေချင်တယ် ။
ကျွန်တော်တို့တွေ ဘာဆက်လုပ်ကြမလဲ ။ အပြိုင်အဆိုင် နိုင်လိုမှုတွေ စည်းစိမ်တွေ အာဏာတွေ ဂုဏ်တွေအတွက် အပြစ်မဲ့တဲ့နိုင်ငံ့သားလောင်းတွေကို
အသက်ဆုံးရှုံးနေတာကို ထိုင်ကြည့်နေကြမှာလား ။ ခင်ဗျားပေးလိုက်မဲ့ ပေါင်မုန့်အပိုင်းအစလေးတစ်စဟာ သူတို့အတွက် အသက်ဆက်ဆေးဖြစ်သွားနိုင်ပါတယ်။
ခင်ဗျားတို့ရပ်ပစ်လိုက်မဲ့ စစ်ပွဲတွေအပြီးမှာ သူတို့ဟာ ကျောင်းပြန်နေနိုင်ကြပါမယ် ။ မိဘတွေနဲ့ အတူတူ မိဘသွန်သင်မှုတွေနဲ့ နေနိုင်ပါတော့မယ် ။
ဒါဆိုရင် အဲ့ဒီကလေးတွေဟာ တစ်ချိန်မှာ အခုခင်ဗျားတို့လေးစားနေရတဲ့ နိုင်ငံခေါင်းဆောင်တွေလို မဖြစ်လာနိုင်ဘူးလို့
ဘယ်သူတွေများ အတပ်ပြောနိုင်ကြပါမလဲ ။  ။ ။
                ××××××××××××××××××××××××××××××××××××××××××××××××××××××
ရယ်စရာထဲကမောစရာ
____  ဖိုး ခွား _____
(၁)
အဖေက သူ့ သားကို ဆုံးမသွန်သင်နေတယ်။
သူ့ သားကိုအတန်းထဲမှာလည်း စာသိပ်တော်စေချင်တယ်။
အဖေ ။    ။ သား မင်းဂျွန်လိုပဲ စာတော်အောင်ကြိုးစားရမယ်။
ဂျွန်က အမြဲစာတော်ပြီး အမြဲအဆင့်လည်းကောင်းတယ်။
သား ။    ဒါပေမယ့်မလွယ်ပါဘူးအဖေ။
ကျွန်တော်တို့ အားလုံးလိုလိုမှာ သူများကိုကောင်းစေချင်တဲ့ စိတ် စေတနာလေးတွေရှိကြပါတယ်။ 
အများသောအားဖြင့်တော့ သူခိုးတစ်ယောက်ကို ရိုက်နှက်ပြီး သွေးထွက်သံယိုဖြစ်တာထက်
စာရိတ္တမြင့်မားပြီး ကိုယ့်ကိုယ်ကိုယ်ပြုပြင်တတ်သွားတာမျိုးကိုလည်း ပိုလိုချင်ကြပါတယ်။ 
တစ်ခါတစ်ခါမှာတော့ တစ်ဖက်က အခြေအနေတွေကို ထည့်ပြီး မစဉ်းစားမိဘူးဖြစ်သွားတယ်။ 
ကိုယ့်ကိုယ်ကိုယ် စေတနာကြီးလှချည်ရဲ့ မျိုးချစ်စိတ်ကြီးလှချည်ရဲ့ 
ပြီးတော့ ကလေးအဖေလိုပဲ။ ကိုယ်တော်တာမတော်တာ ကိစ္စမရှိ။ ကိုယ့်သားတော့ တော်မှဖြစ်မယ်
ဆိုတာမျိုးလေးတွေပေါ့။ တစ်ကယ်တော့လည်း မိဘစေတနာပါ။ ကိုယ့်ထက်သာတဲ့သူဖြစ်စေချင်တာပေါ့။ 
တစ်ခါတစ်လေတော့ ကိုယ်တိုင်မလုပ်နိုင်တဲ့ ကိစ္စမျိုးတွေလည်း သားသမီးကိုခိုင်းတတ်ကြပါတယ်။  သချာင်္ကိုးဆယ့်ကိုးမှတ်ပဲရလို့ ရိုက်တဲ့အမေကလည်း တစ်သက်နဲ့ တစ်ကိုယ် သချာင်္ 
ရှစ်ဆယ်တောင်ကျော်ဖူးတာမျိုးမဟုတ်။ ကိုယ့်ဘက်ကအပြစ်တင်ဖို့  အကြောင်းပြချက်တွေက ရှာရတာ 
အင်မတန်လွယ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားအကြောင်းပြောမလား မီတာခတိုးတာကိုပြောမလား
ငြိမ်းချမ်းရေးမရသေးတာကိုပြောမလား ရပ်ကွက်လူကြီး လာဘ်စားတာကိုပြောမလား။
ဒါပေမယ့်တစ်ခုရှိပါတယ်။ ကိုယ်ကိုယ်တိုင်ပြုမိတဲ့  အပြစ်တို့ ကိုယ်ကိုယ်တိုင်လုပ်လိုက်မိတဲ့ 
လက်ဖက်ရည်ဆိုင်မှာ လမ်းကြုံပြီး လက်ဖက်ရည်ဖိုးရှင်းလိုက်တာလည်း လာဘ်ပေးမှုထဲပါတာပဲ။
မာဆက်ထဲက ဝိတ်တာကောင်လေးကို ငါးရာတန်လေးတစ်ရွက် ထိုးပေးလိုက်တာလည်း
လာဘ်ပေးမှုထဲပါတာပဲ။ အိမ်က ဆယ်ကျော်သက်ကလေး နားဖောက်ပြီး ပန်ထားတဲ့ 
နားကပ်ကို အတင်းချွတ်ခိုင်းတာလည်း လူ့ အခွင့်အရေးချိုးဖောက်တာပဲ။
တက္ကသိုလ်ကျောင်းသူသမီးလေးကို ခါးမှာ တက်တူးပေးမထိုးတာလည်း လူ့ အခွင့်အရေးချိုးဖောက်တာပဲ။ 
အားလုံးကို တော်စေ ကောင်းစေချင်တာ စေတနာစိတ်ပါပဲ။ ဒါပေမယ့် တစ်ယောက်ယောက်က 
ကိုယ့်စေတနာကို ဝေဖန်လိုက်ရင် စိတ်ထဲ ထောင်းခနဲ ဖြစ်သွားတာကတော့ သဘာဝပါပဲ။
ကျွန်တော်တို့  အဖေအရွယ်ရောက်တဲ့အခါ ကိုယ့်သားကို ဂျွန်လို အမြဲပထမရအောင်
ကြိုးစားစမ်းကွာ ဆိုတဲ့စကားကို နောက်ဆန်မတင်းဘဲပြောနိုင်အောင် ကျွန်တော်တို့ ခေတ်ထဲက 
ကြိုးစားထားဖို့ လိုပါတယ်။ ပြောရတာကတော့သိပ်လွယ်ပါတယ်။ ဒီနေ့ တော့ ကျွန်တော် သောက်လက်စ 
စီးကရက်ကို မီးမငြိမ်းဘဲ လမ်းမပေါ် တောက်ထုတ်ခဲ့တယ်။ စားပြီးသားပေါင်မုန့် အခွံကို 
အမှိုက်ပုံးထဲမထည့်ဘဲကတ္တရာလမ်းပေါ် ပစ်ချမိခဲ့တယ်။ ပြီးတော့ ရှေ့နေတစ်ယောက်ကို
လက်ဖက်ရည်တိုက်လိုက်မိတယ်။
(၂)
နာမည်ကြီး ရော့ခ်ကာတစ်ယောက်ရဲ့ ဂီတဖျော်ဖြေပွဲမှာ ဖြစ်ပါတယ်။
လူကြိုက်များလွန်းတဲ့ အဆိုတော်မို့လို့ လက်မှတ်တွေ အစောကြီးထဲက ရောင်းကုန်သွားခဲ့တယ်။ 
အဆိုတော်ဟာ ဖျော်ဖြေဖို့ ခန်းမထဲကို ရောက်လာတော့ ခုံတစ်ခုံလွတ်နေတာတွေ့ပြီး အံ့သြသွားတယ်။
ဒါနဲ့  ဘေးကအမျိုးသမီးကိုလှမ်းပြောလိုက်တယ်။
" ကျွန်တော်က ခုံတွေအားလုံး ရောင်းကုန်သွားပြီမှတ်တာ။
တစ်ခုံ ကျန်နေပါလား။ လူမရှိဘူးလား "
အဲ့ဒီမှာအမျိုးသမီးအား ပြာပြာသလဲနဲ့ 
" မဟုတ်ပါဘူးရှင် ကျွန်မခုံပါ ကျွန်မ ဒီခုံနှစ်နေရာရဖို့  လွန်ခဲ့ တဲ့ ခြောက်လထဲက ဝယ်ထားရတာပါ။
ကံဆိုးချင်တော့ ကျွန်မအမျိုးသား ကွယ်လွန်သွားတယ် "
" အော် ဒါဆိုလည်း ခင်ဗျား မိတ်ဆွေဖြစ်ဖြစ် ဆွေမျိုးဖြစ်ဖြစ် ခေါ်လာခဲ့ပေါ့ဗျာ 
လက်မှတ်ခဈေးကြီးပေးပြီး နှမြောစရာ "
" ဘယ်သူမှမအားကြဘူးရှင့် သူတို့ တွေ ကျွန်မအမျိုးသား အသုဘ လိုက်ပို့ နေကြတယ် "
                                 တစ်ခါတစ်လေကျတော့ လူတွေဟာ ကိုယ့်ဟာနဲ့ ကိုယ် 
အရေးကြီးနေတာလေးတွေရှိနေကြတတ်တယ်။ ဘေးကလူက ကြည့်ရင် ရယ်စရာကောင်းပေမယ့် 
သူ့ ဟာနဲ့ သူတော့ အင်မတန်အလေးထားတဲ့ ကိစ္စဖြစ်ချင်ဖြစ်နေတတ်တာမျိုး။
အင်တာနက်ထဲလည်း ရေးချင်တာရေးလို့ ရလာ ဂျာနယ်ထဲလည်း အတန်အသင့် ပြောလို့ ဝေဖန်လို့ ရလာတော့ လူတွေရဲ့ တစ်မျိုးစီ အရေးကြီးနေတဲ့ ဆန္ဒတွေစုံလင်လာပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေလည်း မစို့ မပို့ ဘဲလွှတ်ပါသေးတယ်။ စီးပွားရေးလက်ဝါးကြီးအုပ်မှုတွေလည်း 
ရှိနေတုန်းပါပဲ။ လာဘ်ပေးလာဘ်ယူကတော့ ဘာမှကိုသိပ်မထူးခြားသေးဘူး။
စစ်တွေလည်းဖြစ်နေကြတုန်းပဲ။ လယ်တွေယာတွေလည်း သိမ်းလို့ ကောင်းကြတုန်းပဲ။ တရုတ်အရေး 
ကုလားအရေးတွေလည်း ပြောတဲ့လူကပြောနေကြတုန်းပဲ။              
တစ်ခါတစ်လေကျတော့ ခင်ဗျားက ဟိုကိစ္စကျတော့ပြောပြီး ဒီကိစ္စကျတော့ နှုတ်ပိတ်နေသလား။ 
ဟိုဟာကိုကျတော့ ဟိုလို တောင်းဆိုပြီး ဒါမျိုးကျတော့ လက်ပိုက်ကြည့်နေသလား။
ဟိုလူ့ကိုကျတော့ ရှုတ်ချပြီး ဒီလူ့ကိုကျတော့ ဘာလို့  ထောက်ခံနေတာလဲ။ တစ်ကယ်တော့လည်း 
ဂျာနယ်လစ်တစ်ယောက်တောင် ကိစ္စတိုင်းကိုလိုက်ပြီးမပြောနိုင်ပါဘူး။ ဂျာနယ်လစ် အယောက်ပေါင်းများစွာ
စုပြီးမှ ဂျာနယ်တစ်စောင်ဖြစ်လာရတယ်။ ရပ်တည်မှုချင်းမတူတဲ့ ဂျာနယ်တွေပေါင်းပြီးတော့မှ စာနယ်ဇင်း 
မီဒီယာလောကရယ်လို့ ဖြစ်လာတယ်။ မကျေနပ်တဲ့လူက မကျေနပ်တဲ့ အကြောင်းပြောမှာပါပဲ။
ကျေနပ်တဲ့လူက ကျေနပ်တဲ့အကြောင်း ပြောကြမှာချည်းပဲ။
ကိုယ်အရေးကြီးတယ်လို့ ထင်တဲ့ ဟာတွေကို ဖေ့ဘွတ်လို လူမှုကွန်ယက်ကြီးမှာ ပြောချင်တိုင်းပြောဖို့  
မဟာအခွင့်အရေးကြီးရထားကြသူချည်းပါပဲ။ ဟိုလူက ဟိုဟာပြော ဒီလူကဒီဟာပြောနဲ့ 
ကိစ္စတွေတော်တော်များများလည်း ဖတ်ရ ကြားရပါတယ်။ ဘယ်လောက်ကောင်းလိုက်သလဲ။ ဟိုဘက်အမြင် 
ဒီဘက်အမြင်တွေလည်းဖတ်ရတယ် ငြင်းကြခုန်ကြတာတွေလည်း ဖတ်ရတယ် ဆဲကြဆိုကြတာတွေလည်း ဖတ်ရတယ်။ အဆင်ပြေလှပါတယ်။           
ဒါပေမယ့် ဒီအကြောင်းကိုဘာမှမပြောဘဲနေလို့  စစ်ခွေး ဟိုအကြောင်းမှာ ဟိုလိုမပြောလို့  ဒီမိုခွေး နဲ့  
မဟာခွေးဇာတ်တော်ကြီးထဲ မင်းသားဖြစ်မှန်းမသိဖြစ်တဲ့ အခါဖြစ် ဗီလိန်ဖြစ်မှန်းမသိဖြစ်တဲ့ အခါဖြစ်လို့ ။ 
ဒါပေမယ့် ကိုယ်ယုံကြည်ရာကိုပဲ ကိုယ်ဆက်ပြောကြပါမယ်။ စိတ်ပါတဲ့ အခါပြောပြီး စိတ်မပါတဲ့ အခါ 
မပြောဘဲလည်းနေချင်နေပါမယ်။ စကားကြီးစကားကျယ်တွေပြောချင်တဲ့ အခါပြောပြီး ဟီးဟီးဟားဟား 
ကလေးကလားအလုပ်တွေလည်း လုပ်ချင်လုပ်ပါမယ်။ ကျွန်တော်တို့ တစ်ဦးချင်းစီမှာ အသုဘများကြားထဲက  အငမ်းမရကြည့်ချင်တဲ့  ရှိုးပွဲလေးတွေ ကိုယ်စီရှိကြပါလိမ့်ဦးမယ်။
                                          ××××××××××××××××××××××××××××××××××××××××××××××××××××××
မျက်မှောက်ခေတ် မြန်မာကဗျာစစ်တမ်း
_________________ သ စ္စာ နီ ______________________
မကြာခင်ကကျွန်တော်တို့ရှိတဲ့၃၆လမ်းကလက်ဖက်ရည်ဆိုင်ကိုကဗျာဆရာ
တောင်တွင်းယဉ်မင်းကြိုင် ရောက်လာတယ်။ သူက ကျွန်တော်တို့နဲ့ တစ်ခေတ်တည်းကဗျာရေးလာခဲ့တဲ့
ကဗျာဆရာအိုကြီး တစ်ယောက်ပေါ့။ ကဗျာမရေးတာကြာပြီ။ ဒါပေမယ့် အခုတလော ကျွန်တော် 
သတိထားထားမိသလောက်၊ ကဗျာနဲ့ ပတ်သက်တဲ့  အခမ်းအနားလေးတွေ၊ ကဗျာအလုပ်ရုံ
ဆွေးနွေးပွဲလေးတွေမှာ သူ့ကို မကြာမကြာ တွေ့နေရတယ်။သူက “ခင်ဗျားနဲ့ 
ကျွန်တော် အေးအေးဆေးဆေးတွေ့ပြီး ကဗျာအကြောင်း စကားပြောဦးမယ်” လို့ စရံသတ်တယ်။
ဒီမှာ သူပြောသွားတဲ့ စကားတစ်ခွန်းကို မှတ်သားစရာမို့ ဖောက်သည်ချချင်ပါတယ်။
သူက….
“အခု ကျွန်တော် ကဗျာပြန်ရေးဖို့ ကြိုးစားနေတယ်။ ဒါကြောင့် အခုခေတ်ကဗျာတွေကို ဖတ်တယ်။ 
ဒီကဗျာတွေက ကျွန်တော့်ကို ဆွဲဆောင်ရင် ကျွန်တော်လည်း နစ်မျော။
ကဗျာ ဈာန်ဝင်ပြီး ကဗျာရေးနိုင်အောင်လို့ပေါ့။ ဒါပေမယ့် ကဗျာတွေက ကျွန်တော့်ကို မဆွဲဘူး။
မဆွဲတဲ့အပြင် ကန်တောင် ကန်နေတယ်။ ကျွန်တော်ဘယ်ကဗျာကိုမှ သုံးကြောင်းထက်ပိုမဖတ်နိုင်ဘူး။
အဲဒါဘာကြောင့်လဲ” လို့ပြောတယ်။ သိပ်ရိုးသားတဲ့လူပါ။ သူကြုံနေရတဲ့ အခက်အခဲကို
ရိုးရိုးသားသားတင်ပြသွားတာပါ။ ဇန်န၀ါရီလ (၇) ရက်နေ့ကလုပ်တဲ့ ကျွန်တော့်ရဲ့ Postpoetry 
စာတမ်းဆွေးနွေးပွဲလည်း သူတက်ရောက်ခဲ့တာ (ဓါတ်ပုံထဲမှာပြန်ကြည့်မှ) တွေ့ရတယ်။ ဒီနေ့ ကဗျာအယူအဆ အမျိုးမျိုးဟာ တော်ရုံကဗျာဆရာကို ခေါင်းခဲစေမှာ အမှန်ပါပဲ။
ဒါတောင် အွန်လိုင်းကဗျာဆရာ အတော်များများကို သူထိတွေ့ဖူးဟန်မတူပါဘူး။ အွန်လိုင်း 
ကဗျာအုပ်စုတွေကလည်း အများကြီး။ တချို့ကဗျာတွေဆို 
ကျွန်တော်တို့ကိုတောင် ရှော့ခ်(Shock) ဖြစ်စေတယ်။
လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်၊  ကျွန်တော်တို့ ကဗျာရေးကာစ၊ ကြီးကြီးကျယ်ကျယ် ပေါရာဏဒီပနီတို့ ၊ 
ကဗျာသာရတ္တသင်္ဂြိုဟ် (အဲဒါက ရွှေတောင်ဆရာလွန်း အမည်ခံ ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ရေးတာလို့ ထင်ပါတယ်) တို့ ကဗျာရေးနည်း စာအုပ်ကြီးတွေဖတ်ပြီး၊ လန့်သွားဖူးတယ်။ 
သူ့တို့ စာအုပ်ကြီးတွေက ညွှန်းဆိုတဲ့ ကဗျူပဒေသအတိုင်း ကဗျာရေးဖို့ဆိုတာ၊ လွယ်တာမှမဟုတ်ပဲ။ 
ဂုဏ်တဲ့ ၊ လင်္ကာတဲ့၊ ဂိုဏ်းတဲ့၊ ဂိုဏ်းယှဉ်နက္ခတ်နဲ့၊ ဂိုဏ်းစောင့်နတ်သမီးဆိုတာ ရှိသေးတယ်။
ဒေါသကလည်းရှိသေးတယ်။ ဒေါသသင့်ရင် ကဗျာရေးတဲ့သူဟာ မျက်စိကွယ်နိုင်တယ်။ စီးပွားပျက်နိုင်တယ်။ 
မီးဘေးသင့်နိုင်တယ်။ ဆန်းတဲ့။ ရသတဲ့။ ပိဋကတ်သင်္ချာနည်းနဲ့ ကဗျာစစ်ဆေးတာက ရှိသေးတယ်။
အဲဒါတွေနဲ့ ညီညွတ်အောင်ရေးခဲ့နိုင်တယ်ဆိုတဲ့ ရှေးစာဆိုကြီးတွေကို ဦးညွတ်မိပါတယ်။
တစ်ခုတွေးမိပြန်တာက၊ အဲဒီရှေးစာဆိုကြီးတွေသာ အသက်ပြန်ရှင်လာပြီး ဒီနေ့ ကဗျာဝါဒအမျိုးမျိုးနဲ့ 
ကဗျာအယူအဆအမျိုးမျိုးကို မြင်တွေ့ရရင်ရော၊ ဘယ်လိုရှိလေမလဲဆိုတာပဲ။ အနည်းဆုံး 
သူတို့လည်း ခေါင်းစားသွားနိုင်ပါတယ်။ အခု လောလောဆယ် ခေါင်းစားနေကြတာကတော့၊ ဒီနေ့ 
လက်ရှိကဗျာရေးနေကြတဲ့ ကဗျာဆရာတွေပေါ့ ( အယူအဆမတူလို့ အပြန်အလှန်ပုတ်ခတ်တိုက်ခိုက်တဲ့
အသံတွေတော့ အတော် အတန် ငြိမ်သက်သွားပါတယ်။ ဒါလည်းဝမ်းသာစရာပါပဲ)။
ဒီနေ့ ကဗျာအယူအဆနဲ့ ဝါဒတွေကို ကိုယ့်ထောင့်ကနေ ကိုယ်အမြင်နဲ့ ရှင်းလင်းဖို့ 
ကြိုးစားနေတဲ့သူတွေလည်း အများကြီးပါပဲ။ ဇေယျာလင်း၊ ဆရာ ဇော်ဇော်အောင်၊ ငြိဏ်းဝေ၊ 
မင်းခက်ရဲ၊ အောင်ရင်ငြိမ်းတို့ကအစ သူရနီတို့၊ ဝိုင်ချိုတို့ မိုးဝေးတို့၊ စေတတို့ အထိ ကဗျာဆောင်းပါးတွေ 
ရေးလာတာလဲ ကြိုဆိုရမှာပဲ။ ကဗျာနဲ့ ပတ်သက်ပြီး တိတ်ဆိတ်နေတာထက်စာရင်အသံစုံကြားနေရတာ 
ပိုကောင်းပါတယ်။ ကျွန်တော်တို့ ကြိုက်တာကို ယူပြီး မကြိုက်တာကို ပယ်ရုံပေါ့။ ဒါပေမယ့် တစ်ခုရှိတာက 
ကျွန်တော်တို့ဟာ ရှင်းရင်းရှုပ်နေသလိုပဲ ဖြစ်နေတယ်။ ဒါက ဆောင်းပါးရေးတဲ့ သူတွေ ကိုယ်တိုင်ကလည်း
“ဆန်စင်ရာ ကျည်ပွေ့လိုက်” ဖြစ်နေတာကြောင့်လည်း ပါတယ်။ ကျွန်တော်ကိုယ်တိုင် ကိုငြိမ်းဝေရဲ့ 
“ဂဃနဏ” ကဗျာစာအုပ်နဲ့ ပတ်သက်ပြီး ကွန်ဆက်ချုရယ် အယူအဆ အကြောင်းကိုတော့ “စရဏ” 
မဂ္ဂဇင်းမှာ ရေးလိုက်တယ်။ သည်မော်နိုင်ရဲ့ “လှော်တက်ကိုနှစ်” ကဗျာစာအုပ်နဲ့ ပတ်သက်တဲ့
အယူအဆသစ်အကြောင်းကိုတော့ ရနံ့သစ်မှာ ရေးလိုက်တယ်။
အခုသူတို့ဆီမှာ ခေတ်စားလာတဲ့ Flarf poetry ကဗျာအကြောင်းကိုတော့ စပယ်ဖြူမှာရေးလိုက်တယ်။ Icon က ကဗျာပြားပြီ ဆောင်းပါးမှာလည်း ကဗျာအယူအဆအသစ်တွေ အကြောင်း တင်ပြခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၇)ရက်နေ့ ကတော့ ဆရာဇော်ဇော်အောင်ရဲ့ ကဗျာစစ်တမ်းကို Poetry workshop 
မှာဆွေးနွေးကြတယ်။ ထုံးစံအတိုင်းပဲ Anti-Art ၊ Anti-poetry နဲ့ ပတ်သတ်လို့ မကျေလည်တဲ့သူက
မကျေလည်ကြပြန်ဘူး။ ဒီဆောင်းပါးမှာတော့  ဒီနေ့ကဗျာအခြေအနေကိုတင်ပြဖို့ တတ်နိုင်သလောက် ရှင်းရှင်းလင်းလင်း ရှိမယ့် ဇယားလေးတစ်ခု ကျွန်တော်ဆွဲပြချင်ပါတယ်။
အဓိက ကဗျာအမျိုးအစားက (၂)မျိုးပဲရှိပါတယ်။
(၁) ခေတ်ပေါ်ကဗျာ (ပင်မရေစီး)(Main Stream) ဟာ ခံစားမှုကို အားပြုတဲ့ကဗျာဖြစ်ပြီး အနုပညာဆိုတာ 
ခံစားမှုကို ဖော်ထုတ်ပြတဲ့အရာလို့ ခံယူတယ်။ (Art is expression)                           
(၂) ခေတ်ပြိုင်ကဗျာ (ရေစီးသစ်)(New Stream) ကတော့ စိတ်ကူးထည်နဲ့ ဥာဏ်အသိကို အခြေခံပြီး၊ 
အနုပညာ ဆိုတာ ခံစားမှုကိုဖော်ပြတဲ့အရာဖြစ်တယ်ဆိုတာကို လက်မခံဘူး။ (Art is Idea)
ခေတ်ပေါ်ကဗျာက ဖန်တီးမှုလို့ သုံးပေမယ့်၊ ခေတ်ပြိုင်ကဗျာကတော့ ပြုလုပ်ခြင်း၊
တီထွင်ခြင်းလို့ သုံးတယ်။ ( Uncreation is new creation)။
non-expression လို့ဆိုနိုင်တဲ့ ခေတ်ပြိုင်ကဗျာ အမျိုးအစားထဲမှာ Cyber-poetry, Language poetry, 
Conceptual poetry, Anti-poetry, Flarf  poetry, Visual poetry စသည်ဖြင့် ပါပါတယ်။
ဇေယျာလင်းကတော့  သူ့ရဲ့ဖြစ်နိုင်ချေရှိသော ခေတ်ပြိုင်မြန်မာကဗျာ ချဉ်းကပ်လေ့လာချက်
(မတ် ၂၁-၂၀၀၁) စာတမ်းမှာ ဒီလို ကဗျာအမျိုးအစားကို လက်လှမ်းမီသလောက်ဆိုပြီး (၂၇) မျိုး တင်ပြထားတာ တွေ့ရပါတယ်။
ဖော်ပြထားတဲ့ ဇယားကို ကြည့်ရင်တော့၊ အတော်အတန် ရှင်းလင်းမှုရှိမယ်ထင်ပါတယ်။ 
အခုလောလောဆယ် ကျွန်တော်တွေ့မြင်နေရတဲ့ ကဗျာအများစုကတော့  အယူအဆ နှစ်မျိုးရောနေတဲ့ 
Hybird poetry ဗန္ဓတ်ကဗျာ (သို့မဟုတ်) မိဿက ကဗျာအမျိုးအစားတွေဖြစ်နေတာတွေ့ရပါတယ်။ 
ကိုယ်ဟာ ဘယ်လို ကဗျာအမျိုးအစားတွေ ရေးနေသူလဲ၊ ဘယ်ကဗျာအမျိုးအစားထဲပါလဲ ဆိုတာက 
ကိုယ်တိုင်ခွဲခြားရမှာဖြစ်ပါတယ်။ ဒီလောက်နဲ့တော့ မရှင်းနိုင်သေးဘူးဆိုရင်လည်း ဟုတ်ပါတယ်။
နောက်ထပ်ရှင်းလင်းစရာတွေလည်း များစွာရှိနေပါသေးတယ်။ ဟောရင်း ပျံတော်မူ သွားရှာတဲ့ 
ဆရာတော်ကြီးတွေကို ဒီနေရာကနေ ကန်တော့ပါတယ် ။ အခုအချိန်ထိ ကျွန်တော်တို့
မကျွတ်မလွတ်နိုင်သေးတာက.. ကျွန်တော်တို့ ကိုယ့်ဒိဌိ ကိုယ်မခွာနိုင်ကြလို့ပဲ ဖြစ်ပါတယ်။
                                      ××××××××××××××××××××××××××××××××××××××××××××××××××××××××
                                     ××××××××××××××××××××××××××××××××××××××××××××××××××××××××
                                                                     Download Zone
 ဇန်န၀ါရီ ၂၀၁၂ ထုတ်  ခရမ်းရိပ်အွန်လိုင်း အနုပညာမဂ္ဂဇင်း အား EBook အဖြစ် ဒေါင်းလုပ် ရယူလိုပါက 
အောက်ပါလင့်မှတဆင့် သွားရောက်ဒေါင်းလုပ်ရယူနိုင်ပါတယ် ။
Ebook ရယူရန် >>> Click <<<
0 comments:
Post a Comment