Tuesday, 17 January 2012

ခရမ်းရိပ်အဖွဲ့ ဖွဲ့စည်းခြင်းအမှတ်တရ Ebook

with 0 comments


ပါဝင်သူများ - ဆူးခက်မင်း ၊ သူရဿဝါ ၊ မောင်မိုးချို ၊ မင်းလုလင်

                   --------------------------------------------------------------------------


ပြုပြင်ပြောင်းလဲဖို့ လိုအပ်လာသောအခါမှာ 
အရာရာဟာ အစအဆုံးပြုပြင်ဖို့ဖြစ်လာ




အိပ်ယာထတည်းက အဆင်မပြေတာမျိုးက အစ ။ အိပ်ယာဝင်သွားတဲ့အထိ ဆိုတာများကိုပါ ပါဝင်တယ် ။
စားခါနီး ပုတ်ချခံလိုက်ရတာမျိုး ဆန္ဒကို သိက္ခာတွေ အထပ်လိုက်ဖုံးကြဖိကြရမှာပဲ ။
ရန်သူတွေသိပ်များလာမလား ။ ပြောရဆိုရ အသက်ရှူ သိပ်ကြပ်လာတယ် ။

ကျုပ်တို့တောက်ထုတ်လိုက်တဲ့ စီးကရက်ဖင်စီခံလေးက အစ ပြုပြင်ပြောင်းလဲရေးမှာပါတယ် ။ 
ဒါမှမဟုတ် ကျုပ် သူငယ်ချင်း ထွေးထုတ်လိုက်တဲ့ ကွမ်းတံတွေးလည်းပါမယ် ။ 
 စကားကိုလွယ်လွယ်ပြောပြီးတဲ့နောက် အလုပ်ကို မလွယ်မကူလုပ်ကြရမယ် ။ 
လူလတ်တန်းစားဆိုတဲ့ စကားလုံးနဲ့ နံရံပေါ်ပိတ်ပေါက်လိုက်တယ် ။ 
နံရံအပြင်ကိုရောက်သွားတဲ့အထိ လူလတ်တန်းစားပဲ ။ အစားအသောက်လေးကအစ ။ 
 အစားအသောက်ကြီးအထိ ပြုပြင်ပြောင်းလဲကြမယ် ။ အလုပ်ကို အလုပ်နဲ့တူအောင် ။ 
ဒါမှမဟုတ် လူကို လူနဲ့တူအောင် ဆက်ဆံဖို့ ဆိုတာမျိုးတွေလုပ်ကြရမယ် ။ 
ကော်ဖီဆိုတာခါးတယ်ဆိုတာမျိုးတစ်ခုတည်းနဲ့ လူကိုမကြည့်နဲ့ ။ 
လူပီသတယ်ဆိုတာနဲ့တင် လူလုပ်လို့ လူဖြစ်သွားတဲ့ စာရင်းထဲ ကောက်ထည့်လိုက်တာကို ပြုပြင်ရန်စာရင်း 
 ထိပ်ဆုံးမှာ ထားရမယ် ။ လမ်းလျှောက်တာကအစ ။ မွေးရာပါကလေးကစ ။ ဒါမှမဟုတ် ခင်ဗျား အိပ်ခန်းကအစ 
ခင်ဗျားတို့ကျုပ်တို့ ထွီ ခနဲ ထွေးထုတ်တတ်တဲ့ အကျင့်လေးက အစ ။ ။


 
 -ေ မာ င် မိုး ချို -


  --------------------------------------------------------------------


ကျွန်တော်နှင့် ချောကလက်လေး၏ တနင်္ဂနွေ ပြက္ခဒိန်များ


                                                                    (1)

အမှတ်တရ နေ့ရက်တချို့သည် အချိန်ကွဲကြောင်းအတွင်းသို့ ပြုတ်ကျခဲ့လေပြီ ။အချိန်ဆိုသည်မှာ အကောင်းဆုံးသမားတော်ဟု ဆိုကြသော်လည်း ကျွန်တော့်အတွက် ဆေးရှာမတွေ့သေး၍ ထင်သည်။
အတိတ်ဆိုသော စကားလုံးအား စာရွက်ပေါ်တွင် ချရေးလိုက်သည့်အခါတိုင်း ဘယ်ဘက်ရင်အုံမှ
တဆစ်ဆစ် နာကျင်နေဆဲပင် ။ 

ကျွန်တော့်၏ အိပ်ယာဘေးတွင်မင်နီများဖြင့် အမှတ်အသားပြုထားသော တနင်္ဂနွေနေ့များပါသည့်
ပြက္ခဒိန်လေးများနှင့် ရှုပ်ပွနေဆဲပင်ဖြစ်သည် ။
 

                             *** သိပ္ပံပညာ ဘယ်လောက်ကောင်းကောင်း
                                      ကွဲနေတဲ့အသည်းကို ပြန်မဆက်နိုင်ဘူး ***



ကျွန်တော့်နှလုံးသား သွေးတိတ်ချိန်သည်ဘယ်တော့မှ ဖြစ်မည်နည်း ။ ကျွန်တော်ကိုယ်တိုင်
အခုထိ မသိသေးသော ပုစ္ဆာတစ်ပုဒ်အဖြစ် ရှင်သန်နေဆဲပင်ဖြစ်သည် ။





                                                                  ( 2 )


ပန်းတစ်ပွင့်နှင့်အပြိုင် သူမ လှလွန်းပါသည် ။ ထိုသူမ၏ရပ်ဝန်းတွင် လိပ်ပြာများ သြဘာပေးဖူးသည် ။
လေပြေများလွင့်မျောခဲ့ဖူးသည် ။ သူမ၏ မခို့တရို့ ရယ်သံတပိုင်းတစနှင့်ပင် 

ကျွန်တော့်၏ အသက်ရှူသံများ စည်းချက်လွဲခဲ့ရသည် ။ 
တခုတ်တရ ပြုံးပြလိုက်သည့်အခါတိုင်းတွင် ကျွန်တော်ဆိုသည်မှာ လွင့်ပျံပျောက်ဆုံးသွားခဲ့သည် ။ ထိုမျှလောက်အထိပင်သူမသည် ကျွန်တော့်အား ပြုစားထားနိုင်လွန်းပါသည် ။


                                                                    ( 3 )


သူမနှင့်ကျွန်တော်သည် တိမ်မတောက်သော ညနေခင်းများအား အတူတကွ ဖြတ်သန်းခဲ့ကြဖူးသည် ။
တစ်ယောက်နှင့်တစ်ယောက် ပြိုင်ဆိုင်ခဲ့သော အနမ်းများတွင် အရောင်များမပါခဲ့ချေ ။ 

အစိုးမရသော လေပြေများကိုပင် ကျွန်တော်တို့နှစ်ယောက်ကြားသို့အ၀င်ခံရန် စိုးရွံ့ခဲ့ကြသည် ။
ဆုပ်ကိုင်ထားသောတွဲလက်များတွင်ချွေးစေးများပျံသည်အထိ ကျွန်တော်တို့ ရဲရင့်ခဲ့ကြသည် ။
တစ်ယောက်မျက်ဝန်းများအား တစ်ယောက်ဘာသာပြန်ဆိုရင်း ကျွန်တော်နှင့်သူမ အိပ်မက်များအား
မျှားခဲ့ကြသည်။ ကျွန်တော်ရွတ်ဆိုပြတတ်သောကဗျာများအား မျက်လုံးလေးမှိတ်၍
သူမနားထောင်နေခဲ့ဖူးသည် ။ တိုက်ဆိုင်လွန်းစွာပင်ထိုနေ့များသည် တနင်္ဂနွေနေ့များသာ ဖြစ်သည် ။
နဂါးတစ်ကောင်၏ မျက်စောင်းဆန်ဆန်လှပနေသော တနင်္ဂနွေနေ့များဖြစ်သည် ။



                                                                  ( 4 )




ကျွန်တော်နှင့်သူမ၏ တနင်္ဂနွေနေ့ရက်များသည်ရက်ရာဇာများအား ခုံမင်စွာဖြတ်သန်းပြီးနောက်
ပြဿဒါးဆန်ဆန် အလန့်တကြား ရောက်ရှိလာခဲ့သည် ။ ထိုနေ့သည် ကျွန်တော့်၏ နှလုံးအိမ်အတွင်း၌
ဓါးထစ်ထားသကဲ့သို့ စွဲထင်နေသော (၁၃) ခုမြောက် တနင်္ဂနွေနေ့ဖြစ်သည် ။
သူမနှင့် စတွေ့သည်မှစ၍(၁၃)ပတ်မြောက် တနင်္ဂနွေနေ့ဖြစ်သည် ။
 

" ငါ့ကို အိမ်က လူတယောက်နဲ့ လက်ထပ်ပေးဖို့ စီစဉ်နေကြပြီ "

သူမပြောသော စကားအဆုံးတွင် ကျွန်တော့်၏ကောင်းကင်သည် ရုတ်ရင့်ကြမ်းတမ်းစွာ မဲမှောင်သွားလေသည် ။အဆက်မပြတ် ခုန်နေသော နှလုံးခုန်သံသည် ရထားတစ်စင်း
ခုတ်မောင်းသွားသကဲ့သို့ ကြမ်းရှစွာ တိုးဝင်သွားလေသည် ။
 

" နင်ဒီည ငါ့ကို လာခိုးပါလား"

 

သူမဆက်ပြောသောစကားသည် ကျွန်တော့်အားအားငယ်ဆုတ်ယုတ်သွားစေသည် ။ ကျွန်တော့်၏
 

မျက်ဝန်းများတွင် မျက်ရည်များတွဲခိုနေသည်ထင်သည်။ကောင်းကင်တွင် ငှက်များမရှိ ။ ပတ်ဝန်းကျင်တွင်
 

လေပြေများမရှိ ။ အရာရာ တိတ်ဆိတ်သုဉ်းလွန်းလှသည်။
 

စာအုပ်တစ်အုပ် ကဗျာတစ်ပုဒ်နှင့် ကျွန်တော့်၏ညများတွင် နတ်သမီး အိပ်မက်ဆိုသည်မှာ.........။
 

ဖြည်းညင်းစွာ ယမ်းခါမိသော ကျွန်တော်၏ နှလုံးသားသည် သူမ၏ရှေ့တွင်
 

ပြိုလဲ ကျဆုံးခဲ့လေပြီ ။
 


" ဘယ်လို ...ဒါဆို နင်ငါ့ကို အပျော်သက်သက်တွဲခဲ့တာပဲလား
 

နင်သတ္တိမရှိပါဘူးဟာ...."
 


စကားသံတို့ပျောက်ဆုံး...။ မျက်ရည်တို့ဖြင့် လွှမ်းသော ကောင်းကင်အောက်တွင် ကျွန်တော်တို့နှစ်ယောက်
 

ရပ်နေခဲ့သည်။ ဆုံနိုင်ရန် အမှတ်မရှိသော မျဉ်းပြိုင်နှစ်ကြောင်းအသွင်နှင့်ဖြစ်သည် ။


 "" ဒါဆို ငါသွားတော့မယ်.. နင့်ကိုနှုတ်ဆက်ခဲ့ပါတယ်..
 

     ထာဝရအတွက်ပေါ့ ""
 


ကျောခိုင်းသွားသော သူမ၏ခြေသံများတွင် ကျွန်တော့်၏ ၀ိညာဉ်ကပ်ငြိပါသွားသည် ။
 

တိတ်တိတ်ဆိတ်ဆိတ်နှင့် ရောက်လာခဲ့သောအမှောင်ရောင်အောက်တွင် ကျွန်တော်တို့နှစ်ယောက်၏
 

နေ၀င်ချိန်မှာ စောလွန်းနေခဲ့သည် ။
 

ချောကလက် .....
 

      ချောကလက် .....
 

                 ချောကလက်လေးရေ .....
 


ရင်ဘတ်အတွင်းမှ ဆို့တက်လာသော ခေါ်သံများသည် လည်ချောင်းများအတွင်း၌ပင်
 

ပျောက်ဆုံးသွားခဲ့သည် ။

ဒီလိုနှင့်ပင် ကျွန်တော်တို့ နှစ်ယောက်ဘယ်သူ့မျက်နှာမှမထောက်ဘဲ ဝေးချင်တိုင်းဝေးသွားခဲ့လေသည် ။
 

ပဟေဠိမဆန် ပုံပြင်မဆန်နှင့်ပင် ကျွန်တော်တို့နှစ်ယောက် ရိုးရှင်းစွာဝေးသွားခဲ့ခြင်းဖြစ်လေသည် ။ 


                                                               ( 5 )

သူမ၏ မင်္ဂလာပွဲကျင်းပသောနေ့သည် ထူးခြားတိုက်ဆိုင်စွာပင် တနင်္ဂနွေနေ့ဖြစ်လေသည် ။





- မင်းလုလင် -

               


                          ------------------------------------------------------------------





အယ်လ်ကိုဟောနဲ့ လိင်ကိစ္စနဲ့ တနေ့ညက ၁၀၀ ရာခိုင်နှုန်းအပြည့်


 
 
အဲယားကွန်း ၊ ပူလောင်နေတယ် ၊ အယ်လ်ကိုဟောလ် ၇ ရာခိုင်နှုန်းနဲ့ ၊ ကိုယ် ။

ကိုယ်ပူနေတယ် ၊ တွေးချင်သလိုတွေး ၊ ခြောက်ခြားစရာမက်ဆေ့ခ်ျ ။
 
အချစ်အကြောင်း ငါကောင်းကောင်းကို မသိသေးဘူးဆိုတော့ ရယ်မိတယ် ။
 
လိင်ကိစ္စ ၉၀ ရာခိုင်နှုန်းနဲ့ ၊ ကိုယ် ၊ ကိုယ်တို့ ၊ ကျန်တဲ့ ၃ ရာခိုင်နှုန်းကို ၊ မရှာမိ ၊ မတွေ့ ။
 
မနက်ငါးနာရီနဲ့ ခုနစ်နာရီကြား ၊ ခြောက်ခြားစရာမက်ဆေ့ခ်ျအကြောင်း ၊ ပူတယ် ။
 
စိတ်ပူတယ် ၊ ညီမလေး ၊ ကြာသပတေး ၊ သမိုင်းဦးဘုံမြေခေတ်က လုလင်ပျို ။
 
အချစ်ဆိုတာပိုက်ဆံတဲ့ ၊ အချစ်ဆိုတာမြေအိုးမြီးရှည်တဲ့ ၊
 
အချစ်ဆိုတာ အွန်လိုင်းစာမျက်နှာပေါ်အမြန်ရိုက်ထည့်လိုက်တဲ့စာသားတဲ့ ၊ ဒါအကျင့်ပဲ ။
 
ခေတ်ပေါ်အချစ်အကြောင်းအဓိပ္ပါယ်ဖွင့်ဆိုချက်အသစ် ၊ စာသားတချို့နဲ့ ကိုယ့်ခပ်တိုးတိုး ။
 
ဒါအမူအကျင့်ပဲ ၊ သိပ်ကြိုက်မိရင် ကိုယ့်မှာခဏခဏ ၊ ပျင်းရိငြီးငွေ့စရာ အခြေအနေ ။
 
အခန်းတစ်ခန်းရှိလိမ့်မယ် ၊ အဲယားကွန်း ၊ ပူလာမယ် ၊ လိုက်ကာ ဘာအရောင်ဖြစ်ဖြစ် အပြည့်ဖြန့်ချမယ် ၊
 
တီဗီထဲမှာ တီဗီသေးသေးလေးတစ်ခု ပုန်းလျှိုးကွယ်လျှိုးရှိနေမလား ၊ ကိုယ်အခု အခန်းထဲ ၊
 
ကိုယ်ခဏနေ အွန်လိုင်းပေါ်ရောက်သွားမလား ၊ မီးအမှောင် ၊
 
ခဏလေးထင်ရတယ် ၊ အခန်းထဲ ။
 
အဲယားကွန်းကလွဲလို့ ကျန်တာအားလုံး ပူလာမယ် ၊ ကိုယ်လည်းပါတယ် ၊ ကိုယ်ပူလာတယ် ။
 
ဘဝမှာ ဒီအကြောင်းကလွဲလို့ ပျင်းစရာတွေချည်း ၊ လိင်ကိစ္စ ပါဝင်ပတ်သက်မှု ၉၀ ရာခိုင်နှုန်းနဲ့ ။
 
ဘရူနိုမားစ်သီချင်းတွေကလွဲလို့ ၊ ကိုယ့်ဝက်ဘ်ပေ့ခ်ျလေးကလွဲလို့ ၊ ကဗျာတွေကလွဲလို့ ၊ အဆိပ်ခွက်ကလွဲလို့ ၊
 
အလကားတရုတ်မနင့်ကိုငါသိပ်ချစ်တာကလွဲလို့ ၊ သတ်သေချင်စရာတွေချည်း ၊ ကြိုးကွင်းတွေအနား ။
 
မမခရေ ပြောဖူးတယ် ၊ မင်းကသိပ်ရယ်ရတာပဲ ၊ ဆယ်သွယ်မှုဧရိယာပြင်ပ ၊ ညီမလေး ၊
 
တစ်ခါတလေသိရဲ့နဲ့ မသိသလိုနေမှဖြစ်မယ့်ကိစ္စတွေရှိတယ် အစ်ကို ၊ တစ်ခွန်းထဲ ၊ စိတ်ပူသွားတယ် ၊
 
ကိုယ်ပူသွားတယ် ။ ပိုက်ဆံ ၊ မြေအိုးမြီးရှည် ၊ အွန်လိုင်းစာမျက်နှာပေါ်အမြန်ရိုက်ထည့်လိုက်တဲ့စာသား ၊
 
အပြင် ၊ အချစ်ဆိုတာ အွန်လိုင်းစာမျက်နှာကလက်မခံလို့ ပြန်အံထွက်လာတဲ့စာသားလည်းဖြစ်တယ် ၊
 
တယ်လီဖုန်းထဲက အသံဖိုင်လည်းဖြစ်တယ် ၊ တစ်ခွက် ၊ နောက်တစ်ခွက် ၊ အဝါရောင် ၊ ရွှေရောင် ။
 
ထပ်မထည့်နဲ့ ၊ ထပ်မထည့်နဲ့တော့ သူငယ်ချင်း ၊ ရင်ထဲမှာ ၊ ပူနေပြီ ၊ လောင်နေပြီ ၊ ကိုယ်ပူနေပြီ ။
 
ဖိနပ်ချွတ် ၊ ခြေဆင်းထိုင်တယ် ၊ ဒီမှာဟေ့ကောင် … အချစ်ဆိုတာ ၊ တော်ပါတော့ကွာ ။
 
အယ်လ်ကိုဟောလ် ၊ လူငယ်တွေပြောနေကျ မဲပြာပုဆိုးလိင်မှုကိစ္စ ၊ ၇ ၊ ၂၀ ၊ ၆၀ ၊ ၉၀ ၊ ရာခိုင်နှုန်း ၊
 
တဖြည်းဖြည်း ၊ မြင့် မြင့် မြင့်တက်လာတဲ့ အခြေအနေ ၊ နာရီဝက် ၊ တစ်နာရီ ၊ နှစ်နာရီ ၊ နံနက် ။

ကိုယ် ၊ ကိုယ်တို့ ၊ ငါးယောက် ၊ ပူလောင်နေတယ်၊ အယ်လ်ကိုဟောလ်အခိုအငွေ့ န့ဲ ၊လိင်စိတ်အခိုးအငွေ့နဲ့
 
အဲယားကွန်း ၊ တစ်ဆယ့်ခြောက်ဒီဂရီ ဆဲလ်စီးယပ်စ် ၊ ကိုယ်ပူလာတယ် ။
 
စိတ်ပျက်လက်ပျက် ၊ လူသားဘဝ ၊ အသက်ရှင်မှု ၊ အတ္တ ၊ အသက်ရှူရပ်ပစ်လိုက်ချင်စရာ ၊ ကမ္ဘာ ၊
 
ကြားပေါက်ကလေးတစ်ခုထဲ ၊ ကိုယ် ၊ ငါးယောက် ၊ အဲယားကွန်း ၊ လူတစ်ခုပူမှုရယ်တဲ့ဆယ်ကုဋေ ၊
 
စိတ်ဓါတ်ပဲ ၊ ကိုယ်ပူလာပြီ ၊ ကြားပေါက်ကလေးထဲ ။
 
ကိုယ်တို့ ၊ အထာနဲ့ ၊ အကန့်နဲ့ ၊ တစ်နာရီ ၊ နှစ်နာရီ ၊ အယ်လ်ကိုဟောလ် ၈၀ ရာခိုင်နှုန်း ၊
 
လိင်ကိစ္စ ၉၀ ရာခိုင်နှုန်း ၊ ကိုယ့်အထာနဲ့ကိုယ် ၊ ရှာမတွေ့တဲ့ ၃ ရာခိုင်နှုန်းကို ဖျောက်ပစ်လိုက်ကြတယ် ၊
 
နံနက် ၃ နာရီအတိ။


- သူရဿဝါ -




          -------------------------------------------------------------------------


 
 

အချစ် ၊ ကစားပွဲ ၊ အလွမ်း ၊ စွန့်စားခန်း (ထိုအတိုင်းစီထားသည်)
   


 


သူ ဆေးပေါ့လိပ် ဖွာနေ၏။ ဆေးပေါ့လိပ်၏ အမည်မှာသူဇာဖြစ်၍၊ သူ့အမည်မှာ ဆူးခက်မင်းဖြစ်သည်။
သူဇာအမည်ရှိ ဆေးပေါ့လိပ်ကို လမ်းထိပ်ကွမ်းယာဆိုင်မှဝယ်ထားခြင်းဖြစ်ပြီး၊ 

ဆူးခက်မင်းအမည်ရှိ သတ္တဝါကို  ဒေါ်မြင့်မြင့်ဆွေမှ မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။
ဒေါ်မြင့်မြင့်ဆွေ ကွယ်လွန်သည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်ပြီး၊ သူ ဆေးလိပ်သောက်တတ်သည်မှာ
ငါးနှစ်ခန့်ရှိပြီဖြစ်သည်။ ဆိုလိုရင်းက ဆူးခက်မင်းအမည်ရှိ သတ္တဝါသည် သူဇာအမည်ရှိ ဆေးပေါ့လိပ်ကို
ဖွာရှိုက်နေခြင်းဖြစ်၏။ ဆေးလိပ်မီးခိုးငွေ့များကြားတွင် သန္တာမိုး၏ မျက်နှာ ပေါ်လာသည်။ သန္တာမိုးသည်
ပုသိမ်သူဖြစ်၏။ ထူးအိမ်သင်လည်း ပုသိမ်သားဖြစ်သည်။ သန္တာမိုးက ထူးအိမ်သင်လို မျက်မှန်ထူထူမတပ်။
ထို့ကြောင့် သန္တာမိုးအား မငှက်ကြီးဟု ခေါ်ရန်မရှိ။ သူက သန္တာမိုးအား “မ” ဟု ခေါ်လေသည်။
“သူ”  ဆိုသည်ကး သူဇာဆေးပေါ့လိပ်ကို ဖွာရှိုက်နေသော ဆူးခက်မင်း ဖြစ်၏။ 

သန္တာမိုးက သူ့အား “မောင်” ဟုခေါ်လေသည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင့်ငါးရာခန့်က
အသုံးအနှုန်းများပင်။ သန္တာမိုးတွင် နှလုံးရောဂါရှိပြီး ဒေါ်မြင့်မြင့်ဆွေတွင် ကျောက်ကပ်ရောဂါရှိလေသည်။
သန္တာမိုးမှာ သူ၏ ရည်းစားဦးဖြစ်ပြီး၊ ဒေါ်မြင့်မြင့်ဆွေမှာသူ့အမေဖြစ်၏။ ဒေါ်မြင့်မြင့်ဆွေ ကွယ်လွန်ခဲ့သည်မှာ
လေးနှစ်ခန့်ရှိပြီဖြစ်ပြီး၊ သန္တာမိုးနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့သည်မှာ သုံးနှစ်နှင့် လေးဆယ့်ရှစ်ရက်ခန့်
ရှိပြီဖြစ်သည်။
 

သူ ကော်ဖီတစ်ငုံ ငုံလိုက်သည်။ လှည်းတန်း Moon Bakery မှ အဲကွန်းလေသည် အေးမြပေစွ။ 
သူ့ရှေ့တွင် (သူ နာမည်မမှတ်မိတော့သော) မိန်းမငယ်တစ်ယောက် ထိုင်နေ၏။
သူမသည် ပခုက္ကူဇာတိဖြစ်သည်။ ဦးခင်သိန်းသည် ပဲခူးဇာတိဖြစ်၏။ ဦးခင်သိန်းသည် ဆူးခက်မင်းနှင့်

သားအဖတော်စပ်လေသည်။ သူမ၏နာမည်ကို ယခုမှတ်မိပေပြီ။ “ပန်းအိစံ”ဖြစ်၏။ 
သူမက သူ့အား  “ကို ” ဟု ခေါ်၍၊ သူက သူမအား “ချစ်” ဟုခေါ်လေသည်။ 
ထိုစဉ်က ပုဂံလမ်းတွင် သစ်ရွက်ပေါင်းများစွာ ကြွေ၏။ 
“ချစ်”သည် အသားညိုပြီး၊ ပါးချိုင့်နှင့်သွားတက် ရှိလေသည်။ သူနှင့် တူညီသည်မှာ
အသားညိုခြင်းဖြစ်ပြီး၊ မတူညီခြင်းကား သူကပါးဖောင်းပြီး (ကွမ်းချိုးတက်နေသော) သွားထပ်ရှိခြင်း
ဖြစ်၏။ “ချစ်”က ကွမ်းမစားတတ်သော်လည်းမုသားပြောတတ်သည်။ သူက ကွမ်းသမားဖြစ်ပြီး
မုသားပြောတတ်သည်။ ထို့နောက် ပုဂံလမ်းတွင် သစ်ရွက်ပေါင်းများစွာ ကြွေလေ၏။



စက်မှု(၁)မှတ်တိုင်တွင် မိုးရွာနေသည်။တခြားနေရာများတွင်လည်း မိုးရွာကောင်း ရွာနေနိုင်၏။
သူက စက်မှု(၁)မှတ်တိုင်တွင် ရောက်ရှိနေခြင်းကြောင့် ထိုနေရာတွင် မိုးရွာနေကြောင်း ပြောခဲ့ခြင်းဖြစ်သည်။
စက်မှု(၁)မှတ်တိုင်တွင် ရွာနေသော မိုးစက်များအောက်လူငယ်တစ်ယောက် ခိုက်ခိုက်တုန်နေ၏။
ထိုလူငယ်မှာ ဆူးခက်မင်း ဖြစ်သည်။ အကြောင်းအရာ အပြည့်အစုံကို သိရှိလိုပါက ၄င်းရေးခဲ့ဖူးသော
“ ကမ္ဘာပျက်၍ ပြတ်ရွေ့ကြောင်းများဖြင့် ကမ္ဘာပျက်ခြင်း ” ဟူသည့် ကဗျာအား ရှာဖတ်ပါလေ။ 

(ဤကား စကားချပ်)။
 

ပါဝင်ပစ္စည်းများ -
(၁) Black Day
(၂) ခေါင်းလောင်းကြိုး
(၃) ခေါင်းစွပ်အင်္ကျီ
(၄) သွားတက်
သူမက သူ့အား “အစ်ကိုတော်”ဟု ခေါ်၍၊ သူက သူမအား “မိချမ်းမွန်” ဟု ခေါ်၏။
 

“ကြယ်တာရာသုပ် တစ်ပွဲ” ဟု သူ အော်မှာလိုက်၏။
သက်တံ့အစွန်းတွင် သူနှင့် ဗန်ဂိုး ထိုင်နေပြီး၊ အလယ်တွင် “ဇေ”ပုလင်း ထောင်ထားလေသည်။
ခဏကြာတော့ စားပွဲထိုးလူငယ် လာချပေးသည်မှာကြယ်တာရာသုပ် မဟုတ်ဘဲ နားရွက်သုပ်ဖြစ်နေ၏။
ယင်းနားရွက်မှာ ဝက်နားရွက် မဟုတ်၊ ဗန်ဂိုး၏နားရွက်ဖြစ်သည်။ ငတိကြီးက ပြုံးပြ၏။
ဘယ်လိုကြီးမှန်းကို မသိ။ သူ အိပ်ရာမှ လန့်နိုးလာသည်။ မြန်မာရုပ်ရှင်တွေထဲကလို
ချွေးစေးတွေ အတောင့်လိုက် ထွက်မနေသည်မှာ အံ့သြစရာမဟုတ်။ ဆောင်းည ဖြစ်၏။
သူ့နံဘေးတွင် ကိုယ်လုံးတီးမိန်းမတစ်ယောက် အိပ်နေသည်။ သူမကား “မိုးဟေကို ”
မဟုတ်။



“ ဖြိုး ” ဟု အမည်ရ၏။ သူက သူမ၏ နှုတ်ခမ်းအား ဂျပ်စတင်တင်းဘားလိတ်ခ်လို နမ်းလိုက်ရာ
သူမ နိုးလာပြီး ဂျပ်စတင်ဘီဘာလို ပြုံးပြလေသည်။ ရပ်ကွက်ထဲမှ လူငယ်များ အော်ဟစ်ကြ၏။ 

သူက သူမအား နမ်းလိုက်ခြင်းကို သြဘာဝိုင်းပေးကြခြင်း မဟုတ်။ ထိုညက ဒီဇင်ဘာ(၃၁)ရက်နေ့ ဖြစ်၏။
ထိုတစ်မိနစ်စာကလေးတွင် သူနှင့် သူမ ၂၀၁၀ ရထားပေါ် တက်လိုက်ကြသည်။
ရပ်ကွက်ထဲမှ လူငယ်များ အော်ဟစ်ကြ၏။ သူနှင့်သူမက RUM ထည့်ထားသော ဖန်ခွက်များအား
ကိုင်မြှောက်၍ “စာမျက်နှာ ၁၅” သီချင်းကို ဆိုနေလေသည်။ ကုတင်ဘေးရှိ စားပွဲပေါ်သို့ကြည့်မိတော့
ကြက်ဆီဗူးကင် တွေ့ရ၏။ ငတိမက သူ့အား ပြုံးပြလေသည်။ ဘယ်လိုကြီးမှန်းကို မသိ။ ။ ။
 




- ဆူး ခ က် မ င်း -




   ----------------------------------------------------------------------------------------------






 ဂုဏ်သရေရှိ နံနက်ခင်းထဲမှာ မီးခိုးငွေ့တွေ မရှိတော့ဘူး



မီးခိုးငွေ့တွေမရှိတဲ့အရပ်မှာ ကျွန်တော်နေတဲ့အခါ မတော်တဆလွမ်းနေမိတ့ဲ
ဆေးလိပ်တိုအပိုင်းအစတွေကို ညထဲမှာ ပြန်တွေ့လိုက်ရ
အလင်းဆိုင်ထဲမှာ ပြန်တွေ့လိုက်ရတုန်းက အတူပါမလာတဲ့ သူငယ်ချင်းတစ်ယောက်ဟာ
ရန်ကုန်ညထဲမှာ သက်လုံကောင်းကောင်းနဲ့ ကျနေရစ်ခဲ့တယ် မနက်ဖြန်မှာ
ထွက်ခွာသွားတဲ့ရထားက ညှို့ယူခေါ်ဆောင်သွားမယ်လို့ ကျွန်တော်
တွေးမထားမိတဲ့အကြောင်းအရာတစ်ခုလို ဇရပ်ပျက်မလေးဆီက
ရောက်လာမလားရယ်လို့ ထင်မှတ်နေတဲ့ မေတ္တာတရားဟာ သွေးထွက်သံယို
ရိုကျိုးမှုတွေနဲ့ ကျွန်တော့ရပ်ဝန်းကို ဖြတ်ပြေးသွား အမှတ်မထင်
နစ်ဝင်နေမှုထဲမှာ မေတ္တာတရားဟာ စက်တင်ဘာတွေဆီ တိတ်တိတ်လေး
ထွက်ခွာသွားသူ ကျန်နေရစ်သူ သံကြိုးစာတစ်စောင်ဟာ ဒရောသောပါး
ပြေးလိုက်လာတယ် ထစ် အ,နေတဲ့အသံတွေမရှိတော့ဘူး လူကြားလို့
မကောင်းတဲ့ဘာသာစကားတွေထဲမှာ နေသားတကျရှိနေ ရှိနေဦးမယ့်
ညလူ ကျွန်တော် မနက်ကိုမရောက်နိုင်တော့ဘူးဆိုတာ အလင်းကို
မမြင်ရတော့တဲ့အခါ မေတ္တာတရားဟာ ကျိန်စာတစ်ခုလားလို့ လက်လွတ်စပယ်
ဆုံးဖြတ်ချက်တွေထဲက ခုန်ပေါက်ပြေးထွက်လာတဲ့ ကျွန်တော်
မီးလောင်နေပြီ အရမ်းပူတာပဲ ဆေးလိပ်မီးက လက်ကိုလာထိမိမှ

စိတ်ဟာ စက်တင်ဘာဆီကနေ လွတ်ကျသွားတဲ့ ညနေခင်းထဲ ပြန်
ခိုဝင်လာတယ် အတွေးနဲ့ ဘယ်တော့မှ လွတ်မြောက်နိုင်မယ် အတွေးနဲ့
ဘယ်တော့မှ မလွတ်မြောက်နိုင်မယ် သူငယ်ချင်းဟာ ရန်ကုန်ညထဲ
ပြုံးတလှည့် ငိုတလှည့် မူးတလှည့် ရူးတလှည့် သူ့အလှည့်ကို
မရောက်နိုင်တော့ဘူးရယ်လို့ ထင်မှတ်နေတုန်းပဲ ကျွန်တော်
ပြန်မရောက်နိုင်တော့တဲ့ လမ်းတွေရှိနေပါသေးတယ်ဆိုတာ ဘယ်အချိန်
ကျမှ အထိနာစွာ သိလိုက်ရမလဲ သတိတရ၀မ်းနည်းမိပါတယ် ဂုဏ်သရေရှိ
နံနက်ခင်းထဲက ပြေးထွက်သွားသူလေးဟာ ကျွန်တော့်ရဲ့ ညနေခင်းတွေဆီ
ပြုံးမဲ့နှုတ်ဆိတ် ခေါင်းညိမ့်နေဦးမလား အထီးကျန်စွာ လမ်းပျောက်
ရှာဖွေရင်း မောနေဦးမလားဆိုတာ မေးကြည့်ချင်တယ် အလင်းဆိုင်ထဲ
ကျနေရစ်ခဲ့တဲ့ သူငယ်ချင်းဆီကို ရန်ကုန်ညတွေထဲက
မီးခိုးငွေ့တွေမရှိတဲ့အရပ်မှာ ကျွန်တော်နေတုန်းက မတော်တဆ
လွမ်းနေမိတဲ့အကြောင်းအရာတွေ ညထဲမှာပြန်တွေ့လိုက်ပါတယ် ။




- မင်းလုလင် -


 


             ----------------------------------------------------------------------------



ကဒ်



အလွန်ဆုံးဆိုတာ နှစ် ၅၀ ဒါမှမဟုတ် ၆၀ ဒါမှမဟုတ် မနက်ဖြန် ၊ သဘက်ခါ
ဒါမှမဟုတ် မျက်စိတစ်မှိတ် ။ ဒီနေ့ပြီး နောက်တစ်ရက်လား နောက်တစ်ဘ၀လား
ဒီရုပ်ရှင်က မျက်စိတစ်မှိတ်စာအတွင်းက အပြောင်းအလဲ ။



- မောင်မိုးချို -



            ------------------------------------------------------------------------------




ရင်ဘတ်ခြင်းကွာဝေးမှုသည် ချစ်ခြင်းမေတ္တာအား ဆိုးရွားစွာထိခိုက်စေပါသည်


ကျောမှာ ဒုက္ခတွေ တသီတတန်း လွယ် | ပြီး | တိုးရင်း ဝှေ့ရင်း ရုန်းရင်း ဆန်ခပ်
စားဖို့ သောက်ဖို့ စီစဉ်ရတာလည်း တစ်ဒုက္ခ ၊ အဟုတ်ကွ ၊ မုချ
သေချာတယ် ၊ ကျုပ်က ဂုဏ်ဒြပ်တွေပေးမယ် ၊ မင်းက ငွေကြေးပဲ ပေးပါ ၊
စားလေ အားရပါးရ ဘာလဲ တို့ဂဏန်း စိတ်ဂဏန်း ဘိုးတော်ဂဏန်း
စုံတကာရယ်မှ စေ့ လို့ ၊ နေ့လည်က ဘာထွက်သွားလဲ မေးလိုက်တော့
နေ့လည်က အသက်ထွက်သွားတယ် တဲ့ ၊
မှတ်ချက် ။ ။ အသက်ထွက်ခြင်းသည် ကျန်ရစ်သူမိသားစုအား
ဆိုးရွားစွာ (စိတ်) ထိခိုက်စေနိုင်ပါသည် ၊ မိလိုက်ရင်တော့လား
အချီကြီးပဲ ဂျီသရီးပဲ ဒီခရီး ဘယ်လောက်ဝေးသလဲ အလယ်ကလူ
လူလည်ကျ၏ ။ စိတ်ကို (နှာသီးဖျား) ထိပ်မှာထား ။ ဒါမှ ဖလွတ်ဆို
ပြွတ်ဆို ထွက်မယ် ၊ ဂွဒ် ၊ ချစ်ခြင်းမေတ္တာကို ဘယ်ဘက်အင်္ကျီအိတ်ကပ်ထဲ
ထည့်ထား ၊ လူ့အဖွဲ့အစည်းအတွက် ဘာလုပ်ပေးနိုင်မလဲ စဉ်း စား ။
အတင်းများ အဖျင်းများ ပျင်းသွားလား ။ တစ်ရက်ပျော်ချင်လို့
အရက်သောက်တာ ၊ လစ်မစ်များသွားတော့ ရုပ်နဲ့ နာမ်နဲ့ တစ် စ စီ
ကွဲ ထွက် ၊ မနက် ခေါင်းထဲ ဗိုင်းရပ်စ်ပေါင်းများစွာ တိုက်ခိုက်ခံရ ။
( ၂၀ . ၁၂ . ၂၀၁၁ )

ငါ့ရင်ဘတ်ကို Hack သွားတဲ့ သောက်ရူးမလေးနဲ့
ဆယ့်ခြောက်မိနစ် သုံးဆယ့်ငါးစက္ကန့် ဖုန်းပြောဖြစ်တယ် ။
တာချီလိတ်မှာ အေးနေပြီလား ၊ စိတ်တွေ နွေးထွေးပါစေ ။
ရင်ဘတ်ခြင်း ကွာဝေးမှုသည် ချစ်ခြင်းမေတ္တာကို
ဆိုးရွားစွာ ထိ ခိုက် စေ နိုင် ပါ သည် ။



- ဆူးခက်မင်း -


            -----------------------------------------------------------------------------------




မျက်ဝန်းတစ္ဆေ .... ညနေ


                                                                  ( ၁ )

မျက်ဝန်းများ . . . အလွန်လှသည်။ မျက်ဝန်းများ . . . တခါတရံ အရိုင်းဆန်ဆန် . . .
သို့သော် ထိုမျက်ဝန်းများကို ငြိမ်းချမ်းအေးမြစွာပင် ကျနော် . . . ချစ်ပါသည်။
အထင်ကြီးလေးစားမှုကို ဖုံးကွယ်မထားတတ်သော . . .ထိုမျက်ဝန်းတို့ကိုလည်း . . . . ချစ်သည်။
တစ်ခါက . . . . မျက်ဝန်းများထဲတွင် . . . .သနားကြင်နာမှုများ တပ်ဆင်၍ . . .ကျနော် မြတ်မြတ်နိုးနိုး ချစ်ပါသည်။ သရော်ရယ်မြူးရိပ်ကို နှုတ်ခမ်းလွှာများတွင်မထင်ဟပ်စေဘဲ အကြည့်ဖြင့် အစားထိုးခြင်းကိုလည်း . .မျက်ဝန်းများ ပိုင်နိုင်ကျွမ်းကျင်လှ၏။
အံ့သြမင်သက်မှုတစ်ဝက်ဖြင့် ချစ်မက်ရပြန်ပါသည်။ မျက်ဝန်းများသည် ကျနော့်ကိုကြည့်သော
ကျနော့် ဆန့်ကျင်ရာ အရပ်မှ ဖြစ်နိုင်သလို . . . .ကျနော့်ကို ကြည့်သော ကျနော့် မျက်ဝန်းများလည်ဖြစ်နိုင်သည်။ သေချာတာကတော့ ထိုမျက်ဝန်းများ၏အကြည့်ကို ကျနော် ရှောင်လွှဲနိုင်စွမ်းမရှိ . . . ကျနော်သည် အကြည့်ခံရသူ ဖြစ်ပါသည် . . .

ကျနော်သည် အညှို့ခံနေရသူ ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်ဖြစ် . . . ထိုမျက်ဝန်းများကိုကျနော်ပိုင်သည်။ အဘယ်ကြောင့်ဆိုသော် . . . .
ကျနော် သိမ်းဆည်းထားခြင်းကြောင့် ဖြစ်သည်။ ထိုမျက်ဝန်းများကို သံသယကင်းမဲ့စွာပင်
ကျနော် . . . ချစ် မိ ပါ သည်။



                                                                   ( ၂ )


အချစ်ဆိုတာ ကြယ်ပွင့်ကလေးတွေကို ရေတွက်နေရသလို ခံစားမှုမျိုးဖြစ်လိမ့်မယ်။
ဆန်းပြားလှိုက်ဖို . . . ရင်ထဲမှာလည်း ကပိုကရိုနဲ့ . . . မကုန်ဆုံးနိုင်အောင် ကျယ်ပြန့်များပြားလိုက်တာ . . .
ဘယ်တော့မှ မကုန်ခမ်းနိုင်တော့တဲ့ ကန့်သတ်မှုမျိုး . . . နောက်ပြီး ထူးဆန်းတဲ့ အာကာသကြောက်ရွံ့စိတ်မျိုးလည်းပါဝင် . . . ကိုယ်တိုင် . . . ကြယ်ပွင့်လေးတွေ ဖြစ်နေတာလား၊
ဒါမှမဟုတ် မော့ငေးမျှော်ရီ နေရတာလား၊ ဒါမှမဟုတ် . . . အဲဒီ နှစ်မျိုးလုံးရဲ့ ကြားထဲက လွတ်လပ်ပွင့်လင်းနေတဲ့ လေထုအလွှာလား . . . အဲဒီလိုနဲ့ပဲ ကိုယ် . . .
ဘယ်တော့မှ အိပ်လို့မပျော်ဘူး . . .ဘယ်တော့မှလည်း သေဆုံးမှာမဟုတ်ဘူး။
ခရေပန်းကုံးလေး သီရီပြီး ပန်ပေးချင်တာ . . . လက်ပတ်နာရီလေးအပေါ် မနာလို . . . 

လှမ်းပြီး သဝန်တိုမိတာ . . . ညီမလေးကြိုက်မယ့် သီချင်းတွေ ပို့ပေးချင်တာ . . .
အိမ်အပြန်လမ်းကို ကြမ်းကြမ်းတမ်းတမ်း မုန်းမိတာ . . . တကယ်ပါပဲ . . . အချစ်ဆိုတာ နွေဦးဖြစ်တယ် . . .
လေရူးဖြစ်တယ် . . . ကြယ်ပွင့်ကြယ်ခက် ဖြစ်သလို . . . လက်သန်းလေးတစ်ဖက်လည်း . . . . ဖြစ်တယ်။
ကွယ် . . . လွမ်း လိုက် ရ တာ . . . . 



                                                                      ( ၃ )


ငါက နင်ပြောတာပဲ နားထောင်ချင်တာပါဟာ . . .’
မျက်ဝန်းမှ စကားသံတို့ကို ကျနော်ကိုယ်တိုင်လည်း နားထောင်ချင်လှသည်။
‘ နာကလည်း နင့်ကိုပဲ ယုံချင်ပါတယ်ဟာ . . . ဂယ်ကျောတာပါ ’
မပီကလာ ပီကလာ . . . စီးကျလာ . . . ထိုမျက်ဝန်းစကားတို့ကိုပင် ကျနော် ယုံကြည်လိုက်သည်။
ကျနော် ဆောင်းပေးသော ထီးအရိပ်အောက်တွင် မျက်ဝန်းတစ်စုံ ငြိမ်သက်နွေးထွေးခဲ့သလို
ကျနော်လည်း မျက်ဝန်းရိပ်များအောက်မှာ မျှော်လင့်နွေးထွေး . . . မျက်ဝန်းကိုပင် . . .
ငေး . . . ကြည့်နေချင်ပါသည်။ မျက်ဝန်းလေးတွေကို ကျနော်ချစ်သည်။
မျက်ဝန်းချစ်သော သီချင်းတွေကိုချစ်သည်။ မျက်ဝန်းမှ အရိပ်အယောင်မှန်သမျှကိုချစ်သည်။
ဝမ်းနည်းကြေကွဲ . . . မျက်ဝန်းကို မြင်ရလျှင် ကျနော်ပါ နာကျင်ဆွံ့အ . . . သိမ်ငယ်ရသည်။
တဖြည်းဖြည်း . . . ကျနော့်ကိုယ်ကျနော် မုန်းလောက်အောင် ချစ်လာမိခြင်းအတွက် ကျနော်...  နောင်တမရပါ။ သို့သော် . . . ကျနော့်ကို ညှို့ယူသော မျက်ဝန်းများသည်
ကျနော့်မျက်ဝန်းများ မဟုတ်ကြောင်း သေချာသလို ရှိလာသည်။
အဘယ်ကြောင့်ဆိုသော် . . . ကျနော့်မျက်ဝန်းများက ညှို့သောစက်ကွင်း . . .
ထိုမျက်ဝန်းများကို မရမက လိုက်ရှာနေမိသောကြောင့်ဖြစ်၏။
ကျနော်သည် မျက်ဝန်းများအောက်တွင် စိတ်လိုလက်ရ . . .အချည်နှောင်ခံချင်နေသော လူငယ်လူရွယ်တစ်ဦး ဖြစ်ပါသည်။



                                                                    ( ၄ )


လရောင်အလင်းလေ . . . ဝင်းဖြာစီးပျိုနေလိုက်ပုံ . . .
မှိုင်းညို့ပြာလွင်မှုဟာ ကိုယ့်အသွေးအသားထဲအနှံ့။
ဒီလိုညမျိုးမှာပေါ့ . . . မျက်ဝန်းကို ကဗျာတစ်ပုဒ်ထဲ ထည့်ပျိုးနေမိတယ်။
‘ ညီမလေး မရှက်ပါနဲ့ကွယ် ’ လို့ တွေးရင်းက
ကိုယ်ပဲရှက်သွားရပြန်တယ်။ ဝဲလွင့်ဖြောင့်စင်းတဲ့ ဆံနွယ်တွေကြား . . . ကိုယ်ပါ ပါသွားသလိုမျိုး . . .
အဲဒီနောက် . . . အလင်းနှစ် တစ်သန်းလောက် ညီမလေးလက်ကိုတွဲပြီး လမ်းလျှောက်ချင်မိတယ်။
နတ်ဖုရားမလေးရယ် . . .
ကိုယ်က . . . ဆိုးပါတယ်၊ မင့်ဓါတ်ပုံလေး ခိုး . . . ထားမိ
‘ အဲဒီမျက်ဝန်းလေး ခဏ . . . ပေးပါ ’ လို့လည်း တောင်းမယူရဲ . . .
လက်တွေ့နဲ့ လွဲ ချင် တိုင်း . . . . လွဲ လို့ . . .
မျက်ဝန်းနဲ့ . . . လက်သန်းကလေးနဲ့ . . . ကိုယ့်မှာ
မတော်တဆ ထိခိုက်မိကြရင်တောင် အိပ်မက်မက်ဟန် ဆောင်ရတယ်။
နှင်းပွင့်မိန်းမပျိုလေးရယ် . . . မင်းကို ကိုယ် . . . သိပ် . . .




                                                                      ( ၅ ) 


ညနေသည် သာယာလှပမည်ဟု ကျနော်ထင်သည်။ မျက်ဝန်း . . . နှင့် ညနေကို ယှဉ်တွဲထားသော
လှပညက်ညောမှုသည် ဘာမှထပ်၍ မလိုအပ်တော့ဘူးဆိုလျှင် . . .
ထိုမြင်ကွင်းကို ကျနော် ငေးကြည့်နေချင်သည်။
ချစ်သည်မှလွဲ၍ . . . မည်သည့် ဆန္ဒတစ်စုံတစ်ရာကိုမဆို ကျနော် မလိုအပ်ပါ။
မျက်ဝန်း . . . ညနေ . . . မျက်ဝန်းတောက်ပမှုနှင့် ညိုရီဖျိုးဖျညနေကို တွဲဖက်ကြည့်ရုံနှင့်ပင် ကျနော် ပျော်ပါသည်။ ညနေမရောက်ခင် . . . ကျနော် ပျော်ရွှင်ခဲ့ပါသည်။



  
                                                                       ( ၆ )


အချိန်အခါမဟုတ်ဘဲ . . . ပန်းတို့ပွင့်လာ . . .
မုန်တိုင်းဟာ ပွင့်ဖတ်ပွင့်ချပ်တွေလို . . .
ကျိန်စာသင့်တာ မဟုတ်ဘူးဆိုရင် ကိုယ့်ညီမလေးဆီ . . .
သူ့မျက်ဝန်းတွေထဲ . . .
ဘယ်လို နတ်ဆိုးစစ်သည်တို့ ချင်းနင်းကြပြီလဲ . . . .
ခေါင်းမှာ . . . ငရဲပန်းမကိုဋ် ဆင်ယင်လို့ . . .
မျက်ဝန်းတွေ . . . မျက်ဝန်းတွေမှာ . . .
တစ်လွှာပြီးတစ်လွှာ . . . ရီဝေရူးသွပ်စွာ . . .
အို . . . လှလိုက်တာ . . . လှလိုက်တာ ညီမလေးရယ် . . . .
ကိုယ့်နှလုံးသွေးနဲ့မှ ခြေဆေးချင်တဲ့
စိမ်းစိမ်းရိုင်းရိုင်း အကြည့်မျိုးတွေနဲ့ ညီမလေးဟာ . . .
ရက်ရက်စက်စက်လှနေလိုက်တာ . . . .
ဝိဥာဉ်နှုတ်မယ့်တေးသီ . . . မ ထီ တ ရီ နဲ့ . . . .
ပြုံးနေ . . . ညီမလေး ခက်ထန်လွန့်လူး . . .
ပြုံး . . . လို့ . . . နေ . . .
တဖြည်းဖြည်း နူးညံ့ရင်ခုန် . . .
ပန်းကလေးတစ်ပွင့်ဖြစ်သွား . . . .
ကိုယ့်အနားမှာ . . . .
နှင်းပွင့်ဖြူစို ပန်းပွင့်ပျိုလေး ဖြစ်သွား . . . .
ကိုယ်သိမ်းထားလိုက်မယ် . . . ဆိုတော့မှ . . .

ပွင့်ဖတ်ပွင့်ချပ်တွေဟာ . . .
မုန်တိုင်းဖြစ်လာ . . . နတ်ဘီလူးခြေသံဖြစ်လာ . . .
အိုး . . . . .
ကိုယ့်ရင်တည့်တည့် . . . လက်သန်းကလေးနဲ့ . . .
ကိုယ်ချစ်ရတဲ့ လက်သန်းလေးနဲ့ . . . မျက်ဝန်းမီးလျှံတွေနဲ့ . .
ကိုယ့်တစ်ယောက်တည်းအပေါ် မိုးပြိုပြီထင်ရဲ့ . . .
မှောင် နေ လိုက် တာ . . .
မိုးကြိုးလျှပ်ပန်းတွေ ဝန်းဝင်းဝုန်းဝုန်းနဲ့ . . .
မွန်း . . . ကြပ် . . . ခြောက် . . . သွေ့ . . .
ညီမလေး . . . မေ့ပြီ . . .
ကြောက်လန့်စရာ မျက်ဝန်းတွေ . . . မျက်ဝန်းတွေနဲ့ . . .
အထိုးစိုက်ခံနေရချိန် . . . ကိုယ့်အမြင်တွေ မှိန်ဖျော့တိုးလျလာ . . .
နောက်ဆုံးမှာ . . . ဟိုး . . . . မှာ . . . ညီမလေး . . .
ဟင့်အင်း . . . မဟုတ်ဘူး . . .
စေတန် နတ်ဆိုးမရဲ့ သမီးတော်ဖြစ်မယ် . . .
သူ့ရဲ့ လက်သည်းချွန်ချွန်တွေ . . .
ဝေဝေဝါး . . .
ညီမလေးပဲ ဖြစ်မှာပါ . . .

ဆူ ဝေ အိုင် ပွက် . . .
သွေးတွေ . . .
မှောင်အတိကျ . . . . . . . . . . . . . . . . .
ကိုယ် . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . .
. . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . .
. . . . . . . . . . .





                                                                     ( ၇ )


ညနေမရောက်ခင်က ကျနော် အိပ်မက်ဆိုးတွေ မက်ခဲ့သည်။ ညနေသည် ထိုအိပ်မက်နိမိတ် ဖြစ်လာမည်ဆိုလျှင် . . . ဟင့်အင်း . . . ကျနော် မတွေးချင်ပါ . . .
ကျနော် ရှင်သန်ရမည် . . . မဖြစ်ဖြစ်သည့်နည်းနှင့် . . . .‘ ညနေသည် . . . မျက်ဝန်းသည် . . .’ ဟု တွေး၍ . . . .
ညနေ . . . မရောက်ခင် . . . ကျနော် ပျော် ရွှင် နေ ခဲ့ ပါ သည်။
ညနေမရောက်ခင် . . . . . . . . .
ညနေ . . . . မရောက်ခင် . . . . .
. . . . . . . . . . . . . . . .
. . . . . . . . . . . .
ညနေ . . . . မရောက်တော့ပါ။
မျက်ဝန်းသည် ညနေကို ကျနော့်အနားမှ . . . အစိမ်းလိုက် ခွဲထုတ်သွားသည်။
ကျနော့်စကားကို နားထောင်ချင်သည်ဆိုသော . . . ယုံချင်သည်ဆိုသော မျက်ဝန်း၏ စကားတို့ကို
ယုံကြည် နားထောင်မိခဲ့ . . . . ကျနော်ပဲ မှားပါသည်။ ညနေနှင့်၊ မျက်ဝန်းနှင့် . . . . အတူတူ ယှဉ်တွဲ၍
ကျနော် လမ်းလျှောက်ခွင့်ရမည်ဟူ၍ . . . .မျက်ဝန်း ပြောခဲ့ . . .
ကျနော်မှားသည် . . . မျက်ဝန်း မမှားပါ။
ညနေကို မျက်ဝန်း . . . နှင်ထုတ်လိုက်သောကြောင့်ဖြစ်သည်။ ညနေမရောက်သောကြောင့် . . . မျက်ဝန်းအနား၊ ညနေရီအနား ကျနော် သွား၍မရပါ . . . ထို့ကြောင့် မျက်ဝန်း မမှားပါ။
ညနေမရောက်ခင် . . . မျက်ဝန်း . . . . အိမ်အပြန်လမ်းဆီ . . . လှမ်းသည်။
နွေနေ့ခင်း၏ ပူလောင်မှုကိုသာမက . . . . တစ်စုံတစ်ဦးကိုပါ မျက်ဝန်း . . . ခေါ်ယူခဲ့သည်။
ကျနော့်အား . . . . ညနေအား . . . . . မျက်ဝန်းက တစ်စုံတစ်ဦးနှင့် အလဲအထပ်ပြုသည်။
ကျနော့်အား . . . ညနေအား . . . . . . မျက်ဝန်းနှင့် တစ်စုံတစ်ဦးက သတ်ပါသည်။
ကျနော်ချစ်သော လက်သန်းလေးသည် . . . အခြားလက်သန်းအား . . . လှမ်းချိတ်တွယ်၍ . . .
ကျနော်ချစ်သော မျက်ဝန်းသည် . . . . အခြားမျက်ဝန်းတွင် ပျော်ဝင်၍ . . .
ကျနော် . . . . ဘယ်နေရာ ရောက်နေခဲ့သည်လဲ . . . . ဘယ်အချိန်ဖြစ်နေသလဲ . . . .
‘ ကျနော်ချစ်တဲ့သူက သူ့ချစ်သူလောက် ဘယ်သူ့မှ မချစ်ဘူး ’
‘ ကျနော်ချစ်တဲ့သူက သူ့ . . . . ချစ်သူလောက် ဘယ်သူ့မှ . . . . မချစ်ဘူး ’
မည်သူရေးခဲ့မှန်းမသိသော စာသားတစ်ပိုင်းတစ်စကို . . . . ရွတ်၍ ကျနော် . . . .
ရောက်တတ်ရာရာ . . . . လေလွင့် . . . .
လေလိုလွင့်သည်။
ခြေပစ်လက်ပစ် ထိုင်ချမိသည် . . . ကျနော့်မျက်လုံးများကို မြေမြှုပ်ပစ်လိုက်သည် . . . .
ကျနော့်ကိုယ်ကျနော် .  စိတ်က ရောက်ချင်ရာရောက်ခဲ့သော်လည်း . . .
ကျနော် . . . မျက်ဝန်းနှင့် မျက်ဝန်း၏ တစ်စုံတစ်ဦးနောက်သို့ . . နာမ်စိတ်မဲ့စွာ . . . လိုက်ပါ . . . . သွား . . . .
နွေသည် ကျနော်တစ်ဦးတည်းကို ခုန်အုပ်လိုက်ပြီး ကျနော်တစ်ဦးတည်းက 

ပူလောင်မှုကို ကိုယ်စားပြုရသော အခါ . . . ကျနော်သည် အိမ်အိုဟောင်းတစ်လုံးဖြစ်နေ . . .
မည်သူမှ မလိုအပ်သော စွန့်ပစ်ပစ္စည်းဖြစ်နေ . . .အရိပ်ကလေးသည် ကျနော့်ဆီ တိုးဝင်လာခဲ့ပြီး . . .

ကျနော့်ကို တိုးတိုက်ဖောက်ထွက်သွား . . . ကျနော်သည် . . . မျက်ဝန်းသည် . . . အရာအားလုံးသည် . . .
အချိန်တန်လျှင် ထ၍ပေါက်ကွဲကြမည့် ချိန်ကိုက်ဗုံးများသာ ဖြစ်ပါသည်။
လမ်းမအကျယ်ကြီးကိုမုန်းသည်။ လမ်းမတစ်ဖက်ခြမ်းမှ မြင်မြင်သမျှကိုမုန်းသည်။
တစ်စုံတစ်ဦးကိုမုန်းသည်။ လက်သန်းလေးတွေကိုမုန်းသည်။ မျက်ဝန်းကို . . . . မုန်းသည်။
ကျနော့်ဆီ ရောက်မလာတော့သောညနေကို မုန်းသည်။
အိမ်အပြန်ခြေလှမ်းမှစ၍ ယခုလက်ရှိအချိန်အထိ ဖြစ်ပျက်နေသမျှ အရာအားလုံးအဆုံး . . . .
ကျနော် . . . မုန်းသည်။ မျက်ဝန်း . . . . ကျနော့်ကို မြင်သွား . . .
တဒင်္ဂ . . . ရပ်တန့် . . . . .
ခဏလေး . . . ချစ်သော . . .
ကျနော်ချစ်သော မျက်ဝန်းကို ခဏလေးရလိုက်၏။
ကျနော် . . . မျက်ဝန်းအနား . . . တရွေ့ရွေ့ . . . တိုးကပ် . . .
ကျနော့်ကိုရည်ရွယ်သော . . .  

‘………….’
. . . . တီးတိုးစကား . . . .
‘ မျက်ဝန်းရယ် . . . . ညီမလေးရယ် . . . .’
ကျနော် . . . . စိတ်ထဲမှလွဲ၍ . . . . မတုံ့ပြန်တော့ပါ . . . ဖြတ်လျှောက်လာခဲ့သည် . . . ဆွံ့အတိုးတိတ် . . .
ခေါင်းငုံ့၍ လျှောက်လာခဲ့သည်။
 

‘ ချစ်တဲ့သူက . . . ရှုံးတယ်လေ . . .
ဒါကြောင့် . . . ငါက . . . ငါအရှုံးပေးဖို့ ထိုက်တန်တဲ့သူကိုမှ . . . .’
 

မျက်ဝန်းပြောဖူးသော စကားအချို့ . . . . မျက်ဝန်း အရှုံးပေးချင်သောသူသည် ကျနော်မဟုတ်သော်လည်း
ကျနော်ကတော့ မျက်ဝန်းကိုပင် အရှုံးပေးချင်ပါသည်။
ရီဝေနူးညံ့စွာပဲဖြစ်ဖြစ် . . . . နာကျင်ကြေကွဲစွာပဲဖြစ်ဖြစ် . . . . ဘယ်လိုနည်းနဲ့မဆို . . . 

ငါ . . . အရှုံးပေးပါတယ် . . .
ညီမလေးရယ် . . . နင့်ကို . . . ငါ . . . သိပ်ချစ်ပါတယ် . . .
. . . . . . . . . . . . . . . . . . . . . . . . . . . .
. . . . .
ကျနော် . . . မျက်ရည်ကျမိသည်။
 



                                                                           ( ၈ ) 


နေဝင်တာကိုလှမ်းကြည့်မိတယ်
ကမ္ဘာတစ်ဖက်ခြမ်းမှာတော့
အမှောင်ကိုလွမ်းရဦးရော့မယ်
ငါက …. အလင်းတစ်စက်ပဲဖြစ်ချင်ခဲ့
မော … လျ …. တိုး …. ဖျော့
ကြွေပါစေတော့ကွယ်
 


                                                                         ( ၉ )

မျက် ဝန်း များ . . . .
အရိုင်းဆန်ဆန် မျက်ဝန်းများကို ကျနော်ချစ်သည်။
သနားကြင်နာမျက်ဝန်းများကို ကျနော်ချစ်သည်။
ထိုမျက်ဝန်းများသည် ကျနော့်မျက်ဝန်းများမဟုတ်သလို
ကျနော်ပိုင်ဆိုင်သော အခြားတစ်ပါး မျက်ဝန်းများ မဟုတ်တာလည်း သေချာလှပါသည်။ အဘယ်ကြောင့်ဆိုသော် . . . ထိုမျက်ဝန်းများကို ကျနော် . . .
သိမ်းဆည်းထားခွင့် မရှိသောကြောင့်ဖြစ်သည်။
. . . . . . . . . . . . . . . . . . . . . .
. . . . . ယခုအခါ . . . မျက်ဝန်းများကို
ကျနော် မမြင်ရတော့ပါ။







- သူရဿဝါ -




 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××



Purple Shade ( ခရမ်းရိပ် ) အမည်ရှိ Online Magazine အား ၂၀၁၂ ဇန်န၀ါရီတွင် စတင်၍ 
ရပ်တည်သွားရန် ရှိပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် . . .
purpleshademagazine@gmail.com သို့ လိပ်မူ၍ စာမူများ ရေးသားပေးပို့နိုင်ပါသည်။
အွန်လိုင်း အနုပညာမဂ္ဂဇင်း ဖြစ်သည့်အလျောက် မိမိ၏ စာမူသည် Purple Shade ၏ ရပ်တည်ချက်နှင့်
မကိုက်ညီပါက ရွေးချယ်ခံရမည်မဟုတ်ပါကြောင်းကြိုတင် အသိပေးလိုက်ရပါသည် ။

 

ခရမ်းရိပ်

ခရမ်းရိပ် Ebook ဒေါင်းလုပ်ရယူရန်

0 comments:

Post a Comment