Thursday, 15 March 2012
ခရမ်းရိပ် အနုပညာမဂ္ဂဇင်း [ မတ် ၂၀၁၂ ]
with 0 comments
                      ကဗျာ
ဆုတောင်းပေးကြပါ
  _____ လူ ခါး ______
ဝဲ မှ ယာ
ရမ်းဗြဲ ၊ ဒေးဒရဲ ၊ နတ္တလင်း ၊ မြန်အောင် ၊ မြင်းခြံ
''လောကဓံကို ရင်ဆိုင်ကြသူများ"
      (ဓာတ်ပုံ ထားရန်)
ဒီဓာတ်ပုံကို အဲသလို ခေါင်းစဉ်တပ်လိုက်တယ်
ဆုတောင်းပေးကြပါ
ရန်ကုန်ကို စင်ကာပူလို ပြင်ဆင်ရင်း
ဆုတောင်းပေးကြပါ
ငါးထောင်တန်ဖုန်းအကြောင်းနားထောင်ရင်း
ဆုတောင်းပေးကြပါ
မိသားစုနဲ့ ထမင်းလက်ဆုံစားရင်းဆုတောင်းပေးကြပါ
ကိုယ့်မြေကိုယ့်ရေမှာ လွတ်လပ်စွာသွားလာရင်း
ဆုတောင်းပေးကြပါ
လူကြီး လူငယ် သင့်မြတ်အောင်နေထိုင်ရင်း
ဆုတောင်းပေးကြပါ
ကိုယ့်အိပ်မက်နဲ့ ကိုယ် မိုးလင်းအောင်အိပ်ရင်း
ဆုတောင်းပေးကြပါ
အမေ့ထဘီကို စိတ်ပါလက်ပါလျှော်ဖွပ်ရင်း
ဆုတောင်းပေးကြပါ
အတောင်ကျိုးငှက်တို့ ရဲ့ အာခြစ်သံကို ရှိုက်ငင်ရင်း
ဆုတောင်းပေးကြပါ ။
ဆုတောင်းပေးကြပါ ။
ဒါ....
ပတ်(စ်)ပို့ အတုနဲ့ အိုဗာစတေးဖြစ်သွားတဲ့
ကျွန်အသစ်အကြောင်း ကဗျာ...။...။
                                             =========================
ဆက်ပွား ဘွဲ့နှင်းသဘင်အခမ်းအနား
____________ မ ယ်ေ ယွး _______________________
အဲဒီရောင်စုံမှိန်ပြပြအောက် အလှမွေးငါးတစ်ကောင် ပျံသန်းခဲ့ပေါ့
ပင်လယ်ဆီ။  ငြိမ်မနေနဲ့ လှုပ်ဖို့  မလှုပ်တတ်လို့  နားတွေအူနေပြီမို့
ဒါကရေရောပြီး ဒါကိုလာရော ဘယ်ဟာယွေးယွေး ဒီရက်/ ညပိုင်း
ပါဝင်မှုနှုန်းများများမှာ လွန်စွာလုံလောက်နေပြီ  မစားရအညှော်ခံရနံ့တွေလည်း
အဆုတ်ဆီတိုးဝင်နေပြီ  ကဲ ကဲ ကဲ ဘွဲ့ရပြင်ညာတတ်ပူပူနွေးနွေးများအတွက်
ချီးယား
မြက်ခင်းများမစိမ်းတော့ခြင်းဟာ ပျော်ဝင်ရောက်လာ။  မမစိမ်းတစ်ယောက်ရဲ့
မြက်ခင်းစင်ပေါ်က  ဟို - မင်္ဂလာညချမ်း၊ ဝိုးတဝါးညချမ်း၊ မျက်ခွံလေးလံညချမ်း၊
ညချမ်းကြယ်များအရောင်စုံ - တုန်းက  ကြားလိုက်လား
တိုးနေတဲ့ကြယ် ငါဖြစ်ခဲ့ပေါ့  ကြားလိုက်လား။ နားထဲကအသံထွက်နေတာလား
နင်များနေပြီ  ငါက စတိုင်လ်မရှိတဲ့စတား တဲ့လား  နင်ဒါတွေများလာပြီ
စင်ပေါ်တက်ရင် ကဗျာပဲရွတ်ဖြစ်လိမ့်မယ်။  လိုက်ခဲ့ ကြမ်းပြင်ဆီ   ဒါပေါ့
ခေတ်အတွင်းအပြင် ခင့်ပတ်ပတ်လည် အဆင်ပြေသလိုရွှေ့ပြောင်းနေထိုင် ရမှာပွတ်
ဒီသီချင်းမိုက်တယ်  ခုန်/ သင့်/ ရင်/ ခုန်/ မယ်
ခေါင်းစည်းကြိုးဖြည်လိုက်တော့   ဆောရီး  တက်တက်နင်းမိတယ်
နေ နေ နေတတ်သလိုပဲနေ  တောင်ပေါ်သူကိုလိုက်ဖုံးဖိပေးနေရလို့
ဈေးကွေ့(ဂွေ့)ကို ရှေ့နောက်မှားပြောရတယ်လို့  အသံအိုးကဆီများလို့
လေးလေးကျလာ  ဒီဂျေဘယ်သူလဲဟင်  လျှောက်ပြောမနေနဲ့ မေးတာဖြေ
တွမ်ကြီးကလိုက်ပြန်ပြီ  ဂျယ်ရီကကုတ်ချောင်းချောင်း  ညီမအိမ်ဘယ်နားလဲ
မေးတာဖြေ  ရှည်လည်းရှည်အောင် နီးလည်းနီးအောင် သားရေပင်ကိုင်ကြစို့ရဲ့
ကြယ်ပျောက်တော့မယ်  Pitbull တစ်ပုဒ်နောက်ဆုံးထား  သိပ်မထွေပြားသေးဘူး
ပြန်ပြုံးပြလိုက်သလား  အဖြူကိုပြာစေတဲ့မီးချောင်းတွေကြောင့်သာ 
ပုခုံးအကျော်ကပါးစပ်များထဲလင်းခဲ့တာ။
                                             =========================
 မြင်သမျှက အဖြူရောင် (၃)
__ေ မာ င် မိုး ချို _____
ဟိုတစ်စ ဒီတစ်စ ကောက်သိမ်းလို့မရလောက်တဲ့အထိ အတွေးကခပ်ဝေးဝေးကိုသွားပြီ။
ဘယ်လို အိပ်မက်မျိုးထဲကနေ ထွက်ကျလာပါတယ်ဆိုတဲ့ ကောက်ချက်က
ကုတင်ခြေရင်းမှာ အလျားလိုက်ကပ်ထားတယ် ။
လှမ်းမြင်နေရတာက ရောင်စုံလို့ထင်ခဲ့တာပဲ ။ အရာရာက ဘာမှမသဲမကွဲပဲနဲ့ ။
ဒီနေ့လား မနက်ဖြန်မှာလား ။ မျက်ခွံကို တစ်ချက်ခတ်ကြည့်။
ရောက်အောင်လာခဲ့ဖို့တော့ ဘယ်သူမှမဖိတ်ခဲ့ဘူး ။ သူကလည်း ရီဝေဝေနဲ့ပဲလေ။
ကျုပ်ကိုယ်တိုင်က အငွေ့လိုလို ။
ပိတ်ထားတဲ့ တံခါးကနေ ကျုပ်ကိုယ်တိုင် ခင်းမထားမိတဲ့ လမ်းပေါ် တအိအိနဲ့။
သွားလိုက်လာလိုက်။
တစ်ခုခုပြောချင်နေမိတဲ့ စိတ်ကို တစ်ခုမကပြောဖို့ တိုက်တွန်းနေမိတာကလွဲရင်။
ထင်ထားသမျှကအလွဲပဲ။ မျက်နှာကျက်ပေါ် ထိကပ်ထားလိုက်တဲ့ ညာဘက်လက်မှာ သွေးခုန်နှုန်း။
သိသိသာသာကျဆင်းလာ။ မွေးရာပါ အနာမဟုတ်သည့်တိုင်အောင် ဘာဆေးမျိုးမှ မတိုးချင်တော့ဘူး။
စိတ်ကူးက နံရံကို အရေခွံတစ်ခုလို ခုတ်ထစ်ခွာချပြီး ရောက်ရာပေါက်ရာထွက်သွားလိုက်ဖို့။
ကော်ဖီခါးခါးတစ်ခွက်ကို ဇိမ်ခံသောက်ကြည့်ဖို့။
နောက်ထပ် တစ်နာရီစာလောက်ကို ပြက္ခဒိန် အစွန်းပေါ်ဆွဲတင်ကြည့်လိုက်ဖို့။
အတွေးက တစ်စပြီးတဲ့နောက် နောက်တစ်စ ကုတ်ခြစ်ဆွဲထုတ် . . .  
                                              =========================
သွေးလွန်ဗိုင်းရပ်စ်တွေ ခင်ဗျားဦးနှောက်ထဲဝင်နေပြီ ဂျွန်
________ မ င်း လု လ င် ______________________
စိတ်ပျက်စရာပါလား  ဂျွန်
ခင်ဗျားဟာ ပျင်းစရာလူ့အဖွဲ့အစည်းရဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခုပဲ
မက်ဆေ့တွေ မကြာခင်အဆုံးသတ်သွားတော့မှာပါ 
သိမှုက ခင်ဗျားဦးနှောက်ထဲမှာ တောခိုနေတယ်  ရှာရဖွေရ ဖမ်းရဆုပ်ရ
ခက်ခဲနေ ခင်ဗျားကိုယ်ခင်ဗျား အမှန်တရားအကြောင်း သဲလွန်စတစ်စုံတရာ
ချပြထားလိုက်  ဝေးလိုက်တာ ဂျွန်  ခင်ဗျားရဲ့ ကျိုးကြောင်းဆက်စပ်မှုက
နေရာလွတ်အပြည့် အုတ်ရောရော ကျောက်ရောရောပဲ
အပ်ပေါက်ရာတွေအတိုင်း သွေးကြောထဲ Art တွေ အပြည့်ထိုးသွင်းထားလိုက်
ကဗျာဆိုတာ ကျန်းမာသန်စွမ်းတဲ့ ရှေ့မှီနောက်မှီ ယဉ်ကျေးမှု တစ်ခု
ခင်ဗျားလက်ဖျားမှာ စကားလုံးခေါင်းပါးမှုက အပျိုရည်ပျက်နေတဲ့ ခေတ်လို
သိပ်သနားစရာကောင်းပါလား ဂျွန်
ကဗျာဆရာဆိုတာ ဘုရားသခင်မဟုတ်ကြောင်း လူယဉ်ကျေးတို့ရဲ့
အဘိဓာန်ကို ဖွင့်ကြည့်  ဖွင့်ထားတဲ့ ပြတင်းပေါက်တွေကနေကြည့်
ကမ္ဘာဦးလူရိုင်းတွေထဲ ကဗျာဆရာ မရှိဘူး ဆိုတာ ခင်ဗျား
သတိထားမိရဲ့လား   မန်မိုရီအပြည့် ဗိုင်းရပ်တွေ ကပ်ငြိနေ
တုန်းပဲ   ငတုံးပဲ ကျုပ်ကလဲ ခင်ဗျားကို အရောဝင်နေမိတယ်
ဆေးလိပ်တစ်လိပ်ကို နှစ်ဆယ့်သုံးကြိမ်တိတိရှိုက်သွင်း
လိုက်ရုံနဲ့ ဆေးလိပ်သောက်တဲ့အမှုပြီးမြောက်နိုင် မနိုင်
ဆေးလိပ်တစ်လိပ်ရဲ့ ခံနိုင်ရည်က နှစ်ဆယ့်သုံးခါ ရှိုက်ဖွာမှုဖြစ်ကြောင်း
စောက်ရေးမပါတဲ့ ဖြေရှင်းချက်တွေက မှိုတက်ချစား  ရေပေါ်တက်နေတဲ့
ဆီကျန်ရေကျန် ဟင်းတခွက်ရဲ့ဘဝကို ခင်ဗျားနားလည်ဖို့ ( သိပ် )
လွယ်ကူဖို့ ခက်ခဲတယ် မဆိုသလောက် စဉ်းစားကြည့်တတ်ရုံအပြင်
ခင်ဗျား လုပ်နိုင်တာက သွေးတိုးစမ်းတဲ့ နားကြပ်တွေလို  ဒိန်း  တပ်  တပ်
စိတ်ပျက်စရာ လူနေမှုအသိုင်းအ၀ိုင်းထဲကို ခင်ဗျား ဒလိမ့်ခေါက်ကွေး
တိုးဝင်နေ  ခွေးလေခွေးလွင့်တွေကြားထဲ ယုန်ဖြူတစ်ကောင်အယောင်
ဆောင်ဖို့ စောက်မှတ်မရှိတဲ့ အသိဥာဏ်အကျိုးအပဲ့တွေနဲ့
ခင်ဗျားကိုယ် ခင်ဗျား ချောက်ထဲ တွန်းချနေတာ ပျော်စရာပဲ
ဖြတ်ပြောစရာတစ်ခုတလေလောက်ဖြစ်ဖြစ် ခင်ဗျား
မျက်စိတွေထဲက ပြုတ်ကျလာလေမလားရယ်လို့ မျှော်နေရတာ
မော  ပျင်းနေပြီလား ဂျွန်
ခင်ဗျားနားမလည်တဲ့ နှလုံးခုန်သံတွေက ခင်ဗျားလက်ထဲက ခင်ဗျား
တီးနေတဲ့ ဂစ်တာသံတွေ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်း ဘာညာ
ဂစ်တာကြိုးတွေကတော့ ကိုယ့်ကိုကိုယ် သတ်သေဖို့ အကောင်းဆုံး
အနုပညာ ကမ္ဘာဟာ အရှေ့ကို တည့်တည့်လျှောက်တယ် အနောက်ကို
ပြန်မျှော် မမျှော်  အီဖယ်မျှော်စင် ပြန်လည်တည့်မတ်ဖို့ ကြိုးစားမှုဟာ
စိတ်ကို တည့်တည့်ပြန်မြင်ရစေဖို့ ယတြာကောင်းတစ်ခုလို
ခင်ဗျားထိုင်နေတဲ့ အလင်းထဲ မီးခိုးငွေ့တွေ ကူးချည်သန်းချည်
ရူးတာပဲ ဂျွန်   ခင်ဗျား စောက်ရမ်းရူးတာပဲ ။
                                              =========================
ကျုပ်အိပ်စက်နေချိန်မှာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းတယ်
_______ ငြိ မ်း ရာ ___________________________
တစ်ပတ်မှ တစ်ရက်၊ တစ်ရက်မှ တစ်မနက် တဲ့
ကျုပ်တို့ရဲ့ မင်္ဂလာအိမ်တော်ရှေ့မှောက် နိဗ္ဗာန်ဆော်/အော်/ခေါ်/နေလိုက်ပုံများ
ဒီမှာ .. အိပ်ရေးမဝသေးဘဲနဲ့ နိဗ္ဗာန်မရောက်ချင်ဘူးဗျာ
ကျေးဇူးပြု၍ ဟိုဘက်လမ်း/ဟိုဘက်ရပ်ကွက်/ဟိုဘက်မြို့နယ်ကို အရင်သွားသင့်တယ်
ခင်ဗျား နိဗ္ဗာန်ဆော်လိုက်တိုင်း ကျုပ်တို့မှာ ငရဲကို အကြိမ်ကြိမ် ကျ
တဆိတ်လောက်ဗျာ
ခင်ဗျား ဆိုသလို
တစ်ပတ်မှ တစ်ရက်၊ တစ်ရက်မှ တစ်မနက်
အိပ်ရေးဝဝ/အိပ်ရေးဝရုံ အိပ်စက်ခွင့်လေး
ကျုပ်ကလည်း ဗုဒ္ဓဘာသာ
တစ်ပတ်မှ တစ်ရက်၊ တစ်ရက်မှ တစ်မနက်ပါပဲ
တစ်ပတ်မှာ ခြောက်ရက်၊ ခြောက်ရက်မှာ ခြောက်မနက်
ခင်ဗျားဘာသာခင်ဗျား .. နိဗ္ဗာန်ပဲဆော်ဆော်/ငရဲပဲခေါ်ခေါ် ကျေးဇူးတင်ကြမှာပါ
မလိုအပ်ဘဲ (ကျုပ်တို့ကိုယ်ကျုပ်တို့) မနိုးစေချင်ဘူးဗျာ
တန်းနေပြီ၊ ရင်ဘောင်တန်းနေပြီ၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနေပြီ ဒီလိုအချိန်မှာ
၅၀၀၀/ိ တန် ဖုန်းတွေ ပေးချင်ပေး/မပေးချင်နေ
လစာတွေ (တိုး)ပေးချင်ပေး/မပေးချင်နေ
သက်ဆိုင်ရာတွေရော/မသက်ဆိုင်ရာတွေရော
တစ်ပတ်မှ တစ်ရက်၊ တစ်ရက်မှ တစ်မနက်ကလေးပါပဲ .. ။
                                              =========================
ဘဝနဲ့စပြီး လမ်းခွဲမှာ ဆုံး/ဆုံ တယ်
______ ဆူး ခ က် မ င်း _________
ဘဝ ၊ ရေးခြယ်ခွင့်မရှိသော ကင်းဗတ်စ် (အလွတ်) လို ၊ ဘာကိုမှ
ရွေးချယ်ခွင့်မရှိ ၊ ဘဝ ၊ နာရီများအား နှိုးစက် (Alarm) ပေးထားရန် ၊
ဒီစော်က အလန်းပဲ ၊ မင်္ဂလာပါ မိတ်ဆွေ ၊ လက်ဆွဲနှုတ်ဆက်ပြီးတာနဲ့
မမြင်ကွယ်ရာထောင့်မှ စနိုက်ပါနဲ့ ပ စ် ၊ စနှိုက်ပါ ၊ ကံစမ်းမဲများ ဖောဖော
သီသီ ၊ ဟော .. ဟော .. ရယ်ပြီ ၊ အဲ့ဒီပြက်လုံး အခု တော်တော် ရေပန်း
စားနေတယ် ၊ အမေ အရမ်းများနေပြီ ၊ တော်ရုံပဲကောင်းတယ် ၊
သြော် .. ခြုံပဲ အောင်းကြပါစို့ကွယ် ဟရို့ ၊ ဖိနပ်က ခေါင်ကနေ ပြုတ်ထွက်
သွားတယ် ၊ ဒါ ဒါ ဒါ လုပ်ဇာတ်များလား လား လား လား ၊ နင့်မျက်လုံးထဲမှ
ယိုစိမ့်ကျလာသော အဲ့ဒီအရည်ကြည်တွေကို ပြန်သွင်းပစ်လိုက်စမ်းးးးးးးးးးး
ခြင်ထောင်ကြိုးက “ထောက်”ခနဲ မြည်ပြီး ပြတ်/ပျက် ကျသွားတယ် ၊
ဟသွားတယ် ၊ အမှန်တော့ ဒီနေရာမှာ ဟီးဟီးဟီးဟီးနဲ့ လူသောက်မြင်
ကပ်အောင် အော်ရယ်ပစ်လိုက်ဖို့ပဲ ၊ အမှိုက်တွေကို စနစ်တကျ ၊
ညနေခြောက်နာရီမှ နံနက်ခြောက်နာရီအတွင်း ၊ မင်းကို မီးလာတဲ့အချိန်နဲ့
မီးပြတ်တဲ့ အချိန်တွေမှာပဲ လွမ်းတာပါ မခင်မိရယ် အဟက်ဟက် ၊
အဲ့ဒီလို မခိုးမခန့် ရယ်ပစ်လိုက်ချင်တော့တာပဲ သက်သက် လူသောက်မြင်
ကပ်အောင် ၊ ကမ္ဘာပြားပြီ ၊ ကဗျာပြားပြီ ၊ ထို့ထက်ပို၍ အောက်ခြေလူ
တန်းစားမှာ ပြား သ/ည် ထက် ပြား ၊ အားးးးးးးးးးးးးးးးးးးးးးးး ၊
ကိုယ် နာကျင်နေရပါတယ် ၊ အစာအိမ်ထဲမှာ အက်ဆစ် ၊ ကျောက်ကပ်
ထဲမှာ ထုံး ၊ အသည်းထဲမှာ အယ်လ်ကိုဟောလ် ၊ ဤကဲ့သို့ ဤကဲ့သို့
သို့သို့သို့ မဟုတ် ပိုလျှံနေသော ဝါကျများ (သစ္စာနီ) ၊ ပိုလျှံနေသော
ကိုယ်တွင်းဓာတုပစ္စည်းများ ၊ ပိုလျှံနေသော မေးခွန်းများ -
(၁) မိန်းမယူမလား
(၂) ကဗျာဆက်ရေးမလား
ကြိုက်တဲ့လမ်း ရွေး ၊ အချိန်သိပ်မရှိဘူး - တဲ့။
                                              =========================
အနှစ် ၂၀ လောက် ပြန်ငယ်လို့ရလား
အနှစ် ၂၀ လောက် ခုန်ကြီးလို့ရလား
__________ သော်ဇင်အုန်း _______
ကြားထဲနေတော့ ကြားညပ်တာ ဆန်းလား
ကြပ်ကြပ်ညပ်ညပ်ထဲ မနေချင်ပေမယ့် ဘယ်လိုလုပ်ရမလဲ
အလယ်အလတ်လမ်းစဉ် ဆိုတာ အောက်ဆင်းလို့မရ
အထက်တက်လို့မရ မတ်မတ်ကြီး ရပ်နေရတာ
သက်တောင့်သက်သာရှိတယ်လို့များ ထင်လို့လား
ပဲလှော်ကြားက ဆားပွင့်လေးပါ အေဘီစီဒီ မတောက်တခေါက်
ဧဝံမေသုတံ ခပ်နည်းနည်း ဤအရာကား အလွန်လှပေသည် လို့
နည်းနည်းရေးတတ် များများဖတ်ပြီး နည်းနည်းရေးတော့
အစ အလယ် အဆုံး ဆိုတဲ့ ပုံသဏ္ဍာန်အသေကြီးကိုလဲ ငြီးငွေ့
အတွေ့ရယ် အထိရယ် အချစ်ရယ် အမုန်းရယ် ပြုံးနေရင်လဲ သတိထားရ
အသက်ကလဲ ခုမှ ဘဝ အစ ဆိုလား အစကို ဆွဲထုတ်လိုက်ရင်
မဆုံးတော့ စကြဝဠာရဲ့ မျိုးတုန်းသတ္တဝါတွေထဲမှာ
လူဆိုတာ ပါလာနိုင်တယ်လို့ ကိုယ့်ဘာသာ ကိုယ့်အတွေး
ကိုယ့်ထင်မြင်ယူဆချက်ကို မှတ်တမ်းတင်ထား
မှတ်တမ်းဆိုတာလဲ မှတ်တမ်းတင်သူရဲ့ စိတ်ထားက
အရေးကြီးတယ် ဆိုတာကိုလဲ မေ့မထားလိုက်နဲ့ဦး
ကြုံတုန်း လူငယ်တွေနဲ့သွားမလား လူကြီးတွေနဲ့သွားမလား
သွားပါများရင်တော့ ခရီးရောက်တယ်ဆိုပေမယ့် လမ်းတော့
မလျှောက်နိုင်ဘူး ခြေထောက်နဲ့သွားရတာထက် စိတ်နဲ့သွားရတာ
ပိုပြီးမြန်တယ်မို့လား သွားတော့ သွားချင်ရာ သွားတော့ . . . ။
                                              =========================
 တစာစာအော်သံအစွဲနဲ့  လဲကျသွားမယ့်
တံတိုင်းလျှောက်သမား အဖွဲ့ အလွန် ဖန်ပြောင်းပြွန်ဝမှ
________ ဇ က် က ကြိုး __________________
နံရံကို လက်ဖျံရိုးချိုးပြီး ခပ်စပ်စပ်လေးထိုးပြလိုက်တယ်
ဒါ သက်မဲ့တစ်ကောင်ရဲ့ ပုန်ကန်မှု ပြန်ကန်ထွက်လာတာကိုက
lisible အတုပဲ . . နည်းနည်းတော့ဖုသွားတယ်
မျက်လုံးတွေအောက်မှ ဂုဏ်ပျောက်လို့ တော့မဖြစ်
မသိမသာ ခပ်တိုးတိုးဆဲဆိုမိတော့
အာရုံမပြောင်းတဲ့ ပဲ့တင်သံက လက်ခုပ်သံလား ..
အမြောက်သံလားမကွဲပြားတာတွေကို
တအူအူထုတ်လွှင့်
အသေအကြေပြန်နားမိတဲ့ အတ္တနောမိစကားတွေကိုဆို
မျက်လုံးတွေ ငိုသွားတော့မှ နည်းနည်းလေးဂုဏ်မောက်
နေရာကကိုယ်ယောင်ဖျောက်လိုက်တယ်
အားတဲ့အချိန်တိုင်း မသိစိတ်ကိုချေးချွတ် မှန်ကူကွက်တပ်ဆင်
ရာဇဝင်ထဲက အနိုင်ကျင့်တတ်တဲ့ မိန်းမကို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ဝါးစား
နဖူးရည်ဘယ်လောက်..ဒူးရေဘယ်လောက် သေချာစစ်ဆေး
ပြီးမှ မျက်လုံးသေးသေးလေးတွေနဲ့  ကြိုးဆွဲပြီး ပြန်တက်လာတယ်
လရောင်ကို ရှောင်သူတစ်ယောက်အဖြစ် နာမည်ကြီးလာ
အရိပ်မှာကျောကုန်းမမြင်ရတဲ့ မိစ္ဆာတစ်ကောင်ပဲ
ဝိုင်းဖွဲ့ စစ်ဆေးနေတဲ့ကလေးတွေကြားမှာလည်း အနေမကြုံ့လားမေးတော့
ငယ်ဂုဏ်လေး အေးအေးလူလူ ဖုန်သုတ်ခွင့်ရတာပေါ့ဗျာ တဲ့
သေရော !  မေးသူသာပြောင်းသွားတယ်
သူကတော့ ဒီတစ်ခွန်းတည်းနဲ့  ဂျက်တွေ..ပတ်လမ်းကခွဲထွက်လာတဲ့ ဂြိုဟ်တွေ..
စက်တပ်ယာဉ်မှန်သမျှ
အို.. အုတ်တံတိုင်းကိုတောင် ကြိုးတပ်ပြီးမောင်းနှင်
ကြည့်လိုက်ရင် အဲဗားစည်ပင်နေတာပဲ
အခုဆိုလူတွေက အလင်းရောင်လိုလို့ 
ကိုယ့်တံခါးမင်းတုပ် ကိုယ့်လက်နဲ့ ဆွဲမဖြုတ်ချင်သလို
ကိုယ့်အလုပ်ကိုယ်လဲ မလုပ်ချင်ကြတော့ဘူး
ကိုယ့်လမ်းကို ဆွဲမှောက်ထားပြီး သူများလမ်းမှာမှ
ဖြတ်လမ်းလိုက်ရှာ ပတ်ပင်းတိုးတော့မှ
တူ တူ ရေ ဝါး .. ဆိုပြီးတော့ဗျာ.. သိပ်ဟားရတယ်
ပြောရင်းနဲ့  မိုင်းနပ်(စ်) ဆုံးရင် ပလပ် ပြန်လာလိမ့်ဦးမယ်ဆိုတဲ့
သေသေချာချာကို ဆိုးတဲ့အပြုံးနဲ့  ပါးစောင်မှာ ငုံထားတဲ့ မာမာချာချာ
ဒါဒါတွေကို ထုတ်ပြလိုက်တယ်
လက်သည်ရှာမရအောင်လည်း လျော့ရဲနေတာတွေကို ပြန်ဆွဲတင်
ကျကျန်ခဲ့တာမရှိရအောင် ပြန်ကုန်းကောက်
ဝင်ရိုးစွန်းက ရေလက်ကြားတစ်ခုကို မြင်ရဖို့ အတွက်တော့
သူ့ အောက်စကို လွှတ်ထားရတာပေါ့ ။  ။
                                            +++++++++++++++++++++++++++++++++++++++++++
                      သရော်စာ
ဗားရှင်းအစုံစုံအဖုံဖုံခေတ် ဖြစ်တော့သကိုး
_____ သူ ရ ဿ ဝါ ________________
                  အများသူငါ ရုံးပိတ်ရက်ဟု ဆိုကြသည့် တစ်နေ့  တစ်ရက် တစ်မနက်၏ နံနက်စာ စားပြီးသည်  
ရှိချိန်တွင် မောင်ဝါဝါသည် အိမ်တွင်းအောင်း၍ အေးအေးဆေးဆေး စာရေးရမည့် အစား ခြေထောက် ဗွေပါ
နေရာတကာ လျှောက်သွား နေတတ်သူ ဖြစ်သဖြင့် ယခုလည်း ထုံးစံအတိုင်း ဟိုဟိုဒီဒီ ကြည့်ရှု ငေးမော 
စပ်စုရန် အလို့ငှာ အိမ်နှင့် နီးသော ဂျန်းရှင်းစင်တာ တစ်ခုသို့ ဝင်းဒိုးရှော့ပင်ခေါ် ဟာလာဟင်းလင်း
ဈေးဝယ်ထွက်ခြင်း အမှုကို ပြုရန် ထွက်လာခဲ့ ချေ၏။  ၄င်းဂျန်းရှင်း အဝင်ပေါက်သို့ ရောက်သော်
ထိုနေရာရှိ လုံခြုံရေး ဝန်ထမ်းက မောင်ဝါဝါ လွယ်ထားသော အိတ်ကို တောင်းယူပြီး
သကာလ အိတ်ကို ဇစ်သော်မျှ ဖွင့်မကြည့်ဘဲ အပြင်ဖက်မှ အိတ်၏ နေရာအနှံ့ကို လက်ဖြင့်
ပွတ်သပ်၍ စစ်ဆေးခြင်း ပြုလုပ်ပြီး မောင်ဝါဝါ အား အတွင်းသို့ ဝင်ခွင့်ပြုသည် ဖြစ်လေ၏။
အထဲသို့ ရောက်၍ ဟိုဟိုဒီဒီ လိုက်လံ ကြည့်ရှုလေရာ ထူးထွေတည့် အံ့ရာသော် အခြင်းအရာများ 
ကြုံတွေ့ ရသည် ဖြစ်ချေ၏။ ကော်ဖီကြိုက်သူ ဖြစ်သည့် အားလျော်စွာ ဘာကော်ဖီ တံဆိပ်အသစ်များ
တွေ့ရမည်နည်းဟု ကော်ဖီထုပ်များထားသိုရာ အတန်းသို့ သွားရောက် မိသည်တွင်
ပါးစပ် အဟောင်းသား ဖြစ်ရလေတော့၏။  မောင်ဝါဝါ မြဲမြဲစွဲစွဲ သောက်လေ့ ရှိသော ကော်ဖီမှာ 
မြို့လယ်ခေါင် လူစည်ကားရာ နေရာများတွင်ဘီလ်ဘုတ်ကြီးများ ထောင်၍ 
“သောက်မှာဖြင့် သောက်၊ မသောက်ရင် တွေ့မယ်” ဟု မာန်ပါပါ ကြေငြာသော “ဘက်တီးရီးယား” 
တံဆိပ် ကော်ဖီပင် ဖြစ်၏။ ယခု ဘာကြောင့် ပါးစပ်အဟောင်းသား ဖြစ်ရပါသနည်း။ ထိုကော်ဖီတံဆိပ်ကို 
မတွေ့၍လော၊ သို့တည်းမဟုတ် အခြား ကော်ဖီတံဆိပ် အသစ်ကို တွေ့၍ပင်လော။ 
မဟုတ်ပါချေ… မောင်ဝါဝါ တွေ့လိုက်သည်မှာကား ဘက်တီးရီးယား တံဆိပ် ကော်ဖီထုပ်များနှင့်အတူ 
ချိတ်ဆွဲထားသော ဆိုင်းဘုတ်ပင် ဖြစ်ပါချေ၏။
( ၂ )
“ပြင်းထန်စူးရှ ဘက်တီးရီးယား အက်စ်ပရက်စို အနီ”
“ခါးသက်ဆိမ့်ကျ ဘက်တီးရီးယား ကာပူချီနို အပြာ”
“ချိုအီပျံ့မွှေး ဘက်တီးရီးယား ကာဖီ အဖြူ”
“ရှတရင်တုန် ဘက်တီးရီးယား ကာဖီ အစိမ်း”
“နောက်ထပ် နောက်ထပ် ဆယ့်နှစ်မျိုး ဆယ့်နှစ်ကာလာ မကုန်မချင်း ဘက်တီးရီးယား
တံဆိပ် ကော်ဖီမစ်များ မဟားဒယား ထုတ်လုပ် သွားပါမည် .. မကြာမီ .. လာမည် .. မျှော်”
အလို … သူရဿဝါ စိတ်ထဲ ထူးဆန်းလေ၏။ ရှိသမျှ အရောင်မျိုးစုံ သုံး၍ ထပ်မံ ထုတ်လုပ်ဦးမည် 
ဆိုပါကလား။ ဒါဖြင့်ရင် နောက်ပိုင်းမှာ ဘက်တီးရီးယား ထောပတ်သီးရောင်၊ ဘက်တီးရီးယား 
အသည်းကွဲရောင်၊ ဘက်တီးရီးယား အသားရောင် စသဖြင့်ပါ ထူးခြားဆန်းသစ် ထုတ်ဝေ လာနိုင်သေးစရာ 
အခြေအနေ ရှိလေ၏။ ကော်ဖီ ဟူသည့် ခါးသက်သော ဂုဏ်ဒြပ်အောက်တွင် အရသာ၊ အစပ်အဟပ် 
အနည်းငယ် ပြောင်းလဲ၍ တစ်မျိုး၊ တစ်ရသာ၊ တစ်ရောင်ဖြင့် ကမ်းကုန်အောင် ထုတ်ဝေသည့်
စီးပွားရေး အမြင်ကို လေးစားရသည် ဖြစ်လေ၏။
ဒါနှင့် ဆက်လက်၍ ဝင်းဒိုးရှော့ပင် သဘောစပ်စုစစ်ကြော အပ်သည် ရှိလေသော် …
“စန်းစန်း သစ်ကုလားအုပ်အရသာ ဆီချက် ခေါက်ဆွဲခြောက်”
“စန်းစန်း ရေဘဝဲအရသာ ချဉ်စပ် ခေါက်ဆွဲခြောက်” 
“စန်းစန်း သက်သတ်လွတ် ချဉ်စပ်ဆီချက် ခေါက်ဆွဲခြောက်”
“စန်းစန်း သကာ တင်လဲ စတုဒီသာ ဆီချက် ခေါက်ဆွဲခြောက်”
“စန်းစန်း ရိုးရိုးတန်းတန်း ရေလုံပြုတ် ခေါက်ဆွဲခြောက်”
ဘုရား ဘုရား… တယ်လည်း ဆန်းသစ်တီထွင်လှပါကလား စန်းစန်းခေါက်ဆွဲရယ်။ 
ထပ်မံကြည်ရှုလေဦး မိတ်ဆွေ … လာလေရော့ နောက်တစ်မျိုး။
“အာနိုးလ် ရိုးရိုး ခြင်နိုင်ဆေးခွေ”
“အာနိုးလ် ဒူးရင်းသီးရနံ့ အငွေ့ပျောက် ခြင်နိုင်ဆေးခွေ”
“အာနိုးလ် သဘာဝ ရှားစောင်းလက်ပတ်ရနံ့ ခြင်ဆေးရည်”
“အာနိုးလ် ခြင်နိုင်ဝါဆိုဖယောင်းတိုင်”
ဟိုက်… ဒါက ခြင်နိုင်ဆေး ဗားရှင်း။
ထိုသို့ဖြင့် ကုန်တိုက် တစ်ခုလုံး ပတ်၍ ပြီးသော် မောင်ဝါဝါ ဆယ့်ငါးခါ ဘုရားတ၏။ ခြောက်ကြိမ်
အောင်မလေး တရ၏။ ဟင်.. အို.. ဟိုက် စသည်ဖြင့် အာမေဋိတ် ပေါင်းစုံ အော်ဟစ်မြည်တမ်း မိလေ၏။ 
အားလုံး အားလုံး ဒီလိုတွေ ဖြစ်ကုန် ကြလေပြီ။ ကုန်ပစ္စည်း ထုတ်လုပ်မှု ပါရာဒိုင်း ပြောင်းလဲ ကုန်ချေပြီထင့်။ 
နာမည် အမှတ်တံဆိပ် တစ်ခုရှိလျှင် ဆင်တူရိုးမှား ပစ္စည်းအပွါးအများ ထုတ်ယူ၍ ရနိုင်သည့်
 ခေတ်ကို ရောက်နေလေပြီ။ ဝင်းဒိုးရှော့ပင် အထွက်ကောင်းသော သူရဿဝါမှာ ဝင်းဒိုးရှော့ပင် ပီသစွာပင် 
ပါးစပ်အဟောင်းသားဖြင့် အိမ်ပြန်လာ ရလေ၏။
( ၃ )
အိမ်သို့ ရောက်မဆိုက်ပင် မောင်ဝါဝါ ထံသို့ ဂျာနယ်တစ်စောင် အတွက် သရော်စာ ဆောင်းပါး
ရေးပေးပါရန် စာမူ တောင်းခံသူ တစ်ဦး ရောက်ရှိ၍ လာလေ၏။ ဤတွင် ဝင်းဒိုးရှော့ပင်မှ ပူပူနွေးနွေး 
အာမေဋိတ်များ ရင်ဝယ်ပိုက်၍ ပြန်လာခဲ့သော မောင်ဝါဝါ အကွက်ဆိုက်၍ လာချေပြီတည့်။ 
မောင်ဝါဝါ ဟန်ပါပါ တစ်ချက် ပြုံးလိုက်၏။ ပြီးနောက် ၄င်းစာမူ အတောင်း ရောက်လာသူ ဧည့်သည်အား 
ခပ်တည်တည် စိုက်ကြည့်၍
“စထိုင်ရာ (သရော်စာ) လိုချင်တယ် ဆိုတော့ကာ … အိုင်တီ စထိုင်ရာ အပြာရောင်ဗားရှင်း  
ရေးပေးရမလား .. လူမှုပတ်ဝန်းကျင် စထိုင်ရာ ခရမ်းရောင်ဗားရှင်း ရေးပေးရမလား
ခေတ်အရိပ်ထင်ဟပ် စထိုင်ရာ ပန်းနုရောင်ဗားရှင်း ရေးပေးရမလား
သို့တည်းမဟုတ် ရိုးရိုးတန်းတန်း မီနီစထိုင်ရာ ကြက်သွေးရောင်ဗားရှင်းကိုမှ လိုချင်သလား”
ပီသကြည်မြ ရှင်းလင်းသော အသံဖြင့် တစ်လုံးချင်း ပြောချလိုက်တော့လေရာ မောင်ဝါဝါမှာ
မျက်နှာအမူအယာ စတိုင်လ်ပါသလောက် ထိုပုဂ္ဂိုလ်မှာ အသက်ရှူရန် မေ့လျော့ကာ မောင်ဝါဝါအား 
မျက်လုံးရော၊ ပါးစပ်ရော အဟောင်းသားဖြင့် ကြည့်ရှု၍သာ နေလေတော့သတည်း။
                                            +++++++++++++++++++++++++++++++++++++++++++
                         အက်ဆေး
အပ်ကလေးနှစ်ချောင်းရှိတယ်
______ေ န ပို င် ______
            ဘဝချင်းတူပေမယ့် သဏ္ဍာန်ကွဲ အတ္ထုပတ္တိ။ သူ့နေရာနဲ့ သူ။ ဖြစ်ပုံက နည်းနည်းရှည်တော့
လူစိတ်ဝင်စားမှုက ခပ်နည်းနည်း။ ရင်းနှီးကျွမ်းဝင်နေတော့ မေ့မေ့ပျောက်ပျောက်ဘယ်ဖြစ်သွားလိမ့်မလဲ။ 
ဒါကိုလည်း အပ်ကလေးပဲ သိတယ်။
            ငယ်ငယ်က သိပ်ချစ်ကြတဲ့ အပ်ကလေးနှစ်ချောင်း။ ဘတူတူ ထုခံလိုက်။ အတူတူ မီးတိုက်ခံလိုက်။ အတူတူ ချွန်ထက်လိုက်။ အခြေအနေခြားလို့ မဆုံတာကြာလည်း အပ်လေးနှစ်ချောင်းက မှတ်မိနေတုန်းပဲ။
            တစ်ချောင်းက . . သူ့ခံစားချက်နဲ့ သူ။တစ်ခါသုံးဆေးထိုးအပ်ဖြစ်ခဲ့သည့်တိုင်ရောဂါပိုးကို 
လက်မခံချင်ခဲ့။ရေနွေးပူထဲ ထည့်ပြုတ်ခံရမလား။ သူ့ကြောင့် ဘဝတွေ သေသွားမလား။
မလိုလား၊ ထိတ်လန့်။ သွေးလှူရှင်ရှိရင် ငါ့ကိုခေါ်ပါ လို့ တဆာဆာ အော်နေမိ။ မျှော်နေမိ။ 
တစ်နေ့တော့ငါ့ကြောင့် လူတစ်ယောက် အသက်ရှင်ရမယ်လို့ ကြွေးကြော်ရင်း ကိုယ့်ကိုယ်ကို
အဖုံးပိတ်။ ကျွန်တော့်မှာ ဆရာဝန်ကြီးပေးတဲ့ အသက်ပဲ ရှိပါတော့တယ်တဲ့လား။
အပ်ကလေးက အမှိုက်ပုံးထဲရောက်နေတဲ့မမြင်ကွယ်ရာ။ ကျေးဇူးတင်ဖို့ ဝေးနေ။
အမှိုက်ပုံးထဲမရောက်တောင် ရေနွေးပူထဲထည့်ပြုတ်ခံရ။ အပ်ကလေး မငိုပါဘူး။
မျက်ရည်တွေလည်း မရှိဘူး။ တစ်နည်းအားဖြင့် မျက်ရည်သုတ်ပေးမယ့်လူမရှိဘူး။ 
အပ်ကလေး နေမကောင်းဖြစ်ရင်ဘယ်သူဆေးကုပေးမှာလဲ။ အပ်ကလေးမသိ(ချင်)ဘူး။
ရောဂါပိုးတွေ ဖြတ်သန်းသွားလာခဲ့သည့်တိုင် အပ်ကလေးမှာဘာအပြစ်မှမရှိဘူး။ အပ်ကလေးက
အဆင့်အတန်း မခွဲဘူး။ ရောဂါပိုးဖြစ်စေ၊ပင်နီစလင်ဖြစ်စေ၊ မော်ဖိန်းဖြစ်စေ၊ HIVပိုး ဖြစ်စေ၊ 
နံပါတ်ဖိုး ဖြစ်စေ၊ AB သွေးဖြစ်စေ၊ ဖြတ်သန်းသွားလာခွင့် ရှိသည်။
(မပြောမဆို၊ ပြောပြောဆိုဆို၊ မသိလိုက်အမှတ်တမဲ့၊ တမင်တကာ သက်သက်မဲ့)
ဖြတ်သန်းသွားလာခွင့် ရှိပါသည်။
              တစ်ချောင်းက တွင်ကျယ်တယ်ပြောရမယ်။လက်နက်၊ ခဲ၊ ယမ်း၊ မိုင်း . . တို့ ပေါက်ကွဲသည့်တိုင် 
သူမပါလျှင် မပြီး ဟု ကြွေးကြော်။Detonator ကို သူထိုးဖောက်လိုက်မှမိုင်းကွဲတယ်လို့ အပ်ကလေးက 
အချိန်ကိုက်ပြုံးတတ်။ ဟုတ်တော့လည်းဟုတ်တယ်။Detonator ကို အပ်ကလေးဖောက်လိုက်မှ 
မိုင်းကွဲတယ်။ Mission Complete !
အပ်ကလေး လူတန်းစား မခွဲခြားတတ်တာကိုဘယ်သူသတိထားမိမလဲ။ စနက်တံ ပြုတ်လို့
အပ်ကလေးကို ထိန်းမယ့်လူမရှိရင် အပ်ကလေးက Detonator ကို ဖောက်မှာပဲ။ အနားမှာ
ထက်ထက်မိုးဦးပဲ ရှိရှိ၊ ဒေးဗစ်ဘက်ခမ်းပဲ ရှိရှိ၊အမေရိကန် မရိန်းတပ်ပဲ ရှိရှိ၊ ကဗျာဆရာပဲ
ရှိရှိ၊ Justin Bieber ပဲ ရှိရှိ၊ ဝင်တာမီယာပဲ ရှိရှိ၊ပေါက်ကွဲဖို့ အပ်ကလေး တာဝန်ယူတယ်။
စနက်တံထိန်းချုပ်မှုအောက်က အပ်ကလေးလွတ်သွားပြီး ပေါက်ကွဲတယ် ဆိုလို့ အပ်ကလေးကို 
ဒီမိုကရေစီ လို့တော့ မထင်စေချင်ဘူး။ အထိန်းအကွပ်မဲ့လို့ ပေါက်ကွဲတာဟာလည်း ဒီမိုကရေစီ မဟုတ်ဘူး။ 
ခင်ဗျားတို့ပဲ စဉ်းစားကြည့်။ မိုင်းကွဲရင် အပ်ကလေးလည်းဘဝပျက်ပြီပဲ။ ဒါကို အပ်ကလေးက သိတယ်။
ဒါပေမယ့် သူ့တာဝန် သူကျေတယ်။ သတ္တိရှိတယ်။ စွန့်လွှတ်ရဲတယ်။ အပ်ကလေးမှာ
သုတ်ထားတဲ့ ဆေးရောင်တွေကို ကြည့်နေမယ့်အစား အပ်ကလေးကိုပဲ မြင်စေ့ချင်တယ်။
မိုင်းတစ်လုံးက သိန်းချီတန်ချင် တန်မယ်။အပ်ကလေးက တန်ကြေးတွေ မရှိပါဘူး။
ကိုယ့်ကိုယ်ကို ကျိုးပျက်ခံပြီး ပေါက်ကွဲလိုက်ရတဲ့ အပ်ကလေးဘဝကို ဘယ်သူ စာနာပေးမလဲ။
           တစ်နေ့ပြီးတစ်နေ့ . . ။ပထမအပ်ကလေးဆီ ရောက်လာတဲ့ လူနာက ဒုတိယအပ်ကလေးရဲ့ 
တမလွန်တွေပဲမို့။
                                              =========================
 ဦးနှောက်ယိုင်ခြင်း သီအိုရီ
___ အ လ င်း နှ စ် _____________
            ဆိုကြပါစို့။ ရုပ်ရှင်ဇာတ်ကားတစ်ကားကို နောက်ပြန်ရစ်သလိုမျိုး အချိန်ဆိုတာကို
နောက်ပြန်ရစ်ပြီး သို့မဟုတ် ရှေ့သို့ အမြန်ရစ်ပြီး ။
           အချိန်ဆိုသည်မှာ သာမာန်အားဖြင့် နာရီလည်ခြင်းကို ကိုယ်စားပြုသော/ နာရီလည်ခြင်းက 
အသိသက်သေပြုပေးသော သာမာန်ပညတ်ချက်တစ်ခုသာဖြစ်သည်ဟု သင့်အနေနဲ့လက်ခံလျှင်  
ဒီအက်ဆေးကို ဆက်ဖတ်ဖို့ အဆင်ပြေပါသည်။
           ကမ္ဘာသည် သူ၏ဝန်ရိုးပေါ်တွင် ၂၃.၅ ဒီဂရီ တိမ်းစောင်းလည်ပတ်နေသည် ဟု
ကျွန်တော်တို့ ငယ်ငယ်က မှတ်သားခဲ့ဖူးသလို တိုးတက်ခြင်း ပိုမိုတိုးတက်ခြင်း တို့သည် ဝဋ်နာကံနာဆန်စွာ 
ကျွန်တော်တို့ အသိစိတ်များပေါ်သို့ အရိပ်ကျလေ့ရှိသည်။
            ကျွန်တော်က မာရီလင်မွန်ရိုးကို တော်တော်လှသောမိန်းမတစ်ယောက်အနေဖြင့် သိပါသည်။  
ကျွန်တော့်အနေနဲ့ သူ့ကိုလက်ထပ်ဖို့ မစဉ်းစားဖူးသော်လည်း မာရီလင်မွန်ရိုးသည် သူ့ခေတ်အခါကတော့  ပုရိသ တော်တော်များများ၏ စိတ်ကူးထဲတွင် ၂၃.၅ ဒီဂရီ တိမ်းစောင်းလည်ပတ်ဖူးပါလိမ့်မည်။
            မာသာထရီဆာကို ဂရုဏာရှင်အမျိုးသမီးတစ်ယောက်အနေနဲ့သိပါသည်။ သူ့ခေတ်
သူ့အခါက သူမသည် ကမ္ဘာမြေ၏ နေရာတစ်ခုပေါ်တွင် ၉၀ ဒီဂရီ (ထိုသို့မဟုတ်လျှင်တောင်မှ
ထောင့်ဖြောင့် ဖြည့်ဘက်တစ်ခု) အနေဖြင့် တည်ရှိခဲ့ဘူးပါလိမ့်မည်။ဝေဒနာရှင်တစ်ယောက် အဖို့ 
သူမသည်ဆေးတစ်ခွက် ဖြစ်နိုင်သည်။  သူမကတစ်ကြိမ်တစ်ခါမှ အော်စကာစာရင်းထဲမဝင်ခဲ့ဖူးပါ။ 
(တစ်ခါတရံ လူ့သဘောသဘာဝအရ အစစ်ကအတုကို မော်ကြည့်ရတတ်သည်(လို့ဆိုချင်ပါသည်)။
               ကျွန်တော် မာရီလင်မွန်ရိုးကို တွေ့ဖူးချင်ပါသည်။ အလုပ်အားလျှင် gtalk အကောင့်ထဲ ဖိတ်ပြီး 
စကားပြောဖြစ်ကောင်းပြောဖြစ်ပါလိမ့်မည်။ ကျွန်တော် မာသာထရီဆာကို တွေ့ဖူးချင်ပါသည်။  
ကျွန်တော်မသိသေးသောလမ်းလျှောက်နည်းကို မေးစမ်းတီးခေါက်ကြည့်ချင်ပါသည်။
             ကျွန်တော်က တစ်ခါတစ်ရံ သစ်ပင်ဖြစ်ပြီး တစ်ခါတစ်ရံ ဖုန်မှုန့်ဖြစ်ပါသည်။ တစ်ခါတစ်ရံ
မြေသြဇာဖြစ်ချင်ပြီး တစ်ခါတစ်ရံ ကိုလံဘတ် ဖြစ်ချင်ပါသည်။  နွေရာသီတွင်ယပ်တောင် ဖြစ်ချင်ပြီး
ဆောင်းရာသီတွင် မီးလှုံတတ်ပါသည်။ ငယ်ငယ်တုန်းက လမင်းကြီးကို တုတ်နဲ့ထိုးကြည့်ချင်ဖူးပြီး
ကြီးလာသောအခါ လကမ္ဘာပေါ် လမ်းလျှောက်ဖူးချင်ပြန်ပါသည်။ ပုံမှန်အနေနဲ့ကတော့ တရုတ်ကားနဲ့
ကုလားကားကို ကြည့်ဖို့ ပျင်းပါသည်။
          ကျွန်တော့်မှာ ပိုးလေးဟုခေါ်သော အင်တာနက်ထဲက ရည်းစားတစ်ယောက်၊
ဇော်မင်းထိုက် ဟုခေါ်သော ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်၊ စတီဗင်ဂျရတ် ဟုခေါ်သော
ဘောလုံးသမားတစ်ယောက်၊ ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓဘာသာ ဟုရေးထားပြီး 
ကျွန်တော့်မွေးနေ့ဟုပြောကြသော နေ့ထက် နှစ်ရက်စောသည့် နေ့ကိုရေးထားသော 
မှတ်ပုံတင်တစ်ခု ရှိပါသည်။
            ဇော်မင်းထိုက်က ကျွန်တော့် အသက် ၁၃ နှစ်တွင် ၁၃နှစ်ကျော် ယောက်ျားလေး
တစ်ယောက်အဖြစ်လည်းကောင်း၊ မာရီလင်မွန်ရိုးက ကျွန်တော့်အသက် ၁၄နှစ် မှာအသက် ၃၀ ကျော် 
မိန်းမအဖြစ်လည်းကောင်း၊ စတီဗင်ဂျရတ် က ကျွန်တော့်အသက် ၁၆ နှစ်တွင် 
(အသက်၂၄ နှစ်ခန့်ဟုထင်ရသောသူအဖြစ်) လည်းကောင်း၊ မာသာထရီဆာက 
ကျွန်တော့်အသက် ၁၈ နှစ်တွင် ခြောက်ဆယ်ကျော် အမျိုးသမီးအဖြစ်လည်းကောင်း၊ 
ပိုးလေး က ကျွန်တော့်အသက် ၂၄ နှစ်တွင် အသက် ၂၀ ကျော်ခန့် (ဟုပြောသော) မိန်းကလေးတစ်ယောက် 
အဖြစ်လည်းကောင်း အသီးသီး မွေးဖွားလာကြပါသည်။
            ကျွန်တော့်မှာ ဘာသာစကားဟု ခေါ်သောဘာသာစကား၊ အရပ်မျက်နှာဟုခေါ်သော
အရပ်မျက်နှာများ၊ အသိစိတ်ဟုခေါ်သော အသိစိတ်၊ ထို့နောက် .. ထို့နောက် .. ထို့နောက် .. .. ။။   
ထိုအရာများကို ကျွန်တော်သိသဖြင့် ကျောက်ခေတ်လူသားများက အံ့သြသွားကြပါသည်။
အဂါင်္ဂြိုဟ်လောက်တောင် မရောက်ဖူးသေးသော ကျွန်တော့်ကို AD.3000 ခေတ်လူငယ်က
တော်တော်သနားစရာလူသားပဲဟု ပြော(ခဲ့)ဖူးပါသည်။
               ထိုသို့ဖြစ်သောကြောင့် ကျွန်တော့်ကို သွေးစစ်ဖို့လိုနေပြီလား။  ကပ္ပလီပင်လယ်ပြင်က 
မုန်တိုင်းဖြစ်နိုင်သည့် လေဖိအားနည်းရပ်ဝန်းတစ်ခုလို စောင့်ကြည့်ဖို့လိုနေပြီလား။ 
မနက်ဖြန်အစီအစဉ်မှာကောအထူးအစီအစဉ်အဖြစ် ထည့်ကြေငြာဖို့လိုနေပြီလား။  
(ကျွန်တော်သည် အခုထိတော့ ကိုယ့်ကိုကိုယ် အရူးတစ်ယောက်မှန်း မသိသေးပါ)။
            သြဂုတ်လ ၆ရက်နေ့က ဟီရိုချီးမားမှာ ကျွန်တော်ရှိမနေခြင်းကို ကံကောင်းခြင်းဟု
မှတ်ယူလို့ရလျှင် မှတ်ယူချင်ပါသည်။ ၉/ ၁၁ နေ့က ဝါးထရိတ်စင်တာတွင်ရှိမနေခြင်းကို 
ကံကောင်းခြင်းဟု မှတ်ယူချင်ပါသည်။  နောက်အနှစ်တစ်ရာတွင်ဟီရိုးချီးမားက ၀ါးထရိတ်စင်တာတွင်
ကျွန်တော် လက်ဖက်ရည်သောက်နေလျှင် သင်လာတွေ့လို့ရပါသည်။
          ကျွန်တော်တို့ မြင်နေရသော ကောင်းကင်တွင် ဘာမှမရှိပါ။  လာမည့် ဒီဇင်ဘာလ ၃ ရက်နေ့အတွက်
ပြင်ဆင်ထားသော ညစာစားပွဲ မရှိပါ။ မနေ့က လှည်းတန်းလမ်းဆုံတွင် ဟွန်းတီးခဲ့သော 
လိုင်းကားမှ ဟွန်းသံမရှိတော့ပါ။  မနက်ဖြန်ဆွဲမည့် ရထားဥသြသံလည်းမရှိပါ။
. . . . . . . . ။ . . . . . ။ . . . . . . . . ။
. . . . . . . . . . . . . . . . . . . . . . . ။  
         ပန်းမြိုင်လည်က ဥယျာဉ်မှူးထဲက တာတီးဆိုသူမရှိသလို ။  အလင်းနှစ်ဆိုသော 
ခပ်တုံးတုံးလူတစ်ယောက်လည်းကမ္ဘာပေါ်မှာ (တကယ်)မရှိ(ခဲ့)ပါ။
တကယ်တော့ ပညတ်ချက်များဆိုသည်မှာ လေထုညစ်ညမ်းစေတတ်သော ပုံရိပ်ယောင်
များသာ ဖြစ်ကြပါသည်။
                                            +++++++++++++++++++++++++++++++++++++++++++
တန်ဖိုး
_______ေ မာ င် မိုး မြ င့် __________
(က)
ကားသော့ကို ဘောင်းဘီအိပ်ထဲ ထည့်ပြီး အောက်ထပ်ကို ဆင်းလာသည် ။
မေမေ ကော်ဖီသောက်တာ မပြီးသေးဘူး။
" သမီးကို ငွေငါးသိန်းလောက်ပေးပါ မေမေ
ဈေးဝယ်ထွက်မလို့ သူငယ်ချင်းတွေနဲ့ "
မေမေက ဘီဒိုသော့လှမ်းပေးလိုက်၏ ။
ပြီးတော့ ခပ်အေးအေး ကော်ဖီပြန်သောက်နေပြန်သည် ။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
(ခ)
သူက သဘောင်္သား၊ တစ်လ၀င်ငွေ ငါးသိန်းလောက်ရှိမည် ထင်သည် ။
ငါ့သမီးလေး လူတန်းစေ့နေနိုင်မှာပါ ။ အဖေတစ်ယောက်အနေနဲ့ ဒီလိုကိစ္စမှာ
အတင်းအကျပ် မတိုက်တွန်းသင့်ဘူး။ ဆေးတံကို ဆေးဖြည့်လိုက်သည် ။
မီးခိုးတွေကြားမှာ သမီးက လက်ကောက်သုံးလေးကွင်းနဲ့ ပြုံးလို့ပေါ့။
"ဖေကြီး ဘာတွေတွေးနေတာလဲ"
" ငါးသိန်း "
ယောင်ပြီးထွက်သွားတယ် ။
မိန်းမ သေချာမကြားလိုက်ဘူး ။ ဆက်လည်းမမေးတော့ဘူး။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
(ဂ)
ယောကျာင်္းရေ ကျွန်မဘယ်တော့မှ အိမ်လေးနဲ့ သီးသန့်နေရမှာလဲ ဆိုတဲ့ အိမ်ကမိန်းမ အသံက
အလုပ်ထဲအထိ ကပ်ပါလာသည်။အမွေဆိုင်အိမ်မှာ မိသားစုလေးစု အတူနေတာဆိုတော့ 
သူ့အတွက် ကျဉ်းကျပ်မှာပေါ့ ။ အိမ်ပိုင်ဝယ်ဖို့ဆိုတော့လည်း ရတဲ့လခက တစ်သိန်းကျော်လောက်နဲ့က 
ဘယ်လိုမှမဖြစ်နိုင်ဘူး ။ အိမ်ငှားနေရင်တော့ မဆိုးဘူး။
အိမ်ငှားကလည်း လုံးချင်း ရေမီးအစုံနဲ့ဆို စပေါ်က ငါးသိန်းလောက်တင်ရမည်။
ကိုဦးရေ သူဌေးက ၀င်တွေ့လို့ရပြီ ဆိုတဲ့ အသံက အတွေးတွေကိုဖြတ်ပစ်လိုက်သည်။
" ဟုတ်ကဲ့ပါ ဆရာ ကျွန်တော် ငွေငါးသိန်းလောက်
အရေးပေါ်လိုနေလို့ပါ။ ကျွန်တော့်လခရဲ့ သုံးပုံ နှစ်ပုံကို
လစဉ် ပြန်ဖြတ်ယူပါလို့ တောင်းပန်ပါရစေ "
ကျွန်တော့်ကို သူဌေးက စဉ်းစားပေးမယ်တဲ့ ကျေနပ်စရာပါ။ကျွန်တော်တို့ ဇနီးမောင်နှံ အိမ်နဲ့နေရတယ်လို့ 
အဲဒီညက အိပ်မက်မက်သည် ။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
(ဃ)
" မောင်အတူနေရအောင်နော်"
ချစ်သူရဲ့ မျက်နှာကို တစ်ချက်ကြည့်လိုက်မိ၏ ။ ကျွန်တော်လည်း အတူနေချင်ပါပြီ။
တစ်သက်မှာ တစ်မင်္ဂလာတဲ့ ကြားဖူးသည်။ ပန်းရံ သမလေး လက်ထပ်တာမင်္ဂလာမဆောင်ရဘူးလို့ 
ဘယ်သူကပြောလို့လဲ။ကြိုးစားပြီးရေထမ်းတော့မည် ။ ဒီရက်ပိုင်းတွေ မီးကလည်း ပျက်တော့ ငွေပိုဝင်မည် ။
ဆေးလိပ် ကွမ်း ဖြတ်မည် ။တစ်နေ့ထောင့်ငါးရာလောက်စုနိုင်ရင်တစ်နှစ်လောက်ဆို ငါးသိန်းကျော်ပြီ ။
ကျွန်တော် ခေါင်းညိတ်လိုက်မိသည်။
" ဒီတစ်နှစ်တော့ မောင့်ကိုစောင့်ပါဦးကွယ် "
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
(င)
ထမင်းစား ကျွန်ခံဆိုတဲ့ စကားက လှအောင် အတွက်ဖြစ်လာတဲ့ စကားပုံလို့တောင်
ပြောလို့ရမည်ထင်၏ ။ မိဘမဲ့ ခြေသလုံးအိမ်တိုင်၊ အိပ်တော့ လမ်းထိပ်ကင်းတဲမှာ။ လမ်းထဲက ခိုင်းတာလုပ် 
ကျွေးတာစားပြီး ဘ၀ကိုကျောင်းနေရသည်။အရွယ်နဲ့ မလိုက်အောင်ပါးနပ်လွန်းတဲ့ သူ့အတွက်
ညမင်းသားတွေပေးတဲ့ မုန့်ဖိုးနှစ်ရာက ထားစရာနေရာမရှိဘူး ဖြစ်နေသည် ။ သူ့ရည်မှန်းချက်က သူဌေးကြီး
ဖြစ်ဖို့။ အိပ်မက်ထဲမှာတော့ ခဏခဏ ချမ်းသာဖူးသည် ။
" လှအောင် ထီပေါက်လို့တဲ့
တွတ်ရတာတဲ့လေ ငါးသိန်းဆုတဲ့တော်"
ဒီသတင်းက လမ်းထဲမှာပြန့်သွားသည် ။အဲဒီနေ့ကစပြီး လှအောင် ကင်းတဲမှာလာမအိပ်တော့ဘူး ။ 
ရပ်ကွက်ထဲမှာတော့ ဆယ့်သုံးနှစ်အရွယ် အရူးတစ်ယောက် တိုးလာပြီ ။
                                              =========================
 အတ္တမဟုတ်ခဲ့သော အတ္တ
_________ သွ ယ် လ င်း ဆ က် ________________
"မောင်"
တိတ်ဆိတ်ခြင်းကို အရင်ဖြိုခွင်းလိုက်သော ကျွန်မရဲ့အသံပါ။
" မင်းပါးစပ်ပိတ်ထား ဘာအသံမှမကြားချင်ဘူး "
ကြားလိုက်ရသော အသံမှာ မောင့်ထံမှ ဟုတ်ရဲ့လားဟုပင် ကျွန်မကိုယ်ကျွန်မ ဇဝေဇဝါ
ဖြစ်သွားပါသည်။ မောင်နဲ့လက်ထပ်ပြီး လေးနှစ်တာကာလအတွင်း မောင့်ဆီက "မင်း"ဟုခေါ်သော 
နာမ်စားမပြောပါနှင့်၊ လေသံမာမာလေး ပြောတာကိုမှ ကျွန်မ မကြုံဖူးခဲ့ပါ။ မောင်နဲ့ကျွန်မ 
သမီးရည်းစားဖြစ်ခဲ့တဲ့နှစ်တွေပါထည့်တွက်လိုက်ရင် ဆယ်စုနှစ်တစ်ခုပြည့်လုပါပြီ။
ကျွန်မသာ မောင်နဲ့သမီးရည်းစားဘဝတုန်းက မောင့်ကို စိတ်ဆိုးလွန်း၍ မင်းနဲ့ငါ ပြောခဲ့ဖူးပါသည်။
နှစ်ခါလား သုံးခါလား မမှတ်မိတော့။ တခါတလေ မောင်က စသလိုနောက်သလိုနဲ့ အဲဒီအကြောင်းကို 
ကျွန်မ ပြုံးရုံမျှ ပြောခဲ့သည်မှလွဲလို့ မောင်နဲ့ကျွန်မကြား မင်းနဲ့ငါ ဟူသော ခါးသီးတဲ့အသုံးအနှုန်း
မရှိခဲ့တာ ကြာခဲ့ပြီဖြစ်သည်။ မောင်သည် သမီးရည်းစားဘဝကတည်းက သူ့ကိုကျွန်မ
လေသံမာမာလေးနဲ့ ပြောမိရုံမျှဖြင့်ပင် မျက်ရည်စို့တတ်သူဖြစ်သည်။ ဘဝနယ်ပယ်
လုပ်ငန်းခွင် ဒါမှမဟုတ် သူငယ်ချင်းတွေကြားမှာ မောင်သည် လူကြီးဆန်သလောက်
ကျွန်မနဲ့ဆိုလျှင် ကလေးလေးတစ်ယောက်လို ပြုကျင့်ပြောဆိုတတ်သည်မှာ မောင့်ရဲ့သဘာဝ
တစ်ခုပင်။ ကျွန်မ မကြိုက်သောအရာတစ်ခုကိုမျှ မောင်မလုပ်ခဲ့ဖူးသော်လည်း တခါတလေ
သူလုပ်ခဲ့သောအရာတစ်ခုက ကျွန်မမကြိုက်ဘူးဟု သူထင်နေလျှင် အဲဒီအကြောင်းအရာဘာလဲ
ဆိုတာ မောင့်ကိုရိုက်စစ်နေစရာမလိုပါ။ သူကပင် ကျွန်မကို အရင်စကောက်၍ သုံးလေးရက်၊
တခါတလေ တစ်ပတ်ထိတိုင်အောင် ရစ်နေတတ်ပါသည်။ ကျွန်မ စိတ်ကောက်တိုင်း မသိကျိုးကျွံ
ပြုတတ်သော မောင့်ကို ကျွန်မ စိတ်ရှည်လက်ရှည်ချော့တတ်ပါသည်။ ကျွန်မ မိန်းကလေးမို့ စိတ်ကောက်
ဖို့ကြိုးစားတိုင်း မောင်က စိတ်ကောက်ရင်မချော့တတ်ဘူး ဆိုတာ သိနေသောစိတ်ကြောင့် ကျွန်မ မောင့်ကို
စိတ်မကောက်ခဲ့ပါ။ အလွန်တရာစိတ်ဆိုးစေသောအကြောင်းအရာတစ်ခုကြောင့် 
ကျွန်မစိတ်ကောက်မိလျှင်လည်း ကိုယ့်ဟာကိုယ် စိတ်ကောက်ပြေတတ်လာသည်မှာလည်း
မောင့်အပေါ်ကျွန်မသိတတ်လွန်းသောစိတ်ကြောင့်ဖြစ်နိုင်ပါသည်။ ကျွန်မ မောင့်ကို အလွန်
ချစ်ပါသည်။
"ကျွန်မကိုမောင်ဘယ်လိုချစ်တာလဲဟင်"လို့ ကျွန်မမေးလိုက်တိုင်း မောင်ပြောနေကျ စကား
တစ်ခုရှိပါသည်။ အမေတစ်ယောက်လိုအစ်မတစ်ယောက်လို ဆရာတစ်ယောက်လို
ချစ်သူတစ်ယောက်လို ချစ်သည် တဲ့။ ဒီစကားကို ကြားခါစက မောင်ဘာကို ဆိုလိုမှန်း
မသိပါ။ မောင်သည် အနုပညာ၊ ရုပ်ရှင်၊ စာရေးခြင်းကိုစိတ်ဝင်စားသလောက် တခါတလေ 
စာအလွန်ဖတ်သော ကျွန်မပင်လျှင် မောင်ပြောသော စကားအဓိပ္ပါယ်အတွေးအခေါ် ဆိုလိုရင်းကို 
နားမလည်နိုင်ခဲ့ပါ။ခုအချိန် ကျွန်မမောင့်ကိုဘယ်လိုချစ်သည်လဲလို့ မောင် ကျွန်မကိုမေးလာလျှင် 
အစ်မတစ်ယောက်လို အမေတစ်ယောက်လို ဆရာတစ်ယောက်လို ချစ်သူတစ်ယောက်လို ချစ်သည်လို့ 
ကျွန်မ ပြန်ဖြေမိပါလိမ့်မည်။ ဆိုလိုရင်းကိုနားမလည်ခဲ့သောကျွန်မ ခုတော့စိတ်ထဲမှာအဓိပ္ပါယ်ကို 
အလိုအလျောက်နားလည်နေသည်ဟု ခံစားရပါသည်။ အခုမောင့်ဆီမှ ပြင်းထန်စွာ ထွက်ကျလာသည့် 
မင်းပါးစပ်ပိတ်ထား ဟူသောစကားကို ကျွန်မ ဘယ်လိုစိတ်မျိုးနဲ့နားလည်ခံစားရမည်ကို ဝေခွဲလို့မရတော့ပါ။
"  ဒီခရီးတွေသွားတာ ငါမကြိုက်ဘူးလို့
ဘယ်နှခါ ပြောရမလဲ "
ခရီးရောက်မဆိုက် ကျွန်မမျှော်လင့်ထားသော မောင့်ရဲ့ကြိုဆိုမှုဟာ ကျွန်မထင်ထားတာထက်
ပိုပြီး ပြင်းထန်လို့နေပါသည်။ ကျွန်မ ခရီးသွားရခြင်းကို အလွန်ပျော်သလို မောင်လည်း ကျွန်မလိုပင်
ဖြစ်ပါသည်။ မောင်နှင့်ကျွန်မ တစ်ယောက်ကိုတစ်ယောက်ချစ်ကြသလောက် အကြိုက်ချင်း
မတူတာကများပါသည်။ စာဖတ်ခြင်းနဲ့ ခရီးသွားခြင်း သီချင်းနားထောင်ခြင်းမှလွဲလျှင် မောင်နဲ့ကျွန်မ
အကြိုက်ချင်းမတူသောကွဲလွဲမှုများစွာရှိပါသည်။ မောင်နဲ့ကျွန်မ သမီးရည်းစားဘဝကတည်းက
လက်ထပ်ပြီးလျှင် ဘယ်မြို့ဘယ်နေရာကိုဘယ်လိုသွားမည်ဆိုတဲ့အကြောင်း အတူပြောရင်း
စိတ်ကူးယဉ်ခဲ့သည်မှာ မနည်းပါ။ သမီးရည်းစားဖြစ်ကတည်းက ခရီးအတူသွားဖို့မပြောနှင့် တစ်နှစ်
တစ်ခါ တစ်ယောက်နှင့်တစ်ယောက် တွေ့ရဖို့ အခြေအနေမပေးခဲ့ပါ။ မောင်သည်  ရေခြားမြေခြား
တိုင်းတပါးမှာ အလုပ်လုပ်နေသူမို့ တစ်နှစ်တစ်ခါပြန်လာမှသာ ကျွန်မ မောင်နဲ့တွေ့ရပါသည်။
နောက်ပြီး လူမျိုးဘာသာ မတူသော ကျွန်မတို့နှစ်ယောက်ကို နှစ်ဘက်မိဘတွေက သဘောမတူ
သည့်အတိုင်း တိုးတိတ်စွာချစ်ခဲ့ရတာကြောင့် သူများသမီးရည်းစားတွေလို ပေါ်ပေါ်ထင်ထင်သွားလာဖို့
အခွင့်အရေးမရှိခဲ့ပါ။ သို့သော်လည်း မောင့်လက်ကို ရဲရင့်စွာ ဆွဲကိုင်ရင်း အသိုင်းအဝိုင်းနှစ်ခုကို ကျောခိုင်း
ကာ မောင့်နောက်ကို ကျွန်မလိုက်ခဲ့ပါသည်။ မည်သည့်အထောက်အပံ့မှ မပါပဲ နှစ်ဦးသား ဘဝကို အတူ
ရုန်းကန်ခဲ့ရတာကြောင့် မောင့်နဲ့အတူခရီးသွားဖို့အခွင့်အရေး လုံးဝမရှိခဲ့ပါ။ သားလေးမွေးပြီးတဲ့
နောက်မှာ ကျွန်မမိဘများ စိတ်ပြေပြီး ပြန်ခေါ်ခဲ့သည်မှာ တစ်နှစ်ပင်မပြည့်သေးပါ။ မောင့်မိဘများ
ဘက်ကတော့ မောင့်အပေါ်တင်းမာဆဲမဟုတ်သော်လည်း ကျွန်မနားမလည်နိုင်သော မောင့်မာနစိတ်
တစ်ခုက မောင့်မိဘနဲ့မောင့်အကြားမှာ တစ်ဖက်သတ်တင်းမာမှုများ ရှိနေဆဲပါ။ အလုပ်ကပြန်လာတိုင်း
သားလေးမျက်နှာကို မြင်ရမှ ကျေနပ်သောမောင့်အဖို့မနေ့က အိမ်ပြန်ရောက်ရောက်ချင်း ကျွန်မမိဘများနှင့်
အတူ သားလေးကိုခေါ်ကာ လိုက်သွားမိသော ကျွန်မတို့သားအမိနှစ်ယောက်ကို မမြင်ရ၍ မောင်စိတ်ဆိုးတာ
ဖြစ်လိမ့်မည်ဟုကျွန်မတွေးမိပါသည်။
" အေး.. မင်းကတော့ မင်းမိဘတွေနဲ့ အဆင်ပြေပြီး
ခရီးသွားနေရလို့ ပျော်နေတယ်မို့လား "
မောင်ရယ် ဟူသောအသံ ကျွန်မပါးစပ်မှတိုးတိုးလေး ထွက်သွားပါသည်။ ပြသနာတစ်ခုဖြစ်တိုင်း မောင်က
အတ္တကြီးတာပါဟု နောက်ဆုံးပိတ်ပြောတတ်သော မောင့်မှာ အတ္တဆိုသောစကားနဲ့လိုက်ဖက်သော
မောင့်အပြုအမူအတွေးတစ်ခုကိုမျှ ကျွန်မမမြင်မိပါ။ မောင်အတ္တကြီးသည်ဟူသောအတွေးမျိုး တစ်ခါမှ
မတွေးဖူးတာ ကျွန်မကိုယ်ကျွန်မ အသိဆုံးဖြစ်ပါသည်။သို့သော် ခရီးထွက်ရတာပျော်သော၊ ကျွန်မနဲ့အတူ
ခရီးသွားချင်သော မောင့်အဖို့ ဘယ်သောအခါမှအခွင့်အရေးမရှိခဲ့တဲ့နောက်မှာ ကျွန်မခရီးထွက်တိုင်း
မောင့်မှာ အမျိုးအမည်မသိသောစိတ်ခံစားမှုတစ်ခုကို ခံစားခဲ့ရသည်မှာ ကြာခဲ့ပါပြီ။ ကျွန်မတို့လူမျိုး နှစ်သစ်
ကူးရောက်တိုင်း ကျွန်မတို့မိသားစု မောင်နှမသားချင်းအားလုံး နေ့ချင်းပြန် ဒါမှမဟုတ် တစ်ညအိပ်ခရီးသွား
တတ်သော အစဉ်အလာတစ်ခုရှိပါသည်။ ဒီလိုနှစ်သစ်ကူးရောက်တိုင်း ကျွန်မ မောင်နဲ့ ပြသနာတစ်ခုမဟုတ်
တစ်ခုဖြစ်ရပါသည်။ အစကတော့ ကျွန်မခရီးသွားခြင်းကြောင့် မောင်စိတ်ဆိုးသည်ဟုမသိခဲ့သော်လည်း
မောင်ခံစားရသောစိတ်ခံစားမှုတစ်ခုကို နောက်ပိုင်းမှာကျွန်မနားလည်လို့လာပါသည်။
ဒီလိုနှစ်သစ်ကူးရောက်တိုင်း ကျွန်မမှာ ဒီခရီးသွားဖို့  ပျော်ရွှင်ဖို့အရေးထက်
မောင့်ကိုဘယ်လိုစိတ်ပြေအောင်လုပ်ပေးရမလဲ ဆိုတာ အရင်စဉ်းစားရပါသည်။ 
ဘယ်လောက်ပဲ မောင်ကျေနပ်အောင်ပြောခဲ့ပြောခဲ့ ပြန်လာသည်နှင့် ကျွန်မကို
အကြောင်းတစ်ခုမဟုတ်တစ်ခုရှာပြီး ကျွန်မကိုကောက်ပါတော့သည်။ ထုံးစံအတိုင်း သုံးလေးရက်
တစ်ပတ် စိတ်ကောက်တတ်သော မောင့်ကိုဒီလိုရက်မျိုးမှာ ပြာပြာသလဲ ကျွန်မချော့ရပါသည်။
နှစ်ကူးနှင့် ကျွန်မမွေးနေ့ (၂)ရက်သာကွာတာကြောင့် မောင်စိတ်ဆိုးမပြေလျှင် ကျွန်မအဖို့ ထိုမွေးနေ့သည်
ခြောက်ကပ်သွေ့လျစွာ ဖြတ်ကျော်ရမည်မို့ ကျွန်မမောင့်ကိုအဆက်မပြတ် တတွတ်တွတ်ချော့ရပါသည်။
မောင်နဲ့မတွေ့ရသော်လည်း ကျွန်မမွေးနေ့တိုင်းကို မောင်အသံ မောင့်စကားများနဲ့ ဖြတ်ကျော်ချင်တတ်
တာ အကျင့်တစ်ခုလိုဖြစ်လို့နေပါပြီ။ အလျင်မှီအောင် မောင့်ကိုမချော့နိုင်ခဲ့သော တစ်နှစ်က မောင် ကျွန်မကို
ပစ်ထားတာကို ခံစားခဲ့ဖူးသည်မို့ ထိုသို့သောအဖြစ်မျိုးထပ်ဖြစ်မည်ကို ကျွန်မသေမလောက် ကြောက်ပါသည်။
မောင်နဲ့လက်ထပ်ခဲ့ပြီး လေးနှစ်အတွင်းမှာ ပထမဦးဆုံးကျွန်မမိဘများနဲ့အတူ 
သားလေးကိုခေါ်ကာ နှစ်ကူးခရီးကို ပထဦးဆုံး ပြန်သွားရခြင်းဖြစ်တာကြောင့် ကျွန်မရဲ့
ပျော်ရွှင်မှုက မောင့်ရဲ့ခံစားချက်ကို မေ့လျော့သွားသလိုဖြစ်သွားပါသည်။ ဖုန်းဆက်လို့မရ၍ 
"မောင် သားလေးကိုခေါ်ပြီး မေမေတို့နဲ့ ပုဂံခဏသွားတယ်နော်။ နေ့ချင်း
ပြန် ပြန်လာမယ်။ မောင့်ကိုအရမ်းချစ်တယ်။" ဆိုတဲ့ စာတိုလေးတစ်ခုက မောင့် ဒေါသတွေကို
ပြေလျော့မပေးနိုင်ဘူးဆိုတာ မသွားခင်ကတည်းက ကျွန်မကြိုတွေးထားသင့်ပါသည်။ နေ့ချင်းပြန်
ပြန်မရောက်ပဲ တစ်ညအိပ်လိုက်မိတာက မောင့်အတွက် ကျွန်မအပေါ်မှာရှိတဲ့ဒေါသစိတ်ကို
ပိုကြီးထွားသွားစေတာလည်းဖြစ်နိုင်ပါသည်။
" ပြန်မလာပဲနေခဲ့ပါလား ဘာလို့ပြန်လာသေးလဲ။
အဲဒီမှာပဲနေလိုက် ပြန်ကိုမလာခဲ့နဲ့။ သားလေး
ပါသွားလို့ပေါ့ကွာ။ "
ကျွန်မကို ပြင်းထန်သောစကားလုံးများနဲ့ မောင် စတင်တိုက်ခိုက်လို့နေပါပြီ။ ကျွန်မ တမင်ရည်ရွယ်ပြီး
မလုပ်ခဲ့တဲ့ကိစ္စတိုင်းမှာ မောင့်အတွက် မထင်မှတ်ပဲ နာကျင်ခဲ့ရတာတွေဖြစ်လာရတိုင်း  မောင်အမြဲပဲ
မခံရပ်နိုင်လောက်သောစကားတွေနဲ့ ပြန်ပြီး နာကျင်အောင် ပြောတတ် လုပ်တတ်မြဲပါ။ အလွန်တရာ
နူးညံ့သော မောင့်ဆီက ဒီလိုကြမ်းတမ်းနာကျင်တဲ့စကားတွေထွက်လာတိုင်း ကြားနေကျကျွန်မအဖို့
အခုချိန်ထိအောင် ခံနိုင်ရည်မရှိသေးတာကိုက ကျွန်မကိုယ်တိုင်ကပဲ ပျော့ညံ့လွန်းတာလား မောင့်ကို
ချစ်လွန်းတဲ့စိတ်ကြောင့်လားဆိုတာ အခုအချိန်ထိ ဝေခွဲ၍မရနိုင်သေးပါ။ ဒေါသတွေပြေပျောက်ပြီးနောက်
မောင် ဒီလိုနာကျင်အောင်ပြောတဲ့ စကားတွေကို ကျွန်မအတွက် ခံနိုင်ရည်လုံးဝမရှိကြောင်း မောင့်ကို
ပြန်ပြီး လေပြေထိုးသည့်အခါတိုင်း ကျွန်မဘာမှမလုပ်ခဲ့ရင် မောင့်ဆီက ဒီလိုစကားတွေ ထွက်လာစရာမရှိဘူး
ဆိုတဲ့ မောင့်ဆင်ခြေကို အမြဲကြားရသော ကျွန်မအဖို့ ပို၍နာကျင်ရတတ်ပါသည်။ မောင်နာကျင်ပါစေတော့
ဟူသော အတွေးမျိုး၊ ရည်ရွယ်ချက်မျိုးနဲ့ ကျွန်မ ဘာတစ်ခုလုပ်ခဲ့သည်မရှိပါ။ ဒါကို မောင်လက်မခံလေ
တိုင်း ကျွန်မအဖို့ အသက်ရှူ ခဏရပ်တန့်သွားလောက်အောင် နာကျင်ခံစားရပါသည်။ ကျွန်မ အမှန်တကယ်
နာကျင်ခံစားရသော မျက်နှာကိုမြင်မှ မောင့်ဒေါသ ပြေလျော့တတ်တာ အစဉ်အလာတစ်ခုလို ဖြစ်နေပြီမို့
ကျွန်မအဖို့ဘယ်စကားကိုမှ ထပ်ပြီးပြောခွင့်မသာခဲ့ပါ။ 
မောင် အကြီးအကျယ် စိတ်ဆိုးပြီ ဆိုတာနှင့် ကျွန်မ နာနာကျင်ကျင်ခံစားရတော့မည်ဆိုတာကို အလိုလို
သဘောပေါက်ပြီးသား ဖြစ်နေတတ်ခဲ့ပါသည်။ ကျွန်မ၏နာကျင်မှုများအား 
နာကျည်းမှုအခြေအနေထိ ရောက်ခွင့်အခြေအနေမျိုး မောင်ဘယ်သောအခါမှမပေးခဲ့ပါ။ ကျွန်မ
ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းကောင်း မောင်သည် ကျွန်မအရိပ်အကဲကို မိခင်တစ်ယောက်
သားအပေါ်သိနေသလိုမျိုး အမြဲသိနေတတ်ပါသည်။ မိုင်ထောင်ချီ ဝေးနေခဲ့သောနေ့များမှာ မောင်ကျွန်မဆီ
ဖုန်းဆက်သည့်အခါတိုင်း ကျွန်မ၏ Hello ဆိုသော နှုတ်ဆက်စကား တစ်ခွန်းတည်းနဲ့တင် ကျွန်မစိတ်ခံစား
မှုအားလုံးကို အမြဲသိနေတတ်ပါသည်။ ကျွန်မ မောင့်ကိုလုံးဝလိမ်လို့မရပါ။ တခါတလေ ကျွန်မအသံ 
ကျွန်မရုပ်ကို မမြင်ရပါပဲနဲ့ ကျွန်မဘာဖြစ်နေသည်ကို သိနေတတ်သော မောင့်ကို ကျွန်မ 
အလွန်အံ့သြမိပါသည်။ ယခုလိုအတူနေသော မောင်နဲ့ကျွန်မအဖို့ မောင့်ကို ကျွန်မ
အဘယ်သို့ လိမ်လို့ရပါမည်လဲ။ ကျွန်မခံစားချက်ကို မောင်မသိအောင် မည်သို့ကွယ်လို့ရပါမည်လဲ။ ကျွန်မ
အလွန်တရာနာကျင်ခံစားရသောမျက်နှာကို မြင်မှ မောင်စိတ်ပြေပါသည်။ တခါတလေ မောင်စိတ်ပါလျှင်
မောင်ကပင် ကျွန်မကိုပြန်ချော့တတ်ပါသည်။ အစကတည်းက မောင့်ကို စိတ်မနာတတ်သော ကျွန်မ
အဖို့ ဂျစ်ကန်ကန်နဲ့ချော့တတ်သော မောင့်မျက်နှာကို စိတ်လိုလက်ရ ပြုံးပြီးကြည့်တတ်ပါသည်။ ဒီနေ့ကိစ္စ
အတွက် မောင်ပြန်ချော့ဖို့နေနေသာသာ ကျွန်မမောင့်ကိုဘယ်လိုစိတ်ပြေအောင်လုပ်ပေးရမည်ဆိုတာ
ကို လုံးဝမတွေးတတ်တော့ပါ။
"........."
မောင့်ထံမှ ဘာစကားကိုမှထပ်ပြီးမကြားရ။
မောင်သည် နှုတ်ခမ်းကို တင်းတင်းစေ့ရင်း မျက်ရည်များဝိုင်းလို့နေသည်။ ရေခြားမြေခြားကို
အလုပ်ပြန်သွားလုပ်ဖို့ ခွဲခွာရနီးတိုင်း ကျွန်မ မောင့်ကို ဒီလိုမျက်ရည်စများနဲ့ အမြဲတွေ့မြင်နေကျပါ။ မျက်ရည်
တို့သည် အောက်သို့လည်းမကျ မျက်ဝန်းထဲ၌ရှိသည်လို့လည်းမဆိုနိုင် ရီဝေမှုန်ဝါးသော အကြည့်တို့နှင့်
မောင် ကျွန်မကို စိုက်ကြည့်နေပါသည်။ သို့သော်လည်း မောင့်မျက်ဝန်းကို လေးနက် နက်ရှိုင်းစွာ 
ကျွန်မမြင်နေရသည်။ အိမ်ထောင်ကောင်းတစ်ခုကို ရိုးမြေကျတည်ဆောက်နိုင်တဲ့ 
ခင်ပွန်းကောင်းတစ်ယောက်ရဲ့ယုံကြည်ချက်တွေ၊ ဖခင်တစ်ယောက်ရဲ့ သူရဲကောင်း
ဆန်တဲ့မာကျောမှုတွေထက် မောင့်မျက်ဝန်းမှာ အိမ်မပြန်နိုင်သော သားတစ်ယောက်ရဲ့မာနတွေ၊
ကျွန်မတို့မိဘတွေရဲ့ လူမျိုးရေးခွဲခြားမှုကို ခါးစည်းခံခဲ့ရတဲ့ နာကျင်ချက်တွေကပိုလို့တောက်ပနေပါသည်။
ကျွန်မ မေ့လျော့နေသောခံစားချက်တွေအားလုံး မောင့်ရင်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ကျန်ရှိနေသေး
တယ်ဆိုတာကို ကျွန်မ ထိတ်လန့်စွာတွေ့လိုက်ရပါသည်။ အတ္တဟု ကျွန်မ အမည်မတပ်ခဲ့သော မောင့်
ခံစားချက်တွေ အားလုံးကို မောင့်မျက်ဝန်းမှာ ကျွန်မတွေ့လိုက်ရတဲ့ခဏ ကျွန်မ မည်သို့သောဖြေသိမ့်မှု
တွေ မောင့်ကိုပေးရမည် ဆိုတာ အချိန်တိုအတွင်း နားလည်လိုက်တဲ့အချိန်မှာ မောင်သည် ကျွန်မရှေ့
မှောက်၌မရှိတော့ပါ။ အတ္တဟု အမည်မတပ်ခဲ့တဲ့ အတ္တတွေကို ဆေးကြောဖို့အတွက်အချိန်တစ်ခုထိ
ကျွန်မစောင့်ရမည်လော ဒါမှမဟုတ် မောင့်ရဲ့ခံစားချက်တွေကို ဖယ်ရှားပေးနိုင်ဖို့ ကျွန်မကြိုးစားမည်လော
ဆိုတာကို တွေးတောရင်း မောင့်နောက်ကိုအပြေးလိုက်ဖို့ သားလေးကို ချီလိုက်တဲ့ခဏ၊ ဘယ်အရာကိုမှမသိပဲ
အပြစ်ကင်းစွာ အိပ်ပျော်နေသော သားလေးရဲ့ ဖွင့်လာတဲ့မျက်လုံးအစုံမှာ မထင်မှတ်ပဲတွေ့လိုက်တာက
ကျွန်မ နာမည်မတပ်နိုင်ခဲ့သော မေ့လျော့နေခဲ့သော မောင့်ရဲ့မျက်ဝန်းတွေပဲ ဖြစ်ပါသည်။
                                              =========================
ထိုင်ခုံအမှတ် G-8
____ ဝ ဏ္ဏေ ဇာ် _________
ပိတ်ကားထက်မှာ ဇာတ်ဝင်ခန်းက ထပ်ဖန်တလဲလဲ ပြသလျက်။ ဇာတ်ကောင်အမျိုးသမီးက
 ဇာတ်ကောင်အမျိုးသားရဲ့ ရင်ဝကို ဓားနဲ့ထိုးသွင်းလိုက်တယ်။ သူမလက်တွေ 
ကုလားထိုင်လက်ရန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားဆဲပဲ။ သူမဟာ ရုပ်ရှင်ကြည့်ရတာ နှစ်သက်တယ်။
သူမဟာ အမှောင်ကို နှစ်သက်တယ်။ သူမဟာသွေးအေးအေးနဲ့ လူသတ်ရခြင်းကို နှစ်သက်တယ်။
သူမနှစ်သက်သမျှတွေထဲ တယောသံ မပါဝင်ခဲ့ဘူး။ သူမရဲ့ မျက်လုံးတွေက ဝံပုလွေတစ်ကောင်
လို စူးရှပြီး၊ သူမရဲ့ နှုတ်ခမ်းတွေက နှင်းဆီတစ်ပွင့်လို နူးညံ့တယ်။ အဲ့ဒီ နှင်းဆီပွင့်ချပ်တွေကပဲ
လူတစ်ယောက်ကို သေစေနိုင်လောက်တဲ့အထိအစွမ်းသတ္တိရှိတယ်။ ထိုင်ခုံအမှတ် G-8 ဟာ
သူမရဲ့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမှုကြောင့် ပူနွေးလာတယ်။ ရုပ်ရှင်ရုံတစ်ရုံလုံးမှာ
သူမ တစ်ယောက်တည်းရှိတယ်လို့ ထင်ရပေမယ့်၊ သူမရဲ့ အတွေးထဲမှာ လက်ပတ်နာရီ
တစ်လုံး၊ ဇစ်ပိုမီးခြစ်နဲ့၊ မောင်းချဓားတစ်ချောင်း၊
ပြီးတော့ .. ဘယ်တော့မှ ကြည့်လို့မပြီးမယ့် ရုပ်ရှင်ဇာတ်ဝင်ခန်း။
သူမ ရုပ်ရှင်ရုံကနေ လမ်းလျှောက်ပြီး ပြန်လာခဲ့တယ်။ လူခြေတိတ်ဆိတ်တဲ့ လမ်းမမှောင်မှောင်
ထက်မှာ ခွေးအူသံတွေကလွဲရင် အရာအားလုံးနေသားတကျ တိတ်ဆိတ်နေရဲ့။ ရုတ်တရက်
သူမရဲ့ဦးနှောက်ကို ထရပ်ကားတစ်စင်းကဖြတ်ကြိတ်သွားတယ်။ 
"wake me up when september end" သီချင်းနဲ့အတူ နိုးလာတဲ့မနက်ခင်းမှာ သူမက 
သိုးငယ်လေးတစ်ကောင်ဖြစ်နေတယ်။ ဘုရားသခင်လောက်နီးနီးသန့်ရှင်းစင်ကြယ်တဲ့ 
သိုးငယ်လေးတစ်ကောင်။သိပ်မကြာခင် သူမ ချောက်ကမ်းပါးစွန်းမှာရပ်နေမိတော့တာပဲ။ 
သူမရဲ့ ဂါဝန်အနားစတွေလူးလွန့်လို့။ ဒါကိုပဲ တစ်စုံတစ်ယောက်က “မုတ်သုန်မြို့ရဲ့ သတို့သမီး”လို့ ပညတ်ထားတယ်။ ကဲ .. ထားလိုက်တော့။ ဒီဇာတ်ဝင်ခန်းကို ဒီည နောက်ဆုံးအနေနဲ့ ကြည့်မယ်။ 
အဲ့ဒီစိတ်ကူးကို ညတိုင်းအကောင်အထည်ဖော်ခဲ့ပေမယ့် မလုပ်နိုင်ခဲ့တာ ဒီနေ့အထိပဲ။ 
အဲ့ဒါသူမရဲ့ အမှားပဲ။ အဲ့ဒါ သူမရဲ့ အားနည်းချက်ပဲ။နားထဲမှာ နာရီသံ တချက်ချက် ကြားနေရတယ်။
ဘယ်တော့မှ စက်ရပ်မသွားမယ့် Switzerland Made  နာရီအပျက်တစ်လုံး။ မှန်ကွဲစတွေ၊
အိပ်မက်အကွဲစတွေ၊ ပြီးတော့ သူမရဲ့ အပျိုစင်တစိတ်တပိုင်း အကွဲစတွေ။ အိပ်ယာခင်းတွေ
တွန့်ကြေနေတယ်။ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေတွန့်ကြေနေတယ်။ နာရီမှန်ကွဲစတွေ တွန့်ကြေ
နေတယ်။ သူမ အိပ်မက်က လန့်နိုးလာတယ်။ဖြူစင်ခြင်း အထိမ်းအမှတ် သိုးငယ်လေးမရှိဘူး။
Switzerland Made နာရီတစ်လုံးမရှိဘူး။ ကြည့်နေကျ ဇာတ်ဝင်ခန်း မရှိဘူး။ အရာအားလုံးဟာ
မှောင်မည်းနေတယ်။ သူမက “မုတ်သုန်မြို့ရဲ့သတို့သမီး” ဖြစ်နေတယ်။ တိမ်တွေကို အန်ချ
ပစ်လိုက်ခြင်းက သူမအတွက် အကောင်းဆုံးစိတ်ဖြေနည်းပဲ။ ထိုင်ခုံလက်ရန်းတွေရဲ့ ပူနွေးမှုဟာ
120ံC ဖြစ်လာတယ်။ အံ့သြစရာပဲ။ ကမ္ဘာကြီးက သူမရဲ့ တစ်ကိုယ်ရည်စာနွေးထွေးမှုကို
လျစ်လျူရှုထားတယ်။ နားထဲမှာ “wake me up when september end” သီချင်းကို ကြားနေရတယ် ။
စက်တင်ဘာတွေသေရင် ငါ့ကိုနှိုးပါ။
ဘယ်တော့မှမပြီးမယ့် ဇာတ်ဝင်ခန်းကို နေ့တိုင်း ကြည့်နေရတယ်။ ဝဋ်ပဲ။
သူမ လန့်နိုးလာတယ်။ သူမ သိုးငယ်လေးတစ်ကောင် ဖြစ်သွားတယ်။ သူမ နှင်းဆီပန်းတစ်ပွင့်
ဖြစ်သွားတယ်။ ဇာတ်ကောင်အမျိုးသားရဲ့ ရင်ဝကို ဆူးတွေနဲ့ ထိုးစိုက်ပစ်လိုက်တယ်။ သူမရဲ့
လက်သည်းချွန်ချွန်လေးတွေမှာ သွေးတွေတစ်စက်ချင်းစီ ယိုစီးကျနေတယ်။ နောင်တဟာ
ဘယ်တော့မှ အဖြေမရမယ့် သချာင်္ပုစ္ဆာတစ်ပုဒ်။သူမ နှုတ်ခမ်းတွေကို ဖိကိုက်လိုက်တယ်။ စက်တင်ဘာတွေ သေသွားတယ်။ သူမကို နှိုးမယ့်လူ မရှိဘူး။ သူမ နောက်ဆုံးဇာတ်ဝင်ခန်းမှာ
အိပ်ပျော်နေတယ်။ ဇာတ်ကောင်အမျိုးသားကရင်ဝမှာ ဓားတန်းလန်းနဲ့။ မဟုတ်ဘူး။ ဆူးတန်းလန်းနဲ့
နှင်းဆီပွင့်ဖတ်လေးရဲ့ နှုတ်ခမ်းထောင့်စွန်းဟာ ရက်ရက်စက်စက် ပြုံးနေတယ်။
သူမ အိပ်ရာက လန့်နိုးလာတယ်။ စက်တင်ဘာတွေ မသေသေးဘူး။ တယောသံတွေ မသေသေးဘူး ။
ထိုင်ခုံလက်ရန်းရဲ့ အပူချိန်က စိုးရိမ်စရာကောင်းလောက်အောင် မြင့်တက်လာတယ်။
သူမ သိုးငယ်လေးတစ်ကောင် ဖြစ်ချင်သွားတယ်။ဘုရားသခင်လောက်နီးနီး စင်ကြယ်တဲ့ သိုးငယ်လေး။
သူမ အိပ်ချင်နေပြီ။ နောက်ဆုံးဇာတ်ဝင်ခန်းက သူမကို ခြောက်လှန့်နေပြီ။ သူမရဲ့ အိပ်ယာထက်မှာ 
တစ္ဆေတစ်ကောင် အိပ်နေတယ်။အဲ့ဒီတစ္ဆေက သူမကိုယ်တိုင်ပဲ။ သူမရဲ့ ရင်ဘတ်ဟာ သူမကိုင်ထားတဲ့ 
ထိုင်ခုံလက်ရန်းလို တအားပူနွေးနေပြီ။ ထိုင်ခုံအမှတ် G-8 မှာ ဇာတ်ကောင်အမျိုးသားဟာ ဓားတန်းလန်းနဲ့၊ 
ဒါမှမဟုတ် ဆူးတန်းလန်းနဲ့ သေဆုံးနေတယ်။ နှင်းဆီပွင့်ဖတ်တွေကြွေကျသွားတယ်။ 
သူမရဲ့ လက်ကောက်ဝတ်မှာသွေးတွေ ဖြာထွက်နေတယ်။ ခေါင်းအုံးနံဘေးမှာဘရိတ်ဓားတစ်ချောင်းက 
ဝင့်ခနဲ ပြုံးနေရဲ့။ သူမထိုင်ခုံအမှတ် G-8 မှာ ထိုင်နေတယ်။ နောက်ဆုံးဇာတ်ဝင်ခန်းမှာ 
ဇာတ်ကောင်အမျိုးသမီးဟာလက်ကောက်ဝတ်ကို ဘရိတ်ဓားနဲ့လှီးပြီး သေဆုံးသွားတယ်။ 
သူမ ရုပ်ရှင်ရုံတွင်းကနေ ထွက်လာခဲ့တယ်။ လမ်းတလျှောက် အူနေတဲ့ခွေးတွေကို
“မုတ်သုန်မြို့ရဲ့ သတို့သမီး”ကဗျာနဲ့ နှုတ်ဆက်ခဲ့တယ်။
သူမက ဒီနှစ်ရဲ့ “အော်စကာ”ဆုရှင်ပဲ။
                                              =========================
ရပ်တန့်သွားသော ပင်နယံ(pinion)လေးများ
_______ စ စ် နို င် _________________
(၁)
ညနေစောင်းမို့ အလင်းရောင်က သိသိသာသာအားနည်းလာသည်။အိပ်တန်းတက်ငှက်လေး
များ၏ အော်သံဖြင့်လည်း ၀န်းကျင်တစ်ခုလုံး ဆူညံနေလေသည်။နေရာက စံရိပ်ငြိမ်မှတ်တိုင်
အနီး လမ်းသွယ်လေး တစ်ခုအတွင်းမှ.. ". . . . ." ဟု အမည်ရသည့် အမျိုးသားဆောင်တစ်ခု။ 
အဆောင်ဟု ဆိုသော်လည်း အခြားအဆောင်တွေလိုတိုက်ခန်းမှာမဟုတ်၊ နှစ်ထပ်အိမ်လေးထဲတွင်
အခန်းတွေကန့်ကာထားခြင်းလည်းမဟုတ်။ ခြံကျယ်ကြီးနှင့်ဖြစ်သည်။
ကျယ်သမှ တော်တော့်ကိုကျယ်သည်။ ခြံပိုင်ရှင်အဖိုးကြီးနှင့်အဖွားကြီးက နှစ်ထပ်တိုက်လေး
တစ်လုံးနှင့် သီးသန့်နေသည်။ ခြံထဲရှိကျန်သည့်မြေကွက်လပ်လွတ် များတွင် ၃ ယောက်ခန်း၊
၆ ယောက်ခန်း စသဖြင့်အခန်းတွေဖွဲ့ကာ အဆောင်ငှားစားထားခြင်းဖြစ်သည်။၃ ယောက်ခန်း 
၁၄ ခန်းနှင့် ၆ ယောက်ခန်း ၂ ခန်းရှိသည်။ဆိုတော့.... စဉ်းစားသာကြည့်။ ယောကျာ်းလေး
တွေချည်း အယောက် ၅၀ ကျော်ရှိနေသည်။ဒီလိုနေရာမျိုးမှာ ပြဿနာက ပေါင်းစုံ။
ညနေစောင်းလာပြီဆို လမ်းမထွက်ပြီး ဘောလုံးကန်သည့်အဖွဲ့ကကန်သည်။ ခြင်းခတ်သည့်အဖွဲ့က
ခတ်သည်။ရေချိုးသည့်နေရာမှာ .. ထမင်းချက်သည့်နေရာမှာ......ရေချိုးဖို့၊ ထမင်းချက်ဖို့
ပြင်ဆင်နေကြ သူတွေကလည်း ရှိသေးသည်။ဂစ်တာတီးပြီး သီချင်းတွေအော်ဆိုနေကြသည့်
အဖွဲ့တွေကလည်း ရှိနေတတ် သေးသည်။ လူပေါင်းစုံနေသောနေရာဆိုတော့ အမူအကျင့်တွေကလည်း 
အရောင်ပေါင်းစုံရှိသည်။ ဟုတ်သည်။ ဒီအဆောင်မှာ အခြောက်လိုလိုဘာလိုလိုကောင်ကလည်း 
ရှိသေးသည်။ အခြောက်မှ မင်းသားရူးအခြောက်ဖြစ် သည်။ သူက ရုပ်ရှင်တွေ၊ ဗီဒီယိုတွေမှာ
ဖြတ်လျှောက်နေရာမှသာ ပါရသူ။ ဒါကလည်း .. တစ်ခါတစ်လေမှသာ ပါရသူဖြစ်သည်။
ဒါကိုပင် သူ့မှာ .....ပြောမဆုံး။ နေ့ချင်း,ညချင်းပင် အကယ်ဒမီရတော့မလိုလို။ အနုပညာကိုပဲ
သူ့ဘဝကြီးတစ်ခုလုံး ထိုးကျွေးထားရသလိုလိုတွေ ပြောပစ်သည်။ သူ့ပြောပုံအရဆိုလျှင် ..
အနုပညာ ကပဲ ဦးရှင်ကြီးနတ်လိုလို၊ ဒရက်ကူလာလိုလိုတွေ ဖြစ်ကုန်သည်။သူကတော့.. ခပ်တည်တည်ပင်။ 
အဆောင်ကို လူသစ်တစ်ယောက်ရောက်လာပြီဟေ့ဆိုလျှင်  သူ အကဲခတ်သည်။ သူ ဖောလို့ရနိုင်မည့် 
မအူမလည်ပုံစံမျိုး ဆိုလျှင် လိုအပ်သည့်အကူအညီတွေ အတင်းကာရောဝင်ရောက်ကူညီပြီး သူ့ကိုယ်သူ
မင်းသားဖြစ်ကြောင်းလေး ကိုပါ မသိမသာကြွားလုံးထုတ်ရသည်။ ရောက်ကာစ လူသစ်လေးများကတော့
သောက်ကျိုးနည်းကုန်သည်။ မင်းသားဆိုတာက သူ့ကိုယ်သူမင်းသားပါဟု
ထုတ်ဖော်ပြောပြမှ ကိုယ်ကသိလိုက်ရတာမျိုးကိုလည်းဒီအဆောင် ရောက်မှ ကြုံဖူးကုန်ကြသည် ။
သောက်ကျိုးနည်း မင်းသားကြီးပင် ဖြစ်သည်။ ဒီမင်းသားရူးက မော်ဒယ်လ် လျှောက်သည်။
ဖြတ်လျှေက်ခန်းလေးတွေ ဝင်သရုပ်ဆောင်သည်။ဟန်းဖုန်းလေးကလည်းရှိတော့.. 
ဒါရိုက်တာတွေကပဲ သူ့ကို အသည်းအသန်ဖုန်းဆက်ခေါ်နေသလိုမျိုးတွေလည်း
ကြွားလုံး ထုတ်,ထုတ်ပြတတ်သည်။
ဒီတော့.. ရှင်းပါသည်။ သူ့ကို သတ်ချင်,ဖြတ်ချင်ပစ်ရလောက်အောင် ကြည့်မရတဲ့ကောင်တွေ
ရှိလာသည်။
*********
(၂)
မင်းသားရူးအခြောက်ကို သတ်ချင်ဖြတ်ချင်လောက်အောင် မုန်းတီးနေကြတဲ့လူတွေထဲမှာ
အဆိုးဆုံးကတော့ "လွန်ကဲ"။ သူက.. ခပ်ပြတ်ပြတ်သမား။စကားပြောလည်း ပြတ်သည်။ 
ဆုံးဖြတ်ချက်လည်း ပြတ်သည်။ လက်သီးထိုးလည်း ပြတ်သည်။တမြန်နေ့ကပင် စိတ်တိုတိုရှိသဖြင့် 
သူ့ခြင်ထောင်သူ လက်သီးနှင့်ထိုးလိုက်ရာ ခြင်ထောင်ကြိုးပြတ်သွားသည်။ ဒီလို လူမျိုးဖြစ်သည်။ 
သူ့ကို လျှော့တွက်၍ မရ။
နာမည်ကိုက "လွန်ကဲ"။ မင်းသားရူးအခြောက်နှင့်ကပ်လျှက်အခန်းထဲတွင် နေရသည်။
နာမည်ကြီး ရုပ်သံလိုင်း တစ်လိုင်းမှ ၀န်ထမ်းဖြစ်သည်။တစ်ကယ်ရည်, တစ်ကာယသမား။မိဘကိုလည်း
ပြန်ထောက်ပံ့ပေးစရာမလို။ လိုအပ်လျှင် ပြန်တောင်တောင်းသုံးလို့ ရသေးသည်။
ဒီတော့.. မဆန်းပါ။ "လွန်ကဲ" တစ်ယောက် ကိုကြီးကျော် ပေါက်စဖြစ်လာသည်။ ညနေစောင်းလို့ 
အလုပ်ကပြန်လာလျှင် အဆောင်ပိုင်ရှင်အဘွားကြီးမမြင်အောင် အရက်ပုလင်းကို
ကျောပိုးအိတ်ထဲထည့်လာသည်။ ကိုယ့်အခန်းထဲကိုယ်ရောက်မှ ခိုးပြီးသောက်တော့သည်။
အရက် ဆိုတာကလည်းဆန်းသည်။ မူးလာပြီဟေ့ဆိုရင် ပုံမှန်အခြေအနေမှာမလုပ်ချင်တာတွေ၊
မလုပ်ဖြစ်တာတွေ၊ မလုပ်ရဲတာတွေ၊ အားလုံးကိုလုပ်ချင်၊ လုပ်ဖြစ်၊ လုပ်ရဲလာတော့သည်။
ပုံမှန်အတိုင်းဆို "လွန်ကဲ" တစ်ယောက်က အတော်သဘောကောင်းသည့်လူငယ်ဖြစ်သည်။
စိတ်ရင်း မှန်သည်။ ကူညီနိုင်တာရှိလျှင် လူတိုင်းကိုကူညီတတ်သည်။ အားလုံးကို ဖော်ဖော်ရွေရွေ
ဆက်ဆံသည်။ ဒီအဆောင်မှာ "လွန်ကဲ"တစ်ယောက်က လူချစ်,လူခင် များသူတစ်ယောက်လည်း ဖြစ်သည်။ 
မူးလာလျှင်တော့ထိုသို့မဟုတ်ပြီ။ ကိုကြီးကျော် ကျင့်စဉ်ကို ကျင့်မိတော့ ကိုကြီးကျော်လိုဖြစ်လာသည်။
မျက်ထောင့်တွေ နီလာသည်။ စကားပြော ရိုင်းလာသည်။နည်းနည်းပါးပါးလေးပဲဖြစ်ဖြစ်
ပြဿနာက ရှာချင်လာသည်။ အထူးသဖြင့်..သူနှင့်အခန်းချင်း ကပ်လျှက်နေသည့် အခြောက်ကို
ပြဿနာရှာချင်သည်။
သူ့အနေနဲ့တွေးတော့လည်း ဟုတ်သည်။ မနက်,မနက်ဆိုခြောက်နာရီဆိုသည့်အချိန်က
"လွန်ကဲ"တို့ အိပ်လို့ ကောင်းတုန်း။ ဒီအချိန်မှာ မင်းသားရူးအခြောက်က နိုးလာပြီ။ ရေချိုးပြီ။
ပြီးလျှင် မျက်နှာကို ဘာမှန်းမသိသည့် အရည်တွေ တစ်မျိုးပြီး တစ်မျိုးလိမ်းကာ အလှပြင်တော့သည်။ 
အနံ့တွေက ဘေးခန်းတွေထိ ပျံ့နှံ့ရောက်ရှိ လာသည်။ အော်ဂလီဆန်ချင်စရာကောင်းလှသည်။
ဒါတင်ပဲလားဆိုတော့...။ မဟုတ်.. .. ။ ရှိပါသေးသည်။အသံနှင့်ပါ ထပ်နှိပ်စက်လိုက်သေးသည်။ 
အခြောက်များသည် ဘုရားပေးသော ကီး(key) ကို ပိုင်ဆိုင်ထားကြသူများပင်ဖြစ်သည်။
သူတို့အချင်းချင်းသာ အသံမတူကြသော်လည်း.. သူတို့အားလုံး၏အသံများသည် ခြောက်ကပ်ကပ်၊ 
အက်ကွဲကွဲနှင့် အော်ဂလီ ဆန်ချင်စရာကောင်းသည့်ရွံရှာဖွယ်အသံကီး(key)ကို 
ပိုင်ဆိုင်ထားကြတာချင်းတော့ တူကြသည်။ မင်းသားရူး အခြောက် လည်း ထို့အတူပင်ဖြစ်သည်။
ဘေးလူတွေက သူ့အသံကိုဘယ်လောက်ရွံရွံ သူကတော့သူ့အသံသည် သိပ်နားထောင်ကောင်းသည်ဟုပဲ 
ထင်သည်။ရှိရှိသမျှမိန်းကလေးအဆိုတော်များ၏သီချင်းတွေကို အားပါးတရ အော်ဆိုသည်။ ဒါမျိုးဆို
"လွန်ကဲ"တို့ကလည်း ဘယ်လိုမှခံစားလို့မရ။အိပ်ရေးမ၀ဘဲနိုးလာရသည့်ဒဏ်၊ အသံဆိုးကြီးနှင့်နှိပ်စက်သောဒဏ်တို့ကြောင့်မနက်စောစောစီးစီးလူသတ်ချင်စိတ်တွေတဖွားဖွား
ဖြစ်ပေါ်လာခဲ့ရ ပေါင်းလည်းများပြီ။
"အား..... အမယ်လေး"
"အောင်မယ်.. အောင်မယ်.. နင်ကပဲ လန့်ရတယ်ရှိသေး။ စဉ်းစားလေ ဟွန်း
မပြောလိုက်ချင်ဘူးနော် တကတည်း.. ဖြစ်နေလိုက်တာ ဟွန့်"
နိုးလာမှတော့ မထူးပါဘူးဟုစဉ်းစားပြီး အပေါ့အပါးသွားရန် ထွက်လာသော"လွန်ကဲ"တစ်ယောက်
ဘေးခန်းမှ အခြောက်နှင့်တည့်တည့်တိုးသည်။ဘာမှန်းမသိသည့်အရည်တွေ၊ အမှုန့်တွေနှင့်ပြုပြင်ထားသော
မျက်နှာဖွေးဖွေး ကြီးကို မမျှော်လင့်ဘဲ အနီးကပ်ကြီးတွေ့လိုက်ရသဖြင့် လန့်အော်မိခြင်းဖြစ်သည်။
ဒင်းက.. ခြောက်လို့သာ ခြောက်နေသည်။ဗလက "လွန်ကဲ" ထက်ပင်ကြီးသည်။ ရုပ်ကလည်း 
ရုပ်ကြမ်းကြီး။ထို့ကြောင့် သူ့ကွယ်ရာတွင် “လွန်ကဲ”တို့ ကိုကြီးကျော်ဂိုဏ်းမှလူများက
"ဓားမြရုပ်နဲ့အခြောက်လုပ်တဲ့ကောင်"ဟု အမည်ဝှက်ပေးထားသည်။ ယခုလည်း ထိုဓားမြရုပ်နှင့်
တူသောရုပ်ကြမ်းကြီးကို ဖွေးဖွေးဖြူအောင်ပြင်လာတာကြီးကို ရုတ်တရတ်မြင်လိုက်ရသဖြင့်
လန့်အော်မိခြင်းဖြစ်သည်။ ဒင်းကတောင် ပြန်ရန်တွေ့သွားသေးသည်။
"တွေ့ကြသေးတာပေါ့ကွာ" ဟု  "လွန်ကဲ" စိတ်ထဲ တေးထားမိသည်။ ဟုတ်ပါသည်။
အိပ်ရေးပျက်ပေါင်းလည်း များလှပြီ။
ကျိန်းသေပေါက်တွေ့ကြရဦးမည် ဖြစ်ပါသည်။
*********
(၃)
"ဂွပ်...အေ့"
အရက်ခွက်ကို ကုတင်ပေါ်သို့ ဆောင့်ချလိုက်သံနှင့်အတူ......"လွန်ကဲ" ၏ အမူးလွန်နေသော
အသံပေါ်လာ သည်။ "ဒီညတော့...အေ့... ငါ့အခန်းကို ဘယ်ကောင်မှ ..အေ့... လာမလည်နဲ့..
အေ့..ငါ့အခန်းရှေ့ကနေတောင် ဖိနပ်သံ ပြင်းပြင်းနဲ့...အေ့... ဖြတ်မလျှောက်ကြနဲ့..အေ့.."
အမှန်တော့ သူမူးနေလောက်ပြီဆို ဘယ်သူမှလည်း သူ့အခန်းဘက်မလာပါဘူး။အကုန်လုံးက
ကျန်းမာရေး ဂရုစိုက်ပြီးသား။ အန္တရာယ်ရှိတဲ့နေရာဆို ဘယ်သူမှမသွားဘူး။သူ့ဟာသူသာ
တစ်ယောက်တည်း မူးလို့လျှောက်ပြောနေတာ။
"ဒီညတော့.. ငါက ရှာပြီ။ အေ့..  ပြဿနာကိုရှာပြီ.. အပြတ်ကို ရှင်းပြီ.. ရှင်းပြီ.. ရှာပြီ.. ရှာပြီ..
ရှင်းပြီ.. ရှင်း..အေ့..ရှာ..အေ့..ပြီ.."
အသံကြားနေရသော အခြားအခန်းမှ လူတွေကတော့ အခြေအနေမကောင်းမှန်းသိသဖြင့် မသိချင်ယောင်
ဆောင်နေကြသည်။ ဘေးချင်းကပ်အခန်းမှ အခြောက်ကလည်းကြားသည်။
သူ့ကိုရည်စူးပြီးပြောနေမှန်းလည်း သိသဖြင့် မဲ့ကာရွဲ့ကာဖြင့် တိုးတိုးတိတ်တိတ်ပြန်ကျိန်ဆဲနေရသည်။
သိပ်မကြာပါ။
"ဒုန်း"
‘လွန်ကဲ’တစ်ယောက် အိမ်သာသွားရန်ထွက်လာရင်း မင်းသားရူးအခြောက်၏အခန်းတံခါးကို
လက်သီး ဖြင့် ထိုးလိုက်ခြင်းဖြစ်သည်။ အသံကအတော်ပြင်းသဖြင့် ပတ်ဝန်းကျင်အခန်းမှလူများလည်း 
အိပ်ပျော်နေရာမှ လန့်နိုးလာပြီး ခေါင်းထောင်လာကြသည်။
‘လွန်ကဲ’ ဒေါသကိုလည်းသိကြသည်။
မင်းသားရူးက ဘယ်လိုတုန့်ပြန် မလဲ ဆိုတာလည်း သိချင်နေကြသည်။ အသံတော့မပေးကြ။ 
တိတ်တဆိတ်နားစွင့်နေကြပြီ။
အဲ့ဒီ့အချိန်မှာပဲ မင်းသားရူး၏အသံဆိုးကြီး ထွက်ပေါ်လာသည်။
“ဘာလဲကွာ။ ငါ့ဟာ့ငါ အိပ်နေတာကို
ဘယ်သူလာရန်စတာလဲကွ ဟေ”
အောင်မာ။ သူ့အသံကလည်း ဌာန်နဲ့ မာန်နဲ့ဖြစ်သည်။ တစ်ကယ့်ယောကျာ်းရင့်မာကြီး
တစ်ယောက် ဒေါသထွက်နေသည့်အသံမျိုး။ အမှန်တော့.. အခြောက်ကလည်း ဥာဏ်ကောင်းသည်။ 
ပတ်ဝန်းကျင်အခန်းတွေ ပဲဖြစ်ဖြစ်။ အိမ်ရှင်အဖိုးကြီး၊ အဖွားကြီးလင်မယားပဲဖြစ်ဖြစ်
နိုးလာလျှင်အကူအညီရလိုရငြားဟုတွေးပြီး အသံကို တမင်မြှင့်ပြောလိုက်ခြင်းဖြစ်သည်။
ကံကိုဆိုးချင်တော့ အခြားသူတွေကြား၊ မကြားမသေချာသော်လည်း အိမ်သာနားရောက်နေသော
‘လွန်ကဲ’က ကြားသွားသည်။ ဒယိမ်းဒယိုင်ဖြင့် မင်းသားရူး၏အခန်းရှိရာသို့ ပြန်ကွေ့လျှောက်လာသည်။
မင်းသားရူး၏အခန်းတံခါးကို ‘ဝုန်း’ကနဲ ခြေထောက်ဖြင့် ဆောင့်ကန်ဖွင့်လိုက်သည်။
“ဟေ့ကောင် အေ့ မင်းခုနဘာပြောတာလဲကွ”    
လေးလေးပင်ပင်အသံကြီးဖြင့်မေးသည်။
‘လွန်ကဲ’ ၏ ဒေါသနှင့်လက်သီးအကြောင်းကို ကောင်းကောင်း သိနေသောမင်းသားရူးခမျာ
တဆတ်ဆတ်တုန်အောင်ကြောက်နေပြီဖြစ်သည်။
သို့သော်…… သူကလည်းအခြား သူ မဟုတ်။ နာမည်ရမင်းသားတစ်ဦးဖြစ်လာမည်ဟု
ကိုယ့်ကိုယ့်ကိုယ်ခံယူထားသူဖြစ်သည်။ ဟန်ကိုယ့်ဖို့ ဟူသောအမူအယာလောက်တော့
သူကောင်းကောင်းကျွမ်းကျင်သည်။ ကြောက်ကြောက်နှင့်ပင် တဆတ်ဆတ် တုန်ယင်နေ
သောဒူးကို မနည်းအားတင်းထိန်းရင်း မျက်နှာထားတင်းလိုက်သည်။ ပြီးမှ စောစောကထက်
ပိုမို ကျယ်လောင်သော ၀မ်းခေါင်းသံကြီးဖြင့် ..
“လွန်ကဲ မင်းကဘာလဲကွ။ ငါ့ဟာ့ငါအိပ်နေတာကို ငါ့အခန်းတံခါးကိုလည်း မင်းကလက်သီးနဲ့
အရင် လာထိုးသေးတယ်။ မင်းအရင် ရန်စတာကွ။ သိလား။ မင်းအရင်ရန်စတာ။ ငါက အေးဆေးနေတာ။”
ကြောက်ကြောက်လန့်လန့်နှင့်စကားတွေတရစပ်ပြောသည်။ အသံကိုလည်း ကျယ်သထက်ကျယ်အောင်
မြှင့်မြှင့်ပြီးပြောလာသည်။ သူ့အခန်းတံခါးကိုမှီရပ်ရင်း သတ်တော့,ဖြတ်တော့မလိုစိုက်ကြည့်နေသော 
‘လွန်ကဲ’၏ မျက်ထောင့်နီကြီးတွေကို ကြည့်ရင်းကြည့်ရင်း မျက်ရည်က အလိုလိုဝိုင်းတက်လာသည်။
ဘေးခန်း များတွင်နေသောလူများကလည်း မင်းသားရူးကိုသောက်မြင်ကပ်သည့်အရှိန်ဖြင့်
တစ်ယောက်မှထွက်မလာကြ။ သေပစေဟူသောသဘောဖြင့် ‘လွန်ကဲ’နှင့် လွှတ်ပေးထား
ကြသည်။ ‘လွန်ကဲ’ ပုံစံကြီးကိုကြည့်ရင်း သူ့မှာ ချက်ချင်းပင် လဲသေပစ်ချင်စိတ်ပေါက်လာသည်။
ဒီအချိန်မှာပင် ‘လွန်ကဲ’ စကားသံထွက်ပေါ်လာသည်။
“ဟေ့ကောင် အခြောက်။ ဟေ့ကောင် မင်းသားရူး။ မင်း မကျေနပ်ဘူးလား။
မင်း ဘာဖြစ်ချင်လဲ ပြောစမ်း။ မင်းဘယ်လိုရှင်းချင်လဲ။ ပြောပါ။ ပြောပါ။ ပြောကြည့်လိုက်စမ်းဘာ”
အကြောက်လွန်ပြီး တုန်ယင်နေတာကိုတွေ့လည်း ‘လွန်ကဲ’ကတော့ မလျှော့။
မူးမူးရူးရူးနှင့် ပက်ပက် စက်စက်ကို ချဲနေသည်။ ဒီညတော့အပြတ်ကိုရှင်းမည်ဟုပြောထားသည့်
အတိုင်း တစ်ကယ်ရှင်းပြီဖြစ်သည်။
“ဟေ့ကောင် မင်းသားရူးပြောလေ  မင်းဘာဖြစ်ချင်လဲလို့”
“လွန်ကဲ မင်းအေးဆေးနေနော် မင်းနဲ့ငါနဲ့ ရန်သူမဟုတ်ဘူးနော် မင်းနော် မင်း မင်း”
အခြောက်ကအကြောက်အကန်ငြင်းသည်။ ငြင်းရင်းနှင့်ပင်မျက်ရည်တွေက ၀ိုင်းတက်လာပြန်သဖြင့် 
‘လွန်ကဲ’ ကိုပင် ဝေဝေဝါးဝါးသာမြင်ရတော့သည်။ ဘယ်သူမှလည်းဝင်ရောက်မကူညီကြသေး။ 
သူ တစ်ကယ့်ကို သေချင်နေပြီဖြစ်သည်။ အကြောက်ပြေလိုပြေငြား ‘လွန်ကဲ’နှင့်ဝေးရာ နံရံထောင့်သို့
ပြေးကပ်မိသည်။ သည်တော့မှ နံရံထောင့်မှာထောင်ထားသောသစ်သားချောင်းတစ်ချောင်းကို
လက်နှင့်စမ်းမိပြီး အကြီးအကျယ် အားတက်သွားသည်။ သစ်သားချောင်းကိုကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်လိုက်ရင်း ‘လွန်ကဲ’ဘက်သို့ လှည့်ကာ ..
“ဟေ့ကောင် လွန်ကဲ။ မင်းအခုချက်ချင်း ငါ့အခန်းဝကနေထွက်သွားစမ်း။ သွားကွာ။
မင်းသွား။ မင်း မသွားရင် ငါရိုက်မိတော့မယ်”
အကြောက်လွန်နေသည့်အချိန်တွင် အားကိုးရာသစ်သားချောင်းကိုရလိုက်သဖြင့် စိတ်က
လွတ်သွားပြီး ဘာတွေပြောမိမှန်းမသိ။ ပြောပြီးမှ နောင်တရသလိုဖြစ်လာသည်။ ဝေဝါးနေသော
မျက်လုံးများဖြင့် ‘လွန်ကဲ’ ကို ကြည့်လိုက်တော့ သူထင်သည့်အတိုင်းပင်။ မျက်နှာထားက
စောစောကထက်ပိုမိုတင်းမာသွားသည်။ သူ့မျက်နှာ ဘက်သို့ သစ်သားချောင်းတရမ်းရမ်းလုပ်ပြီး
ခြိမ်းခြောက်တာမြင်လိုက်ရသဖြင့် ဒေါသကငယ်ထိပ်ဆောင့်တက်သွားသည်။ 
‘လွန်ကဲ’ကို ဒါမျိုးလာလုပ်လို့မရ။ ဒေါသစိတ်လွန်ကဲလာသဖြင့် ‘လွန်ကဲ’ ဘာကိုမှမမြင်တော့။
ရှေ့သို့ တစ်လှမ်းချင်းတက်လာရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
“ဟေ့ကောင် လွန်ကဲ မင်း အနားကပ်မလာနဲ့နော်။
ငါရိုက်မှာနော် ဟေ့ကောင် မကပ်လာနဲ့နော်”
ကြောက်ကြောက်လန့်လန့်ဖြင့်အနောက်ကိုဆုတ်ရင်းပြောသည်။
‘လွန်ကဲ’က မရတော့။ နီးသထက်နီးအောင် တိုးလာသည်။
“ရိုက်လေ ။ မင်းရိုက် ။ ကြိုက်တာပေါ့ကွာ။  ရိုက်စမ်း။ ရိုက်။ လာပါကွ”
တရွေ့ရွေ့နီးကပ်လာသော ‘လွန်ကဲ’ကိုကြည့်ရင်း မင်းသားရူးတစ်ကိုယ်လုံးနတ်ပူးသလိုယိမ်းထိုးလာရသည်။
တဖြည်းဖြည်းနှင့် ‘လွန်ကဲ’က လက်တစ်ကမ်းအကွာသို့ရောက်ရှိလာပြီဖြစ်သည်။
“ဟေ့ကောင် လွန်ကဲ
မင်း… မင်း…”
မင်းသားရူးမှာအထိတ်တလန့်အော်ရင်းသစ်သားချောင်းကြီးကိုကိုင်ရင်း နောက်လှည့်ပြေးတော့သည်။ 
သို့သော် အခန်းကျဉ်းလေးမို့ မလွတ်။ ‘လွန်ကဲ’က နောက်မှမှီလာပြီး မင်းသားရူး၏တင်ပါးကို
ခြေထောက်ဖြင့် ဖြတ်ကန်သည်။
“ဘုန်း”
“အင့်”
‘လွန်ကဲ’ကန်လိုက်သောအရှိန်နှင့် မင်းသားရူးမှာလွင့်သွားပြီးကုတင်းစောင်းနှင့်နဖူးမိတ်ဆက်မိ
သဖြင့် မျက်စိထဲလင်းလက်ပြီးထူပူသွားရသည်။ ‘လွန်ကဲ’ကလည်း မသက်သာ။ ဒေါသကြောင့်သာ
ပြေးကန်လိုက်ရ သည်။ သူလည်း အမူးလွန်နေသူမို့ သူ့အရှိန်နဲ့သူပြုတ်ကျပြီး နံရံနှင့်ခေါင်းနှင့်
‘ဝုန်း’ကနဲ ဆောင့်မိသည်။
“ဟေ့ကောင်တွေ…ဟေ့ကောင်တွေ… ဘာဖြစ်ကြတာလဲကွ အချင်းချင်းရန်မဖြစ်ကြနဲ့လေကွာ”
စသဖြင့် တစ်ယောက်တစ်ပေါက်အသံတွေ ဆူညံပြီး ဘေးခန်းမှလူတွေ အပြေးအလွှားရောက်လာကြ သည်။ 
အမှန်တော့ အစောကြီးကတည်းကနိုးနေကြပြီး မင်းသားရူးကိုကြည့်မရသဖြင့် 
တမင်လွှတ်ပေးထားကြ ခြင်းဖြစ်သည်။ ယခုလိုညကြီးမိုးချုပ်မှာ ဝုန်းဒိုင်းကျဲဖြစ်လာပြီဆိုတော့
လွှတ်ထားလို့မရတော့။ အားလုံးမျှော်လင့် ထားသည့်အတိုင်းပင်။ အဆောင်ပိုင်ရှင်အဖွားကြီးကလည်း 
အိပ်ပျော်နေရာမှဆူညံသံတွေကြောင့် နိုးသွားပြီး ရောက်ရှိလာသည်။
“ဟဲ့ကောင်တွေ ဘာဖြစ်ကြတာလဲဟင်
ညမိုးချုပ်ကြီးကွာ ပြဿနာရှာကြပြန်ပြီလား အဆောင်ကနေ အထုတ်ခံချင်လို့လား ဟေ။
ထုတ်မယ်။ နင်တို့အကုန်လုံးကို အဆောင်ကထုတ်ပစ်မယ်”
အဖွားကြီးကလည်း တွေ့သမျှအကုန်ပတ်ကောတော့သည်။ မင်းသားရူး၏အခန်းထဲကို 
ကြည့်လိုက်တော့လည်း နှစ်ယောက်စလုံးက မည်သို့ချလိုက်သည်မသိ။ ရန်သူများမှာအတုံးအရုန်း
ဟူသည့်သိုင်းဝတ္ထုထဲမှ စာသားလိုဖြစ်နေသည်။ အဖွားကြီး၏ဆူသံများ၊ တစ်ယောက်တစ်ပေါက်
ဖြေရှင်းသံများဖြင့် အဆောင်တစ်ခုလုံး ဆူညံပွက်လော ရိုက်နေလေတော့သည်။ အခန်းတိုင်းနီးပါးကလည်း
မီးများဖွင့်လိုက်ကြပြီဖြစ်သဖြင့် အဆောင်တစ်ခုလုံး နေ့ခင်းဘက်ကြီးအလား
လင်းထိန်ဆူညံလျှက်ရှိနေလေတော့သည်။
*********
(၄)
မင်းသားရူးအခြောက်၏တစ်ဖက်ခန်းတွင် ‘လွန်ကဲ’နေထိုင်သည့်အခန်းရှိသလို၊ အခြားတဖက်ရှိ
ကပ်လျှက်အခန်းတွင်လည်း စာရေးဆရာတစ်ယောက်နေထိုင်သည်။ ထိုစာရေးဆရာလည်း ကံဆိုးသည်။ 
စာရေးလို့ကောင်းနေဆဲမှာပင် ‘လွန်ကဲ’ နှင့် ‘မင်းသားရူး’တို့၏ အဖြစ်အပျက်ကြောင့်
ခံစားချက်တွေ ရွာလွန်ရွက်တိုက်ထွက်ခွာသွားလေသည်။ တိတ်ဆိတ်သည့်ညဘက်ကို
ရွေး၍စာရေးပါသည်ဆိုမှ တစ်ဆောင်လုံး မီးတွေထိန်ထိန်လင်းနေကာ နေ့ခင်းဘက်ထက်ပင်
ဆူညံနေသေးတော့သည်။ ရေးလက်စ ဝတ္ထုတွေ၊ကဗျာတွေ လည်း ဘယ်ဆီရောက်မှန်းမသိတော့။
တော်တော်နှင့် ပြန်လည်တိတ်ဆိတ်မည်လည်းမဟုတ်သဖြင့် အိပ်စက်ဖို့ရန်လည်း မလွယ်ကူလှ။
စိတ်ညစ်ညစ်နှင့် ဘောလ်ပင်နှင့်စာအုပ်ကိုပစ်ချရင်း ဆေးပေါ့လိပ်ကိုသာ တွင်တွင်ဖွာရှိုက်နေမိ
တော့သည်။
*********
(၅)
တစ်ကယ်တော့ အဆောင်တစ်ခုတည်းတွင် ကုတင်ချင်းကပ်လျှက်ပင်ဖြစ်စေ၊ အခန်းချင်း
ကပ်လျှက် တွင် ဖြစ်စေ နေထိုင်ကြရသူများသည် စက်ပစ္စည်းတစ်ခု၏ ပင်နယံ(pinion) လေးများနှင့် 
တူပါသည်။
‘လွန်ကဲ’ နှင့် ‘မင်းသားရူး’ဟူသော ပင်နယံ(pinion)လေးနှစ်ခု၏ချို့ယွင်းချက်ကြောင့်
အခြားသော အဆောင်နေသူအားလုံး(အခြားသော ပင်နယံလေးများ)မှာလည်း
၎င်းတို့နည်းတူ အိပ်စက်ခြင်းဟူသော ယန္တရားကြီးကို ရပ်တန့်ထားလိုက်ရလေတော့သည်။
                                              =========================
 တိမ်ပြာပြာ နေ့တစ်နေ့ ဆန်းဒေးမှာကွယ်
_____ သ င်း ကွဲ _______________
အခန်းတံခါးကို လော့ခ်ချလိုက်သည်။ ကုတင်ဘေးရှိ ဖတ်လက်စ စာအုပ်က မြတ်သစ်၏
တနင်္ဂနွေဝိုင်းနှင့် အခြားဝတ္ထုတိုများ။ တစ်ခုခုကိုကိုက်ဖြတ်နေသံ ကြားရ၏။ ကြွက်တွေ 
သောင်းကျန်းနေပြန်ပြီ။ သူသည် တောင်ကုန်းတစ်ခုပေါ်တွင် သစ်လုံးအိမ်ကလေး ဆောက်လုပ်နေထိုင်၏။
လူတစ်ယောက် ခုန်ချသတ်သေနိုင်လောက်သည့် အမြင့်ရှိသော တောင်ကုန်းဖြစ်သည်။
( ထိုတောင်ကုန်းအား ချက်ကော့ဗ်၏ သေနတ်လို မမြင်စေချင်ပါ။ )
ယနေ့က သောကြာနေ့ ဆိုတော့ သဘက်ခါမြောက်ဥက္ကလာ သွားရမည်ဟု စိတ်ထဲ တေးမှတ်
ထားလိုက်၏။ ဆရာသစ္စာနီ၏ မြောက်ဥက္ကလာနေအိမ်တွင် အပတ်စဉ် တနင်္ဂနွေဝိုင်းရှိသည်ကိုး။
သူ ယခု သစ်လုံးအိမ်ကလေးတွင် မနေတော့။ရန်ကုန်ရှိ တိုက်ခံအိမ်တွင် နေထိုင်လျှက်ရှိ၏။
တနင်္ဂနွေဝိုင်းနှင့် အခြားဝတ္ထုတိုများအားဖတ်နေသည်မှာ တော်တော်ကြာခဲ့ပြီဖြစ်သည်။
သူ့စိတ်ထင် အနည်းဆုံး သုံးနှစ်ခန့် ရှိမည်။ယခုထိ မပြီးသေး။ မြတ်သစ်ဟူသည့် ပုဂ္ဂိုလ်ကလည်း
ဘာတွေရေးထားမှန်းမသိ။ သူ့ဦးနှောက်ခပ်သေးသေးနှင့် စဉ်းစားရကြပ်လှသည်။
မြတ်သစ်၏ အမည်ရင်းမှာ ကျော်စိန်ဟု သိရသည်။ သူ့အသက်အရွယ်နှင့်ယှဉ်လျှင်
ဦးကျော်စိန် ဟု ခေါ်ရပေမည်။ စာရေးဆရာ မောင်မောင်ဇေယျ၏ ဝတ္ထုတိုထဲမှလို
“ထားလိုက်ပါတော့ ကိုကျော်စိန်ရယ်” ဟုညည်းရမလို အနေအထား ဖြစ်နေသည်။
စီးကရက်ဘူးကောင်တာတွင်ရပ်၍ သူလိုချင်သည့် စီးကရက်အမျိုးအစားကို ရှာဖွေနေ၏။
မတွေ့။ သူ ဘာစီးကရက်အမျိုးအစားကိုရှာနေတာလဲဆိုတာ သူကိုယ်တိုင် မသိ။
ခက်သည်။ နောက်ဆုံးတွင် စိတ်ရှုပ်ထွေးစွာဖြင့် ကဗျာစာအုပ်ဝယ်ပြီး ပြန်လာခဲ့သည်။
အောင်ချိမ့်ရေးသည့် “တောလား”။ ထိုစာအုပ်အား ဖတ်အပြီးတွင် သူ ဆံပင်ညှပ်ချင်စိတ်ပေါက်သွားသည်။ 
ဝတ်ရုံဖြူကြီး “လွှား” ခနဲ။
အခန်းတံခါးကို လော့ခ်ချလိုက်သည်။ စိတ်ကိုလော့ခ်ချလိုက်သည်။ ယနေ့သည် သောကြာနေ့ ဖြစ်၏။ 
တနင်္ဂနွေဝိုင်းနှင့် အခြားဝတ္ထုတိုများအား အသည်းအသန်ဖတ်နေရဆဲ။ 
ထားလိုက်ပါတော့ ကိုကျော်စိန်ရယ်။ တောကြီးမျက်မည်းတွင်ရောက်နေ၏။ 
တိုးလေ မှောင်လေ၊ တောက ပို၍နက်လာသည်။ သူ ဆံပင်ညှပ်ရန် သွားနေခြင်းဖြစ်၏။ 
ဝတ်ရုံဖြူကြီး “လွှား”ခနဲ။ “တောလား”။
ထားလိုက်ပါတော့ မခင်မိရယ်။ ထားလိုက်ပါတော့ ဘုန်းသန့်ကျော်ရယ်။ ထားလိုက်ပါတော့ ရှယ်လီရယ် ။
ထားလိုက်ပါတော့ ကတ်ကိုဘိန်းရယ်။ ထားလိုက်ပါတော့ ဂျနီဖာလိုပက်စ်ရယ်။
ထားလိုက်ပါတော့ ကိုကျော်စိန်ရယ်။ တံခါးခေါက်သံကြားရသည်။ တံခါးဖွင့်ပေးလိုက်ရာ
သော့ပြင်ကုလားကို တွေ့ရ၏။
သူ့အခန်းတံခါး လော့ခ်ပျက်နေသည်။
                                            +++++++++++++++++++++++++++++++++++++++++++
          အွန်လိုင်း အနုပညာရပ်ဝန်း 
 ကျွန်မနဲ့ သူနဲ့  ( နန်းညီ ) (၃/၂၀၁၂)
___ လမ်းလျှောက်ဘလော့ဂါ _________
ဒီလအတွက် ဘလော့ဂါ လမ်းလျှောက်ထွက်ရင်း ဘလော့ဂ်တစ်ခုကို ရောက်တယ်။ 
ဘလော့ဂ်ပိုင်ရှင်ကနန်းညီ တဲ့။ နန်းညီရဲ့ စကားပြေအရေးအသားနိုင်နင်းမှုကို သဘောကျပြီး 
“ကျွန်မရဲ့ သူ” ဆိုတဲ့ဘလော့ဂ်ပို့စ်လေးကို ဖော်ပြပေးလိုက်ပါတယ်။
နန်းညီ ရဲ့ ဘလော့ဂ်ကို သွားရောက်ချင်တယ်ဆိုရင်တော့ နန်းညီရဲ့ဘလော့ဂ်လိပ်စာက
 http://nangnyi.blogspot.com  ဖြစ်ပါတယ် ။ နောက်လနောက်လတွေမှာလည်း
ဘလော့ဂ်တွေပေါ် လမ်းလျှောက်ထွက်ရင်း ရသကောင်းလေးတွေကို ခရမ်းရိပ်ပရိသတ်အတွက်
ဝေမျှပေးသွားပါမယ် ။ ကဲ ... နန်းညီရဲ့ စကားပြေလက်ရာလေးကို ခံစားလိုက်ပါဦး ။
- - - - - - - - - - - - - - - - - - - - - - - - - -
“ကျွန်မရဲ့ သူ”
Gtalk ကို ကျွန်မဖွင့်လိုက်တိုင်း အနီရောင်သင်္ကေတလေးဖြင့် သူ့ကိုမြင်နေကျဖြစ်သည်။
တစ်ခါတရံ လိမ္မော်ရောင်လေး ဖြစ်နေတတ်သဖြင့် “မောနင်း”လို့ ကျွန်မက လှမ်းနှုတ်ဆက်ရ၏။
ခဏကြာမှ အရောင်လေး ဖျတ်ကနဲ ပြောင်းသွားကာ သူ့ရဲ့ပြန်နှုတ်ဆက်နေကျစကားလေး
ပေါ်လာတတ်ပါသည်။ “မောနင်းဗျာ.. ခြေနေ?” ။ ဒါက သူနဲ့ကျွန်မရဲ့ အမြဲစတင်
နှုတ်ဆက်နေကျစကားများ။ အဲသည့်စာတန်းလေး ပေါ်လာကာ အဲသည့် အရောင်လေး ပြောင်းသွားဖို့ကို
စောင့်ကြည့်ရသည်က ကျွန်မအတွက်ပျော်စရာတစ်ခုဖြစ်သည်..
တစ်ခါတလေ ပိတ်ရက်မှာ ကျွန်မှာ Online တက်မိ၍ သူ့ကို မီးခိုးရောင် Offline အနေဖြင့်မြင်ရလျှင် တစ်ခုခု
လိုနေသလို လစ်ဟာနေတတ်ပါသည်.. သူနှင့် စကားအမျှင်မပြတ် ပြောနေသည်ဖြစ်စေ.. အလုပ်များသဖြင့်
ပြတ်တောင်းပြတ်တောင်းပဲ ပြောဖြစ်သည်ဖြစ်စေ.. စကားလုံးဝမပြောဖြစ်ပဲ လိမ္မော်ရောင် သင်္ကေတလေးနဲ့ပဲ
မြင်ရသည်ဖြစ်စေ.. သူရှိနေသည်ဟူသည့်အသိက ကျွန်မကို နွေးထွေးစေ၏.. ကျွန်မတို့နှစ်ယောက်
မိုင်ပေါင်း များစွာဝေးကွာနေပေမယ့် သူက ကျွန်မအနားမှာရှိနေသလို.. အဲသည့်ခံစားမှုကိုပေးပါသည်.. 
တစ်ရက်ကလေး တစ်ခဏကလေး သူပျောက်ကွယ်နေတာတောင် ကျွန်မ နေလို့မတတ်ခဲ့တာ.. 
အကယ်၍သာ သူထာဝရ ပျောက်ကွယ်သွားမည်ဆိုလျှင် ကျွန်မ ဘယ်လိုများ ကျန်ခဲ့မှာပါလိမ့်.. 
သူဟာ ကျွန်မကို ထားခဲ့ပြီး ဗြုန်းကနဲ ပျောက်ကွယ်သွားမှာလို့ ကျွန်မ အမြဲ စိုးရိမ်ထိတ်လန့်နေပါသည်.. 
“ကျွန်တော် မရှိတော့ရင် ခင်ဗျားသိပ်ခံစားမနေနဲ့” လို့ သူကတော့ မှာဖူးပါရဲ့.. ဒါပေမယ့်ကွယ် မခံစားဘဲ
နေနိုင်မယ်လို့ ကျွန်မတော့ မထင်ပါဘူး..
သူက အွန်လိုင်းသူငယ်ချင်း သိပ်မရှိပါ.. အပြင်မှာခင်မင်သူများကိုသာ Gtalk စကားလုံးများမှ တဆင့်
စကားပြောသည်ဟု ဆိုပါသည်.. ဒါဖြင့် ကျွန်မက ကံထူးတာပေါ့နော်.. ဘာလို့လဲဆိုတော့ ကျွန်မနဲ့သူ
အပြင်မှာ မတွေ့ဖူးကြ.. ကျွန်မ ဘလော့က စာများကို သူလာဖတ်ရင်းမှ ကျွန်မတို့ ခင်မင်ခဲ့ကြပြီး 
အံ့သြဖို့ ကောင်းသည်က သူက ဘလော့ဂါလည်း မဟုတ်ပြန်ပါ.. ကျွန်မရဲ့ အမှားတစ်ခုကို 
သူထောက်ပေးရာမှစလို့ သူ့နာမည်စာလုံး အတိုကောက်ကလေးကို ကျွန်မစတင်ရင်းနှီးခွင့်ရခဲ့သည်.. 
ကျွန်မရဲ့ Post များမှာ သူ့မှတ်ချက်ကလေးတွေ များများလာသည်နှင့်အမျှ
သူ့ကိုလည်း ကျွန်မစိတ်ဝင်စား ရင်းနှီးနေခဲ့တာ.. ဘယ်လောက်တောင်လည်းဆို သူ့နာမည်အတိုကောက်
နဲ့အတူ ထားခဲ့သည် link က “ကြယ်တွေ”ဟု ရောင်စုံအလုံးကလေးတွေ တရွေ့ရွေ့လှုပ်ရှားနေသည်ကလွဲလို့
တခြားဘာမှမရှိသည့် web page တစ်ခု.. သို့သော် အဲဒိ ကြယ်တွေကိုပဲ ကျွန်မ သွားသွားငေးမောနေမိသည်က
စိတ်ဝင်စားဖို့မကောင်းဘူးလား.. သူနဲ့တစ်ခါမှ ချက်တင်စကား မပြောဖူးခင် သူ့နာမည်တောင်
မသိခင်ကတည်းက သူ့ဖန်တီးမှုလေးကို စွဲလမ်းနေမိတာ.. သူ့ရဲ့ကြယ်များက ကျွန်မကို ညှို့ငင်လွန်းပါသည်..
နောက်တော့ သူ့ရဲ့ဖိတ်ခေါ်ချက်အရ သူနဲ့ကျွန်မ Gtalk မှာတွေ့ကြပါသည်.. တွေ့တွေ့ချင်းမှာပဲ ကျွန်မတို့ 
စိတ်ချင်းတူညီနားလည်စွာ စကားပြောဖြစ်ကြသည်..
(ကျွန်မဘက်က တစ်ဖက်သတ်ထင်တာလည်း ဖြစ်နိုင်ပါသည်)..
ကျွန်မတို့ တစ်ယောက်အကြောင်း တစ်ယောက် စပ်မိစပ်ရာတွေပြောကြသည်.. 
သူက မြန်မာပြည်မဟုတ်သော နိုင်ငံတစ်ခုမှ ဒီဇိုင်နာဖြစ်သည်.. သူ့ဘက်က အလုပ်များနေသဖြင့် 
စကားပြန်တာ နှေးနေလျှင် “အလုပ်များနေလား .. ဒါဖြင့်လည်း လုပ်လုပ်” လို့
ပြောတတ်ပြီး.. သူကလည်း သူလုပ်နေတဲ့ အလုပ်ဘာလဲဆိုတာ ပြန်ဖြေပေးတတ်သည်.. 
အဲဒိနောက် အဲဒါအကြောင်းဆက်ပြောရင်း ကျွန်မတို့စကားဝိုင်းက ရှည်လျားပြန်ပါသည်.. ကျွန်မက
အလုပ်များနေလို့ စကားပြန်မပြောနိုင်ရင်တော့.. “ဟေ့လူ တိတ်လှချည်လား” လို့ သူပြောတတ်၏..
တစ်ခါတော့ ကျွန်မဘက်မှ လုံးဝစကားပြန်မလာသဖြင့် သူညည်းဖူးသည်.. 
“ကျနော့်ကို စကားလဲမပြောကြဘူးဗျာ လူတွေ.. .. ပစ်ထားကြတယ်” တဲ့.. အဲဒိနောက်ပိုင်းကစလို့
အလုပ်များရင်တောင် အလုပ်များတဲ့အကြောင်း ကျွန်မ ပြန်ပြန် ပြောပြဖြစ်ပါသည်.. ကျွန်မတို့ 
စကားပြောပုံက အစီအစဉ် ကျနမှု လုံးဝမရှိပါ.. စိတ်ထဲပေါ်ရာ တွေးမိတွေးရာတွေကို 
အစပ်အဆက်မရှိ ပြောတတ်ကြသည်.. ကဗျာတွေ ပုံတွေအကြောင်းပြောကြသည်.. ပိုဆိုးတာက 
သူစကားပြောပုံမှာ ဗန်းစကားတွေ လျှို့ဝှက်စကားတွေ ကဗျာထဲ စာထဲက စကားတွေ
အများကြီးထည့်ထည့်ပြောပုံမျိုး.. ကျွန်မသူငယ်ချင်းတစ်ယောက်က ကျွန်မတို့ 
စကား ပြောနေတာတွေကို ဘေးကလာဖတ်ပြီး “ဘာတွေပြောနေမှန်းကိုမသိဘူး”ဟု နှာခေါင်းရှုံ့ 
သွားဖူးပါသည်.. ကျွန်မ ရယ်မောနေခဲ့မိ၏..
သူက လူ့ဘောင်ပတ်ဝန်းကျင်မှ မကောင်းဘူးဟု သတ်မှတ်ထားသည့် အပြုအမူ အလေ့အကျင့်
တော်တော် များများကိုလည်း စွဲလမ်းသူဖြစ်သေးသည်.. ကျွန်မ သူ့ကို မတားပါ.. မထိန်းကွပ်ပါ.. 
တစ်ခါကတော့ “နည်းနည်းလျှော့ဖို့ကြိုးစားပါဦး” ဟု ပြောကြည့်ဖူးသည်..
သူက “ဘာအတွက်လဲ” လို့ ပြန်မေးတော့ ကျွန်မဝမ်းနည်းသွားပါသည်.. အဲဒီ့နောက်ပိုင်းတော့
သိပ်မလွန်စေအောင် ပြောရုံကလွဲလို့ တားမြစ်စကား မပြောဖြစ်ပါ.. သူဘာကြောင့် အဲဒါတွေစွဲလမ်းနေလဲ
ဆိုတာ ကောင်းကောင်းသိနေသူမို့လည်း ရင်နာရုံရင်မောရုံကလွဲလို့ ကျွန်မသူ့ကိုတော့ဖြင့် မတားရက်
နိုင်ခဲ့.. ပြီးတော့ တားရအောင်ကလည်း ကျွန်မက သူ့ချစ်သူမှ မဟုတ်ဘဲနော်.. ချစ်သူတွေလားလို့
မေးရင် မဟုတ်ဘူးဟု ဖြေရလွယ်သလောက်.. ဒါဖြင့် မချစ်ကြဘူးလားလို့ မေးရင်တော့ အင်မတန်ဖြေရခက်
မှာပါပဲ.. သူက ကျွန်မချစ်သူမဟုတ်ပါ.. သူငယ်ချင်းလည်း မဟုတ်ပါ.. အသိမိတ်ဆွေ..မောင်နှမ.. 
အဲဒါတွေလည်း တစ်ခုမှမဟုတ်ပါ.. သူက “သူ” ဖြစ်သည်..
ကျွန်မအတွက်တော့ အဲဒါကတင် အဓိပ္ပါယ်ပြည့်စုံနေပါပြီ..ကျွန်မအတွက်
 နောက်ထပ်အစားထိုးလို့မရနိုင်တော့မည့် သူ.. သူ့ကိုချစ်လားလို့ မေးရင်တော့ ကျွန်မအတွက်အဖြေက
လွယ်ပါသည်.. ဟုတ်ကဲ့ ဟု ခေါင်းညိတ်ရုံပါပဲ..
သူကျွန်မထက် အသက်အတော်လေးကြီးပါသည်.. သို့သော် ကျွန်မက သူ့နာမည်အလယ်တစ်လုံးကိုသာ
အဖျားဆွတ်လျက်ခေါ်တာ သူနှစ်ခြိုက်မယ်လို့ ကျွန်မတော့ ထင်တာပဲ.. ကျွန်မက စကားပြောရင်
ကိုယ့်ကိုကိုယ်နာမ်စားအဖြစ် ကျွန်မနာမည် ၂ လုံးအနက်အနောက်တစ်လုံးကိုသာ အသုံးပြုပေမယ့်
သူကတော့ အရှေ့အလုံးကို နှစ်သက်သည်ဟု ဆိုပါသည်.. သို့သော်မခေါ်ပါ.. “ဟေ့လူ” ဟုသာ သူကျွန်မကို
ခေါ်လေ့ရှိ ပါသည်.. “ကျွန်တော်” “ခင်ဗျား” နာမ်စားကိုသာ သူအသုံးပြုပါသည်.. “ကျွန်တော်”ဟု 
ဘယ်တော့မှ သူစာလုံးမပေါင်းဘဲ “ကျနော်”ဟုသာ ပေါင်းတတ်၏..
“ခင်ဗျား”ဟူသည့် နာမ်စားကို ကိုယ့်ထက်ကြီးသူ တစ်ယောက်က သုံးနှုန်းတာ မခံဖူးသူ ကျွန်မအဖို့
သူက ဆန်းနေခဲ့ပါသည်.. “ယောက်ဖ”လို့လည်း တစ်ခါတလေ သူခေါ်တတ်၏.. ယောက်ဖ တော်လို့
ရလို့လားဟု သူ့ကိုမေးတော့ “ကျွန်တော်ချစ်တဲ့သူမှန်သမျှ ယောက်ဖပဲ” ဟု ပေကပ်ကပ်ဖြေပါသည်..
မကြာခဏ ဆိုသလို “ဒီမှာဟေ့လူ ခင်ဗျားအတွက်” ဟု ပြောကာ သူစုထားသော စာအုပ်များ .. ကျွန်မကို
ဖတ်စေချင်သည်များ.. ကဗျာတွေ.. သူကြိုက်သော သို့မဟုတ် သူဖန်တီးထားသော ဒီဇိုင်းပုံတွေ.. အဲဒါတွေရဲ့
Link ကိုပေးတတ်သည်.. ကျွန်မကလည်း သူပေးတာတွေ အင်တာနက်ပေါ်မှ ဆွဲချသိမ်းယူကာ အိမ်က 
ကျွန်မကွန်ပျူတာထဲမှာ သိမ်းထားလိုက်သည်ချည်းပင်.. တစ်ချို့စာအုပ်တွေ ကျွန်မ ခုထိပြီးအောင် 
မဖတ်ရသေးပါ.. သီချင်းတွေ တစ်ချို့ ကျွန်မ မကြိုက်ပါ.. အင်္ဂလိပ်စာသားပါသော 
အဓိပ္ပါယ် ဖော်ရခက်သည့် ပုံတစ်ချို့ခုထိ ကျွန်မ မကြည့်တတ်သေး.. သူကြိုက်သော Language Poem
တစ်ချို့ ခုထိ ကျွန်မ သဘောမပေါက်တတ်သေးပါ.. ဒါပေမယ့် အားလုံးကိုတော့ သူ့နာမည်လေးဖြင့်
သူပေးထားတာတွေဟု Folder လေးတစ်ခုလုပ်ကာ စုသိမ်းထားပါသည်..
ကျွန်မဖတ်ဖို့ နေမျိုး၏ကဗျာများကို စုကာ E-Book ကလေး သူလုပ်ပေးပါသည်.. dedication က ကျွန်မ 
ကြီးလာရင် ဖတ်ဖို့တဲ့.. မာတိကာရဲ့အရှေ့က စာမျက်နှာလေးတွင် ကျွန်မတို့ ဂျီတော့ထဲမှာ နေမျိုးအကြောင်း 
အပြန်အလှန်ပြောထားတဲ့ စကားလေးငါးခွန်းကို ပြန်ထည့်ပေးထားသေးသည်.. နေမျိုးကဗျာတွေကို 
နားလည်ခံစားတတ်ဖို့ ပင်ပန်းကြီးစွာကြိုးစားရလေ့ရှိသောကျွန်မ.. ထိုစာအုပ်ကို
ဖတ်တာ အဲသည့်စာမျက်နှာ ၂ ကနေ မတက်ဘူးလို့ပြောရင် သူရယ်များနေမလား..
ကျွန်မအတွက် သူစာအုပ်တွေစုထားပေးတဲ့ Website Link မှာ xxx.xxxxx.net/4N/ ဟုဖြစ်ပါသည်.. 
အနောက်က စာလုံး 4N ဆိုတာ For Nyi ဒါမှမဟုတ် For Nang လို့ဆိုလိုတာလား
လို့ ကျွန်မက မေးတော့.. သူက ဟားဟား ဟုရယ်၏.. “ခင်ဗျားလဲ လျှော့တွက်မရတဲ့ထဲပါတယ်” တဲ့..
ဟုတ်တယ်လို့ သေချာသွားသော စိတ်ဖြင့် ကျွန်မ လှိုက်ကနဲပျော်သွားတဲ့အချိန်.. အဲဒိစကားလုံးတွေကို
သူ့လက်ချောင်းကလေးတွေနဲ့ ရိုက်နေချိန်မှာ.. သူရော ပြုံးနေခဲ့ပါသလား.. ကျွန်မသိချင်လှပါသည်..
“လိမ္မာလိုက်တဲ့ကလေး” ဟု သူကကျွန်မကို ပြောဖူးသည်..
“ကျွန်တော် ရုတ်တရက်သေသွားရင်လား.. ခင်ဗျားဆီလာခဲ့မယ်လေ”ဟု သူကပြောတော့ “ကတိလား”ဟု
ကျွန်မက ပြန်မေးမိသေး၏.. ကျွန်မ သူရှိရာ နိုင်ငံကို ရောက်ဖြစ်ခဲ့ရင် 
အတူတူလျှောက်လည်ကြဖို့တိုင်ပင်ဖြစ်တော့ ကျွန်မသူ့အနားမရောက်ခင် သူ့ကို တကယ့်အပြင်မှာ
မမြင်ဖူးလိုက်ခင် သူသေသွားနိုင်တယ်လို့ တွေးနေမိကြောင်းတော့ မပြောပြဖြစ်ပါ.. “ကျွန်တော်သေသွားရင်
မိတ်ဆွေတစ်ယောက်အကြောင်းဆိုပြီး ကဗျာရေးပေါ့”လို့ သူက တိုက်တွန်းသေးသည်.. အဲသည့်အချိန်မှာ 
ကဗျာရေးနိုင်ဖို့လောက်ထိ ကျွန်မစိတ်တွေ တည်ငြိမ်နေပါ့မလား..
ကျွန်မ မသေချာ..
သူက ကြယ်တွေကို အင်မတန်ရူးသွပ်သူလည်းဖြစ်သည်.. ကြယ်တွေပါတဲ့ ဖိနပ်ဝယ်စီးမယ်ဗျာလို့ ခဏခဏ 
သူပြောဖူး၏.. ကျွန်မက ကျွန်မနဲ့အရောင်ဆင်တူ ဖြစ်စေချင်စိတ်ဖြင့် အနီရောင်ကို ဝယ်ဖို့ 
အမြဲတိုက်တွန်းတတ် ပါသည်.. သို့သော် သူကတော့ အနက်က သူ့ရဲ့အရောင်ဖြစ်သည်တဲ့..
“အနီလေးဝယ်နော်”
“အနက်ပါ”
“အနီ”
“အနက်”
“အနီဆို”
“ကျနော်နဲ့တော့ သိပ်လိုက်နေတော့မှာပဲ”
“လိုက်လိုက် မလိုက်လိုက် အနီပဲ မရဘူး”
“ကဲ ကဲ အနီတစ်ဖက် အနက်တစ်ဖက်..
ဟုတ်ပလား”
ဟားဟား.. All Stars ဖိနပ်ကို အနီတစ်ဖက် အနက်တစ်ဖက်စီးပြီး ရုံးတက်မယ့် သူ့ရဲ့ပုံစံကို
မြင်ယောင်ကြည့်ကြစမ်းပါကွယ်.. ဘယ်လောက်များ ရယ်စရာကောင်းလိုက်မလဲလို့.. 
ကျွန်မတို့ အဲသည့်လိုလည်း ကလေးဆန်စွာ ရယ်မောခဲ့ကြဖူးပါသည်..
“ကျနော်တို့ နှစ်ယောက်ကြားမှာ အသံတွေရှိတယ်ဗျ”..
ကျွန်မကတော့ဖြင့် ကျွန်မတို့ကြားကအသံတွေကို သူဖုန်းမဆက်ခင်ညအထိ ရှာဖွေလို့မတွေ့နိုင်ခဲ့ပါ..
သူ့ဖုန်းကလေး ပေါင်ထားရာမှ ပြန်ရပြီဟု သူပြောစဉ်က သာမန်သာဝမ်းသာခဲ့သော ကျွန်မသည် “ဖုန်းနံပါတ်
ပေးထားလေ ဆက်မယ်” လို့ ပြောလာတော့မှ လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သည်.. အဲသည့်ညက
နယူးရီးယားညဖြစ်ပါသည်.. မြန်မာစံတော်ချိန် ၉ နာရီခန့် မှာတစ်ကြိမ်.. ၁၂ နာရီအတိမှာ တစ်ကြိမ်
သူဖုန်းဆက်ခဲ့သည်.. သူ့အသံမှာ ချိုချိုဝဲဝဲ ခပ်မြန်မြန်..မြန်လွန်းသဖြင့် တစ်ချို့စကားများကို 
စပ်ဆက်မှုဖြင့်သာ ကျွန်မနားလည်လိုက်ရသည်.. နောက်ရက်များမှာလည်း
သူအဆင်ပြေရင် ပြေသလို ကျွန်မကို ဖုန်းခေါ်တတ်၏.. “ဟေ့လူ ဘာလုပ်နေလဲ”.. ဒါက ဖုန်းထဲမှာ သူအမြဲ 
စတင်ပြောနေကျစကား.. လခထုတ်လာပြီ.. ဘောင်းဘီဘာအရောင် ဝယ်လိုက်ရမလဲ ဆိုတာတွေ.. အရက်
တစ်ပုလင်းတော့ ကုန်ပြီ နောက်တစ်ပုလင်း ဆက်သောက်ရမလားဆိုတာမျိုးတွေ.. သူမေးတတ်သည်.. 
ကျွန်မကလည်း သူ့လေသံအနှေးအမြန်ကို နားထောင်ကြည့်ကာ ထပ်သောက်သင့် မသောက်သင့် ရမ်းသမ်း 
အကြံပြုတတ်ပြန်သည်.. ကျွန်မတို့က ပျော်စရာကောင်းသည်ထင်ပါသည်..
သူ့အကြောင်းရေးနေကြောင်း သူ့ကိုကျွန်မပြောပြတော့..
“ပြီးရင်ပေးဖတ်” တဲ့.. အမှန်တော့ သူသေသွား တဲ့အချိန်မှာ ကျွန်မ ဘာစာမှ ရေးနိုင်မှာမဟုတ်လို့
ခုကတည်းက ကြိုရေးထားတာဖြစ်သည်.. အဲဒါကိုလည်း သူ့ကိုပြောပြခဲ့ပါသည်.. သေသွားမှ 
ဘလော့ပေါ်တင်ဖို့ ရေးတာဆိုတော့ ဖတ်လို့မရနိုင်တော့ဘူးပေါ့ လို့ ကျွန်မပြောတော့.. 
“အတင်းတွေပါလို့ ပေးမဖတ်ချင်လည်း ရပါတယ်ဗျာ”တဲ့.. ကျွန်မ ရယ်မိပြန်ပါသည်..
သူသေသွားရင် ကျွန်မအနားက ကျွန်မပိုင်တဲ့လူတစ်ယောက် ဆုံးရှုံးသွားတော့မှာပဲလို့ ခံစားနေရသည်..
သူ့ကို ကျွန်မပိုင်သည်ဟု ဘာကြောင့်တွေးမိနေသလဲတော့ မသိပါ.. ကျွန်မချစ်သူကို ကျွန်မအမေကို 
သူ့အကြောင်းတွေ ပြောပြဖြစ်သည်.. တစ်ချို့ပေါ့လေ.. ကျွန်မမှာ
အဲသည်လောက်စွဲလမ်းတွယ်တာရမည့် သူငယ်ချင်း တစ်ယောက်ရှိလာတာ ဝမ်းသာပါတယ်လို့ 
ကျွန်မချစ်သူက မှတ်ချက်ချပါသည်.. (နည်းနည်းငေါ့တော့တော့ လေသံတောင် ပါနေသလားမသိ).. 
“ဂျီတော့ချက်တာရယ် ဖုန်းခဏလေးတွေပြောတာရယ်နဲ့တင် ငါ့သမီးက ဒီလောက်ခင်တယ်ဆိုတော့
ဘယ်လိုလူလဲ သိချင်ပါ့”.. ဒါက အမေပြောတဲ့စကား..
သူကမေးဖူးသည်.. “ကျနော်တို့ တွေ့ပုံဆန်းသလား”.. အဲသည့်တုန်းကတော့ ကျွန်မရှည်ရှည်ဝေးဝေးတွေ
လျှောက်ဖြေခဲ့သေးသည်.. အမှန်တော့ “သိပ်ဆန်းတာပေါ့”လို့ ဖြေလိုက်ရမှာ.. တွေ့ပုံဆန်းတဲ့အပြင်.. 
အဲသည့်လောက် တွယ်တာသွားရတာက ပိုပြီးဆန်းနေပါသည်.. တစ်ခါတလေတော့လည်း ကျွန်မ 
သိပ်စိတ်ကူး ယဉ်လွန်းနေတာများလားလို့ တွေးမိပါသည်.. ဘာကြောင့်လဲဆို သူက လူတွေကို
သိပ်မချစ်ခင် မတွယ်တာဘူးဟု ကျွန်မထင်၏.. လူတွေတင်မှမဟုတ် သူ့ဘဝသူရော ချစ်ခင်တွယ်တာ
ပါရဲ့လား.. ကျွန်မ မြင်ရသလောက် ကျွန်မသူ့ကို နားလည်သလောက်ပြောရလျှင်တော့ သူသည် 
အတိတ်တွေ အနာဂတ်တွေကို သိပ်ပြီးတွေးတတ်သူ မဟုတ်..
လက်ရှိအချိန်လေးမှာပဲ သူစိတ်ချမ်းသလို ပျော်သလိုနေသည်.. လက်ရှိစိတ်ချမ်းသာဖို့ စိတ်ကျေနပ်ဖို့
ပျော်မယ်ထင်တာ သူဘာမဆိုလုပ်သည်.. ဘဝမှာ ရှင်သန်နေထိုင် နေရတာကို တပ်မက်တွယ်တာပုံလည်း
မရ.. သေသွားမည်ဆိုလျှင်လည်း ဝမ်းနည်းမည့်ပုံမပေါ်ပါ.. အဖြေကိုစဉ်းစားမိတော့ သူ့မှာ ကမ္ဘာမြေနဲ့ 
လူ့ဘဝနဲ့ တွယ်ဆက်ထားစရာ ကြိုးမရှိလို့ဖြစ်ရမည်ဟု ကောက်ချက်ချမိပါသည်.. 
သူ့မှာ “ငါ ဒါအတွက်အသက်ရှင်ရမယ်” .. ဒါမှမဟုတ် “ငါ သူ့အတွက် အသက်ရှင်နေမှဖြစ်မယ်”
ဆိုတာမျိုးမရှိ.. ပတ်ဝန်းကျင်အတိုင်း သူစိတ်သက်သာ သလို အလိုက်အထိုက်နေထိုင်ချင်ပုံရပါသည်..
 ဒါက ကျွန်မ ခံစားမိတာကို ပြောတာဖြစ်သဖြင့် လွဲချင်လည်း လွဲနေနိုင်ပါသည်.. သို့သော် အကယ်၍ 
ထိုအတိုင်း ဟုတ်ခဲ့ပါက ကျွန်မ ဘဝင်မကျနိုင်ပါ.. ကျွန်မက သူ့ကို ဘဝအဓိပ္ပါယ်ဆိုတာ ရှိစေချင်သည်.. 
ရှင်သန်နေထိုင်ရမည့် အကြောင်းရင်းတစ်ခု ရစေချင်သည်.. ဖြစ်နိုင်မည်ဆိုလျှင်
သူနဲ့ကမ္ဘာကို ချိတ်ဆက်ပေးနိုင်မည့် ကြိုးလေးတစ်ကြိုးအဖြစ် ကျွန်မရပ်တည်ချင်ပါသည်.. ကျွန်မ 
မဟုတ်ခဲ့လျှင်တောင် ကြိုးလေးတစ်ကြိုးကို ရှာဖွေပေးခဲ့သူအဖြစ် သူ့ဘဝမှာ ကျွန်မအရေးပါချင်ခဲ့မိ၏.. 
(ကြိုးတွေကို မုန်းတတ်သူ ကျွန်မက သူ့အတွက် ကြိုးတစ်ချောင်းဖြစ်ချင်နေခြင်းမှာ
အနည်းငယ်တော့ ရယ်စရာကောင်းနေလိမ့်မည် ထင်ပါသည်)
ကျွန်မ သူ့အကြောင်းကို ရေးတာ.. ဘယ်လောက်ကြာမှာလဲ..
ပြီးတော့ ဘယ်လောက်ထိ ရှည်မှာလဲ.. ကျွန်မ မသိ.. ဒါပေမယ့် ရေးရင်းရေးရင်း 
ဆုံးဖြတ်ချက်တော့ ပြောင်းသွားပါသည်.. သူသေမှ ဒီပို့စ်ကိုမတင်ဘဲ.. သူ့မွေးနေ့မှာ တင်မယ်ဆိုရင်ရော..
တစ်နေ့နည်းနည်း နည်းနည်းဖြင့် စာပိုဒ်လေးတွေ တစ်ပိုဒ်ပြီးတစ်ပိုဒ်တိုးကာ ရေးတိုင်း သူသေတဲ့အခါ 
အမှတ်တရဖြစ်ဖို့ရေးနေတာဟူသော အသိက ကျွန်မကို နှိပ်စက်ပါသည်..
ဒါကြောင့် ကျွန်မဆုံးဖြတ်လိုက်သည်.. သူ့မွေးနေ့လက်ဆောင် အဖြစ်.. သူ့မွေးနေ့အမှတ်တရအဖြစ် 
သူ့အကြောင်းကို ကျွန်မရေးပါသည်.. သူသေမည်ဟူသော အတွေးကြီးကို ဖျောက်ပစ်တတ်အောင်လည်း 
ကျွန်မ ကြိုးစားနေ ပါသည်..
ဘယ်လိုပဲဖြစ်ဖြစ်လေ..လောလောဆည်တော့ သူ ကျွန်မနဲ့ရှိနေသေးသည်..
ကျွန်မက သူ့အကြောင်းရေးနေသည်... ကျွန်မပျော်ရွှင်နေပါသည်..
- နန်းညီ
-
                                            +++++++++++++++++++++++++++++++++++++++++++
                      ဆောင်းပါး 
ကွန်ယက်ထဲကူးရင်းယက်ရင်း အမှတ်တရ
_____ ဖိုး ခွား __________________
မှတ်မှတ်ရရ ကိုယ်တို့ အင်တာနက်စသုံးတော့ ၂၀၀၇ ခုနှစ်။ ဘာလို့ မှတ်မိနေလဲဆိုတော့
ကိုယ့်ဂျီမေးလ်မှာပါတယ်လေ။
အဲ့သည်တုန်းက မကွေးမှာကျောင်းတက်တုန်းတတိယနှစ်လောက်ဖြစ်မလားပဲ။ ကော်နက်ရှင်ဆိုတာ 
ဘာဆိုးသလဲမမေးနဲ့ ။ ဒီမိုကရေစီအစိုးရလည်းမဟုတ်သေးတော့ ကော်နက်ရှင်ဆိုးတာကိုလည်း ဘယ်သူမှ 
မပြောရဲဘူး။ မပြောရဲဆို ဆိုးမှန်းလည်းမသိဘူးလေ။ G Talk ဆိုတာ Sign in လုပ်ပြီး နာရီဝက်နေရင်ဝင်မယ်။
Web တစ်ခုဖွင့်ဖို့ ကလစ်နှိပ်ပြီးရင် သီချင်းတွေပတ်နားထောင်။ သီချင်းငါးပုဒ်လောက်ပြီးရင်
တစ်ဝက်တစ်ပျက်ပေါ်လာမယ်။ ဒီလိုပဲ ပုံသေမှတ်တာ။ G Talk နဲ့ အလုပ်မဖြစ်သေးခင်
MIRC ထဲမှာ အီစီကလီတွေ ပတ်ရိုက်နေသေးတာ။
ပြန်စဉ်းစားမိမှ တော်တော်တရားကျဖို့ ကောင်းတယ်။ မိန်းမလားမသိ ယောက်ျားလားမသိ 
ဒီနာမည်ကတော့ မိန်းမပဲဖြစ်မှာပဲလို့ ကိုယ့်စိတ်ထဲ တရားသေမှတ်ယူပြီး သကာလ 
အသည်းအသန်ကျူတော့တာပဲ။
ချောကလက်မလေးတို့ စကူးလ်ဂဲတို့ ဆိုင်ဘာအိန်ဂျယ်တို့ ဆိုကိုယ့်စိတ်ထဲ
ကျိန်းသေပေါက်ချောကိုချောရမယ်လို့  မျက်စိမှိတ်ယုံပြီး ကျူတာ။ တစ်ခါတစ်ခါ မိန်းမမှန်းမသိ
ယောက်ျားမှန်းမသိတဲ့ နာမည်တွေရှိသေးတယ်။ ကိုယ်လိုရာဆွဲတွေးပြီး မိန်းမပဲဖြစ်ရမယ် ဆိုပြီး
ဝင်လုံးတော့တာပဲ။
ထားပါလေ။ ဒါက ကလေးတုန်းကဆိုတော့ ကလေးစိတ်ကလေးတွေပေါ့။
စစချင်းသုံးတဲ့ Social Network က Friendster ပေါ့။ ဘာအကျိုးရှိတယ် မရှိဘူး 
စဉ်းစားရမှန်းမသိပါဘူး။ နောက်ခံ Background ပြောင်းဖို့ ၊ သီချင်းထည့်ဖို့ ၊စော်တွေမှန်သမျှ လိုက်အက်ဖို့ ၊ 
ဒါက ဒို့ တာဝန်အရေးသုံးပါးလို့ ဦးထိပ်ပန်ဆင်ပြီး သုံးခဲ့တာ။ ရွှေဝါရောင်တော်လှန်ရေး ဘာညာ
ဖြစ်တော့ ဆက်သုံးလို့ မရတော့ဘူး။ ကော်နက်ရှင်က တော်တော်လေးကိုနှေးသွားတာ။ 
အသည်းအသန်ဖတ်တာ။ အဲ့ဒီက ဆောင်းပါးဖတ်ပြီးရင်လည်း ကိုယ့်ကိုယ်ကိုယ် 
ဆရာကြီးလိုထင်နေတော့တာ။ အပြင်ကလူတွေကို ကြည့်ပြီး ဒီကောင်တွေငါ့လောက်မသိတော့ပါဘူး။ 
လောကမှာ အင်တာနက်သုံးတဲ့လူနဲ့ မသုံးတဲ့လူဟာ ဆီနဲ့ ရေလိုကွာသွားပြီ ဘာညာ သွေးနထင်တွေ
ရောက်နေတာ။ အဲ့သည်တုန်းက ပြည်ပသတင်းဌာနတွေကို ပိတ်ထားတယ်။ Proxy နဲ့ ကျော်ကြည့်
ရတယ်။ ကိုယ်ကတော့ ဘာမှန်းမသိဘူး။ အဲ့တုန်းက နွားကြီးက Proxy ကျော်တတ်တယ်။ ကိုယ့်စိတ်ထဲ
တော့ ဒီကောင်က ဆရာကြီးပဲ။ ဟာ ဒီကောင် အစိုးရက ပိတ်ထားတဲ့ ဆိုက်ဒ်ကိုတောင်
ရအောင်ကြည့်တတ်တယ် ဆရာကြီးပဲဟ ဆိုပြီး စွတ်အထင်ကြီးတာ။
ဒီလိုနဲ့ Friendster ကိုမေ့မေ့ပျောက်ပျောက်ဖြစ်သွားတာပေါ့လေ။ ဘယ်အချိန်မှာမှ
ဒီ Social Network ပြန်စသလဲဆိုတော့ mysuboo ကနေ ပြန်စတယ်။ ကိုယ် အရင်တုန်းက 
အင်တာနက်မစွဲဘူး။ ဆိုင်သွားတယ်၊ သီချင်းဟောင်းလေးတွေရှာပြီး ဒေါင်းလုပ်လုပ်တယ်၊ 
Porn ဆိုဒ်တွေကြည့်တယ်၊ ဒါပဲ။ စိုးလေးက mysuboo သုံးကြည့်စမ်းလို့ ဆိုရာကနေစတယ်။ ကိုယ်က 
အဲ့တုန်းက ကဗျာတွေရေးတာ ဝါသနာပါတယ်ဆိုတော့အကိုက်ပဲ။ ကိုယ်ရေးတယ်၊ စိုးလေးနဲ့ နွားကြီး 
ကွန်းမန့် ဝင်ပေးတယ်။ နွားကြီးရေးတယ်၊ ကိုယ်နဲ့ စိုးလေး ကွန်းမန့် ဝင်ပေးတယ်။ ဒါကိုပဲ အကျေနပ်ကြီး
ကျေနပ်နေတာ။ သုံးတာတစ်လလောက်ကြာလာတော့ mysuboo ကလူတွေတော်တော်များများနဲ့  Friend
ဖြစ်လာပြီ။ အဲ့တုန်းက ကိုယ်တို့ တွေ အရမ်းလေးစားတာ သူရဿဝါ။ အဲ့တုန်းက 
အချစ်စိတ်တွေပဲရှိတဲ့ အရွယ်ဆိုတော့ သူ့ အချစ်ကဗျာတွေကိုဖတ်ပြီး ကြွေတာပေါ့လေ။ ပြီးတော့ 
ဒီလူက တော်တော်ရေးနိုင်တာကလား။ အနည်းဆုံး တစ်ရက်ခြားကို ကဗျာတစ်ပုဒ်လောက်တော့ထွက်တယ်။
ကြာတော့သာမေ့ကုန်တာ အဲ့တုန်းက ကြိတ်ပြီးလေးစားတဲ့ ကဗျာဆရာတွေ
mysuboo မှာတော်တော်များတယ်။
ကိုယ်တို့  သိပ်ကျွမ်းကျွမ်းကျင်ကျင်မသုံးတတ်ကြသေးဘူး။ မြန်မာစာတောင် တစ်ကြောင်းရိုက်ဖို့ 
တော်တော်ကြာတယ်။ အဲ့တုန်းက ကိုယ်ကကဗျာရေးရင် စိုးလေးကို Typing ပြန်ရိုက်ခိုင်းရတာ။
အဲ့တုန်းကတော့ သူလည်းကိုယ့်ကိုလေးစားလို့ လားမသိဘူး မနားမနေရိုက်ပေးရှာတယ်။ သူများတကာ
တင်သမျှတွေလျှောက်ဖတ်တယ်။ တော်တော်လေးမကြိုက်တဲ့ ဟာဆိုရင်တောင် ကြိုက်တယ်ဆိုတာ
လောက်တော့ ကွန်းမန့် ပေးတယ်။ ကြိုက်တဲ့ဟာဆိုရင်တော့ လေကြောရှည်တယ်။ အဲ့ဒီကနေမှ
Forum ထဲကိုစဝင်တယ်။ အဲ့သည်တုန်းကလည်း Forum ဆိုတာဘာမှန်းမသိသေးဘူး။ စိုးလေးက
တစ်ခုတင်တယ်။ အတင်းဝင်ရေးခိုင်းလို့  ရေးချင်တာတစ်ခု ဝင်ရေးတယ်။ ပြီးတော့ ဒီသုံးယောက်
ပတ်လည်ပြီးတော့ပဲ Forum ထဲ သောင်းကျန်းတယ်။ သူများအတည်ပြောတာတွေ ချက်ကျလက်ကျ
ဆွေးနွေးနေတာတွေ နားမလည်ဘူး။ ဟီးဟီးဟားဟား နဲ့  ဝင်လုပ်တယ်။
အမြင်ကပ်တဲ့လူတွေလည်း ကပ်ကြတယ်။ လူကြီးလား လူငယ်လားမသိဘူး၊ ရန်ဖြစ်တယ်၊ ဂွတိုက်တယ်။ 
အဲ့သည်တုန်းက မှတ်မှတ်ရရ Mysuboo မှာ ဘယ်သူမှဓါတ်ပုံမတင်ဘူး။
တင်တဲ့လူတော်တော်ရှားတယ်။ ပုံသေအရုပ်ကလေးတွေရှိကြတယ်။ ပရိုဖိုင်က အရုပ်ကိုတော့ 
ဘယ်တော့မှမပြောင်းကြဘူး။ ကိုယ်က ကလေးလေး ငိုနေတဲ့ပုံနဲ့ ။
အရှိန်ကတော်တော်ကောင်းလာတယ်။ တစ်နေ့ တစ်နေ့  ဘာwebsite မှ မကြည့်ဘဲ Mysuboo နဲ့ တင် 
မအားရဘူး။ သူများရေးတာတွေလည်းဝင်ဖတ်ရတယ်။ ကိုယ်ရေးတာတွေလည်း ဘယ်သူတွေ 
ဝင်ကွန်းမန့် လဲ ဝင်ကြည့်ရတယ်။ Forum ထဲမှာလည်း ဆွေးနွေးဖို့ ငြင်းခုံဖို့  ကြိုးစားရတယ်။
ဘာသာရေးဆိုလည်းပါတာပဲ။ အနုပညာဆိုလည်းပါတာပဲ။ ဟင်းချက်တာဆိုလည်းပါတာပဲ။ 
အားကစားဆိုလည်းပါတာပဲ။ ဘာလုပ်တတ်လဲဆိုတော့ ဘာမှမလုပ်တတ်ဘူး။ အဲ့သည်တုန်းက
ဖိန့် ဖိန့် တုန်အောင်ကြောက်ရတဲ့ အချိန်။ ပွင့်ပွင့်လင်းလင်းပြောရရင်အဲ့ သည်အချိန်က ဖွန်ကြောင်ဖို့ တစ်ခု
ကိုပဲ အမျိုးသားရေးတာဝန်အနေနဲ့ ထမ်းဆောင်ခဲ့တာကလား။
ဖိနှိပ်တာတွေ လူ့ အခွင့်အရေးတွေလည်းမသိဘူးလေ။ ကိုယ်တွေက ကျောင်းတက်တယ် ကျောင်းပြေးတယ် 
လက်ဖက်ရည်သောက်တယ် ဆိုင်ကယ်ပတ်စီးတယ် မိန်းကလေးအဆောင် ဂစ်တာလိုက်တီးတယ်။
ဒါပဲ။ အဲ့သည်တုန်းက ကျောင်းကားလခဈေးတက်လို့  GTCကလူတွေလမ်းလျှောက်ပြီး
ကျောင်းတက်တာတောင် ကိုယ်တွေက တအံ့တသြနဲ့ ။
အော် ကျောင်းသားတွေလမ်းလျှောက်ရင် ကားစီးမယ့်သူမရှိတော့ ဈေးပြန်ချပေးမှာပေါ့ 
ဆိုပြီးတော့ပဲ တွက်တာ။ ဆန္ဒပြတာတွေ ဘာတွေသိတာမဟုတ်ဘူး။ ဒါတောင် အသက်တော်တော်ကြီးနေပြီ။
အဲ့လိုအရှိန်ကောင်းလာချိန်မှာပဲ Mysuboo က ပိတ်လိုက်ရော။ အစိုးရကပိတ်တာတော့မဟုတ်ပါဘူး။ 
သူ့ ဟာသူ ဘာပြင်မလို့ ဆိုလဲမသိဘူး ပိတ်သွားတာ။ ပိတ်တယ်ဆိုတော့G Talk ဘက်
ပြန်ရောက်တာပေါ့။ ဒီထဲထည့်ရေးရင်စိတ်ဆိုးမလားမသိဘူး။ G Talk ဆိုရင် တန်းသတိရတာ မသဲသဲစုပဲ။ 
ဆိုင်ထဲကိုဝင်လို့  ကိုယ်တို့ သူငယ်ချင်းငါးယောက်လောက် အင်တာနက်ထိုင်သုံးနေတယ်ဆို
ပြေးမကြည့်နဲ့  မောတယ်။ ငါးယောက်လုံး မသဲသဲစုနဲ့  Chat နေတာ။ အစ်မကြီးက 
မချောဘူးလားဆိုတော့ချောတယ်။ ဆွဲဆောင်မှုလည်းရှိတယ်။ ဒါပေမယ့် အဲ့လောက်ကြီး ဝရုန်းသုံးကား
ဖြစ်ရလောက်အောင်တော့လည်းမဟုတ်ဘူး။ ဒါပေမယ့် ဘာဖြစ်ကြတာလဲမသိဘူး။ ကိုယ်လည်း သူနဲ့ Chat 
ရတာသဘောမကျဘူးလားဆိုတော့သဘောကျတယ်၊ ပျော်တယ်။ ကိုယ်ဆက်ပြောရင် ငဖွကြီး
ဖြစ်ဦးမယ်။ ဒါပေမယ့် အရှိန်တက်နေတော့ပြောလိုက်ဦးမယ်။ အဲ့သည်တုန်းက မွတ်ကြီး ရယ် ကျော်ကြီးရယ် 
ဇလုပ်ရယ် စိုးလေးရယ် ဆိုတာ ထိပ်သီးပြိုင်ဘက်တွေပဲ။ တစ်ဆောင်တည်းနေပြီး မသဲသဲစုကို ကြိုက်နေ
ကြတာ။ အင်တာနက်ဆိုင်ကပြန်လာပြီဆို ဒီနေ့ မသဲသဲစုက ငါ့ကိုဘယ်လိုပြောလိုက်တာ ဆိုပြီး 
တစ်ယောက်က စ ၊ ဒါဆို နောက်တစ်ယောက်က အမယ် မင်းကို ဒါလောက်ပြောတာ ဘာဟုတ်သေး
လို့ တုန်း ငါကိုဆို ဒီလိုတောင်ပြောလိုက်တာ ဆိုပြီး လေးယောက်ပူးပြီး တွတ်ထိုးကြပါလေရော။ 
ဒါကသူတို့ တစ်ဆောင်သပ်သပ်။ စိုးလေးအဆိုအရ အဲ့လိုမျိုး အဆောင်မှာ ခြောက်ယောက်လောက် 
ရှိတယ်ဆိုပဲ။
ဒါက တစ်ဆောင်ပဲရှိသေးတယ်။ ကိုယ်တို့ အဆောင်မှာလည်း ကိုယ်နဲ့ သာဒင်နဲ့ ရှိသေးတယ်။ အမှန်က 
အစ်မကြီးက သဘောကောင်းတာ စကားပြောညက်တာပါ။ ဘာမူယာမာယာမှမပါဘူး။
ခင်ဖို့ လည်းအားကြီးကောင်းတယ်။ ဒါပေမယ့် ကိုယ်တို့ က သိတဲ့အတိုင်းပဲ၊ 
အင်တာနက်ဆိုတာ လောလောလတ်လတ် မြင်ကာစ ထိကာစ မဟုတ်လား။ ဘယ်သူမှလည်း အဖက်လုပ်ပြီး 
သိပ်စကားမပြောတော့ ဒီမှာပဲသာယာနေကြတာ။ ဘာမှလာမရှင်းနဲ့  အားလုံး မသဲသဲစုမှ 
မသဲစုစု။ ကျောင်းက ကွင်းတွေ ပရင့်စ်တွေ တကယ်လာဖက်နမ်းရင်တောင် သိပ်မတုန်လှုပ်ဘူး။ မသဲစုစုက 
ဂျီတော့ထဲကနေ အာဘွားဆို အင်တာနက်ဆိုင်ကပြန်လာရင် ဘယ်သူမှ မြေကြီးနဲ့ မထိတော့ဘူး။ 
ကိုယ့်ဆရာတွေက G Talk နဲ့ တင်လားဆိုတော့မဟုတ်ဘူး။ ရန်ကုန်ပါ သွားသွားတွေ့ ကြတယ်။ မသဲစုစုလည်း
လာသမျှလူတွေကို ကော်ဖီတိုက်ရတာနဲ့  လစာတွေလည်း စုမိဆောင်းမိရှိတော့မယ်မထင်ဘူး။ နောက်တော့ 
ကိုယ်တို့ အားလုံး မောင်နှမအရင်းအချာတွေလို ခင်သွားကြပါတယ်။ အစ်မကြီးလဲ အခု 
သူသိပ်ချစ်ရတဲ့ ချစ်သူတစ်ယောက်ရသွားပါပြီ။ ကျွန်တော်တို့ အားလုံးလည်း ပျော်ရွှင်စွာ 
မုဒိတာပွားကြပါတယ်။ စစချင်း In relationship ဆိုတော့ ရုတ်ရုတ်ရုတ်ရုတ်ဖြစ်သွားကြသေးတာပေါ့။
ဒါနဲ့ အင်တာနက်ကိစ္စ ဆက်ပါဦးမယ်။ ကိုယ်တို့  ၂၀၀၇ ထဲမှာပဲ Facebook စသုံးဖြစ်ကြတယ်။ စိုးလေးက 
စတင်သယ်ဆောင်လာတာပါ။ Mysuboo ပိတ်တော့ ကိုယ်တို့  Ning.com တွေထဲ ဝင်သောင်းကျန်းကြ
သေးတယ်။ ဟိုနေရာလည်းပါ ဒီနေရာလည်းပါနဲ့ ။ ဒါပေမယ့် လူတွေကစုစုစည်းစည်းမရှိကြတော့ဘူးလေ။
ပြီးတော့မှ Facebook ပေါ်မှာ အားလုံးပြန်စုမိကြတယ်။ စာရေးလို့ ရတာတွေ Like လုပ်တာတွေ Comment 
ပေးတာတွေကို တန်းသိရတော့ သဘောကျတယ်ပေါ့။ ကျန်တာတွေတော့သိပ်မသိသေးဘူး။ 
အဲ့ဒီအခါမှ ဓါတ်ပုံတွေတင်တယ်။ တင်ပြီဆိုရင်လည်းအတိုင်းအဆမရှိ။
ကော်နက်ရှင်မကောင်းလည်း နေ့ လည်စာအလွတ်ခံပြီးတော့ကို လွှတ်တင်တာ။ အခန်းထဲ 
အဝတ်လဲတဲ့ပုံရော၊ ဆိုင်ကယ်ဘီးပေါက်တဲ့ပုံရော၊ ဆေးလိပ်ပြာခွက်တွေရော အမှိုက်ပုံးတွေရော ၊ 
ဆံပင်ညှပ်လိုက်ရင်လည်း တင်ပြန်ပြီ၊ ခေါင်းသွားလျှော်ပြီးရင်လည်း တင်ပြန်ပြီ၊ ဟိုဘက်ကမ်း
ဘုရားသွားဖူးရင်လည်းတင်ပြန်ပြီ။ ဓါတ်ပုံတင်တဲ့ကိစ္စကျတော့ ကျန်တဲ့ လူတွေက 
ကိုယ့်လောက်မဆိုးတော့ဘူး။ တစ်ခါတစ်လေမှပဲ တစ်ပုံစနှစ်ပုံစ တင်တာ။ ကိုယ်ကတော့မရဘူး။
Facebook မှာသဘောကျတာက Forum တစ်ခု သပ်သပ်ခွဲပြီး အငြင်းပွားကြစရာမလိုဘူး။
အမျှဖိုက်ရတာလည်းများလာ အဖိုက်ခံရတာလည်းများလာတယ်။ နောက်တော့ ဂရု(ပ်)တွေထဲဝင်
ကိုယ်လည်းဘာမှသိတာမဟုတ်ပဲ အတည်ပေါက်နဲ့ ဝင်ဆွေးနွေး။ ဂရု(ပ်)အက်မင်တွေကလည်း ဟုတ်သော်ရှိ 
မဟုတ်သော်ရှိ ကိုယ့်ထဲလာဝင်ပွားတာဆိုတော့ ဝမ်းသာအယ်လဲ ကြိုဆိုကြတာပေါ့။
ဟုတ်တာပေါ့ကိုဖိုးခွားရယ် ဟုတ်တာပေါ့ကိုစိုးလေးရယ် ဆရာတို့ အမြင်တွေလတ်ဆတ်ပါတယ် 
အတွေးလေးကလှလိုက်တာ ဘာညာ ဘာညာနဲ့ ။ တကယ်တော့ ဘုမသိဘမသိပြောပစ်တာတွေက တလွဲ
တွေချည်း။ ဟိုကလည်း တလွဲမှန်းတော့ သိမှာပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဂရု(ပ်)ထဲဝင်လာတော့ လူမှုရေးအရ 
ချီးကျူးထောပနာပြုကြတာပေါ့။ ဒါနဲ့ ပဲ ကိုယ့်ကိုယ်ကိုယ် ဆရာကြီးလိုလို ဘာလိုလို ထင်ချင်ထင်နေမိ
သေးတာ။
ကိုယ်တို့ တွေ Facebook ထဲမှာပျော်ပျော်လာကြတယ်။ ကိုယ်တို့ အပြင်မှာလုပ်ခွင့်မရှိတာတွေအားလုံးနီးပါး 
Facebook ထဲမှာ လုပ်ခွင့်ရှိတယ်။ Mafia ဂိုဏ်းထောင်ပြီး ဒုစရိုက်တွေလုပ်လို့ ရတယ်။
လက်နက်တွေအရောင်းအဝယ်လုပ် ဓါးပြတွေတိုက် လူတွေသတ်။ ပြီးတော့ 
လယ်စိုက်တယ်။ ဘောလုံးမန်နေဂျာလုပ်တယ်။ ကားပြိုင်တယ်။ ဖဲရိုက်တယ်။ 
ဒီဂိမ်းတွေနဲ့ ပဲ ပြည့်နေတာ။ ငါ ဘာပင်နှုတ်ရဦးမယ်။ ဘယ်သူ့ ကိုတော့ ဘယ်ပျိုးပင်လေး
လက်ဆောင်သွားပေးမှ။ ထွန်စက်ဆီတွေ ပြန်ပြည့်လောက်ပြီ။ ဒီနေ့ တော့ 
လူစားလဲပြီး ဖော်မြူလာပြောင်းမယ်။ ဒီည ဝင်ရင် ဟိုစင်္ကာပူက ကောင်မလေးကို အိမ်သာဆေးခိုင်းရမယ်။
စိုးလေးကိုပြန်ရောင်းရင် ဘယ်လောက်မြတ်မယ်။ နွားကြီးကိုဝယ်ရမယ်။ ဒါတွေနဲ့ ပဲ ခေါင်းစားနေတာ။ 
ထမင်းစားလည်း ဒီစိတ်၊ လက်ဖက်ရည်သောက်လည်း ဒီစိတ်၊ အိမ်သာတက်လည်း ဒီစိတ်ပဲ။
မကွေးမှာဆိုတော့ နေကြာခင်းတွေ နှမ်းခင်းတွေ အမြဲတမ်းမြင်တယ်။ အော် သူတို့ နေကြာတွေဟာ ငါ့ 
အသီးတွေနဲ့ ကွာပါ့။ ဒါမျိုးတွေချည်းတွေးနေတာ။
အဲ့ဒါတွေကလည်း ဘယ်အချိန်မှပြတ်လဲ ဆိုတော့ ကော်နက်ရှင် သုံးစားလို့ မရအောင်ကျ 
စိုက်သမျှအပင်တွေ ရိတ်သိမ်းချိန်လွန်ပြီး အရှုံးပေါ် တဲ့ အဆုံးမှပဲ နားတော့တယ်။ ဆော့တဲ့လူတွေကတော့ 
ဆက်ဆော့ကြပါတယ်။ ကိုယ်ကတော့ မဆော့နိုင်တော့ဘူး။ ကိုယ်ဒေါသခဏခဏထွက်ရတဲ့ 
အလုပ်တွေဆို မလုပ်တော့ဘူး။ ကိုယ်က ဒေါသထွက်လိုက်ရင် သူများထက်ပိုပင်ပန်းတယ်လို့ ထင်လို့  
ငါနဲ့ မြန်မာပြည်ကော်နက်ရှင်နဲ့  ဒီ Facebook Virtual Life နဲ့ တော မအပ်စပ်ပေဘူးဆိုပြီး နားလိုက်တယ်။
သတင်းတွေလိုက်ဖတ်တယ်။ ခု အရပ်သားအစိုးရ တက်ပြီးနောက်ပိုင်းFacebook ပေါ်က 
စာတွေတော်တော်များများ နိုင်ငံရေးဘက်ကိုဦးတည်လာတယ်။ ကိုယ်လည်း ရောယောင်ပြီးပါတာပဲ။ 
ဒီမိုကရေစီဆိုတာဘာဖြစ်တယ်တို့  လူ့ အခွင့်အရေးဆိုတာ ဘာဖြစ်တယ်တို့ ။အမှန်တော့
ကိုယ်က ဘာသိမှာလဲ။ ဟိုးအညာမှာ သူများငါးနှစ်တက်တဲ့ ကျောင်းကို ခြောက်နှစ်ခွဲတက် 
၊ ခြောက်နှစ်ခွဲလုံးလည်း အားရပါးရ ဖွန်ကြောင်၊ ဖတ်သမျှလည်း အချစ်စာအုပ် အချစ်ကဗျာ။ 
ဘာဝမ်းစာမှလည်းမရှိ ဘာမှလည်းနားမလည် သမိုင်းလည်းမသိ သီအိုရီလည်းမသိ။
ထင်ရာမြင်ရာတွေ စွတ်စက်ပြောတာပဲ။
ခုလည်းချိတ်ထားတဲ့အင်တာနက်လိုင်းက ဘာပြသနာတက်တယ်ရယ်မသိဘူး။ ဆိုင်ကလည်း ညကြီးမင်းကြီး 
လာလုပ်ပေးရှာတယ်။ ရက်နှစ်ဆယ်လောက်ထိ မကောင်းလာဘူး။ အဲ့သည်တော့မှ 
ကိုယ်လည်းဆင်ခြင်တုံတရားရလာတယ်။ အိနှင်းဇော်လည်းပြောတယ် Facebook သုံးရတာ 
စိတ်ပင်ပန်းစရာတွေ အလိုမကျစရာတွေ များလာတယ်တဲ့ ။ တစ်ခုခုနဲ့ အစားပြန်ထိုးကြည့်ရမယ်တဲ့ ။
ကိုယ်လည်းပြန်စဉ်းစားမှ ဟုတ်တယ်။ ကိုယ် အင်တာနက်မချိတ်ခင်တုန်းက 
ကိုယ် နေ့ လည်ဆိုင်သွားတယ်။ ပြန်လာတယ်။ မြန်မာကားကြည့်ရင်ကြည့်တယ် မကြည့်ရင် စာအုပ်
တစ်အုပ်အုပ်ဖတ်တယ်။ စိတ်လိုလက်ရရှိရင် ဘုရားရှိခိုးတယ်။ မေတ္တာသုတ်တွေ ပဌာန်းတွေဘာတွေ 
ရွတ်တယ်။ ယုံလားဆိုတော့ ယုံတာတော့လည်းမဟုတ်ဘူး။ ဒါပေမယ့် ရွတ်ပြီးနေရတဲ့ ဖီးလ်လေးက
မိုက်တယ်ဆိုပြီးတော့သာရွတ်တာ။ အင်း အဲ့လိုပေါ့လေ။ အင်တာနက်စချိတ်ပြီးကတည်းက ညလုံးပေါက် 
ထိုင်ငြင်းတဲ့ အခါ ငြင်းရတယ်။ ပြီးတော့ အကျင့်ကလည်းမကောင်းဘူး သူများလုပ်တာတွေဆို
ဝေဖန်ချင်တယ်။ ဒီကောင်မို့ လို့ ဒီလိုရေးတယ် ဦးနှောက်မရှိလိုက်တာ၊ 
ဒီလောက်ဦးနှောက်ကလေးနဲ့ ဒီကောင် စာရေးဆရာ ဘယ်လိုဖြစ်လာပါလိမ့်၊ အဲအဲ အဲ့ လိုမျိုးတွေ။ 
ကိုယ်ကသာဘာမှမဟုတ်တာ ဒိတ်ဒိတ်ကျဲတွေကို ပိုးစိုးပက်စက်ဝေဖန်လိုက်ရမှ။
ဟိုပုံကို ဟိုလိုဝိုင်းပြောကြ ဒီပုံကို ဒီလိုဝိုင်းပြောကြတော့လည်း သြော် အမြင်ကလည်း ကျဉ်းလိုက်ကြတာ 
ဒီလူတွေနဲ့ ဒီမိုကရေစီနဲ့ တော့ ခက်ပါပြီတွေ ဘာတွေ တရားရသလိုလို ဘာလိုလိုနဲ့ ။
တကယ်ပညာရမယ့် Academic Medicine လို ဂရု(ပ်)တွေထဲဘာထဲဆို ပျော်တာမဟုတ်ဘူး။ 
တစ်ကြောင်းစ နှစ်ကြောင်းစဖတ်ပြီး ထွက်လာတာ။ သတင်းတွေကလည်း ဂျာနယ်နဲ့ အင်တာနက်နဲ့ 
သိပ်မထူးတော့ဘူး။ ကွာတာတစ်ခုပဲရှိတော့တယ်။ အင်တာနက်မှာ သတင်းအမှားတွေပိုများတယ်။ 
ဘာပညာများ တိုးလာလဲဆိုတော့ ဘာမှမတိုးလာဘူး။ ဂွတိုက်တတ်လာတယ်။ ပိုစွာလာတယ်။
အငြင်းသန်လာတယ်။ ပညာမတိုးဆို ပညာတိုးမယ့်ဟာတွေ တစ်ခုမှမှ မဖတ်ပဲ။ အိမ်ကိုတော့ပြောတာပဲ၊ 
အင်တာနက်သုံးရင် အင်္ဂလိပ်စာတွေလည်း တိုးတက်လာမယ် ဖတ်ဟယ်ပြောဟယ်နဲ့ 
မစိမ်းတော့ဘူးဖြစ်လာမယ်နဲ့ တကယ်တော့ အင်္ဂလိပ်လိုရေးထားရင် အကုန်ကျော်ဖတ်တာ။ ခုဆို Inspite of 
တို့ Despite of တို့ တောင် ဘာလဲဟင် ဆိုပြီး သူများပြန်မေးနေရတယ်။ ရှက်ဖို့ ကောင်းပါဘိသနဲ့ ။
ခုတော့ အင်တာနက်သုံးချိန်တွေလျှော့ပြီး နေသားကျအောင်ပြန်ကြိုးစားကြည့်နေတယ်။
လောလောလတ်လတ်တော့ တစ်ခုခုလိုနေတာသေးတာပဲ။ နေ့ လည်ဖက်ခဏ ဆိုင်မှာဝင်သုံး၊ သူငယ်ချင်း
တွေနဲ့ စကားစမြည်ခဏပြော၊ ပြီးရင် အပြင်ဘဝထဲပြန်နေ။ ဖြစ်တော့ ဖြစ်သွားမှာပဲ။
အင်တာနက်စွဲတယ်ဆိုမှ နည်းနည်းလေး ထပ်ပြောကြည့်ဦးမယ်။
ကိုယ်က ဆေးလိပ်ကို ဒုတိယနှစ်လောက်ကနေ စသောက်တာ၊ခုဆို ကိုးနှစ်လောက်ရှိရောပဲ။
မသောက်ဖြစ်ဘူး။ ဆေးလိပ်မသောက်တတ်တဲ့ မိဘတွေရှေ့မှာ ဆေးလိပ်သောက်ရတာ အဆင်မပြေဘူး။ 
သူတို့ နဲ့  ခရီးသွားတဲ့အခါ စိတ်ကသိကအောက်ဖြစ်တယ်။ ကိုယ်က ဆေးလိပ်သောက်သောက်ချင်နေတယ်။ 
ဒါပေမယ့် တစ်ရက်ကုန်သွားတယ်။ သောက်ချင်တာတစ်ခုပဲ ဘာမှ သိပ်ပြီး စိတ်ကယောက်ကယက်ဖြစ်တာ 
မရှိဘူး။ နှစ်ရက်သုံးရက်ခရီးသွားလို့ မသောက်ရလည်းဘာမှသိပ်မဖြစ်ဘူး။ သောက်လို့ ရတဲ့ အချိန်မှ
ပြန်သောက်လိုက်တယ်။ ကော်နက်ရှင်များပြတ်လို့  Facebook မတက်လာတော့ရင်တော့ 
ဂနာကိုမငြိမ်တော့တာ။ အင်တာနက်ဆိုင်ကိုဖုန်းကောက်ဆက်။ F5 တွေအသည်းအသန်နှိပ်။ လမ်းလျှောက်၊
ရေသောက်၊ ပြန်ကြည့်။ မရရင် တဖြည်းဖြည်း စိတ်တွေတိုတာ။ ဒီတော့မှပြန်စဉ်းစားမိတယ်။ 
ကိုယ် Facebook စွဲတာ ဆေးလိပ်ထက်ဆိုးနေပြီပဲ။ ခုပဲကြည့် ကိုယ် အရည်မရ အဖတ်မရ ရေးလာတာကို
ဒီအထိရောက်အောင်ဖတ်လာကြတယ်။ ဘာများပညာရသလဲ ဘာများရင့်ကျက်လာသလဲ။ 
ကိုယ်ကလည်းမှားတာ။ စကားပလ္လင်တွေဘာတွေမခံမိခဲ့ဘူး။ အချိန်တွေယူဖြုန်းလိုက်သလို
ဖြစ်သွားရင်လည်းတစ်ခါတည်း တောင်းပန်ခဲ့တယ်။ တစ်လက်စထဲ ဒီထဲဖွမိသွားတဲ့ 
သိပ်ချစ်ရတဲ့ သူငယ်ချင်းများကိုလည်း တောင်းပန်ခဲ့တယ်။
ကိုယ်ခင်လွန်းလို့ သတိရလွန်းလို့ ထည့်ရေးမိတယ်ပဲမှတ်ပါ။ နောက်တော့လည်း 
တစ်နေ့ နာရီဝက်လောက်သုံးရင်းနေသားကျသွားမယ်ထင်တယ်။ အခန့် မသင့်ရင်
တစ်ချက်တစ်ချက်တော့မျက်စိနောက်ကြဦးမယ်ပေါ့။ ကြိုးတော့ကြိုးစားကြည့်ပါဦးမယ်။
                                            +++++++++++++++++++++++++++++++++++++++++++
                Download Zone
ခရမ်းရိပ်အနုပညာမဂ္ဂဇင်း March 2012 Issue အား PDF Download ရယူရန် >>
                                           ခရမ်းရိပ်အနုပညာမဂ္ဂဇင်း { March , 2012 }
                                            +++++++++++++++++++++++++++++++++++++++++++
                Contacts Zone
ခရမ်းရိပ်အနုပညာမဂ္ဂဇင်းသို့  ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ရသစာတမ်း၊ ဟာသ စသည့် စာမူအမျိုးအစား များကို Purple Shade Magazine တွင် ဖော်ပြနိုင်ရန် purpleshademagazine@gmail.com သို့ လစဉ် (၁၀) ရက်နေ့ နောက်ဆုံးထား ပေးပို့ နိုင်သည်။
                                            +++++++++++++++++++++++++++++++++++++++++++
အားပေးမှုများအား အထူးကျေးဇူးတင်ရှိပါကြောင်း
လေးစားစွာဖြင့်
ခရမ်းရိပ်
0 comments:
Post a Comment