Thursday, 19 April 2012
ခရမ်းရိပ် အနုပညာမဂ္ဂဇင်း { ဧပြီ ၂၀၁၂ }
with 0 comments
                                        ကဗျာ
ပတ်ပျိုးသည်ပုံတိုပတ်စ
____ဂျူ နို___________
အမိ အဘ အဘ အမိ ယောင်ခြောက်ဆယ် သောက်ရမ်းပဲ ခုနစ်ဆယ် နားရင်းချည်းပိတ်တွယ်ချင်မိတယ်
သင့်ကြောင့် မီးမလောင်ပါစေနှင့်။ ကျွန်ုပ်ကြောင့်လောင်သောမီး မနိုင်သေးမို့
သွားမလုပ်နဲ့ ဆိုးသွားမယ် ပဒူကျင်းထဲကျတာထက် ပိုမို ခင်ဗျား ဆိုးသွားမယ် မို မို မို
ဟာသဆိုတာ ညစ်လုံး ပျက်လုံး အောက်လုံးတွေ မီးမောင်းထိုးပြပါသတဲ့ ခစ်ခစ်ခစ်ခစ် ပြက်လုံး
ဟုတ်ကဲ့ တတိယမျိုးဆက်များပါ ဦးနှောက်ဖွံ့ဖြိုးမှု တိုးတက်သည် ကြောက်မက်ဖွယ်
ဒီမှာ ဒီမှာ ဒီနေရာမှာ ချမသုံးတော့ လက်နက်ခဲယမ်းတွေမြင်မကောင်းအောင်။ လူရှိန်ရုံ။
တတိယကမ္ဘာစစ်ဟာ အရည်ရွှမ်းခနဲ ရွှမ်း ခနဲ ဂျိုးဂျိမ့်သံမပါပဲ ကိုက်စားချင်စရာ ပေါက် ကွဲ ..။
မျှားမယ် မျှားမယ် လှလှပပလေးပဲများ မယ် ပဲ မျှားမယ် စိတ်ဓာတ်ကို Girl Generation တပ်ပြီး မျှားမယ်
ဆီးရီးအေတပ်ပြီး မျှား မယ် ၁ ၂ ၃ ၄ ၅ ၆ ၇ ဂဏန်းလေးတွေ ချိတ်မျှား မယ်
ကျုံးတူးနေကြ ကာကွယ်ရေးအတွက်ဆိုပဲ လက်သီးလက်မောင်းတန်းကာ လေဟပ် လို့ဘဝင် ဟုတ်ကဲ့
ဒါဟာကျွန်တော်တို့အတွက် မှတ်တိုင်စိုက်ဖို့ ကျုံး တူးနေကြ အသက်မ ပျောက်ခင် ဖိတ်စာဝေ အမျှ အမျှ အမျှ
ပုံပြင်ထဲကသူတော်စင်(၃)ပါးလို ရယ်ကြမယ် မီးပန်းမီးပွားတို့ ကြည့် ရင်းး ဒါကိုယ့်ပွဲ အလှည့်မကျသေးခင်ထိ
သဗ္ဗေသတ္တာ ကမ္မဿကာ ဘွာတေးပေါ့ ဇေ ပါတယ် မျက်ဝန်းတွေအရည် လဲ့ လာ
များလာတယ် ဗန်ဂိုးမျက်လုံးတွေ ပွားလာတယ် နားရွက်တွေဖြတ်ပစ်တယ် ကျုပ်တို့သိပ်အားကျတာပဲ
ငရဲကြီးရှစ်ထပ်က ထပ်မြှင့်ပေးတယ် စီမံ ကိန်း(ဂိမ်း)နဲ့ ကျွန်တော်တို့အားလုံး ဒီမိုကရေစီကို အိတ်ကပ်ထဲထည့်
ဆောင်ထားတတ် လာပြီး ဟေး ဟေး ဟေးးး ပိုင်ပိုင်နိုင်နိုင်ကြီး လွတ်လို့ လပ်လို့ လာတတ်ပြီ DemonCrazy
ပျော်တယ်ဟေ့.. ဆိုတော့ လူတန်းစားတစ်ရပ်လုံးပါဝင်လာပြီ အော်စကာဆုရှင်တွေ ပါဝင်လာပြီ လာပြီလာပြီ
လူကြီးမင်းများလက်ခုပ်တီးပါ
Action! ဒိုင်း ခနဲ ရဲရဲ ဝံ့ ဝံ့ ပဲ စပ်ဖြဲဖြဲပြန်ထလာတယ်
ရာဇဝင်ထဲက အ ချို့ နေရာကိုဖြတ်လှီးချင်သည် မှတ်ပုံတင်ထဲက တချို့နေရာကို ကွက်လှီးချင်သည်
လက်ကောက်ဝတ်က တဒိတ်ဒိတ်ကို ကပ်လှီးချင်သည်
ကားပြင် ကားပြင် သေချာစောင့်ကြည့်ထား သမီးလေးး စိတ်ထိန်းပါကွယ်
အခြေအနေကောင်းရဲ့လား ဒေါက်တာ
စိတ်မပူ ပါ နဲ့
စနက်တံမဖြုတ်လိုက်ခင် ခင်ဗျားတို့ဖို့ ကောင်န်ဆဲလ်လာ(counsellor)တစ်ယောက် ပို့လိုက်ပါ့မယ်
                    =========================================================
ဟာသတွေ ခေတ်စားတဲ့ ခေတ်
____လင်း လက် တာ ရာ________
ညဟာ ညစော်မနံခဲ့တာတော့ သေချာတယ်
သံသရာက စွဲလန်းမှုပြဿနာအကြောင်း
ဖုန်းခဏခဏဆက်တယ်
တိုင်မှာ ကပ်ချည်ခံထားရတဲ့ သစ်ရွက်အတုလို
နိစ္စဓူဝတွေက ပျင်းရိညည်းငွေ့ ဖွယ်
ထောင်ချောက်ထဲ
အညောင်းပြေအညာပြေ လမ်းလျှောက်နေတာ
ဒုက္ခကို ဖန်စီဆန်ဆန်ဝတ်ထားတဲ့ ရှင်သန်ခြင်းမဟုတ်လား
ဘဝဟာ မတော်တဆတစ်ခု
အဲ့ဒီ မတော်တဆတွေကပဲ လာလာခလုတ်တိုက်
ငါ့ကိုယ်ငါ ရိုက်ကူးတင်ဆက်လိုက်တယ်
သူငယ်ချင်းတစ်ယောက်က
အိပ်မက်တွေကို ဝန်ထုပ်ဝန်ပိုးလို့ 
လက်ညှိုး ငေါက်ငေါက်ထိုးတယ်
ငါ့လက်ဖျံရိုးပေါ်က လိပ်ပြာလေးကတော့
ရနံ့ တွေ မခွဲခြမ်းမစိတ်ဖြာနိုင်တတ်တာကိုပဲ ဝမ်းနည်းတယ်တဲ့
ပျော်ရွှင်မှုဟာ ကိုက်ခဲနေတုန်းပဲ
အငြင်းသန်တဲ့ ကစားဖော်ကို လောကဓံလို့ ခေါ်လိုက်
အခြေအနေအရ မေးခွန်းများတဲ့ရာသီကို ရွေးချယ်
အခြေအနေအရ မေးခွန်းများတဲ့ရာသီကို ငြင်းပယ်
ကဗျာက ကမ္ဘာကိုကြည့်ပြီး
ဗိုလ်အောင်ဒင်လို တလဲ့လဲ့ရယ်တယ် ။
                    =========================================================
လမ်းခွဲ
___လင်း ဝေ အိမ်_____
ထွက်ခွာရတော့မယ့် ရထားတစ်စင်းက
ဘူတာလေးငိုနေတာကိုထိုင်ချော့တယ်
ဆံစလေးတွေ လေထဲတဝဲဝဲလွင့်နေသလို
ဘာကိုမှဆုပ်ကိုင်ခွင့်မရတော့တဲ့ ဥသြဆွဲသံများ
ပိတောက်ပင်ပေါ်မှာ ငှက်ကလေးတစ်ကောင်တည်းနားနေရစ်ပေါ့
နှုတ်ဆက်လိုက်ပါပြီ ညီမလေး
သတိရစိတ်ကတော့ ဘယ်ကျမ်းစာပဲရွတ်ရွတ်
မကျွတ်နိုင်တဲ့ တစ္ဆေတစ်ကောင်ပါလေ
ရင်ဘတ်တစ်ခုလုံးလောင်သွားမှတော့
ခြေဖျားလက်ဖျားလေးတွေကို ငြိမ်းသတ်မနေတော့ပါဘူး
ပိတောက်တွေဖူးရင် ငါ့ကို သတိမရပါနဲ့ကွယ်
ငါတို့ ဘယ်တော့မှမပွင့်နိုင်တော့ဘူး..။
                    =========================================================
မြို့ ပြ နာ
___မင်း လု လင်_______
လမ်းတွေက မှောင်သလို လင်းသလို ကွေ့သလို ကောက်သလို တစ်ခုခုလိုနေသလိုလို
ဖြတ်စီးသွားတဲ့ခေတ်က ငရဲသားဇာတ်ကားကို 3D နဲ့ ကြည့်ရသလို ရုပ်လုံးကြွ
နေတယ် နဲ့ သေတယ်ကြားမှာ နာတယ် သတ်တယ် ငတ်တယ် ပြတ်တယ် မျက်နှာလေးငယ်
ငယ်ငယ်တုန်းကလို အော်ငိုပစ်လိုက်ချင်တယ်လို့ဆိုပြန်တော့ ရေများရေနိုင် မီးများမီးနိုင်
မလာနိုင်တော့ပါဘူး ရေလဲမလာ မီးလဲမလာတဲ့အခါ အမှောင်ထဲမှာ တိတ်တိတ်ကလေးရယ်
ရပါတယ် သူ့ခေတ်ကိုယ့်ခေတ် ခင်ဗျားခေတ် ကျွန်တော့်ခေတ် ခိုးခိုးခစ်ခစ်ရယ်သံကလေးတွေ
ကျယ်လာပြီ ဝတ်ထားတဲ့အင်္ကျီဟာလောကဓံနဲ့ငြိလွယ် စွန်းထင်းလွယ်မို့ ရေခပ်မကြုံ ထင်းခွေ
ကြုံမှာပေါ့ ဒီလိုညမျိုးနောက်ထပ်ပေါင်းများစွာ ရွတ်စရာကဗျာနဲ့ ရိုက်စရာဂစ်တာနဲ့ နီယွန်မြို့ပြဟာ
သောကြာဂြိုဟ်ဆီအလည်ရောက်လာလေဦးမလား မရောက်လာသေးတဲ့ပစ္စုပ္ပန်တစ်ခုခုဆီမှာ Outsider
တစ်ယောက်နဲ့ စကားစမြည်ပြောဖြစ်လေဦးမလား ချစ်ခြင်းမေတ္တာကို အယုံအကြည်မရှိ
အဆိုတင်သွင်းလိုက်ဖို့ကြောက်နေတယ်( ထင်တယ် )တစ်ခုခုဟာကြောက်စရာအသွင်အပြင်မျိုးနဲ့
ဦးနှောက်ထဲဝင်ခုနေတဲ့အကြောင်းတရား စကားနောက်ကိုပါသွားလေမလား မပြောမဆို မားဆိုးနဲ့
လက်ဆွဲနှုတ်ဆက်လိုက်တယ် ငါးတစ်ကောင်ဖြစ်မလာသေးကြောင်း အေးချမ်းကိုပြောပြရဦးမယ်
မြို့ဟာအသက်ကြီးသွားမှရာထူးတိုးသွားကြောင်း ဒါမှမဟုတ် မြို့ဟာ အချိုမကုန်သေးကြောင်း
လူကြိုက်များတဲ့အသုံးအဆောင်တွေကို အန်ထုတ်ပစ်လိုက်ဖို့ သွေးပူလေ့ကျင့်ခန်းမရှိတဲ့နေရာမှာ
အနွေးဓါတ်ကလေးမပြတ်ရဖို့ ကော်ဖီပူပူလေးလဲရနိုင်သေးတယ် သိရှိခဲ့ရသမျှ ဟာ
စိတ် ရဲ့ ဆက်သွယ်မှုဧရိယာပြင်ပမှာ ရေဒီယိုသတ္တုကြွနေတယ် ရေဒီယိုသီချင်းလေး မငြီးဖြစ်တာ
ကြာပြီပေါ့ မှတ်မိပါဦးမလား ယဉ်ကျေးမှုကို ခေတ်ပေါ်သွေးနဲ့ ရူးပစ်ချင်တာပဲ သူလိုကိုယ်လို
အလွမ်းဓါတ်ခံလေးနဲ့ မြို့ပြတမ်းချင်းဟာအငွေ့မသေသေးတဲ့ စီးကရက်တိုအညို နဲ့ ကိုယ်နဲ့
လမ်းအဟောင်းထဲ ပြန်လည်အလင်းဝင်လာမဲ့ မနက်ဖြန် နဲ့ စိတ်ဓါတ်ထဲက အဆိပ်ဓါတ်ငွေ့တွေနဲ့ ။
                    =========================================================
ဆိုဒ်ကို(အတွေး)
__မိုး စက် ပိုင်_______
ကဲ စကားလုံးတွေ တွေးမယ် ကဗျာ စရေးမယ် ပေါ့ဗျာ..။
အခုငါတို့ ရှူရှိုက်နေတဲ့ အောက်စီဂျင်တွေ နည်းပါးလာပြီ..၊
အခုငါတို့ ရေးသားမယ့် စကားလုံးတွေ ရှားပါးလာပြီ…၊
တဖြည်းဖြည်း စကားလုံးနယ်ပယ်တွေ ကျဉ်းမြောင်းလာတယ်..။
ထားလိုက်ပါ။ အခု ငါရေးနေတဲ့ စာမျက်နှာတိုင်းမှာ နီကိုတင်းတွေ
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေနဲ့ ပြည့်နှက်နေတယ်။ အစာအိမ်ထဲမှာ
အစာမရှိလို့ ဖြစ်ပေမယ့် အတွေးထဲမှာ ကဗျာမရှိလို့ တော့မဖြစ်ဘူးလေ.။
ဒီလိုပါပဲ..။ဒီလိုပါပဲ..။ ခေတ်အဆက်ဆက် ကဗျာဆရာတွေ
သေပန်းမလှခဲ့တာလည်း ဒီလိုပါပဲ..။ တွန်းအားတွေပေးပြီး ကဗျာရေးဖို့ 
ကလည်း အပိုင်းပိုင်းပြတ်နေတဲ့ အတွေးတွေက မှုတ်တင်လိုက်တဲ့ 
စီးကရက်အငွေ့ လို ဝါးမြိုခြင်းခံလိုက်ရတယ်၊၊ ကမ္ဘာတစ်ခြမ်းက
မနက်ဖြန်အတွက် အိပ်စက်ခြင်းကို ပေးလိုက်ပြီ။ ကဗျာတစ်ပုဒ် မမွေးဖွားသေးဘူး၊
ပြောင်ချောနေတဲ့ စက္ကူမျက်နှာပြင်ထက် မီခိုးကြွက်လျှောက်နေရင်းနဲ့ ..
ချောက်ထဲပြုတ်ကျသွားလိုက် ၊ ကောင်းကင်ဘုံရောက်လိုက်၊
ဘုရားသခင်နဲ့ တွေ့ လိုက် ၊ မာယာကော့စကီး နဲ့ စကားပြောလိုက်၊
သင်ဇာဝင့်ကျော်နဲ့ တွေ့ လိုက်၊ Bobby Soxer သီချင်းနားထောင်လိုက်နဲ့ 
နောက်ဆုံးရေးတေးတေး မီး ခိုး ငွေ့ တွေ ကြား အံ စာ တုံး ခေါက် နေ ဆဲ။
                    =========================================================
ကျိန်စာ
____ ည မီး အိမ် _____
ဒီလိုနဲ့
ပွဲတော်ကြီးထဲ
လက်ဖျံရိုးထဲက အမှန်တရားဟာ
လျှာဖျားပေါ်က ထွန်သွားတွေအောက်
တိတ်တိတ်ဆိတ်ဆိတ် သေဆုံးခဲ့ရပြီ
ခွာစိမ်းစိမ်းတွေ တင်းကြမ်းပြည့်လမ်းများ
ဦးဆွေးဆံမြည့် တစ်ကိုယ်စာလှိုင်းများ
မက်မက်စက်စက် ဒုက္ခအရင့်အမာများ
ဖုန်သွေ့သွေ့ဆည်းဆာအိုများ
နေ့စေ့လစေ့ တံလျှပ်လှိုင်းများ
ထစ်ချုန်းတောက်ခဲ့ ပရိယေသနများ
မိုးထဲရေထဲ ဥပေက္ခာများ
ဒီလိုနဲ့
လမ်းအသေတွေကို ထမ်းပိုးရင်း
ရာဇဝင်တွေ ဆွံ့အခဲ့ကြတယ်
နွံနစ်ခဲ့ရလေသော ဂျိုးဖြူတို့ရေ
အမှည့်လွန်ခေတ်ကို နောက်ပြန်ရစ်ပြီး
သူရဲကောင်းတို့ရဲ့ ဝိညာဉ်သွေးနဲ့
သင်တို့ရဲ့ အမည်နာမကို
စကြဝဠာရဲ့ နုတ်ခမ်းတွေပေါ်မှာ
ကဗ္ဗည်းရေးထိုးထားခဲ့ပါမယ်
ဒီလိုနဲ့
ဒဏ်ရာတွေ
ဥခွံကွဲတဲ့တစ်နေ့
သူရဲကောင်းဓားကို
စိတ်မှာလွယ်ပြီး
ငါတို့နိုးထလာခဲ့မယ်
သူရဲကောင်းတို့ရဲ့ အမှန်တရားဆိုတာ
ရင်ဘတ်နဲ့ခုတ်ချရင်တောင်
ခေတ်ကို ပြတ်ကျစေနိုင်တယ်လေ  ။ 
                    =========================================================
မိုးနဲ့မြေ
___ညီ ထွေး_____
မဲမဲမြင်တိုင်း ကျွဲမဟုတ်ဘူး
မိတ်ဆွေ။
အထူးကား စီးတိုင်းလည်း
ထိုင်ခုံရမည်ဟုမထင်ပါနှင့်။
ခင်ဗျားက သွေးပေါင်ချိန် ၁၄၀/၉၀ နဲ့ အသက်ရှင်နေပေမယ့်
ကျူပ်က ၉၀/၇၀ နဲ့အသက်ရှင်နေတာပါ။
တခါတစ်လေ
အမှန်တရားဟာ
မျက်ရည်ကျဖို့ကောင်းလောက်အောင်
လွဲမှားတတ်တာ
ခင်ဗျား ယုံကြည်တတ်ဖို့လိုပါတယ်။
သူမရဲ့ချစ်သူတိုင်း
သူမကို တကယ်ချစ်ပါတယ်လို့
သူမက ယုံကြည်ပါလျှင်
သူမကို ခင်ဗျားမှတဆင့် ပြောပါရစေ။
မဟာဗန္ဓုလလမ်းမှာ
ဒေါ်လာသွားမရောင်းပါနဲ့လို့။
သူတပါး ကို ' တိရိစ္ဆာန် ' တစ်ကောင်ဟု
သင်မှပြောချင်ပါက
အရင်ဆုံး
သင့်ကိုသင် မှန် ကြည့်သင့်ပါသည်ဟု
ကျူပ်မြင်ပါသည်။
ရက်စက် ယုတ်မာ မိုက်ရိုင်းသူတိုင်း
လောကနီတိမသိသူများဟု
မထင်မှတ်ပါနှင့်။
လည်ကတုံးဝတ်၍ ကချင်ပုဆိုးဝတ်ထားသော
ကျူပ်ကို
သင်ထင်ချင်သလိုထင်နိုင်ပါသည်။
သို့ပေမယ့်
မှန် အရင်ကြည့်ဖို့တော့ သတိချပ်စေချင်ပါသည်။
                    =========================================================
ဂယက်တစ်ခုက အရမ်း ဖျောက်ရခက်တာပဲ
______ ပိုင် ဥာဏ် _________________
တတိတိ ၊ တိခ်တက်တိခ်တက် ၊ ဘာတွေများ ၊ ကိုယ့်ဆီမှာ ။
အ… ၊ အသံတွေ အ သွားတယ် ။ ဆက်သွယ်ရေးကွန်ရက်ကြီး အ သွားတယ် ။ ကိုယ်လည်းပဲ ။ အလဲအကွဲ ၊ မှောက်သွား ။
နောဧဆီက ၊ ကိုယ်ခိုးလာတဲ့လှေကြီး ၊ တိမ်းမှောက်သွား ။
တိမ်းပြီးမှမှောက်သွား ။
တိမ်းနေရင်း မှောက်သွား ။
ခရစ်နှစ် ၂၀၁၂ ။ သာသနာတော်နှစ် ၂၅၅၅ ။ ကမ္ဘာပျက်/ဖျက်ဖို့ ၊ အကြံအစည် ။ တိတိပပ ။
တွင်းနက်နက်ကြီး ၊ တူးထားဖို့ ၊ ကမ္ဘာပျက်၍ ။ ပြတ်ရွေ့ကြောင်းများဖြင့် ။ ကမ္ဘာပျက်ခြင်း ။
ခပ်ပြုံးပြုံးလေး ။နွမ်းလျ ။ ကိုယ့်ဆီလာနေတဲ့ / ကိုယ်ကသွားနေတဲ့ ၊ ကျောင်းတော် ။ အဇ္ဈတ္တ ။
ရူးခါနေတာပဲ ။ အဲဒီကောင်က လွတ်သီး ။ ကိုယ်က ဂေါက်သီး ။ မပျော်မရွှင် ဖြစ်နေတဲ့ ၊ မရိုးမရွနဲ့ကွာ ။
ဒါက ၂၀၀၉+၃ ။ နှစ်ထောင့်ကိုး အပေါင်း သုံး ။ ခဏခဏဆိုမှတော့ ၊ တစ်ခုခုပဲ ။
မုသားများစွာ ပို့လိုက်တယ် ။ လက်ခံရရှိပါကြောင်း ။ ဝမ်းသာအယ်လဲ ။ တနည်း ။ ဒေါင်းလုပ်ပြီးကြောင်း ။
ပြဿနာက ဒီလို ။ ပုံပျက်နေတဲ့ စာသား ။ လူ့ကျင့်ဝတ်နဲ့အညီ ၊ မှားယွင်းမိပါတယ် / ယိုယွင်းနေတယ် ။
ပစ်လွှတ်လိုက်ပါ ။ လွှဲဖယ်ပစ်လိုက် ။ ဇပဲဟ ။ အဟက် ။ ဆောက်ကြီးဆောက်ကျယ် ။ ကိုဟံလင်း မ သွားတာဗျ ။
ကဗျာဆရာတွေက ဆောက်ကြီးဆောက်ကျယ်ကြီးတွေ ၊ ဖြစ်ပြီးကျန်ခဲ့ ။ အဟက် ။
လူငယ်စရိုက်က ၊ လူငယ်ဘဝကို ။ this is the best feeling . ဆွဲဆုတ်ဖြဲသွား ။
it's innocence . it's brilliant . i hope that ever stays . this moment - is perfect .
နောင်နှစ်များစွာအထိ ၊ ကိုယ့်မှာ ကျန်နေခဲ့မယ့်အရာ ၊ မြောက်ကမ္ဘာခြမ်းထဲ ၊ ကျည်ဆံညိုတွေလွှတ်ပစ် ။
ခင်ဗျားလေးကို တွေ့…တွေ့လိုက်ရတာ ။ ကိုယ်တစ်ကောင်က ၊ အမြဲတမ်း ၊ တစ်မျိုးမျိုးဖြစ်ကျန်ခဲ့ ။ ခွီး ။
အိမ်ပြန်ပြီ သူငယ်ချင်း ။ ခုခံစစ်ဆင်နွှဲရမယ့်အချိန် ။ ကိုယ့်အသိဉာဏ်တွေ အ သွားတယ် ။ အဲဒီဂယက် ။
                    =========================================================
ဝိရောဓိတွေဒြပ်နဲ့ထည်နဲ့
_____ဆောင်း စက် ရိပ်______________
ဟုတ်ကဲ့..
အဲသည့်အကြောင်းကို ကျွန်မ ပုံပြင်တစ်ပုဒ်ရေးမယ်...
မျှော်လင့်ချက်တွေကို စိုက်ပျိုးခြင်းနဲ့
မျှော်လင့်ခြင်းတွေကို စားသုံးတဲ့အသက်မှာ အချက်တစ်ချို့ ကွာတယ်...
အဲသည့်မှာ ခြားနားသွားတယ်.. သွားတယ်/လာတယ်..
ဒြပ်မဲ့နံရံပေမယ့်...
တစ်ဖက်တစ်ချက်စီမှာ အစိမ်းရောင်တွေရှိလာတယ်..
ဆိုကြပါစို့ ရဲ့ .....
စကားလုံးတွေ.. ဗျည်းတွေ...သရတွေ.....
ရှူသွင်းရှူထုတ်လုပ်လာနိုင်တဲ့အခါ.. ကဗျာဟာ..ကဗျာ ပီသလာတယ်...
ဗီးနပ်(စ်)အက်ဖရာဒိုက်တီးရဲ့  လိင်ဆွဲဆောင်ခြင်းတွေမှာ..
ဟီဖီစတက်(ဖ်) ကျဆုံးတယ်..
အဲရီးစ် ကျဆုံးတယ်..
နတ်ဘုရားတွေ ကျဆုံးတယ်..
. . . . . . . . . ကျ..ဆုံး..တယ်..
. . . . . . . . . . . ကျ..ဆုံး..တယ်..
. . . . . . . . . . . . .ကျ..ဆုံး..တယ်..
အဲ သည့် နောက် မှာ.. ငါ .. ကျ..ဆုံး..တယ်..
ကားလိပ်ပဲဆွဲနေကျမို့ ပေသီးဖောက်ဖို့မေ့သွားခဲ့
လည်ပတ်ကြိုးလေး နဲနဲလောက်လျှော့ပေးပါ.. သခင်..
အိပ်မက်ဆိုးတွေကို နှုတ်လှန်ထိုးချင်လို့ပါ..
ရှင်သန်ခြင်းရှိသလို... သေဆုံးခြင်းရှိမယ်..
သိသိကြီးနဲ့.. မြို ချ ခဲ့ တာ ပဲ.. အဆိပ်ပေမယ့်လို့ ချိုလာတဲ့အခါ...
ဘုန်းကြီးပါစေ .. သက်ရှည်ပါစေ .. ဇာတာထဲမှာ ပါတဲ့အတိုင်း ..
လက်ကျန် တနင်္ဂနွေလေးတွေမှာ နည်းနည်းပါးပါး .. ချွန်မြနေခွင့်ပြု/ချွန်မြနေချင်သေး..
ကောင်းချီးပေးပါ .. / အာမင် ..
သည်ပုံပြင်ရဲ့  ဟိုမှာတစ်ဖက်မှာ နတ်သမီးတွေ က ခုန် နေ ရဲ့  ...။
                    =========================================================
ဥပါဒါန်
___သု တိ_______
ယုံကြည်ချက်ကို ရှူရှိုက်ဖို့ ကြိုးစားရင်း
သူစိမ်းအချို့ကို ဝေဖန်ခဲ့ဖူးတယ်
နယူတန်ရေ ..
အက်ရှင် ၊ ရီအက်ရှင် သဘောတရားကို
ခင်ဗျားမမွေးခင်ကတည်းက ဗုဒ္ဓဟောကြားပြီးသားပါ
ဒါတောင်မှ သတိမရ
သိပ်ညံ့တဲ့ကောင်ပဲ
ငါဟာ ဝတ်မှုံမကူးတဲ့ သစ်ရွက်ပါ
ဒါကိုမှ .. မက်မက်မောမော
ဘာကြောင့် ဖြားယောင်းချင်ရတာလဲ
တတိယမြောက်ခြေသံလေးရေ
အဲ့ဒီဖြားယောင်းမှုကို ငါ အရောင်မခွဲခြားတတ်ဘူးကွယ့်
အေးလေ .. ငါက သိပ်ညံ့တဲ့ကောင်ပဲ
မိုးကုပ်စက်ဝိုင်းနဲ့တူတဲ့ နှုတ်ခမ်းက
ပျံသန်းတတ်သတဲ့လား
ဆုမတောင်းတတ်တဲ့ ငါက
ကြယ်အကြွေတွေကို သနားရင်း
အဲ့ဒီနှုတ်ခမ်းလေးကို ချစ်သွားတယ်
ချစ်ခြင်းတရားကို သံစဉ်ထည့်ပြီး ရွတ်ဆိုပြပါ
ငါ့ကဗျာက လက်ခုပ်တီးလိမ့်မယ်
သိလျက်နဲ့ မိုးချုပ်တဲ့ ခပ်ညံ့ညံ့ငါကလေ
အနောက်ဘက်ကမ်းကို ပျံသန်းသွားတဲ့
အရိပ်ငှက်တွေ ပြန်မလာခင်
မင်းကို ..
ကဗျာတွေကြားမှာ ပျော်အောင်သိပ်ပြီးမှ
ငရဲကို သွားမယ် .. ။
                    +++++++++++++++++++++++++++++++++++++++++++++++++++++++++++++
                                        အက်ဆေး
မိမွန် ဝတ္ထုတို
တယုတယ စိုက်ပျိုးထားသည့် အိပ်မက်များ နာမကျန်းဖြစ်နေကြ၏။ မိမွန်သည် .. ။ မိမွန်သည် .. ။ အလွမ်းတို့  ခါးသက်ကုန်ကြပြီ။ အို မိတ်ဆွေတို့ အိပ်ရာထက်ကခေါင်းအုံးအောက်တွင် ကျွန်ုပ်အနမ်းတို့ သင်္ဂြိုဟ်ခဲ့ပြီး ဖြစ်သည်။ အတိတ်သည်လည်း ဒိုင်ယာရီထဲမှ ပက်ကြားအက် ဥယျာဉ် ဖြစ်သည်။ မီးခိုးရောင်သမ်းသော သံယောဇဉ်တို့ စီးဆင်းရာ စမ်းချောင်းလည်းဖြစ်သည်။ ''မိမွန်'' နှုတ်ခမ်းဖျားမှ အမည်နာမ တစ်ခု ကျယ်လောင်တိတ်ဆိတ်စွာ မြည်ဟိန်းသွားသည်။
"မိမွန်"
"မိမွန်"
တစ်ခါတုန်းက တက္ကသိုလ်ရေကူးကန်တွင် ရေကူးသင်ပေးခဲ့ဖူးသည်။ မြေအိုး မြီးရှည်တစ်ပွဲကို နှစ်ယောက်အတူ စားခဲ့ဖူးသည်။ ဘတ်စ်ကား အတူစီးခဲ့ဖူးသည်။ အခန်းကျဉ်းလေးထဲက အိပ်ယာထက်တွင် ကျွန်တော်က သူမကို စာအုပ်တစ်အုပ်လို ထိုင်ဖတ်နေချင်ခဲ့ဖူးသည်။ ညစဉ်ရက်ဆက် ဖုန်းပြောခဲ့ဖူးသည်။ သူမ၏ မေးစေ့အောက်နားက မှဲ့လေးကို ကိုင်ကြည့်ခဲ့ဖူးသည်။
ဘဝ၏ မသဲကွဲသော ဝလုံးများအတွက်လည်း ခဲချွန်ခဲ့မိသူမှာ ကျွန်တော်ဖြစ်သည်။ ကျွန်တော်၏ ရိုးသားမှုနှင့် နားလည်ပေးမှုသည် သူမ၏ "အလွမ်း" ဆိုသည့် ရှုပ်ထွေးဆန်းကြယ်ခြင်းနှင့် တိုက်ရိုက် အချိုးကျခဲ့ပါသည်။
ရုတ်တရက် .. .. အခုတောင် လွမ်းလာသည်။
ကျွန်တော်တို့နှစ်ယောက်၏ ဆက်ဆံရေးသည် လှုပ်ရှားနေသော ငြိမ်သက်ခြင်းများသာဖြစ်ခဲ့သည်။ တစ်ဖက်သက် အရောင်ဖျော့လာသော သက်တန့်ဖြစ်သည်။ သူမ၏ အစိမ်းရောင်ဘာသာစကားများကို ကျွန်တော့်ထံတွင် မှတ်ပုံတင်ထားခဲ့သည်။ မိမွန်သည် သေးငယ်သော ခံစားမှုဟု ကျွန်တော်တို့အဖြစ်အပျက်ကို ခေါင်းစဉ်တပ်လည်း သဘောတူလိမ့်မည်မဟုတ်ပေ။
ကျွန်တော်တို့နှစ်ယောက်၏ ဘာသာစကားမလိုသော သံယောဇဉ်များသည် သူမ၏မျက်ရည်များကြားမှ "ငါ .. သူ့ကို နင့်ထက်ပိုချစ်တယ်ဟာ.." ဆိုသော စကားတစ်ခွန်းအောက်ရောက်သွားသည်။ ကျွန်တော် တစ်ယောက်တည်းသာ အလန့်တကြား ဖိတ်စင်သွားခဲ့ရသည်။
အခုတော့လည်း မိုးတွေရက်စက်ရွာနေပြီ " မိမွန် " ။ ဝေးလံတိတ်ဆိတ်သော တစ်နေရာတွင် ရှားပါးသော စကားလုံးများကို သူမ ကျွန်တော့်အတွက်ထားရစ်ခဲ့သည်။ ထိုစကားလုံးများကို ဖွာရင်းသာ ကျွန်တော် ကတောက်ကဆ ရူးခဲ့သည်။ ကျန်ရစ်ခဲ့သူမှာသာ နင့်ခြေသံတွေက ပိုကျယ်လောင်တယ် မိမွန်.။
ကုန်လွန်ခဲ့ဖူးသော အချိန်ကာလများသည်လည်းကောင်း၊ နွေးထွေးချိုမြိန်သည့် အထိအတွေ့တချို့သည်လည်းကောင်း၊ သူမ၏ မျက်တောင်လေးကလည်းကောင်း၊ ကျွန်တော့်ကိုဖြားယောင်းထားနိုင်ဆဲဖြစ်သည်။ သူမ နားလည်ရန်မလိုသော ကျွန်တော့်အချစ်များကို အခန်းတစ်ခန်းတွင် ချိတ်ပိတ်သိုလှောင်သိမ်းဆည်းထားလိုက်ပါတော့မည်။ ပြီးလျှင်.. ကျွန်တော် အလွမ်းများကို ဆုတ်ဖြဲလွှင့်ပစ်မည်။ တကယ်ဆို " မိမွန် " ကို ကျွန်တော် မုန်းပစ်ခဲ့ဖို့ ကောင်းသည်။
အခု.. ကမ္ဘာဦးကျမ်းထဲတွင်တော့ ဘယ်လိုခေါ်မည်မသိ၊ ကျွန်တော် သူမကို ချစ်သည်။ သမိုင်းစာမျက်နှာတွင် ဘယ်လိုရှိခဲ့မည်မသိ၊ သူမ၏ မေးစေ့အောက်က မှဲ့ လေးကို ချစ်သည်။ ရှေးဟောင်း အဘိဓာန်များတွင် ဘယ်လိုရေးသားထားခဲ့မည်မသိ၊ သူမ၏ ဆံပင်ကောက်ကောက်လေးတွေကို ချစ်သည်။ မေးစေ့အောက်က မှဲ့ လေးကိုချစ်သည်။
တွေးရင်းနှင့်အားလုံး ရှုတ်ထွေးဆက်ယှက်လာ၏။
" ဟလို "
" အင်း မိမွန် ပြောလေ "
" ငါ နင့်ကို ပြောစရာ ရှိတယ် "
" --------------------------------------------------- "
ထိုနေ့ က ကျွန်တော် သေဆုံးသွားခဲ့ပြီး ဖြစ်သည် (သို့ မဟုတ် ) ထိုနေ့  မတိုင်ခင်က ကျွန်တော်သေဆုံးသွားခဲ့ချင်ပါသည် ။
                                                                                                                       ငဂျူလိုင်
                    =========================================================
ကြွက်ကလေးတစ်ကောင်
အခန်းတစ်ခုလုံး လင်းထိန်နေအောင် မီးသီးဖြူဖြူတွေ အစီအရီထွန်းထားပြီး ခန်းမရဲ့အလယ်ဗဟိုတည့်တည့်မှာ စားပွဲခုံ အဖြူတစ်လုံး ထိုင်ခုံဆိုဖာ အဖြူတစ်ခုနဲ့ အင်္ကျီအဖြူ၊ ဘောင်းဘီအဖြူဝတ်ဆင်ထားတဲ့ လူတစ်ယောက်ရပ်နေတယ် .. သူရဲ့ အသားအရည်ကလည်း အဖြူ။ စားပွဲခုံပေါ်မှာ ပစ္စတိုတစ်လက်နဲ့ ကျည်ဆန်တစ်တောင့်။
ကင်မရာက လူငယ်ရဲ့ မျက်နှာဆီကနေ တဖြည်းဖြည်းဝေးလာမယ်
ပြီးရင် အခန်း ပြီးရင် ထိုင်ခုံဆိုဖာ အဖြူ ပြီးရင် စားပွဲခုံ ပြီးရင် စားပွဲခုံပေါ်က ပစ္စတို။
လူငယ်ရဲ့ လှုပ်ရှားမှုလေးတစ်ခု အစပြုလိုက်မယ် .....
“ဒီအခင်းအကျင်းလောက်ဆိုရင် ပရိတ်သတ်တွေက မကြာခင်မှာ ဒီအခန်းထဲ အနီရောင်အစွန်းအကွက်တွေ
ဖြစ်လာတော့မယ် ဆိုတာ တွက်ပြီးသားဖြစ်လောက်ရောပေါ့”
“ဟုတ်တယ် ..... သူတို့ အဲဒါကို သေချာပေါက်ခန့်မှန်းမိမှာပဲ .... ဒါပေမယ့် သူတို့ မထင်မိတာက အဲဒီအဖြစ်အပျက် အပြီး ကြွက်ကလေးတစ်ကောင် အခန်းထဲက ထွက်ပြေးသွားမယ်ဆိုတာကိုပဲ ... ”
“အဲဒီ ကြွက်လေးက အမည်းရောင်”
..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... .....
ဒီဇာတ်လမ်းရဲ့ အစက
နံနက် ၈း၀၀။ ။ ညက အိပ်ပျက်ထားတဲ့ အရှိန်နဲ့ ခေါင်းနဲနဲနောက်နေပေမယ့် သွားစရာရှိသေးတာမို့ အိပ်ရာက သူ ထဖြစ်တယ်။ အခန်းထောင့်နားမှာ ကြွက်ကလေးတစ်ကောင် ဖြတ်ပြေးသွားတာကို ရုတ်တရက်တွေ့လိုက်ရတယ်။ သိပ်မထူးဆန်းတဲ့ မြင်ကွင်းပဲ။ ဥပေက္ခာပြုထားလိုက်။ မျက်နှာသစ် သွားတိုက် ရေချိုး အဝတ်အစားလဲ။ ဒါက လုပ်နေကျအလုပ်တွေမို့ သိပ်မထူးဆန်းဘူး။ ရေချိုးခန်းအဝင်ဝမှာ ကြွက်လေးတစ်ကောင်။ နောက်ပြီး ဗီရိုထဲမှာ။ ထားလိုက်ပါတော့ သွားစရာက ရှိသေးတယ်။
နံနက် ၉း၀၀ ။ ။ ပုံမှန်အတိုင်းပဲ ကားဂိတ်ရောက်လာတယ်။ ကျောင်းထဲရောက်မယ့်ကားကို တက်စီးတယ်။ ကားပေါ်မှာ ကြွက်ကလေးများ ပါလာသေးလားဆိုပြီး ရှာကြည့်နေမိတယ်။ သူ တော်တော်ရူးတာပဲလို့ ပြန်တွေးမိ။ ဒါပေမယ့် သူ့ထိုင်ခုံဘေးမှာ ကြွက်ကလေးပါလာတယ်။
နေ့ခင်း ၁၁း၀၀ ။ ။ Break Time ဆိုတော့ ကန်တင်းမှာလည်း လူအပြည့်ပဲ။ ဒီနေ့တော့ အတန်း ၂ ချိန်စာ လွတ်သွားပြန်ပြီ။ ဒါလည်း ဖြစ်တတ်ပါတယ်လေဆိုပြီး ကန်တင်းပဲ တန်းသွားလိုက်တယ်။ ဟော ... ကန်တင်းမှာလည်း ကြွက်ကလေး နေ့လည်စာစားနေတယ်။ သူက မနက်စာနဲ့ နေ့လည်စာ ပေါင်းစားတယ်။ သူငယ်ချင်းတွေကို မတွေ့တာကြာတဲ့ ပုံစံနဲ့ စကားတွေ တစ်လှေကြီး ပြောလိုက်တယ်။ လေခွန်မဆောင်ရသမျှတော့ လုပ်ချင်သလို လုပ်ပေါ့။ ဆောင်ရလည်း ကျောင်းသားပဲ အခွန်ကင်းလွတ်ခွင့်ရှိပါတယ်။ ဒီလိုနဲ့ တစ်နာရီကျော်ကြာပြီးတော့ စာသင်ခန်းသွားတော့ စာသင်ခန်းထဲမှာ ကြွက်လေးရောက်နေပြန်တယ်။ စာသင်တယ်။
ညနေ ၃း၀၀ ။ ။ ကျောင်းကနေ အိမ်ပြန်မယ်။ ကားဂိတ်မှာ ကြွက်ကလေးတစ်ကောင်။ အိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီးတော့ လက်ဖက်ရည်ဆိုင်သွားတယ်။ ကြွက်ကလေးက အဲဒီနားကဖြတ်သွားပုံရပါတယ်။ ရုတ်တရက် အမြင်လွှာမှာ လာကပ်ပြန်တယ်။ ခက်ပြီ တစ်နေကုန် ကြွက်နဲ့ကို မလွတ်သေးဘူး။ သူငယ်ချင်းတွေနဲ့ ထပ်ပြီး လေရိုက်တယ်။
ည ၉း၀၀ ။ ။ ကွန်ပြူတာရှေ့မှာ အချိန်ကုန်ဖို့ စတင်လှုပ်ရှားတယ်။ ပြောရရင် အိမ်ထဲရောက်နေပြီ။ ပိုပြီးတိကျရမယ်ဆိုရင်။ သူ့ အိပ်ခန်းထဲ သူပြန်ရောက်နေပြီလို့ ဆိုရမှာပေါ့။ ဟုတ်တယ်လေ ရောက်နေပြီပဲ။ ကဲကဲ ဆက်ပြောရအောင်။ ကွန်ပြူတာထဲမှာ ကြွက်ကလေး တစ်ကောင်။ ဟူးးးးး ...... ဒီကြွက်ကတော့ ရေစက်ပဲ ... သူတစ်ယောက် နဲ့ ကြွက်တစ်ကောင်နဲ့ ဇာတ်လမ်းပေါ့။ ဟုတ်တော့မဟုတ်သေးဘူးဗျ။ ခင်ဗျားဇာတ်လမ်းက ရုပ်လုံးမကြွဘူး။ ထားတော့ ... ။ အချိန်လင့်တော့မယ်။
နံနက် ၂း၀၀ ။ ။ ထုံးစံအတိုင်းပဲ သူ့အိပ်ချိန်က ဒီအချိန်ပေါ့။ ကြွက်ကလေးရေ အိပ်နေပြီလား။ ပြန်မထူးပုံထောက်ရင်တော့ အိပ်နေလောက်ပြီ။ အဲဒီကြွက်ကလေးက အိပ်မက်ထဲမှာ သူ့ လက်မောင်းပေါ်မှီအိပ်နေရဲ့။ ရပြီ ဒီလောက်ဆို သူ့ရဲ့ တစ်နေ့တာက ကြွက်နဲ့ နှစ်ပါးသွားနေရတာပဲ။ ပရိတ်သတ်ကလည်း ကြွက်ကလေးက အထီးလား အမလား သိလောက်ပြီပေါ့။ သြော် ..... တစ်ခုမေ့နေတာ .. ကျွန်တော်က ယောက်ျားလေးတစ်ယောက်ပါ။ သူက .. သူကလား ခင်ဗျားထင်သလိုပေါ့။ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့ဗျာ။ ဒါပေမယ့် သေချာပါတယ်။ အဖြူရောင် လူငယ်လေး နဲ့ အမည်းရောင် ကြွက်လေး။ မှားနေပြီဗျ။ အစကတည်းကမှားတာ။ ထားတော့ .... ။
ကျုပ်ရဲ့တစ်နေ့တာမှာ ကြွက်တစ်ကောင်ဟာ အမြင်အာရုံတိုင်းမှာ အသည်းအသန် တွယ်ကပ်နေတယ်။
နံနက် ၈း၀၀ ။ ။ ကျောင်းကားပေါ်မှာ သူမ တစ်ယောက်တည်း ထိုင်နေတယ်။ ရုတ်တရက် စိတ်ထဲထင်လာမိတာက တစ်ယောက်ယောက်သူမကို ကြည့်နေသလိုပဲ။ အင်း သူပဲနေမှာပေါ့။ သူက အဲသလိုပဲ။ သူမကို အမြင်လွှာထဲ နှစ်ထားချင်ပုံရတယ်။ မှန်တင်ခုံပေါ်မှာ ထိုင်နေကတည်းက သူက သူမ အနောက်ဘက် ရောက်ရောက်နေသလို ခံစားနေရတာ။ တကယ်တမ်း သူရောက်နေတာက သူမရဲ့ ..... ။
နံနက် ၉း၀၀ ။ ။ ကျောင်းရောက်တော့ အတန်းကို အသည်းအသန်ပြေးရတယ်။ ဒီနေ့ နောက်ကျလို့ မဖြစ်ဘူးလေ။ သူက သူမ နောက်က ထပ်ချပ်လိုက်နေသလိုပဲ။ မလွယ်ပါလား ကောင်လေးရယ်။ ကျွန်မက ရှင့်မျက်စိအောက်က ထွက်ကျလို့မရတဲ့ ဖုန်မှုန့်လား။ ဒါမှမဟုတ် ကျွန်မက ရှင့်ရဲ့ အမြင်လွှာထက်က အရိပ်လေးလား။ ဟင့်အင်း ... တစ်ခုမှ မဟုတ်လောက်ဘူး။ ကျွန်မယူဆတာက ကျွန်မက ကြယ်တစ်ပွင့်လေ။ ရှင့်လက်နဲ့ မမှီတဲ့ကြယ်လား။ မှီတဲ့ကြယ်လား။ ကျွန်မ ရှင့်လက်မောင်းထက်မှာ တစ်မှေးလောက် အိပ်ချင်ပါသေးတယ်။
နေ့ခင်း ၁၀း၀၀ ။ ။ ကန်တင်းမှာ ဒီအချိန်ထိုင်ခုံကြပ်တယ်လေ။ အဲဒီတော့ သူမတစ်ယောက် အတန်းထဲမှာပဲ ထိုင်စားရတော့မှာပေါ့။ အင်း ... နေ့လည်စာအတွက် ကန်တင်းမှာ တစ်ခုခုသွားဝယ်ဦးမှ။ ကန်တင်းမှာ စောင့်လိုက်ရတာလည်း ပြောမပြောချင်တော့ပါဘူး။ မပြောပါနဲ့တော့ဗျာ အချိန်ပုပ်တယ်။ နောက်တစ်ကဒ် ကူးရအောင်။ သူမ ကန်တင်းမှာ သူမ အတန်းထဲမှာ သူ့ မျက်လုံးအောက်ကတော့ ပျောက်မသွားဝံ့ဘူး။
ညနေ ၃း၀၀ ။ ။ စာစကားနဲ့ ပြောရရင်တော့ ပညာနို့ရည်သောက်သုံးပြီးတော့ အိမ်ပြန်ပြီပေါ့။ အမေ့နို့ရည် သောက်သုံးတဲ့ အရွယ်တော့ ကျော်သွားပြီ။ အမေ့ရဲ့ မေတ္တာရိပ်ကတော့ အေးတုန်းပါပဲ.. ။ ရှင်ရယ် .. ရှင့် အကြည့်တွေက ကျွန်မကို အတိတ်မေ့သွားစေတယ်။ ဒီလိုနဲ့ အိမ်အပြန်လမ်းလေးကလည်း ပုံမှန်ပါပဲ။
ည ၉း၀၀ ။ ။ သူအိပ်နေပြီလား။ တစ်ယောက်တည်း နေတိုင်း သူ့ကို သတိရတယ်။ အမြဲတမ်းလည်း တစ်ယောက်တည်းပါပဲ။ သူ့မျက်လုံးတွေကတော့ ကျွန်မနားက တစ်ဖဝါးမှ မခွာခဲ့ဘူး။ သူမ မှေးကနဲ အိပ်ပျော်သွားတုန်း အသံတစ်သံကြားလိုက်တယ်။ အိပ်နေပြီလားတဲ့။ သူပဲ နေမှာပါ ကျွန်မ သိတယ်။ အချိန်က
နံနက် ၂း၀၀ ။ ။ ဒီအချိန်ဆို ဒီအသံကိုကြားနေကျ တစ်ရေးနိုးနေကျ။ သူမ ပြုံးလိုက်ပျော်လိုက် မောလိုက် လွမ်းလိုက်။ ထားတော့ .. ဒါတွေက ကြာခဲ့ပါပြီ။ သူ့အမြင်လွှာတွေ သူမဆီက စွန့်ခွာ ..... ။
သူ ဒီအချိန်လောက်ဆို အလွန်လင်းတဲ့ ဒါမှမဟုတ် မှောင်လွန်းတဲ့ နေရာကိုပဲကြည့်နေမှာ သေချာသလောက်ပဲ ဒါမှမဟုတ် ... ကျွန်မကိုပဲ တစ်ချိန်လုံး ဆက်ကြည့်နေဦးမှာလား။ သူ ကိုယ်တိုင် သူမပုံရိပ်တွေကို ဆက်မြင်ဖို့ အင်အားမရှိတော့လို့ ခလုတ်မောင်းကို ဆွဲဖြုတ်ပစ်ခဲ့တာ ကြာပေါ့။ ကြွက်မလေးတစ်ကောင် သူ့နားက ပြေးထွက်သွားတယ်။ သူမရဲ့ တစ်နေရာရာမှာ သူခိုအောင်းနေရင်း သူမကို ကြည့်နေဦးမှာပေါ့။ ကျွန်မလည်း
သူ့အမြင်လွှာ နောက်ကို ထပ်ချပ်လိုက်ချင်လို့ ... ။
                                                                                               နေနှင်းစက်
                    =========================================================
ပြတိုက် ထဲ/ရှေ့ က အရုပ်
သူမက ဓားတစ်ချောင်း ကမ်းပေးတယ် ။ မျက်ရည်တွေ “လွင့်” .. “လွင့်” ကျလာလိုက်ပုံများ ။ ကျွန်တော် နှုတ်ခမ်းကို ကိုက်ထားမိသလား ။ ပထမဆုံးအကြိမ် နမ်းခဲ့တုန်းကလိုမျိုး ပြန်ခံစားမိရတယ် ။ သူမက ဓားတစ်ချောင်းလို “မြ” နေအောင် ပြုံးတယ် ။ ကြယ်တွေ အိပ်တန်းတက်တော့မယ် အရုပ်မ ရဲ့ ။ ကျွန်တော် ဓားသွေးကျောက်ပေါ် ကျောခင်း အိပ်လိုက်တယ် ။ ကျနော့်ကို “သွေး” ပါ အရုပ်မ ရေ ။ သွေးတွေ ဖြိုင်ဖြိုင် ရွာတဲ့ထိ “သွေး” ပါ ။ ခင်ဗျားက ပြတိုက်ထဲက အရုပ်မ ဖြစ်တယ် ။ အရင်စိတ်မျိုးနဲ့ဆို သူ နေရာမှာတင် ငိုချလိုက်မိမှာ အမှန်ပဲ ။ ခုတော့ ကျွန်တော် မငိုဘူး အရုပ်မ ရေ ။ သူမက ပြတိုက်မှူးရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုကြောင့် ဖုန်တစ်မျှင်မျှ ကပ်ငြိခြင်း မရှိ ။ ၀ံ့ဝံ့ကြွားကြွားလေး လှနေတယ် ။ သူ ဘာလုပ်သင့်သလဲ ။ ကျွန်တော် မသိတော့ဘူး အရုပ်မရယ် ။ သူမ အရာရာ အဆင်ပြေပါစေ ။ ပြတိုက်မှူးက သူမကို တစ်နေ့နှစ်ကြိမ် ရေချိုးပေးတယ် ။ ကျွန်တော်က ယဉ်ကျေးမှု အငွေ့အသက် မကောင်းတဲ့ကောင် ဆိုတော့ ပြတိုက်အပြင်ဘက်မှာပဲ နေတယ် ။ ဓားကို ပြန်သိမ်းထားလိုက်ပါ အရုပ်မရေ ။ သူမ ဓားတစ်ချောင်းလို “မြ” နေအောင် ပြုံးပြန်တယ် ။ “သွေး” ပါ ။ ကျွန်တော့်ကိုယ်ထဲက ဗီဇအရိုင်းတွေ “ပါး” သွားတဲ့ထိ “သွေး” ပါ ။ သူ အရူးတစ်ယောက်လို အော်ဟစ်နေတယ် ။ သူမ ကြားသလား ။ ပြတိုက် ပြူတင်းပေါက်တွေ ဖွင့်ထားပေးပါ ။ ကျွန်တော့် အသံစနစ်က ပြတိုက်နံရံတွေကို ဖောက်ထွင်းသွားနိုင်မယ် မထင်ဘူး ။ လေလုံမိုးလုံ အခန်းထဲ အရုပ်မ အသက်ရှူ ၀ပါ့မလား ။ ပြတိုက် ပြူတင်းပေါက်တွေ ဖွင့်ထားပေးပါ ။ အဲသည့် ဓားကို ကျွန်တော့် နောက်ကျောမှာ ၀ှက်ထားပေးပါ ။ သူ တောင်စဉ်ရေမရ ရေရွတ်နေမိတယ် ။ သူမ သူ့နောက်နားမှာ ပုန်းလျှိုးကွယ်လျှိုး ရပ်ရင်း ပြုံးတယ် ။ ခင်ဗျား ဘယ်မှာလဲ အရုပ်မ ။ ပြတိုက်နံရံတွေပေါ် ပန်းချီကား တစ်ချပ်လို တွယ်ကပ်နေမှာလား ။ ဒါမှမဟုတ် ၊ ပါရီမြို့ရဲ့ အေးအေးချမ်းချမ်း ညနေခင်းမှာ ကော်ဖီဆိုင်ထဲ အေးအေးချမ်းချမ်း ထိုင်နေမှာလား ။ ဒါမှမဟုတ် ၊ ခင်ဗျားရဲ့ မက်လက်စ အိပ်မက်တွေကို ရေလောင်းပေါင်းသင်နေမှာလား ။ ဒါမှမဟုတ် ၊ ခင်ဗျား ဘယ်မှာလဲ အရုပ်မ ရေ ။ သူ့ အရုပ်မက ပြတိုက်မှာနေတယ် ။ ကျွန်တော်က ပြတိုက်ရဲ့ သန့်စင်ခန်းသာသာ ကျယ်ဝန်းတဲ့ အခန်းစုတ်လေးထဲ နေတယ် ။ သူ ပြတိုက်ရှေ့ အုတ်ခုံလေးမှာထိုင်ရင်း တစ်နေ့တာ ကုန်ဆုံးတယ် ။ ခင်ဗျားက ပြတိုက်ထဲ (ပြုံးပြုံးလေး) ခါးထောက် ရပ်နေတယ် ။ ပြတိုက် ပြူတင်းပေါက်တွေ ဖွင့်ထားပေးပါ ။ သူ ခင်ဗျားကို မတော်တဆ မြင်ရမယ့် တစ်နေရာရာကနေ ငေးကြည့်နေပါလိမ့်မယ် ။ ပြတိုက် ဘယ်အချိန် ပိတ်မှာလဲ လို့ ကျွန်တော် အရုပ်မကို မေးလိုက်တယ် ။ သူ ညည ဆို ခင်ဗျားကို သီချင်း ဆိုပြလိမ့်မယ် ။ ကျွန်တော် ဂစ်တာ မတီးတတ်ဘူး အရုပ်မရဲ့ ။ သူ သူမကို အိပ်မက်လှလှ မက်ပါစေလို့ ဆုတောင်းပေးတယ် ။ အရုပ်မ အိပ်ရင်ရော ပြုံးနေတတ်လား ။ ခင်ဗျား ပြောလေ ။ ဟင့်အင်း ၊ သူ မသိဘူး ။ ကျွန်တော် မသိလို့ မေးတာပါ ။ အရုပ်မ ၊ ခင်ဗျား ဆံပင်တွေ အရမ်းလှတယ် ။ နောက်ပြီး သူမ မျက်နှာထားတင်းတင်း က တော်တော်ကြည့်ကောင်းတယ် ။ ဟင့်အင်း မဟုတ်ဘူး ၊ မဟုတ်ဘူး ။ ကျွန်တော် သူမကို ငေးကြည့်နေချင်တာသက်သက်ပါ ။ သူ အရုပ်မကို ပိုင်ဆိုင်ဖို့ ကြိုးစားနေတယ် ။ ကျေးဇူးပြုပြီး ပြောပါရစေ ။
ကျွန်တော် ခင်ဗျားကို ချစ်တယ် ။ သူ သူမကို ချစ်တယ် ။ ကျွန်တော် အရုပ်မကို ချစ်တယ် ။ သူ ခင်ဗျားကို ချစ်တယ် ။ ကျွန်တော် သူမကို ချစ်တယ် ။ သူ အရုပ်မကို ချစ်တယ် ။ ကျွန်တော် သူမကို ချစ်တယ် ။ အရင်လိုပဲ ပြုံးနေပါ ။ သူ့ကြောင့် သူမ စိတ်ညစ်သွားပြီလား ။ ကျွန်တော် ပြန်မရုပ်သိမ်းပေးနိုင်ဘူး အရုပ်မ ။ သူ အခန်းကျဉ်းလေးထဲက ပြူတင်းပေါက်တွေ တွန်းဖွင့်လိုက်တယ် ။ ကျွန်တော် ခင်ဗျားကို အသက် ၀၀ ရှူစေချင်တယ် ။ လိုက်ခဲ့ အရုပ်မ ၊ လိုက်ခဲ့ ။ သူ သူမကို ကမ္ဘာအသေးစားလေး တစ်ခုထဲ ဆွဲခေါ် ရှင်သန်စေဖို့ သိမ်ငယ်စွာ တွေးတောနေတယ် ။ အရုပ်မ ပြတိုက်ထဲကနေ ကပိုကရို ၊ လှလှပပလေး ထွက်လာတယ် ။ ကျွန်တော့်နား ရောက်လာတယ် ။ သူ ဘယ်လို ခံစားမှုမျိုးနဲ့မှ နှိုင်းယှဉ်မရအောင် တလှပ်လှပ် ပျော်သွားတယ် ။ လာပါ အရုပ်မ ၊ ကျွန်တော့်နား လာပါ ။ သေးငယ်သိမ်နုပ်တဲ့ ကမ္ဘာအသေးစားလေးထဲ ပျော်ဝင်လှည့်ပါ ။ သူမ သူ့အနား ရောက်လာတယ် ။ လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ဓားတစ်ချောင်း နဲ့ ။ အရုပ်မ မထေမဲ့မြင် ပြုံးလိုက်တယ် (ထင်တယ်) ။ ကျွန်တော် တစ်ခုခုကို စိုးရွံ့စွာ ဘုရား “တ” မိလိုက်တယ် ။ ရင်ဘတ်ထဲမှာ ပူခနဲ ။ သူ့နောက်ကျောဘက်က (သူမကိုယ်တိုင်) နှုတ်ခဲ့တဲ့ ဓားနဲ့ ၊ သူ့ရင်ဘတ်ကို (သူမကိုယ်တိုင်) ထိုးစိုက်ပစ်လိုက်တယ် ။ ပြီးသွားပါပြီ အရုပ်မ ။ ပြီးသွားပါပြီ ။ ခင်ဗျား တိုက်ခဲ့တဲ့ ကျိန်စာအတိုင်း ကျွန်တော် ခင်ဗျားပြတိုက်ရှေ့မှာ စောင့်တဲ့ အရုပ်တစ်ခု ဖြစ်နေပါပြီ ။ လာရာလမ်းအတိုင်း ကပိုကရို ၊ လှလှပပလေး ပြန်ဝင်သွားပါ ။ သူမရဲ့ ပြတိုက်ရှေ့မှာ သူ အရုပ်တစ်ရုပ်အဖြစ်နဲ့ အမြဲ ရှိနေမှာ သေချာပါတယ် ။ ကျွန်တော် ကတိပေးပါတယ် အရုပ်မ ။ ခင်ဗျားရဲ့ ပြတိုက် ဂေဟာ ရှေ့မှာ အမြဲ ရှိနေမယ် ဆိုတာ .......................... ...... ။
                                                                                    ဆူးခက်မင်း
                    +++++++++++++++++++++++++++++++++++++++++++++++++++++++++++++
                                       ဟာသ
၄၅ ဘတ်စ်ကား
AMK
အသက် ၅၀ ကျော်အမျိုးသမီးတစ်ဦးသည် ပထမဆုံးအကြိမ် ရန်ကုန်သို့ အလည်အပတ်ခရီးသွားရန် ဖိတ်ကြားခြင်းခံရသည်။ လှည်းတန်းကိုသွားခဲ့ရာ ကံဆိုးချင်တော့ လှည်းတန်းလမ်းဆုံကို သူရှာမတွေ့ခဲ့ပေ။ ဒီလိုနှင့် ယာဉ်ထိန်းရဲကို အကူအညီတောင်းရတော့သည်။
အမျိုးသမီး >> ကျေးဇူးပြုပြီး လှည်းတန်းကိုဘယ်လိုသွားရလဲ လမ်းညွှန်ပေးပါရှင်
ယဉ်ထိန်းရဲ >> ၄၅ ကားကို ဒီကားဂိတ်မှာစောင့်ပါ။
အဲ့ကားနဲ့ဆို လှည်းတန်းကိုရောက်ပါတယ်။
အမျိုးသမီးက ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ ယာဉ်ထိန်းရဲလည်း ပြန်လည်ထွက်ခွာသွားတော့သည်။
၃ နာရီလောက်ကြာသောအခါ ယာဉ်ထိန်းရဲက ထိုနေရာသို့ ပြန်လည်ရောက်လာသည်။ အမျိုးသမီးက ထိုကားဂိတ်မှာပင်စောင့်နေဆဲ။ ယာဉ်ထိန်းရဲက အမျိုးသမီးဆီသို့သွား၍ ပြောသည်။
“ လှည်းတန်းကိုရောက်ဖို့ ၄၅ ကားကိုစောင့်စီးရမယ်လို့ ကျွန်တော်မှာထားခဲ့တယ်နော် အခု ၃ နာရီတောင် ကြာနေပြီဗျ ဘာ့ကြောင့်အခုထိစောင့်နေတာတုန်း ”
အမျိုးသမီးက ပြောလိုက်သည်
“ မစိုးရိမ်ပါနဲ့ အရာရှိကြီးရယ် သိပ်မကြာတော့ပါဘူး အခုဖြတ်သွားတဲ့ကားက အစီး ၄၀ မြောက်ပါ ” 
                    =========================================================
ကျိန်းသေပြီးသားပဲ
NP
ပထမလူ- ဟေ့ကောင် ဒီနေ့ည ဘောလုံးပွဲ လောင်းရအောင်။
ဒုတိယလူ- မလောင်းတော့ပါဘူးကွာ။ ပိုက်ဆံမရှိတော့ဘူး။
ပထမလူ- ဟ .. ဘယ်ရောက်သွားတာလဲကွ။
ဒုတိယလူ- အကုန်ပုံအောပြီး လောင်းလိုက်တာ။
ပထမလူ- ဟာကွာ .. မင်းကလည်း .. ဘောလုံးပွဲတစ်ပွဲကို အဲ့လောက်ပုံအောပြီး လောင်းရလား။
ဒုတိယလူ- ငါလောင်းလိုက်တာ ဘောလုံးပွဲမဟုတ်ဘူးကွ။ ဒီည ငါတို့ရပ်ကွက်မှာ မီးလာ မလာ။ မလာတဲ့ဘက်က လောင်းလိုက်တာ။
                    +++++++++++++++++++++++++++++++++++++++++++++++++++++++++++++
မြစ်လက်တက်များ
____လူ ခါး____________
မလေးရှားနေက ခုလို ညကြီးထဲမှာတောင် တစ်နေရာရာကနေ ချောင်းမြောင်းပြီး ပူနေတယ်လို့ သူ ထင်တယ် ။ ညက အိုက်စပ် ပူလောင်လွန်းလှတယ် ။ဆိုင်ကလေးထဲမှာရှိတဲ့ အဲကွန်းသုံးလုံးစလုံး ဖွင့်ထားတာတောင် လောင်မြိုက်နေသေးတယ်။ ဆိုင်ကလေးထဲကို မျက်လုံးဝေ့လိုက်တော့ customer တွေ မှုတ်ထုတ်တဲ့ ဆေးလိပ်မီးခိုးတွေက မြူတွေလို ရစ်သိုင်းနေကြတယ် ။ သူနဲ့ ညဆိုင်းအတူလုပ်ရတဲ့ ကောင်လေးကိုကြည့်လိုက်တော့ ခုံပေါ်မှာ ခွေခွေလေး ငိုက်နေတယ် ။ သူတို့ နှစ်ယောက်က ဒီဆိုင်ကလေးထဲမှာ ဆေးလိပ်ငွေ့ တွေနဲ့  နေ့ စဉ်နဲ့ အမျှ နဘမ်းလုံးနေရတဲ့ အလုပ်သမားတွေပဲ ။
ဆေးလိပ်အကြောင်းကို စဉ်းစားရင်း ဟိုတလောက ဖတ်လိုက်ရတဲ့ ဆေးလိပ်သတင်းတစ်ခုကို သွားသတိရမိတယ် ။
'' ကမ္ဘာပေါ်မှာ ဆေးလိပ်အသောက်ဆုံး နိုင်ငံသည် မလေးရှား ဖြစ်သည် '' တဲ့ ။
အရင်တုန်းကတော့ မသိဘူး ။ သူတို့ ရောက်ပြီးတဲ့  သုံးနှစ်အတွင်းမှာတော့ အဲဒီ စံချိန်မှန်တယ် ။ နိုင်င်ငံသားတွေထက် အလုပ်လာလုပ်ကြတဲ့ နိုင်ငံခြားသားတွေကြောင့် မြင့်တက်သွားတယ်လို့ သူထင်တယ် ။ ခုတော့ အဲသလို မကောင်းတဲ့ ဘက်က နာမည်ကောင်းရနေတဲ့ နိုင်ငံမှာ သူတို့ မြန်မာအလုပ်သမားတွေ တစ်စတစ်စ ယိမ်းယိုင် ပြိုပျက်လာတယ်လို့ သူ စိတ်မကောင်းစွာနဲ့  တွေးဖြစ်နေတတ်ခဲ့ရတယ်။ သောက်တတ် ၊ စားတတ်လာကြတယ်။ သူကောဘာထူး လို့ လဲ ။ သူကလည်း ဒီပုတ်ထဲ က ဒီပဲ ပါပဲ ။
သူအခု လုပ်နေတဲ့ ဆိုင်ကလေးကလဲ ကောင်းတာမှ မဟုတ်ဘဲ ။ သူ့ ဆိုင်ကလေးက အင်တာနက်နဲ့ ချိတ်ဆက်လောင်းကစားရတဲ့ တရားမဝင်လောင်းကစား ဆိုင်လေး ။ ဒီဆိုင်ကလေးထဲကို သူရောက်ခဲ့တာ သုံးနှစ်တောင်ပြည့်တော့မယ် ။ သူ့ လိုပဲ မြန်မာအလုပ်သမား ရှစ်ဆယ်လောက် လုပ်နေကြတယ် ။တစ်ဆိုင်ကို နှစ်ယောက် နှုန်းနဲ့ သူတို့ သူဌေး ပိုင်တဲ့  ဆိုင်လေးဆယ်လောက်မှာ မြန်မာအလုပ်သမားတွေချည်းပဲ ။
စဝင်လာခါစကတော့ အိုဗာစတေး ဖြစ်နေတဲ့ သူတို့ ဘဝတွေ အတွက် ကောက်ရိုးတစ်ပင်အဖြစ် ယောင်ယမ်းဖမ်းဆွဲလိုက်တဲ့
သဘောပါပဲ ။ ဒါပေမယ့်  လုပ်ရင်းလုပ်ရင်း လစာလေးကို သူ မစွန့် လွှတ်ချင်ဘူး ဖြစ်လာတယ် ။ သူဌေးက စာအုပ်အသစ်လုပ်ပေးမယ်ဆိုပြီး သူတို့ ကို ပြောထားတဲ့ အချက်ကို ယုံမိတာလည်း ပါတယ် ။ ခုတော့ စာအုပ်လည်း မလုပ်ဖြစ်၊ အိမ်လည်း မပြန်ဖြစ် သူတို့ တွေ သူဌေးလက်ထဲက ရုန်းမထွက်နိုင်ကြဘူးဖြစ်နေတယ်။
ခုလို တရားမဝင်ဆိုင်တွေမှာ လုပ်လိုက်၊ အဖမ်းအဆီး ရှိတယ်ဆိုရင် ရှောင်နေလိုက်နဲ့ ကြာတော့ သူတို့ အားလုံးအတွက် ဒုက္ခဆိုတာ အပေါင်းအသင်းသူငယ်ချင်းလိုဖြစ်လာတယ်။ လကုန်ရင် အိမ်ကိုပို့ လိုက် ။ သောက်စားပျော်ပါး လိုက်နဲ့  ဘုန်းကြီးတစ္ဆေတွေဖြစ်လာတယ် ။ ဘာတဲ့ဆို သိပြီးသား ၊ ဘာတဲ့ ဆို တတ်ပြီး သား ။ စက်ရုံ အလုပ်သမားတွေထက်စာရင် သူတို့ က မလေးရှား ပေါ်လစီနဲ့ အံဝင်ခွင်ကျ ဖြစ်လာတယ်။ လူမိုက်တစ်ပိုင်း အလုပ်သမားတစ်ပိုင်းဖြစ်လာတယ် ။
တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး ဖြစ်လာကြတယ်။ မဖြစ်ခံနိုင်ရိုးလား ။ သူတို့ ဆိုင်ကလေးမှာက သူဌေးက ငှားထားတဲ့ လူမိုက်တွေရှိတယ် ။ အဲဒီလူတွေနဲ့ ပေါင်းမိပြီး သူတို့ တွေ အကျင့်စာရိတ္တ ခေါင်းပါးလာတယ် ။ သူ့ ဆိုင်ကလေးထဲမှာ နေ့ စဉ်နဲ့ အမျှ လူမိုက်တွေ ရှိနေတတ်တယ် ။ လူမိုက်တွေရဲ့ လုပ်ရပ်တွေကို မမြင်ချင်အဆုံးမြင်နေရတော့တယ်။
''မင်း သူတို့ ကို သိလို့ လား"
သူတွေးချင်ရာ တွေးနေတုန်းမှာ ဆိုင်စောင့်တဲ့ လူမိုက်ကြီးက အထဲဝင်လာရင်း သူ့ ကိုမေးတယ်။ လူမိုက်ကြီး မေးငေါ့ပြတဲ့လူတွေကို
ကြည့်လိုက်တော့ သူလည်း သိပ်မသိတဲ့လူတွေ ။
''သိပ် မသိဘူး''
သူ့ အဖြေစကားကိုကြားတော့ ဂျာကာကြီးက သူ့ ကို ရှုသိုးသိုး ကြည့်ပြီး ဆိုင်အပြင်ထွက်သွားတယ် ။ သူလည်း ကောင်လေး
ကို လှုပ်နှိုးလိုက်ပြီး
'' ငိုက်မနေနဲ့  အခြေအနေ မကောင်းဘူး'' လို့ လေသံခပ်တိုးတိုး နဲ့ ပြောလိုက်တယ်။ ကောင်လေးက ကြောက်တတ်သူပီပီ ဝုန်း ခနဲ မတ်တပ်ထရပ်ပြီး ချက်ချင်းပြေးတော့မလို ဟန်ပြင်တယ် ။
'' ဟေ့ကောင် ဘယ်တုန်း ၊ အခြေအနေ မကောင်းဘူး လို့ ပဲ ပြောတာ၊ မင်းက ဘယ်ပြေးတာတုန်း "
သူ ကောင်လေးကို လေသံ အုပ်အုပ်နဲ့ ပြောလိုက်တော့ ကောင်လေးက ငြိမ်သွားတယ် ။
ခဏနေတော့ ဆိုင်စောင့် ဂျာကာလူမိုက်ကြီးက မျက်စေ့မျက်နှာပျက်နဲ့ ဆိုင်ထဲပြန်ဝင်လာတယ် ။ ဘယ်လိုလဲ ဆိုတဲ့ အမူအယာနဲ့ သူ အဘိုးကြီးကို မေးငေါ့ပြလိုက်တော့
'' အဲဒါ ဓားပြတွေ " တဲ့
အဲဒါ မှ ပြသနာပဲ ။ မြွေပွေး ကို ခါးပိုက်ပိုက်မိရက်သားဖြစ်ပြီ ။ သူ ကြောက်စိတ်ကို မသိကျိုးကျွံပြုပြီး မေးလိုက်တယ် ။
'' သေချာလို့ လား '' သူတုန်တုန်ယင်ယင်နဲ့ မေးလိုက်တော့ ဆိုင်စောင့်ဂျာကာကြီးက
''သေချာတယ် ၊ အပြင်က ကားထဲမှာ သုံးယောက်ကျန်သေးတယ် ။ ကားကလည်း နံပါတ်တပ်မထားဘူး''
သူ့ လက်တွေ တုန်လာသလား သူ့ ကိုယ်သူတောင် မသိတော့ဘူးရယ် ။ ကောင်လေးကို ကြည့်လိုက်တော့ ကောင်လေးက မျက်လုံးလေး ကလယ်ကလယ်နဲ့  ။
''ညီလေး အသင့်ပြင်ထား''
သူကောင်လေးကို ပြောပြထားဖူးတဲ့ တစ်ချိန်ကအကြောင်းတွေအတိုင်း လုပ်ဖို့ သတိပေးလိုက်တယ်။ သူတို့လို အလုပ်သမားတွေအဖို့ က ပြေးရန်မှတပါး အခြားမရှိ ဆိုတော့ အရေးရယ် အကြောင်းရယ်ဆို အဲသလိုသာ အဆင်သင့်လုပ်ထားရတော့တာပဲ။ သူတို့ နှစ်ယောက်လည်း ရယ်ဒီအနေအထားဖြစ်ရော ဆိုင်စောင့်လူမိုက်ကြီးက
'' ရပြီ ၊ ငါ ငါ့အဖွဲ့ ကို ခေါ်ထားပြီး ပြီ ၊ မင်းတို့  အသာနေ" လို့  ခပ်အေးအေး လာပြောတယ်။ သူတို့ ဟာ သူတို့  ခေါ်ထားထား မထားထား၊ ယုံရတာမဟုတ်တော့ သူနဲ့ ကောင်လေးက ပြေးပေါက်ကိုသာ ကြည့်နေမိကြတယ်။ ဒါပေမယ့် ဟုတ်ပါတယ် ။ ဆိုင်စောင့်ဂျာကာကြီးပြောသလို သိပ်မကြာခင်မှာပဲ သူ့ ရဲ့လူမိုက်အဖော်တွေ ရောက်လာကြတယ် ။
သူတို့ အဖွဲ့ လည်းရောက်လာရော သိပ်မကွာဘူး ဆိုင်ရှေ့ကို နောက်ထပ်ကားတွေရောက်လာကြတယ် ။ သူ သိလိုက်တယ် ။ ဒါ မလေးရှားမှာ ရေပန်းစားနေတဲ့ လူဆိုးဂိုဏ်းတွေရဲ့ တွေ့ ဆုံပွဲပဲ။ မလေးရှားက ရဲတွေတောင် လက်မြှောက်ထားရတဲ့ အဖွဲ့ တွေပဲ ။ မကြာခင် သူ့ ဆိုင်ကလေး မွမွကြေတော့မယ့် အရေးကိုတွေးရင်း သူ ကြောက်ရွံ့ နေမိတယ်။
ဒါပေမယ့် '' လူမိုက်ဆိုတာ အများနဲ့ တစ်ယောက်သာမိုက်ရဲတာ၊ အများ အများ ချင်းဆို နွားတွေလို စောင်ရင်းစောင်ရင်းနဲ့  ဝေးသထက်ဝေးအောင်ပြေးတာ့တာ'' လို့ ပြောဖူးတဲ့ သူ့ ထက် ဝါရင့်တဲ့  လူတွေရဲ့ စကားအတိုင်း တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ စောင်ရင်းစောင်ရင်း အပြီးသတ်ကျတော့ လူစုကွဲသွားကြတယ် ။
သူချက်ချင်း တခြားဆိုင်တွေကို ဖုန်းဆက်ပြီး အကြောင်းကြားလိုက်တယ် ။ လူပုံ စံတွေကိုပြောပြ၊ အဝတ်အစားတွေကိုပြောပြပြီး သတိဝီရိယ နဲ့ နေဖို့ ပြောလိုက်တယ်။ မလေးရှား လူမိုက်တွေဟာ အဲသလိုပဲ ၊ ဒီနေရာမရ နောက်တစ်နေရာ ၊ လိုချင်တာမရမချင်း နိုင်ငံခြားသားတွေ ရှိတဲ့ နေရာတွေ မှာ ကောက်ကျစ်စဉ်းလဲ တဲ့စိတ်နဲ့ ချောင်းမြောင်းနေတတ်တယ်။ပြီးတော့ ဘယ်ဆိုင်ကိုမှ မဝင်ပါစေနဲ့ ဘုရား၊ ဘယ်လို နိုင်ငံခြားသားမှ သွေးဆာနေတဲ့ အရိုင်းဘီလူးတွေ လက်ထဲ မရောက်ပါစေနဲ့ ဆိုပြီး တစ်ညလုံး ဆုတောင်းနေမိတယ် ။
အဲဒီညက သူဆုတောင်းပြည့်ခဲ့ပါတယ် ။
(၂)
ညက ဆုတောင်းပြည့် ခဲ့ပေမယ့်  မနက်ခင်းကတော့ သူ့ ဆီကို အညှာအတာ ကင်းမဲ့စွာ သတင်းတစ်ခုကို ယူလာခဲ့တယ်။ နောက်နေ့ မနက် ဆိုင်လေးထဲကနေ သူထွက်လာတော့ သူတို့ အဆောင်တစ်ဝိုက်မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်။
သူတို့ နဲ့ မနီးမဝးရပ်ကွက်မှာနေတဲ့  မြန်မာမလေးတစ်ယောက်ကို ညက လူရမ်းကားတစ်သိုက် ဆွဲသွားတယ် .. တဲ့ ။ သူ့ ရင်တစ်ခုလုံး ဟာသွားတယ် ။ တစ်ချို့ ကလည်း ရဲတိုင်မယ် ။ တစ်ချို့ကလည်း လိုက်ရှာကြမယ် ။ တစ်ချို့ကလည်း နှမချင်းမစာဘူး... ဘာညာ ဆိုပြီး အော်ဟစ်ကြိမ်းမောင်းနေကြတယ် ။
သူ ဘာလုပ်ရရင်ကောင်းမလဲ ။ ရဲတိုင်လို့ ကော ဘာထူးလာမှာလဲ ။ သွားရှာလို့ ရော ကိုယ့်စက်ရုံထဲ ကိုယ်တောင် အနှံ့ရောက်ဖူးကြတာ မဟုတ်ဘူး ။ သူတို့ ဆိုင်ကလေးမှာ ညဘက် လာစောင့်တဲ့ ဂျာကာလူမိုက်ကြီး ကို အကူအညီတောင်းရကောင်းမလား ။ လားပေါင်း များစွာနဲ့  သူ မြန်မာဆိုင်တစ်ဆိုင်ပေါ် တက်သွားလိုက်တယ် ။ မြန်မာ ဆိုင်ပေါ်မှာလည်း လူတွေက အဲဒီသတင်းပဲ ။ မြန်မာဆိုင်သူဌေး ရဲ ''့သနားစရာ ကွာ '' ဆိုတဲ့ စကားကို သူ မကြားချင်တာနဲ့ ပဲ စာစောင်တစ်ခုဝယ်ပြီး အဆောင်ပြန်လာခဲ့တယ် ။
အဆောင်ရောက်တော့ ဘာမှစဉ်းစားတွေးတောလို့ မရတာနဲ့ သူ စာစောင်ကို ဟိုလှန်ဒီလှန် လုပ်နေလိုက်တယ် ။ တစ်နေရာရောက်တော့ သတင်းတစ်ခုက သူ့ မျက်လုံးထဲ ထင်ထင်ရှားရှားကြီး ဝင်လာတယ် ။
''ဧရာဝတီ ကို ကယ်တင်ကြမယ် '' .. တဲ့  ။
သူ စာစောင်ကို ဆက်မဖတ်တော့ဘဲ နီးရာ စာရွက်တစ်ရွက်ကို ဆွဲယူပြီး စိတ်ထဲရှိတာ ချရေးပစ်လိုက်တယ် ။
''ဧရာဝတီ ကို ကယ်တင်သလို ဧရာဝတီကမွေးဖွားခဲ့တဲ့  အဝေးရောက် မြစ်လက်တက်များကိုလည်း ကယ်တင်ပေးကြပါ "'
ကယ်တင်ပေးကြပါ ။ ကယ်တင်ပေးကြပါ ။
ကယ်.........တင်.......................ပေး...............................ကြ..................................ပါ......................။
သူ စာကြောင်းရေ တော်တော်များများရေးပစ်လိုက်တယ် ။ ဒါပေမယ့်  ရေးပြီးတော့မှ ခက်မှန်းသိတော့တယ် ။ စိတ်ထဲ ပေါက်ပေါက်နဲ့ လျှောက်ရေးမိတာကို ဘယ်သူ့ ကိုပြရမှန်းမသိတော့ဘူးဖြစ်နေတယ် ။
                    =========================================================
ဆက်သွယ်မှုဧရိယာပြင်ပမှာ ငိုသံတွေ ကြားနေရတယ်
_____________နေ ပိုင်____________________
ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခုဟာ လူ့အသိုင်းအဝိုင်းမှာတော့ သိပ်ကို လူသိနည်းလွန်းလှတယ်။ ဒါပေမယ့် ဆိတ်ငြိမ်ရပ်ကွက်ဟာ လူတိုင်းနဲ့ ပတ်သက်ဆက်နွယ်နေတယ်။ ထူးခြားတာက အဲ့ဒီဆိတ်ငြိမ်ရပ်ကွက်လေးမှာ ငိုသံတွေ ကြားနေရတယ်။ ငိုသံတွေတင်မကဘဲ တစ်ခါတစ်ခါ ခွေးတွေ အူတတ်ကြတယ်။ ခြေသံတွေ မကြားရဘူး။ လေတိုးသံကလွဲရင် တစ်နေကုန် တိတ်ဆိတ်ငြိမ်သက်လျှက်။ အဲ့လို ရပ်ကွက်လေးမှာ ငိုသံတွေ ကြားရတတ်တယ်။
ရောင်စုံအိမ်လေးတွေ တစ်ယောက်တစ်အိမ်နဲ့ အခင်းအကျင်း ကျနစွာ စီရီထားသလို။ တချို့က ခြံခတ်ကြတယ်။ တချို့ကလည်း ခြံမခတ်ကြဘူး။ အိမ်ဆိုလို့ ကြီးကြီးမားမားလည်း မဟုတ်ကြ။ အဲ့ဒါကြောင့် သူခိုးသူဝှက်ရန်တွေလည်း မကြောက်ရ။ ဒါပေမယ့် ထူးဆန်းတာက အဲ့ဒီရပ်ကွက်လေးမှာ ငိုသံတွေကြားရတတ်တယ်။
တစ်နေ့တစ်နေ့ တစ်ယောက်ပြီးတစ်ယောက် အဲ့ဒီရပ်ကွက်လေးမှာ အိမ်ဝယ်ကြတယ်။ အလှပဆုံးဝတ်ဆင်ပြီး အိမ်တက်ပွဲတွေလုပ်ကြတယ်။ အိမ်တက်ပွဲဆိုလို့လည်း အိမ်ထဲမှာ လူများများစားစားမရှိလှဘူး။ အိမ်ပိုင်ရှင်တစ်ယောက်တည်းရယ်။ ကျွန်တော်လည်း ကြုံဖူးတယ်။ အဲ့ဒီအိမ်ပိုင်ရှင်တွေက စကားပြန်ပြောလေ့မရှိကြဘူး။ ဒါပေမယ့် ငိုသံတွေတော့ အဲ့ဒီအိမ်အနီးတစ်ဝိုက်မှာ ကြားရတတ်တယ်။
အဲ့ဒီအိမ်ထဲကသူတွေ နိုင်ငံရေးမလုပ်ကြ။ ဘောလုံးပွဲမလောင်းကြ။ အိမ်ထဲကသူတွေ တစ်အိမ်နဲ့တစ်အိမ် အိမ်လည်မသွားကြ။ လိင်မဆက်ဆံကြ။ အိမ်ထဲကသူတွေ အပန်းဖြေခရီးမထွက်ကြ။ ရည်းစားမထားကြ။ အိမ်ထဲကသူတွေ အပန်းဖြေခရီးမထွက်ကြ။ ရည်းစားမထားကြ။ အိမ်ထဲကသူတွေ အိမ်ပြင်မထွက်ကြ။ ကဗျာမရေးကြ။ ဒါပေမယ့် အဲ့ဒီအိမ်ပတ်ဝန်းကျင်မှာ ငိုသံတွေကြားရတယ်။
အဲ့ဒီရပ်ကွက်လေးမှာ အခွန်ဆောင်စရာမလို။ ဧည့်စာရင်းတိုင်စရာမလို။ အမှိုက်စနစ်တကျပစ်ဖို့မလို။ ရွေးကောက်ပွဲ မဲပေးဖို့မလို။ မီတာဆောင်စရာမလို။ ဈေးဝယ်စရာမလို။ အိမ်ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်စရာမလို။ လမ်းပြင်စရာမလို။ ဒါပေမယ့် အဲ့ဒီရပ်ကွက်မှာ ငိုသံတွေကြားရတယ်။
အဲ့ဒီရပ်ကွက်လေးက လူသွားလူလာ နည်းပါးပါတယ်။ ရပ်ကွက်လူကြီးကအစ စကားနည်းတဲ့သူ။ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်တဲ့လူ။ Facebook .. Internet .. မိုးဟေကို .. ဒေးဗစ်ဘက်ခမ်း .. သူမသိ။ သူသိတာ တစ်နေ့ သူတို့လည်း အိမ်တစ်လုံးတော့ ဝယ်ကြဦးမယ်။ ဝယ်ရဦးမယ်။ အဲ့ဒီအခါကျရင်လည်း ငိုသံတွေကြားရလိမ့်မယ်။
အိမ်ထဲက ရက်ဗလွန်ရေမွှေးနံ့တွေ ပျောက်သွားတဲ့အခါ၊ အိမ်ရှေ့က ပန်းခြင်းတွေ ခြောက်သွေ့သွားတဲ့အခါ၊ ၆ ပေ ၂ ပေစာ အိမ်လေးမို့ ညအိပ်ဧည့်သည် လက်မခံတဲ့အခါ၊ အိမ်အသစ်ပေါင်းများစွာနဲ့ အိမ်ပိုင်ရှင်နာမည်များစွာ ကျောက်ပြားတစ်ချပ်စီနှင့် အထင်အရှားမြင်တွေ့ရသောအခါ၊ ငိုသံတွေ ကြားရတဲ့အခါ၊ သူများသေတုန်းကတောင် ခင်ဗျားငိုခဲ့သေးတာပဲ လို့ သတိရပါ။
အိမ်ပိုင်ရှင်တွေမှာ မီးသတ်ရဲဘော်တွေလည်း ပါမယ်။ မယဉ်ငြိမ်းပွင့်လည်း ပါမယ်။ ( သို့သော် သူမဟာ အချစ်သူရဲကောင်း မဟုတ် ဟု သတ်မှတ်ပါ ) ။ ဆယ်ကျော်သက်လေးတွေလည်း ပါမယ်။ သွေးကင်ဆာတွေလည်း ပါမယ်။ HIV လည်း ပါမယ်။ ညဥ့်ငှက်တွေလည်း ပါမယ်။ အရက်သမားတွေလည်း ပါမယ်။ ဟစ်တလာလည်း ပါမယ်။ ကဗျာဆရာလည်း ပါမယ်။ နောက်ဆုံးတော့ အဲ့ဒီဆက်သွယ်မှုဧရိယာပြင်ပမှာ ငိုသံတွေ ကြားနေရလိမ့်မယ်။ အဲ့ဒီငိုသံတွေဟာလည်း သေပြီးမှ ငိုနေကြတဲ့ ငိုသံတွေ ဖြစ်ကောင်းဖြစ်မယ်။
ဒါပေမယ့် ငိုသံတွေ ကြားနေရတယ်။
                    +++++++++++++++++++++++++++++++++++++++++++++++++++++++++++++
                                        အွန်လိုင်းအနုပညာရပ်ဝန်း
အွန်လိုင်းတခွင် လမ်းလျှောက်ထွက်ခြင်း
-------------------- ( လမ်းလျှောက်ဘလော့ဂါ ) -------------
တစ်နေ့တစ်နေ့ ဘလော့ဂ်တစ်ခွင် လှည့်လည်ကြည့်ရှုရသည်မှာ ပျင်းသလိုလိုရှိလာသောကြောင့် လမ်းလျှောက်ဘလော့ဂါတစ်ယောက် Facebook သို့ ခေတ္တခဏ ပြန်လာခဲ့၏။ အမှတ်မထင် “သားငယ်လေး”ဟူသော နာမည်ဖြင့် တင်ထားသော Status တစ်ခုအား လူတချို့ Share ထားသည်ကို တွေ့ရသဖြင့် ဖတ်ရှုကြည့်လိုက်ရာ မူကြိုဆရာမလေးတစ်ဦးအား မေးထားသော အင်တာဗျူးဖြစ်နေ၏။ မူကြိုဆရာမလေး၏ အသက်မှာ ငယ်ရွယ်သော်လည်း အတွေးအခေါ်များမှာ အံ့မခန်း လေးစားဖွယ်ဖြစ်နေသောကြောင့် ခရမ်းရိပ်ပရိသတ်များ ဖတ်ရှုနိုင်စေရန်အလို့ငှာ ပြန်လည်ဖော်ပြပေးလိုက်ပါသည်။
( Status တင်ထားသူမှာ Ko Ko Zaw
http://www.facebook.com/profile.php?id=768446911 ဖြစ်ပြီး မတ်လ ၂၅ ရက်နေ့တွင် ဖော်ပြထားခြင်းဖြစ်သည်။ )
……………………………………………………………………………
အိပ်ခန်းထဲ၌ စလောင်းတီဗွီမှ အင်တာဗျူးတစ်ခု လာနေသည်။ ၄င်းအင်တာဗျူးကို စိတ်ဝင်တစား နားထောင်မိခဲ့သည်။ သဘောကျသည်။ ယင်းအင်တာဗျူးတွင် မူကြိုကျောင်းမှ ဆရာမငယ်တစ်ယောက်ကို မေးမြန်းခြင်းဖြစ်သည်။ ပြထားသော နောက်ခံလှုပ်ရှားမှုတွင် ကလေးငယ်များက မြက်ခင်းပေါ်တွင် ဆော့ကစားနေကြသည်။
“ဆရာမ တာဝန်ထမ်းတာ ကြာပြီလား”
“သုံးနှစ်လောက်ရှိပြီ”
“ဘာတာဝန်ယူရသလဲ”
“ကလေးတွေရဲ့ စရိုက်သဘာဝကို သူတို့စရိုက်အမှန်အတိုင်း မိဘတွေသိဖို့၊ ကလေးတွေကိုယ်တိုင်သိဖို့ တာဝန်ကိုယူရတယ်”
“မူကြိုဆရာမအလုပ်ကို ဘာကြောင့်ရွေးချယ်ဖြစ်တာလဲ”
“နောင်တစ်ချိန်မှာ တန်ဖိုးအရှိဆုံးလူသားတွေဖြစ်လာမယ့် ကလေးငယ်တွေကို အသေအချာ လေ့လာခွင့်၊ ထိတွေ့ခွင့်ရတဲ့အလုပ် ဆိုတာ မူကြိုဆရာမအလုပ်ပဲရှိတာလေ။ ဒါကြောင့် မူကြိုဆရာမအလုပ်ကို ကျွန်မရွေးချယ်ခဲ့တာ”
“ဒီထက်ပိုပြီး ရှင်းပြလို့ရမလား”
“ကလေး ဆိုတာ ချစ်စရာကောင်းတယ်၊ အားကိုးစရာကောင်းတယ်၊ ကြောက်စရာလည်းကောင်းတယ်ရှင့်”
“ဘာကြောင့်လဲ”
“ရိုးသားလို့ ချစ်စရာကောင်းတာလေ။ အနာဂတ်အတွက် ပညာတတ်တွေ၊ ပညာရှင်တွေ ဖြစ်လာမှာမို့ အားကိုးစရာလည်းကောင်းတယ်”
“ဒါဖြင့်ရင် ဘာလို့ကြောက်စရာကောင်းတာလဲ”
“ဒီကလေးတွေ ယဉ်ကျေးလိမ္မာခြင်းမရှိဘဲ ကြီးလာခဲ့ရင် အားလုံးအတွက် ရန်သူဖြစ်နိုင်လို့ပဲ။ အရှေ့တိုင်းစာပေမှာ အမွေခံသားဆိုးသမီးဆိုးကို ရန်သူထဲမှာ ထည့်ထားတာဖတ်ဖူးတယ်။ ဒိတော့ ကလေးဆိုတာ ကျွန်မတို့ ပညာရေးပေါ်လစီမှားရင် ရန်သူဖြစ်လာနိုင်တယ်။ ဒါကြောင့်ကြောက်တာ”
“ဟုတ်တယ်နော် ဆက်ပြောပါဦး”
“ကျွန်မက ဒါကြောင့် ဆရာမအလုပ်ကို နှစ်သက်တာ။ ရောက်စတုန်းကတော့ စိတ်ညစ်တာပေါ့ရှင်။ မျောက်တွေ ကျားတွေကို ထိန်းနေရတဲ့အတိုင်းပဲ။ တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ချစ်စရာအမူအကျင့်တွေကြောင့် ချစ်တတ်လာတယ်။ ဒီလိုပဲ ကိုယ့်ရဲ့တာဝန်ကို ကိုယ်ကိုယ်တိုင် ကျေနပ်လာတဲ့အတွက် ပျော်လာတယ်”
“ပညာရေးရဲ့ အဓိကရည်မှန်းချက်က ဘာလဲဗျ။ ခင်ဗျားနားလည်သလို ပြောပြပါလား”
“ကျွန်မအယူအဆကို ပြောပြမယ်နော်။ ပညာရေးရဲ့ အဓိကရည်မှန်းချက်ဆိုတာ ဧကရာဇ်ဘုရင်ကြီးတွေ မွေးဖွားပေးဖို့လည်းမဟုတ်ဘူး။ မဟာသူဌေးမင်းကြီးတွေ ပေါ်ပေါက်လာဖို့လည်းမဟုတ်ဘူး။ မဟာပညာကျော်ကြီးတွေ ဖြစ်လာဖို့လည်း မဟုတ်ဘူး။ ပညာရေးရဲ့ အဓိကရည်မှန်းချက်ဟာ တိုင်းပြည်အနေနဲ့ပြောရမယ်ဆိုရင် နိုင်ငံသူနိုင်ငံသားကောင်းတွေ မွေးထုတ်ပေးဖို့ပဲ။ လူတွေကို ချစ်တတ်လာအောင် သင်ပေးဖို့ပဲ။ အိမ်တစ်အိမ်အနေနဲ့ ပြောရမယ်ဆိုရင် သားကောင်းသမီးကောင်း၊ မိသားစုကောင်းဖြစ်အောင် သင်ပေးခြင်းဟာ အခြေခံပညာရေးရဲ့ ရည်မှန်းချက်ပဲ”
“ခင်ဗျားဖြေတာ တော်တော်ကောင်းတာပဲ၊ ဆက်ပြီး မေးခွင့်ပြုပါ”
“ရပါတယ်”
“လစာ ဘယ်လောက်ရပါသလဲ”
“ဒီမေးခွန်းကတော့ မမေးသင့်ဘူးထင်တယ်”
“ဒီလိုပါ .. ဝန်ထမ်းတစ်ယောက်ဟာ လစာလုံလောက်စွာမရရင် အကျင့်ပျက်နိုင်တယ်။ အကျင့်ပျက်ဝန်ထမ်းဆိုတာ သူ့အလိုလိုဖြစ်လာတာမဟုတ်ဘူး။ ခေတ်အခြေအနေနဲ့ လစာညီမျှမှုမရှိခြင်းဟာ အကျင့်ပျက်ဝန်ထမ်းကို မွေးဖွားပေးတတ်တယ်။ ဒါကြောင့်မေးတာပါ”
“လစာက လုံလောက်ပါတယ်။ ခံစားခွင့်တွေလည်း အပြည့်အဝပေးထားတယ်လေ။ ဒီတော့ ကျွန်မတို့ဘက်က ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ စေတနာလည်းပါသင့်တယ်။ ဝါသနာလည်းပါသင့်တယ်။ ကိုယ့်အလုပ်ကို ကိုယ် တန်ဖိုးထားတတ်ဖို့လည်း လိုတယ်။ ဒါမှ ဝန်ထမ်းကောင်းဖြစ်မှာရှင့်”
“ဆက်ပြီးမေးပါရစေ”
“ကောင်းပါပြီ .. မေးပါရှင်”
“ကလေးတွေက ဥာဏ်ရည်ဘယ်လိုနေသလဲ”
“ပြန်ပြီးမေးပါ .. မေးခွန်းကို နားမလည်လို့ပါ”
“ကလေးတွေက တော်သလား ညံ့သလားလို့ ဆိုလိုတာပါ”
“ဒါဆိုရင် ရှင့်ကို ကျွန်မ မေးခွန်းတစ်ခု ပြန်မေးမယ်။ နှင်းဆီပန်းနဲ့ စံပယ်ပန်း ဘယ်ပန်းက ပိုလှသလဲ”
“ဘာဆိုင်လို့လဲ”
“ဖြေကြည့်ပါ”
“နှင်းဆီပန်းက လှတာပေါ့”
“ကျွန်မမေးတာက နှင်းဆီပန်းနဲ့ စံပယ်ပန်း၊ ဘယ်ပန်း ပိုလှသလဲလို့ မေးတာလေ”
“ဖြေပြီးပြီလေ။ နှင်းဆီပန်းက လှတယ်လို့”
“ကျွန်မမေးတာ ဘယ်ပန်းကို ပိုကြိုက်သလဲလို့ မေးတာမဟုတ်ဘူး။ ရှင်က ရှင်ကြိုက်တဲ့ နှင်းဆီပန်းကိုပဲ လှတယ်လို့ ပြောနေတယ်”
“ဟုတ်သားပဲ။ ကျုပ်က နှင်းဆီပန်းကို ကြိုက်တာဗျ။ ဒါကြောင့် နှင်းဆီပန်းကို လှတယ်လို့ ဖြေလိုက်မိတာပဲ”
“တကယ်တော့ နှင်းဆီပန်းလည်း လှသလို စံပယ်ပန်းလည်း လှတာပါပဲရှင်၊ ကလေးတွေကို တော်သလား ညံ့သလား ဆိုတဲ့ မေးခွန်းဟာ လူကြီးတွေ ဘယ်တော့မှ မမေးသင့်တဲ့ မေးခွန်းပဲ။ သူ့အလှနဲ့သူ အားလုံးလှကြပါတယ်။ ကျွန်မတို့လူကြီးတွေကသာ လူငယ်တွေကို တန်ဖိုးထားတတ်ကြဖို့ ပိုပြီးလိုအပ်တယ်။ ဘာပဲပြောပြော ကလေးတွေအားလုံး မညံ့ကြပါဘူး။ သူတို့မှာ ကျွန်မတို့နဲ့မတူတဲ့ စိတ်ကူးစိတ်သန်းတွေ ရှိနေကြပါတယ်။ လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့ သယံဇာတတစ်ခုပါပဲရှင့်။ အဲ့ဒီစိတ်ကူးစိတ်သန်းတွေကို ဖျက်ဆီးမပစ်ဖို့ပဲလိုတယ်။ လူငယ်တွေရဲ့ အိပ်မက်တွေကို တည်ဆောက်ပေးရခြင်းဟာ နိုင်ငံတစ်ခုရဲ့တာဝန်ပဲရှင့်”
“ခင်ဗျားက ဆရာမလုပ်သက် အနည်းငယ်သာရှိပေမယ့် မေးခွန်းတွေရဲ့အဖြေကို စနစ်တကျ ဖြေတတ်တယ်နော်”
“စာဖတ်လို့ပါ”
“ဘာစာတွေဖတ်သလဲ”
“အစုံဖတ်တယ် .. အားရင် ကျွန်မက စာဖတ်တယ်”
“ဒါနဲ့ မေးရဦးမယ် .. အိုဘားမားကို နှစ်သက်သလား”
“နှစ်သက်ခဲ့ပါတယ်”
“နောက်ထပ်တစ်ကြိမ်အတွက် ထပ်ပြီးနှစ်သက်နိုင်ပါဦးမလား”
“ဒါကတော့ မပြောနိုင်ဘူးရှင့် .. သူ့အပြောနဲ့ သူ့အလုပ်ကို စောင့်ကြည့်ရမှာပဲ .. အပြောနဲ့အလုပ် ညီရင်တော့ တစ်မျိုးပေါ့ .. အပြောတခြား အလုပ်တခြား ဆိုရင်လည်း တစ်မျိုးပေါ့လေ”
“သမ္မတကြီးနဲ့ ခင်ဗျားနဲ့ .. တိုင်းပြည်အတွက် ဘယ်သူက ပိုအရေးကြီးသလဲ”
“တိုင်းပြည်အတွက်ဆိုရင်တော့ .. သူရော ကျွန်မရော ရှင်ရော ဒီနိုင်ငံမှာရှိတဲ့ လူတွေအားလုံး .. အတူတူပဲ .. အရေးကြီးတယ် .. ရှင့်မေးခွန်းက တစ်ခုခုလိုနေသလိုပဲ။ ဒီနိုင်ငံမှာနေ .. ဒီမြေ၊ ဒီရေ၊ ဒီလေနဲ့ အသက်ရှင်ကြသူအချင်းချင်း အားလုံးအတွက် အားလုံးအရေးကြီးတယ်။ အားလုံး အရေးပါတယ်။ အားလုံးကောင်းမှ အားလုံးကောင်းမှာပေါ့။ တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့ကောင်းရုံနဲ့ အားလုံးမကောင်းနိုင်ပါဘူး”
“All Right ! ကောင်းလိုက်တဲ့အဖြေဗျာ .. နောက်ဆုံးမေးခွန်းတစ်ခု မေးပါရစေ”
“မေးပါ”
“သမ္မတကြီးနဲ့ခင်ဗျား .. တိုင်းပြည်အတွက် ဘယ်သူကပိုပြီးတာဝန်ရှိသလဲ”
“ဒါကလည်း ရှင်းရှင်းလေးပါ၊ ကျွန်မက ပိုပြီးတာဝန်ရှိတာပေါ့”
“ဘာကြောင့်လဲဗျ .. ခင်ဗျားအဖြေက တစ်မျိုးကြီးပါလား”
“ဟုတ်တယ်ရှင့်။ သမ္မတတို့၊ ဝန်ကြီးချုပ်တို့၊ အမတ်တို့ ဆိုတာက ပါတီနောက်ခံတစ်ခုနဲ့ ရွေးချယ်ခြင်းခံရပြီး တာဝန်အပ်နှင်းခံရတဲ့သူတွေလေ။ လေးနှစ်သက်တမ်းအတွင်းမှာကို တာဝန်က ရပ်စဲခြင်းခံရနိုင်တာပဲ။ နောက်ထပ်လေးနှစ်ဆိုတာ ဘာမှမသေချာဘူးလေ။ ကျွန်မတို့က နိုင်ငံ့ဝန်ထမ်းတွေရှင့်။ ပင်စင်မယူမချင်း အလုပ်လုပ်ကြရမှာ။ တိုင်းပြည်အတွက် ကျွန်မတို့ဝန်ထမ်းတွေက ပိုပြီးတာဝန်ရှိတာပေါ့ရှင့်။ ဝန်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမှာရှင့်”
“ကျေးဇူးတင်ပါတယ်။ ခင်ဗျားအဖြေကို သဘောကျပါတယ်”
“ကျွန်မကလည်း ဖြေဆိုခွင့်ရလို့ ကျေးဇူးတင်ပါတယ်”
………………………………………………………………………..
တခါတရံတွင် လူတို့သည် ကိုယ့်တန်ဖိုးကိုယ် မသိကြ။ ကိုယ့်နေရာကိုယ် တန်ဖိုးမထားကြ။ ကိုယ့်တာဝန်ကို ကိုယ်မသိကြ။
                                                                                    သားငယ်လေး
                    +++++++++++++++++++++++++++++++++++++++++++++++++++++++++++++
                                                       အင်တာဗျူး
ကဗျာဆရာသော်ဇင်အုန်း နှင့် အွန်လိုင်းအင်တာဗျူး
ခရမ်းရိပ် - ဆရာ ဘယ်အချိန်လောက်ကစပြီး ကဗျာရေးဖြစ်ခဲ့သလဲ ဆိုတာ ပြောပြပေးပါလား။
သော်ဇင်အုန်း - ၁၉၈၅/၈၆ လောက်ကပါ။
ခရမ်းရိပ် - စရေးကတည်းက သော်ဇင်အုန်း ဆိုတဲ့ ကလောင်နာမည်နဲ့ပဲလားဗျ။
သော်ဇင်အုန်း - မဟုတ်ဘူးဗျ။ လူဇော်(ရေကြည်)။ နောက်တော့ အဖေပေးတဲ့နာမည်ရင်း သော်ဇင်အုန်း နဲ့ ရေးတာ။
ခရမ်းရိပ် - လူဇော်(ရေကြည်) နဲ့ သော်ဇင်အုန်း ၊ ဘာတွေဘယ်လို ကွဲပြားသွားမယ်ထင်လဲဗျ။
သော်ဇင်အုန်း - ပထမနာမည်က လျှောက်ရွေးရင်း ကျော်ဟိန်းဇာတ်လိုက်နာမည်ကို ပေးထားတာ။ သော်ဇင်အုန်းကျတော့ ကျွန်တော်ကိုယ်တိုင် ကြိုက်တာ။ ကလောင်ရဲ့ နောက်မှာ မြို့နာမည်တွေ မထည့်ချင်တာလည်း ပါတာပေါ့။ ခုထိ သော်ဇင်အုန်းပါ။ ဒီနာမည်ကို အကြိုက်ဆုံး။ ကဗျာဆရာကိုချစ်တဲ့ အဖေ့ကို ဂုဏ်ပြုရာလည်းရောက်တာပေါ့။ တကယ်တော့ နာမည်က အရေးမကြီးပါဘူးဗျာ။ ကဗျာကသာ အရေးကြီးတာပါ။
ခရမ်းရိပ် - ကဗျာအရရော ၊ အရင် လူဇော်(ရေကြည်) နဲ့ အခု သော်ဇင်အုန်း ဘယ်လိုကွာခြားသွားသလဲ။
သော်ဇင်အုန်း - လူဇော်ကနေ ရေလောင်းပေါင်းသင်လို့ သော်ဇင်အုန်း ဆိုတဲ့ ကြည်လင်သန့်ရှင်းတဲ့ ရေ ဖြစ်လာတာပါ။
ခရမ်းရိပ် - ဟုတ်ကဲ့။ အခုဆိုရင် အွန်လိုင်းကဗျာအသိုင်းအဝိုင်းက တော်တော့်ကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာပြီပေါ့။ ဒါကို ဆရာ့အမြင်လေး ပြောပြပေးပါဦး။
သော်ဇင်အုန်း - ကောင်းတယ်။ ကျွန်တော်တို့တုန်းက လက်ရေးမင်ကူးခေတ်။ လူငယ်တွေက ကံကောင်းတော့ အွန်လိုင်းခေတ်။ ဘာပဲဖြစ်ဖြစ် ကဗျာကိုချစ်တာ ကောင်းတာပေါ့။ ကဗျာချစ်တာ တစ်ခုတည်းနဲ့တင် ကျေနပ်တယ်ဗျ။ ကဗျာဆရာဆိုတာ ဘယ်နေရာပဲဖြစ်ဖြစ် တိုင်းပြည်ဖျက်တဲ့လူတွေမှ မဟုတ်တာ။ များလေကောင်းလေ။ ကဗျာဆရာတွေများလေ တိုင်းပြည်တိုးတက်လေပေါ့ဗျာ။
ခရမ်းရိပ် - အွန်လိုင်းကဗျာဆရာတွေထဲက ဆရာ သဘောကျနှစ်ခြိုက်မိတဲ့သူတွေက ဘယ်သူတွေဖြစ်မလဲ။
သော်ဇင်အုန်း - အင်း ။ ဒီမေးခွန်းက တော်တော်ခက်တယ်။ မဖြေရင် မရဘူးလားဗျ။ ကဗျာဆရာတစ်ဦးချင်း ဆိုတာထက် ကဗျာတွေကို ကျွန်တော်က ပိုနှစ်သက်လို့ပါ။
ခရမ်းရိပ် - ဒါဖြင့်ရင် မဂ္ဂဇင်းကဗျာဆရာတွေထဲကလည်း ရွေးထုတ်ပြစရာ ကြိုက်နှစ်သက်သူ မရှိဘူးလား ဆရာ။
သော်ဇင်အုန်း - ပိုဆိုးတာပေါ့ဗျ။ ကဗျာဆရာတိုင်း အမြဲကောင်းနေတာမှ မဟုတ်တာ။ ကဗျာတွေက သူ့ဘာသာသူ ကောင်းနေကြတာလေ။ မထင်မှတ်တဲ့ ထောင့်ထဲကနေ ကဗျာတွေ ထွက်ထွက်လာတာလေ။
ခရမ်းရိပ် - အမှန်ပဲဗျ။ ဒါနဲ့ ကဗျာအပေါ်ထားတဲ့ ခံယူချက်လေး ပြောပြပေးပါလား။
သော်ဇင်အုန်း - ကဗျာဆိုတာ အရာရာကို ကူညီပံ့ပိုး အထောက်အကူပြုပြီး လောကကြီးကို လှပစေဖို့ သူ့နှလုံးသွေးတွေနဲ့ ကမ္ဘာမြေကို ပေးဆပ်နေတာပါ။ ရယူသူ မဟုတ်။ ပေးဆပ်သူပါ။ ကဗျာဆရာနဲ့ ကဗျာ ဆိုတာ တစ်သားတည်းပါ။
ခရမ်းရိပ် - ကဗျာရေးနေကြတဲ့ လူငယ်တွေကို ဘယ်လိုအကြံပြုချင်ပါသလဲ။
သော်ဇင်အုန်း - များများရေးကြပါ။ ခေတ်ကို မျက်ခြေမပြတ်ပါနဲ့။ ကဗျာချစ်ရင် ကဗျာရပါတယ်။
ခရမ်းရိပ် - ကဗျာနဲ့ပတ်သက်ပြီး လတ်တလော ဘာတွေလုပ်ဖြစ်နေတယ်ဆိုတာရယ်၊ ဘာဆက်လုပ်ဖို့ရှိတယ် ဆိုတာရယ် ပြောပြပေးပါဦး။
သော်ဇင်အုန်း - ခု ခင်ဗျားနဲ့ စကားမပြောခင် လွန်းဆက်နိုးမြတ်ရဲ့ ရေပြတ်လို့ ဆိုတဲ့ကဗျာ လိုင်းပေါ်တင်လိုက်တယ်။ ကဗျာရေးချင်စိတ်တွေ ပေါ်နေတယ်။ ရေးလို့မရသေးဘူး။ ကဗျာရေးရမယ် လို့ အမြဲ စိတ်ထဲမှာရှိတယ်။ ကဗျာရေးရင်း သေမယ်ဗျ။
ခရမ်းရိပ် - ဟုတ်ကဲ့။ အခုလို ဖြေကြားပေးတာ ကျေးဇူးပါ ဆရာသော်ဇင်အုန်း။
သော်ဇင်အုန်း - ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်ဗျ။
                    +++++++++++++++++++++++++++++++++++++++++++++++++++++++++++++
                                                                   ဆောင်းပါး
ဘဝ
____ အောင်မျိုးခန့် (မော်ကျွန်း) ________
ကျွန်တော် ၃ နှစ်သားမှာ ကွန်ပြူတာစသုံးနေပါပြီ။ ကျွန်တော်ကြိုက်တဲ့ Software လေးတွေသုံးတယ်။ Learning CD တွေ Learning Software တွေနဲ့အချိန်ကုန်တာများတယ်။ ကျွန်တော်လိုချင်တဲ့ စက္ကူလေယာဉ်ပျံပုံလေးတွေကို AutoCAD နဲ့ Design ချိုးတယ်။ ဖေဖေနဲ့ မေမေ့ ပုံတွေကို Photoshop နဲ့ပြင်တယ်။ သူငယ်ချင်းတွေရဲ့ အိမ်စာတွေကို Microsoft Word နဲ့ ရေးပေးရတယ်။ သူတို့နားမလည်တဲ့ သင်္ချာပုဒ်စာတွေကို Excel နဲ့ တွက်ပေးရသေးတယ်။
ကျွန်တော်က Internet သုံးတာလည်းဝါသနာပါတယ်လေ။ အမှန်က ကျွန်တော်တို့ ၃ နှစ်သားတွေအတွက် Internet ကမရှိမဖြစ်ပါ။ ဝါသနာပါမှမဟုတ်ဘူး လေ့လာဖို့အတွက်ပါသုံးသင့်တာပါ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ ဆံပင်ကို ပီကေကပ်သွားတော့ ဘယ်လိုခွာရမလဲဆိုတာ Google မှာရှာတယ်လေ။ ကျွန်တော်ညီမတစ်နှစ်သမီးလေးကို ဘယ်လိုသိပ်ရမလဲဆိုတာကိုလည်း Youtube မှာရှာကြည့်တယ်။ ကျောင်းမတက်ဖြစ်တဲ့ နေ့တွေမှာ သူငယ်ချင်းတွေနဲ့ Facebook မှာ တွေ့ဖြစ်တယ်လေ။ အန္တရာယ်ရှိတဲ့ Facebook မှာ ကျွန်တော့် Photo တွေမတင်ပါဘူး။ Gtalk မှာလည်း အရေးကိစ္စရှိမှ Chat ဖြစ်တာပါ။ အသက် ၂၀ ရှိတဲ့ကျွန်တော့်အစ်ကိုကြီးတွေက Internet ဆိုင်မှာ Chatting ထိုင်တယ်ပြောတယ်။ ကျွန်တော် ၃ နှစ်သားအတွေးနဲ့တော့ ဘယ်လိုမှနားလည်လို့မရတဲ့အလုပ်ပဲ။ အကျိုးမရှိတဲ့အလုပ်ပါ။
ဒီလိုနဲ့ ကျွန်တော် အသက် ၁၆ နှစ်ရောက်တော့ တရားခွေတွေနာနေပြီလေ။ မေမေ့ရဲ့ သွန်သင်မှုကြောင့်ပေါ့။ တရားစာအုပ်တွေဖတ်၊ တရားနာ နဲ့ ပဲ အချိန်တွေကုန်တော့တယ်။ Software တွေနဲ့ အချိန်ကုန်တာတွေလျှော့လိုက်တယ်လေ။ တရားလည်းထိုင်ဖြစ်တယ်။ အဖွားဆုံးသွားတာ၊ သူငယ်ချင်းတစ်ယောက်ရဲ့ အမေ ဆုံးသွားတာတွေက ကျွန်တော့်ကိုတုန်လှုပ်စေတယ်။ ကျွန်တော်စီစဉ်ထားတဲ့ ဘဝအစီအစဉ်တွေက အများသားကလား။ ပညာတွေသင်လိုက်တာလည်း တစ်ပုံကြီး။ ဘယ်လိုအောင်မြင်အောင်လုပ်မယ်။ ဘယ်လိုစီးပွားရှာမယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တစ်ခုသိလိုက်ရတယ်။ မနက်ဖြန် အသက်ရှင်ဖို့တောင်သေချာရဲ့လား။ ကျွန်တော်တွေးရပါပြီ။ အခုလုပ်ရမယ့် အရေးအကြီးဆုံးအလုပ်က ဘာလဲ ?။
ကျွန်တော်၂၅ နှစ် ရှိပါပြီ။ လူ့အသိုင်းအဝိုင်းမှာ လိုအပ်နေတာတွေကို ကျွန်တော်တွေ့စပြုလာတယ်။ လူ့လောကကြီးက မချောမွေ့ဘူးဆိုတာသိလာတယ်။ လူတွေက အမျိုးမျိုးအဖုံဖုံပဲ။ လူ့အသိုင်းအဝိုင်းကို အကျိုးပြုတဲ့လူတွေရှိသလို၊ ဖျက်ဆီးနေတဲ့သူတွေလည်း ရှိတာကိုး။ ကျွန်တော့်ရဲ့ အခန်းကဏ္ဍကိုသိလာတယ်။ ကျွန်တော်သွားရမယ့်နေရာ လုပ်ရမယ့်အရာတွေကိုသိလာတယ်။ ကျွန်တော့်ကိုလိုအပ်တဲ့သူတွေဆီကို ကျွန်တော်သွားတယ်။ ကျွန်တော်လိုအပ်တဲ့သူတွေ ဆီကိုလည်းသွားတယ်။ ဒီလိုနဲ့ ၂၄ နာရီဆိုတဲ့ တစ်နေ့တာအချိန်တွေဟာ ကျွန်တော့်အတွက်မဟုတ်တော့ပါဘူး။ ဘဝမှာ ဘယ်အလုပ်က တန်ဖိုးအရှိဆုံးဆိုတာသိလာခဲ့ပြီလေ။
အသက် ၅၀ ပြည့်တဲ့ ကျွန်တော့်မွေးနေ့မှာပဲ ကျွန်တော်ချစ်ရမယ့်သူကို စတွေ့ရပါပြီ။ သူ့အပြုံးနဲ့ သူ့နှလုံးသားကို အဓိပ္ပါယ်ဖွင့်ဆိုနိုင်ခဲ့တယ်။ သူကလေးဟာ ကျွန်တော့်ရဲ့လက်တွဲဖော်ဆိုတာကို အနှစ်ငါးဆယ်ရှိပြီဖြစ်တဲ့ ကျွန်တော့် ဦးဏှောက်နဲ့ နှလုံးသားတစ်စုံက ကောင်းကောင်းကြီးရွေးချယ်ပေးနိုင်ခဲ့ပါတယ်။ နားလည်မှုတွေတည်ဆောက်ပြီးတဲ့အချိန်မှာ ချက်ချင်းဆိုသလိုပဲ ကျွန်တော်တို့လက်ထပ်ဖြစ်ခဲ့ကြတယ်။ အရာအားလုံးကအဆင်သင့်ဖြစ်ခဲ့နေပြီလေ။
ဒီလိုနဲ့ အသက် ၈၀ မှာတော့ ဘဝ ဟာတိုတိုလေးပဲဆိုတာသိလာတယ်။ ကျွန်တော်ဟာဘာမှမဟုတ်သေးဘူး ဆိုတာလည်း သိလာတယ်။ ဘဝဆိုတာ ဘာလဲ ?။ ဘဝဆိုတာ ဖြစ်ခြင်းဆိုရင်၊ ဖြစ်ခြင်းမရှိတော့တဲ့ အချိန်မှာ ကျွန်တော်ဘယ်ရောက်နေမလဲ ?။ ကျွန်တော်မသိသေးတာတွေအများကြီးပါလား။ ကျွန်တော်သူငယ်တန်းပြန်တက်ခဲ့ပါတယ်။ အဖိုးကြီးလို့အခေါ်ခံရတဲ့ ဒီအချိန်မှာ ကျွန်တော်ဟာ အဖိုး မကြီးနိုင်တော့ဘဲ အရာရာကို ဆက်လက်လေ့လာခဲ့ပါတော့တယ်။ ဒီအချိန်မှာသိလိုက်ရတာတစ်ခုက ကျွန်တော်မသိသေးတာတွေ အများကြီးရှိနေပါလားပေါ့ ခင်ဗျာ။
                    =========================================================
ဂျပန်မူလတန်းကျောင်းသို့ အလည်တစ်ခေါက်
__________စန်း ယု အောင်_______________
ပတ်ဝန်းကျင်ဘယ်နေရာကိုကြည့်ကြည့် ဖြူဖွေးနေတဲ့ နှင်းတောထဲမှာ ကျွန်တော်တို့ကို လာခေါ်တဲ့ကားလေးဟာ သတ်မှတ်ထားတဲ့ အချိန်အတိအကျမှာပဲ ရောက်လာကာ၊ နှင်းတွေ တဖွဲဖွဲကျနေစဉ်မှာပဲ ကားကိုသတိထားမောင်းကာ ဂျိနိုင်း ဆိုတဲ့ မူလတန်းကျောင်းလေးကို ခေါ်လာပါသည်။ အစိုးရမူလတန်းကျောင်းလေးပါ။ မြန်မာနိုင်ငံတွင်သာမက၊ ဖွံ့ဖြိုးဆဲ(သို့)ဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံက ကလေးတွေနဲ့ မတူတာက သူတို့လေးတွေကြည့်ရတာ တက်ကြွလန်းဆန်း ပျော်ရွှင်နေတာပါပဲ။
ပထမဆုံး ကျွန်တော်တို့ရောက်လျှင်ရောက်ခြင်း ကျောင်းအုပ်ရော ဆရာ၊ဆရာမတွေပါ လှိုက်လှဲဝမ်းသာစွာဖြင့် တရိုတသေ ကြိုဆိုကြပါသည်။ ထူးခြားတာတစ်ခုက ကလေးတွေရော ဆရာ၊ဆရာမတွေပါ ကျောင်းဝတ်စုံရယ်လို့ ဝတ်မထားကြဘဲ စွမ်းဆောင်ရည်တော့ အပြည့်ရှိကြပါသည်။ (စွမ်းဆောင်ရည်ရှိမှန်း နောက်တော့တွေ့ရပါသည်)။
ဖွင့်ထားသော အပူပေးစက်ကြောင့် နွေးထွေးမှုနှင့်အတူ ဂျပန်ရေနွေးကြမ်းသောက်ကြပြီး၊ သတ်မှတ်ထားသောအချိန် ၈း၅၀ တွင် အစီအစဉ်စပါတော့သည်။
ကျွန်တော်နှင့်အတူ ထိုင်းနှင့် နီပေါလ်နိုင်ငံမှ ကျောင်းသားတွေပါ ပါသည်။ စုစုပေါင်း လေးယောက်လာကြပါသည်။
ကလေးများ စုဝေးတဲ့အခန်းကို ဝင်ရောက်စဉ်မှာပဲ၊ လက်ခုပ်တီးပြီး အားရဝမ်းသာစွာဖြင့် ဟယ်လို ဆိုပြီး နှုတ်ဆက်ကြသည်မှာ ရင်းနှီးနွေးထွေးမှုတွေ ချက်ချင်းဖြစ်ပေါ်လာရသည်အထိဖြစ်ပါသည်။ ကျွန်တော်တို့က အင်္ဂလိပ်ဘာသာစကားဖြင့် နှုတ်ဆက်ကြပြီးနောက်၊ သူတို့လေးတွေက ဂျပန်သီချင်းတွေဆိုပြ၊ ကီးဘုတ်လို တူရိယာကိုယ်စီဖြင့် တီးမှုတ်ဖျော်ဖြေကြ။ တချိန်တည်းမှာပဲ သူတို့ဆရာမက ပီယာနိုဖြင့်ပါ လိုက်တီးပေးနေတာကြည့်ခြင်းအားဖြင့် သူတို့ ဘယ်လောက်တက်ကြွပျော်ရွှင်နေသလဲဆိုတာ ခန့်မှန်းနိုင်ပါသည်။ အဲ့ဒီနောက် ကျွန်တော်တို့က နိုင်ငံအလိုက် Presentation လုပ်ကြပါသည်။ ကျွန်တော့်အလှည့်တွင်မူ အံ့သြစရာကောင်းသည်မှာ သူတို့လေးတွေက မြန်မာနိုင်ငံကို သိနေပါသည်။ ရွှေတိဂုံဘုရား၊ ရာသီဥတု၊ ပွဲတော်တွေ၊ ရိုးရာကစားနည်းတွေ၊ ပုဂံဘုရားတွေ၊ ရိုးရာဝတ်စုံတွေ၊ မြန်မာပိုက်ဆံတွေ၊ အစားအစာတွေကို ကျွန်တော်က ပုံနဲ့တကွ ရှင်းပြကြတော့ ပျော်ပျော်ပါးပါးကြီး လိုက်မှတ်ကြတာတွေ့ရပါသည်။
ပြီးတဲ့နောက် ရိုးရာကစားနည်းတွေကစားကြတဲ့အခါ ကျွန်တော်လည်း ဘာကစားရမှန်းမသိတာနဲ့ ကြက်ဖခွပ်ကစားနည်းကို သင်ပေးလိုက်သည်။ ကစားပုံကစားနည်း နားလည်စေရန် ရှင်းပြရသည်မှာ အင်္ဂလိပ်လို ဆိုတော့ မသက်သာလှ။ သို့သော် အဆင်ပြေသွား၏။ သူတို့လည်း ပျော်ပျော်ကြီးကို ကြက်ဖခွပ်ကြပါတော့သည်။
အဲ့ဒီနောက်မှာ သူတို့ရဲ့ ရိုးရာကစားနည်းတွေ ပြလေသည်။ ကျွန်တော်တို့ကိုလည်း မတတ်တတ်အောင် သင်ပေးကြသည်။ ကျွန်တော်တို့က ရိုးရာကစားနည်းတွေပြဖို့ Volunteer လို့ ခေါ်လိုက်ရင် တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် အလုအယက် လက်ထောင်ကြသည်။ ပြီးသွားတဲ့အခါ ကျွန်တော်တို့ကို ကျေးဇူးတင်စကား ဘယ်သူစပြောမလဲဟေ့ ဆိုတော့လည်း အလုအယက် လက်ထောင်ကြပြန်သည်။ ကျွန်တော်တို့ နိုင်ငံက ကလေးအများစုကတော့ လက်ပိုက်ပြီး ခေါင်းငုံ့၍သာ နေကြတာများသည်။ သူတို့မှာတော့ ရဲရင့်လို့ ပျော်လို့ရွှင်လို့ပါလားဟု တွေးမိသည်။
ထို့နောက် ထမင်းစားကြမည် ဆိုတော့လည်း ထိုကလေးတွေကပဲ ပြင်ပေးကြသည်။ ကလေးတွေမို့ ဖြစ်ကတတ်ဆန်း ဟု မထင်လိုက်လေနဲ့။ သပ်ရပ်သန့်ရှင်းလှသည်။ သူတို့လေးတွေက အသက်အားဖြင့် ခြောက်နှစ် ခုနစ်နှစ်ပဲ ရှိကြသေးသည်။ သို့သော် မိဘတွေက ထမင်းချိုင့် ထည့်ပေးလိုက်ခွင့် မရှိ။ ကျောင်းမှ သတ်မှတ်ထားသော အဟာရပြည့်သည့် အစားအစာများကို ကလေးများသာမက ဆရာ၊ ဆရာမ၊ ကျောင်းအုပ် အပါအဝင် အားလုံး အတူတူပဲ စားကြရသည်။ သူတို့လေးတွေက တူညီဝတ်စုံ(ယူနီဖောင်း) ဝတ်မထားခြင်းက လွဲရင်၊ အစားစားတာ၊ အမှိုက်ပစ်တာ၊ အချိန်တိကျတာ၊ ပစ္စည်းတွေ ထားသိုတာ အရမ်းစနစ်ကျပြီး စည်းကမ်းရိုသေကြသည်။ ထမင်းစားနေစဉ် အနည်းငယ်မြူးကြွသော ဂီတသံစဉ်များကို ဖွင့်ထားပေးကြသည်။
ထိုနေ့အတွက် နေ့လည်စာမှာ မီချီကန်ပုံစံဖြစ်သည်။ ကျွန်တော်က ဘယ်လိုစားရမည်မသိဖြစ်နေတာကို သူတို့လေးတွေကပဲ သင်ပြပေးသွားကြသည်။ ထမင်းစားနေရင်း ဖွင့်ထားသော ဂျပန်ရုပ်သံလိုင်းမှ လွှင့်နေသည့် ပျော်စရာအစီအစဉ် (ကျွန်တော်တော့ နားမလည်ပေမယ့်) ကြောင့် ရယ်ကြမောကြအော်ဟစ်ကြသည်။ ကလေးများ စားသောက်ကြသည်မှာ ထမင်းလုံးတစ်စေ့ အောက်ကျသည်မရှိ။ နေ့လည်စာစား၍ပြီးသည့်အခါ နွားနို့အေးတစ်ခွက်စီ သောက်ကြရသည်။ သတ်မှတ်ထားသောအချိန်ရောက်သည်နှင့် ကိုယ့်ပန်းကန်ကိုယ် သိမ်းပြီး သွားတိုက်ရန် ပြေးကြတော့သည်။ သူတို့အတွက် နေ့လည်စာကို ကုမ္ပဏီတစ်ခုမှ မှာယူကြောင်း သိရသည်။
ကျွန်တော်တို့ ပြန်ကြသည့်အခါ သူတို့က ဟိုဘက်ဒီဘက် နှစ်တန်းတန်း၍ စောင့်နေပြီး၊ ကျွန်တော်တို့က သူတို့ကြားထဲမှ ဖြတ်ကာ သူတို့လေးတွေရဲ့ လက်တွေကို ပုတ်ပြီး (အားကစားသမားတွေ နှုတ်ဆက်သလို) ပြန်ကြသည်။ သူတို့ကလည်း ထုံးစံအတိုင်း ခုန်ပေါက်မြူးတူး၍ အော်ဟစ်နှုတ်ဆက်ကြသည်။
ထိုမူလတန်းကျောင်းလေးမှအပြန်ခရီးတွင် တွေးမိသည်မှာ .. သူများတကာတွေ ပြောနေကြသလို ကျွန်တော်တို့နိုင်ငံရဲ့ အစိုးရကို အပြစ်ပုံချတာမျိုး မလုပ်ဘဲ၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ဆွေမျိုးအသိုင်းအဝိုင်းမှာ၊ မိသားစုတွေမှာ ကလေးတွေကို ဘယ်လိုကူညီထိန်းကျောင်းပေးနိုင်မလဲပေါ့။ အပြစ်ပုံချရတာ လွယ်ပါသည်။ လူတိုင်း လုပ်တတ်သည်၊ လုပ်နိုင်သည်။ အစိုးရဆိုသည်ကလည်း ကိုယ်ကတင်ပြတိုင်း လုပ်ပေး(နိုင်)သည်မှ မဟုတ်ဘဲ။ သည်တော့ ကိုယ်တတ်နိုင်သလောက်၊ ကိုယ်လုပ်ပိုင်ခွင့်ရှိသလောက် အနေအထားအရ ကလေးတွေ ဥာဏ်ရည်ဖွံ့ဖြိုးအောင် မိဘတွေကို တတ်နိုင်သလောက် စည်းရုံးကြည့်သင့်သည်။ အခန်းထဲ အဆင့်တစ် ရဖို့ ကျူရှင်ချည်း လွှတ်မထားဘဲ၊ အဆင့်ကောင်းဖို့အရေး ဆရာမကို ပေါင်းမနေဘဲ၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်ပြီး နီးစပ်ရာ နီးစပ်ရာ စည်းရုံးကြည့်ကြရင်ဖြင့် ကောင်းမည်ဟု ထင်သည်။ ဆင်ခြေပေးချင်သူများကတော့ ပိုက်ဆံမရှိလို့၊ မအားလို့ စသည်ဖြင့် အကြောင်းပြပါလိမ့်မည်။ ဘယ်သူတွေ ဘယ်လိုပဲပြောကြပါစေ၊ မိမိလုပ်နိုင်သလောက် ဘောင်လေးထဲမှ မိမိမှစတင်ပြီး ပြုပြင်ပြောင်းလဲရန် အားထုတ်ကြပါစို့ ဟု အကြံပြုရင်း။
                    +++++++++++++++++++++++++++++++++++++++++++++++++++++++++++++
                                    Download Zone
ခရမ်းရိပ် အနုပညာမဂ္ဂဇင်း ဧပြီ ၂၀၁၂ အား PDF ဖြင့် ရယူရန် >>>
ခရမ်းရိပ်အနုပညာမဂ္ဂဇင်း { ဧပြီ ၂၀၁၂ }
                    +++++++++++++++++++++++++++++++++++++++++++++++++++++++++++++
                               ခရမ်းရိပ် အနုပညာမဂ္ဂဇင်း စီစဉ်သူများ
အယ်ဒီတာချုပ်                                        - ဆူးခက်မင်း
အွန်လိုင်းတာဝန်ခံအယ်ဒီတာ                   - မင်းလုလင်
အဖုံးဒီဇိုင်း                                               - မောင်မိုးချို
( လက်ထောက် / တာဝန်ခံ အယ်ဒီတာများ )
- ကြည်သက်ဟန်
- ဟိဏ်းဝေ
- ကြယ်စစ်သည်
- အောင်မျိုးခန့် ( မော်ကျွန်း )
- နေပိုင်
                    +++++++++++++++++++++++++++++++++++++++++++++++++++++++++++++
အားပေးမှုအား အထူးကျေးဇူးတင်ရှိပါသည်  ။
လေးစားစွာဖြင့် - ခရမ်းရိပ် 
0 comments:
Post a Comment