Tuesday, 31 July 2012
ခရမ်းရိပ်အနုပညာမဂ္ဂဇင်း { သြဂုတ် ၂၀၁၂ }
with 0 comments
                                                                                                                 ကဗျာ
ကဗျာရေးတယ်/ရေးနေတယ်/ရေးခဲ့တယ်
-ေ မာ င်ေ ရ ချ မ်း - 
အစာလို ရေလို နေရောင်ခြည်လို အမြဲမပြတ်မှီဝဲခဲ့ပါတယ်
ချစ်သူတစ်ယောက်ကို ချစ်သလိုလည်း ချစ်မြတ်ခဲ့ပါတယ်
ကိုယ့်အရိုးကိုယ်ခြစ်ပြီး ကမ္ဘာကိုချစ်လို့ရေးတယ်လို့လည်း ကြီးကြီးကျယ်ကျယ်စကားကို
(အကျယ်ကြီး ၊ အကျယ်ကြီး ) ဘယ်တုန်းကမှဟစ်အော်မပြောခဲ့ပါဘူး
မီးပူဘယ်လောက်တိုက်တိုက် ပြန့်မလာတဲ့အိပ်မက်တွေ
ကမ္ဘာကြီးရဲ့ခြေကြားလက်ကြားကနေ လျှောခနဲ ၊လျှောခနဲ ထွက်ကျသွားမှုတွေ
နစ်နစ်နာနာနဲ့ နာနာကျင်ကျင် ဖြစ်ရတိုင်းကို ကဗျာနဲ့ ဖြေသိမ့်ရပါတယ်
အိပ်မက်တွေကို လည်ပင်းညှစ်သတ်သူတွေအကြောင်းလည်းပါ ပါတယ်
ဟိုကောင်လေး ဟိုလိုလို ၊ ဒီလိုလိုနဲ့ ဟိုဟာဖြစ်သွားတဲ့အကြောင်းလည်းပါ ပါတယ်
“ဆေးလိပ် ကွမ်းယာ ၊ဆေးလိပ် ကွမ်းယာ ”ဆိုတဲ့အသံတွေလည်းပါ ပါတယ်
ချွေးနံ့ ၊ သွေးနံ့ ၊မကျေနပ်နံ့ ၊မတရားမှုရနံ့တွေကိုလည်း ရှူမိပါလိမ့်မယ်
သေသေချာချာ နားထောင်ကြည့်ပါ ၊၊ခင်ဗျားရဲ့အသံကိုလည်း
ကျွန်တော့်ကဗျာထဲမှာရှာနိုင်ပါတယ်
ရန်ဖြစ်ပြီးမှ ပြန်ချစ်သွားကြတဲ့လင်မယားတွေအကြောင်းတော့ ရေးလေ့မရှိပါဘူး
ဘာသာစကားဟာ ပလာတာရောင်းတဲ့ဘာဘူလေးရဲ့ဆံပင်တွေလိုပဲ ရှုပ်ထွေးလို့
ဘာပဲဖြစ်ဖြစ် အဲဒီ့ဆံပင်ထဲက သန်းတစ်ကောင်ဖြစ်ခွင့်ရတာ ပျော်စရာပါ
မကျေနပ်တဲ့အခါမျိုးမှာ ကဗျာနဲ့တွတ်တီးတွတ်တာ စကားပြောပါတယ်
ကျွန်တော့်ခန္ဓာကိုယ်က အမာရွတ်တွေ ၊ ဒဏ်ရာတွေကို ကဗျာနဲ့ပဲကုစားပါတယ်
ရောဂါမှန်သမျှ ပျောက်ကင်းစေနိုင်ကြောင်း တစ်ဆက်တည်းအာမခံလိုက်ပါတယ်
ကျွန်တော့်ကဗျာတွေဟာ ညဘက်ဖြစ်ဖြစ် ၊နေ့ဘက်ဖြစ်ဖြစ် လမ်းသလားနေတတ်ပါတယ်
သူများရဲ့(ခင်ဗျားရဲ့) ဖြစ်တည်မှုထဲကိုလည်း ပိုင်စိုးပိုင်နင်းနဲ့ ၀င်လာတတ်ပါတယ်
ပုပ်သိုးနေတဲ့နှစ်တွေ ၊ ရပ်နေတဲ့နာရီတွေကို ပျော်ပျော်ပါးပါး ၀ဲပစ်လိုက်ပါ
ခင်ဗျားကိုယ်တိုင် သိပ်ချစ်စရာကောင်းတဲ့ကဗျာတစ်ပုဒ်ဖြစ်သွားပါလိမ့်မယ်
အိပ်မက်ကိုဆင်တစ်ဖက် ၊မြင်းတစ်ဖက်စီးပြီး ခရီးဝေးသွားသူတွေရဲ့အောက်မှာ
ကယ်ပါ ယူပါ တစာစာအော်ဟစ်နေတဲ့ကြောက်မက်ဖွယ်ရာအရေပြားတွေအောက်မှာ
ကျွန်တော့်ကဗျာဟာ တစ်ခါတစ်ခါတော့ကျရှုံးတတ်ပါတယ်
အဲဒီ့အခါမျိုးမှာလည်း အချိန်မဆိုင်းပဲ တောက်တခေါက်ခေါက်နဲ့ပြန်ထလာတတ်ပါတယ်
“မြေခွေးများတွင် ကြက်ငှက်များ သက်တော်ရာကျော်ရှည်စေရန်ရိုးသားသောဆန္ဒတစ်ခုရှိလေ၏”
လို့ George Eliot ပြောခဲ့တဲစကားတစ်ခွန်းကိုလည်း
ကဗျာတစ်ပုဒ်ထဲထည့်ရေးဖို့စိတ်ကူးထားပါတယ်
ခု…လောလောဆယ် ကဗျာရေးနေပါတယ် ၊၊ 
============================================
" Burning Liquid "
-ေ မ ၀ို င်း -
ဘ၀ ဖျော်ရည်ခွက်ထဲ အဆိပ်ပြင်းပြင်း နှစ်ချို့ ဝိုင် နှစ်ဇွန်း
အင်း တိတိကျကျပြောရရင် ပြည့်ပြည့်၀၀ အဆိပ်ဝိုင် နှစ်ဇွန်း " တည်း "
တကယ်ကို ကျေနပ်စွာ ပြီးတော့ အလိုတူအလိုပါ
 ဖြည်းဖြည်းခြင်း လောင်းထည့် သောသောလေး ကျဆင်းနေလိုက်ပုံများ
ပြီး တယုတယ ဖျော်ခြင်း အတတ်ပညာကင်းမဲ့ စွာ မွှေနှော
ဓါတုဗေဒမသိ... ပျော်ဝင်ဆမသိ .ပျော်ဝင်နှုန်းထားမသိ.......
မြည်းစမ်းကြည့်ရမလား တစ်ကျိုက်တည်း မော့ပစ်လိုက်ရမလား
မတွေးဘူး ဆင်ခြင်တုံတရားက ကိုယ်နဲ့ ခပ်တန်းတန်းအနေအထား
"အိုကေ" ကိုယ့်လက်ဖ၀ါးကိုယ်ရိုက် တစ်ကျိုက်တည်း ပြီးတော့ တရှိုက်မက်မက်
အရသာက အစ မသိမသာ ပြီး တစ်ငွေ့ ငွေ့ လေး နဲ့  သိသိသာသာ....
မျက်လုံးတွေေ၀၀ါး မျက်တောင်တွေစင်းလို့  အာရုံငါးပါး ထွေပြားေ၀၀ါးစွာ စေညွှန်ရာ
မဖြစ် မဖြစ် မသင့် မသင့်  အသိ သတိ ရှိစုမဲ့စု ဥာဏ်ကိုကပ်
အာခေါင်ထဲ လက်ညှိုးကို ထိုးထည့် "အော့" ပြီးပဲ အန်လိုက်ရမလား "အန်" ပြီးပဲ အော့လိုက်ရမလား
မဆီမဆိုင် ဒီကြိယာ အတွဲကြား အကြောင်းအမျိုးအမျိုးပြ ဆွဲဆန့်   ခုနှစ်တွေအိုမင်းလာလိုက်တာ
လွန်လွန်ကျူးကျူး ရူးရူးမိုက်မိုက် " ဇ" ပြင်းပြင်း ဒီဖျော်ရည်ထဲ
ကိုယ် "ကိုယ်တိုင်" က ကျေနပ်စွာ ပျော်ဝင် ကျေနပ်စွာ မြူးတူး  ကျေနပ်စွာ ကျရှူံး  ပြီး ကျေနပ်စွာ ကြေကွဲ
နောက်ဆုံး ပိတ်ကားကိုပိတ် အသံတွေတိတ်ခါမှ " နောင်တ" ဒင်းက  တိုးတိုးလေးကျိန်ဆဲ
တကယ် တကယ်ပါဗျာ.အဲ့အချိန်
ကိုယ့်ကိုယ်ကို ကိုယ်ချင်းစာတတ်တဲ့တရား ဘယ်များသွားသေနေလဲ ................. ။
==================================================
အလင်းမလှမ်းနိုင်တဲ့ပျို့အန်မှု ကြားကြလား
- ဂျူ နို -
ဖျားနာတောင့်ခဲ့မှု  အပေါင်း၁၈   ၀ါယာပူးသွားသောနေ့စွဲများ 
ဦးနှောက်၏ နာဗ်ကြောများအတွင်းမှ ဓာတ်ကြိုးစ    သွေးအတွင်း
တစ် စက် စက်   ဥသြဆွဲသံ   ကိုယ်ခန္ဓာ   ခုတင်တစ်လုံးပေါ် အပြန့်လိုက်   Emergency   
အပြန့်လိုက်  
လွန်ခဲ့သောလေးနာရီခန့်က   
ခံစားမှုကို နံရိုးအောက်တည့်တည့် ခပ်ပါးပါးလေး
ပေါက်ထည့်     ဓားသွား     ခံစားမှုကို ဆောင့် ဆောင့် ချသလို   
မီးတွေဖွင့်ပေးပါ..။     
အထပ်ထပ်ရစ် တိပ်သားပေါ်က တေးသွား    
နံရိုးအချောင်းချောင်းအလိုက်(အပေါ်) စန္ဒယားခလုတ်များအဖြစ်     ပြေး      လွှား    
တပတ်ရစ် အနာ/ဒဏ်ရာတို့ ပုခုံးဖျားက ဖုန်တွေခါချရင်း တွဲ  တွဲ  
   က သွား   
merry-go-round      ရေများများပေါင်းထည့်ခဲ့  ပေါ့မသွားဘူး   
ခန္ဓာကိုယ်ဟာေ လျာ့ တ က် သွား
မြိုချပါ။ ဆွဲဖြဲပါ။ ပေါက်ခွဲပါ။ ခြေတစ်လှမ်းစာ ... မီးဖွင့်ပေးပါ။
"နာမ်"ဟာ "ရုပ်"အတွက်  သံတိုင်အထပ်ထပ်အဖြစ်
...   "ရုပ်"ဟာ "နာမ်"အတွက်  အထပ်ထပ်သောစည်းရိုးအဖြစ်
   ...   အနက်ရောင်အမှတ်အသားများအား သွေးပြန်ကြော မှ တဆင့်
... ... ...  တဆင့်
မျက်နှာဖုံးများ ဟန်မဆောင်တတ်ကြောင်း
   အဆင့်ဆင့်
လေထုပေါ်လွင့်တက်လာ မီးခိုးတန်းမှ
   တစ်ဆင့် ပြီး တစ်ဆင့်
ထွက်ခွာခွင့်ပေးပါ ။ ဖြေဆေးပေးပါ ။ မီးတွေဖွင့်ပေးပါ ။
ဘာထပ်လာဦးမလဲ    နှုတ်ထွက်ခွင့်
ခုတင်တစ်လုံးပေါ်ကနေတော့ တိတ်တဆိတ်စောင့်မကြည့်ချင်ဘူး
ကြိုးစားဆက်စပ်ကြည့်သမျှ
"ရုပ်ရှင်ရုံမသွားပါနဲ့"
ရောင်စုံ တခုတ်တရများစွာနှင့်    ဓာတ်ငွေ့မီးဖိုခလုတ်
လွန်ခဲ့သောလေးနာရီ
တစ်ယောက်ယောက် မီးဖွင့်ပေးစမ်းပါ။
======================================================
သေခါနီးအမှန်တရားမှာ ဓါးဒဏ်ရာတစ်ချက်လိုနေတယ် ....
- ေ အ း ေ ဆ း ၿငိ မ်း -
နာသုံးနာနဲ့ သွေးတဲ့ဓါး သောကနဲ့ အိပ်ရေးပျက်နေပြီ
ဟန်ဆောင်ဆင်ခြင်တရားဟာ ဆန္ဒတဏှာကို ဖုံးအုပ်ထားတဲ့ ပုဆိုးစုတ်
ပုဆိုးစုတ်ပေါ်က လူ့သိက္ခာတရား
မှန်ပေါ်က ပြဒါးတွေခွာလိုက် အပေါ်ယံအရေပြားအတွက်
ကိုယ်တို့ ခန္ဒာကိုယ်ကြီးတွေ လေးလံနေရတယ်
ကိုယ်တို့ ဒီ .. ရေသေကြီးမှာ မျောနေတာကြာပေါ့ အခုထိ ရေမစိုရသေးဘူး
သိုးအုပ်ထဲ ၀ံပုလွေတစ်ကောင် အနေရခက်နေသလိုမျိုး
လည်ချောင်းရိုးအဆစ်အရစ်တွေ ကိုယ်တို့နဲ့ အံမ၀င်တော့ဘူး
သွေး သား အ ညတွေ ချို လှ ပါ တယ် .... ချောင်းဆိုးပျောက်ဆေး
အပြာရောင် TRAUMA ဆံနွယ်ရှည်အိပ်မက်ထဲ သူငယ်အိမ်ဖောက်ပြန်မှု
အရိုးတွေ အရည်ပျော်လောက်အောင်ချစ်ရတဲ့ ကိုယ်တို့ရဲ့  သူမဟာ
CALCULATOR ကြီးပန်လို့
သူ စာမတတ်ဘူး သူ စာရေးပြီးပြောသွားတယ်
ဖန်တီးအနုပညာနဲ့ သတ်ရ ခံစားအနုပညာနဲ့ သေရ
ကဗျာတွေ ဘုံဆိုင်အထိ ခရီးပေါက်ခဲ့သလို
စိတ်ရိပ်တွေ မခိုင် ယိုင်နဲ့လှိုင်း မူးယစ်ဆေးဝါးမှာ
နာရ ကြင်ရ ဘ၀သူခိုး ဆိုတာမျိုးကိုလည်း ကြောက်လှပါပြီ အရှင်ဘုရား ။ ။
======================================================
Make with me.
- ကြ ယ် စ စ် သည် -
Exit တဲ့။ ထွက်ပေါက်ပဲ။ အရှေ့တည့်တည့်ကနေ ချပြခြင်း။ စိတ်ရှိလက်ရှိ
ချရေးခြင်း။ ရှိတယ်။ လိပ်စာပျောက်သွားတဲ့ ကဗျာတစ်ပုဒ်ရဲ့ မှတ်ပုံတင်
ခွင့်။ မန္တလေးမြို့သို့ နောက်တစ်ခေါက်။ ခရီးတွင်ဖို့ အတွက်ဆို ရိုးရှင်းမှု
ကို အသုံးပြုနိုင်တယ်။ ချောက်ကပ်ကပ်နေ့ရက်များ။ နှီးနှောဖလှယ်ခြင်း
နှင့် အတူတူသွားခြင်း။ နင်ကတော့ လူဆိုးပဲ။ တည်းခြင်း (သို့) စားခြင်း။
တစ်ခုခုကို တည်၍ တစ်ခုခုနှင့် စားခြင်း။ မေးခွန်းကို မရှင်းဘူး။ အကြွင်း
ကိုလိုတာလား။ စားလဒ်ကို လိုတာလား။ မေးခွန်းကိုတော့ ရှင်းသွားပြီ။
ကွက်လပ်ကတော့ အဖြေပဲ။ ပင်လယ်ရဲ့ ရင်းနှီးမြှပ်နှံမှု။ လေရိုင်းရိုင်းတွေ
သယ်ဆောင်လာတဲ့ လှိုင်း။ တစ်လုံးဟာ တစ်ခုပဲ။ သိခြင်း။ တတ်ခြင်း။
သိတတ်ခြင်းပေါ့။ ယဉ်ကျေးမှုမှာတော့ ထိပ်တန်းပဲ။ နောက်ဆက်တွဲတွေ
မမှားဖို့အတွက် အခြေအနေအရလည်း အောက်ကျခံတယ်။ သိလိုက်ကြ။
စည်းလွတ် ၀ါးလွတ်ကို သိကြ။ စကတည်းက ထင်ကြေးပေးခံရသလိုပဲ။
သူ အရမ်းရိုင်းတယ်။ ရုပ်သေးပိတ်ကား ဥပဒေအရ ကျွန်တော်သူ့ကို ကား
လိပ်ချလိုက်တယ်။ မင်းတို့ နှစ်ယောက်အတူတူပဲ မှားကြတယ်။ နင်ပို့လိုက်
တဲ့ သေတမ်းစာကို မနေ့တည်းက ငါရတာပါ။ သူကတော့ မန္တလေးမှာ ရယ်
လို့နေမလား။ ငါ့မှာတော့ လှိုင်းလေးတွေပဲ ငေး နေရတယ်။ စနစ်ကိုပြောင်း
ရမယ်။ ကျေးဇူးပြုပြီး ကာလသုံးပါးနဲ့ အရေးသုံးပါးကို လျှာသုံးလျှာနဲ့ လိပ်
လိုက်ပါ။ ရှေ့နေ။ ပင့်ရစ်မနိုင်သေးလို့ ရခိုင်ကို မေးလိုက်တယ်။ အခက်အ
လက်ပဲ။ အချက်အလက်ပဲ။ ယပင့်လေးပဲ ခြားတယ်။ ၀င်ပေါက်ပဲ။ နောက်
ကျောကနေ ဓါးနဲ့ထိုးခြင်း။ အစကနေ အဆုံးအထိ နောက်တစ်ခေါက်
ပြန်ဖတ်ချင်သူ ရှိပါ့မလား။ Game ပဲ။ သူ့နာမည်က Death တဲ့။ အဲဒီ့တစ်
ကြောင်းကတော့ သူမကို ပြောတာပါ။
======================================================
ကဗျာဆရာပြန်ရတဲ့နေ့ 
- လ င်း လ က် တာ ရာ -
ရောင်စုံဘောလ်ပင်နဲ့  တိုးနှောင်မိုးဆီရေးတဲ့စာ
နှောင်ဖွဲ့ ပျံသန်း အိပ်မက်ကြွေ အရိပ်
တိမ်တိုက်တွေ ကိုယ့်ကိုယ်ကို လောင်ကျွမ်းထားတဲ့ည
ဒီနေ့ ရတဲ့တရားဟာ မောင်ချောနွယ်ကိုစိုက်တဲ့ဓါးပဲ
မြို့လယ်ကောင် ရှုခင်းဟာ ရွက်ကြွေတွေနဲ့ အပြည့်
တစ်ခုတော့ရှိတယ်၊ တစ်ခြမ်းတော့ရှိတယ်၊ တစ်စိပ်တော့ရှိတယ်
မြို့ကြီးပြကြီးထဲ ငါတို့ သူငယ်ချင်းတွေ
လူ့ သမိုင်းတစ်လျှောက်လုံးကွက်လပ်
လူ့ သမိုင်းတစ်လျှောက်လုံးကွက်လပ်
ဒွန်ဂေါ်ဒီယံ ရှင့်သားငယ်လေးကို ကြည့်ပြောထားပါဦး၊ ဂျစ်ဂျစ်
မှန်စာတိုက်ထားတဲ့ကြိုးနဲ့  စွန်မလွှတ်ကြပါနဲ့ 
လေညင်းလေးတွေ နာကျင်မှာစိုးရဲ့
တယ်လီဖုန်းထဲမှာ ကမ္ဘာဦးဂီတ၊ ဂြိုဟ်သားဆီကအသံ
သံသရာတစ်စနဲ့  ပုဂ္ဂလိက ဘဝနေနည်း
သွန်ပြစ်လိုက်၊ သောက်ပြစ်လိုက်၊ မိုးပေါ်လှမ်းပက်လိုက်
တထိတ်ထိတ်ကမ္ဘာ ပျော်စရာ
အရူးမှာလိုင်စင်ရှိတယ်
ဖမ်းမိသလောက် စိတ်ကူးများ
မိသားစု၊ မန္တလေးခဏ၊ ကျွန်တော့်ပခုံးပေါ်က ရွာကလေး
မြို့သစ်သားများ နေ့ စဉ်နေထိုင်မှုစတိုင်လ်နဲ့ လမ်းလျှောက်ထွက်ခြင်းအခန်းဆက်ကဗျာ
မနောက်နဲ့ ကိုဇေယျာ
အချစ်ကဗျာနဲ့ ပြန်စမယ်
ကျွန်ုပ်တို့ မြို့သူမြို့သားအပေါင်း
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
======================================================
မစ္စတာသင်ကာနဲ့အတူ ဒူးထောင်လက်တင် တွေးမိတဲ့ နေ့
- ဆူးခက်မင်း ၊ မင်းလုလင် -
အတွေးတွေကို လိုက်ကောက်ရင် အတွေးဟာ အကောက်ကြီး
ဖြစ်သွားမှာပေါ့ အတွေးတွေ ဖြောင့်ပေးပါ စပယ်ရှယ်ဒစ္စကောင့်နဲ့
အတွေးကို ဖယောင်းပါ သွင်းပေးမယ့်ဆိုင်ရှိရင် လမ်းညွှန်ပါ အတွေး
ဟာ ကောက်ကွေးနေတယ် ကြမ်းတမ်းနေတယ် ထိပ်ပိုင်းနှစ်ခွ
ဖြစ်နေတယ် အတွေးကို ပေါင်းတင်ဖို့လိုမယ် ပေါင်းသင်ဖို့လိုမယ်
ပိုးသတ်ဆေးဖြန်းဖို့လိုမယ် အတွေးဟာ တစ်ခါတစ်လေ မတော်မတည့်
လျော့ရဲရဲ ပျော့ပြဲပြဲ အတွေးတစ်ချို့ အလကားနီးပါးဈေးနဲ့ ရောင်းရန်စဉ်းစား
မိတဲ့ အတွေး ပျော့ပြဲပြီး ပြားနေပါတယ် လျော့ရဲပြီး ထွားနေပါတယ် သွားနေတယ်
ဘယ်နေ့ ဘယ်ခရီး ဘယ်လမ်း ဘယ်စခန်း ဘယ်မှ ညာ ဘာမှညာမနေနဲ့
အတွေးဟာ ဖွာ ထွက် ဟာကွက် အနာစက်တွေနဲ့ ယားယံနေတဲ့နေ့
အတွေးဟာ တွေတွေလေး ခွေ အခါလေးကြုံတုန်း အကာအရံမဲ့ လေ
တနေတယ် တေနေတယ် တွေနေတယ် တွေ့နေတယ် တွေးနေတယ်
အတွေးကို မလွှတ်လိုက်နဲ့ အတွေးလွတ်ထွက်သွားရင် အတွေးတွေ လွတ်ကုန်မှာပဲ
လွှတ် ကုန်မှာပဲ ဦးနှောက်ကြီးကို ဦးနှောက်ဝိုင်လဲပစ်လိုက်ရမလား ဖြုတ်ထုတ်ဆေး
ကြောပစ်လိုက်ရမလား မေးခွန်းတွေကို ဖြေနိုင်ပါ့မလား အတွေးက နှိုက်တိုင်းထွက်တဲ့
လိုတရတွင်းထဲ ရောက်နေတဲ့ အတွေး *မြစ်တွေရဲ့အမှားကို မြိုချရင်း
ပင်လယ်ဟာ ဒဏ်ရာတွေနဲ့ အုံကြွလာခဲ့* အတွေးတွေ အုံကြွလာတယ် ဖုန်ထလာတယ်
ရွှံ့လူးနေတဲ့ အတွေးတွေနဲ့ တိမ်ခူးနေတဲ့ အတွေးတွေ တွေး တွေးရင်း တွေးရင်း အတွေးဟာ
ပျင်းရိလာတယ် ဖန်ခွက်ချင်းတိုက်လိုက်သလို လေးတိလေးကန် အသံနဲ့ အတွေးဟာ တွေးဖို့
နှေးလာတယ် အတွေးတွေ ဝေးလာတယ် ဝေလာတယ် ဝေပြီးရင် ဝေးရတော့မှာပေါ့ ကြွေပြီးရင်
ကြွေးရတော့မှာပေါ့ ဆုံးပြီလို့မှတ်ထားတဲ့ ကျောက်ခဲ ရေပေါ် ကန်တက်လာသလိုမျိုးပေါ့
လန်ထွက်လာသလို အိုး .. ဂေါ့ဒ် လန့်သွားသလို လန်သွားသလို လန်းသွားသလို အတွေးက
အိုး . . . ဂေါ့ဒ် ယောင်ယမ်းတမ်းတ မြူတွေဆိုင်းနေတာ တွေးရင်း မြူတွေဟာ မြူးလာရတဲ့ အတွေး
ဆူး မလာရ တဲ့ ... ဆွေး ကြေကွဲခြင်းဟာ အဖော်နဲ့ အပေါင်းနဲ့ ဝီစကီခွက်နဲ့ မြရာပင်ရိပ်နဲ့ အတွေး
မြရာပင်ကြီးခါးကိုင်းနေတဲ့ကဗျာဆီသို့ အတွေး သွေးထွက်မှ ဆူးစူးမှန်းသိတဲ့အတွေး
အတွေးဟာ အတွေးမဟုတ်တော့ပဲ အတွေးဟာ အတွေးဖြစ်လာ နေရောင်ခြည်မမြင်ရတဲ့ အတွေး
ဗေပေါင်ထီ အသံတွေ ကြားလာရတဲ့ထိ အတွေးဟာ အတွေးချင်း စိန်ခေါ်ထိုးသတ် အတွေးဟာ
မျက်နှာတွေ ဖူးရောင်လာ ဒူး ပေါင်မှာ ထိုးထားတဲ့ တက်တူးတွေဟာ အတွေးသက်သက် ။
*မောင်ချောနွယ်၏ ကဗျာစာသား
======================================================
ခဏခဏ အသတ်ခံရတယ် ၊ ဘယ်တော့မှ မသေဘူး ။
- ဟိန်း -
ဟောဒီမြို့ကလေးမှာ ...
တည်းခိုခန်းတွေ ဘာပြုလို့ မရှိတာတုန်း ။
အမြန်လမ်းမကြီးက ဘာပြုလို့ မဖြတ်တာတုန်း ။
ဘူတာရုံကလေးက ဘာပြုလို့ စုတ်ပြတ်နေတာတုန်း ။
ဘာပြုနေတာတုန်း ၊ ဘာကို ပြုနေတာတုန်း ၊ ဘာတွေကို ပြုနေကြတာတုန်း ၊
ပြုခြင်းဟာ မရှင်းမလင်း ...... ။
သဲချောင်းကြီးကနေ ကုန်းရုန်းတက်၊ ချုံတွေ ကြားမှာ ဆိုင်းဘုတ်ကလေးတွေ့မယ်။
ပြောချင်တာက ...
ချုံတွေ ကွယ်ထားတယ် ဆိုင်းဘုတ်ကို
မကွယ်နိုင်ဘူး သမိုင်းကို ... အဲ့လို။
ဒါဟာ လူထူးလူဆန်း တစ်ယောက်ကို ငုံထားတဲ့ မြို့ပေါ့ ။
မကောင်းတာလုပ်သူတွေ စောင့်ရှောက်ခံရပြီး
ကောင်းတာလုပ်သူတွေ စောင့်ကြည့်ခံရတဲ့ ခေတ်မှာ စနစ်မှာ
အမှန်တရားကို သူ့ဆီက အမွေရတယ်။
''မောင်ဖာ ... မင့်သားဟာ ဆူဆူပူပူနဲ့ အကျိုးပေးမဲ့ သားပဲ'' တဲ့ ..
လူကြီးသူမတွေ မှန်းတာ မမှားခဲ့ဘူး ။
အသက်(၂၀)မှာ စာမူတွေကို ဒိုင်ခံဖတ်၊ အက်ဆေးတစ်ပုဒ်အတွက် ကျောင်းထွက်ခဲ့တဲ့ သူ့ကို
အခုတော့ ညလုံးပေါက် အရက်ဆိုင်တွေ ၊ ဂိမ်းဆိုင်တွေက ခနဲ့တဲ့တဲ့ ပြုံးတယ်။
ရည်းစားစကား မပြောရဲလို့ ဆေးရုံပေါ်က ဆင်းပြေးတဲ့ သူ့ကို
''အချိန်ပိုင်း တည်းခိုနိုင်သည်'' ဆိုတဲ့ ဆိုင်းဘုတ်က လက်ညှိုးထိုးပြီး ရယ်တယ်။
သမီးကလေး ခမည်း ပေးဖို့ ရွှေကလေး တစ်ပဲ၊တစ်မူး အတွက်
နယ်မြို့လေးဆီ ပြန်တက်၊ အမွေတောင်းတဲ့သူ့ကို
လက်မှတ်တစ်ချက်ထိုး သိန်းငါးထောင် ဆိုသူတွေက မျက်စိတစ်ဖက်မှိတ် ပြောင်ပြတယ်။
ရွှေဘိုက အငြိမ့်မင်းသမီး ညိုညိုယဉ်နဲ့ အတွေ့၊ စာရိတ္တသတ္တိကို လှစ်ခနဲအပြ
''ကျုပ်မှာ ကာမပိုင်နဲ့ ဗျ'' တဲ့ ။
ဒါကို ကောင်မလေးတစ်သိုက် ရင်ဘတ်ထဲ ဒေါ်လာတွေ ထိုးညှပ်ထည့်ပေးနေသူက
လက်ခုပ်လက်ဝါး တီးပြီး လှောင်တယ်။
သူက ရုံးသွားရင်း ကားပေါ်ကဆင်း လမ်းဘေးမှာ အကြော်စားတော့
အထူးယာဉ်တန်းနဲ့ တိုက်ပစ်လိုက်သူက သေသွားတဲ့ ဆိုက်ကားသမား မိသားစုကို တရားစွဲတယ်။
သူက နိုင်ငံအကြောင်းစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတော့
''ညီမလေး .. ရေစုံမီးစုံပြုစုပေးကွာ ၊ မုန့်ဖိုးပေးမယ်'' ဆိုသူက
မျက်လုံးမှိတ်ရင်း မထီမဲ့မြင်လုပ်တယ်။
တစ်ဆင့်ခံနဲ့ ပြောတဲ့ ရည်းစားစကားက
'''ကျုပ်မှာ အချိန်မရှိဘူး ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းရဦးမယ် ၊ ကျုပ်မေတ္တာကို မြန်မြန်တုံ့ပြန်ဗျာ''' တဲ့ ။
ပထမတော့
ရယ်ချင်စရာကြီး / ပြုံးချင်စရာကြီး / သဘောကျချင်စရာကြီး / အားနာချင်စရာကြီး / အူယားချင်စရာကြီး ။
နောက်တော့
မဲ့ချင်စရာကြီး / လေးစားချင်စရာကြီး / ငိုချင်စရာကြီး / ကြည်ညိုချင်စရာကြီး / ရင်ထဲ ဆို့ချင်စရာကြီး ။
၃၂ နှစ်သားကလေးဟာ ...
နှုတ်ခမ်းမွှေး ပေါက်မသွားဘူး၊ ကျည်ဆန် ၁၃ တောင့်ရသွားတယ်။
အ၀တ်အစားကောင်းကောင်း မရှိဘူး၊ သွေးအိုင်ထဲ လဲ နေတယ်။
ဗိုက်မရွှဲသွားဘူး၊ ဗိုက်ရွှဲကြီးတွေက မနာလိုတယ်။
ခဏခဏ အသတ်ခံရတယ် / ဘယ်တော့မှ မသေဘူး ။
သတ်ကွင်းနေရာ ( ငွေစက္ကူ ၊ နံရံပေါ် ၊ သီချင်းထဲ ၊ စာအုပ်ထဲ ၊ ပန်းချီထဲ ၊ နှလုံးသားထဲ ) ။
''ကျုပ်နဲ့ ကိုယ်ကျင့်တရားချင်း ယှဉ်ချင်တဲ့လူ လာဗျာ'' တဲ့ ..
၉၇ နှစ်နှစ် ရှိပြီ .. ။ ခေတ် ( ၄ ) ခေတ်လောက်ရှိပြီ .. ။
ဘယ်သူမှ တုပ်တုပ်မလှုပ်ရဲသေးဘူး ။
မလှုပ်ရဲသေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ဝံ့သေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ကြသေးဘူး ၊ မြုပ်နေတုန်း
လှုပ်ဖို့ မကြိုးစားဘူး ၊ မြုပ်နေတုန်း
လှုပ်လေ မြုပ်လေ မဟုတ်
ငါတို့ဟာ မလှုပ်လေ အောက်ဆုံးထိ စုံးစုံးမြုပ်လေပေါ့ ။
ကျုပ်တို့ဟာ ရာဇ၀င်မှာ အဆဲခံရမဲ့ လူစားတွေလား
ရာဇ၀င်မှာ အရေးခံရမဲ့ လူစားတွေလား
မျက်ရည်တွေတွေ ကျရင်း ပြန်စဉ်းစား ..
အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ
တိုင်းရင်းသား အပေါင်းတို့ မမေ့မလျော့ ကြကုန်နှင့်
သတိတရား နဲ့ ပြည့်စုံကြကုန် ။
======================================================
ရောက် / ပြန်
- မောင် မိုး ချို -
မနက်ဖြန် သဘက်ခါ နောက် တစ်မိနစ် နောက် နှစ်မိနစ် ။ ကိုယ့်လူ ။ ရောက်လာခဲ့ပြီးရင် ပြန်သွားရမယ် ။
ဘာမှမပါလာတဲ့နောက်တော့ ဘာမှမပါပဲ ပြန်သွားရမှာပဲလေ ။ ဘာလို့ ပူလောင်နေမလဲ ။ ဘာလို့ လွမ်းဆွေးနေမလဲ ။
 အရာရာကို မေ့မေ့ပျောက်ပျောက်ထားခဲ့လိုက်ရမှာ ။ တစ်ခုခုပါသွားချင်ရင် တစ်ခုခုယူလာခဲ့ပေါ့ ။
လက်ဗလာကြီးနဲ့တော့ ဘာမှ အပိုသယ်သွားနိုင်မှာမဟုတ်ဘူး ။ ဆန္ဒတွေထားခဲ့ပါ ။ ဒါမှမဟုတ် ပိုင်ဆိုင်သမျှထားခဲ့ပါ ။
မထားခဲ့ချင်လည်း လက်ဗလာကြီးပဲ သွားရမှာ ။ ရောက်လာချိန်ဆိုတာ ခဏ။ ခဏ ဆိုတာ တစ်ရက် တစ်မနက် ။
မလိုအပ်တာတွေ နဲ့ ဘာလို့ အလေးခံနေမလဲ ။ ခင်ဗျားတို့ ကျုပ်တို့ မလိုအပ်ပဲ သယ်လာခဲ့ရတဲ့ အိပ်မက်တွေ
မလိုအပ်ပဲ ထားထားရတဲ့ အာဃာတတွေ . . . . တွေ ။
*မင်းမက်တဲ့အောင်မြင်မှုတွေ အာဏာတွေ ပါဝါတွေ ဘာညာစမာကလာတွေ သာတကာတွေ သေတဲ့နောက်ကို ပါမသွားဘူး*
သိပ်ပင်ပန်း လွန်းနေပြီ ။ သယ်သွားလို့မရတဲ့နောက်တော့ ဘာလို့ ထမ်းထားဦးမလဲ ။ ပြုံးပါ ထပ်ပြုံးပါ ။
ဒါ လိုင်စင်ပုံရိုက်နေရုံ အသုံးဝင်တာမဟုတ်ဘူး ကိုယ့်လူ ။ သွားကြလာကြ ။ နှစ် ၂၀ ၊ ၃၀ ၊ ၄၀ ၊ ၅၀ ။
ခုနောက်ပိုင်း သိပ်နည်းလာတယ် ။ တစ်ရက် ပြီးသွားတဲ့အခါ တစ်ရက်ပိုနီးလာတယ် ။ မထားခဲ့ချင်ရင်မပိုင်ခဲ့တာပိုကောင်းတယ် ကိုယ့်လူ ။
ကျုပ်လည်း ခင်ဗျားလိုအပေါ်ကနေပဲ ကြည့်နေချင်ခဲ့တာပဲ ။ အပေါ်က ကြည့်ခဲ့လဲ နောက်ဆုံးဒီတံခါးပဲ ဖွင့်ပြီးသွားရမှာပဲလေ ။
အပေါ်တွေအောက်တွေ ။ ဘေးတိုက်သွားတာ ။ ကန့်လန့်တိုက်တာ။ မလိုဘူး ငါ့လူ မလိုဘူး ။
ခြေထောက်နဲ့လာလည်း ဒီခရီးပဲ ။ ခေါင်းနဲ့လာလည်း ဒီခရီးပဲ ။ **ဘ၀မှာဘာမှနှစ်ခါမရဘူး** ။
နှစ်ခါမရတဲ့အခါ တစ်ခါလောက်နဲ့ ။ ၁မိနစ်လောက်ဖြစ်ဖြစ် ။ ခဏလေးပဲဖြစ်ဖြစ် ။
*(J-me)
**(Jouk Jack)
======================================================
သားလောင်း အပင်လောင်း သန္ဓေဗေဒ အမှားပြင်ဆင်မပြီးခင် အရေးပေါ်အခြေအနေ
- ညီ ဇံ လှ -
သွေးလေလည်ပတ်မှုနဲ့ ရောပြီးမှားသွားနိုင်တယ် ဖွင့်မရရင်
ထိတ်တလန့် နဲ့ စောင်ခြုံလိုက်သလို အစကနည်းနည်း လုံခြုံနေသလို အရည်ကြည်ထဲ
သွေးဖြူဆဲလ်တွေများနေတာ ပုံမှန်မဟုတ်သော လူမှုဆက်ဆံရေး သုံးဆယ့်နှစ်ချောင်း
အတု
ပုံမှန်ထက် ရိတ်သိမ်းချိန်နောက်ကျသော မြို့ ကြီးပြကြီးတစ်ချို့ ၏ လူပျိုချိန် ည တစ်ဆယ့်နှစ်နာရီအား
စကားကို ရှင်းလင်ပီသစွာ အသံအနိမ့်အမြင့်ဖြင့် ပြောဆိုနိုင်သော နှုတ်ရေးအတတ်ဖြင့် ကား
တစ်စီးနှင့်တစ်စီး တိတိကျကျ ခြားရပ်သလို အလယ်ခေါင်တည့်တည့် မျဉ်းအဖြူရောင်နှင့် မင်း နဲ့ ငါ
အစွန်းထွက် အစွန်းတစ်စစ ထွက်လာသော အစွန်းတို့  စားပွဲ အစွန်းမှာ မထားရန် ပြင်ဆင်ပြီးသွား
လမ်းများအား ကတ္တရာ စိတ်ပါလက်ပါလောင်းရန် ဝေငှလိုက်သော မုန့် လုံးရေပေါ်သည် ယခု အခါ
နေရာမရွေး မိုးရေချိန်ဟာ လူ့ စိတ်ကို ပြောင်းလဲစေတယ် အုံ့ မှိုင်းမှိုင်းအရောင်မှာ သိပ်စိတ်ကျတာပဲ
ပျော်တယ် အားကြိုးမာန်တက် တစ်လှမ်းပြီး ညာခြေဖနောင့်ထက်မှ စားသောက်ဆိုင်များတွင် စွပ်ပြုတ်လုပ်
အရိုးနုလေးသည် လက်တစ်ကမ်းစာကျယ်သော ပင်လယ်ပြင်ရှေ့ မှာ ကျုပ်ထိုင်လိုက်တာ သွေးကြောတွေ
ကျစ်ကျစ်လစ်လစ်နဲ့ မိုးတိမ်ကြီး တစ်ခုဟာ ထောင်တက်သွားတော့တာပဲ အလွန်အိုပေမယ့် ကျန်းမာရေး
ကောင်းတယ် ပင်မကြိယာ အနေနဲ့ ရော အကူကြိယာ အနေနဲ့ ပါ သုံးနိုင်တယ် ဖြစ်ဆဲကာလကို ဖွဲ့ ဆိုဖို့ 
တစ်ချို့ ပြန်အမ်းငွေကြီး ရွံစရာအနေအထားနဲ့  ငှက်တစ်ကောင် နှစ်ကောင်မှ အစ မြှားတစ်စင်းနှစ်စင်း သို့ 
အိတ်ဖွင့်ဆုံးမစာလိုလို ခပ်ပေပေ အသားနီလန်နေဆဲ ကြာလာရင် အမှောင်နဲ့ ။သလား။
++++++++++++++++++++++++++++++++++++++++++++++++++++++++++
                                                                                                                   ကာတွန်း
                                                                           =======================
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
                                                        အက်ဆေး
အမှိုက်ပုံးရှင်းတဲ့နေ့ က မိုးမရွာပါ
- အ မွန် -
ပုံမှန်ပါပဲဟုလည်းကောင်း၊ ဒီပုတ်ထဲက ဒီပဲ ဒါပဲ ထပ်တရာ ဟုလည်းကောင်း။ အိုင်ဒီယာ မိတ္တူကူးချထားခြင်းများ
မလုပ်ရန် သတိပေးပြောစကားများ နှင့်အတူ အရိုးတွန်သံများ ကိုလည်းကြားခဲ့ရပါသည်။ အရုပ်ဆိုးတဲ့ မိန်းမတစ်ယောက်ဟာ
မပြင်တတ်ပြင်တတ်ပြင်ထားသလိုပဲဟု ဆိုလာသောအခါ ထိုသူများအား ၄င်းတို့ မြင်နေကြသည့် အပေါစားမျက်နှာပေးနှင့်
ခပ်တည်တည်ပင် စိုက်ကြည့်လိုက်ချင်ပါသည်။ သူမရဲ့ အပြုံးသည် မည်မျှလှပကြောင်း မည်သူတစ်ဦးတစ်ယောက်မျှ
သက်သေထူရန် လိုလိမ့်မည်မဟုတ်။ ပျင်းစရာကောင်းပါသည် ဆိုသော မှတ်ချက်ကို ဖတ်ရတာ ပျင်းစရာကောင်းလာပါသည်။
အသစ်မဟုတ်ဘူးဟု ဆိုလာသူအား သံသရာ ချားရဟတ်ထဲ တစ်ပတ်လောက်ခေါ်စီးစေချင်မိသည်။
ရှင်းရှင်းပြောရရင် စက္ကန့် တိုင်းနှင့်အမျှ အရာရာ ဟောင်းနွမ်းနေသော သံသရာခေတ်ပျက်ထဲတွင် နို့ ဆီခွက်ကို လည်ပင်းဆွဲပြီး
အသစ်လုပ်ရန်သာဖြစ်တော့မည်။ အသစ်တဖန်ပြန်လည်မွေးဖွားဖို့ နေ့ စဉ်သေဆုံးနေရခြင်းသည်ပင်လျှင် အသစ်ဟု
ဘယ်သို့ ပြောမည်နည်း။ သံသရာသည် အသစ်၊ ကမ္ဘာသည် အသစ်၊ ကဗျာသည် အသစ်၊ ထိုကဗျာရေးသူ အသစ်များကိုမူ
မကြိုက်ချင်ကြသောအခါ မိုးနတ်မင်းကြီးတရားပါရဲ့လားဟုသာ တ လိုက်ချင်ပါသည်။
ပိတောက်ပွင့်သည် တစ်ပွင့်တည်ုးဖြင့် မမွှေးနိုင်ပါ။ ပိတောက်ခိုင်တစ်ခိုင် မြိုင်မြိုင်ဆိုင်ဆိုင်လှပနေဖို့  ဆုတောင်းမိရုံသာ။
ခင်ဗျား ကဗျာဆိုတာကို ဘယ်လောက်နားလည်သလဲဆိုသော မေးခွန်းအတွက် ကြိုတင်သတ်မှတ်ထားသော အဖြေကို
ဖွက်ထားပါလေ။ မော်ဒန်၊ ပိုစ့် မော်ဒန်၊ ဘာသာစကား ၊ အယ်လ်ပီ အရာအားလုံးသည် ကဗျာထဲတွင်
ဘတ်တံနှင့်အရိုက်ခံလိုက်ရသော   ဘောလုံးကဲ့သို့    တောင်မြောက်ပြေးလွှားနေဆဲသာဖြစ်ကြောင်း အဆိုတင်သွင်းလွှာကို
လုံးခြေလွှတ်ပစ်ရန် ခင်ဗျားတို့ ကျွန်တော်တို့ တွင် လွတ်လပ်ခွင့်ရှိပြီးသားဖြစ်သည်။ ကဗျာဆရာများသည် ပိုမိုခံစားတတ်သော
သူများဖြစ်သကဲ့သို့  ပိုမိုခေါင်းမာသောသူများလည်းဖြစ်ကြသည်။ အယူဝါဒ အဆွဲကြီး သူများလည်းဖြစ်ကြပြန်သည်။
ဂျင်နရေးရှင်းအရ လက်ဆင့်ကမ်း အသွင်ကူပြောင်းလာသော ရေစီးကြောင်းတွင် သပ်သပ်ရပ်ရပ်မျောပါသွားဖို့ ကူးခတ်နေကြသော
ဖားတစ်ပိုင်း ငါးတစ်ပိုင်းများသည် တချိန်ကြရင်တော့ ရောင်းတန်းဝင် ငါးများ ဖြစ်မလာနိုင်ဘူးလားဟု မေးခွန်းထုတ်ဖွယ်ရာ။
လူတိုင်းသာ ဂျီးနီးယပ်စ်ဖြစ်ကုန်ကြလျှင် လူပေလူတေ မျက်နှာမွဲ လူ့ ငဖွဲများ တန်ဖိုးတက်ကုန်ကြမည်သာ။
အမျိုးသမီးများ ကဗျာရေးခြင်းသည် ဓါတ်ပြားတစ်ချပ်ကို ထပ်ခါထပ်ခါဖွင့်ခြင်းနှင့်တူလေသည်။ ကြွရောက်လာကြသော
ကဗျာဆရာများအား ကျေးဇူးတင်ရှိပါသည်ဟုပြောသောအခါ တတိယမြောက်ခုံတွင်ထိုင်နေသော ထိုအမျိုးသမီးက ပြုံးပါသည်။
အသုံးအနှုန်းအတွက် သူမ တိုက်ပွဲမ၀င်လို။ မိမိကိုယ်ကိုယ်မိမိကျေနပ်ခြင်းသာလျှင် အရာရာကို ကျေနပ်ခြင်းဖြစ်ပေလိမ့်မည်။
ကဗျာဆရာမများ ရှားပါးပါသည်။ ထိုအနည်းငယ်သော ရှားပါးခြင်းကိုပင် အရည်အချင်းမရှိလေရာဟု ပြောဆိုခြင်းသည်
အရည်အတွက်နှင့် အချိုးချထားကြောင်းကိုသာ အခြေခံပါလိမ့်မည်။ မိန်းမသည် ကဗျာနှင့်မဆိုင်။ ကဗျာနှင့် မပတ်သက်။
ကဗျာရပ်ဝန်းထဲတွင် မရှိသင့်ဟု တရားဝင် သိစိတ်နှင့်ကြွေးကြော်သူများ၊ မသိစိတ်ဖြင့်ကြိတ်မှိတ်တိုက်ခိုက်လိုသူ ထိုပုရိသများကို
လေးစားပါသည်။ မိန်းမ( အမျိုးသမီး ) ရေးသော ကဗျာသည် မြေပေါ်သို့ လောင်းချလိုက်သည့် ထမင်းရည်နှင့်တူမည်ဆိုလျှင်
သင်တို့ စားနေသော ထမင်းထဲတွင် အာဟာရဓါတ်များ ဘယ်ရွေ့ ပါမည်ကို   ပြန်လည် စမ်းစစ်စေလိုပါသည်။ အနုပညာသည်
ယောက်ျား၊ မိန်းမ မခွဲခြားပါ။ ယောက်ျား၊ မိန်းမ များကသာ အနုပညာကို ခွဲခြားနေကြခြင်း ဖြစ်ပေလိမ့်မည်။
ချာတူးလန်များသည် ချာတူးလန်အချင်းချင်းယှဉ်ပြိုင်ရာမှ ချာတူးလန်ပြိုင်ပွဲကြီးသည် ချာတူးလန်စွာဖြစ်ပေါ်လာ ခဲ့သည် ဟု
ဝေဖန်အကြံပေးခဲ့သော  စာအုပ်ပေါင်းမြောက်များစွာကို ဖတ်ရှုလေ့လာထားသည့် စီနီယာများအားလည်း လေးစားပါသည်။
စာပေနှင့် နီးသော နုလုံးသားသည် နူးညံ့ သည်ဆိုသော အဆိုကို အဘယ်ချောင်တွင် လိုက်လံရှာဖွေရမည်နည်း။
အွန်လိုင်းကဗျာ နှင့် Printed သည် မည်သို့ မည်ပုံကွာခြားပါသနည်း။ အဿပြာသာ ကြားခံနယ်ဖြစ်ပေလိမ့်မည်။
စုဆောင်းနေပါသည်။ အမြင်ကပ်သူများအား ပိုမိုအမြင်ကပ်စေလိုခြင်း အလို့ ငှာ နောက်ဆက်တွဲရထားတွဲ တစ်ခုကို အမှုအမှတ်မဲ့ 
အာရုံထားမိခြင်းဟုသာ မှတ်သားထားပါသည်။
ကဗျာလောက၏ ဖေးမကူညီမှုအား အားရကျေနပ်စွာ ထုတ်ဖော်ပြောဆိုသောအခါ အမြင်ကပ်ပုဒ်မဖြင့် အရေးယူခံရမည်ကို
တွေးမပူမိပါ။ သစ်ပင်တွေ အများကြီးပေါက်ကြပါသည်။ သို့ သော် ထိုသစ်တောသည် မစိမ်းလန်းသေး။
ခြောက်သွေ့တော အဖြစ်သာ ထိုသစ်ပင်များ အပြိုင်းအရိုင်းပေါက်ကြပါသည်။ အကြောင်းမူ အယူဝါဒတိုက်ခိုက်မှုများကြောင့်
ကာဗွန်ဒိုင်အောက်ဆိုက်များ ဖောင်းပွနေခဲ့ခြင်းလည်းဖြစ်နိုင်သည်။ ကဗျာလောကကြီးကား အလှမ်းဝေးပါသည်။
ကဗျာအသိုင်းအ၀ိုင်း ရပ်ကွက်ငယ်လေးတစ်ခုမှာပင် အချင်းချင်းရိုင်းပင်းကူညီမှုမှာ ပိုးကိုက်နေသော
သစ်ရွက်တစ်ရွက်သာသာဖြစ်ပါသည်။
စီနီယာကြီးများအား လေးစားလိုပါသည်။ မြတ်နိုးကြည်ညိုလိုပါသည်။ အားကိုးအားထားပြုလိုပါသည်။
အနုပညာထဲမှာမှ ပိုမိုနူးညံ့ပါသည်ဟု ခံယူထားသော ထိုကဗျာအသိုက်အအုံသည် လှမ်းဝင်မိသမျှ နောက်ပြန်မပြေးမိအောင်
ခြေချော်မလဲမိအောင် အတော်ကြီးသတိထားနေရင်း ဆက်လျှောက်နေရပါသည်။ လွှမ်းမိုးကြီးစိုးမှု အထက်စီးနင်းနိုင်မှုတွေ
ထိုသစ်တောကို ဖုံးလွှမ်းနေသေးသမျှ ထိုသစ်တော မစိမ်းလန်းနိုင်ပါ။ သစ်ပင်များပိုမိုပေါက်ရောက် လာသည်ကို  
မေတ္တာရေလောင်းဖို့  မတောင်းဆိုမိပါ။ ဖြစ်ခြင်း၊ ပျက်ခြင်းကြားမှာ စိတ်ဓါတ်ခိုင်မာမှုဖြင့်ချီတက်ရန်သာ ရှိပါတော့သည်။
ထိုကဗျာလောကကြီးက အလှမ်းဝေးပါသည်။ သို့ပေမယ့် ကဗျာရပ်ကွက်ကလေးကတော့ စည်းလုံးမှုဖြင့်
သာယာကောင်းသာယာလိမ့်မည်။ အထက်ကလူ ကန်ချပါလေ။ ရုန်းကန်ရတာ သဘာဝကျပါသည်။
ကြက်ခြေခတ်များစွာ စုဆောင်းထားရှိပြီးဖြစ်သောကြောင့် နောက်ထပ်ကြက်ခြေခတ်များသည် မည်သို့မျှရင်ကို
လှုပ်ခတ်နိုင်လိမ့်မည် မဟုတ်တန်ရာ။ ဘာရယ်ညာရယ်တော့မဟုတ် ကြတ်ခြေခတ်များကို စုဆောင်းထားခဲ့မိရာ ၄င်းတို့ အား
စိတ်လိုက်လက်ရ  အနည်းငယ်ပြန်ထုတ်ကြည့်မိရုံသာဖြစ်ပါသည်။
========================================================
အိပ်မက်ဆိုးတစ်ခုအကြောင်း
- လင်း သက် ငြိမ် -
“ အား ”
အိပ်ယာမှ လန့်နိုးလာသူ တစ်ဦးရဲ့ ထုံးစံအတိုင်း သူ ချွေးစေးတွေနဲ့ အာခေါင်တွေခြောက်ကပ်နေသည်  ။ကတုန်ကယင်
နဲ့ဘေးဘက် ၀ဲယာကို ကြည့်လိုက်တော့ ပါတ်ဝန်းကျင်ကအရာရာဟာ သူဘယ်တုန်းကမှမမြင်ဘူးခဲ့သလို။ သူရေတစ်ခွက်ကို
အငမ်းမရတောင့်တမိ၏ ။ သို့သော် ဘယ်ကရနိုင်မလဲသူမသိ ။ အရှင်လတ်လတ် အိပ်မက်ထဲက ဆွဲချွတ်ခံလိုက်ရသလို သူသည်
အရာရာနှင့်တစိမ်းဆန်နေသည် ။ တွန့်ကြေနေသော အိပ်ယာခင်းပေါ်တွင် ဓာတုဗေဒဆိုးဆေးများဖြင့် ရိုက်နှိပ်ပွင့်လန်းထားသော
အပွင့်ကြီးကြီး ပန်းပွင့်များ ။သူ ထိုအိပ်ယာပေါ်တွင်နေ့ရက် အဆက်ဆက်အိပ်စက်ခဲ့ဘူးသလား? သူမမှတ်မိ ။ ဒီအခန်းကရော?
သူ့အခန်းလား ? ဘယ်အချိန်ကတည်းက သူ ဒီအခန်းထဲမှာ နေနေခဲ့တာလဲ ?အရာရာ သည် သူ နှင့်ဝေးကွာသွားသလို။
တစ်ခါတစ်ခါ နီးကပ်လာသလိုလိုနဲ့ ။သူ မသေချာတော့ ။ သူကိုယ်သူ ပင် မသေချာနိုင်တော့ ။သူ ဘယ်သူလဲ ?
ဘာကြောင့်ဒီလိုဖြစ်နေရသလဲ ? စဉ်းစားကြည့်လိုက်တော့ သူ့ကို လန့်နိုးလိုက်စေသော အိပ်မက်ဆိုးတစ်ခုကြောင့်လား ?
ထို အိပ်မက်ဆိုးက ဘာလဲ ? သူစဉ်းစားလို့ မရ ? အိပ်မက်ဆိုးသည် အိပ်မက်ဆိုးတစ်ခုခုဖြစ်သည် ကလွဲလို့ ဘာအကြောင်းဟု
ဘာမှသေသေချာချာ ရေရေရာရာ စဉ်းစားလို့မရချေ ။ထို အိပ်မက်ဆိုးထဲတွင် သူ့ကို တစ်စုံတစ်ခုသောအရာက
တွန်းထုတ်နေတာလား ? ဒါမှမဟုတ် တစ်စုံတစ်ခုထဲ ဆွဲသွင်းနေတာလား ? သူအသံတွေကြားနေရသလား?
အရာရာတိတ်ဆိတ်နေလား? သူ ဘာမှမရှိတဲ့ အမှောင်ထုကြီးတစ်ခုထဲမှာလား ? ဒါမှမဟုတ် မျက်စိတွေကျိန်းစပ်နေအောင်
လင်းလွန်းနေတာလား? ထိုအိပ်မက်ဆိုးကြီးသည် အရှင်လတ်လတ်သေဆုံးသွားသော ဈာပန အခမ်းနားပွဲတစ်ခုလား?
သေဆုံးနေသောသူမှာ သူဖြစ်ပြီး တစ်ဦးတည်းသော ပွဲတတ်ပရိတ်သတ်မှာလဲ သူပဲဖြစ်နေသလား ?
တစ်ခါတစ်ရံ ကိုယ့်ဈာပန အခမ်းအနားကို ကိုယ် ပြန်တတ်ခွင့်ရသည်မှာ စိတ်ဝင်စားစရာကောင်းသော ကိစ္စတစ်ခုဖြစ်သည်ဟု
သူ အရင်တုန်းကရော စဉ်းစားမိခဲ့ဖူးသလား ? မေးခွန်းတွေနဲ့ ပြည့်နှက်လာသောအခါ သူ့စိတ်သည် ဘာမှန်းမသိသော
အိပ်မက်ဆိုးကြီးတစ်ခု ထဲပိတ်မိနေသလိုခံစားနေရ၏ ။ ရုန်းကန်တွန်းထွက်နိုင်ဖို့ကို အကြိမ်ကြိမ်ကြိုးစားနေမိသော စိတ်ကပင်
သူ့ကို ထိုအိပ်မက်ဆိုးကြီးထဲပြန်ဆွဲသွင်းနေသလိုလို ။ စားပွဲပေါ်မှကြားနေရသော နာရီသံ “တဂျောက်ဂျောက်”က သူ့ကို ထို
အိပ်မက်ဆိုးကြီး မက်မြင်နေသော ကာလတစ်ခုဆီသို ပြန်လည် ဆွဲခေါ်နေသည်ဟု ထင်ရသည် ။
သူ အဲဒီနာရီကို ဘယ်အချိန်ကတည်းက စာပွဲပေါ်တွင်တင်ထားခဲ့မိသလဲ ? တင်ရောတင်ထားခဲ့ဖူးလား ?
မည်သို့ပင်ဖြစ်စေ ထိုနာရီသည် စားပွဲပေါ်တွင် “တဂျောက်ဂျောက်” မြည်နေဆဲ ။
သူ စိတ်အာရုံတွေကို အတတ်နိုင်ဆုံးစုစည်း ပြီး သူထိုအိပ်မက်ဆိုး မမက်ခင် အချိန်ကာလကို ပြန်စဉ်းစားမိသည် ။
ညဦးပိုင်းက မိတ်ဆွေတစ်ယောက်နှင့် သူ လက်ဖက်ရည်ဆိုင်ထိုင်ကာ စာပေအကြောင်း ၊ကဗျာဖြစ်တည်မှု့အကြောင်း ၊
ဗန်ဂိုး ရဲ့ အာလူးစားသူများ ပန်းချီကားထဲက ဆာလောင်မွတ်သိပ်နေတဲ့မျက်လုံးတွေအကြောင်း ၊အနားက ဖြတ်ခနဲ
လျှောက်သွားတဲ့ ပန်းပွင့်လေးရဲ့ ခြေသလုံးသားဖြူဖြူလေးတွေအကြောင်း သူတို့ပြောခဲ့ကြတယ်(ပြောခဲ့ကြတယ်ထင်သည်)
သို့သော် သူ၏ မိတ်ဆွေမှာ ဘယ်သူလဲမသိ ။ သူ့မိတ်ဆွေရဲ့ မျက်နှာကို ပြန်မြင်ယောင်ကြည့်မိတော့ သူ့မျက်နှာကိုပဲ
ပြန်မြင်လာမိသည် ။သူ့မိတ်ဆွေရဲ့ အသံကို ပြန်ကြားယောင်မိတော့ သူ့အသံပဲ ပြန်ကြားလာသည် ။သူမိတ်ဆွေက သူပဲလား?
 သူကပဲ သူ့မိတ်ဆွေဖြစ်သွားတာလား? မဟုတ်ဘူး ! မဟုတ်ဘူး သူတစ်စုံတစ်ခုက ငြင်းဆန်ကြည့်ဖို့ ကြိုးစားတယ် ။
အဲ့ဒီကြိုးစားကြည့်တဲ့စိတ်ကပဲ သူငြင်းဆန်နေတာကို ပြန်ပြီးငြင်းဆန်လို့နေပြန်တယ် ။
“ အား … … … ”
သူ ဒုတိယ အကြိမ်မြောက် အော်ဟစ်လိုက်တယ် ။တိတ်ဆိတ်နေတဲ့ သူ့ ပါတ်ဝန်းကျင်ကိုသူပြန်ဖောက်ခွဲကြည့်လိုက်တယ် ။
သူ့အသံကို သူ့စိတ်နံရံမှာပဲ ပြန်ကြားလိုက်ရတယ် ။သူ့ အကြားအာရုံမှာ ပြန်မကြားနိုင်တော့ဘူး ။ တစ်ခုခု ? ။
ထိုဘာမှန်းမသိနိုင်သော အိပ်မက်ဆိုးကြီးတစ်ခုခုက သူ့ အတွင်းစိတ်ကို အရိပ်တစ်ခုလို ထိုးထားတယ် ။
သူ့ကိုယ်သူ မှားယွင်းအောင်ပြုလုပ်ထားတာအဲဒီ အိပ်မက်ဆိုးကြီးပဲ ။ သူ့ဘာတွေကဘယ်လိုမှားယွင်းနေတယ်ဆိုတာ
သိနိုင်ဖို့ အဲ့ဒီအိပ်မက်ဆိုးကြီးကို ပြန်မက်ပြီးရှာဖွေရမယ် ။ခက်တာက သူအဲဒီအိပ်မက်ဆိုးကို ပြန်မက်ဖို့ အိပ်မက်ဆိုးတစ်ခု
ဖြစ်သည် ဆိုတာကလွဲလို့ ဘာအကြောင်းအရာက ဆိုးရွားစေသလဲမသိ ။ ဘယ်လို ပြန်မက်မြင်ရမလဲမသိ ။
ထိုအိပ်မက်ကို ပြန်မက်မြင်လျှင်သူ တစ်ခုခုမှားယွင်းနေတာကနေ ပုံမှန်ပြန်ဖြစ်သွားမှာလား ?ဒါမှမဟုတ် ပိုဆိုးလာမလား?
မသေချာ ။ သူသည် ဘုရင်မ၏ ကစားကွက်အတွင်းသို့ ကျရောက်နေသော နယ်ရုပ်လေးတစ်ရုပ်လို စိတ်တွင် ခံစားမိသည် ။
သူ အစားခံရမလား ။ ဒါမှမဟုတ် သူ့နောက်တွင် ထောက်ကောင်တစ်ကောင်ကောင် ရှိနေမလား ?သူမသိ ။
အိပ်မက်ဆိုးကြီးကရော ? စစ်တုရင်ကစားခုံတစ်ခုလား ? သူမသိ ။ သူ ပြန်အိပ်လိုက်ရမလား ? ဒီအတိုင်းပဲ မနက်အလင်းကို
ထိုင်စောင့်နေရမလား ။ မနက်မိုးလင်းရင် အရာရာဟာ ပုံမှန်အတိုင်းပြန်ဖြစ်သွားမလား? ဒါမှမဟုတ် သူ  “သူ” အဖြစ်ကနေ
ပျောက်ဆုံးသွားမလား? အိပ်ပျော်သွားရင်ကော သူ အိပ်မက်ဆိုးကြီးအကြောင်းကို သိခွင့်ရမှာလား ?မေးခွန်းတွေနဲ့ သူသည်
ထိုအိပ်မက်ဆိုးကြီးထဲတွင်ပိတ်မိနေဆဲပဲ ။တွန်းထွက်လို့မရနိုင်လောက်အောင် မေးခွန်းတွေက အဲဒီအိပ်မက်ဆိုကြီးထဲမှာ သူ့ကို
ပိတ်လှောင်ထားဆဲပဲ ။သူ ဘာဆက်ဖြစ်မလဲ ? သူ အဲဒီ အိပ်မက်ဆိုးကနေ လွတ်မြောက်နိုင်မှာလား ။ဒါမှမဟုတ် ? ? ?
? ? ?  …. ? ? ? …. မိတ်ဆွေ …  ခင်ဗျားတို့ကော ဘ၀မှ အဲဒီလို အိပ်မက်ဆိုးမျိုးမက်ခဲ့ဖူးကြလား  ? ? ? … ? ? ? ….။`
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
                                                             ဆောင်းပါး
အမေနှင့် ငါးရံ့ခြောက်
- ရွှေဘုန်း (စေတနာပန်းခင်း) –
မိုးလေးက တစ်ဖျောက်ဖျောက်နဲ့ တိတ်ဆိတ်တဲ့ အခန်းထဲ တစ်ပါးတည်းရှိနေခိုက်မှာ၊ အမှတ် တမဲ့
တွံတွေး သိန်းတန်ရဲ့ ကျေးလက်သီချင်းလေး ကြားလိုက်ရတော့ အမေ့ကို သတိယလိုက်တာ၊
(တွံတွေးသိန်းတန်သီချင်းတွေကို အမေသိပ်ကြိုက်တယ်လေ)၊ဟိုး...လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်ကဆို၊ ဒီလို ချမ်းအေးတဲ့
မိုးတဖွဲဖွဲကျတဲ့ ညတွေမှာ မောင်နှမ သုံးယောက်သား၊ မိုးပေါက်မကျတဲ့ ခေါင်းရင်းဘက်ကိုတိုး၊ ဖျားကို အပေါ်ကို ပြန်လိပ်တင်ပြီး
ဖျာလိပ်ထဲမှာ ဆက်အိပ်ကြတာပါပဲ၊ ဓနိမိုးထားတဲ့ အမေ့အိမ်လေးမှာ ဒီလိုမိုးတွေ တစ်ဖွဲဖွဲရွာပြီဆိုရင် ဟိုနေရာက မိုးယို၊
ဒီနေရာက မိုးယိုနဲ့၊ မိုးပေါက်တွေက နေရာမလပ် ကျလာတတ်ပါတယ်၊ အဲလို မိုးတွေ ယိုလာပြီဆိုရင်တော့ အမေ့မှာ အသင့်ကောက်ပြီး
စုဆောင်းထားတဲ့ ၀ါးဘတ်လေးတွေနဲ့ မိုးပေါက်ကျရာနေရာတွေကို လိုက်ပြီး ဖာရ၊ ထေးရရှာတယ်လေ။
အမေ အဲလိုတစ်ညလုံး အမိုးလေးတွေ ဖားထေးနေတဲ့အချိန်မှာ စာရေးသူတို့ မောင်နှမ သုံးယောက်ကတော့ ခေါင်းရင်းနားလေးမှာ
ဖျာလေးအပေါ်ကို ပြန်လိပ်တင်ပြီး၊ ကွေးနေအောင် ဆက်အိပ်ကြတာပဲ၊ အမေ့ရဲ့ တစ်ညလုံးမအိပ်ရတဲ့ ဒုက္ခတွေကို
ကိုယ်ချင်းလည်း စာနာတတ်ဘို့ နားမလည်ခဲ့ကြဘူးလေ။ တစ်မိသားစုလုံးမှာပိုင်ဆိုင်တဲ့ တစ်လုံးထဲသော ပိတ်ခြင်ထောင်ကြိးမှာ
အိပ်လို့ မရအောက်အောင် ကြမ်းပိုးတွေ ကိုက်လာတဲ့အခါလည်း သားသမီးတွေကို မနိုးစေပဲ၊ ကြမ်းပိုး သတ်ရတာလည်း အမေ၊
သား သမီးတွေ အအိပ်ကြမ်းလို့ ခြင်ထောင်ကြိုးတွေ ပြတ်တော့လည်း ထပြီး ချည်ရတာလဲအမေ၊ ကြောင်လေးတွေချမ်းလို့
ခြင်ထောင်ထဲ လာကွေးပြီးအိပ်တဲ့အခါ သားသမီးတွေ ဖိမိမှာစိုးလို့ နေရာ လိုက်ရွှေ့ရ တာလဲ အမေပါပဲလေ။
အမေက ဟင်းသီး၊ ဟင်းရွက်တွေပဲရောင်းဖူးပါတယ်။ သား၊ ငါးတွေ မရောင်းဖူးပါဘူး။ အမေက ခြင်လေးတွေ၊ ကြမ်းပိုးလေးတွေပဲ
သတ်ဖူးတာပါ၊ သား၊ ငါးတွေ မသတ်ဖူးပါဘူး။ ဒါပေမယ့်ပေါ့လေ၊ မနှစ်က ရေမြေခြားကို ပြန်ခါနီးတော့
“သားလေး၊ အမေ ငါးရံ့ခြောက် လှမ်းထားလိုက်မယ်နော်” တဲ့၊ (သူ့သား ငါးရံ့ခြောက် ကြိုက်တာ အမေသိတာပေါ့)
“အမေ၊ အရှင်တွေ မလုပ်နဲ့နော်”ဆိုတော့၊ “အင်းပါ၊ စိတ်ချ၊ အမေ ပံ့သကူရှာပြီး လုပ်ထားလိုက်မယ်”..။
ပြန်ခါနီးတော့ ငါးရံ့ခြောက်လေးတွေ လေယဉ်ပေါ် အနံ့မနံရအောင် အိတ်ကလေးတွေနဲ့ ထုတ်နေတုံး
“အမေ အဲဒါတွေလုပ်တုံးက အရှင်တွေ ပါသေး လား”ဆိုတော့၊ သူ့သားပြန်ခါနီးလို့ စိတ်မကောင်း ဖြစ်နေတဲ့မျက်နှာလေး က
ပြုံးရောင်သန်း သွား ပြီး“မပါပါဘူး သားရယ်”တဲ့လေ..။
အမေ့ကွယ်ရာရောက်မှ အစ်မက “အော်..ဦးဇင်းရယ်၊ ငါးရံ့ခြောက်ဆိုတာ အရှင်သတ်ပြီး တော့ကိုယ်တိုင် ဆားလူးပြီး
လှမ်းမှကောင်းတာ၊ အမေက ဦးဇင်းအတွက်တမင်မှာပြီး လုပ်ထားတာ၊ ဦးဇင်းဆူမှာစိုးလို့ အရှင်မပါဘူးပြောတာ
” အော်...အမေရယ်..။
တစ်ကယ်တော့လေ အမေဆိုတာ သားသမီးအတွက်ဆို မသွားရဲတဲ့လမ်းဆိုတာ မရှိသလို၊ မလုပ်ရဲတဲ့အလုပ်ဆိုတာလည်း မရှိပါဘူး၊
သားသမီး အမြင့်ရောက်ဘို့ သူ့ကျောကို အဆင်သင့် ခင်းပေးတတ်တာ အမေ၊ သားသမီး ကုသိုလ်ရဘို့ သူ့ဘ၀ကို အကုသိုလ်တွေနဲ့
ရင်းပေးတတ်တာ အမေ၊ အမေဟာလေ..သားသမီးအတွက်ဆိုရင်၊ ဆရာလိုလည်း လမ်းညွှန်တတ်သလို၊ တပည့်လို လည်း
လိမ္မာပေးတတ်တယ်၊ သူရဲကောင်လိုလည်း အန္တရယ်တွေကို ကာဆီးပေးနိုင်တယ်။ အိုလေ ...အမေဆိုတာ... သားသမီးအတွက်၊
ဘယ်နေရာကမဆို နေပေးနိုင်ပါတယ်…။
“တော်ပြီ...နောင်…အမေ့ကို ငါးရံ့ခြောက်စားချင်တယ်လို့၊ ဘယ်တော့မှ မပြောတော့ဘူး.”
“မိဘ ကျေးဇူး အထူးသိတတ်ကြပါစေ
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
                                                                ဟာသ
ဝက်ဝံနိုင်နည်း
တစ်နေ့၌ အဖိုးကြီးတစ်ဦးသည် တောထဲကို ထင်းခွေသွားရာမှ
တောထဲ၌ဝက်ဝံကြီးတစ်ကောင်နှင့် ပက်ပင်းတိုးလေ၏။
အဖိုးကြီးလည်း ဝက်ဝံကြီးကရန်မူမည်ကိုစိုးသဖြင့်
သူသိထားသော ဝက်ဝံနိုင်နည်းအတိုင်း
ကင်းမှီးကောက်ထောင်နေလိုက်၏။ ဝက်ဝံကြီးက
ကင်းမှီးကောက်ထောင်နေသောအဖိုးကြီးအား မြင်ပြီး ဤသို့တွေး၏။
“အင်း… ဒီအသီးနှစ်လုံးက မမှည့်သေးဘူးပဲ။ နောက်နေ့မှပဲစားတော့မယ်”
ထို့နောက် ဝက်ဝံကြီးလည်းထွက်ခွါသွား၏။
အဖိုးကြီးလည်း အိမ်သို့ပြန်ရောက်သောအခါ သူကြုံခဲ့ရသည်ကို
သူ၏ဇနီးအားပြန်ပြောပြ၏။ အဖွားကြီးလည်း ဝက်ဝံနိုင်နည်းအားစမ်းသပ်ချင်သဖြင့်
နောက်တစ်နေ့၌ တောထဲသို့ ထင်းခွေထွက်သွား၏။ မကြာမီပင် အဖွားကြီးလည်း
ဝက်ဝံကြီးနှင့်ပက်ပင်းတိုးသဖြင့် အဖိုးကြီးပြောသည့်အတိုင်း ကင်းမှီးကောက်ထောင်လိုက်၏။
ဝက်ဝံကြီးက ဤသို့တွေး၏။
“ဟင်.. ငါမနေ့ကမစားလိုက်တဲ့အသီး ဘယ်သူစားသွားလဲ မသိဘူး။ ဒီမှာ အစေ့ပဲကျန်တော့တယ်”
================================================
ညအိပ်ဝတ် အချစ်အင်္ကျီ
ညကြီးအချိန်မတော်တွင် သားနှင့်ချွေးမဖြစ်သူအိမ်သို့ မိခင်ကြီးရောက်ရှိလာ၏။
မိန်းမဖြစ်သူက ယောက်ျားပြန်လာသည်အမှတ်နှင့် ခန္ဓာကိုယ်တုံးလုံးနှင့် တံခါးထဖွင့်ပေး၏။
မိခင်ဖြစ်သူက..
“ဟဲ့ ညည်းက ဒါဘယ်လိုဖြစ်နေတာလဲ။ ငါနင့်ယောက္ခမလာတာဟဲ့။
အရှက်ကိုမရှိဘူး”
“သြော်အမေရယ် ဒါအရှက်မရှိတာမဟုတ်ပါဘူး။ ဒါညဝတ်အိပ်အချစ်အင်္ကျီလို့ခေါ်တယ်၊
အမေ့သားက ဒီအင်္ကျီကို အရမ်းကြိုက်တာ”
အဖွားကြီးလည်းထိုစကားကိုမှတ်ပြီးအိမ်သို့ပြန်သွား၏။
နောက်နေ့တွင် ညဘက် ခင်ပွန်းဖြစ်သူ အဖိုးကြီးပြန်လာသောအခါ အဖွားကြီးက
အင်္ကျီမပါဘဲ ခန္ဓာကိုယ်တုံးလုံးနှင့် တံခါးထဖွင့်ပေး၏။
“နင်ဒါက ဘာဖြစ်နေတာလဲ ဒီအရွယ်ကြီးကျမှ”
“သြော် အဖိုးကြီးကလဲ .. ဒါ ညဝတ်အိပ် အချစ်အင်္ကျီလို့ခေါ်တယ်”
အဖိုးကြီးက အဖွားကြီးကို ခြေဆုံးခေါင်းဆုံးကြည့်ရင်း…
“ဒါဆိုလည်း မင့်အင်္ကျီ ကြယ်သီးသေချာတပ်ထားဦး
မင်းအင်္ကျီ ကြယ်သီးတွေပြုတ်တော့မယ်”
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ခရမ်းရိပ် ဂျူလိုင်လ ထုတ်ဝေရန်ပျက်ကွက်ခဲ့မှုအတွက် ခရမ်းရိပ်အဖွဲ့သားများမှ 
အနူးအညွှတ်တောင်းပန်အပ်ပါသည် ။
မဂ္ဂဇင်း ထုတ်ဝေသည့်ရက် လစဉ်ဆယ့်ငါးရက် ( သို့မဟုတ် ) ဆယ့်ခြောက်ရက် မှ
ယခုအခါ လစဉ်တစ်ရက်နေ့သို့ပြောင်းရွှေ့သတ်မှတ်လိုက်ပါကြောင်း
လေးစားစွာအသိပေးအပ်ပါသည် ။
- ခရမ်းရိပ်အဖွဲ့သားများ -
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဝိုင်းကြီးဝိုင်းလေး
-  သွယ် လေး -
ကျွန်တော်ကျောင်းစတက်ရတဲ့အရွယ်တုန်းက ကျောင်းမှာစပြီးသင်ခဲ့ရတဲ့သင်ခန်းစာက ၀ လုံးလေးတွေရေးရတာပဲဖြစ်သည်။
ဆရာမတွေက ၀ လုံး တွေကိုဝိုင်းပြိးညီညာစွာရေးတတ်အောင်အရင်သင်သည်။ ၀ လုံးလေးတွေဝိုင်းစက်နေအောင်
ရေးတတ်ပြီဆိုမှတခြားအက္ခရာတွေကိုတိုးပြီးထပ်သင်ပေးခြင်းဖြစ်သည်။ အဲဒိတုန်းကကျွန်တော်စိတ်ထဲမှာထင်ခဲ့မိတာက
ဝ လုံးရေးရတာဟာအရမ်းခက်ခဲတယ်ဆိုတာပါပဲ။ မျဉ်းဖြောင့်တစ်ကြောင်းပေါ်မှာ လုံးနေအောင် ၊ ၀ိုင်းစက်နေအောင်ရေးပြရတာ
ငြီးငွေ့ချင်စရာကောင်းသလိုစိတ်ပျက်စရာကောင်းသည်လို့လဲထင်ခဲ့မိသည်။ဒါပေမယ့်အဲဒိ ၀ လုံးဆိုတာကို
ဝိုင်းအောင်ရေးပြနိုင်မှလဲနောက်တဆင့်အက္ခရာတွေကိုသင်ယူနိုင်မှာဆိုတော့ ကျောင်းမှာတင်မက ကျွန်တော့်အပေါ်မှာ
မျှော်လင့်ချက်ကြီးမားခဲ့တဲ့အိမ်မှာပါကျွန်တော်ချောင်ပိတ်မိတော့သည်။ စိတ်မပါပဲ ရှေ့တစ်ဆင့်ဆက်တက်နိုင်ဖို့အတွက်
တာဝန်တစ်ခုလို ၀လုံးတွေရေးနေရာမှ ကျွန်တော်ကိုယ်တိုင်စိတ်ပါလက်ပါရေးခဲ့မိသော ၀ လုံးတွေရှိလာခဲ့သည်။
အစတစ်ခုကိုဆွဲထုတ်ပြီး သေသပ်လှပစွာတွန့်ကွေးသွားကာ အဆုံးသတ်ကိုအောင်မြင်စွာချိတ်ဆက်ပေးနိုင်မှသာလျှင် ပြီးပြည့်စုံသော
ဝလုံးလေးတစ်ခုကိုကျွန်တော်တို့ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
တဖြည်းဖြည်းနဲ့ ၀လုံးတွေရေးရခြင်းကိုစိတ်လိုလက်ရဖြစ်လာတဲ့အခါ ပျော်ရွှင်မိတဲ့အချိန်တွေရှိသလို တချို့ ၀လုံးတွေအတွက်
စိတ်ဓာတ်တွေဆောက်တည်ရာမရဖြစ်တည်ခဲ့ဖူးသည်။ ၀လုံး  ၀လုံး အိမ်မက်ထဲမှာတောင် ကျွန်တော့်ကိုယ်ကျွန်တော်
ဝလုံးအဖြစ်ပြန်မြင်ခဲ့ရသည်။ စိတ်ညစ်ဖို့တော့တော်တော်ကောင်းသည်။ ကြည့်ရတာဘယ်လိုမှအဆင်မပြေပါ။ ဟုတ်တယ်လေ ။
ကိုယ့်ကိုကိုယ်ဝလုံးလိုပါလို့ဆိုမှတော့ လူကကွေးကွေးဝိုင်းဝိုင်းကြီးနဲ့ ခြေထောက်တွေလက်တွေကပတ္တာတွေလိုချိတ်တွယ်လျက်သား ။
သူများတွေလမ်းလျှောက်သွားနေချိန်မှာ ကျွန်တော်ကလိမ့်ကာလိမ့်ကာနဲ့ ။ ဘေးနားကဖြတ်လျှောက်သွားတဲ့
လူတွေရဲ့မျက်ဝန်းတွေထဲကအထင်ကြီးသလို ၊ အားကျသလို၊ ရှုံ့ချချင်သလို အမူအယာမျက်ဝန်းတွေကြားထဲ
ကျွန်တော်ကတော့ကိုယ့်အရှိန်နဲ့ကိုယ်လိမ့်နေတုန်းဖြစ်သည်။
ကျွန်တော် ၀လုံးရေးသက်ကြာလာတဲ့အခါတစ်ချို့ဝလုံးတွေကသူများချီးကျူးခံရလောက်အောင် ၀ိုင်းစက်လှပနေခဲ့သလို ၊
တစ်ချို့ဝလုံးတွေကြတော့လဲဘယ်လောက်ပဲကြိုးစားရေးရေး ဖျက်ရာတွေသာများလာခဲ့သည်။ လုံးဝိုင်းသောအဖြစ်သို့
ရောက်မသွားခဲ့ပေ။ ကျွန်တော်ရေးသည်။ကြိုးစားပမ်းစားရေးသည်။နောက်ထပ်အသစ်တွေ့ရှိရယူနိုင်သော
အက္ခရာအသစ်များကိုမြင်ချင်စိတ်ပြင်းပြစွာဖြင့် ၀ိုင်းနေအောင်ရေးသည်။ ဒီအချိန်မှာတော့ ကျွန်တော့်ဆီမှာ ကျောင်းရယ် ၊
အိမ်ရယ်ဆိုတဲ့အ၀န်းလေးပဲမဟုတ်တော့ ။ ပတ်ဝန်းကျင်လူမှုအဖွဲ့အစည်းဆိုတဲ့အ၀ိုင်းပါထပ်ပါလာသည်။
ကျွန်တော်ချောင်ပိတ်အမိမခံနိုင်ပါ။လေလိုလဲအလွင့်ခံနိုင်ပါ။ကိုယ်တိုင်ရေးထားတဲ့ကိုယ်ပိုင်ဝလုံးလေးထဲကျွန်တော့်ရဲ့စိတ်တစ်ချို့ကို
လှပနေအောင်ဒါမှမဟုတ် လွတ်လပ်နေအောင်ရေးထည့်ချင်သည်။အရွယ်ရောက်လာလေဘောင်တွေ ၊ အကန့်အသတ်တွေ၊
ထောင့်ကျဉ်းတွေနဲ့မြင်သိထိတွေ့ရပါများလွန်းလာတော့ဝလုံးတွေကိုပိုရေးချင်လာသည်။ ၀လုံးတွေရဲ့တန်ဖိုးကိုသိကာ
ပိုမိုဝိုင်းစက်လာအောင်ကြိုးစားချင်လာသည်။ ကျွန်တော်တစ်နေရာထဲမှာပဲ ရပ်တန့်မနေချင်ပါ။ ကျွန်တော်ဘောင်တွေထဲမှာလဲ
အကွပ်မျက်မခံနိုင်ပါ။ မိဘတွေဖြစ်စေချင်တဲ့အလုပ်ကိုကျောခိုင်းခဲ့ချိန်တုန်းကကျွန်တော်ဝလုံးတွေဝိုင်းနေအောင်ဖိရေးခဲ့ဖူးသည်။
အလုပ်မှာမန်နေဂျာရဲ့မျက်မှန်အောက်ကဆူပူကြိမ်းမောင်းမှုတွေကြားမှာလဲ ၀လုံးတွေဝိုင်းနေအောင်ကြိုးစားရေးခဲ့ဖူးသည်။
ရှုံးနိမ့်နေတဲ့အချိန်ပတ်ဝန်းကျင်ရဲ့ပစ်ပယ်ထားမှုမှာရော ၊ အောင်မြင်လာတဲ့အချိန်ခြေထိုး ၊ တွန်းချ ၊ ကုန်းချောနေခဲ့ကြချိန်တွေမှာရော
ကျွန်တော့်ရဲ့အိပ်ရာဝင်ချိန်တွေဟာ ၀လုံးလေးတွေဝိုင်းနေအောင်ရေးကျင့်ဖို့သာဖြစ်လာပါသည်။
ကျွန်တော့်ဘ၀မှာ အလိုအလျောက်ကောက်ရခဲ့ဖူးတဲ့ ၀လုံးလေးတွေရှိသလို ၊ အလိုအလျောက်ပျောက်ကွယ်သွားတဲ့ဝလုံးလေးတွေလဲ
ရှိသည်။ တစ်ချို့ဝလုံးတွေအတွက်ရင်နဲ့မမျှအောင်နောင်တရနာကျင် ခံစားရပေမယ့် တစ်ချို့ဝလုံးလေးတွေကြပြန်တော့လဲ
ငါမရေးမိတာအကောင်းသား သူ့ဘာသာပျောက်သွားတာပိုတောင်ကောင်းတယ်ဆိုတဲ့စိတ်မျိုးဖြစ်လာခဲ့သည်။
ကျွန်တော့်လိုမျိုးဝလုံးတွေကိုကြိုးစားပမ်းစားရေးတဲ့သူများနှင့်တွေ့ရင် နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြဖြစ်ပေမယ့်  ၀လုံးခြင်းတူမှ
ထပ်တူပြုလို့ရမှာဖြစ်တာကြောင့်လက်ဆွဲပြီးမှနှုတ်ဆက်ခဲ့ရတာတွေလဲအများကြီးကြုံတွေ့ခဲ့ရသည်။ ဒီလောက်ပါပဲ ။ ဟုတ်သည်။
လောကမှာဒီလောက်ပါပဲတွေအများကြီးရှိသလို ဒီလောက်ပါပဲကိုလက်သင့်ခံနိုင်ဖို့လဲအများကြီးလိုသည်။
ဒိထက်အများကြီးပိုလိုချင်လို့လဲဘာဖြစ်လာနိုင်လို့လဲ။ကျွန်တော်တို့ရေးထားမိတဲ့ဝလုံးလေးကသေးသေးလေးဖြစ်သည်။
မျှော်လင့်ချက်ကမျှော်လင့်ချက်ကိုပြန်သတ်တယ်ဆိုသလိုပင် တစ်စုံတစ်ခုကိုထပ်ပြီးသိမြင်လာရလိမ့်နိုး၊ တစ်စုံတစ်ခုကို
ဖောက်ထွက်ပြီးကိုယ်ပိုင်စိတ်ကြိုက်ဖန်တီးခွင့်ရလာလိမ့်နိုး ၊ တစ်နေရာရာမှာ ငြိမ်သက်အေးချမ်းစွာဖြစ်တည်ခွင့်ရလာနိုးနဲ့
ကျွန်တော်တို့ဝလုံးတွေရေးခဲ့ကြသည်။မျှော်လင့်ချက်နဲ့ကြိုးစားပမ်းစားဝလုံးတွေကိုကျွန်တော်တို့ရေးနေမိချိန်မှာ
သတိမထားမိတာကကျွန်တော်တို့ကိုယ်တိုင်က ပြန်လည်အရေးဆွဲခံဖြစ်နေသည်ဆိုခြင်းကိုပေ။
အိမ်မက်မက်သည် ။ အိမ်မက်မက်သည်ဆိုခြင်းထက်အိမ်မက်ထပ်မက်သည်ဟုပြောခြင်းကပိုမှန်မည်ထင်သည်။
အိမ်မက်ထဲတွင်အရင်ကမက်ခဲ့ဖူးသလိုကျွန်တော့်ကိုယ်ကျွန်တော်ဝလုံးအဖြစ်ပြန်မြင်နေရသည်။ စိတ်ပျက်စရာကောင်းသည်လား ။
စိတ်ရှုပ်စရာကောင်းသည်လားဆိုခြင်းထက် ကျွန်တော့်ရင်ထဲမှာကိုယ့်ပုံကိုပြန်ကြည့်ပြီးရယ်ချင်နေသည်။
ဘာဖြစ်မှန်းမသိပုံစံကျကျလုံးဝိုင်းနေတဲ့ ကိုယ့်ရဲ့ပုံစံကိုပဲအားရပါးရရယ်ချင်နေသည်။ ခြေထောက်နဲ့လက်တွေကတွဲချိတ်ထားလျက်သား။
လိမ့်နေတဲ့ခန္စာကိုယ်အရှိန်ကိုမနဲထိန်းနေရတဲ့ ကျွန်တော့ပုံစံ ။ထိန်းချုပ်မထားချင်တော့ပဲစိတ်ကိုလွှတ်ကာအားပါးတရ
ကိုယ့်ကိုကိုယ်ပြန်ရယ်လိုက်သည်။ဟင် ကြားလိုက်ရတဲ့အသံကြောင့်ကျွန်တော်အံ့သြသွားသည်။ ဘယ်ကလာတဲ့အသံလဲလို့
ရှာဖွေနားစွင့်ကြည့်မိရာ ကျွန်တော့်ရင်ထဲ ကလာသောအသံဖြစ်နေသည်။ ဘယ့်နှယ့်ကွေးပြီးဝိုင်းစက်နေတဲ့ကိုယ့်ကိုကိုယ်
ပြန်ပြီးလှောင်ရယ်ပါတယ်ဆိုမှ ဘယ်လိုဖြစ်လို့နာနာကျင်ကျင်နဲ့ငိုညည်းသံပဲ ထွက်လာရတာလဲ။ကျွန်တော်ဇဝေဇ၀ါနဲ့
ကျွန်တော့်ကိုကျွန်တော်ပြန်ကြည့်မိစဉ်မှာပင် ကျွန်တော့်ကိုယ်လုံးကြီးကတော့ လိမ့်ကာလိမ့်ကာနှင့်ဝိုင်းဝိုင်းကြီးသွားနေတုန်းပင်..။
==========================================================
ရော်ဘင်ဟာ ရော်ဘင်မဟုတ်တော့တဲ့အခါ ရော်ဘင်ဟာပျော်ရွှင်စွာ
- မှူး နေ ၀န်း -
ရော်ဘင် လူသတ်ချင်နေတယ်။ ရော်ဘင်ဟာ ဂဏာမငြိမ်ဘူး။ ဆိုဖာပေါ်မှာထိုင်လိုက်။ ခေါင်းကို တဗျင်းဗျင်းကုတ်လိုက် ။
ရုပ်မြင်သံကြား Channelတွေကို တစ်လိုင်းပြီးတစ်လိုင်း ပြောင်းလိုက်။ ပြီးတော့ တီဗီကို ပြန်ပိတ်ပြီး အခန်းကျဉ်းထဲမှာ
ခေါက်တုန့်ခေါက်ပြန်လျှောက်လိုက် နဲ့ ။
ရော်ဘင်ဟာ သူ့စိတ်ကိုသူထိန်းတယ်။ ငါဘာဖြစ်နေတာလဲ။ သူတွေးမရဘူး။ ဒီတော့ပိုဒေါသဖြစ်တယ် ။ သူ့အသားတွေ
တဆတ်ဆတ်တုန်လာတယ်။ ပုခုံးကြွက်သားတွေ ဟာအလိုလိုတောင့်တင်းလာတယ်။ အံကြိတ်မိလွန်းလို့ သွားတွေတောင်နာလှပြီ။
ရော်ဘင်ဟာ သူ့ခန္ဓာကိုယ်ကို သတိပြုမိနေရင်းက သူ့စိတ်ကို ထိန်းလို့မရဘူး ။
မဖြစ်ဘူး။ ရော်ဘင် စဉ်းစားတယ်။ သူ့စိတ်ကိုပြေပျောက်သွားဖို့ဘာလုပ်ရင်ကောင်းမလဲ။ မီးသီးတစ်လုံးကို ဘေ့စ်ဘောရိုက်တံနဲ့
ရိုက်ခွဲလိုက်ရင်ကောင်းမလား။ ရေချိုးခန်းထဲမှာ သီချင်းတွေအော်ဆိုလိုက်ရင်ကောင်း မလား။ ဂျုံမှုန့်တစ်အိတ်လောက်ကို
လက်တွေ ညောင်းသွားအောင် ရေနဲ့ရောပြီး နယ်နေရင်ကောင်းမလား။ သူ ဘာလုပ်ရမှန်းမသိဘူး။
ရော်ဘင်အာတွေခြောက်လာတယ်။ အလိုလိုမောပြီးရင်ထဲက တလှပ်လှပ်ဖြစ်လာတယ်။သွေးခုန်နှုန်းက မြန်လွန်းလို့
နားထင်ကြောတွေထဲ တဒိန်းဒိန်းခုန်နေတာအတိုင်းသားကြားနေရတယ်။ အော်ဟစ်ပစ်လိုက်ချင်တယ်။
ဒါပေမယ့် အသံကမထွက်ဘူး။တစ်ခုခုကို ကြမ်းကြမ်းတမ်းတမ်း ပေါက်ခွဲပစ်လိုက် ချင်တယ်။ ဒါပေမယ့်တစ်ကိုယ်လုံးနုန်းခွေနေသလိုပဲ။
ရေခဲသေတ္တာထဲက ရေသန့်ဘူးတစ်ဘူးကို ယူပြီးမော့သောက်.. ကျန်တာကိုခေါင်းပေါ်ကလောင်းချ လိုက်တယ်။
ပြီးတော့ မောကြီးပန်းကြီးနဲ့ရော်ဘင်ဟာကြမ်းပေါ်ကိုထိုင်ချ ပြီး စိတ်ကိုခဏငြိမ်အောင် နေလိုက်တယ်။
စိတ်ပြေလက်ပျောက်သူ့ပတ်ပတ်လည်မှာရှိတဲ့အရာဝတ္ထုတွေကို လိုက်ကြည့်မိတယ်။ကြမ်းပြင် ပေါ်မှာ ရှုပ်ပွနေတာပဲ။
ပေါင်မုန့်အကြေတွေ ၊ စီးကရက်တိုတွေ ၊ ကြွက်ကိုက်ခံထားရတဲ့ ခြေအိတ်တွေ ၊ ညစ်ညမ်းဗီဒီယိုခွေတွေ ၊ လက်သည်းညှပ် ၊
ယားနာလိမ်းဆေးပုလင်းတွေ ၊ ပြီးတော့ ရွက်စုတ်ပြက္ခဒိန်ထဲက စုတ်ဖြဲထားပြီးသား စာရွက်တွေ။ ကြည့်ရင်းကြည့်ရင်း
သူ့စိတ်တွေရိုင်းလာတယ်ထန်လာတယ်။ ဗလုံးဗထွေး ညည်းညူပြီး ပြန့်ကြဲနေတဲ့ပစ္စည်းတွေကို ခြေထောက်နဲ့ထကန်တယ်။
အားလုံးဖရိုဖရဲ။
အိမ်ခန်းလေးထဲမှာ သူတစ်ယောက်ထဲသောင်းကျန်းနေတာ။ ဟုတ်တယ်။ သူတစ်ယောက်ထဲ။အဲဒီ့အတွေးက ရော်ဘင်ကို
အပြင်းအထန်နှိပ်စက်တော့တာပဲ ။ ဘာလို့သူတစ်ယောက်ထဲဖြစ်နေတာလဲ ။ သူ့မိန်းမရော..။ သူရဲ့ သားလေးရော..။ ဘယ်မှာလဲ ။
ရော်ဘင်ခေါင်းတွေပူလာတယ်။ သူဘယ်လိုမှ မစဉ်းစားတတ်တော့ဘူး။ မိန်းမနဲ့ကလေးတွေ သေပြီလား။
ခရီးသွားနေတာလား။ ဒါမှမဟုတ် အိမ်ရှေ့ခြံထဲမှာ နေပူစာလှုံနေတာလား။
ဒါမှမဟုတ် မီးဖိုချောင်ထဲမှာ ကြက်သွန်မြိတ်တွေကို ပါးပါးလှီးနေတာ လား။
သူ့သားကရော ပန်းနာရင်ကြပ်ဖြစ်ပြီး ချောင်တစ်ချောင်မှာမောနေတာလား။
တီဗီဂိမ်းကစားနေတာလား။ အိပ်နေတာလား။ ဘာလဲ ။
ရော်ဘင်ဟာအပြေးအလွှားပဲ အခန်းတံခါးတွေကို အကုန်ဆွဲဖွင့်ကြည့်တယ်။ရေချိုးခန်းထဲမှာရှာ ။ အိမ်အထပ်ခိုး ပေါ်မှာရှာ ။
အိမ်ဘေးကကောက်ရိုးဂိုထောင်ထဲမှာရှာ။ နောက်ဆုံးရော်ဘင်ဟာ ဆင်ခြင်မှုမဲ့စွာအံဆွဲတွေကို ဆောင့်ဆွဲဖွင့်ပြီးရှာ။
အ၀တ်လျှော်စက်ထဲ ခေါင်းငုံ့ရှာ။သွားတိုက်ဆေးဘူးကို အကုန်ညှစ်ချပြီး ရှာ ။ သူဟာ ရှာရင်း ရှာရင်း ဘာကိုရှာနေမှန်း
မသိတော့လောက်အောင်ရှာ ..။
ရော်ဘင်ဟာရူးသွပ်သွားသလိုလို။ အော်ကြီးဟစ်ကျယ်ရယ်လိုက်တယ်။ ပြီးတော့ရော်ဘင်မျက်ရည်တွေ ကျလာတယ်။
သူ့အာခေါင်တွေ ခြောက်သွေ့ကွဲနေတာပဲ။ ဒူးတွေလည်း တုန်နေတယ်။ ခြေမခိုင်တော့ဘူး။ မျက်နှာကို လက်ဖ၀ါးနဲ့သပ်ချရင်း
ထွက်ကျလာတဲ့ သွားရေတွေကို သုတ်လိုက်တယ်။ရော်ဘင် ပြန်စဉ်းစားတယ်။ ဟုတ်တယ်။ သူတစ်ခုခုလုပ်ရမယ်။ ပထမဆုံးက
စဉ်းစားထားသလို သူလူသတ် ရမယ်။ ဟုတ်တယ်။ ချက်ချင်းပဲ လက်နက်တစ်ခုကို သူတွေ့သွားတယ်။ ဓားမြှောင်တစ်လက်။
အသွား ၈ လက်မ လောက်နဲ့ ပြောင်လက်နေတာ။ ရော်ဘင်ပြုံးတယ်။ အိမ်တံခါးကိုဆွဲဖွင့်ပြီး လမ်းမကြီးပေါ်ပြေးထွက်
လိုက်တယ်။ လူတွေကိုရှာတယ်။ သတ်မယ်။ တစ်ယောက်ယောက်ကိုသတ်လိုက်ရင် နေလို့ထိုင်လို့ ကောင်း သွားမယ်လို့
ရော်ဘင်ယုံကြည်နေတယ်။ ကြေးစားဘောလုံးသမားတစ်ယောက်ကိုပဲ ဖြစ်ဖြစ်၊ အပျိုစင်ဘ၀ကို အွန်လိုင်းပေါ်က
လေလံပစ်တဲ့ မော်ဒယ်မတစ်ယောက်ကိုပဲဖြစ်ဖြစ် ၊ဘိန်းမှောင်ခိုသမားကိုပဲဖြစ်ဖြစ် ၊ ကော့တေးဖျော်စပ်သူတစ်ယောက်ကိုပဲဖြစ်ဖြစ်၊
အိမ်သာသန့်ရှင်းရေး အလုပ်သမကိုပဲဖြစ်ဖြစ် ၊ ရေကူးကန် ထဲက မိန်းမချောလေးကိုပဲဖြစ်ဖြစ် ၊ဓာတ်လှေကားမောင်းသူကိုပဲဖြစ်ဖြစ် ။
ဘယ်သူ့ကိုပဲဖြစ်ဖြစ် သတ်မယ် လို့ရော်ဘင်ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် လမ်းမပေါ်မှာ လူတစ်ယောက်မှမတွေ့ရ ။
အဲဒီ့အချိန်မှာပဲ အသံသဲ့သဲ့ ကြားလိုက်ရတယ်။ ၀ူးဝူးဝါးဝါး အသံတွေ။အုပ်စုလိုက်ကြီးအော်လိုက်တဲ့အသံမျိုး။
ရော်ဘင်အားတက်သွားတယ်။အသံကြားရာကို ပြေးတယ်။ လဲကျလုမတတ်ပြေး ။ ရမ္မက်ပြင်းထန်စွာပြေး ။ သူ့စိတ်ထက်တောင်
ပိုမြန်တဲ့အရှိန်နဲ့ပြေး။ လမ်းမှာ အမှိုက်ပုံးဟောင်းတွေကိုခလုတ်တိုက်။ အရက်ပုလင်း ခွံတွေ ကိုတက်နင်းမိ ။
အ၀တ်လှမ်းထားတဲ့ကြိုးတန်းတွေကို တိုးဝှေ့။ အော်သံတွေနီးလာပြီ။
တိုက်ပျက်အိုကြီး တစ်ခုကိုကွေ့အ၀င် ရော်ဘင်ဟာ အသံလာရာအုပ်စုကြီးကိုဘွားခနဲတွေ့လိုက်ရတယ်။ ဓားမြှောင်ကို
ကျစ်ကျစ်ပါအောင်ဆုပ်ရင်းအနားကိုကပ်သွားတယ်။ သတ်မယ်။ ရော်ဘင်အနားကို ထပ်တိုးပြီး ချဉ်းကပ်တယ်။
………………..။ ရော်ဘင်အံ့အားသင့်သွားတယ်။ ဒါလူတွေမဟုတ်ဘူး။ မြေခွေးတွေ၊ ကုလားအုတ်တွေ ၊ ဒေါင်းငှက်တွေ ၊
ဘဲတူဖျံတူတွေ ၊ ကျားတွေ ၊ ဆင်တွေ ၊ယုန်တွေ ၊ ကြောင်တွေ ၊ မြွေတွေ ၊ ဖားတွေ ၊ ငါးမန်းတွေ ၊ လိပ်တွေ ၊ကျီးကန်းတွေ ၊
ပုတ်သင်ညိုတွေ . . . အို အများကြီး အများကြီးပဲ။ ဒါဟာတိရစ္ဆာန်အုပ်ကြီးပဲ။ သူတို့တွေ ပါတီပွဲလုပ်နေကြတာ။ ခုန်ပေါက်မြူးတူးနေ ။
ရော်ဘင်ဟာ ကျောက်ရုပ်ကြီးလိုငေးမောရင်း ကားတစ်စီးရဲ့နောက်ကြည့်မှန်ထဲကပုံရိပ်တစ်ခုကို မြင်လိုက်တယ်။ မျောက်ဝံတစ်ကောင်။
ရော်ဘင်စူးစမ်းမိသွားတယ်။ . . . ဘုရားရေ အဲဒီ့ပုံရိပ်ရှင်ဟာ သူပဲ။ ဟုတ်တယ်။ သူလှုပ်သလိုလိုက်လှုပ်တယ် ။
သူရွေ့လျားသလို လိုက်ရွေ့လျားတယ်။သူနဲ့ထပ်တူ ပုံရိပ်။
အို . . .။ ရော်ဘင်ဟာမျောက်ဝံတစ်ကောင်ပဲ။ အခုသူ့ကိုယ်သူသိသွားတယ်။
ရော်ဘင်ဟာ အံ့သြမသွားဘူး။ ၀မ်းနည်းမသွားဘူး။ ထိတ်လန့်မသွားဘူး။ ရော်ဘင်ပျော်သွားတယ်။ရော်ဘင်ဟာ ရော်ဘင်မဟုတ်ဘူး။
ရော်ဘင်ဟာ သူ့ကိုယ်သူရော်ဘင်လို့ထင်ပြီး အဖြေရှာမရတဲ့ စိတ်တွေနဲ့ ဂယောက်ဂယက်ဖြစ်နေခဲ့ရ။သူ့မိန်းမ ကိုလည်း
ရှာစရာမလိုတော့ဘူး။ သူ့သားရှိမရှိလည်းသူ့အတွက်အရေးမကြီးတော့ဘူး။ သူအားလုံးမေ့သွားပြီ ဖြစ်သလို  သူအခု
သိသွားပြီ။ ရော်ဘင်ဟာ ရော်ဘင်မဟုတ်တော့ဘူး။ သူလူသတ်စရာ လည်းမလိုတော့ဘူး။
ရော်ဘင်ဟာ ဓာကိုပစ်ချပြီး ပါတီပွဲထဲ ခုန်ပေါက်ဝင်ရောက်သွားတယ်။
ပျော်ရွှင်ကျေနပ်စွာ . . . . . . .။
==========================================================
တိမ်ညို ဘာကြောင့် မှိုင်းရတယ်
- အိန် ဂျယ် လှိုင် -
မနက်(၇)နာထိုး ဆိုင်ဖွင့်ပြီ ဆိုတာနှင့် အဆင်သင့် စောင့်ဆိုင်းနေသော လူအုပ်ကြီးကြောင့် ဒီအမိန့်ရ အပေါင်ဆိုင်လေးသည်
အနီးအနား ပတ်ဝန်းကျင် အတွက်တော့ အာကိုးအားထား ပြုစရာ ငွေ၊ကြေး လဲလှယ်ပေးရာ နေရာလေး တစ်ခုအဖြစ်
ထင်ပေါ် ကျော်ကြားလှပေသည်။ အတိုးနှုန်းလည်း သက်သာသလို ဆက်ဆံရေးလည်း ပြေပြစ်လှသောကြောင့်
တော်တော်ဝေးဝေးမှပင် လာရောက် ပေါင်နှံကြ ရသည့်အထိ သတင်းမွှေးလှသည်။
မပြေလည်သမျှ စီးပွားရေး အခက်ခဲကြောင့် အောက်ခြေ လူတန်းစားများနှင့် အလယ်အလတ်တန်းစား များပါ အားထားကြရသော
အပေါင်ဆိုင်လေး ဆိုရလျှင်လည်း မမှားချေ။ မြင့်ဇော်တစ်ယောက် သင်တန်းတွေနဲ့ ဟိုမရောက် ဒီမရောက် စပ်ကြား အချိန်လေးရခိုက်
အပေါင်းဆိုင်မှာ စာရေးဝင်လုပ်နေ ခြင်းပင်။ ရန်ကုန်နွေရဲ့ ထုံးစံအတိုင်း မနက်လင်းလို့ နေရောင်လာ သည်နှင့်အတူ အရိပ်ထဲတွင်ပင်
နေရသော်လည်း ချွေးပြိုက်ပြိုက် ကျရလောက်အောင် ပူလောင်လှသည်။
အလုပ်သင်ဘဝ ပထမဦးဆုံး ရက်ဖြစ်တယ်ဆိုပေမယ့် ဆိုင်ပိုင်ရှင်နဲ့ အတူ တွဲလုပ်ရတာမို့ တော်တော်လေး အဆင်ပြေသည်ဟု
ဆိုရမလိုပင်။ ဆိုင်ပိုင်ရှင် ကိုကျင်ဆွေသည် တရုတ်လူမျိုး တစ်ယောက် ဖြစ်ပြီး ပင်ကိုယ်စကားပြော သိမ့်မွေ့သူလည်း ဖြစ်သလို
အသက်(၃၃)နှစ်မှ အိမ်ထောင်ကျပြီး စိတ်ကးဥာဏ်ကောင်းသူ ပီပီ အမိန့်ရ အပေါင်ဆိုင်လေး ဖွင့်ဖြစ်ခြင်း ဖြစ်သည်။
မြို့စွန်ဆိုပေမယ့် အချက်အချာကျသော နေရာတွင် ဖြစ်သောကြောင့် မသိသူမရှိလောက်အောင်ပင် အောက်ခြေ လူတန်းစားတို့ရဲ့
ပါးစပ်ဖျား ရေပန်စားရသော အပေါင်ဆိုင်ကြီးပင် မဟုတ်ပေလား။
လုပ်ရင်း သင်ရင်းနဲ့ပင် မြင့်ဇော် တစ်ယောက် လုပ်ငန်းသဘော နားလည် လာသလို အလုပ်လုပ်ရာ တွင်လည်း တော်တော်လေး
အဆင်ပြေ လာသည်။ ဒီအလုပ်လုပ်မှပဲ လူ့ဘဝရဲ့ ဒုက္ခ တစ်စိတ် တစ်ဒေသကို ဂဂနန မဟုတ်တောင် အကြမ်းဖျင်း
နားလည်လာသလိုလိုပင်။ နေ့လည်ပိုင်း ရောက်လာတော့ လူတော်တော်လေး ကျဲသွားချိန် ကိုကျင်ဆွေမှ မနက်ပိုင်း လက်ခံထားသော
အထည်ပစ္စည်းများ၊ အားသိမ်းဆည်းပုံ ရှင်းလင်းပြောပြတော့ တော်တော်လေးကို နားလည် လာသလိုလိုပါပဲ။
ထိုအချိန် ဆိုင်ရှေ့မှ ဖျတ်ခနဲ ကျလာသော လူရိပ်ကြောင့် ကိုကျင်ဆွေအား လှမ်းကြည့်တော့ ကျွန်တော်အား မျက်စပစ်၍
သွားဆိုသည့် သဘော။ ခပ်သွပ်သွပ်လေး ကောင်တာမှာ ထိုင်ရင်းမျက်စီရှေ့သို့ သံဇကာ ပေါက်လေးထဲမှ တိုးဝင်လာသော
အထုတ်လေး တစ်ထုပ်။ ကျွတ်ကျွတ်အိပ်နှင့် ထုပ်ထားသော အထုတ်လေးအား အသာဖြေကြည့်တော့ အသားကပ်တံဆိပ်တောင်
မခွာရသေးသော ပလေကပ် ပုဆိုးအသစ်တစ်ထည်။
" ဘယ်လောက်နဲ့ ထားမှာလဲ "
ကျွန်တော်ရဲ့ အမေးစကားကြောင့် သံစကာ တစ်ဖက်ခြမ်းမှ တိုးလျှတဲ့ အသံဖြင့်
" ၁၅၀၀ "
အသံလာရာသို့ ဝေ့ဝဲကြည့်မိတော့ ကြည်လင်တဲ့ မျက်နှာညိုညိုလေးဖြင့် အသက်(၁၂)နှစ်အရွယ် ကလေးတစ်ယောက်။
ဝါကျင်ကျင် တီရှပ်လေးက ဟောင်းနွမ်းမှုကို အထင်းသား ထင်ဟပ်စေသော်လည်း ဖြူစင်နေလျှက်။
" ၁၅၀၀ မရဘူး ထင်တယ် "
ကျွန်တော်ရဲ့ အပြောစကားကြောင့် ဟန်မဆောင်တက်တဲ့ ကလေးငယ်ပီပီ ညိုးကျသွားတဲ့ မျက်ဝန်းများဖြင့် ကျွန်တော်အား
အားယူကြည့်ရင်းမှ
" အဘွားကပြောတယ် ၁၅၀၀ ရတယ်တဲ့ "
အဖျားတုန်ခတ် နေသော အသံကြောင့် သူကလေး မရဲတရဲ အရဲစွန့် ပြောလိုက်သည်မှာ အထင်အရှား။ ကျွန်တော် ဆိုင်ပိုင်ရှင်
ကိုကျင်ဆွေထံသို့ လှမ်းကြည့်တော့ အကြောင်းအရာ အားလုံးကို မြင်တွေ့နေသူမို့ ကျွန်တော်အား ခေါင်းငြိမ့်၍ လုပ်ပေးလိုက်
ဆိုသည့် သဘောမျှသာ။ ဘောင်ချာရေးဖို့ ပြင်ရင်း
" နာမည်ပြော "
" ဖြိုးမောင်မောင် "
ဘောက်ချာရေး အပြီး သံစကာ အပေါက်လေးထဲမှ သေးသွယ်သော လက်ကလေးက လက်ဗွေနှိပ်ရန် အလိုက်သင့်
ဝင်ရောက်လာတော့ ကျွန်တော်အတွေးထဲ ဒီကလေး ဒီကိုလာထားနေကျ ဖြစ်ရမယ် ဆိုတဲ့ အတွေး။ သူ့ကလေးကို ငုံ့မိုးအကြည့်
ခေါင်းလေးက တစ်ဖက်ခြမ်းသို့ စောင်းငဲ့ သွားတဲ့အချိန် ရင်ထဲ ဆို့နင့် သွားရသည်။ အမှန်တိုင်း ပြောရရင် အမေကျွေးတာစား၊
အမေပေးတာယူနဲ့ ဖြတ်သန်းလာတဲ့ ဒီအချိန်ထိ တစ်ချို့သော ဘဝ ဒုက္ခတွေဆိုတာ ကျွန်တော်နဲ့ မရင်းနှီး မကျွမ်းဝင်ခဲ့လေတော့
ယနေ့ အဖြစ်ပျက် လေးသည် ကျွန်တော့ ရင်ကို လှုပ်ရှားမှု လှိုင်းဂယက်လေး ထစေသည်။
ဘောက်ချာ ဖြတ်ပိုင်းလေးနှင့်အတူ ပိုက်ဆံ(၁၅၀၀)ကို သံဇကာ ပေါက်ထဲမှ အပြင်သို့ ကမ်းပေးရင်း လက်ခနဲ ဝင်းလက်သွားတဲ့
မျက်လုံးအိမ် နက်နက်လေးရဲ့ အရောင်ဖျတ်ခနဲ လင်းလက်မှုကို ကျွန်တော် အကဲခတ်နေမိသည်။ ဘောက်ချာနဲ့ ငွေကြေးကို
ရေတွက်ရင်း ကျွန်တော်အား နှုတ်ဆက်အကြည့်ဖြင့် မော့ကြည့်လိုက်တဲ့ ကလေးတစ်ယောက်ရဲ့ မျက်နှာဟာ အမျိုးအမည်
မသိရပေမယ့် ကျွန်တော် ရင်ထဲ နင့်နင့်နဲနဲ စွဲကျန်ရစ်ခဲ့သည်။
################
" မြင့်ဇော် အကို့ကိုယ် တစ်ခု ကူညီကွာ ..ဒေါ်ဒေါ်တူးဆီသွားပြီး မိတ်သလျင်ဥ တောင်းထားတာ သွားယူ ပေးစမ်းပါ၊
အကိုကစက်ဘီး ယူသွား။ အကိုလိပ်စာပါ ရေးပေးလိုက်မယ် ရှာရ လွယ်ပါတယ်ကွာ၊ "
" ဟုတ်အကို ပေးလေ ကျွန်တော် သွာလိုက်မယ် ရှာမတွေ့တော့လည်း ဒီလိုပဲ မေးစမ်းသွားလိုက်မယ် "
" အေးကွာ ကျေးဇူးပဲ ညီ.."
ကိုကျင်ဆွေ ကမ်းပေးသော လိပ်စာစာရွတ်အား လှမ်းယူရင်း ဆိုင်အပြင်တွင် အသင့်ထောင်ထားသော စက်ဘီးနှင့် ကျွန်တော်
ထွက်လာခဲ့သည်။ ကိုကျင်ဆွေ ဇနီး ခြေသပွတ်အူ လည်သွားသဖြင့် ကျပ်ထုတ်စီးဖို့ မိတ်သလင်ဥ အရှာထွက်ခဲ့တဲ့ ကျွန်တော်
ချောချောမွေ့မွေ့ပါပဲ။ ဒေါ်ဒေါ်တူးဆီမှ မိတ်သလင်ဥ ယူပြီး အပြန်
" ဦး ..ဘယ်က ပြန်လာတာလဲ "
အသံကြားရာသို့ လှည့်ကြည့်မိတော့ ...
" ..ဟာ...ဘယ်သူများလဲလို့ ... ကြည့်စမ်း ချာတိတ်ပါလား...နာမည်တော့ မမှတ်မိတော့ဘူး "
" ဖိုးလုံးလို့ အိမ်မှာရော ဒီနားကလူတွေပါ ခေါ်ကြတယ် ကျောင်းနာမည်က ဖြိုးမောင်မောင်လေ ဦး "
" အာာ ဟုတ်သားပဲ မှတ်မိပြီ ခုမှ..နေပါဦး ဖိုးလုံးက ဘယ်မှာနေတာလဲ "
" ဒီလမ်းထဲမှာပဲလေ..ဟိုးဘက် အချိုးကွေ့လေးနားမှာ သိပ်မဝေးတော့ဘူး ဦးရ လိုက်လည်ပါလား အိမ်မှာ အဘွားရှိတယ်လေဦး "
" ဖိုးလုံးက အဘွားနဲ့နေတာလား အမေတွေနဲ့ အတူနေတာမဟုတ်ဘူးလား"
" သားမှာ အမေရော အဖေပါ မရှိတော့ပါဘူး ဦး၊ အိမ်မှာ အဘွားရယ် သားရယ် ဦးလေးဝင်းရယ် အတူတူနေကြတယ်လေ "
" ဦးလေးဝင်း ဆိုတာ ကရော "
" သားရဲ့ဦးလေးလေ အဘွားရဲ့ သား၊ အမေရဲ့ မောင်ပေါ့ "
" အင်းပါ ..ဦး ခုတော့ လိုက်မလည်တော့ဘူးနော်... နောက်ဦး အားတဲ့ရက်မှပဲ သက်သက်လာလည်မယ် ဟုတ်ပြီလား "
" ဟုတ် ဦး ဒီလမ်းထဲမှာလေ ဖိုးလုံးလို့ မေးရင် မသိတဲ့ သူမရှိဘူး ဦးရ "
" အဟား...ဟုတ်ပါပြီ ကွာ ..ကဲ ဦးသွားတော့မယ် အိမ်ကိုကောင်းကောင်း ပြန်အုံး "
" ဟုတ်ကဲ့ ..ဦး "
ကျွန်တော်ရဲ့ အပြောကို ရိုကျိုးစွာ ဟုတ်ကဲ့ဟု ပြောပြီး ကျွန်တော့်ထက်အရင် သူကလေးက အပြေးတစ်ပိုင်းနဲ့ ပြေးထွက်လို့
သွားသည်။ ကလေးတစ်ယောက်ရဲ့ လွတ်လပ်စွာ ပျော်ရွင်မှု ဆိုတာထက် အရွယ်နဲ့ မလိုက်ဖက်နဲ့ မြိုသိပ်မှုတွေနဲ့ သူကလေးရဲ့
မျက်ဝန်းတွေက စကားလုံးများစွာ ပြောနေသယောင်ယောင်ပါ။ မကြာခဏဆိုသလို ဖိုးလုံးတစ်ယောက် ဆိုင်ကို လာနေကြမို့
မျက်မှန်းတန်းမိရာကနေ စပ်မိစပ်ရာ စကားလေးတွေကနေ သူ့ဘဝ တစ်စေ့တစ်စောင်း သိရချိန် ကျွန်တော် မောလျှခဲ့ရသည်။
###############
" သားအဖေက သားမမွေးခင် နယ်မှာ အလုပ်သွားလုပ်ရင်း ငှက်ဖျားမိပြီး ဆုံးသွားတာတဲ့။ အမေကတော့ သားကို မွေးပြီး
(၄) ရက်ပဲ ရှိသေးတယ် ဆုံးသွားတာလေ "
သူကလေးအတွက်တော့ ပြောနေကျ ဝါကျစကားလေးက ပုံမှန်ပါပဲ။ နားထောင်ရတဲ့ ကျွန်တော် အဖို့သာ.. တစ်စုံတစ်ရာ
ဖိထားခံထားရသလိုလိုပါပဲ။
" သားက ပညာတက်ကြီး ဖြစ်ချင်တာ ဦးရ၊ စာလဲ ကျက်တယ်။ အတန်းထဲမှာလဲ အမြဲတမ်း အဆင့်တစ်ကနေ တစ်ဆယ်တွင်း ဝင်တယ်။
အဟီး...တစ်၊နှစ်၊သုံး တော့ မရဘူးသေးဘူး "
အပြုံးတစ်ဝက်ဖြင့် တစ်ကယ့်ကို ကလေးငယ်တစ်ယောက်ရဲ့ ဟန်ဆောင်မှမပါ ရိုးစင်းစွာ ဖွင့်ပြောဟန်လေးက သူရဲ့ ညိုးနွမ်းလွန်းတဲ့
မျက်နှာလေးကို တဒင်္ဂတော့ ချိုမြစေတာ အမှန်ပါပဲ။
" သားကို အဘွားက မုန့်ဖိုး နေ့တိုင်း(၅၀)ပေးတယ်လေ။ အဲတော့ သားက ကျောင်းကို လမ်းလျှာက်သွားတာပေါ့။ ကားမစီးပါဘူး၊
ကားစီးလိုက်ရင် သားမုန့်မစားရတော့ပဲ နေမှာလေ။ သိပ်မဝေးပါဘူးဦးရ။ သားလိုပဲ ခြေကျင်ကျောင်းသွားတဲ့ ကျောင်းသားတွေမှ
အများကြိးရယ် ပျော်ဖို့တောင်ကောင်းသေးတယ်။ အဘွား ဈေးကနေပြန်တာ နောက်ကျတဲ့နေ့ဆို ထမင်းချက်တာလည်း
နောက်ကျရင်တော့ ကျောင်းမမှီမှာ စိုးလို့ ကားစီးသွားရတယ်လေ။ အဲဒီနေ့တော့ အဟီး မုန့်ဖိုး ရှိတော့ဘူးပေါ့ .."
" အဘွားဆီက မုန့်ဖိုးပိုတောင်းပေါ့ကွ .."
" အဘွားက ရှိရင်ပေးပါတယ် ဦးရ ။ သူလဲ မရှိလို့ ပါ။ "
အရွယ်နဲ့ မလိုက်တဲ့ နားလည်မှု အသိတရား ဒီကလေးရင်ထဲ ဘယ်သူကများ ထည့်ပေးထားပါလိမ့်လို့ တွေးမိရင်း
ကျွန်တော်အိပ်ကပ်ထဲမှ (၅၀၀)တန် တစ်ရွက်ကို သူကလေးရှေ့ ထိုးပေးတော့
" အာ.. ဦးကလည်း သားမယူပါဘူး၊ ပြိးတော့ ဦးဆီကမှ မဟုတ်ဘူး ဘယ်သူဆီကမှ မုန့်ဖိုးမယူ ရဘူးလို့ ဦးလေးဝင်းက
ပြောထားတယ်။ သူများဆီက အလကားရတဲ့ ပိုက်ဆံတွေကို မမက်မောရဘူးတဲ့၊ ပြိးတော့ သားဦးလေးက မှာထားတယ်
သူများခိုင်းရင်လဲ မလုပ်ပေးရဘူးတဲ့ ဦးရ "
" ယူပါကွာ ..ဦးက ဖိုးလုံးကို ချစ်လို့ပေးတာပဲ သူများတွေလို ခိုင်းပြီးမှ မုန့်ဖိုးပေးတာမျိုးမှမဟုတ်တာ ဖိုးလုံးရ "
" ဟင့်အင်း...မယူရဲပါဘူးဦးရာ ပြီးတော့ သားမှ အဲလောက် ပိုက်ဆံအများကြီး မလိုတာ "
သူကလေးက မျက်စိရှေ့မှ ပိုက်ဆံ(၅၀၀)တန်ကို သရဲတစ္ဆေလိုပဲ အကြောက် အကန်ငြင်းလျှက် တွန်းထုတ်လိုက်ပြီး
" ဦးရေ....တာ့တာနော်... သားသွားပြီ "
အပြေးတစ်ပိုင်းနဲ့ ထွက်ပြေးသွားတဲ့ ချာတိတ်။ ကျွန်တော် သက်ပြင်းမော တစ်ခုနဲ့အတူ လေးစားမှုလဲ သူကလေးအပေါ် ပိုမိသည်။
#######################
  ကျွန်တော် အဖို့ အလုပ်ချိန်တွေ ကြားထဲမှ ကျောင်းဝတ်စုံ အဖြူ၊အစိမ်းနဲ့ ပန်းပွားလွယ်အိတ် အနီရောင်လေး လွယ်ထားသော
ဖိုးလုံးရဲ့ ကျောင်းသွား၊ ကျောင်းပြန် အချိန်တွေကို စောင့်မျှော် ငေးမောရတာ အလုပ်တစ်ခုလိုပင်။ သူကလည်း ကျွန်တော်ကို ဆိုလျှင်
အရိပ်လေးပဲ မြင်မြင် " ဦး " လို့ ဖွဖွ ခေါ်ပြီး လက်ပြ နုတ်ဆက်တက်သူလေး။ အဆင်ပြေနေလျှင် အချိန်အတော်ကြာ
ပျောက်နေတက်ပြီး ရံဖန်ရံခါ တော့ အိတ်ကလေးတစ်လုံးနဲ့ သူကလေး ရောက်ရောက် လာတက်သည်။ ဘယ်လိုပင် ချော့ပေးပေး
မုန့်ဖိုး ယူလေ့ မရှိသော ချာတိတ်ရဲ့ မျက်ဝန်းလေးများသည် တစ်စုံတစ်ရာ စီးဝင်နေသလို ကြည်လင်လှသည်။
" ဖိုးလုံး ပျောက်လှချည်လား ကျောင်းသွားတာ မတွေ့ဘူး "
" သား တခြားဖြတ်လမ်းက သွားနေလို့ ဦးရ ၊ ဖြတ်လမ်းဆိုတော့ နီးတယ်လေ။ ကျောင်းစောစော ရောက်တော့
သား ဘောလုံး ကန်လို့ရတယ်.. နွေရာသီမို့ပါ ..ဦးရ မိုးတွင်းဆို ဖြတ်လမ်းကနေ ကျောင်းသွားလို့မရဘူး၊ တစ်လမ်းလုံး
ဗွက်တွေ ချည်းပဲမို့လေ "
" မသိပါဘူးကွာ ဦးက ဖိုးလုံးပျောက်နေလို့ နေမကောင်းဘူးလားလို့လေ "
ဒီလိုနဲ့ပဲ သွေးသား မတော်ပဲ ကျွန်တော်နဲ့ သူကလေးရဲ့ သံယောဇဉ်တွေက နက်ရှိုင်းလို့နေသည်။ ကျွန်တော်ကို တွေ့ရင်
မရယ်မပြုံးနှင့် ခပ်တည်တည်လေး ခိုးကြည့်တက်သော ချာတိတ်လေး တစ်ယောက်။ အဓိပ္ပါယ်များစွာ ပါဝင်နေသော
မျက်ဝန်းများနှင့် စကားပြောတက်သော ချာတိတ်။ အားငယ်နေသူလို့ ပြောလို့ မရသော်လည်း အမြဲ ညိုးငယ်မှုတွေနဲ့
မျက်နှာလေးက ကလေးငယ် တစ်ယောက်နဲ့ မလိုက်ဖက်လှစွာ နေရာယူလျှက်။ နာခံလိုမှုတွေ များစွာဖြင့် အရွယ်မလိုက်အောင်
နားလည်နေသော ဒုက္ခ တရားတွေကို ဖက်တွယ် ကြိးပြင်းနေရသော ချာတိတ် တစ်ယောက်။
ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက
လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး
ကျင်လည်ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု ဆိုရလျှင်တောင် သူကလေးရဲ့ ပင်ကိုယ် စိတ်ထားကြောင့်သာ ဖြစ်ပေလိမ့်မည်ဟု
ကျွန်တော် တစ်ထစ်ချ ယုံကြည် နေမိသည်။
###############
" မြင့်ဇော် ရှေ့လထဲ မင်းသင်္ဘောတက်ရတော့မယ် ပြင်စရာရှိတာတွေ ပြင်တော့ " လို့ ဖေဖေထံမှ စကားကြားရတော့
ရုတ်တရက် ကျွန်တော် မပျော်နိုင်။ ထိုစကား ကြားရဖို့ အချိန်ကာလ အတော်ကြာ စောင့်မျှော်ခဲ့ဖူးသော်လည်း ယခုအချိန်တွင်
ထိပ်တိုက် ရင်ဆိုင်ရ၍လားမသိ ကျွန်တော်ရင်ထဲ အမျိုးအမည်မသိ ခံစားချက် တစ်မျိုးဖြင့် မပျော်နိုင်။ မဆီမဆိုင် ဖိုးလုံးလေးရဲ့
ကျောင်းသွား ကျောင်းပြန် မြင်ကွင်းလေးတွေ မြင်ယောင်ရင်း သံယောဇဉ် ဆိုတာကို နားလည် လာခဲ့ရတယ်။
ဆိုင်မှာ လူကျနေ ချိန်တွေဆို ခုံတန်းလေးရဲ့ နောက်ဆုံးမှာ ထိုင်ရင်း ကျွန်တော်ကို ခိုးခိုး ကြည့်တက်သော မျက်ဝန်းလေး အကြောင်း
တွေးမိတော့ ရင်ထဲ နွမ်းလျှသွားရသည်။
မြေတွင် ဆော့ကစားနေရင်းမှ ဖုန်တွေ ပေရေနေတဲ့ ခြေဗလာနဲ့ ကျွန်တော်ဆီကို အပြုံးတစ်ဝက်ဖြင့် အပြေးအလွှား
နုတ်ဆက်တက်တဲ့ ကလေးတစ်ယောက်။ လူကြိးပေါက်စလေး တစ်ယောက်လို
" သားမှာ လုပ်စရာအလုပ်တွေ အများကြီးရှိတယ် ဦးရ ...ရည်မှန်းချက်လည်း အကြီးကြီး ထားတယ်သိလား " လို့ လေးလေးနက်နက်
တွေးတွေးဆဆလေး ပြောတက်တဲ့ ကလေးတစ်ယောက်။
" ဦးကိုလေ ...ဘာလို့မှန်းမသိဘူး ..သား ချစ်တယ် " ဟု ရှက်ပြုံးလေးနဲ့ ပြောပြီး ထွက်ပြေးတက်တဲ့ ကလေး တစ်ယောက်။
လူတွေများလို့ သူ့ကို မမြင်လိုက်မိလိုက်လို့ နုတ်မဆက်ဖြစ် မပြုံးပြ မိရင် ညိုးငယ်နေတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေမှာ
မျက်ရည်တွေစိုလျှက်မှ " ဦးမှ ...သားကို မခေါ်တာ " လို့ အသံလေး နိမ့်လျှက် တုန့်ပြန်တက်တဲ့ ကလေးတစ်ယောက်။
ကိုယ်အလုပ်နဲ့ ကိုယ်ရှုပ်နေသူမို့ မအားလပ်တဲ့ ကြားကပဲ သူကလေး ကျောင်းသွား၊ ကျောင်းပြန် ကိုယ့်ကိုများ
ရှာဖွေနေလေမလားလို့ တွေးမိတော့ ရင်နဲ့ ဆို့နင့်သွားရသည်။ ပြင်ဆင်စရာ ကိစ္စလေးတွေ ပြီးသွားတော့ ကိုယ့်ရဲ့ အသိတွေ
အတွေးတွေကို လေးနက်စေတဲ့ ကျွန်တော်ရဲ့ ချာတိတ်လေးဆီကို အချိန်ပေး နှုတ်ဆက်ဖို့ လက်ဆောင်ပစ္စည်းလေး
တစ်ချို့ ဝယ်ရင်း ရုတ်တရက် ကျွန်တော် အိမ်ထိ လိုက်လာတာများ သိရင် ဝမ်းသာသွားမလား၊ အံသြနေမလား
အတွေးမျိုးစုံဖြင့် ရင်ထဲ ကြည်နူး ချမ်းမြေ့ရသည်။
သူကလေး လွယ်နေကျ ခပ်နွမ်းနွမ်း ပန်းပွားလွယ်အိတ် အနီရောင်လေးကို မျက်လုံးထဲ မြင်မိတော့ စိတ်က ချက်ခြင်းဆိုသလိုပဲ
လွယ်အိတ် ရောင်းတဲ့ဆိုင်ဘက်ရောက်ပြီး ထပ်တူကျနိုင်မဲ့ အဆင်၊အရောင်တွေကို စိတ်ကြိုက် ရွေးချယ်နေလို့
အရောင်းစာရေးမလေး ကတောင် သိပ်မကြည်ချင်။ ကိုယ်ကလည်း ကိုယ်အကြောင်းနဲ့ ကိုယ်ဆိုတော့ သူအား ဂရုမထားနိုင်။
လိုချင်တဲ့ ပုံစံလေး စိတ်ကြိုက်ရမှပဲ ကြည်နူးစိတ်နဲ့အတူ တစ်ကိုယ်တည်း ကျိတ်ပြုံးရသေးသည်။
ကျောင်းစိမ်းအဖြူနဲ့ အစိမ်းတွေကို မေမေကပါ သူ့မိတ်ဆွေအထည်ဆိုင်မှာ ကိုက်ထိုးဖြင့် လိုက်ဖြတ်ပေးတော့ အဆင်ပြေလှသည်။
အကြိမ်ပေါင်းများစွာ ကျွန်တော်ပြောဖြစ်နေတော့ မေမေသည်လည်း လူချင်းသာ မဆုံဖူးသော်လည်း ဖိုးလုံးလေးဆိုတာနဲ့ကို
ရင်းနှီးကျွမ်းဝင် နေပြီးသား ဖြစ်နေတော့တာမို့ အရာရာ စီစဉ်ပေးနေခြင်းပင် ဖြစ်သည်။ လူတစ်ဦးနှင့် တစ်ဦး မမြင်ရသော်လည်း
သတင်းစကား ကြားရရုံဖြင့်လျှင် ချစ်ခင်နှစ်သက်နိုင် ကြတယ်ဆိုတာ မေတ္တာတရား အခြေခံလို့ပင် မဟုတ်ပါလား။
#################
သပ်သပ်ရပ်ရပ် မေမေ ထုတ်ပိုးပေးလိုက်တဲ့ အိတ်ကြီးကို လက်မှာ ဆွဲကိုင်ရင်း ကျွန်တော်ရဲ့ ခြေလှမ်းတွေက
ကလေးတစ်ယောက်ကို သွားတွေ့ရတဲ့ အပျော်မျိုးမဟုတ်ပဲ ချစ်သူရည်စားနဲ့ ချိန်းတွေ့ရမှာမို့ ရင်ခုန်ရသလိုလို။ ကိုယ်ဘာသာ
အတွေးတို့ဖြင့် စီးမြောနေရင်း ရုတ်တရက် သူလေးကို နုတ်ဆက်ဖို့ ဘယ်လိုစကားလုံး တွေကအသင့်တော် ဆုံးဖြစ်မယ်ဆိုတာကို
ရွေးချယ်ရင်း သူကလေး ငိုနေမလားလို့ တွေးမိလိုက်တော့ ရင်ထဲ ဆို့နင့်လာသည်။ သြော်... ကလေးရယ်.. လမ်းဆိုတာ ဒီလိုပဲလို့
အခွဲတွေ များတယ်လို့ သူကလေး နားလည်အောင် ရှင်းပြရမှာပေါ့လေ။
အတွေးတွေနဲ့ စီးမြောရင်း လမ်းချိုးလေးထဲ ချိုးကွေ့အဝင် မိုးပြာပြာ တာလပတ်အမိုး တစ်ခုက လမ်းမ
ထက်မှာ နေရာယူလို့။
ဘုရားဘုရား သူကလေးရဲ့ အိမ်ကလူ တစ်ယောက်ယောက်များ ......။ လမ်းမမှာ တာလပတ်မိုး တယ်ဆိုတာ နာရေး အိမ်တွေမှာမှ
မိုးတက်ကြတာမလား။ အတ္တကြီးတယ်ပဲ ဆိုဆို သူကလေးရဲ့ အိမ်မှ မဟုတ်ပါစေလို့ ဆုတောင်းလိုက်မိ သော်လည်း ဆုတောင်းသည်
အချည်းအနှီးမျှသာ..။ အပြာရောင် တာလပတ် အမိုးကြီးသည် သူကလေးရဲ့ အိမ်ရှေ့တွင် မားမားကြီး ရပ်တည်လျှက်မှ
ကျွန်တော်ကို လှောင်ပြောင်နေ သလို။ လူ(၃)ဦးသာ နေထိုင်သော အိမ်တွင် .... ကျွန်တော် အတွေးဖြင့်တောင်
ဆက်မတွေးရဲ လောက်အောင် ခြောက်ခြားသွားရသည်။
ကျွန်တော်ရဲ့ ခြေလှမ်းတွေသည် အနည်းငယ် မဟုတ် သိသိသာသာ တွန့်ဆုတ် တုန်ရီနေသည်ကို ကျွန်တော် သိသည်။
ခြေလှမ်းတိုင်းသည် လေးဖင့်နေသည်။ တစ်စုံတစ်ယောက်က ဆွဲထားသလို လေးလံလှသည်။ ထိုအိမ်လေးမှ လူသား (၃)ဦး စလုံးအား
အန္တရာယ်ကင်း အေးချမ်းစေချင်သော ကျွန်တော် ဆန္ဒအား ဖြည့်စည်းပေးပါဘုရားလို့ တီးတိုး ဆုတောင်းနေမိသည်။
တဖြည်းဖြည်း ကျွန်တော်ရဲ့ ခြေလှမ်းတွေသည် အိမ်ကလေးဆီသို့ နီးကပ်လာနေ ပေသည်။
ထိတ်လန့် တုန်လှုပ် ခြောက်ခြားမှုနဲ့အတူ ကျွန်တော်ရဲ့ စိုးရိမ်အမှတ်သည် အမြင့်ဆုံးလို့ ရောက်ရှိလို့ လာသည်။
ကျွန်တော် ထိုအိမ်လေး၏ အိမ်ပေါက်ဝသို့ ရောက်သည်နှင့် လူအားလုံးရဲ့ မျက်ဝန်းများသည် ကျွန်တော်ထံသို့ စူးစိုက်ကြရောက်ပြီး
" ဧည့်သည် ကိုခေါ်ကြပါအုံး၊ နေရာပေးကြ ပါအုံး "
ဟူ၍ အသံများ ရုတ်တရက် ဆူညံသွားသည်။ ကျွန်တော်သည် မျက်လုံးများအား အသဲသန်အလုပ်ပေးရင်း
ကျွန်တော်ရဲ့ ချာတိတ်လေးအား ရှာဖွေနေမိသည်။
" အဒေါ်ရေ ...အဒေါ် ... ..ဟဲ့ လေးဝင်း ဒီမှာ ဧည့်သည် ရောက်နေတယ် လာဧည့်ခံ အုံးလေ "
အသံလာရာ အိမ်ဝဆီသို့ ကျွန်တော် လှမ်းကြည့်ရင်း ဖိုးလုံးရဲ့ အဘွား ဖြစ်သူသည် ကျွန်တော်အား မြင်သည်နှင့်
" အမလေး မြေးကြီးရေ....သားရဲ့ ဦးဦး လာနေပြီလေ သားရဲ့ ထကြည့်ပါအုံး "
အသံနဲ့ အတူ ငိုကြွေးရင်း ကျွန်တော်အား ဆီးကြိုရှာတဲ့ အသံက ကျွန်တော်လက်မှာစွဲလာသော အထုတ်နှင့်တကွ
နှလုံးသား တစ်စုံပါ ပြုတ်ကျသွား ရသည်။ ဆို့နင့် ကြေကွဲမှု၏ ဒဏ်ကြောင့် ကျွန်တော် စကားမပြော နိုင်စွာ မျက်ရည်တွေ
ပိုးပိုးပေါက်ပေါ်က် ကျဆင်းလာရသည်။ မတွေးမိပါဘူး ကျွန်တော်ရဲ့ ချာတိတ်ကလေး ဖြစ်နေလိမ့်မယ်လို့လေ။
အသက်ရွယ်ရနေတဲ့ အဘွား သော်လည်းကောင်း၊ ထိုအိမ်ရဲ့ စာဝတ်နေရေး ဖြည့်စည်းပေးနေသော
ချာတိတ်ရဲ့ ဦးလေး သော်လည်းကောင်း၊ ကျွန်တော်ရဲ့ ချာတိတ်လေးသော်လည်းကောင်း ဤသုံးဦးစလုံးသည်
တစ်ဦးမရှိလျှင် မဖြစ်ပေသော လူများပင် မဟုတ်ပါလေ တကား။ ရက်စက်ပါပေ့ ကြမ္မာရယ်။ လှပနုနယ် ငယ်ရွယ်ပျိုမြစ်
ကလေးဘဝလေးပင် ရှိသေးသော ကျွန်တော်ရဲ့ ချာတိတ်လေးသည် အများသူငါ ကလေးငယ်တွေနဲ့ မတူ၊
တမူထူးထူး ခြားခြား ကလေးငယ် တစ်ယောက်ပင်တည်း မဟုတ်ပါလား။ မည်သို့သော ဝဋ္ဋ်ကြွေးများက သူကလေးအား
ရက်စက်နိုင်အားပါပေ့။
" ဖိုးလုံးက သူ့ခြေထောက် သံစူးတာကို လူကြီးတွေကို မပြောဘူးလေ။ သူဘာသာသူ ကုက္ကိုလ်ရွက်တွေ ထုခြေပြီး
ပတ်တီးစီးပြီး နေနေတာ။ အစားသောက်နည်းသွားတာတော့ သတိထားမိတယ် အဆော့လဲ မပျက်တော့
အိမ်ကလဲ ဂရုမထားမိဘူးလေ။ ကလေးက သိပ်ပြိး လိမ္မာတာ။ အရမ်းလဲ သိတက်တယ်လေ။ ခြေထောက်ရောင်နေတာကိုလဲ
မပြောဘူး။ အဘွားလုပ်သူကလည်း ဈေးတစ်ဖက်နဲ့ဆိုတော့ သူ့ခြေထောက်ကို မကြည့်မိဘူး။
ညဘက် ကိုယ်တွေ ခြစ်ခြစ်တောက်ပူ အဖျားတွေ တက်နေတော့မှ သူ့ခြေထောက် သံစူးတာက အနာရင်းပြီး နောက်ဆုံး
မေးခိုင်ပိုး ဝင်သွားတာကို မသိလိုက်တာလေ။ ဆေးရုံကို အချိန်မှီရောက်ပေမယ့် အရာရာ နောက်ကျ သွားတယ် သားရယ် ...."
ကျွန်တော် ဘယ်လိုဖြေရပါ့မလဲ ချာတိတ်ရယ်....။ ကျွန်တော် သူကလေးအတွက် ရည်စူးပြီး ဝယ်လာသမျှကို အဘွားလုပ်သူ
မြင်ရချိန်တွင် သတိလစ် မေ့မြောသွားလို့ ကျွန်တော်မှာ မျက်ရည်ပင်လယ် ဝေခဲ့ရပြန်သည်။ အကြိမ်ကြိမ် အခါခါ
ပြင်ဆင်ထားခဲ့သော ကျွန်တော်ရင်ထဲက စကားတွေ ချာတိတ်တစ်ယောက် နားထောင် နိုင်စွမ်းမရှိတော့သလို သူကလေးဖို့
ကျွန်တော်ကိုယ်တိုင် ရွေးချယ် ဝယ်ယူခဲ့သော ကျောင်သုံးပစ္စည်းလေးများကို လက်ခံနိုင်စွမ်း မရှိတော့ပြီတကား။
မျှော်လင့်ကြီး မျှော်လင့် စိတ်ကူးခဲ့သော ရုတ်တရက် ကျွန်တော်ကိုများ မြင်လျှင် အံ့သြဝမ်းသာ သွားမလားဆိုတဲ့ စိတ်ကူး
အိပ်မက်တို့သည် လေမှာလွင့်ဝဲ ခဲ့ကြကုန်သည်သာ.....။
စိတ်ကူးယဉ် အပျော်များဖြင့် အလာလမ်းမှာ တက်ကြွမှုတွေနဲ့ သွက်လက်ခဲ့သလောက် ကျွန်တော်ရဲ့ အပြန်လမ်းတွေဟာ
ခြောက်သွေ့ လွန်းလှပါတယ် ချာတိတ်ရေ။ ဒီလို ခွဲခွာခြင်းမျိုးနဲ့ ခွဲခွာကြရလိမ့်မယ်လို့ ဘယ်သူကများ တွေးမိပါ့မလဲကွယ်။
အမြဲလိုပဲ အရွယ်နဲ့ မလိုက်အောင် သိတက်ခြင်း၊ မြိုသိပ်ခြင်းတွေနဲ့ လောကကို ကျောခိုင်းသွားရတာ သူကလေး ကံဆိုးလွန်းပါတယ်။
အိမ်အပြန် ခြံဝအထွက်မှာ လေမတိုက်ပဲ သစ်ရွက်တစ်ချို့ ခြေထောက်နားလေး ဝေ့ဝဲလာတာ မင်းကလေး ကိုယ့်ကို
နှုတ်ဆက်လိုက်တာ များလား ချာတိတ်ရယ်....။ ချာတိတ်ရေ... မင်းကလေး တစ်ယောက် ဆင်းရဲခြင်းကင်းတဲ့
ကောင်းသော ဘဝတစ်ခုမှာ ရှင်သန်နိုင်ခွင့် ရပါစေလို့...ဆန္ဒပြုရင်း။
==============================================================
မောင်မောင်မေ့
- ကောင်း ကင် ကို -
(၁)
“ဟေ့ကောင်ကြီး”
လူတယောက် ခပ်လှမ်းလှမ်းကနေ ကျနော့်ကို လက်ပြပြီး နှုတ်ဆက်လာတယ်။
အဲဒီ့လူကို ကျနော် ရင်းရင်းနှီးနှီးကြီးကို သိနေတယ်။ ဘယ်သူမှန်း တော့ ချက်ခြင်းစဉ်းစားလို့ မရဘူး။ ဒါနဲ့ ဦးနှောက်ကို
အလျင်အမြန် အလုပ်ပေးလိုက်ရတယ်။ သြော...အီလက်ထရွန်းနစ် သင်တန်းတုန်းက သူငယ်ချင်း။
သူက ကျနော့်ထက် အသက်နည်းနည်း ကြီးပေမယ့် ရွယ်တူလို ပေါင်းမှ ကြိုက်တဲ့လူ။ (တကယ်က ကျနော့် အထင်မှားတယ်ဗျ။
အီလက်ထရွန်းနစ် သင်တန်းကလူ မဟုတ်ဘူး။ ဦးလေးရဲ့ သူငယ်ချင်း)
ကျနော်လည်း သင်တန်းတုန်းကသူငယ်ချင်းထင်ပြီး ခေါ်နေကျ အတိုင်း ပြန်နှုတ်ဆက်လိုက်တယ်။
“ဟား...ခေါင်းတုံး”
နည်းနည်း လျှောက်လာပြီးမှ ဦးလေးရဲ့ သူငယ်ချင်းမှန်း စိတ်ထဲမှာ ပေါ်လာတယ်။
ဟား...သွားပြီ။
(၂)
အလကားနေ အလကား ပိုက်ဆံရအောင်ဆိုပြီးတော့ ကျနော်တို့ ကြိုးဖုန်းကို အိမ်ရှေ့ မှာထုတ်ထားတယ်။
မြို့ တွင်း၊ နယ်ဝေး ဖုန်းခေါ်ချင်ရင် ရသလို အနီးအနားတဝိုက်က အိမ်တွေကို ဖုန်းလာရင်လည်း ခေါ်ပေးတယ်။
တရက်တော့ မျက်စောင်းထိုးတိုက်က ခေါင်းရင်းခန်း လေးလွှာကို ဖုန်းလာတယ်။ နယ်က ကျောင်းသားတွေ ငါးယောက်
ခြောက်ယောက်လောက် စုပြီး ငှားနေကြတဲ့ အခန်း။ အဲဒါ ကျနော် သွားခေါ်ပေးရတယ်။
ကျနော့် မှတ်ဥာဏ်ကလဲဗျာ...လူခေါ်ခေါင်းလောင်းကြိုးကို ဆွဲပြီးမှ သူတို့ ထဲက ဘယ်သူ့ ဆီလာတဲ့ ဖုန်းမှန်း မမှတ်မိတော့ဘူး။
ဒါနဲ့  သူတို့ ထဲက တယောက်က ရှိသမျှ နာမည်တွေ ကျနော့်ကို ရွတ်ပြတယ်။
“လဒ လား”
“မဟုတ်ဘူးဗျ”
“Goat ကြီး”
“မဟုတ်ဘူး”
“ခွေးနီ”
“မဟုတ်ဘူးထင်တယ်။”
“ကြွက်စုတ်”
“ဟာ..ဟုတ်ပြီ...ဟုတ်ပြီ…ကြွက်စုတ်…ကြွက်စုတ်”… ‘စုတ်’ပါတာကို ကျနော် မှတ်မိတယ်။
ကျနော်လုပ်လိုက်တာနဲ့ သူတို့  နာမည်လှလှလေးတွေ အကုန် ပေါ်ကုန်ပြီ။
(၃)
ကျနော်တို့ အခန်း(မြေညီထပ်) မှာ တံခါး နှစ်ထပ် ရှိတယ်။ အပြင်ဆုံးက တံခါး (အပြာရောင်ရယ်)၊ ဖိနပ်ချွတ်ခန်းနဲ့ ဧည့်ခန်းကြားက
တံခါး(အနီရောင်ရယ်)။ ဖိနပ်ချွတ်အခန်း မှာ တိုက်တခြမ်းလုံး (ခြောက်လွှာလုံး) အတွက် ရေမော်တာငါးလုံးကို စုပြီး ထားထားတယ်။
အဲလို တံခါးနှစ်ထပ်ရှိတော့ အပေါ်ထပ်ကလူတွေ မော်တာ ပြင်ရင် ကိုယ်က စောင့်ကြည့်နေစရာ မလိုတော့ဘူး။
အတွင်းတံခါး(အနီ) ကို ပိတ်ပြီး နောက်ဖေးခန်းထဲမှာ အေးအေးဆေးဆေး ဝင်နှပ်နေလို့ ရတယ်။ သူတို့ မော်တာ ပြင်နေတုန်း
မြို့ ထဲထွက်ချင်ရင်လည်း အပြင်တံခါး (အပြာ) ကို မော်တာပြင်ဖို့ ဖွင့်ပေးထားပြီး အတွင်းတံခါး (အနီ) ကို သော့ခတ်ပိတ်ခဲ့ပြီး
ထွက်လိုက်ရုံပဲ။
သာမန်အချိန်တွေမှာတော့ ကျနော်တို့က တံခါး နှစ်ထပ်လုံးကို သော့ခတ်ပြီးနေလေ့ရှိတယ်။ ဖြစ်ချင်တော့ တရက်...
ငယ်ငယ်တုန်းက ဆရာမ တယောက် အလည်လာတယ်။ တအိမ်လုံး ခရီးထွက်သွားပြီး ကျနော်တယောက်တည်းပဲ အိမ်မှာ
ကျန်ခဲ့တဲ့ အချိန်။ ဆရာမပြန်တော့ ကျနော် တံခါးလိုက်ပိတ်ရတာပေါ့။
ဧည့်ခန်းကနေ ဖိနပ်ချွတ်ခန်း အရောက်မှာ အတွင်းတံခါးကို အပြင်ဘက် (ဖိနပ်ချွတ်ခန်းဘက်)ကနေ ကျနော် အမှတ်တမဲ့
သော့ခတ်လိုက်မိတယ်။ဆရာမလည်း ဖိနပ်ချွတ် အခန်းကနေ မြေကြီးပေါ်လည်း ရောက်ရော ခဏလောက် ဟိုငေးဒီငေးလုပ်ပြီးမှ
အပြင်တံခါး ကို တံခါးနှစ်ခုကြားကနေ ဖိနပ်ချွတ်ခန်း ဘက်ကနေ(အတွင်းကနေ) သော့ခတ် လိုက်မိပြန်တယ်။
ဟာ...သော့တံ က အိမ်အတွင်း ထဲက ချိတ်ထားတဲ့ နေရာမှာ မေ့ခဲ့ပြီ။
တံခါးနှစ်ခုလုံးကိုလည်း အမှတ်တမဲ့ သော့ခတ်ထားမိပြီ။ ကျနော် တံခါး နှစ်ခု ကြားမှာ ကိုယ့်ကိုယ်ကို ပိတ်မိသွားပြီ။
ဆရာမကလည်း အဝေးကို ရောက်သွားပြီ။
အဲဒါနဲ့ ကျနော် လူဖြတ်အသွားကို စောင့်ရတယ်။ တော်သေးတယ်။ ညကြီး မဟုတ်လို့ ။ ပထမဆုံး ဂျာနယ်ရောင်းတဲ့
လူတယောက်ဖြတ်သွားတယ်။ ကျနော် ပြောတာကို နားထောင်ပေမယ့် ခပ်တည်တည်နဲ့ မသိချင်ယောင် ဆောင်ပြီး
ထွက်သွားတယ်ဗျာ။
နောက် မျက်စောင်းထိုး တိုက်က ကျနော် တိတ်တခိုးကြိုက်နေတဲ့ ကောင်မလေး ဖြတ်သွားတော့မှ လှမ်းခေါ်ပြီး
အကျိုးအကြောင်းပြောပြပြီးတော့ သံဖြတ်လွှ တောင်းလိုက်ရတယ်။ ရှက်လိုက်တာ။
(၄)
အဆောင်မှာ နေတုန်းကလည်း….
ကျနော့်ကျောင်းနဲ့ အဆောင်က သိပ်မဝေးဘူး။ လမ်းလျှောက်သွားရင်လည်း ငါးမိနစ်လောက်ပဲ ကြာတယ်။ တခါတလေလည်း
စက်ဘီးနဲ့ သွားတယ်။ တရက်တော့ …. ကျောင်းကနေ သူငယ်ချင်းတွေနဲ့ စကားတပြောပြောနဲ့ ပြန်လာပြီး အဆောင်ရောက်တော့
ရေတွေဘာတွေချိုးလိုက်သေးတယ်။
ခဏနေလို့ မြို့ ထဲသွားမယ်လုပ်မှ ‘ဟာ…စက်ဘီးကျောင်းမှာ မေ့ကျန်ခဲ့ပြီ။ သူငယ်ချင်းတွေနဲ့ အတူတူ လမ်းလျှောက်ပြီး ပြန်လာမိပြီ။’
အဲဒါနဲ့ ကျနော် ကျောင်းကို စက်ဘီးပြန်သွားယူရပါရော။ ဒါပေမယ့် စက်ဘီးကို ချက်ခြင်းပြန်မရခဲ့ပါဘူး။ တယောက်ယောက်ကများ
ခိုးသွားလို့ လား? ဒါမှ မဟုတ် အစောင့်တယောက်ယောက်ကပဲ သိမ်းပေးထားလို့ လား? တခုမှ မဟုတ်ပါဘူး။
ကျနော် အဆောင်ကနေ ကျောင်းကို စက်ဘီးပြန်သွားအယူမှာ စက်ဘီးသော့ကိုဖွင့်ဖို့ သော့တံက အဆောင်က စားပွဲပေါ်မှာ
မေ့ကျန်ရစ်ခဲ့လို့ ပါ။  အဲဒီ့နေ့ က ကျနော် အဆောင်နဲ့ ကျောင်းကို အခေါက်ခေါက် လမ်းလျှောက်လိုက်ရတယ်။
(၅)
တခါကလည်း…
ကျနော့် စက်ဘီး ဘီးပေါက်နေလို့ သူငယ်ချင်း စက်ဘီးကို ငှားပြီး မြို့ ထဲကို ထွက်ခဲ့တယ်။ မြို့ ထဲရောက်တော့ ဝယ်စရာရှိတာတွေ
ဝယ်ပြီး အေးအေးဆေးဆေးမို့ လက်ဘက်ရည်ဆိုင်မှာ တနာရီလောက် ဂျာနယ်ဖတ်ရင်းနဲ့ ထိုင်လိုက်တယ်။
 ပိုက်ဆံရှင်းပြီးလို့ ပြန်မယ်လည်း လုပ်ရော…
“ဟိုက်၊ ငါစီးလာတာ ဘယ် စက်ဘီးမှန်း မမှတ်မိတော့ဘူး။” ကျနော်က ကျနော့်စက်ဘီးပဲ စီးနေကျ ။ သူ... သူ့ ရွာကနေ
စက်ဘီးယူလာတာကလည်း မကြာသေးဘူး။ ကျနော်လည်း တခါမှ သူ့ စက်ဘီးကို သတိထား မကြည့်မိဘူး။ စီးတုန်းကလည်း
ဒီအတိုင်း နမော်နမဲ့နဲ့ တက်စီးလာတာ။ လက်ဘက်ရည်ဆိုင်မှာကလည်း စက်ဘီးတွေက အများကြီး။ အခုနေ တဘီးချင်း လိုက်စမ်းပြီး
သော့ဖွင့်နေရင်လည်း စက်ဘီးသူခိုး လို့ ထင်ကြဦးမယ်။ ဒါနဲ့ သူငယ်ချင်း စက်ဘီးလို့ ထင်ရတဲ့ ဘီးတွေ သူများစီးသွားလို
နည်းသွားတဲ့ အချိန်ကျမှ ဆိုင်ရှင်ကို ပြောပြီး စမ်းကြည့်ရတယ်။ ဒုတိယ ဘီးမှာ ကျနော့်အထင်မှန်သွားတယ်။ ဟူး!!!
(၆)
မျိုးနဲ့ ရိုးနဲ့ပဲ မေ့တတ်တာလား။ နမော်နမဲ့ အကျင့်တွေ ကူးစက်တတ်တာလားတော့ မသိဘူး။
ကျနော့်အမလည်း တခါတခါ နမော်နမဲ့နိုင်တယ်။
တခါ သူ NGO အဖွဲ့တွေနဲ့ ရွာတရွာကို သွားတော့ ကိုယ်တိုင်ဝတ်သွားတဲ့ဟာက လွဲရင် အတွင်းခံဘောင်းဘီတွေ ယူဖို့ မေ့သွားသတဲ့။
ခရီးက နှစ်ပတ်လောက် ကြာမှာ။ အဲဒါ လှူမယ့် အဝတ်တွေထဲမှာ ယောကျာ်းဝတ် ဆိုဒ်ကြီးတွေနဲ့ ယောကျာ်းဝတ်
အတွင်းခံ ဘောင်းဘီ အသစ်တွေ ပါတယ်တဲ့။ နောက်ဆုံး အဲဒါတွေပဲ ဝတ်လိုက်ရတယ်တဲ့။
ဝတ်ပြီးမှ လူမြင်မှာစိုးလို့ လျှော်ပြီးလှန်းဖို့လည်း အခက်တဲ့။ ဘယ်လို ဝါသနာနဲ့ မိန်းမမှန်း မသိဘူးလို့ တွေးကြရင် ဒုက္ခတဲ့။
(၇)
မေ့တာတွေက အကြောင်းအမျိုးမျိုးရှိတယ်ဗျ။ တခါတခါကျတော့ မေ့တယ်ဆိုတာထက် အစကတည်းကကို နမော်နမဲ့နဲ့
သတိမထားမိတာ။ (သူများစက်ဘီးစီးပြီး ဘယ်စက်ဘီးမှန်း မသိတော့တာ လိုမျိုးပေါ့) တခါတခါကျတော့လည်း အာရုံများပြီး
မေ့သွားတာ။ များသောအားဖြင့် ကျနော်မေ့ရတဲ့ အကြောင်းတွေထဲမှာ အတွင်းစိတ်ထဲမှာ နစ်နေလို့ မေ့သွားတာမျိုး၊
သတိမထားမိတာမျိုးတွေက ပိုများတယ်။ ကျနော်က အတွေးသမားလေ။ ထမင်းစားရင်လည်း တွေးတတ်တယ်။
သွားတိုက်ရင်းလည်း တွေးတတ်တယ်။ ကျနော့်သွားပွတ်တံတွေဆို ကျနော် သွားတိုက်တိုင်း တွေးရင်း သွားပွတ်တံက
brush အမျှင်တွေကို ဝါးဝါးပစ်လို့ ဝယ်ပြီး နှစ်ပတ်လောက်နေရင် မကောင်းတော့ဘူး။ တခါလည်း ဆောင်းတွင်းကြီး။
တောင်ကြီး ခြံထဲက လူမြင်ကွင်းမှာ ကျနော် သွားတိုက်တုန်း အတွေးလွန်ပြီး တယောက်တည်းပြုံးနေလို့
ခြံရှေ့ ကဖြတ်သွားတဲ့လူတွေက ကျနော့်ကို ပြုံးစေ့စေ့နဲ့  ကြည့်သွားကြတာကို အမက မြင်သွားပြီး အပြစ်ပြောတယ်။
လူတွေကလည်း ခက်တယ်။ တယောက်တည်း ငိုနေတဲ့သူဆိုရင်တော့ သူစိတ်ဆင်းရဲစရာ ရှိလို့ ဆိုပြီး နားလည်ပေးကြတယ်။
ကြောင်တယ်လို့ မထင်ကြဘူး။ တယောက်တည်း ပြုံးပြီဆိုရင်တော့ လွတ်သွားပြီထင်ကြတယ်။
သူများပြုံးနေနိုင်တာကို မနာလိုတဲ့သဘောများလား။ ဒါပေမယ့် ခုနောက်ပိုင်း ကျနော် ဆင်ခြင်ပါတယ်။ အထူးသဖြင့်
ရေချိုးနေတုန်းဆို မတွေးမိအောင် မစဉ်းစားမိအောင် သတိထားတယ်။ တော်ကြာ အာခီမီးဒီး(စ်)လို ဖြစ်သွားမှ ဒုက္ခ….
ကျနော်မေ့တာတွေ သတိလက်လွတ် ဖြစ်တာတွေ အရမ်းများနေပြီ။ ထမင်းဘူးဆိုလည်း မေ့ကျန်ခဲ့ပေါင်းများပြီ။ ထီးဆိုလည်း
ဝယ်ရပေါင်းများပြီ။ ချိန်းထားပြီး မေ့သွားပေါင်းလည်းများပြီ။
တခါကလည်း ကျောင်းက သမဆိုင်က ဗလာ စာအုပ် တဒါဇင်ကို ဈေးချိုချိုနဲ့ ထုတ်ပြီးမှ အတန်းထဲက အံဆွဲထဲမှာ မေ့ကျန်ခဲ့တယ်။
တခါတခါ မေ့တတ်တဲ့ ဝသီက ဘဝကိုပါ ထိခိုက်လာတယ်။ မဖြစ်ဘူး။ တခုခုတော့ လုပ်မှ ဖြစ်တော့မယ်။
(၈)
အနာသိရင် ဆေးရှိရမှာပေါ့။ တရက် အမေ့အိမ် စာအုပ်ဆိုင်မှာ ကျနော်စာအုပ် တအုပ်တွေ့တယ်။ မှတ်ဥာဏ်ကောင်းအောင်
လေ့ကျင့်တဲ့နည်းတွေ ပါတဲ့စာအုပ်။ စာအုပ်နာမည်လား? အခု မေ့သွားပြီ။ ရေးတဲ့သူကိုလည်း မမှတ်မိတော့ဘူး။
အဲဒါ အဲဒီ့စာအုပ်ကိုတွေ့တော့ ကျနော် အရမ်းစိတ်ဝင်စားသွားပြီး လှန်လှော ကြည့်မိတယ်။ မဆိုးဘူးပဲ။ အဲဒီ့ထဲမှာ
နည်းတွေတော်တော်စုံတယ်။ တူရာ group လုပ်ပြီး မှတ်နည်းတွေ၊ gist ထုတ်ပြီး မှတ်နည်းတွေ၊ ကာရန်လေးတွေ ချိတ်ပြီး
မှတ်နည်းတွေ၊ ကြံကြံဖန်ဖန် စိတ်ကူးပြီး မြင်ယောင်ပြီး မှတ်နည်းတွေ….ကြံကြံဖန်ဖန်စိတ်ကူးပြီး မှတ်တယ်ဆိုတာက
 ဒီလို…ဥပမာ ရုံးမှာ ထမင်းဘူး မေ့ကျန်တတ်တယ် ဆိုပါတော့။ ရုံးတံခါးပေါက်မှာ ဆန်ကောလောက်ကြီး ရှိတဲ့
ထမင်းဘူးအကြီးကြီး ပိတ်နေလို့ ရုံးအပြင်ကို ထွက်လို့ မရဘူးလို့ လေးငါးခေါက်လောက် မြင်ယောင်ပြီး စိတ်ကူးကြည့်လိုက်။
 ရုံးက ပြန်ခါနီးတိုင်း စိတ်ကူးကြည့်လိုက်။ အကျင့်ရသွားတဲ့အခါ ရုံးတံခါးပေါက်ကထွက်မယ်လုပ်တိုင်း ထမင်းဗူးကို သတိရလိမ့်မယ်။
နည်းတွေက ကြောင်တောင်တောင်နိုင်ချင် နိုင်နေလိမ့်မယ်။ ကိစ္စမရှိဘူး။ မှတ်မိဖို့ အဓိက မို့လား။
စာအုပ်က ရေးထားသေးတယ်။ အဲဒီ့ထဲက လေ့ကျင့်နည်းတချို့က ညဘက် လူသံသူသံ တိတ်တဲ့ အချိန်ကျမှ အေးအေးဆေးဆေး
သက်တောင့်သက်သာ ကျင့်ရင် ပိုထိရောက်တယ်တဲ့။ ကျနော် လေ့ကျင့်မှ ဖြစ်တော့မယ်။
ကျနော် စာအုပ်ကို လှန်လှောကြည့်ပြီး သဘောကျသွားတယ်။ ငါ့နှယ် စောစောက တွေ့ခဲ့ရင် ပြီးရော။ စာအုပ်ကို
မြည်းကြည့်နေတုန်းမှာပဲ ကျနော်မေ့တတ်တဲ့ဖုန်းနံပါတ် တခုကို နည်းတခုသုံးပြီးမှတ်လိုက်တယ်။
 နံပါတ်က ၅၄၁၃၅၇။ ကျနော့်စိတ်ကူးထဲမှာ ငါးလေးတကောင် ရေကန်ထဲမှာ ကူးခတ်နေတာကို မြင်ယောင်လိုက်တယ်။
ဒါဆို ရှေ့နှစ်လုံး “၅၄” ကို မှတ်မိပြီ။ နောက်လေးလုံးကလည်း မခက်ဘူး။ မဂဏန်းတွေ အစဉ်လိုက်။
ဒီနေ့ သူငယ်ချင်းတယောက်က လိပ်စာပေးတာကိုလည်း သတိရလိုက်တယ်။ သူနေတဲ့ တိုက်က ရွှေမာလာ အိမ်ယာ။
အခန်းက G3။ အဲဒါကို ကျနော်ဘယ်လို မှတ်ရရင် ကောင်းမတုန်း။
“မာလာ” ကို G3 နဲ့ ချိန်လိုက်တယ် လို့မှတ်လိုက်ရမလား။ သိပ်မကောင်းသေးဘူး။ မာလာကို ကိုယ်တိုင် အမြောက်နဲ့ ချိန်ထားတယ်
လို့မှတ်လိုက်တယ်။ အမြောက်ကို သတိရရင် G3 ကို သတိရမယ်။
မာလာကို သတိရရင် ရွှေမာလာ အဆောင်ဆိုတာကို သတိရမယ်။ ကျနော့်သူငယ်ချင်းတွေထဲမှာ မာလာဆိုတဲ့ကောင်မလေးလည်း
တကယ်ရှိတယ်လေ။
ရုတ်တရက် ကျနော့်ကောင်မလေးနဲ့ ညနေ ခြောက်နာရီလောက် ချိန်းထားတာကို သတိရမိတယ်။ ခုက တနာရီခွဲပဲ ရှိသေးတယ်။
ခါတိုင်းတော့ သင်တန်းက အပြန် သူနဲ့ချိန်းထားတာကို မေ့မေ့ပြီး အိမ်ကိုတန်းပြန်မိလို့ ပြဿနာ တက်ပေါင်းလည်းများပြီ။
ဒီတခါတော့ မမေ့စေရဘူး။ အရပ်ပုပု ဆံပင်ကောက်ကောက်နဲ့ ဘီလူးမကြီး နာရီတကြည့်ကြည့်နဲ့ ငါ့ကို စောင့်နေတယ်လို့
မြင်ယောင်ပြီး မှတ်လိုက်မယ်။ ပါးစပ်ကလည်း ဘီလူးမ၊ ဘီလူးမ၊ ဘီလူးမ ဆိုပြီး သုံးခါရွတ်လိုက်တယ်။
ဒီလိုနဲ့ ကျနော် စာအုပ်ဆိုင်ကနေ စာအုပ်တွေဝယ်…ပြီးတော့ သင်တန်းကိုသွား။ သင်တန်းမှာလည်း သတိရတိုင်း
ဘီလူးမကြီး နာရီကြည့်ပြီး စောင့်နေပြီ လို့ စိတ်ထဲကနေ ခဏခဏ တွေးလိုက်သေးတယ်။
ဒီတော့ သင်တန်းပြီးတော့ ကောင်မလေးနဲ့ ချိန်းထားတာကို မမေ့တော့ဘူးပေါ့။ တယ်ဟုတ်ပါလား။
(၉)
ဒီနေ့ ကျနော် တော်တော်လန်းနေတယ်။ ကောင်မလေးနဲ့ ချိန်းထားတာလည်း မမေ့တော့ဘူး။
သင်တန်းမှာ Resistor ရဲ့ colour code တွေကိုလည်း ကိုယ့်ဘာသာကိုယ် နည်းထွင်ပြီး ကာရန်လေးတွေ ချိတ်ပြီး မှတ်လိုက်တာ
လုံးဝ အဆင်ချောသွားတယ်။
 တယ်ဟုတ်ပါလား။ ဒါတောင် မှတ်ဥာဏ်ကောင်းအောင် လေ့ကျင့်နည်း စာအုပ်ကို ဖတ်ရသေးတာ မဟုတ်ဘူး။
ဆိုင်မှာ ခဏလောက် လှန်လှောမြည်းစမ်းကြည့်တာပဲ ရှိသေးတာ။ တအုပ်လုံးဖတ်ပြီးလို့ လိုက်ကျင့်ပြီးသွားတဲ့ အခါဆိုရင်တော့…
(၁၀)
အခု အလုပ်တွေလည်း ပြီးသွားပြီ။ လူသံသူသံ တိတ်ဆိတ်တဲ့ အချိန်လည်းရောက်ပြီ။ စာအုပ်ထဲက
မှတ်ဥာဏ်ကောင်းနည်းတွေကို စပြီးလေ့ကျင့်ဖို့ အချိန်ရောက်ပြီ။ ကျနော် ကျောပိုးအိတ်ကို ဖွင့်လိုက်တယ်။
“ဟိုက်…စာအုပ်တွေအကုန်လုံး စာအုပ်ဆိုင်က ငွေရှင်းတဲ့ကောင်တာမှာ ငွေရှင်းပြီးမှ မေ့ကျန်ခဲ့ပြီ”။
(၁၁)
ခြောက်နှစ်ခန့်ကြာသော်
ကျနော် ဘန်ကောက်က ABAC တက္ကသိုလ် မှာ တယောက်တည်း ထိုင်ရင်း wireless နဲ့ အင်တာနက် သုံးနေတုန်း
engineering က မြန်မာကျောင်းသား တစု ရောက်လာပြီးတော့
“အကို… ဒီမှာ ကြာဦးမလား မသိဘူး။ ကျနော်တို့ ဆရာနဲ့ ခဏ သွားတွေ့မလို့။ ဒီပစ္စည်းတွေ ခဏ ကြည့်ထားပေးလို့ ရမလားမသိဘူး”
မီိတာတွေ ဘာတွေ၊ အီလက်ထရွန်းနစ်နဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေ၊ laptop တလုံးလည်း ပါသလိုလိုပဲ…
“ရတယ်ညီ။ အကို ညနေအထိ ရှိဦးမှာ”
ကျနော်သုံးရင်းသုံးရင်းနဲ့ ရေဆာလာတယ်။ ထုံးစံအတိုင်း ရေဗူးကလည်း မေ့ခဲ့ပြန်ပြီ။ ဒီကြားထဲ ဗိုက်ကပါ နည်းနည်းဆာလာတာနဲ့
7-11 စတိုးဆိုင်ကို ထွက်လာခဲ့တယ်။
ဆိုင်ကနေ ပေါင်မုန့်တလုံးဝယ်..ဗိုက်ဖြည့်ပြီးတော့ အိမ်ကို ခဏပြန်လိုက်သေးတယ်။ ခဏနေမှ engineering က
ကျောင်းသားတွေ ကိုယ့်ကို ပစ္စည်းအပ်ခဲ့တာကို သတိရလို့ ကျောင်းကို ပြန်ပြေးရတယ်။
ဟိုရောက်တော့ ပစ္စည်းတွေလည်း မရှိတော့ဘူး။ သူတို့ကိုလည်း မတွေ့ဘူး။
နောက်နေ့ သူတို့နဲ့ လမ်းမှာ ပြန်တွေ့တော့ ကျနော့်ကို မမြင်ချင်ယောင် ဆောင်သွားတယ်။ ဘာသံမှ မကြားရဘူးဆိုတော့
ပစ္စည်းတွေ မပျောက်လို့နေမှာပေါ့။ ဒါပေမယ့် သူတို့လာသည်အထိ စောင့်မပေးပဲ တမင်ပြန်သွားတယ်လို့ ထင်လို့လား မသိဘူး။
ကျနော့်ကို မခေါ်တော့ဘူး။
===========================================================
အတိတ်နဲ့ ယက်ထားတဲ့ ပိုက်ကွန် 
- မောင် မိုး မြင့် -
ဆောင်းရဲ့ရနံ့တွေကိုရှုပြီးစပါးခင်းတွေကသူ့ထက်ငါအလုအယက်ကြီးထွားရင့်သန်နေသည်။တစ်ဆက်ထဲမှာရှိနေတဲ့လယ်ကွက်တွေက
အစိမ်းရောင်မွှေးပွကော်ဇောတစ်ချပ် ခင်းထားသလို ရှင်းသန့်ကြည်လင်နေသည်။စပါးခင်းတွေအလယ်မှာထင်းထင်းကြီးပေါ်နေတာက
နို့နှစ်ရောင်ထနေတဲ့အဆောက်အဦး အစုအဝေးတစ်ခု မြင့်မားတဲ့ စည်းရိုးအုတ်တံတိုင်းတွေနဲ့ တည်ငြိမ်လို့ပေါ့။ သူကတော့
သူ့ကိုယ်သူ တက္ကသိုလ်ဆိုတဲ့ အသိနဲ့ သားမွေးထားတဲ့ မိခင်လို ဂုဏ်ယူနေသည်။ အဲ့ဒီတက္ကသိုလ်မှာ...အဓိပတိလမ်းမရှိဘူး။
သစ်ပုပ်ပင်မရှိဘူး၊အင်းလျားကန်မရှိဘူး၊ ဂျပ်ဆင်မရှိဘူး၊ ကံကော်ပင်တွေလည်းမရှိဘူး။ဒါပေမဲ့...ဆရာ ဆရာမတွေရှိတယ်၊
ပညာသင်ကျောင်းသားကျောင်းသူတွေရှိတယ်၊လူငယ်တွေရဲ့ လွတ်လပ်ပွင့်လင်းတဲ့ အနံ့အသက်တွေရှိတယ်၊
ပြီးတောာ့အေးတိအေးစက်နဲ့ နားလည်ရခက်တဲ့ကျောင်းသားတစ်ယောက်လည်းထပ်ရှိနေပြန်ပါသေးသည်။
ဟုတ်ပါတယ် ဒါဟာ တက္ကသိုလ်ပါ။တက္ကသိုလ်ကြီးရဲ့ တစ်ခုတည်းသော ပိတောက်ပင်တန်းတွေကြားထဲမှာတော့အဲ့ဒီနားလည်ရခက်တဲ့
ကျောင်းသားလေး ထိုင်ပြီးပတ်ဝန်းကျင်မှာ နစ်မျောနေသည်။ ပိတောက်ရွက်တွေကြားကနေ ကျနေတဲ့ဝိုးတ၀ါးနေပြောက်ကလေးတွေ၊
မြေပင်မှာ ပလဲနေတဲ့ ရွက်ကြွေတွေ၊လေတိုက်လို့ လှုပ်ခတ်သွားတဲ့ ပိတောက်ကိုင်းသွယ်သွယ်လေးတွေ အားလုံးဟာ
လူငယ်လေးရဲ့ အမြင်ထဲမှာ အစီစဉ်တကျထပ်တလဲလဲဖြစ်တည်နေသည်။ ပတ်ဝန်းကျင်ကိုကြည့်နေတဲ့
သူ့မျက်နှာပေါ်ကအရေးအကြောင်းတွေ တဖြည်းဖြည်းပြောင်းလဲလာသည်။သူ့မျက်နှာပေါ်မှာ ပီပြင်တဲ့ အပြုံးတစ်ခုပေါ်လာလေသည်။
ခက်ခဲတဲ့ပုစ္ဆာတစ်ပုဒ်ရဲ့ အဖြေကိုတိတိကျကျသိသွားတဲ့ကျောင်းသားတစ်ယောက်လိုသူပြုံးနေသည်။ သူ့အပြုံးတွေဘေးကနေ
အသံတစ်သံထွက်လာသည်။
" မိုးမြင့် ထိုင်ပြီး နင်တစ်ယောက်ထဲဘာတွေပြုံးနေတာလဲ ငါ့ကိုလည်းပြောပြပါဦး "
သူမဘေးမှာရှိနေတာ ကျွန်တော်ခဏမေ့သွားသည်။ သူမကို စောင်းငဲ့ပြီးကြည့်လိုက်သည်။ ဟုတ်တယ်...ဘယ်အရာမှ
အကြာကြီးဖုံးကွယ်ထားလို့ မရဘူး။ သစ်ရွက်တွေရဲ့ အနံ့စိမ်းစိမ်းတွေနှာခေါင်းထဲဝင်လာသည်။ အကြောင်းမဲ့ ပိတောက်ပင်ကြီးကို
တစ်ချက်မော့ကြည့်လိုက်တယ်။လေထဲမှာတိမ်တွေ လွင့်လို့ပေါ့။ ချက်ခြင်းပဲသွေးတွေဆူဝေလာပြီး မျက်လုံးတွေ စူးရဲလာသည်။
တစ်ခုခုကိုလည်း ဆာလောင်လာသည်။ ကန်းနေတဲ့ သူတွေကတော့ ကိုယ့်ကိုကိုယ်မမြင်နိုင်ဘူး။
နှုတ်ခမ်းကနေစကားလုံးတစ်ချို့ထွက်ကျလာသည်။
" လဲ့ဝေ ငါကဗျာတွေရေးနေတဲ့ ကဗျာဆရာပါ "
သူမ အံ့သြခြင်း၊ မထင်မှတ်ခြင်းတွေပြည့်နေတဲ့ မျက်လုံးနဲ့ ကျွန်တော့်ကိုကြည့်သည်။ နင်နဲ့ငါ ဟိုးအရင်ထဲက အတွင်းသိ အဆင်းသိပါ
နင်ဘာတွေအရူးထပြန်ပြီလဲလို့မပြောပေမဲ့ သူမအကြည့်တွေမှာစကားလုံးတွေ ပါနေသည်။ ပြီးတော့ ကျွန်တော့်မျက်နှာကို
စေ့စေ့စပ်စပ်သေချာကြည့်သည်။ ဆံပင်တွေ လှုပ်ခါသွားယုံလေး ခေါင်းကို ရမ်းလိုက်သည်။
ကျွန်တော်သိပါတယ် နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေနဲ့ ညစ်ထေးထေး ဒီမျက်နှာ၊ အမြဲ အပြုံးအရယ် နည်းတဲ့ ဒီမျက်နှာ၊
လောကကြီးကို အမြဲအရွဲတိုက် နေတဲ့သူဟာ ကဗျာရေးနေတယ် သူမ မယုံဘူးဆိုတဲ့ခေါင်းရမ်းမှု့မျိုးပါ။ သူမရုတ်တရတ်
ကျွန်တော့်ညာလက်ကိုဆွဲကိုင်ပြီး လက်ချောင်းတွေကို တို့ထိကြည့်နေသည်။ သူမရဲ့အတွေးထဲမှာတော့ ကြမ်းရှအေးစက်တဲ့
ဒီလက်နဲ့ ရန်ပွဲတွေမှာဖြေရှင်းခဲ့တာတွေ၊ဖဲချပ်တွေကို အားပါးတရ ပွတ်တာတွေ၊ အရက်ကြမ်းခွက်ကို မက်မက်မောမောကိုင်ပြီး
မော့ခဲ့တာတွေ၊ လောကရဲ့ စည်းဘောင်တွေကိုရိုက်ချိုးခဲ့တာတွေကို ရုပ်ရှင်ပြကွက်တွေလို တစ်ကွက်ခြင်းမြင်နေရမှာပါ။သူမ
မျက်လုံးတွေ ခါးသက်လာသည်။အံ့သြခြင်းအရောင်ကနေ မဖြစ်နှိုင်ဘူး အယုံအကြည်မရှိဘူးဆိုတဲ့
အရောင်ဘက်တဖြည်းဖြည်းးပြောင်းလာတယ်။ လေတိုးသံနဲ့ အတူ စကားသံတစ်ချို့ပါ ပါလာတယ်။
" ငါမယုံဘူး မိုးမြင့် နင်ပြောတဲ့ ဘ၀အတွက်အရေးကြီးတဲ့ ကိစ္စဆိုတာ ဒါပဲလား "
ကျွန်တော်ခေါင်းကို သူမမြင်သာအောင် ညိတ်ပြလိုက်သည်။ သူမကတော့လက်ခံနိုင်ဖို့ ကဗျာတစ်ပုဒ်ရေးပြဖို့ တောင်းဆိုလိုက်သည်။
ကျွန်တော် ရေးမပြဖြစ်ဘူး။ အခုမှ မဟုတ်ပါဘူး အရင်ထဲကိုက ကျွန်တော် ဘယ်သူရှေ့မှာမှ ကဗျာမရေးသလို
ဘယ်သူကိုမှလည်း ရေးထားတဲ့ကဗျာတွေ မပြခဲ့ဘူး။ ဒါ့ကြောင့်လည်း ကျွန်တော်ဘာမှ မထိခိုက်မခံစားခဲ့ရဘူး။ ဒါပေမဲ့
ကျွန်တော့်ကိုယ် ကျွန်တော်သေချာမြင်လိုက်ရတဲ့ အချိန်ကစပြီး ဆန္ဒတစ်ခုပေါ်လာသည်။ အဲဒီ ဆန္ဒကတော့
ကျွန်တော်ကဗျာရေးနေတာ လဲ့ဝေ သိစေချင်သည်။ ကျွန်တော်ကဗျာဆရာဆိုတာလည်း သူမအသိအမှတ်ပြုစေချင်သည်။
အကယ်၍ သူမသာ အသိအမှတ်မပြုခဲ့ရင် ကျွန်တော်ဘယ်တော့မှ ကဗျာရေးတော့မှာ မဟုတ်ဘူး။
တစ်ပါတည်း ကျွန်တော့်ဝိဥာဉ်ပါ သေဆုံးသွားလိမ့်မယ်။ သွေးတွေ နောက်တစ်ကြိမ်ပြန်ပြီး ဆူဝေလာသည်။ သူမမျက်နှာကို
အချိန်အတော်ကြာ ကြည့်နေမိသည်။
ကျွန်တော့်ဝိဥာဉ်ကျွန်တော့်ကို ပူးကပ်နေပြီ။ မြင်မှယုံမဲ့ သူမအတွက် ကျွန်တော်အဖြေတစ်ခုပေးလိုက်တယ်။
" လဲ့ဝေ ငါကဗျာရေးမပြနှိုင်ပေမဲ့ သက်သေပြလို့တော့ရတယ် ခဏလောက်ဘာမှမပြောပဲ ငါ့ကိုကြည့်နေပါ ဖြစ်နိုင်ရင်
မျက်တောင်တောင်မခတ်နဲ့နားကိုစွင့်ပြီး နင့်အသိစိတ်တစ်ခုလုံး ငါ့အပေါ်မှာ ထားပေးပါ ပြီးမှ ငါကဗျာဆရာ
ဟုတ်မဟုတ် ဆုံးဖြတ်ပါ.......ခဏလေးနော်......"
တစ်ခဏ..........တကယ်ကို
ခဏလေးပါ...................................................................................
..................
..........................................................................................
..............
............................................................
...........
....................................
ယုံပြီးလား လဲ့ဝေလို့မေးတော့ သူမပြန်မဖြေဘူး။ ဒါပေမဲ့ သူမရဲ့ မျက်လုံးထဲမှာ ကျွန်တော့်အပေါ် ယုံကြည်မှု့တွေ၊
အသိအမှတ်ပြုမှု့တွေဖိတ်လျံနေတာကျွန်တော်မြင်နေရသည်။ သူမ ပြုံးလိုက်သည်။ကျွန်တော့် ဘ၀မှာအဲလောက်
စင်စင် ကြယ်ကြယ်ပြုံးတာ တစ်ခါမှ မမြင်ဖူးဘူး။ပြီးတော့ လေးနက်တဲ့ အကြည့်၊ လှိုက်လှဲတဲ့ ၀မ်းသာမှုမျိုးတွေ ကျွန်တော့်ကိုပေးသည်။
ကျွန်တော်လေထဲကိုလွင့်တက်သွားသလိုပဲ။ မျက်ဝန်းထဲမှာ အရည်လဲ့နေတဲ့ မျက်ရည်စတွေကို ထိန်းရင်းကျွန်တော့်လက်တွေကို
တင်းတင်းဆုပ်ကိုင်ထားသည်။
" နင်ကဗျာဆရာဆိုတာ ငါယုံသွားပြီ မိုးမြင့် "
သူမရဲ့ အသံတွေ အဖျားခတ် တုန်ရင်နေသည်။ ကျွန်တော်သူမကို လေးလေးနက်နက်ပြုံးပြလိုက်သည်။ လောကကြီးကို
သူမမြင်သွားတဲ့အတွက်၊ကျွန်တော့်ဝိဥာဉ်အတွက်၊ အနုပညာအတွက်၊ ခံစားမှု့ရသအတွက် ကျွန်တော် အမြဲကျေနပ်နေမှာပါ။
ဒီလိုနဲ့ ကျွန်တော်နဲ့ သူမပတ်ဝန်းကျင်ကို မြတ်နိုးမီတ်သိပ်စွာကြည့်ပြီး အိမ်ပြန်ခဲ့ကြသည်။ ညရောက်တော့ အဖြူရောင်အိမ်မက်တွေ
တသီတတန်းကြီး မက်သည်။နောက်နေ့ကစပြီး လေးရက်လောက်ကျောင်းမှာ လဲ့ဝေ ကိုမတွေ့ရတော့ဘူး။ ဒါပေမဲ့ ခြောက်ရက်မြောက်
နေ့မှာတော့ လဲ့ဝေကို ကျွန်တော်တွေ့လိုက်ရသည်။ အသံတွေ နားထဲမှာ မာကြော ကြပ်ခဲနေသည်။ကျွန်တော်လုံးဝ မယုံဘူး။
 ဒီလိုတွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားဘူး။ လဲ့ဝေ ဆုံးသွားပြီ။ ကားတိုက်ပြီး ဆုံးသွားပြီ။ ဆေးရုံမှာ တစ်ရက်ပဲနေလိုက်ရသည်။
သွေးတွေ တစ်ကိုယ်လုံးအေးခဲသွားသည်ဟု ထင်ရ၏။ မျက်လုံးတွေေ၀၀ါးမှုန်သီလာသည်။ လဲ့ဝေသူငယ်ချင်းပြောတာတွေ
နားထဲမှာ ထပ်တလဲလဲ ပြန်ကြားနေရသည်။
" လွန်ခဲ့တဲ့ ခြောက်ရက်လောက်က လဲ့ဝေ သူ့အမေကို သူ့ သူငယ်ချင်းးကဗျာဆရာဆိုတာပြောတယ်။ ဘယ်သူလဲဆိုတာတော့
မပြောဘူး။ ပြီးတော့ သူငယ်ချင်းတော်တော် များများကိုလည်း ဒီကိစ္စလိုက်ပြောတယ်။ ဒီရက်ထဲ ကျောင်းလည်းမသွားဘူး။
အိမ်ကနေတော့နေတိုင်းထွက်နေတာပဲလို့ သူ့အမေကပြောတယ်။ တစ်ရက် ငါနဲ့မြို့ထဲမှာတွေတော့
သူကဟိုဘက်ကားလမ်းမှာငါ့ကိုမြင်တော့ အလောတကြီး လမ်းကူးလာတဲ့ အချိန်မှာ ကားက၀င်တိုက်တာ။
တားချိန်တောင်မရလိုက်ဘူး။ သွေးတွေလူးနေတဲ့အချိန်မှာတောင်သူ့ သူငယ်ချင်းကဗျာဆရာဆိုတာပြောဖြစ် အောင်
ပြောသွားသေးတယ်။အဲ့ဒါကိုပြောချင်လို့ ပြေးကူးလာတာတဲ့။ စကားလည်းပြောပြီးရော သတိလစ်သွားတာ အခုသူဆုံးတဲ့
အချိန်အထိပါပဲ ။ "
တစ်ချို့အမှားတွေကို ပြင်ဆင်ဖို့ အတိတ်ကို ငါတစ်ခေါက်လောက်သွားချင်တယ်လဲ့ဝေ။ ငါဘာလုပ်ရမလဲလဲ့ဝေရယ်။
နင်မသေဘူးလဲ့ဝေ ငါအသက်ရှင်နေသမျှ နင်မသေပါဘူး လဲ့ဝေ။
တကယ်တမ်းသေသွားတာက................................................................................................................
............................................................................
တက္ကသိုလ်ကြီးကတော့ နှစ်တွေဖြတ်လွန်သွားပေမဲ့ တည်တည် ငြိမ်ငြိမ်ပါပဲ။ ပိတောက်ပင်တန်းတွေ နားမှာတော့
လူငယ်လေးတစ်ယောက် ကဗာတစ်ပုဒ်ကိုစိတ်ပါ လက်ပါရေးနေတယ်။ သူဟာကျောင်းသား ဟုတ် မဟုတ်ဆိုတာလည်း ဘယ်သူမှ
မသိကြပါဘူး။ လူငယ်လေးကတော့နေ့စဉ်နေ့တိုင်း ဒီနေရာလေးမှာ ကဗျာလာရေးနေသည်။ သူရေးတဲ့ ကဗျာဟာလည်း တစ်ပုဒ်ထဲကို
နေ့တိုင်းထပ်တလဲလဲရေးနေတယ်ဆိုတာ သူကလွဲလို့ ဘယ်သူမှသိမှာမဟုတ်ပါဘူး။ ဟော....သူကဗျာရေးလို့ပြီးသွားပြီ။
နှစ်နှစ် ခြိုက်ခြိုက်ပြုံးနေသည်။
ပြီးတော့လေးကန်တဲ့ ခြေလှမ်းတွေနဲ့ ကျောင်းဝင်းထဲကနေ တရွေ့ရွေ့ထွက်ခွာသွားပြီ။ ပါးစပ်ကနေလဲ လမ်းတစ်လျှောက်တိုးတိုးလေး
ရွတ်သွားတယ်။
" ငါ ကဗျာဆရာပါ လဲ့ဝေ "
မိုးတိမ်မဲတို့ အုပ်မှိုင်း
လျှပ်ပန်း လျှပ်နွယ်တွေကြား
ကျောပြင်ကို အမိုးထား အားရအောင်ငိုကြွေးပြီးမှ
နှလုံးခုန်သံနဲ့ သွန်းဆစ်
ကျောက်ခတ်ပန်းတစ်ပွင့်ကို
ရင်ငွေ့လှုံ အသက်သွင်းနေခဲ့သူ............။
==========================================================
                                                   အခန်းဆက် ဝတ္ထုရှည်
သူမပြန်ဝင်စားတဲ့မိုးရာသီ
အပိုင်း(၃)
- နေ ပိုင် -
အရောင်မှိန်ခါစ ညနေခင်းက ကမ္ဘာမြေပြင်အား ပျက်ရယ်ပြု၏။
ကားပြတင်းပေါက်မှ လေတိုးသံများက မျှော်လင့်ချက်များဖြင့် ရောယှက်နေကြ၏။
အဆိုတော် လွန်းသက်ချို၏ အိမ်လိပ်စာအတိုင်း မောင်းလာခဲ့လိုက်ရင်း
ခြံရှေ့ရောက်သည်နှင့် ကားစက်သတ်လိုက်၏။ ခြံရှေ့ရှိ ရေထွက်မြောင်းများအား
မင်းခနှင့် လင်းစက်ညီတို့ အထင်အရှားမြင်နေရ၏။
“တစ်ပေါက် နှစ်ပေါက် သုံးပေါက်…”
မင်းခနှင့်လင်းစက်ညီ စိတ်ထဲတွင် ကျိတ်ကာ ရေတွက်နေမိ၏။
“လေးပေါက် ငါးပေါက် ခြောက်ပေါက်…”
လင်းစက်ညီ ရင်ခုန်သံ မြန်လာ၏။ အသက်ရှူသံကို အတိုင်းသားကြားနေရ၏။
“ခုနစ်ပေါက် ရှစ်ပေါက် ကိုးပေါက်…”
ခန္ဓာကိုယ်အနှံ့ ကြက်သီးဖျင်းခနဲ ထ သွား၏။
“ညီ မင်းပြောတဲ့အတိုင်းဆို ရေထွက်ပေါက် (၉)ပေါက် ရှိနေတယ်။ ဒါဆို…”
လင်းစက်ညီက ခေါင်းညိတ်ပြရင်း…
“သေချာတယ် ဒီအတိုင်းဆို မနေ့ညကကောင်မလေးက လွန်းသက်ချိုပဲ”
“ဒီတော့ မင်းဘာဆက်လုပ်မှာလဲ”
လက်ကိုင်ဖုန်းမြည်လာသဖြင့် သူတို့နှစ်ဦး စကားလမ်းကြောင်းပြတ်သွားကြ၏။
“ဟယ်လို”
“×××”
“သြော် ဟုတ်ကဲ့ အန်တီ ခဏလေးကိုင်ထားနော်..။ မင်းခ မင်းအိမ်က..”
လင်းစက်ညီ မင်းခအား ဖုန်းလှမ်းပေးလိုက်၏။
“ဟဲလို..”
“×××”
“ဟုတ်ကဲ့မေမေ ကျွန်တော် ပြန်လာခဲ့လိုက်မယ်လေ”
“×××”
“ရပါတယ်..”
“×××”
“ဟုတ်ကဲ့ ဒါဆို ဒါပဲနော် မေမေ”
“ဘာထူးလို့လဲမင်းခ”
“အိမ်မှာ နယ်က ငါ့မိတ်ဆွေတွေရောက်နေတယ်တဲ့။
နောက်ပြီး မင်းစင်ကာပူက ပြန်ရောက်လာပြီးထဲက
ငါလည်းအိမ်ကို မပြန်ဖြစ်သေးတာလေ။ ဒီနေ့တော့ ငါအိမ်ခဏပြန်ဦးမယ်”
လင်းစက်ညီက ခေါင်းညိတ်ရင်း ကားစက်နှိုးလိုက်၏။
“မင်းက ဘယ်သွားမလို့လဲ ညီ”
“မင်းကိုလိုက်ပို့ပြီး ငါအိမ်ပြန်မယ်လေ။ နောက်ပြီး ငါစီစဉ်ထားတဲ့
ကော်ဖီဆိုင်ဖွင့်ဖို့ကိစ္စ ပြင်ဆင်သင့်တာ ပြင်ဆင်ရဦးမယ်”
“အေးဟုတ်သား မင်းဝန်ထမ်းခန့်ဖို့ အင်တာဗျူးက မနက်ဖြန်နော်”
“အင်း ဟုတ်တယ်လေ ။ မင်းအင်တာဗျူးတော့ လာမယ်မလား”
“အင်း လာခဲ့မယ်လေ၊ ဒါနဲ့ လွန်းသက်ချို ကိစ္စကကော”
လင်းစက်ညီ တိတ်ဆိတ်သွားမိ၏။
သူတို့၏ကားဘေးရှိ အိမ်ကြီးအား လှမ်းကြည့်လိုက်၏။
“သိချင်တာတွေလည်း သိပြီးပြီပဲ၊ စိတ်ထဲကနေ သူ့ကို
ခဏထုတ်နိုင်အောင် ကြိုးစားကြည့်ဦးမယ်”
“အေးလေ ဒါဆိုလည်းပြန်ကြမယ်။ မနက်ဖြန်အင်တာဗျူးမှာ ဆုံကြတာပေါ့”
သူတို့ကားလေးကား တရွေ့ရွေ့နှင့်…။
    လင်းစက်ညီ စိတ်မတည်မငြိမ်ဖြစ်နေမိ၏။ မျက်စိရှေ့မှ
တီဗွီထဲတွင် ဘောလုံးပွဲတစ်ပွဲ လာနေ၏။ လင်းစက်ညီသတိထားမိချိန်တွင်ပင်
ပွဲအဖြေမှာ ၄ဂိုး၁ဂိုးဖြစ်နေ၏။ တစ်ဖက်အသင်းက ကစားကွက်အသာဖြင့်
ကွင်းတစ်ခြမ်းလုံး ဖိကစားနေသောကြောင့် ပွဲမှာ ကြည့်လို့မကောင်းလှ။
စိတ်ရှုတ်နေချိန်မို့ လင်းစက်ညီ တစ်စုံတစ်ခုပေါ်တွင် အာရုံစိုက်ထားချင်မိသော်လည်း
စိတ်က စုစည်းလို့မရ။ တီဗွီပိတ်ကာ ခြံထဲဆင်းလာခဲ့လိုက်၏။
    မိုးရနံ့တို့ ပျံ့နှံ့နေ၏။ တစ်နေကုန် အပူစုပ်ယူခဲ့သည့် မြေပြင်က
မိုးရေစွတ်သည့်အခါ ထွက်ပေါ်လာသည့် မြေသင်းနံ့အား လင်းစက်ညီသဘောကျ၏။
တစက်မြိတ်အောက်မှ အပြင်သို့ထွက်လိုက်၏။ မိုးဖွဲလေးများ ကျဆင်းနေ၏။
မေ့မေ့ပျောက်ပျောက်ဖြစ်နေသည့်စိတ်က မင်းရဲကျော်စွာလမ်းထိပ်ရှိ
ကားဂိတ်လေးဆီသို့ရောက်နေ၏။ စိတ်ပိုင်းဖြတ်၍မရသည့်အဆုံး
သူ.. ကားမောင်းကာ ထွက်လာခဲ့လိုက်၏။
    မင်းရဲကျော်စွာလမ်းထိပ်တွင် ကားကိုထိုးရပ်ကာ ပြည်လမ်းမကြီးအား
လင်းစက်ညီ ငေးကြည့်နေမိ၏။ မြေသင်းနံ့တို့က လေအဝှေ့တွင် လှိုင်လှိုင်ထနေကြ၏။
မျက်စိရှေ့တွင် လှမ်းမြင်နေရသော ကားဂိတ်လေးက လူသူကင်းမဲ့နေဆဲ။ လင်းစက်ညီဘေးမှ
ကားတံခါးပွင့်သွားပြီး လူတစ်ယောက်ဝင်ထိုင်လိုက်၏။
“လွန်းသက်ချို”
လေအဝှေ့နှင့်အတူ သူမ၏ဆံနွယ်များက တဖျတ်ဖျတ် လူးလွန့်ကုန်ကြ၏။
ပါးပြင်လေးနှစ်ဖက်က အအေးဓာတ်ကြောင့် နီမြန်းနေကြ၏။
“အံ့သြသွားလား ကိုလင်းစက်ညီ”
သူမအပြုံးလေးတစ်ခုပါ ကံစမ်းမဲဖောက်ပစ်လိုက်၏။ မိုးစက်တို့က
တဖျောက်ဖျောက်ကျဆင်းနေဆဲ။ လင်းစက်ညီ ခန္ဓာကိုယ်တစ်ခုလုံးနွေးသွား၏။
“မင်းကို ဒီအချိန်ဆို ဒီနေရာမှာ တွေ့ရတယ်နော်”
“အဲဒါက မထူးဆန်းပါဘူး။ ရှင်ဒီနေရာကိုရောက်လာတာကသာ ထူးဆန်းနေတာ”
လင်းစက်ညီ ခိုးကြောင်ခိုးဝှက်လုပ်ထားသည့်အလုပ်အား လူမိသွားသလိုခံစားလိုက်ရ၏။
ဘာကြောင့်မှန်းမသိသော်လည်း လင်းစက်ညီ လွန်းသက်ချိုအပေါ်သံသယစိတ်များကင်းကာ
 ပျော်လာသလိုခံစားရ၏။
“ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ်မင်းကို တွေ့ချင်စိတ်လေး ပေါ်လာလို့ ထွက်လာလိုက်တာ။
မင်းများရှိနေမလားလို့ပေါ့”
စိတ်ထဲတွင် ကြောက်ရွံ့စိတ်ကင်းမဲ့နေ၏။ တရင်းတနှီးဖြစ်သွားသည့်စိတ်ကိုလည်း
ကိုယ့်ကိုကိုယ် ပြန်မဖမ်းမိ။ နှစ်ယောက်သားစကားသံ ခေတ္တတိတ်သွားကာ ကားမှန်ပေါ်သို့
တဖျောက်ဖျောက် ကျနေသောမိုးစက်များကို ငေးကြည့်နေမိကြ၏။ အတန်ကြာမှ..
“ရှင်က စကားနည်းတယ်နော်”
“ကိုယ်က ငြိမ်ငြိမ်လေး တွေးနေရတာကို သဘောကျတယ်”
“အဲဒါကြောင့် ရှင့်ကို ကျွန်မပြောတာပေါ့ ရှင်က ပင်ကွင်းတစ်ကောင်နဲ့တူတယ်လို့”
သူမ၏ မျက်ဝန်းများက မိုးကုပ်စက်ဝိုင်းထိ ငေးနေပုံရ၏။ ဆံစဖျားတွင် ရေစက်ကလေးများ
တွဲလောင်းခိုနေကြသဖြင့် သူမ၏လက်ဖဝါးလေးများလည်း အေးစက်နေကြလိမ့်မည်။
“တကယ်တမ်း လူတွေက ခိုတွေလိုပါပဲ”
“ကိုယ်သိပ်နားမလည်ဘူး”
သူမ ပြုံး၏။
“ခိုတွေက ရှေ့တစ်လှမ်းလှမ်းတိုင်းမှာ သူတို့ရဲ့ ဦးခေါင်းနဲ့ အရှိန်ယူရတယ်။”
“မင်းဆိုလိုချင်တာက..”
“လူတွေလည်းအဲလိုပဲလေ ဘဝမှာ ရှေ့တစ်လှမ်းတက်တိုင်း ဦးခေါင်း
တစ်နည်းအားဖြင့် ဦးနှောက်ကို အသုံးပြုကြတယ်လေ”
လင်းစက်ညီ တဆတ်ဆတ်ခေါင်းညိတ်၏။
“နောက်ပြီး လူတွေက ခိုတွေနဲ့တူတာ နောက်တစ်ချက်ရှိသေးတယ်”
“ဘာများလဲ”
“လူတွေလည်း ခိုတွေလိုပဲ ငြီးငြူတတ်ကြတယ်လေ။”
လင်းစက်ညီပြုံးမိ၏။  သူမ နှုတ်ခမ်းလေးဆူထားပုံက ကြက်အမောက်ကလေးလို
ထိုးထိုးထောင်ထောင်နှင့် မို့ လင်းစက်ညီ အသည်းယားသွား၏။
“ကိုလင်းစက်ညီ…”
“ . . . . . . ”
“ကျွန်မရှင့်ကို လင်းစက်လို့ ခေါ်လို့ရမလား”
“ရပါတယ်”
“ အင်း လင်းစက် .. ရှင်ကျွန်မကို ပုံပြင်ပြောပြပါလား”
“ပုံပြင်…?”
သူမ ခေါင်းညိတ်ပြ၏။
“ဘာလဲ မင်းက အိပ်တော့မလို့လား”
“အာ… မဟုတ်ပါဘူး ဒီအတိုင်းနေရတာ ပျင်းစရာကြီး”
“အင်း ဒါဆို ပြောပြမယ် သေချာနားထောင်”
“အင်း…”
“ပုံပြင်နာမည်က A Small Boy တဲ့”
“အင်း… ”
“ရေးတဲ့စာရေးဆရာနာမည်က John Magliola တဲ့”
“အင်း… ”
“မင်းကိုယ့်ကို နောက်နေတာလား”
“အင်း.. အာ…. မဟုတ်ပါဘူး စကားထောက်ပေးတဲ့ဟာကို”
ပြောရင်း သူမ နှုတ်ခမ်းလေးဆူသွားပြန်၏။ လင်းစက်ညီ သူမ၏
ကလေးဆန်ဆန်အမူအရာလေးအား ပြုံးမိ၏။
“အင်း ဒါဆိုသေချာနားထောင်”
သူမ နှုတ်ခမ်းလေးအား လက်ကလေးဖြင့် ဖိအုပ်ပြ၏။ သူတို့နှစ်ယောက်လုံး ရယ်မောဖြစ်ကြ၏။
“ချာတိတ်လေးတစ်ယောက်က ကောင်းကင်ပေါ်က ကြယ်ကိုကြည့်ပြီး ကြေကြေကွဲကွဲကြီး
ငိုကြွေးနေတယ်။ အဲဒီမှာ ကြယ်ကလေးက ချာတိတ်လေးကို မေးတယ်။
ကောင်းလေး မင်းဘာလို့ ငိုနေတာလဲ တဲ့”
“ဒီတော့ ကောင်လေးက ဘာပြန်ပြောလဲ”
“ကောင်လေးကပြောတယ်။ မင်းက ငါနဲ့အဝေးကြီးမှာဆိုတော့
ငါမင်းကို ပိုင်ဆိုင်ဖို့ မဖြစ်နိုင်ဘူးလေတဲ့”
“အဲဒီတော့…”
“အဲဒီတော့ ကြယ်ကလေးက ပြောတယ်။ ကောင်လေး  တကယ်လို့သာ ငါဟာ
မင်းရင်ထဲမှာ ရှိမနေဘူးဆိုရင် မင်းငါ့ကို မြင်ရမှာတောင်မဟုတ်ဘူးတဲ့”
ကားထဲတွင် စကားသံများ ရပ်တန့်သွား၏။ မိုးကုပ်စက်ဝိုင်းကြီးပင် နီးကပ်လာသလို ခံစားလိုက်ရ၏။
“မျဉ်းပြိုင်နှစ်ကြောင်းဟာ infinity မှာဆုံတယ်ဆိုတဲ့ ပိုက်သာဂိုရပ်စ်
ခေတ်နောက်ပိုင်းမှာ ပေါ်လာတဲ့ အယူအဆကို ရှင်လက်ခံလား”
“အင်းလက်ခံတယ်..”
“ဘာလို့လက်ခံတာလဲ”
သူမ၏မျက်ဝန်းများ ရီဝေဝိုင်းစက်နေကြ၏။ သူမ၏ မျက်ဝန်းများက လင်းစက်ညီထံမှာ
အားအင်များစုပ်ယူသွားသလို ခံစားရ၏။
“ကိုယ်လက်မခံဘူးဆိုရင်လည်း တတိယ ကမ္ဘာစစ်ကြီး ဖြစ်မသွားနိုင်ပါဘူး။
 ဒါပေမဲ့ မင်းစကားဆက်ပြောဖို့တော့ခက်သွားလိမ့်မယ်ဆိုတာ ကိုယ်သိနေတယ်”
သူတို့နှစ်ဦးရယ်မောဖြစ်ကြ၏။ ရယ်သံများက ကြာရှည်မခံလှ
 ပြန်လည် ပျောက်ကွယ်သွားကြပြန်၏။
“ကျွန်မပြောချင်တာက မျဉ်းပြိုင်နှစ်ကြောင်းဟာ infinity မှာ ဆုံချင်ဆုံမယ်။
ဒါပေမဲ့ မိုးကုပ်စက်ဝိုင်းနဲ့ လူသားကတော့ ဘယ်တော့မှ ဆုံနိုင်ကြမှာမဟုတ်ဘူး”
“မင်းကဘာလို့ အဲလိုထင်တာလဲ သူတို့လည်း infinity မှာ ဆုံချင်ဆုံမှာပေါ့”
သူမပြုံး၏။ လှမြဲလှဆဲလည်း ဖြစ်၏။
“ရှင့်မှာ ဘောပင်နဲ့စာရွက်ပါလား ကျွန်မ ရှင်းပြမယ်”
လင်းစက်ညီ ကားနောက်ခန်းထဲရှိ လွယ်အိတ်ထဲမှ ဘောပင်နှင့် စာအုပ်ထုတ်ပေးလိုက်၏။
 “ကမ္ဘာကြီးကို စက်ဝိုင်းလို့ မြင်ပြီး လူသားကို မျဉ်းဖြောင့်လေးလို မြင်ကြည့်ကြမယ်။
မျဉ်းဖြောင့်ဖြစ်တဲ့လူသားက ကမ္ဘာပေါ်မှာထောင့်မတ်ကျကျရပ်နေတယ်။ သူကြည့်လို့မြင်နေရတဲ့
အမှတ် A ဟာ မိုးကုတ်စက်ဝိုင်းပဲ။ အစက်ကလေးတွေနဲ့ ပြထားတဲ့ မျဉ်းက မိုးကုတ်စက်ဝိုင်းကို
လူသားက လှမ်းမြင်နေရတဲ့အကွာအဝေးပဲ။ ဒုတိယပုံကအတိုင်း လူသားက ရပ်နေရာကနေ
နေရာရွှေ့သွားလည်း မိုးကုတ်စက်ဝိုင်းကလိုက်ပြီး နေရာရွှေ့သွားမှာပဲလေ။ ဒီတော့ သူတို့နှစ်ဦး
ဘယ်တော့မှ ဆုံမှာမဟုတ်ဘူး”
သူမတော်တော်များများ စဉ်းစားတွေးခေါ်ထားပုံရ၏။
“ကဲပါ ဒါကထားလိုက်ပါ ကျွန်မ ရှင့်ကို ပုံပြင်ပြောပြမယ်”
“အင်းကောင်းသားပဲ”
“ကျွန်မတို့ ငယ်ငယ်က သင်ရတဲ့ ထင်းခုတ်သမားနဲ့ ပုဆိန်၃လက် အကြောင်းကိုရှင်မှတ်မိလား”
လင်းစက်ညီ မျက်မှောင်ကျုံ့ပြလိုက်၏။
“မြစ်ကမ်းနားမှာ ထင်းခုတ်သမားတစ်ယောက် ထင်းခုတ်နေတုန်း ပုဆိန်က မြစ်ထဲကျသွားတယ်လေ
အဲဒီမှာ ထင်းခုတ်သမားက ငိုနေတာနဲ့ မြစ်စောင့်နတ်က ရွှေပုဆိန်နဲ့ပေါ်လာပြီး
ဒါမင်းပုဆိန်လားလို့ မေးတယ်လေ”
“အင်း..”
“အဲဒီမှာ ထင်းခုတ်သမားက မဟုတ်ဘူးလို့ ဖြေလိုက်တော့ မြစ်စောင့်နတ်က
နောက်တစ်ခါ ငွေပုဆိန်နဲ့ ပေါ်လာပြီး ဒါမင်းပုဆိန်လားလို့ ထပ်မေးပြန်ရောလေ”
“ × × × ”
“ထင်းခုတ်သမားကလည်း မဟုတ်ပါဘူးပေါ့။ နောက်ဆုံးမှ မြစ်စောင့်နတ်က
ထင်းခုတ်သမားရဲ့ပုဆိန်နဲ့ ပေါ်လာပြီး ဒါမင်းပုဆိန်လားလို့ မေးတော့
ထင်းခုတ်သမားကလည်း ဟုတ်ပါတယ်ပေါ့”
“ × × × ”
“အဲဒီမှာ မြစ်စောင့်နတ်က ထင်းခုတ်သမားကို ရိုးသားလို့ဆိုပြီး ပုဆိန်၃လက်လုံး ပေးလိုက်ရောလေ။ မှတ်မိလား အဲ့ပုံပြင်။”
လင်းစက်ညီ ခေါင်းညိတ်ပြလိုက်၏။
“အင်း အမှတ်တကယ်တော့ အဲဒီပုံပြင်က အစစ်မဟုတ်ဘူး”
“ဒါဆို ပုံပြင်အစစ်က”
“ပုံပြင်အစစ်က ဒီလို ။ သူ့လိုပဲ ထင်းခုတ်သမားတစ်ယောက်က မြစ်ကမ်းနားမှာ သူ့မိန်းမနဲ့ လမ်းလျှောက်နေရင်း သူ့မိန်းမက
ခြေချော်ပြီး မြစ်ထဲပြုတ်ကျသွားပါလေရော..။”
လွန်းသက်ချိုက စကားအရှိန်ရကာ လက်ဟန်ခြေဟန်နှင့် အားရပါးရ ပြောပြနေ၏။
“အဲဒီတော့..”
“အဲဒီတော့ ထင်းခုတ်သမားက ငိုပါလေရော။ အဲဒီမှာတင် မြစ်စောင့်နတ်က
မိုးဟေကိုနဲ့ ပေါ်လာပြီး ဒါမင်းမိန်းမလားလို့ မေးပါလေရော”
“ထင်းခုတ်သမားက ဘာပြန်ပြောလဲ”
“ထင်းခုတ်သမားက ဟုတ်ပါတယ် ဒါကျွန်တော့်မိန်းမပါလို့ ပြောလိုက်တယ်”
“ဟင်.. သူကဘာလို့အဲလိုပြောတာလဲ”
“နားထောင်လေ…”
လွန်းသက်ချိုက ဆူပုပ်ပုပ်နှင့် လှည့်ဟောက်လိုက်သေး၏။
“မြစ်စောင့်နတ်က မင်းလိမ်တာလို့ပြောရော။ ဒါနဲ့ ထင်းခုတ်သမားက
သူလိမ်ရတဲ့အကြောင်းကို ရှင်းပြတယ်။ ကျွန်တော်က ရိုးရိုးသားသားနဲ့ မိုးဟေကို.. ကို
ကျွန်တော့်မိန်းမ မဟုတ်ဘူးလို့ ငြင်းလိုက်ရင် မြစ်စောင့်နတ်ကြီးက သဉ္ဇာဝင့်ကျော်နဲ့
ပေါ်လာပါဦးမယ်။ အဲဒီ့အခါမှာလည်း ကျွန်တော်က ရိုးရိုးသားသားနဲ့ ကျွန်တော့်မိန်းမ
မဟုတ်ဘူးလို့ ငြင်းရင် မြစ်စောင့်နတ်ကြီးက နောက်ဆုံးအနေနဲ့
ကျွန်တော့်မိန်းမနဲ့ပေါ်လာပါလိမ့်မယ်။ ဒီတော့မှာ ဒါက ကျွန်တော့်မိန်းမပါလို့ ဖြေရင်
 ရိုးသားလို့ဆိုပြီး မြစ်စောင့်နတ်ကြီးက မိန်းမသုံးယောက်လုံးပေးတဲ့အခါ ကျွန်တော်လို
ဆင်းရဲသားငမွဲက မိန်းမ၃ယောက်လုံးကို တင်ကျွေးမထားနိုင်တဲ့အတွက် လိမ်ရတာပါ.. တဲ့”
ရယ်သံများ ခပ်သဲ့သဲ့လေး ညံသွား၏။
“အဲဒီတော့ ဘာဆက်ဖြစ်သွားလဲ”
သူမ နှုတ်ခမ်းကိုက်ကာ မျက်လုံးလေးပင့်ရင်း စဉ်းစားနေသေး၏။
“ အင်း.. မိုးဟေကိုနဲ့ပဲ ညားသွားမှာပေါ့”
သူတို့ ကိုယ်စီပြုံးမိကြပြန်၏။
“ မင်းက အဲလို ပေါက်ကရလည်းပြောတတ်တာပဲလား..”
လွန်းသက်ချိုက ပြန်မဖြေတော့ဘဲ။ မျက်စောင်းလေးနှင့်ပြုံး၏။
    ထိုနေ့ညက မိုးရေစက်များ လမင်းကိုဝှက်က လမ်းသလားနေကြ၏။
    ပြုပြင်ဆဲ ကော်ဖီဆိုင်လေးတစ်ခု၏ ရုံးခန်းရှေ့တွင် အင်တာဗျူးလာရောက်
ဖြေဆိုသူများ စိတ်လှုပ်ရှားသည့်မျက်နှာ အနေအထားများဖြင့် စည်ကားနေ၏။
“လာလျှောက်တဲ့ အလုပ်နဲ့ သူတို့ရထားတဲ့ ဘွဲ့လက်မှတ်တွေကတော့ ကွက်တိပါပဲ”
“အင်တာဗျူးဆိုတာက personal individual mind ကိုစစ်တာလေကွာ ။
အလုပ်နဲ့ သူတို့စိတ်သဘောထား ကွက်တိကျဖို့လည်း လိုသေးတယ်လေ”
မင်းခက လင်းစက်ညီအား စကားမတုံ့ပြန်တော့ဘဲ လျှောက်လွှာစာရွက်တထပ်ကြီးထဲမှ
ကိုယ်ရေး အကျဉ်းလျှောက်လွှာတစ်စောင်အား ယူကာ လင်းစက်ညီရှေ့သို့ ချပေးလိုက်၏။
ဇွန်ဦးကိုက မေးငေါ့ရင်း..
“နင်ကိုက ဇီဇာကြောင်တာလည်းပါပါတယ်ဟာ”
“ဟဲ့ စီးပွါးရေးလုပ်တာ မိန်းမယူတာထက်တောင် စေ့စပ်ဖို့လိုသေးတယ်”
ဇွန်ဦးကိုက ဆူပုပ်ပုပ်နှင့် မျက်စောင်းထိုး၏။ ယခုချိန်ထိတော့ အမျိုးသား
၂ဦးနှင့် အမျိုးသမီး၁ဦးတို့အား မေးပြီးသွားပြီဖြစ်သည်။ လင်းစက်ညီ စိတ်တိုင်းမကျလှ။
လူတစ်ယောက် ဝင်လာသည့် ခြေသံကြောင့် လင်းစက်ညီ မျက်လုံးပင့်ကာ လှမ်းကြည့်လိုက်၏။
“ကျွန်မကို ဝင်ခွင့်ပြုပါ”
“ထိုင်ပါ”
လင်းစက်ညီ လျှောက်လွှာထဲမှ နာမည်အား ရွတ်လိုက်၏။
“နာမည်က နန်းမီမီမိုးစက်.. နော်”
“ဟုတ်ကဲ့..”
လင်းစက်ညီက သူမအားလက်ညှိုးထိုးရင်း..
“ခင်ဗျား ဒီအခန်းထဲကို ဝင်လာတုန်းက ခြေလှမ်းဘယ်နှလှမ်း လှမ်းခဲ့လဲ”
“ရှင်..!”
“ခင်ဗျား ခုနက အပြင်မှာထိုင်နေတဲ့ခုံကနေ အခု ခင်ဗျားထိုင်နေတဲ့ခုံအထိ
ခြေလှမ်းဘယ်နှလှမ်း လှမ်းခဲ့ရလဲလို့ မေးနေတာ”
ကောင်မလေးက မျက်မှောင်ကျုံ့၏။
“ကျွန်မ လာလျှောက်တဲ့အလုပ်နဲ့ ဒီမေးခွန်းနဲ့က ဘာမှမဆိုင်ဘူးလို့ ကျွန်မထင်တယ်။
 ဒီအတွက် ကျွန်မ မဖြေနိုင်ပါဘူး”
“အိုကေလေ ဒါဆို နောက်တစ်ခု ထပ်မေးမယ်”
ကောင်မလေးက တိတ်ဆိတ်နေ၏။ စိတ်မကြည်မလင်ဖြစ်သွားပုံလည်းရ၏။
ဤအလုပ်အား သူမရရမည်ဟု အပိုင်တွက်ထားပုံလည်းရ၏။
ထို့ကြောင့် မျက်နှာ ခပ်ထန်ထန်ဖြစ်သွားသည်မှာ မထူးဆန်းလှ။
“မင်းရွှေတိဂုံဘုရားကို ရောက်ဖူးမှာပေါ့။ အဲဒီရွှေတိဂုံဘုရား
တောင်ဘက်မုခ်မှာ လှေကားထစ် ဘယ်နှထစ်ရှိလဲ”
“ဘာ…! ဒီမှာ ရှင်ဘာတွေမေးနေတာလဲ။ အလုပ်နဲ့ ပတ်သက်တာပဲ မေးလို့မရဘူးလား”
လင်းစက်ညီ မျက်မှောင်ကျုံ့လိုက်၏။ အသံထဲတွင် ဒေါသသံများ ထည့်ကာ အော်ပစ်လိုက်၏။
“ဘာကွ။ မင်းရောက်ဖူးတဲ့နေရာမှာ လှေကားထစ်ဘယ်နှထစ်ရှိလဲဆိုတာတောင်
မင်းမသိဘူးလား။ မင်းမှာ အဲလောက်တောင်မှ စေ့စပ်သေချာမှု မရှိဘူးလား။ဒါဆို ဒီမှာရေးထားတဲ့
မင်းရထားပါတယ်ဆိုတဲ့ ဘွဲ့လက်မှတ်တွေက ဘယ်လိုရလာတာလဲ”
လင်းစက်ညီ သူမ၏ ကိုယ်ရေးအကျဉ်းစာရွက်အား စားပွဲပေါ်သို့ပစ်ချလိုက်၏။
“ဒီမှာ.. စေ့စပ်သေချာမှုဆိုတာ ပြန်လည်အသုံးချဖို့ လိုအပ်လို့ထားရှိတဲ့ ကိုယ်ကျင့်စရိုက်တစ်ခုပဲ။
ရွှေတိဂုံဘုရား တောင်ဘက်မုခ်က လှေကားထစ်အရေအတွက်မသိတော့ရော ကျွန်မအလုပ်အတွက်
ဘာများထိခိုက်နစ်နာသွားမှာမို့လို့လဲ”
သူမ အသံထဲတွင် ဒေါသသံများဆူပွက်နေ၏။ ဒေါသကြောင့်ပင်ဖြစ်မည်။
သူမ၏ နှုတ်ခမ်းလေးများလည်း တဆတ်ဆတ်တုန်နေ၏။
“ကောင်းပါပြီ မနန်းမီမီမိုးစက် ခင်ဗျားပြန်လို့ရပါပြီ”
ကောင်မလေးက မတ်တပ်ထရပ်၏။
“ရွှေတိဂုံဘုရားတောင်ဘက်မုခ်က လှေကားထစ်အရေအတွက်မသိလို့ အလုပ်မခန့်ဘူးဆိုတဲ့
ရှင့်ရဲ့ အတွေးအခေါ်ကတော့ သိပ်ရယ်ရတာပဲ။ ကဲ.. ကျွန်မကို ခွင့်ပြုပါဦး”
လင်းစက်ညီ နှုတ်ခမ်းတွန့်ကာ ပြုံး၏။ လှောင်ပြုံးမို့ မြင်ရသူလည်းနေရခက်စေ၏။
“နေဦး…”
နန်းမီမီမိုးစက်ဟူသော ကောင်မလေး၏ခြေလှမ်းများ ရပ်တန့်သွား၏။ ယခုချိန်ထိ
သူမကိုယ်သူမ အနိုင်ရသူတစ်ဦးဟု ယုံကြည်ထားဆဲ။
“ကိုယ်မင်းကို အလုပ်မခန့်တာ ရွှေတိဂုံဘုရားက လှေကားတွေနဲ့မဆိုင်ဘူး။ ”
ကောင်မလေးက နောက်ပြန်လှည့်မကြည့်။ ခေါင်းကိုသာ အနည်းငယ်မော့လိုက်၏။
“ကိုယ်က မင်းကို မေးခွန်းလေး(၂)ခုနဲ့ ရစ်လိုက်တာတောင် မင်းဒီလောက်ဒေါသထွက်ပြနေရင်
customer တွေကမင်းကို ရစ်လာတဲ့အခါ မင်းအခုလာလျှောက်တဲ့ ဆိုင်မန်နေဂျာတစ်ယောက်အနေနဲ့
မင်းဘယ်လိုလုပ်မလဲ။ သေချာတာကတော့ ခုလိုဒေါသထွက်ပြနေလို့မရဘူး။ အားလုံးကို
ပြေလည်အောင် ထိန်းညှိပေးနိုင်စွမ်း မင်းမှာရှိနေရမှာ။ မင်းလာလျှောက်တဲ့အလုပ်က မန်နေဂျာ။
ငါးစိမ်းသည်မဟုတ်ဘူး ချာတိတ်။ ဒါကြောင့် မင်းကို ကိုယ် အလုပ်မခန့်နိုင်တာပါ။ စိတ်မရှိပါနဲ့။ မနန်းမီမီမိုးစက်။”
ကောင်မလေးက လှည့်ကြည့်ကာ မဲ့ပြုံးပြုံးရင်း ခေါင်းကိုတဆတ်ဆတ်ညိတ်၏။
“ကျွန်မကို ခွင့်ပြုပါဦး”
“ကောင်းပါပြီ..”
    အခန်းထဲတွင် ကျန်ရစ်ခဲ့သော သူငယ်ချင်း သုံးယောက်သား ရယ်မောဖြစ်ကြ၏။
လင်းစက်ညီ စားပွဲပေါ်ရှိ ရေသန့်ဗူးအား ဖောက်က မော့သောက်ပစ်လိုက်၏။ ခုနက အဖြစ်အပျက်အား
ပြုံးကာ သက်ပြင်းချမိ၏။ ထို့နောက် မင်းခ ချပေးထားသော လျှောက်လွှာစာရွက်အား ဖတ်မည်အပြု
မင်းခက လင်းစက်ညီအား ပုခုံးပုတ်၍ မျက်လုံးပြူး မျက်ဆံပြူးဖြင့်
“ညီ.. ဟိုမှာ..”
အခန်းထဲသို့ ဝင်လာသည့် လူအရိပ်ရှိရာသို့ မော့ကြည့်လိုက်၏။ မိန်းကလေး
ခြေထောက်ဖြူဖြူလေး တစ်စုံ။ ခပ်ဟဟ ပွင့်သွားသော လင်းစက်ညီ၏ နှုတ်ခမ်းများ။
ကျယ်ဝန်းသွားသော သူ၏မျက်လုံး..ပါးစပ်မှ ခပ်ဖွဖွစကားသံ..
“လွန်းသက်ချို…”
==========================================================
                                                     အွန်လိုင်းအနုပညာရပ်ဝန်း
ခရမ်းရိပ် အနုပညာ
- လမ်းလျှောက်ဘလော့ဂါ -
          မင်္ဂလာပါ ခရမ်းရိပ်ရဲ့ပရိတ်သတ်ကြီးရေ  ။
လမ်းလျှောက်ဘလော့ဂါလို့ နာမည်ခံထားလေတော့ ဘလော့တွေ ၀ဘ်ဆိုက်တွေ ပြဲပြဲစင်အောင်လျှောက်။တွေ့တာလေးတွေ မှတ် ၊
တစ်ချို့ ၀မ်းသာရသလို တစ်ချို့မျက်ရည်ဝဲရတယ် ။ တစ်ချို့တွေ ဗဟုသုတရခဲ့သလိုတစ်ချို့တွေ ပယ်ခဲ့ရတယ် ။
ဒီလိုနဲ့ ရှာဖွေခဲ့သမျှလေး ခရမ်းရိပ်ဆီ ပြန်ပြန်ဖောက်သည်ချနေခဲ့တာလဲ အခုဆိုလတွေတောင် တော်တော်များများရှိခဲ့ပြီ ။
ဒီတစ်လတော့ ဘလော့တွေ ၀ဘ်ဆိုက်တွေဆီ လမ်းလျှောက်ထွက်ရာကနေ မျက်စိညောင်း စိတ်ညောင်း ပျင်းပျင်းရှိတာနဲ့
အိပ်ယာပေါ်လှဲနေတုန်း အိပ်ယာဘေးမှာတွေ့တဲ့ စာအုပ်လေးတစ်အုပ်ကောက်ကြည့်လိုက်တော့ . . .
ရယ်စရာမဂ္ဂဇင်း သြဂုတ်လ ၂၀၁၁ ထုတ်မဂ္ဂဇင်းစာအုပ်လေး။ အော် . . . ရယ်စရာကနေ ပြုံးစရာဆိုပြီးဖြစ် ။
ဒီနောက် ပြုံးစရာက သက်သက် ရယ်စရာက သက်သက် ဖြစ်လာတဲ့အခုချိန်တွေမရောက်ခင် အရင်က ရယ်စရာလေးပေါ့ ။
ပြန်ဖတ်ကြည့်မိတယ် ။ ထုံးစံအတိုင်း ဖောက်သည်ချစရာလေးတွေ့လိုက်ပါတယ်။ကျွန်တော်တို့ရဲ့
ဇာတ်လိုက်ကျော်ကြီး ဆရာသစ္စာနီရဲ့ ဧ၀ံမေသုတံ ဆောင်းပါးလေး ။ ဖတ်ပြီးတော့ ပြုံးရသလို တွေးရသလိုဗဟုသုတရစေသလို ။
ဂလို ဂလိုသောအကြောင်းတွေကြောင့် ခရမ်းရိပ်ဆီဖောက်သည်ပြန်ချလိုက်ပါတယ် ။ ကဲ . . ပရိတ်သတ်ကြီး ခံစားကြည့်ပါဦးဗျာ ။
============================================================================================================
အတုတွေနဲ့ကမ္ဘာ
------------------
ရုပ်ရှင်ဝါသနာအိုးတစ်ဦးဖြစ်တဲ့ ကျွန်တော်ဟာအခုတော့ထွက်သမျှ
အခွေတွေဝယ်ကြည့်ပြီးဇိမ်ကျနေပါတယ် ။ဟောလီးဝုဒ်မှာ အမေရိကန်ကား
တစ်ကားထွက်ပြီဆိုရင်လပိုင်းအတွင်းဒီအခွေကို ရန်ကုန်မှာဒီဗီဒီအခွေဝယ်
ကြည့်လို့ရပါတယ် ။ ဒီဗီဒီအောက်စက်တစ်လုံးရှိတာဟာ ရုပ်ရှင်ရုံတစ်ရုံကို
အိမ်မှာဝယ်ထားသလိုပဲဆိုပါတော့ ။ မကြာသေးခင်က " တိုးရစ် " ဆိုတဲ့
ကားတစ်ကားထွက်တယ် ။ ကျွန်တော်သဘောကျတဲ့မင်းသားနဲ့မင်းသမီး
( ဂျော်နီဒက်နဲ့ဂျိုလီ ) ပါတဲ့အတွက် ချက်ချင်းပဲဝယ်ကြည့်ခဲ့ပါတယ် ။
ရုပ်ရှင်ကားကတော့ သိပ်မစွံပါဘူး ။ပြောချင်တာကအဲ့ဒီရုပ်ရှင်ထဲမှာပါတဲ့
 စီးကရက်အတုအကြောင်းပါ။ ဒီကားထဲမှာဇာတ်လိုက်ဟာဆေးလိပ်စွဲနေတဲ့သူပါ ။
သူကဆေးလိပ်ဖြတ်ဖို့ကြိုးစားတဲ့အခါ အဲ့ဒီစီးကရက်အတုသောက်ခြင်းနဲ့
အစားထိုးခဲ့ပါတယ် ။
အဲ့ဒီစီးကရက်အတုက စီးကရက်အစစ်နဲ့တထေရာတည်းတူရုံသာမကဘူး ။
ဖွာလိုက်ရင်စီးကရက်ထိပ်ကမီးရဲခနဲဖြစ်ပြီး မီးခိုးငွေ့ပါ
ထွက်သေးတယ်။ဂျိုလီကိုဇာတ်လိုက်က " ဒါက အာသာပြေသောက်နေတဲ့
စီးကရက်အတုပါ လူကိုဥပါဒ်မဖြစ်ပါဘူး " လို့ရှင်းပြရင်း
စီးကရက်မီးနဲ့သူ့လက်ကိုထိုးပြပါတယ် ။ ကျွန်တော်ကတော့ဒါဟာရုပ်ရှင်ထဲမှာ
ကြံဖန်ရိုက်ပြတာပဲလို့ထင်ခဲ့တယ် ။ အခု ဒီစီးကရက်အတု
ရန်ကုန်ဈေးကွက်ထဲရောက်နေပြီဆိုတော့  အံ့သြသွားရပါတယ် ။
    ဟုတ်တယ် ။ အဲ့ဒါကို (e - Cigrette )လို့ခေါ်ပြီး ဘထ္ထရီအားသွင်း
ထားတယ် ။မီးညှိစရာမလိုပဲမီးရောင်ထွက်တယ်။မီးခိုးထွက်တယ် ။
ဒါပေမဲ့ အဲ့ဒီမီးခိုးက ရှူရှိုက်တဲ့သူကိုဘေးဥပါဒ်တစ်စုံတစ်ရာမဖြစ်စေဘူးတဲ့ ။
 အဲ့ဒီစီးကရက်အတုရဲ့အစီခံမှာနာမည်ကြီးစီးကရက်
အစစ်တွေရဲ့ အရသာကိုထည့်သွင်းထားတယ်။စီးကရက်အစစ်တွေက
ကျန်းမာရေးကို ထိခိုက်စေနိုင်သည် ဆိုတဲ့စာတန်းတွေ
ရိုက်နှိပ်ရောင်းချနေတဲ့အချိန်မှာ သူက Health Cigrette ကျန်းမာရေးစီးကရက်
ဆိုတဲ့အမည်နဲ့ ခပ်တည်တည်ရောင်းချနေတယ် ။
ထုံးစံအတိုင်း (ထုံးစံအတိုင်းဆိုတာကဈေးကွက်သစ်ရှာဖွေတဲ့နေရာမှာ
 စံပြလို့ဆိုရမယ့် ) တရုတ်ပြည်က ထုတ်လုပ်တင်သွင်း
ရောင်းချတာဖြစ်ပြီး ရောင်းဈေးကတစ်သောင်းကျော်တယ်လို့ဆိုပါတယ် ။
ကျွန်တော်ဟာ တစ်ခါကဆေးလိပ်ကိုအကြီးအကျယ်
စွဲလမ်းခဲ့သူတစ်ယောက်ပါ ။ ဒါပေမဲ့လွန်ခဲ့တဲ့ ၃၆နှစ်လောက်ကဆေးလိပ်ဖြတ်ပြီး
ကတည်းက အခုဆိုသူများသောက်တဲ့စီးကရက်ငွေ့လည်း
လုံးဝမခံနိင် ဆေးလိပ်သောက်တဲ့သူမြင်ရင်လည်း သဘောမကျတဲ့သူဖြစ်နေပါပြီ ။
     အခုတော့ ဒီဆေးလိပ်အတုသောက်နေတဲ့သူကြည့်ရတာ သက်သက်လွတ်
စားတယ်ပြောပြီး အသားတုဟင်းနဲ့ပွဲတော်တည်နေသလို
အမြင်မတော်ဆေင်တော်နဲ့ခလောက်ဖြစ်နေပါတယ် ။ ဒီကိစ္စဟာဆေးလိပ်ဖြတ်တဲ့
သူကိုအထောက်အကူမပေးပဲ တစ်ဖက်တစ်လမ်းကနေ
ဆေးလိပ်ကိုစိတ်ဝင်စားအောင်လှုံ့ဆော်ရာရောက်နေသလားလို့ စဉ်းစားမိတယ် ။
ဆေးလိပ်မသောက်တတ်တဲ့လူငယ်တွေဟာ
ဟန်လုပ်ချင်တဲ့စိတ်နဲ့ စီးကရက်အတု စ,သောက်ရကနေ အဲ့ဒီအကျင့်စွဲလမ်းသွားပြီး
စီးကရက်အစစ်သောက်တဲ့ဘ၀ကိုကူးပြောင်းသွားနိုင်တာတွေးမိလို့ပါပဲ ။
တကယ်တော့ ဆေးလိပ်ဆိုတာ ကျန်းမာရေးရှုထောင့် စီးပွားရေးရှုထောင့် လူမှုရေးရှုထောင့်
ဘယ်ဘက်ကကြည့်ကြည့် လောကကိုဘယ်လိုမှ ကောင်းကျိုးမပေးတဲ့အရာပါ။
အခုကမ္ဘာကြီးပူနွေးလာတာ ကာကွဝ်ရေးအမြင်ကကြည့်
ရင်လည်း စီးကရက်သောက်သူ ဆေးလိပ်မျိုးစုံသောက်သူသန်းပေါင်းများစွာရဲ့
ကမ္ဘာ့လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်
ထုတ်လုပ်မှုဟာအကြောင်းတစ်ကြောင်းအနေနဲ့ပါဝင်နေတာ တွေ့ရပါလိမ့်မယ် ။
ဒါကြောင့်လဲ အသိရှိတဲ့ကမ္ဘာသူကမ္ဘာသားအားလုံးဟာ
ဝိုင်းဝန်းဆန့်ကျင်ကြတာပေါ့ ။
      ကျွန်တော်တို့နိုင်ငံမှာလည်း လွန်ခဲ့တဲ့သုံးလေးနှစ်ကတည်းက
ဆေးလိပ်နဲ့ဆေးရွက်ကြီးဥပဒေပြဌာန်းပြီး ဆေးလိပ်ကိုနှိပ်ကွပ်ဖို့
စီစဉ်ခဲ့ပါတယ် ။ အင်မတန်ကောင်းပါတယ် ။ ဒီဥပဒေအရဆိုရင်
 စီးကရက်ကို တလိပ်ခြင်းရောင်းချခွင့်မရှိဘူး ။
( အဲ့ဒီဓလေ့ကလည်းထူးထူးခြားခြားမြန်မာတစ်နိုင်ငံထဲမှာပဲ ရှိပါတယ် )
၁၈နှစ်အောက်ကလေးတွေ စီးကရက်ဆေးလိပ်ကိုရောင်းချခွင့်ဝယ်ယူခွင့်မရှိပါဘူး ။
ကားဂိတ် ၊ သဘောင်္ဆိပ် ၊ ဘူတာရုံတွေမှာ
လည်ပင်းဗန်းဆွဲရောင်းနေတဲ့ကလေးတွေ တွေ့နေရတုန်းပဲ ။
လက်ဖက်ရည်ဆိုင်တွေမှာလည်း ကလေးစားပွဲထိုးကလေးတွေက
စီးကရက်ရောင်းနေရတုန်းပဲ။ ( ဒီတစ်ချက်က ကလေးသူငယ်အလုပ်သမား
 ဥပဒေနဲ့လည်းငြိစွန်းနေပါတယ် )
ကျောင်းအနီးပတ်ဝန်းကျင်ကိုက်တစ်ရာအတွင်း ဆေးလိပ်ရောင်းချခွင့်မရှိဘူး ။
ဘာဆက်လုပ်ကြမလဲ ။
        နောက် ဆေးလိပ်လိုပဲဆိုးဝါးတဲ့အရာတစ်ခုက ကွမ်းယာပဲ ။
အကျီ င်္ကောင်းကောင်းဝတ်ပြီး အပြင်ထွက်လာတုန်း
လမ်းပေါ်မှာ မတော်တဆဆိုပြီးကွမ်းတံတွေးနဲ့ အထွေးခံရတာ သုံးလေးခါရှိပြီ ။
ကားပေါ်က လှမ်းထွေးသွားတာတောင်ခံလိုက်ရသေးတယ်။
ကွမ်းယာရောင်းချခွင့်ကိုပိတ်ပင်တဲ့အမိန့်လည်း ရန်ကုန်မှာ ထုတ်ပြန်ခဲ့ဖူးတယ် ။
ထုတ်ပြန်စက ကွမ်းယာဗန်းတွေပျောက်သွားတယ် ။ယာပြီးသားကွမ်းထုတ်တွေကို
 လွယ်အိတ်ထဲထည့်ပြီး လက်သိတ်ထိုးခိုးရောင်းကြတယ် ။ ခဏပါပဲ ။
အခုတော့ ပြောင်ပြောင်တင်းတင်းပြန်ရောင်းနေကြပါပြီ။ မကြာမီကတော့ သပိတ်ကျင်းမှာ
လူငယ်လေးနှစ်ယောက်ဟာ နိုင်ငံခြားကလာတဲ့ကွမ်းပေါင်းထုတ်( Shikhar )
ကိုစားပြီးရေသောက်လိုက်ရာက ပါးစပ်မှာအမြုပ်တစီစီထွက်ပြီး
သေဆုံးသွားတယ်လို့ဆိုပါတယ် ။မနေနိုင်လို့စားကြမယ်ဆိုရင် ကိုယ့်အိမ်ထဲမှာပဲ
ကွမ်းအစ်ထားစားသင့်ပါတယ် ။ ကွမ်းဆိုတာ အရည်မရ အဖတ်မရ စားသူအတွက်
အာဟာရလဲမဖြစ် ဆိုးကျိုးတွေအဖြစ် သွားရောဂါ၊ သွားဖုံးရောဂါ ၊ လည်ချောင်းကင်ဆာ ၊
လျှာကင်ဆာ ၊ ဆီးအိမ်ကျောက်တည် ၊ကျောက်ကပ်ထိခိုက် . . . စတာမျိုးတွေသာ
ဖြစ်နိုင်တဲ့အတွက်လူတိုင်းရှောင်ကြဉ်သင့်ပါတယ် ။ စကာင်္ပူမှာဆို ပီကေစားတာ
ရောင်းတာကို တရားဝင်ဥပဒေနဲ့ပိတ်ပင်ထားတယ် ။ ချိုးဖောက်တာ
တွေ့ရင်လည်း တိတိကျကျအရေးယူတော့ အများစုက
လေးလေးစားစားလိုက်နာကြတယ် ။ အဲ့ဒါကို ကျွန်တော်တို့အတုယူသင့်ကြောင်းပါ ။
( သစ္စာနီ )
ကဲ ... ပရိတ်သတ်ကြီးရေ . . . ဆရာကတော့ မကောင်းမြစ်တား
ကောင်းရာညွှန်လတ် လုပ်သွားပါတယ် ။ကျွန်တော်တို့ ခင်ဗျားတို့
လိုက်နာနိုင်မလား မလိုက်နာနိုင်ဘူးလားဆိုတာတော့ ကိုယ်တိုင်ပဲ စဉ်းစားကြပါတော့ဗျာ ။
ဆရာသစ္စာနီကိုလဲ ဒီနေရာနေပဲ ကျေးဇူးအထူးတင်ပါကြောင်း ပြောကြားရင်း . . . . .  ။
==============================================================
                                               အခန်းဆက်ဘာသာပြန်ဝတ္ထုရှည်
အဖြူရောင်ကျိန်စာ
           အပိုင်း (၂)
- လူ အိမ်သစ် -
ယခင်လမှ အဆက် . . .
ကျွန်မရဲ့ အသိအာရုံတွေ ချို့ယွင်းသွားရပြီး ခပ်မြန်မြန်ပဲ ကျွန်မ ပြေးသွားမိလိုက်တယ်။
ဒါ .. ဒါ .. ကျွန်မ မျှော်လင့်ထားခဲ့သလို မဟုတ်ဘူးလေ။ အိုး .. ဒုက္ခပါပဲ။ ကျွန်မရဲ့
ပြးနှုန်းကို အမြင့်ဆုံးဖြစ်အောင် မြှင့်ပြီး ပြေးနေမိတယ်။ ဒါပေမယ့် ကျွန်မ မြင်နေရတဲ့
လက်တစ်ကမ်းစာ ခရီးဟာ အရမ်းကို ဝေးကွာလွန်းနေပါလား။
ကျွန်မတော့ ရူးတော့မှာပဲ ဖေဖေ။
အိမ်ရှေ့မှာ ရဲကားနှစ်စီး ရပ်ထားတာ တွေ့ရတယ်။ ရဲသားတစ်ယောက်ဟာ
ကျွန်မကို သတိထားမိသွားပြီး၊ ကျွန်မဆီ လျှောက်လာပါတယ်။ ပြီးတော့
ကျွန်မကို မင်း ဒီမှာ နေတာလား လို့ မေးတယ်။ ကျွန်မ ဒီအိမ်မှာ မနေတော့တာ
 ကြာပါပြီ၊ အခု ကျွန်မရဲ့ အဖေဆီ လာလည်တာပါ လို့ ကျွန်မ ပြန်ဖြေလိုက်တယ်။
အဲ့ဒီနောက် သူက မေးခွန်းတွေ ဆက်မေးပါတော့တယ်။
“မင်း နာမည်က ဂျန်းနာဘန့်ခ်စ် လား?”
“ဂျန်းနာ ဘရောင်နာ ဘန့်ခ်စ် ပါ”
ကျွန်မ ပြည့်ပြည့်စုံစုံ ဖြေပေးလိုက်တယ်။ ကျွန်မနာမည်ရဲ့
အလယ်စာလုံးဟာ မေမေ့နာမည်ဖြစ်တာကြောင့် ကျွန်မ တန်ဖိုးထားရမယ်မဟုတ်လား။
ဒါပေမယ့် ကျွန်မရဲ့ အဖြေကို သူက သဘောမကျသလိုနဲ့၊ အဖြစ်သည်းလှရန်ကော
ဆိုတဲ့ အမူအယာမျိုး ဖြစ်သွားတယ်။ သို့သော်ငြားလည်း သူ့ရဲ့ မျက်နှာမှာ
ကရုဏာအငွေ့အသက်တွေ ယှက်သန်းနေပါတယ်။ နက်နက်ရှိုင်းရှိုင်းကို
ကရုဏာသက်နေသလိုမျိုးပေါ့။ အဲ့ဒီ ကရုဏာသန်းတဲ့
အမူအယာကလည်း တစ်စုံတစ်ခုကို ရည်ညွှန်းကောင်းရည်ညွှန်းနိုင်တာပါပဲ။
ရုတ်တရက် ကျွန်မ ဖေဖေ့ကို သတိရသွားပြီး အိမ်ထဲဝင်မည့်ဟန်
ပြုလိုက်ပါတယ်။ ဒါပေမယ့် ရဲသားက ကျွန်မကို ခွင့်မပြုခဲ့ပါဘူး။ သူက ..
“ကျွန်တော် စိတ်မကောင်းပါဘူး ဂျန်းနာ .. မင်းရဲ့ အဖေ ဆုံးသွားခဲ့ပြီ”
“အို .. ဘုရားသခင်”
ကျွန်မ အိမ်ရှေ့မြက်ခင်းပြင်ပေါ် ပုံလျက်သား လဲကျသွားခဲ့တယ်။
သည်မြက်ခင်းပြင်ကလေးက ကျွန်မရဲ့ ဖေဖေ ဂေါ့ဖ်ရိုက်ဖို့ ရည်ရွယ်ပြီး
စိုက်ထားခဲ့တဲ့ မြက်ခင်းပြင်ကလေးပါ။ ဘာကြောင့်များ မြက်ခင်းပြင်ကလေးက
ရှင်သန်နေပြီး ဖေဖေက သေဆုံးသွားခဲ့ရတာလဲ။
ရဲသားက မြက်ခင်းပြင်ပေါ် ဒူးထောက်ထိုင်လိုက်ပြီး ကျွန်မရဲ့ လက်မောင်းကို
တွဲထူလိုက်တယ်။ ဖေဖေ သေသွားပြီ ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမယ့်
အဖြစ်အပျက်တွေက ရုတ်ချည်းဆိုသလို မြန်ဆန်လွန်းတော့ ကျွန်မ
ချက်ချင်းလက်ခံနိုင်ဖို့ ခက်ခဲနေတာပါ။ ကျွန်မစိတ်ထဲမှာ ရေးထားခဲ့တဲ့
ဇာတ်ညွှန်းက ဒီလိုမျိုး မဟုတ်ခဲ့ဘူး။ ဘဝဆိုတာ ရုပ်ရှင်တစ်ကားလိုမျိုး
ကျွန်မ ရေးခဲ့တဲ့ဇာတ်ညွှန်းအတိုင်း ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ။ ဒါပေမယ့်
ဘဝဆိုတာ ရုပ်ရှင်မဟုတ်ဘူး။ ဘဝဆိုတာ အမှန်တရားပဲ။ ကျွန်မ
အခု ကြုံတွေ့နေရတာတွေကလည်း အမှန်တရားတွေပဲ။
အဲ့ဒီအမှန်တရားကို ကျွန်မ သိဖို့လိုအပ်နေပြီ။ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတဲ့ အမှန်တရား။
ကျွန်မ ရဲသားရဲ့ မျက်လုံးကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ပြီး မေးလိုက်တယ်။
“ဘာတွေဖြစ်ခဲ့တာလဲ ကျွန်မကို ပြောပြစမ်းပါ”
သူက ကျွန်မရဲ့ အမေးကို ချက်ချင်းမဖြေနိုင်ဘဲ သက်ပြင်းတစ်ချက် လေးပင်စွာ ချတယ်။
“မင်း ဘာအကြောင်းကိစ္စရှိလို့ မင်းအဖေဆီ အလည်လာရတာလဲ ဂျန်းနာ”
“ကျွန်မဆီကို ဖေဖေပို့လိုက်တဲ့စာတစ်စောင် မနေ့တုန်းက ရောက်လာတယ် ..
စာထဲမှာ ပါတဲ့ စကားလုံးတွေအရ ဖေဖေ သေတော့မယ် ဆိုတဲ့ အတွေး
ကျွန်မခေါင်းထဲဝင်လာတယ် .. အနည်းဆုံးတော့ သူ ကျွန်မကို ပြောပြသင့်ပေမယ့် ..
ပြောမပြနိုင်လောက်တဲ့ အကျဉ်းအကျပ်တစ်ခုထဲမှာ ရောက်နေတယ်လို့
ကျွန်မထင်တယ် .. ဒါကြောင့် ဖေဖေနဲ့ တွေ့ရအောင် ကျွန်မ လာခဲ့တာပဲ ..
 ဒါပေမယ့် အိမ်ကိုရောက်တဲ့အခါ ရှင်တို့ရဲတွေ ကပ်ထားတဲ့ တားမြစ်စာသားပါ
အဝါရောင်တိပ်တွေကို မြင်လိုက်ရတာပဲ .. ဘာကြောင့် ဒါတွေကို ကပ်ထားရတာလဲ”
“မင်းရဲ့အဖေဟာ အသတ်ခံလိုက်ရတာကြောင့်ပဲ ဂျန်းနာ”
“အို .. !”
“လောလောဆယ်အချိန်မှာ မင်း စိတ်ထိခိုက်နေတာကို နားလည်ပါတယ် ဂျန်းနာ ..
ဒါပေမယ့် မင်းနဲ့ စကားပြောချင်နေကြတဲ့လူတွေရှိတယ်”
“အခုလား” လို့ ကျွန်မ ပြန်မေးလိုက်မိပြီးမှ တော်တော်ကို ဦးနှောက်မရှိတဲ့
မေးခွန်းပါလားလို့ ကိုယ်ကိုယ်ကို အပြစ်တင်မိသွားတယ်။ ဟုတ်တာပေါ့ ..
အခုပဲ ဖြစ်သင့်တာပေါ့။
“ဟုတ်တယ် .. အခုပဲ .. မင်း အိမ်ထဲဝင်သင့်ပြီလို့ ငါထင်တယ်”
ကျွန်မ ထုံထိုင်းလေးကန်စွာပဲ သူ့အနောက်ကနေ လိုက်သွားခဲ့တယ်။
ကျွန်မ ထင်တာက တိုနီဆိုတဲ့ ကျွန်မရဲ့မိထွေးကို အိမ်ထဲဝင်ဝင်ချင်း
တွေ့လိုက်ရမယ်လို့ပေါ့။ ဒါပေမယ့် သူမရဲ့ အရိပ်အယောင်တောင်
 မမြင်တွေ့ရပါဘူး။ အိမ်စေတွေလည်း တစ်ယောက်မှ မတွေ့ရဘူး။
ဆက်ရန် . . .
* Jennifer L. Armstron ၏ Prophet အား ဆီလျော်အောင် ပြန်ဆိုသည် ။
==============================================================
                                                   Download Zone
ခရမ်းရိပ်မဂ္ဂဇင်း သြဂုတ် ၂၀၁၂ အားဒေါင်းလုပ်ရယူရန် >>>
ခရမ်းရိပ်အနုပညာမဂ္ဂဇင်း ( သြဂုတ် ၂၀၁၂ )
0 comments:
Post a Comment