Tuesday, 16 October 2012

ခရမ်းရိပ်အနုပညာမဂ္ဂဇင်း { စက်တင်ဘာ ၂၀၁၂ }

with 0 comments




ကဗျာ

မစ္ဆရိယ
- ဟိန်း -

ချစ်သူကို မုန်းခဲ့ရမှန်းသိတယ်။
မုန်းသူကို ချစ်ခဲ့ရမှန်းသိတယ်။
ပညာဆုံးအောင်မသင်ခဲ့ရမှန်း သိတယ်။
မေမေ့ကို ငိုစေခဲ့မှန်း သိတယ်။
Piano တီးတတ်မှန်း သိတယ်။
သိတယ် ၊ သိနေတယ် ။
ပန်းဆယ်မျိုးထဲက ပန်းတော်တော်များများ တတ်မှန်းသိတယ်။
ဒါပေမဲ့ .... အထဲက ထွက်လာရင် ကဗျာမရေးရဘူး ။

ဆရာဝန်မ ၊ ရေးလို့ ရတယ် ။
ဆိုက်ကားသမား ၊ ရေးလို့ ရတယ် ။
ရုပ်ရှင်မင်းသား ၊ ရေးလို့ ရတယ် ။
လွှတ်တော်အမတ် ၊ ရေးလို့ ရတယ် ။
ပရဟိတသမား ၊ ရေးလို့ ရတယ် ။
အင်ဂျင်နီယာ ဘွဲ့ရ ၊ ရေးလို့ ရတယ် ။
ရှေ့နေမ ၊  ရေးလို့ ရတယ် ။
ဇာတ်မင်းသား ၊ ရေးလို့ ရတယ် ။
ကာတွန်းဆရာ ၊ ရေးလို့ ရတယ် ။
ထာဝရခရီးသွား ၊ ရေးလို့ ရတယ် ။
ညဈေးတန်းမှာ အထည်ရောင်း ၊ ရေးလို့ ရတယ် ။
အရက်သမား ၊ ရေးလို့ ရတယ် ။
ဒါရိုက်တာ ၊ ရေးလို့ ရတယ် ။
အဆိုတော်မ ၊ ရေးလို့ ရတယ် ။
ရွှေ့ပြောင်းလုပ်သား ၊ ရေးလို့ ရတယ် ။
လူရွှင်တော် ၊ ရေးလို့ ရတယ် ။
ပရိုဂရမ်မာ ၊ ရေးလို့ ရတယ် ။
ပြည့်တန်ဆာခေါင်း ၊ ရေးလို့ ရတယ် ။
ဂစ်တာသမား ၊ ရေးလို့ ရတယ် ။
ဘုန်းကြီးကျောင်းသား ၊ ရေးလို့ ရတယ် ။
နိုင်ငံခြားသား ၊ ရေးလို့ ရတယ် ။
နို့ပေမင့် .... ဟဲ ဟဲ အထဲက ထွက်လာရင် ကဗျာမရေးရဘူး။

အချင်းချင်းတော့
ဖြုတ်မယ် ၊ ကင်မယ် ၊ ပါးပါးလှီးမယ် ၊ နှစ်ပြန်ကြော်မယ် ၊ ချင်း(ဂျင်း)ထည့်မယ် ၊
သုပ်မယ် ၊ နံနံပင်အုပ်မယ် ၊ အချဉ်ရည်ဆမ်းမယ် ၊ အသည်းပုံပန်းကန်နဲ့ ထည့်ပေးမယ် ။
ဒါပေမဲ့ .... စိတ်ချ ။
အထဲက ထွက်လာရင် ကဗျာမရေးရဘူး။

ယာဉ်စည်းကမ်းထိန်းသိမ်းရေးက ဝေတဲ့
လက်ကမ်းစာစောင်ထဲက စာသားနဲ့ ခပ်ဆင်ဆင် ....
ဘာတဲ့ .......... ထွက်လျှင် မရေးရ ၊ ရေးလျှင် မထွက်ရ ။

ဒီမှာ တစ်ပုဒ် ၊ ကဲ.. ဟိုမှာတစ်ပုဒ် ၊
ကဲ ... အဝေးက စော် ဖို့ တစ်ပုဒ် ၊ကဲ ... အတွေးက ပေါ် လို့ တစ်ပုဒ် ၊
အင့် .. ခေါင်းကိုက်တာ တစ်ပုဒ် ၊ အင့် .. မြောင်းနှိုက်တာ တစ်ပုဒ် ၊
ကိုင်း ... ယောင်ယမ်းတာ တစ်ပုဒ် ၊ ကိုင်း ... ထောင်ပန်းတာ တစ်ပုဒ် ၊
ရော့ ..အမြီးမြှောက်တာ တစ်ပုဒ် ၊ ရော့ ... အီးပေါက်တာ တစ်ပုဒ် ၊
အထဲကို ထည့်ပေးလိုက်သူတွေတောင် အဲ့လိုရေးနေတဲ့ ခေတ်မှာ
အထဲက ထွက်လာရင် ကဗျာမရေးရဘူး ။

နာကျည်းခံပြင်းခြင်းအနုပညာ ဆိုတာ
ခြင်ထောင်ထဲမှာလည်း တွေးယူလို့ရတယ်လို့
ထင်နေသူတွေက
ဓမ္မသီချင်းတစ်ပုဒ်ကို သြော်ခက်စတြာကြီးနဲ့
ဆိုသလို ပျော်ရွှင်ညီညာ ဆိုနေတုန်းပဲ ။

အ .. ထဲ .. ထွက် .. လာ .. ရင် .. ကဗျာ မရေးရဘူး ။
  
*သြော်ခက်စတြာ = Orchester = သံစုံတီးဝိုင်း

=====================================================

အလယ်မှာ ရွာတဲ့မိုးက ကျွန်တော်တို့ရဲ့ မုတ်သုန်ကို ကြီးစိုးပါ 
 - ကြ ယ် စ စ် သ ည် -

မသေချာမှုက မခိုးမခန့်ရယ်လို့။ အဆင်မပြေမှုကလည်း ဆက်တိုက်ပဲ။ သတိထားရမှာက အတောင်ပံခတ်
သံလေးကလည်း မုန်တိုင်းဖြစ်နိုင်တယ်။ ထွက်ပေါက်က လက်တစ်ကမ်းမှာပဲ။ ဘုရား၊ ဘုရားနဲ့ ဘုရားပဲ တ
နေမိတယ်။ စိုးရိမ်မှုက မပြေဘူး။ သေစရာရှိရင် ပထမဆုံးအလှည့် ကိုယ့်ကိုပေးပါ။ တစ်ယောက်က ဖိအား
ပေးတယ်။ တစ်ယောက်က မရေရာဘူး။ ငယ်ငယ်က သံယောဇဉ်၊ အခုကျတော့ သံစဉ်၊ မနက်ဖြန်ဗိုင်းမငင်
ခင်တော့ လသာပေးပါ။ ဆူးလေကို ရောက်သွားတယ်။ မြင်နေကျသူစိမ်းတွေကို တွေ့တယ်။ သူတို့က စိမ်း
လို့ ကိုယ်က မနီဘူး။ စာမေးပွဲလည်းနီးပြီ။ ဒီတစ်ခါ အရေးကြီးတယ်။ အသေအချာ လုပ်ရမှာပဲ။ * ငါ့ ရှင်တို့
က ဘာလဲ၊ ငါက ဘာလဲ၊ နာမည်တွေကိုမြေကြီးပေါ်ပစ်ချပြီး၊ လှလှပပ ပြိုင်ရဲပါတယ်၊ တစ်နေ့
တော့ တွေ့ကြမယ်။ * ဒီနေ့ကတော့ ဂျူတီအော့ဖ်ပဲ။ မှူးနဲ့လည်း တွေ့ရဦးမယ်။ သူဝေးဆီလည်း သွားရ
မယ်။ ရာပြည့်ပဲ။ ဟုတ်တယ် မန္တလေးမှာတော့ အဲဒါ ပြည့်စုံတယ်။ တနင်္လာနေ့ရဲ့ ညနေပိုင်းမှာ ဆုံမယ်။
မနက်ပိုင်းမှာရောက်မယ်။ အလုပ်တစ်ဖက်နဲ့ ဆိုတာတော့ ဟုတ်တယ်။ ပိုတဲ့ အချိန်ကတော့ အားလုံးအတွက်
ပဲ။ အွန်လိုင်းလည်း မတက်ဖြစ်ဘူး။ မအားတဲ့ကြားက ရေးဖြစ်သမျှလေးတော့ သွားတင်လိုက်သေးတယ်။
ကျန်တဲ့သူတွေကော အဆင်ပြေရဲ့လားမသိ။ အစစ အဆင်ပြေပါစေလို့ပဲ ဆုတောင်းနေမိတယ်။ ကိုယ့်မှာ
လည်း ဒါပဲ တတ်နိုင်တယ်လေ။ ခရီးကလည်း ထွက်ရဦးမယ်။ မသွားခင်တော့ ဒီက ကိစ္စလေးတွေ အပြီးသတ်
ခဲ့ချင်တယ်။ ကိုယ့် တစ်ယောက်တည်း စာအုပ်ကလည်း ထွက်တော့မယ်။ အားလုံးနဲ့ လုပ်ထားတာကိုလည်း
အကောင်းဆုံး ဖြစ်စေချင်တယ်။ ကိုယ်စီကိုယ်စီ စိတ်ကူးတွေနဲ့ပဲ။ ဖြစ်နိုင်ရင် အားလုံးက ကောင်းစေချင်ကြ
တာပဲ။ ကိုညီထွဋ်မှာ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်ရှိတယ်။ ကိုယ်တို့မှာတော့ ညီညွတ်ခြင်းအတွက်
ကဗျာတွေအများကြီး ရှိတယ်။


* ဆရာတာရာမင်းဝေ၏ ကဗျာစာသား
  
===================================================== 

 သတ်ပုံသတ်ညွှန်းအမှန်
- လူ ခါး -

အထက်ဆုံးအပိုင်းကစဆွဲရမလား
အောက်ဆုံးအပိုင်းကစဆွဲရမလား
ဒါမှမဟုတ်
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း
အစိတ်အပိုင်းတစ်ခုခုက စဆွဲလိုက်ရမလား
အချွန်အတက်နည်းနည်း
အကောက်အကွေ့ နည်းနည်း
ကြည့်ပျော် ရှုပျော် ရှုမျော်ခင်းနဲ့ 
ကမ်းစပ်ကိုလာလာခတ်တဲ့
လှိုင်းလုံးကလေးနည်းနည်းလည်း ထည့်ချင်သေးရဲ့
ဧရာဝတီကိုလည်းအရင်အတိုင်း
ပဲခူးရိုးမကြီးလည်းအရင်အတိုင်း
လယ်ယာချောင်းမြောင်းတွေလည်းအရင်အတိုင်း
ယုတ်စွအဆုံး
လမ်းဘေးကခွေးလေခွေးလွင့်ကလေးကိုလည်းအရင်အတိုင်း
သစ်တောတွေပါမယ်
မြေပေါ်မြေအောက်ရတနာတွေပါမယ်
အကောင်းမြင်စိတ်ရှိသူတွေပါမယ်
စာသင်ကျောင်းကလေးရယ်
ကစားကွင်းကလေးရယ်
လူမွဲတွေကမနှေးခေတ်မှီသူဌေးဖြစ်ရမည်ဆိုတဲ့သီချင်းရယ်
ဖြစ်နိုင်မယ်ဆိုရင်
ငါ့ နိုင်ငံမြေပုံကို
အဲသလို ပြင်ဆွဲပစ်လိုက်ချင်တယ် ။

===================================================== 

 ဟိုလိုလို ဒီလိုလို သူလိုလို ကိုယ်လိုလို ပြီးတော့လည်း ခင်ဗျား
- မ င်း န ဒီ ခ -

ဝင်လေထွက်လေမှာ သတိမမူမိလိုက်သော ရနံ့အေးအေး ဒီအတိုင်းဆက်လက်လိုက်ပါသွားသည်ရောက်လုပြီ ရောက်လု နီးပြီ စိတ်ဓါတ် ကျစရာအနေအထားမှ ထပ်ကျစရာမရှိတော့လောက်အောင် အောက်ခြေ အခြေအမြစ်မှ စတင်ပေါက်ဖွား သင်ရိုးညွန်းတမ်းအတိုင်း စာမျက်နှာတစ်ဆယ့်နှစ်မှ နှစ်ဆယ့်ငါးအထိ တိတိကျကျ ပစ်မှတ်ကို ထိအောင် နောက်ထပ် စထရက်ဂျီတီ ကျကျ တွေး တော စဉ်းစားစရာ အခြားတစ် နေရာမှ တစ်နေရာရာသို့ စပ်ကူး မတ်ကူးလူကူး မျဉ်းကျားမျဉ်းနီမျဉ်းဝါ မီးစိမ်းမှ လမ်းကိုဖြတ်ကူးပါ ဦးခေါင်း ကို ဘယ်ညာ ရှေ့နောက် အထက်နဲ့ အောက်ရွေ့ပါ အရွေ့ တည်နေရာ လတ္တီတွဒ် လောင်ဂျီတွဒ် မျဉ်းကွေးမျဉ်းမတ်များ အတိုင်း လားရာ အချိန်နဲ့ ဒီရေဟာ ဒီနေရာမှာ ဘာကိုစောင့် ဘတ်စကားပေါ်မှာ ရထားပေါ်မှာ ရှောက်သီးဆေးပြားသည်များ ခေတ်ကာလ ပြောင်းလဲရွေ့လျားလာမှုနှင့်အတူ မျိုးတုန်း ပျောက်ကွယ်သွား လာခြင်းနဲ့ ညအခါ လသာသာ ကလေးဘဝကစားစရာ အခြေအနေနဲ့ အချိန်အခါမှာ အခြေခံကျကျ အချက်အချာရှိရှိ မရှိရှိ အခြေအတင် ခြေတော်တင်ခံလိုက်ရတဲ့ ညလေးများ ဆက်သွယ်ပါ တိုင်ကြားပါ တိုင်ကြားမှာ ရောက်ရှိနေသော ဧရိယာဟာ ဆက်သွယ်မှုပြင်ပ အဲဒီလို အတူတကွပူးပေါင်းလုပ်ဆောင်ရန် နေ့ကလေးများ ညလူကြီး များ ထိန်းကျောင်း မတိမ်းမစောင်းနဲ့ ဗိန်းမောင်း တစ်ချက်လောက်တော့ ရွာစား မြို့စား တစ်ခါစားနှစ်ခါပြင် အလှစား အဝမှာစားရင် ဘယ်လောက်နဲ့ သားသတ်လွတ်လား သက်သက်လွတ်လား စားခြင်းဖြင့် တိရိစ္ဆာန်များကို ကြင်နာပါ နာကျင်ပါ  ခိုစာကျွေးပါ ခေါစာပစ်ပါ ရွာကျော် ရပ်ကျော် အမေကျော်နဲ့ ဒွေးဒေါ်လဲလွမ်း တနယ်တခြားက တပြည်သူ မရွှေထားလည်း လွမ်း အခန်းဆက် အနမ်းနဲ့ အပြီး မသတ်နိုင်သေးတဲ့  ဇာတ်လမ်းတွဲတွေ တစ်နေ့ရွှေ တစ်နေ့ငွေနဲ့ မျက်ရည်တွဲရွှဲ တစ်ခါလာလည်း ဒီပဲနဲ့ ဒီပုတ် အပူရုပ်နဲ့ ဟန်လုပ်ထားတာလည်း အသိသာကြီးမို့ မသိမသာ ပြီးသွားတဲ့ ဇာတ်လမ်းကောင်းကောင်း ဇာတ်အိမ်ခန့်ခန့် ဇာတ်ကွက်ကောင်းကောင်းရမှရိုက်ချင်တဲ့ မင်းသမီး ပေါက်စ လေးနဲ့ ရုပ်ရည်လှလှ နောက်ကြောင်း ရှင်းရှင်း ပြဿနာကင်းမှ ရိုက်ချင်တဲ့ ဒါရိုက်တာလေးအကြောင်း ရော်ရော် ရည်ရည် ရွယ်ရွယ်ရာရာတို့ကတော့ ဒီတစ်လတော့ ဒီမျှသာပါပဲနဲ့ ခင်ဗျားလည်း ဒီနေ့ ကံမကောင်းပါလား ကိုတွတ်ပီ

 =====================================================

 ဘဂ္ဂဒက်ကို ဗုံးကြဲတဲ့ည
- မိုး လှို င် ည -

ကျွန်တော်က ကော်ဖီဖျော်နေတယ်
အဖေက ဂြိုဟ်တု သတင်းလိုင်းကိုပြောင်းဖမ်းနေတယ်
ရောင်စုံမီးပွင့်တွေကြား ဘဂ္ဂဒက်ကတော့ ငြိမ်သက်လို့
ဗုံးဆံတွေ အဆောက်အဦတွေကို ထိမှန်တာကို
ဖန်သားပြင်ပေါ်က တိုက်ရိုက်မြင်နေရတယ်
အဖေက ဆက်ဒန်ကိုချရမယ်လို့ မှတ်ချက်ချတယ်
သူငယ်ချင်းကတော့ ဂျီဟက်တွေကို အဲဒီလို ဆုံးမမှတဲ့
ဦးလေးက ဆက်ဒမ်ရဲ့ ခုခံမှုကိုမတွေ့ရဘူးတဲ့
သူ့လေယာဉ်ပျံတွေ တိုက်ချင်းပစ်ဒုံးကျည်တွေ ဒုံးခွင်းဒုံးတွေကို
မျှော်လင့်နေတယ်…
ကျွန်တော်ကတော့ အမေရိကန် စစ်ရှုံးပြီလို့ မှတ်ချက်ပေးလိုက်တယ်
အဖေနဲ့ သူငယ်ချင်းက ပြိုင်မငြင်းရဲတာက လွဲလို့
ကျွန်တော့်ကို မကျေမနပ်ကြည့်တယ်…
ကျွန်တော်တို့က ဗုံးကြဲတယ်လို့သာ အလွယ်ခေါ်တာ…
တစ်ခုနဲ့တစ်ခု မိုင်ပေါင်းများစွာဝေးတဲ့
အမေရိကန် စစ်အခြေစိုက်စခန်းတွေ ကနေ
တာဝေးပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာပါ…
ပထမဆုံးထိတဲ့ ဒုံးကျည်ဟာ ပင်လယ်ထဲက လာတာမျိုး
တစ်ညတည်း တိုမာဟော့ ဒုံးကျည်တွေ အလုံး ၇၀၀ ပစ်တယ်
ကမ္ဘာ့စံချိန်သစ်ပါပဲ
တီကရစ်မြစ်တစ်ဖက်ကမ်းမှာ
သတင်းထောက်တွေက စစ်ပွဲကိုတိုက်ရိုက်တင်ဆက်နေတယ်
သူတို့ စိုးရိမ်တာက ပေါက်ကွဲမှုကြောင့် သံလိုက်လှိုင်းတွေ ဖြစ်ပေါ်ပြီး
သတင်းရိုက်ကူးတင်ဆက်မှုတွေကို အနှောင့်အယှက်ဖြစ်မှာကိုပဲ
ဘဂ္ဂဒက်ရဲ့ နောက်ဆုံးနာရီပိုင်းအထိ ပြန်ကြားရေးဝန်ကြီးက
ဆက်ဒန်အစိုးရဟာ အီရတ်ကို တည်တည်ငြိမ်ငြိမ် ထိန်းသိမ်းထားတယ်
လို့ပြောဆိုခဲ့တယ်..။
ခုခံမှုမရှိသလောက်နဲ့ အမေရိကန်တပ်တွေ
အီရတ်နိုင်ငံထဲ ဝင်ရောက်လာတယ်
ဆက်ဒန်ကိုအရှင်ဖမ်းမိတယ်.. သေဒဏ်ပေးတယ်
လုံခြုံရေးတင်းကျပ်ထားတဲ့ ကြားက ဆက်ဒမ်ကို သေဒဏ်ပေးတဲ့
ဗီဒီယိုဟာ ကမ္ဘာအနှံ့ပျံ့သွားတယ်…
ဆက်ဒန်မရှိတော့တဲ့နောက်….
အီရတ်စစ်ပွဲဟာ အမှန်တကယ်ပေါ်ပေါက်လာတယ်..
ဂျော့ဘုရှ်ဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လူသတ်ကောင်ပဲ…
အမေရိကန်တွေစစ်ရှုံးတယ် အကြွေးပင်လယ်ဝေတယ်
ဆယ်စုနှစ်တစ်ဝက်ကျော် ကြာပြီးနောက်
ကျွန်တော်က ဝီစကီသောက်ရင်း အမျိုးသားပထဝီအသင်းကလာတဲ့
ဘဂ္ဂဒက်ကို ဗုံးကြဲတဲ့ည မှတ်တမ်းရုပ်ရှင်ကို
အရသာခံပြီး ထိုင်ကြည့်နေတယ်…
ဘဂ္ဂဒက်ကကော သူ့ဇာတ်လမ်းသူ ပြန်ကြည့်ဖို့
အသည်းမာပါ့မလား….။

===================================================== 

 “ငါ” ဟာ နောက်ဆုံးလိုင်းရောက်မှပေါ်လာတယ်
- ေ န ၿမဲ -

ပုရွက်ဆိတ် အကိုက်ခံလိုက်ရတဲ့ ထမင်းလုံးတွေ
မလေးမှာ ၊ စလုံးမှာ ၊ ဂငယ်မှာ ၊ ကကြီးမှာ ၊ ဒူဘိုင်းမှာ
မစားဖူးတာတွေစားဖို့  ၊ မဝတ်ဖူးတာတွေဝတ်ဖို့  ၊
မနေဖူးသလိုနေဖို့
မလုပ်ဖူးတာတွေ လုပ်ရလို့ 
အူသံနောက်ကွယ်က အပေါက်တရားတွေ
ဘာမှမဖြစ် ရင် ဘာမှမဖြစ် ဘူး
ခေတ်အဆက်ဆက်ကြော်စားခဲ့ကြရတဲ့ ကန်စွန်းရွက်တွေ
အရောင်မပြောင်းသရွေ့  လူထုအသံ
ကိုယ်စားပြု ဟစ်ပ်ဟော့ပ် တီရှပ်ကြီးဆွဲချွတ်ပြီး
ဝေးချင်ရင် သူတို့ လောက်ဝေးတာလည်း
သူတို့ 
နီးချင်ရင် သူတို့ လောက်နီးတာလည်း
သူတို့ 
အမျိုးချစ်တယ် ဆိုပြီး အချို့ဘဝတွေအမြစ်ချိုး
ဂျာမဏီလုပ်ခဲတံနဲ့  ဆွဲတဲ့
ဂျာမဏီသား နှုတ်ခမ်းမွေးကြီးဟာ တင့်တယ်ခဲ့ရဲ့လား
ဟိတ်....... စိတ်ပါရင် သိပ်မကြာဘူး ။
ချားရဟတ်ရဲ့ တစ်ချက်ပြန်အကျမှာ
ဘယ်သူ့ လက်ဖဝါးလေးကို ဆုပ်ကိုင်ထားရမလဲ ။
နွေရာသီဆို သက်ကြီးသေနံ့ သိပ်ရတယ်။
“ဟာ” ရဲ့ ဟချက် နှုတ်ခမ်းအကျယ် ဟာ
ယဉ်ကျေးမှုရှော့ခ် ရိုက်ပြီး ပစ်သွင်းလိုက်တဲ့
ပါဝါလုံးတိုက်ကြီး
ပြတင်းပေါက်ခမျာ အပိတ်ခံထားရတဲ့ ဘဝမှာ
နေပျော်ရာက ဖွင့်ပေးလိုက်မှ အလင်းလောဘ ပိုလာတယ် ။
ငါ ဟာ ကမ်းလင့်လာတဲ့ ဓားရိုးဖြုတ်ခိုး
သူခိုးအယူသီး
ငါ ဟာ ကြိုးတုပ်ခံဝံ့တဲ့ လက်ကောက်ဝတ်
ရဲ့ ကျော်ကြားမှုမှာ လေဟာနယ်ပလုံစီ ။
ဗွန်ကိုရန် က ပြောတယ်
“ဆင့်ကဲတိုးတက်မှုရဲ့  ဘရိတ်အအုပ်မှာ အရှိန်
ကျွံထွက်သွားတဲ့ လည်ပင်းရိုးတွေကို
အတည် ပစ်ချိုးခဲ့တာပါ ” တဲ့ ။
ငါ ကလည်း ထုံးစံအတိုင်း
ပရိုဖက်ရှင်နယ် ဗောင်းတော်ညိတ် စိတ်တော်သိ ။       ။ 

===================================================== 

အသံမဲ့ ကဗျာ
- င ဂျူ လို င် -

ပြတ်စဲခြင်းတွေရဲ့ ပွတ်တိုက်သံဟာ
ကျွန်တော့် နား ကို လာမှန်တယ်
အတိတ်ကိုပဲ ပလပ်ထိုးနေရတော့
ဘဝက အငွေ့ပျံလာတယ်
ပါးပေါ်က သနပ်ခါးမှုန်လေးတွေကိုလည်း . .
လမ်းပေါ်တစ်ယောက်တည်း
လာလမ်းကိုကြည့်ပြီး လှမ်းမျှော်မိ
လက်ချင်းဆုပ်ကိုင်
ဘယ်မှတ်တိုင်မှာ ပြန်ဆုံမလဲ ချစ်သူ
ကော်ဖီခွက်ထဲက ယင်ကောင်ဟာ ကျွန်တော့်ညစာ
မိုးရွာပြီးတဲ့နောက် ဗလာစာရွက်တွေပဲ အိပ်မက်မက်တယ်
ပြီးဆုံးခြင်းတွေကို ပြန်ပြန်အစဖော်နေရတာနဲ့မကာမိဘူး နာရီကိုပဲ စိတ်ဆိုးမိတယ်
ပင်လယ်ကို လက်ယပ်ခေါ်တိုင်း လှိုင်းတွေပဲ ကိုယ့်ဆီရောက်လာ
ထီပေါက်ပြီးမှ ထောင်ကျတယ်
ဒါက ဒီလို
နင့်ရဲ့ တီးဝိုင်းမှာ ခေါင်းဆောင်လုပ်ချင်လို့
ပရိသတ်ကို ကျောပေးထားတာ
ဂစ်တာတွေက ကြိုးညှိလို့မရဘူး
အပေါ်ကြီး အောက်သေး နဲ့
အငိုသန်အောင် ကျင့်ထားပြီးမှ ဟာသကားတွေ ခေတ်စားလာတယ်
ဟူး . . . . .
လွဲချင်တော့လည်း တစ်ဘဝလုံးစာပေါ့
မနက်ဖြန် ဆို
မနက်ဖြန် ဆို
ဒီကဗျာထဲမှာ ကျွန်တော် ပွမ်ပွမ်မမြည်တော့ဘူး ။
(ကျေးဇူးပြုပြီး ဒီကဗျာကို ပွမ်ပွမ်မြည်အောင် မဖတ်ပါနှင့်ခင်ဗျာ)

===================================================== 

 ဗူး စင် ပေါ် က ပြုံး ဖြီး ဖြီး နဲ့ ဖ ရုံ သီး
- ညံ လ င်း -

လင်းနေတဲ့ အခြမ်းနဲ့ မှောင်နေတဲ့ အခြမ်းကို ဘယ်လိုခွဲမလဲ
မည်းနက်နေတဲ့ နံရံမှာ မျက်နှာကျက်ပုံ ဆွဲထားတယ် တဲ့
ဇောက်ထိုး ချထားလို့ရရင် လင်းဆွဲ တွေဟာ အိပ်ပျော်၊ မပျော် ?
ညဘက် ခလုတ်ဖွင့် မရတဲ့ မီးသီးဟာ ကြမ်းပြင်ပေါ် တစ်လုံးတည်း ဆွေးဆွေးမြေ့မြေ့ ကျွမ်း နေ
(ဒီလို ဇာတ်နာ တဲ့ အခန်းမျိုးတွေဆို Emo kids တွေအကြိုက်ပေါ့)
ရစ်ဘီးကလည်း စောက်တလွဲတွေပဲ ရစ်ရစ်ထုတ်နေတယ်
လေတံခွန်ခမျာ တဝဲလည်လည် လေပေါ်ကို မရောက်နိုင်တော့ဘူး
စက္ကန့် ၂၀ လောက် pig squeal နဲ့ အော် ထုတ်ပစ်လိုက်
ရင်ခေါင်း ထဲ လှိုက်သံတွေပါ တစ်ခါတည်း ရှင်းပြီး သွားပြီ မလား
ကျန်သေးတယ် နောက် ၇ ဘဝစာ လောင်စာတွေ
မီးခြစ်ဆီခမ်း မီးခိုးတိတ် မီးစာကုန် မီးလောင်ရာ လေပင့်
သင့်ကြောင့် အဲ့လို ပုံ သဏ္ဍာန် မီးလှလှလေးတွေ မလောင်မိစေနဲ့ ပေါ့
ရောက်နေတဲ့ နေရာကို မီးသွေးခဲ နဲ့ အရာလေးပေးထား
မယိမ်းမယိုင် ဘယ်ကြည့် ညာကြည့် ဘယ်ပြန်ကြည့်ပြီးမှ လမ်းကို ရဲရဲကူး
လစ်လပ် နေရာ တစ်နေရာလောက် တွေ့ပြီဆို အသေအလဲ လိုက်လု ၊ ပြီး ၊
အားရပါးရ ထိုင်သာချလိုက် ကိုယ့်လူ ငေးမနေနဲ့
ဒီဘက်ခေတ်က ခပ် မြန်မြန် ၊ ခပ် သွက်သွက် ၊ ခပ်လည်လည် နေမှ ထိုင်မှ
လူပီသ၊ လူရာဝင်၊ လူတွင်ကျယ်လုပ်နိုင်၊ လူပါးဝနိုင်မှာ
Mainstream ပေါ် မရောက်ရောက်အောင် ဖျစ်ညှစ် ပစ်တင်
ကုတ်ကပ် တွယ်ဖက် ၊ ပြီး ၊ မရမက နေရာသာယူပစ်လိုက်
ဒီဘက် ခေတ် ဆို တာ ဒီဘက်ခေတ်ပဲ လူနောက်တွေလည်းပေါ
နောက်လူတွေလည်း ပေါ ၊ ခပ်ပေါပေါ အရာခပ်သိမ်း ကောက်ရိုးပုံ မှာ စွဲတဲ့မီး
လှုပ်လှုပ်လှုပ် လှုပ် တွေ့ပြီဆို ပစ်သာထည့်လိုက် ပစ်မှတ် ဖြစ်ကို ဖြစ်သွားစေရမယ်
မေးခွန်းတွေ မေးဖို့ တန်းစီနေတဲ့ လူတန်းရှည်ကြီး ကို မေးစိပွတ်ရင်း
အဖြေတွေ ပေးနေတာ ဟို မင်းသမီးပေါက်စ တစ်ဖြစ်လဲ
(လိင် ခွဲစိတ်ကုသပြီးပြန်လာတဲ့ ဗလတောင့်တောင့် ဘီးဂျဲကြီးလေ)
နှဖူးတွေရိုက် မျက်နှာတွေအုပ် ခေါင်းတွေ ငုံ့ သန့်စင်ခန်းထဲ ဝင် အန်ထုတ်
အပြောင်းအလဲ များလွန်းတဲ့ ကောက်ရိုးပုံထဲ က အပ်
ကိုယ့်ကိုယ်ကို ပြန်ထိုးတဲ့ အပ်ချည်တောင်မှ အပေါက်က မတည့်
မနက်မနက် အီကြာကွေး ဆင်းဝယ်နေရင်း  ရန်ကုန်မြို့ကြီးဟာ
နောက်ဆုံးပေါ် 2012 model ကားသစ် ပြောင်ပြောင်ပြောင်ပြောင်တွေနဲ့
အဆီပိတ်နေတာ မျက်လုံးကြီးတွေ ပြူးကား ပြီး မြင်တွေ့လိုက် ရ၊
တတ်လည်း တတ်နိုင်လွန်းတဲ့ အီကြာကွေး ခေတ် ကြီး ရယ်
ရှေ့ ၇ ဘဝ နောက် ၇ ဘဝ စာလောက် မီးငြိမ်းပေးလိုက်ရမယ့်
ပလပ်ကျွတ် အကွက်ဆန်းတွေ။

 =====================================================

 အရောင်မဲ့ အတွေးစိမ်းများ ဒေါသတကြီး အိပ်မောကျနေ*စဉ်
- ပ န် ဒို ရာ -

နားမလည်ဘူး လို့ အကျယ်ကြီး အော်ပြောလိုက်တဲ့အခါ အက်ဒဗတ်မွန့်ခ် ဟာ နားလည်ကြည့်နဲ့ စာနာလှည့်ကြည့် သူကတော့ နားလည်မှာစိုးလို့တဲ့ နားနှစ်ဘက်ကို အုပ်မိုးကာထားတယ် ဘဝမှာ နားမလည်တာတွေ များလှပြီ ကဗျာတွေမှာ နားမလည်တာတွေ များလှပြီ  ဆောရီး - ဘဝအကြောင်း မပြောကြေး ကဗျာအကြောင်း မပြောကြေး ကဗျာကို ကောင်းကင်ကြီးလို ပင်လယ်ကြီးလို သဘောမထားကြေး - ဒါဆို ဒီကဗျာဆရာ (ရဲ့အရေးအသား) ကို ဘယ်လိုသဘောရသလဲ ဟိုကဗျာသမား (ရဲ့အရေးအသား) ကို
ဘယ်လိုသဘောရသလဲ ဟိုကဗျာအာစရိ (ရဲ့အရေးအသား)ကို ဘယ်လိုသဘောရသလဲ အဲဒီကဗျာချာတိတ် (ရဲ့အရေးအသား)ကို ဘယ်လိုသဘောရသလဲ - သဘောရခြင်း (ရဲ့အရေးအသား) ကို ဘယ်လိုသဘောရသလဲ -  စနက်တံကို မီးရှို့လိုက်ထား ပြီးရင် တရေးတမော စောင့်အိပ်လိုက် တေးထားလိုက် - စကားလုံးတွေကို တေးထားလိုက် အတွေးအခေါ်တွေကို တေးထားလိုက် ခံစားချက်တွေကို တေးထားလိုက် ပေါက်ကွဲမှုတွေကို တေးထားလိုက် အညိုးအတေးတွေကို တေးထားလိုက် တေးသွားတွေကို တေးထားလိုက် စိတ်ထဲမှာ မှတ်စုစာအုပ်ထဲမှာ စက္ကူစုတ်ပေါ်မှာ လက်ဖဝါးပေါ်မှာ ကြမ်းပြင်ပေါ်မှာ အိမ်သာနံရံမှာ ၊ နားမလည်ခြင်းတစ်ခုကိုလည်း တေးထားလိုက်ဦး မသိသေးတာတွေကို သိလို
မသိလို သိစရာလိုမလို (လိုလိုမလိုလို) သိသလိုလို မသိသလိုလို  ပရော်ဖက်ဆာတစ်ယောက်က မုန့်ဗိုင်းတောင့်ကို မသိသလို သမ္မတကြီးတစ်ယောက်က နွားရိုင်းသွင်းချိန်ကို မသိသလို ခေတ်ကာလသားသမီးတွေက ဇယ်ကလေးကို မသိသလို နားမလည်ခြင်းနဲ့ ငါညံ့ဖျင်းခြင်းရဲ့ ကြားက ဆက်စပ်မှုသီအိုရီဟာ အချိုးကျမကျ (ကျကျမကျကျ)- ဒီဝါကျတွေကြားမှာ ဟိုစာကြောင်းကို ဒီစကားလုံးတွေကြားက ဟိုဝေါဟာရကို ဒီဝိသေသနတွေကြားက ဟိုသန်ဗန်နကို (သန်ဗန်န ဘယ်လိုစာလုံးပေါင်းလဲ သမ္ဗန္နလား ထားတော့) ဟိုစကားဆက်ကို ဘာလို့ ထည့်ညှပ်သွင်းလိုက်တယ် ဆိုတာကို  - ဒီစာကို နားမလည်ဘူး ဒီစာကို သူဘယ်လိုနားလည်ပြီး ရေးလိုက်တယ်ဆိုတာ နားမလည်ဘူး ဒီစာကိုနားလည်ဖို့ ငါဘာလို့ ကြိုးစားနေမိပါလိမ့် နားမလည်ဘူး

၂၀၁၁ ဧပရယ်လ် ၃ စင်ကာပူ မနက် ၂ နာရီ ၂၉ မိနစ်
၃.၄.၂၀၁၁-၂.၂.၂၀၁၂


* Colorless green ideas sleep furiously. (Noam Chomsky)

===================================================== 


 စိမ်းစိမ်း ကျက်ကျက် စိုစို မသိသရွေ့ အထိအတွေ့
- သူ ရ ဿ ဝါ -

မှန်အပြင်ဖက်မှာ တွဲခိုမိုးငွေ့တွေ လှမ်းကြည့်တော့
သစ္စာတရား ဆိုင်းဘုတ်ပေါ်  သူစိမ်းပြင်ပြင်
ထုတ်ဝေခွင့်မရှိ ကျေနပ်ခွင့်မရှိ ကော်ဖီစေ့တွေလို          
ကလစ်ကလစ် ကိုယ်အကျင့်ပါ နေလို့
မကောင်းဘူး သမုဒ္ဒရာဝမ်းတစ်ထွာ မှတ်တိုင်မှာ
ကြိတ်ကြိတ်တိုး စိတ်ဓါတ်ကျဆင်း အညိုခိုများကုပ်တွယ်
ဘယ်မှမသွားဘဲ စကားလုံး အပြောင်းအလဲမရှိဘဲ          
လမ်းညွှန်ရာ ဆန့်ကျင်ဖက် စက်သတ်
ကိုယ်ရှိန်သတ် မတ်မတ်ရပ် ကဗျာဖတ်ရင်း      
လှကြီးကိုသတိရတယ် နက်မှောင် လူငယ်လှေကားပေါ်
တစုံတစ်ခု ရေးချင်စိတ်နဲ့ အစွဲအလမ်း
ဂရာဖီတီများ တစ်ယောက်တည်း လမ်းသွယ်
ဘယ်ဆီမှာ ရည်ရွယ်ရာ ထီးဖွင့်ပြီး လျှောက်ရမှု စိုးရိမ်မှု ငြင်းပယ်မှု
ရလဒ် အပစ်အခတ် ရပ်စဲခြင်း နဂါးအမြီး အမောက်များ မတည့်လို့
ဟုဆိုလိုက်တာနဲ့ ပေါ်လက်တစ်ကယ် မျက်မှန် အတွင်းသားထဲ မှိတ်ထား
သီအိုရီ ယုံ ကြည် စုံလုံးကန်း လိမ်မှာပါ အသေအချာ မသိရင် မသင်္ကာ
အကြည့်နဲ့ ကြည့်ရင် ဖြုတ်ဖို့ တပ်ဖို့ အပေါ်အောက် ဆက်ဖို့ ရွှေ့ဖို့
စဉ်းစားရင် ခေတ်စားလာသော ဆန္ဒပြ လွှတ်တော် နှင့် အခြား ရိုဟင်ဂျာ
အစိမ်းများနှင့် ဟောဒီ စာသား နွားတင်းကုပ်ဟာ အလကား ။                    ။

 =====================================================
အက်ဆေး

 အိပ်မက်ဆိုးတစ်ခုအကြောင်း
- လ င်း သ က် ငြိ မ် -

“ အား ”

အိပ်ယာမှ လန့်နိုးလာသူ တစ်ဦးရဲ့ ထုံးစံအတိုင်း သူ ချွေးစေးတွေနဲ့ အာခေါင်တွေခြောက်ကပ်နေသည်။ ကတုန်ကယင်နဲ့ ဘေးဘက်ဝဲယာကို ကြည့်လိုက်တော့ ပတ်ဝန်းကျင်က အရာရာဟာ သူဘယ်တုန်းကမှ မမြင်ဖူးခဲ့သလို။ သူရေတစ်ခွက်ကို အငမ်းမရ တောင့်တမိ၏။ သို့သော် ဘယ်ကရနိုင်မလဲ သူမသိ။ အရှင်လတ်လတ် အိပ်မက်ထဲက ဆွဲချွတ်ခံလိုက်ရသလို သူသည်
အရာရာနှင့် သူစိမ်းဆန်နေသည်။ တွန့်ကြေနေသော အိပ်ယာခင်းပေါ်တွင် ဓာတုဗေဒဆိုးဆေးများဖြင့် ရိုက်နှိပ်ပွင့်လန်းထားသော
အပွင့်ကြီးကြီး ပန်းပွင့်များ။ သူ ထိုအိပ်ယာပေါ်တွင် နေ့ရက် အဆက်ဆက် အိပ်စက်ခဲ့ဖူးသလား? သူမမှတ်မိ။ ဒီအခန်းကရော? သူ့အခန်းလား ? ဘယ်အချိန်ကတည်းက သူ ဒီအခန်းထဲမှာ နေနေခဲ့တာလဲ ? အရာရာသည် သူနှင့်ဝေးကွာသွားသလို။ တစ်ခါတစ်ခါ နီးကပ်လာသလိုလိုနဲ့ ။သူ မသေချာတော့ ။ သူကိုယ်သူပင် မသေချာနိုင်တော့။ သူ ဘယ်သူလဲ ? ဘာကြောင့်ဒီလိုဖြစ်နေရသလဲ ? စဉ်းစားကြည့်လိုက်တော့ သူ့ကို လန့်နိုးလိုက်စေသော အိပ်မက်ဆိုးတစ်ခုကြောင့်လား ? ထို အိပ်မက်ဆိုးက ဘာလဲ ? သူစဉ်းစားလို့ မရ ? အိပ်မက်ဆိုးသည် အိပ်မက်ဆိုးတစ်ခုခုဖြစ်သည်ကလွဲလို့ ဘာအကြောင်းဟု ဘာမှသေသေချာချာ ရေရေရာရာ စဉ်းစားလို့မရချေ။ ထိုအိပ်မက်ဆိုးထဲတွင် သူ့ကို တစ်စုံတစ်ခုသောအရာက တွန်းထုတ်နေတာလား ? ဒါမှမဟုတ် တစ်စုံတစ်ခုထဲ ဆွဲသွင်းနေတာလား ? သူ အသံတွေကြားနေရသလား? အရာရာတိတ်ဆိတ်နေလား? သူ ဘာမှမရှိတဲ့ အမှောင်ထုကြီးတစ်ခုထဲမှာလား ? ဒါမှမဟုတ် မျက်စိတွေ ကျိန်းစပ်နေအောင် လင်းလွန်းနေတာလား? ထိုအိပ်မက်ဆိုးကြီးသည် အရှင်လတ်လတ်သေဆုံးသွားသော ဈာပန အခမ်းနားပွဲ တစ်ခုလား? သေဆုံးနေသောသူမှာ သူဖြစ်ပြီး တစ်ဦးတည်းသော ပွဲတက်ပရိသတ်မှာလဲ သူပဲဖြစ်နေသလား ? တစ်ခါတစ်ရံ ကိုယ့်ဈာပန အခမ်းအနားကို ကိုယ် ပြန်တက်ခွင့်ရသည်မှာ စိတ်ဝင်စားစရာကောင်းသော ကိစ္စတစ်ခုဖြစ်သည်ဟု သူ အရင်တုန်းကရော စဉ်းစားမိခဲ့ဖူးသလား ?

မေးခွန်းတွေနဲ့ ပြည့်နှက်လာသောအခါ သူ့စိတ်သည် ဘာမှန်းမသိသော အိပ်မက်ဆိုးကြီးတစ်ခုထဲ ပိတ်မိနေသလို ခံစားနေရ၏။ ရုန်းကန်တွန်းထွက်နိုင်ဖို့ကို အကြိမ်ကြိမ်ကြိုးစားနေမိသော စိတ်ကပင် သူ့ကို ထိုအိပ်မက်ဆိုးကြီးထဲ ပြန်ဆွဲသွင်းနေသလိုလို။ စားပွဲပေါ်မှကြားနေရသော နာရီသံ “တဂျောက်ဂျောက်”က သူ့ကို ထိုအိပ်မက်ဆိုးကြီး မက်မြင်နေသော ကာလတစ်ခုဆီသို့ ပြန်လည် ဆွဲခေါ်နေသည်ဟု ထင်ရသည်။ သူ အဲဒီနာရီကို ဘယ်အချိန်ကတည်းက စားပွဲပေါ်တွင်တင်ထားခဲ့မိသလဲ ? တင်ရောတင်ထားခဲ့ဖူးလား ? မည်သို့ပင်ဖြစ်စေ ထိုနာရီသည် စားပွဲပေါ်တွင် “တဂျောက်ဂျောက်” မြည်နေဆဲ။ သူ စိတ်အာရုံတွေကို အတတ်နိုင်ဆုံးစုစည်းပြီး သူ ထိုအိပ်မက်ဆိုး မမက်ခင် အချိန်ကာလကို ပြန်စဉ်းစားမိသည်။ ညဦးပိုင်းက မိတ်ဆွေတစ်ယောက်နှင့် သူ လက်ဖက်ရည်ဆိုင်ထိုင်ကာ စာပေအကြောင်း၊ ကဗျာဖြစ်တည်မှုအကြောင်း၊ ဗန်ဂိုး ရဲ့ အာလူးစားသူများ ပန်းချီကားထဲက ဆာလောင်မွတ်သိပ်နေတဲ့ မျက်လုံးတွေအကြောင်း၊ အနားက ဖြတ်ခနဲ လျှောက်သွားတဲ့ ပန်းပွင့်လေးရဲ့ ခြေသလုံးသား ဖြူဖြူလေးတွေအကြောင်း သူတို့ပြောခဲ့ကြတယ်(ပြောခဲ့ကြတယ်ထင်သည်)။ သို့သော် သူ၏ မိတ်ဆွေမှာ ဘယ်သူလဲမသိ။ သူ့မိတ်ဆွေရဲ့ မျက်နှာကို ပြန်မြင်ယောင်ကြည့်မိတော့ သူ့မျက်နှာကိုပဲ ပြန်မြင်လာမိသည်။ သူ့မိတ်ဆွေရဲ့ အသံကို ပြန်ကြားယောင်မိတော့ သူ့အသံပဲ ပြန်ကြားလာသည်။ သူ့မိတ်ဆွေက သူပဲလား? သူကပဲ သူ့မိတ်ဆွေဖြစ်သွားတာလား? မဟုတ်ဘူး ! မဟုတ်ဘူး သူတစ်စုံတစ်ခုက ငြင်းဆန်ကြည့်ဖို့ ကြိုးစားတယ် ။ အဲ့ဒီကြိုးစားကြည့်တဲ့စိတ်ကပဲ သူငြင်းဆန်နေတာကို ပြန်ပြီးငြင်းဆန်လို့နေပြန်တယ် ။

“ အား … … … ”

သူ ဒုတိယအကြိမ်မြောက် အော်ဟစ်လိုက်တယ်။ တိတ်ဆိတ်နေတဲ့ သူ့ ပတ်ဝန်းကျင်ကို သူပြန်ဖောက်ခွဲကြည့်လိုက်တယ်။ သူ့အသံကို သူ့စိတ်နံရံမှာပဲ ပြန်ကြားလိုက်ရတယ်။ သူ့ အကြားအာရုံမှာ ပြန်မကြားနိုင်တော့ဘူး။ တစ်ခုခု ?။ ထိုဘာမှန်းမသိနိုင်သော အိပ်မက်ဆိုးကြီးတစ်ခုခုက သူ့ အတွင်းစိတ်ကို အရိပ်တစ်ခုလို ထိုးထားတယ်။ သူ့ကိုယ်သူ မှားယွင်းအောင် ပြုလုပ်ထားတာ အဲဒီ အိပ်မက်ဆိုးကြီးပဲ ။ သူ့ ဘာတွေက ဘယ်လိုမှားယွင်းနေတယ်ဆိုတာ သိနိုင်ဖို့ အဲ့ဒီအိပ်မက်ဆိုးကြီးကို ပြန်မက်ပြီးရှာဖွေရမယ်။ ခက်တာက သူအဲဒီအိပ်မက်ဆိုးကို ပြန်မက်ဖို့ အိပ်မက်ဆိုးတစ်ခုဖြစ်သည် ဆိုတာကလွဲလို့ ဘာအကြောင်းအရာက ဆိုးရွားစေသလဲမသိ။ ဘယ်လို ပြန်မက်မြင်ရမလဲမသိ ။

ထိုအိပ်မက်ကို ပြန်မက်မြင်လျှင် သူ တစ်ခုခုမှားယွင်းနေတာကနေ ပုံမှန်ပြန်ဖြစ်သွားမှာလား ? ဒါမှမဟုတ် ပိုဆိုးလာမလား? မသေချာ။ သူသည် ဘုရင်မ၏ ကစားကွက်အတွင်းသို့ ကျရောက်နေသော နယ်ရုပ်လေးတစ်ရုပ်လို စိတ်တွင် ခံစားမိသည်။ သူ အစားခံရမလား။ ဒါမှမဟုတ် သူ့နောက်တွင် ထောက်ကောင်တစ်ကောင်ကောင် ရှိနေမလား ? သူမသိ။ အိပ်မက်ဆိုးကြီးကရော ? စစ်တုရင်ကစားခုံတစ်ခုလား ? သူမသိ။ သူ ပြန်အိပ်လိုက်ရမလား ? ဒီအတိုင်းပဲ မနက်အလင်းကို ထိုင်စောင့်နေရမလား ။ မနက်မိုးလင်းရင် အရာရာဟာ ပုံမှန်အတိုင်းပြန်ဖြစ်သွားမလား? ဒါမှမဟုတ် သူ  “သူ” အဖြစ်ကနေ ပျောက်ဆုံးသွားမလား? အိပ်ပျော်သွားရင်ကော သူ အိပ်မက်ဆိုးကြီးအကြောင်းကို သိခွင့်ရမှာလား ? မေးခွန်းတွေနဲ့ သူသည် ထိုအိပ်မက်ဆိုးကြီးထဲတွင်ပိတ်မိနေဆဲပဲ။ တွန်းထွက်လို့မရနိုင်လောက်အောင် မေးခွန်းတွေက အဲဒီအိပ်မက်ဆိုးကြီးထဲမှာ သူ့ကို
ပိတ်လှောင်ထားဆဲပဲ။ သူ ဘာဆက်ဖြစ်မလဲ ? သူ အဲဒီ အိပ်မက်ဆိုးကနေ လွတ်မြောက်နိုင်မှာလား။ ဒါမှမဟုတ် ? ? ?
? ? ?  …. ? ? ? …. မိတ်ဆွေ …  ခင်ဗျားတို့ကော ဘဝမှာ အဲဒီလို အိပ်မက်ဆိုးမျိုးမက်ခဲ့ဖူးကြလား  ? ? ? … ? ? ? ….။


=====================================================  

 သွေးပြန်ကြောတစ်စုံရဲ့ ဖြောင့်ချက်
-တေရ-
အတွေးစတွေကို အခန်းထောင့်မှာ ယဲ့ယဲ့လေးပုံထားတယ်
ဖတ်နေကျစာအုပ်ထဲမှာ “ငါ” ခဏပျောက်သွားတယ်

“ငါ မသတ်ခဲ့ဘူး.. ငါ မသတ်ခဲ့ဘူး ငါ တကယ်ကို မသတ်ခဲ့ဘူး… “

တိုးတိုးလေး သူ့နှုတ်ခမ်းကနေ ရေရွတ်နေဆဲ။ ရှေ့တည့်တည့် ကြေးမုံထဲက လူတစ်ယောက်ကို သူစေ့စေ့မကြည့်ရဲဘူး။ သူနဲ့ချွတ်စွပ်တူတဲ့လူတစ်ယောက်။ ဒါပေမဲ့ သူ မဟုတ်ဘူး။သူမဟုတ်ဘူးဆိုတာထက် သူမဟုတ်တော့တာ။ အတိတ်တွေ လည်ချောင်းထဲမှာ ခြောက်ကပ်ကပ်နဲ့ ရေခဏခဏငတ်တယ်။ သောက်လက်စ ကိုကာကိုလာ ပုလင်းကို နှုတ်ခမ်းဝမှာတေ့ပြီး သူ မျှောချဖို့ကြိုးစားရင်း ချမ်းစိမ့်စိမ့်နဲ့။ ရီဝေေ၀အခန်းလေးထဲကို ဖွင့်ထားတဲ့ ပြတင်းပေါက်က လေတွေ တစ်လှမ်းချင်း ၀င်လာနေဆဲ။ မျက်နှာကျက်ပေါ်က dream-catcher က အိပ်မက်တခုကို အာရုံရနေသလိုမျိုး ယိမ်းတိမ်းတိမ်း။ အခန်းတစ်ခုလုံးက တိတ်ဆိတ်ခြင်းကို စားမြုံ့ပြန်နေတုန်း သူ့နှလုံးခုန်သံတွေ တဒိန်းဒိန်းနဲ့ ရုန်းရင်းဆန်ခတ်ကြားနေရတယ်။ “ဘာဆိုဘာသံမှ မကြားချင်တော့ဘူးကွာ”…။ သူ နားကိုလက်နှစ်ဖက်နဲ့ အုပ်ပြီး အခန်းထောင့်မှာ ကျုံ့ကျုံ့လေးထိုင်ချလိုက်တယ်။ ဘယ်ဘက်ရင်အုံက အသံလှိုင်းတွေ တဖြည်းဖြည်းနဲ့
ကြိမ်နှုန်းမြင့်သထက်မြင့်လာ………..စိပ်သထက်စိပ်လာ………..တလှပ်လှပ်နဲ့။ နာ့ဗ်ကြောတွေ မသိခြင်းနယ်နိမိတ်ကို ချဉ်းကပ်စပြုလာတယ်။

နင် ဆိုတာကလည်းလေ ရေခိုးရေငွေ့တွေလိုပဲ
ငါ့ တိမ်တွေနောက်မှာ အမြဲတမ်းရှိတယ်….ငါ သတိမထားမိခဲ့တာကလွဲရင်ပေါ့

တဆစ်ဆစ်ကိုက်နေတဲ့ အတိတ်တွေ ချုပ်ရိုးပြုတ်ထွက်သွားတဲ့အထိ သူထိုင်ကြည့်နေမိတယ်။ တစ်ခန်းလုံးမှာ သူ့အရိပ်တွေ ခြေချင်းလိမ်နေတယ်။ အုပ်ထားတဲ့လက်နှစ်ဖက်ကို အသာလေးဖယ်လိုက်တယ်။ ရယ်သံတွေ တစစ တိုးဝင်လာတယ် .. ။ အရင်ကဆို  သံပတ်ပေးထားတဲ့ စက်ရုပ်တစ်ရုပ်လို ခေါင်းထဲမှာ လုပ်သင့်တဲ့အရာတွေပဲ ပရိုဂရမ်ဆွဲထားသလိုမျိုး ပြက္ခဒိန်တွေအကွက်တွေပေါ်မှာ ပြေးလွှားနေခဲ့တာ။ အိပ်မက်ဆိုတာကို ဒီလက်ဖ၀ါးထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး သူ့မနက်ခင်းတွေကို ဖိနပ်စီးပေးခဲ့တယ်။
မျှော်လင့်ချက်တိမ်တွေ ထူခဲ့တယ်။ မိုးလေ၀သဆိုတာ သူ့အတွက်နေ့တိုင်း တိမ်ထူတယ်။ ဒါပေမဲ့ အဲဒီ"ဒါပေမဲ့" ဆိုတာကို မစဉ်းစားခဲ့ဘူး။ သူ့တိမ်တွေနဲ့အတူ အမြဲရှိနေပေးတဲ့ အသက်ရှူသံတစ်စုံကို လျစ်လျူရှုခဲ့မိတယ်။

အသက်ရှူသံတွေနဲ့ ဒီဖိနပ်တစ်ရံကို ခဏလောက်ထုတ်ပေးကြပါ ..
အခွံမပါတဲ့ ညနေခင်းတွေကို
တစ်ယောက်တည်း နေ၀င်ချင်လို့ပါ .. .. ။

ထစ်ချုန်းရွာသွန်းလိုက်တဲ့ မိုးစက်တွေ တဖြောက်ဖြောက်။ နီစွေးနေတဲ့ကောင်းကင်မှာ တိမ်တွေ ဆိုတာ
အဖတ်လိုက်ကွာကျ။ အဝေးဆုံး .. .. .. ။ အဝေးဆုံးဆိုတဲ့မိုင်တိုင်တွေမှာ သူ တိမ်အပဲ့တွေကို ချိတ်ပိတ်ပစ်လိုက်တယ်။ ခွဲခွာခြင်းဆိုတာ တော်တော်အသက်ရှူရကြပ်တဲ့ ပန်းချီကားတစ်ချပ်။ အဲဒီစုတ်တံကို ကိုင်နိုင်ဖို့ သူ့လက်တွေကို မနည်းအားတင်းခဲ့ရတယ်။ ဒီကန်းဗတ်စ်ပေါ်က စိတ္တဇကောက်ကြောင်းတွေနောက် သူ တောက်လျှောက်လိုက်ခဲ့တယ်။ အိပ်မက်ဆိုတာတွေကို လွယ်အိတ်ထဲက ထုတ်ခဲ့တယ်။ သူ မဟုတ်တဲ့ “သူ”တစ်ယောက် ဖြစ်မှန်းမသိဖြစ်လာတယ်။ ဒါပေမဲ့ အဲဒီအသက်ရှူသံတွေကို အမြဲကြားနေရတယ်။ နေ၀င်ချိန်တွေတိုင်း ရောဂါဖောက်နေတတ်ပြီ။

ဖျော့တော့တော့အိမ်ပြန်ချိန်တွေမှာ
ဆည်းဆာဆိုတာ တိမ်ကိုက်ရာတွေနဲ့ တဆစ်ဆစ်နာတယ်

ဆေးခတ်ထားတဲ့ ညနေခင်းတွေမှာ သူ့ဦးနှောက်တွေအအေးပတ်မတတ်။ တကယ်တော့ အဲဒီအတိတ်က "သူ"ကို သူကိုယ်တိုင်ပဲ သတ်ခဲ့တာ။သက်ပြင်းတစ်ခုကို ရင်ဘတ်ထဲဆွဲသွင်းလိုက်တယ်။ ငုတ်တုတ်ထိုင်နေရင်းက မျက်နှာကျက်က dream-catcher ကို အကြည့်ကရောက်သွားတယ်။ အဲဒီ ပိုက်ကွန်တွေအောက်က သူ့မျက်လုံးတွေမခွာနိုင်တော့ဘူး။ အတွေးတစ်ရစ်ချင်းကို ပြုစားထားသလိုမျိုး
သူမျက်တောင်မခတ်တမ်း.. စိုက်ကြည့်နေရင်းက .. .. .. သူ လုံးဝပျောက်ထွက်သွားတယ်။ ဒီကမ္ဘာမြေပေါ်ကနေ လွင့်ထွက်သွားသလိုမျိုး .. .. .. ကြယ်တွေကိုအနီးကပ်မြင်နေရတယ်။ သူမက်မောခဲ့ဘူးသော တိမ်တိုက်တွေတပွေ့တပိုက်ကြီးနဲ့။ ကြည့်နေတုန်းမှာပဲ သူတစ်ကိုယ်လုံးကို လေတ၀ကြီးတိုက်ခံနေရသလိုပဲ ၀ုန်း .. ဆို သူ့အသိစိတ်တွေပြန်ရောက်ချိန်မှာ သူ အခန်းထောင့်မှာမရှိတော့ဘူး။ ပြတင်းပေါက်ဘောင်ပေါ်မှာ ငုတ်တုတ်လေး .. .. အတွေးတွေကို အနားပေးလိုက်ပြီ။ ခံစားမှုတွေက သူ ကင်းလွတ်ချင်ပါပြီ။ ခွန်အားအသစ်တွေလည်း ထပ်မလိုချင်တော့ဘူး။ မျှော်လင့်ချက်တွေလည်း ပြန်မတည်ဆောက်ချင်တော့ဘူး။ အခုရှိနေတဲ့ “သူ” ဆိုတာကြီးကို မရှိချင်တော့ဘူး။ အတိတ်ကလို “သူ” ပြန်မရနိုင်တော့ရင်တောင်မှ ဒီလိုဖွာလန်ကြဲနေတဲ့ ဘယ်ဘက်ရင်အုံနဲ့ အသက်မရှူချင်တော့ဘူး။ သူ ဆုံးဖြတ်လိုက်တယ်။

ဘာမှထပ်မလိုချင်ဘူး ခဲဖျက်တခုကလွဲလို့
ဆွဲလက်စတွေကို ငါ ကိုယ်တိုင် ငါ နဲ့အတူ ရုပ်သိမ်းတယ်
သစ်ရွက်ခြောက်တစ်ရွက်ရဲ့ ဈာပနမှာ ဘယ်လွမ်းသူ့ပန်းခွေမှ မလိုချင်ဘူး

တစ်နှစ်ကျော်ကြာကြာ နှစ်ပါးသွားခဲ့တဲ့ အခန်းလေးရဲ့ ပြတင်းပေါက်ကနေ သူ့ကိုယ်သူ လွှတ်ချပစ်လိုက်တယ်။ သူ ဆိုတာ လုံးဝချုပ်ငြိမ်းသွားတော့မယ့်
အချိန်မတိုင်ခင်လေးမှာ အရမ်းကိုပေါ့ပါးသွားတယ်။ ဘုန်းခနဲ မြေကြီးနဲ့အရိုက် နာကျင်မှုကို သူ နောက်ဆုံးခံစားလိုက်ရပြီ။ ဟိုး အရှေ့မှာ သုညတခုကို လှမ်းမြင်နေရသလိုပဲ။

မရှိခြင်းရဲ့ အလျင်မှာ............................

သူ့ကို စီးမြောခွင့်ပြုပါတော့။     ။

===================================================== 

ကောက်ကြောင်းက၊ ငါက၊ ညက၊ ဆွဲထားတဲ့ပန်းချီက
- တ ယ် ရီ - 

ပန်ဒိုရာ၏ သေတ္တာထဲမှ လွတ်မြောက်ကာသွားသော အရာများတွင် စောင့်စားရခြင်းလည်း တစ်ခုအပါအ၀င် ဖြစ်နိုင်သည်။ ညစာစားခဲ့လို့လား \ ညစာမစားခဲ့လို့ လား။ ကောင်းကင်မှာ ရေတွက်စရာ ကြယ်မရှိတော့ \ ခြင်လုံဇကာကပဲ စိပ်လွန်းနေသလို။ လေမရတာကြာပြီ။ မျက်စိမှိတ်ထားလိုက်ရင်တော့ ခဏနေ အိပ်ပျော်သွားမှာပါ။ ဟုတ်တယ် .. အိပ်ပျော်သွားမှာပါ။ အိပ်စက်ခြင်းကို ဘာအတွက်ကြောင့် ညအချိန်မှာမှ ရွေးချယ်ခဲ့သနည်း။ ငါရွေးချယ်ခဲ့တဲ့ အရာတွေအတွက် ဘယ်တော့မှ နောင်တမရဘူး။ ဒါဆို ဘယ်သူတွေရရမှာလဲ။ ခွဲခွာခြင်းအတွက် သူမမှာ သတိရစိတ်လေးများ ကျန်နေဦးမလား။ ထားလိုက်ပါ။ ဆင်ခြင်တုံတရားမှာ အမှန်အမှား ရှိတယ်လေ။ ခုလိုညမျိုးမှာ အမှောင်ဟာ ပိုမိုရင့်သီးခက်ထန်နေမယ်။ ငါဘာကြောင့် ခုထိမအိပ်သေးတာလဲ။ နားထဲမှာ တစ်ခုခု ကြားနေရသလိုပဲ။ ကလေးတစ်ယောက်ရဲ့ ငိုသံ။ စစ်\သဘာဝဘေးဒဏ်သင့် အစာရေစာပြတ်လပ်မှုနဲ့ ကြုံနေရတဲ့ ကလေးတစ်ယောက်ရဲ့ငိုသံဖြစ်နိုင်သလို၊ အလိုလိုက်ထားခြင်းကြောင့် ဟိုတစ်ခုရော ဒီတစ်ခုရော လိုချင်လို့ ဂျီကျနေတဲ့ ကလေးတစ်ယောက်ရဲ့ငိုသံဖြစ်နိုင်သလို၊ တစ်စုံတရာကို ကြောက်ရွံ့လို့ ငိုနေတဲ့ ကလေးတစ်ယောက်ရဲ့ အသံဖြစ်နိုင်သလို၊ အလွန်အင်မတန် အိပ်ချင်နေတယ်ဆိုတဲ့အကြောင်းကို မပြောပြတတ်လို့ ငိုနေတဲ့ ကလေးတစ်ယောက်ရဲ့အသံလည်း ဖြစ်နိုင်တာပဲ။ ဒါနဲ့ ငါကရော ဘာကြောင့်မအိပ်ချင်သေးတာလဲ။

မဟုတ်ဘူး .. အိပ်ချင်တယ်။ ဘာကြောင့်\အိပ်မပျော်သေးတာလဲ\မအိပ်ပျော်သေးတာလဲ။ စိတ်မပူပါနဲ့ .. အိပ်ပျော်သွားမှာပါ/ နံပါတ်စဉ်ရေကြည့်ရအောင်။ အစကတော့မရေချင်ဘူး။ ဒါဆိုဘယ်ကစရေရမလဲ။ ဆိုလိုတာက အဆုံးကို ဘယ်ကနေစရေမလဲ။ စတာကပါလာပြန်ပြီ။ နားရှုပ်သွားပြီလား။ ကဲ .. ကဲ .. အဆုံးကို အဆုံးကနေပဲ ပြန်ရေမယ်။ တစ် .. နှစ်.. သုံး .. လေး .. ငါး .. ဟား .. what the hell .. (x..x..x..x) ကား။ ဒီအချိန်ကြီး မအိပ်သေးဘဲ သောက်ရမ်းမောင်းသွားတယ်။ လက်ကျန် ခမိခဆဲတွေနဲ့တူတယ်။ အဲ .. ငါ အဲ့လိုတွေးတာ အမြင်ကျဉ်းတာပဲ။ ကိုယ့်ရှုထောင့်ကို ခဏခေါက်သိမ်းလိုက်။ သူများရှုထောင့်ကနေ ၀င်ကြည့်ကြည့်။ အရေးပေါ်ကိစ္စတစ်ခုခုကြောင့်လား။ ကားပေါ်မှာ စိုးရိမ်ရေမှတ်ရောက်နေတဲ့ တောင်တန်းတွေများ ပါသွားလို့လား။ တခြားဂြိုဟ်တစ်ခုခုကို အမီသွားဖို့လား။ ဒါမှမဟုတ် သူတို့ကို ဘယ်လမ်းကမှ မမှတ်မိစေချင်တာလား။ ဒါမှမဟုတ် .. ဂေါ့ဒ်ဖားသားတွေလား။ တစ်ခုခုဆိုတာတော့ သေချာတယ်(သို့)မသေချာဘူး။ ဘယ်တောင်ရောက်သွားပြီလဲ။ သြော်…လေး….ငါး…ခြောက်…ခုနစ်။ ဘာဖြစ်လို့  ခုနစ်ကျမှ နှစ်လုံးဖြစ်နေရတာလဲ။ နောက်တစ်ခု ရှိသေးတယ် သုည။ ငါ သုညကော ရွတ်ခဲ့ရဲ့လား။ သေချာတာတော့ အိပ်တယ် ဆိုတာ သိစိတ်နဲ့ စောင့်ကြည့်လို့မရတဲ့ ပုံမှန်လည်ပတ်မှုစနစ်ပဲ။ အရူးများသာ ရေအတိမ်အနက်သိရန် ခြေနှစ်ချောင်းအသုံးပြု၍ စမ်းသပ်ကြသည် တဲ့။ ဒါပေမယ့် အဲ့ဒီအရူးက ရေကူးတတ်နေရင်ရော ဘာပြောကြမလဲ။ ရေငုပ်တတ်ရင် ပိုတောင်ဆိုးသေး။ ပြန်တက်လာရင် ပုလဲတစ်လုံးတောင် ပါရင်ပါလာမှာ။ အေး .. ခင်ဗျား အဲ့ဒီအချိန်မှ ငါ့ညီခေါ်ရင် ကျွေးလိုက်လိမ့်မယ်။ ထမင်းနဲ့ဟင်းနဲ့။ ခဏနေရင် အိပ်ပျော်သွားတော့မှာပါ။ လူတွေအိပ်မောကျနေတဲ့အချိန် ကမ္ဘာမြေဟာ ဘယ်လောက်တောင်ချစ်စရာကောင်းလိုက်သလဲ။ တိတ်ဆိတ်နေတဲ့အချိန်မှာ အသံတွေဟာ ပိုမိုကျယ်လောင်တတ်တယ် တဲ့။ သူမနဲ့ ကျွန်တော့်ကြားမှာ တိတ်ဆိတ်မှုတွေ ရှိပါတယ်။ ဥပမာဗျာ .. ကမ္ဘာကြီး ဆိုညည်းနေကျ သီချင်းသံဟာ သူမနဲ့ ခပ်ဆင်ဆင်တူတယ်။ ဒါပေမယ့် သူမ မကြားဘူး။ ချစ်ခြင်းတရားရဲ့ ကျယ်လောင်နိုင်မှုကပဲ သူမရဲ့ ကြားနိုင်စွမ်းကို ကျော်လွန် စေခဲ့သလား။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူသားတွေကို ဘုရားသခင်ဟာ လိုအပ်မှုအဖြစ် ဖန်ဆင်းခဲ့တယ်။ ဒါနဲ့များ ကမ္ဘာကြီးရဲ့မိုက်ခရိုစကုပ်အောက်မှာ သူတို့က ရောဂါပိုးမွှားတွေကို မိုက်ခရိုစကုပ်ထဲထည့်၊ လူသားရဲ့စွမ်းဆောင်မှု အရည်အချင်း၊ သမိုင်းလုပ်ပြီး ဂုဏ်ယူအောင်ပွဲခံနေသေးတယ်။ တကယ်တမ်းကျ မြို့ပြလူနေမှုဘ၀ဆိုတာ ယဉ်ကျေးစပြုနေတဲ့ အသွင်ပြောင်းတောအုပ်တစ်ခုပါ။ လူလုပ်နီယွန်မီးရောင်တွေရဲ့ အငွေ့အသက်ကို မခံချင်ဘူး။ ကြည့်စမ်း .. ကောင်းကင်ကြီးတစ်ခုလုံးတောင် စိုရွှဲလို့။ အပြင်မှာ မိုးဖွဲဖွဲလေးတောင်ကျလာပြီ။ ကြယ်တွေမရှိလို့ မိုးရွာတာလား။ ဒါဆို နာရီထဲက ကြယ်လေးတစ်လုံး ဖြုတ်တပ်ပေးလိုက်မယ်။ ၄း ၄၅ ။ နာရီတွေကို ရှေ့ကိုပဲလည်အောင် သူတို့ ဘာကြောင့်စဉ်းစားခဲ့တာလဲ။ လက်ဝဲရစ်က ဘာဖြစ်လို့ လဲ။

“ခဏနေ….အိပ်ပျော်သွားတော့မှာပါ”
“ခဏနေ….အိပ်ပျော်သွားတော့မှာပါ”
“ခဏနေ….အိပ်ပျော်သွားတော့မှာပါ”

 ===================================================== 

ကာတွန်း 


 ===================================================== 
ဝတ္ထုတို 

အခြားစနစ်နဲ့ သုံးကြိမ် 
- လွ န်း ဆ က် နိုး မြ တ် -


(၁)

ကမ္ဘာပေါ်မှာ အသက်ရှင်နေထိုင်ရတဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်းကို တန်ဖိုးထားတတ်အောင် သူက ကျွန်တော့်ကို သင်ကြားပေးသွားခဲ့တာ။

လူသားတွေရဲ့ ရှင်သန်ခြင်းဖြစ်စဉ်ထဲမှာ တကယ်ကို ကြောက်စရာကောင်းတဲ့ မတော်တဆထိခိုက်မှုတွေ ရှိတယ်။ အဲဒီလို ထိခိုက်မှုတွေမှာ သူ့ကို ကျွန်တော်တွေ့ရှိခဲ့တယ်။ ကျွန်တော်တို့ချင်းစတွေ့ကတည်းက သူဟာ ကျွန်တော်နဲ့ စိမ်းမနေခဲ့ဘူး။ ဘာဖြစ်လို့ဆို သူဟာ ကျွန်တော့်ရဲ့ အခြားစနစ်တစ်ခုဖြစ်လို့ပဲ။ ကျွန်တော့်အသက် ခုနနှစ်အရွယ် နွေဦးကာလတစ်ခုမှာ သူနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တယ်။ သူနဲ့တွေ့ဆုံမှုအကြောင်းမပြောခင်မှာ  အရင်ဆုံး ဦးထွေးအကြောင်း ကျွန်တော်ပြောချင်သေးတယ်။ အမှန်တော့ သူနဲ့ ကျွန်တော်ဟာ ဦးထွေးရဲ့ ခြံဝန်းထဲမှာ စတင်ဆုံစည်းခဲ့ ကြတာပဲ။ ဒါပေမဲ့လို့ သူ့အကြောင်းဟာ ဦးထွေးနဲ့ သိပ်တော့မသက်ဆိုင်လှဘူး။ ခက်တာက သူ့အကြောင်းပြောတဲ့အခါ ဦးထွေးအကြောင်းကနေပဲ ကျွန်တော် စချင်တယ်။

ကျွန်တော်ငယ်စဉ်က နေခဲ့ရတဲ့ ရွာကလေးမှာ ဆံသဆရာတစ်ယောက်ရှိတယ်။ သူ့နာမည်က ဦးထွေး။ ဦးထွေးဟာ အသက် ၆၀ ကျော်နေပေမယ့် တစ်ကိုယ်ရေတစ်ကာယသမား လူပျိုကြီးတစ်ယောက်ဖြစ်တယ်။ ကျွန်တော်ဟာ ဦးထွေးဆီမှာ ဆံပင်ညှပ်ရတယ်။ လက်ရာတွေ ဘာတွေကောင်းလို့ရယ်တော့ မဟုတ်ဘူး။ ကျွန်တော်လာပြီဆိုရင် ဦးထွေးအမြဲတမ်းညှပ်ပေးရတဲ့ ဆံပင်ပုံစံက ဘဲမြီးကေပဲ။ တစ်ခါတစ်လေတော့လည်း တခြားဆံပင်ပုံစံတွေ ဘာတွေ ပြောင်းညှပ်ပေးဖို့ ကျွန်တော်ပြောဖူးတယ်။ ဒါပေမဲ့လို့ ဦးထွေးကတော့ ဘဲမြီးကေ ညှပ်ပေးမြဲပဲ။ ဒီလို ညှပ်တယ်ဆိုတာကလည်း အကြောင်းရှိတယ်။ ကျွန်တော့်မေမေကိုယ်တိုင်က ဒီပုံပဲညှပ်ပေးဖို့ ဦးထွေးကို ပြောထားတာကိုး။

ကျွန်တော့်မေမေအပါအဝင် ရွာက အိမ်ရှင်မအများစုဟာ သူတို့ရဲ့ သားသမီးတွေကို ဦးထွေးဆီမှာပဲ ဆံပင်ညှပ်ခိုင်းကြတယ်။ ဦးထွေးက ကလေးချစ်တတ်တယ်၊ စိတ်ရှည်တယ်။ နောက်ပြီး အသက်အရွယ်အရလည်း လေးစားကြတာပါလိမ့်မယ်။ အဲဒါကြောင့် စနေ၊ တနင်္ဂနွေလို ကျောင်းပိတ်ရက်တွေမှာဆိုရင် ဦးထွေးဆံသဆိုင်ဟာ ကလေးတွေနဲ့ ဆူညံနေတတ်တယ်။ တိုတိုပြောရရင် သိပ်မကြာခင်မှာပဲ လူကြီးရောဂါတစ်ခုနဲ့ ဦးထွေးဆုံးသွားတယ်။ မနက်ခင်းတစ်ခုမှာ ဦးထွေးရဲ့ သက်မဲ့ခန္ဓာကိုယ် ကြီးကို အဝတ်အစားတွေချွှတ်ပြီး ရွာက လူတွေ ရေဝိုင်းချိုးပေးကြပုံကို အခုထိ ကျွန်တော်မှတ်မိနေသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ဘဝမှာ ပထမဆုံးမြင်ဖူးတဲ့ လူသေအလောင်းဟာ ဦးထွေးဖြစ်လို့ပဲ။ နောက်တစ်ခုက လူတွေ သေဆုံးသွားတဲ့အခါ ရေချိုးပေးရတဲ့ ဓလေ့ကို ဦးထွေးကြောင့် ကျွန်တော် သိသွားတယ်။ ဦးထွေးမရှိတော့တဲ့ နောက်ပိုင်းမှာ ဦးထွေးရဲ့ ဆံပင်ညှပ်ဆိုင်နဲ့ ခြံထဲက ဦးထွေးရဲ့ အိမ်ကို ဖျက်လိုက်ကြတယ်။ ဘာ့ကြောင့်ဖျက်မှန်းတော့ ကျွန်တော်လည်း ကောင်းကောင်းမသိဘူး။ 

ဒီလိုနဲ့ ကာလကြာတော့ ရွာလယ်လမ်းနဲ့ ရွာရှေ့လမ်းအပြိုင်ကြားမှာ ရှိနေတဲ့ ဦးထွေးရဲ့ ခြံဟာ ရွာကလူတွေအဖို့ အသုံးဝင်တဲ့ ဖြတ်လမ်းကလေးတစ်ခုဖြစ်လာတယ်။ လူတွေကလည်း ဦးထွေးခြံထဲက ဖြတ်သွားရမှာကို ဘယ်သူကမှ မစိုးကြောက်ကြဘူး။ ရိုးသားတဲ့ ရွာသားတွေဆိုတော့ ဘာမှလည်း အထူးတလည် ထွေလီကာလီစဉ်းစားမနေဘူး။ ဦးထွေးတစ်ယောက် ကောင်းရာမွန်ရာကို ရောက်မယ် ဆိုတာ လူတိုင်းက ယုံကြည်ပြီးသား။ ဦးထွေးခြံထဲကို ဖြတ်နေချိန်မှာတောင် ဦးထွေးခြံမှန်း ရွာကလူတွေ သတိရကြပုံမပေါ်ဘူး။ ဦးထွေးကို ရိုးရိုးသားသားပဲ ရွာသားတွေက မေ့လျော့သွားကြတယ်။ အဲဒီ့ဖြတ်လမ်းကလေးကလွဲရင်  ကျန်တဲ့ ဦးထွေးရဲ့ ခြံမြေပေါ်မှာ ခြုံနွယ်မြက်ရိုင်း တွေဟာ တောထပြည့်နှက်နေတော့တယ်။

တမင်တကာမဟုတ်ဘဲ သူ့အလိုအလျောက် ဦးထွေးရဲ့ ခြံကလေးဟာ နေ့ခင်းနေ့လည် ကျွန်တော်တို့ကလေးတွေအတွက် အသေးစား ကစားစရာတောအုပ်ကလေးဖြစ်လာတယ်။ ဦးထွေးခြံထဲက မာလကာပင်၊ သရက်ပင်နဲ့ တခြားအပင်တွေပေါ် ကျွန်တော်တို့ တက်ကစား ကြတယ်။ မြက်ရိုင်းတောထဲဝင်ပြီး စခန်းဆောက်ကြတယ်။ သေနတ်ပစ်တမ်း၊ တူတူပုန်းတမ်းတွေ ကစားကြတယ်။ ဆော့ကစားခြင်းနဲ့ ပတ်သက်ရင် ကျွန်တော်ဟာ အင်မတန်စိတ်အားထက်သန်နေတဲ့ အရွယ်ပဲ။ ဦးထွေးရဲ့ ခြံထဲ ဝင်ကစားရတဲ့ အချိန်တိုင်းမှာ  ကျွန်တော်ပျော်ရွှင်ခဲ့ရတယ်။ ဒါပေမဲ့လို့ သူနဲ့ကျွန်တော် ဦးထွေးခြံထဲမှာ ပထမဆုံးတွေ့ရှိခဲ့ပြီးနောက်တော့ ကျွန်တော့်ပျော်ရွှင်မှုတွေဟာ မသေချာတော့ဘူးဖြစ်သွားလေရဲ့။

အဲဒီ့အချိန်တုန်းက ကျွန်တော်ဟာ တူတူပုန်းတမ်းလို ကစားနည်းကို ဦးထွေးခြံထဲမှာ ကစားနေခဲ့တယ်။ တခြားသူငယ်ချင်းတွေ ကျွန်တော့်ကို ရှာမတွေ့နိုင်အောင် မြက်ရိုင်းတောတွေထဲ တွားသွားပုန်းအောင်းရင်းပေါ့။ ပုန်းအောင်းနေရင်း ဦးထွေးရဲ့ ခြံထဲက ကျွန်တော်တို့ ကလေးတွေ အရောက်အပေါက်နည်းတဲ့ အပိုင်းတစ်ပိုင်းရှိတာကို သွားသတိရမိလိုက်တယ်။ ဘာဖြစ်လို့ အဲဒီ့အပိုင်းတွေမှာ ကျွန်တော်တို့ မကစားဖြစ်ကြသလဲဆိုတော့ ချောင်ကျပြီး အလင်းရောင်ကောင်းကောင်း မရလို့ ဖြစ်နိုင်တယ်။ ဖြစ်နိုင်တယ် လို့ ပြောရတာကတော့ ကျွန်တော် သေသေချာချာ ရှင်းမပြနိုင်လို့ပဲ။ ဘာကြောင့်မှန်းတော့မသိဘူး။ ကျွန်တော်ဟာ အဲဒီ့အပိုင်းကို သွားရောက် ပုန်းခိုဖို့ ဆုံးဖြတ်လိုက်တယ်။

အနည်းငယ်အလင်းရောင်ဖျော့တော့ပြီး ချောင်ကျနေတဲ့ အဲဒီ့အပိုင်းကလေးပေါ်မှာ ကျွန်တော်ဟာ ပုန်းအောင်းဖို့ ပြင်ဆင်တယ်။ တစ်ဖက်မှာလည်း တခြားသူငယ်ချင်းတွေရဲ့ အရိပ်အခြည်ကိုလည်း သတိထားရသေးတယ်။ အဲဒီ့အချိန်မှာပဲ ရုတ်တရက်ဆိုသလို ကျွန်တော့် ရင်ထဲ ဟာခနဲဖြစ်သွားတယ်။ ကျွန်တော့်ရဲ့ ခြေထောက်နှစ်ချောင်းစလုံးဟာ မြေကြီးနဲ့ လွတ်ပြီး စကြဝဠာတစ်ခုထဲ လွင့်စင်သွားသလို ခံစားလိုက်ရတယ်။ တကယ်တော့ ကျွန်တော့်ခြေလှမ်းကို နောက်နည်းနည်းအဆုတ်မှာ ဦးထွေးခြံထဲက ရေတွင်းပျက်ဟောင်းကြီးထဲ ကျွန်တော် ပြုတ်ကျသွားတာ။

သတိဝင်ဝင်ချင်း ချက်ချင်းပဲ ကျွန်တော်ဟာ ရေတွင်းနှုတ်ခမ်းပေါင်ကို တံတောင်ဆစ်နှစ်ဖက်နဲ့ အားပြုထောက်ထားတာကို သိလိုက်ရတယ်။ အစကတည်းက ဖိနပ်မပါတော့ ရေတွင်းထဲကျနေတဲ့ ကျွန်တော့်ခြေထောက်နှစ်ချောင်းဟာ ခြေမတွေကုပ်ပြီး ရေတွင်းနံရံကို တွယ်ကပ်ထားတယ်။ ကျွန်တော့်ဘဝမှာ တစ်ခါမှ အဲဒီ့လောက် မထိတ်လန့်ဖူးဘူး။ ကျွန်တော်ဟာ ရေတွင်းပျက်ရဲ့ ဟိုးအောက်ထဲကို အသာ ခေါင်းငဲ့ကြည့်လိုက်တယ်။ အား။ ကျွန်တော့်ရင်တွေ တရစပ်အခုန်မြန်လာတယ်။ ရေတွင်းအောက်ခြေမှာ ရေနည်းနည်းရှိတယ်။ မိုးကောင်းကင်က ကျလာတဲ့ အလင်းရောင်ခပ်ဖျော့ဖျော့ဟာ ရေတွင်းအောက်ခြေက ရေအနည်းငယ်နဲ့ တခြားအမှိုက်သရိုက် တုတ်တိုတုတ်စတွေပေါ် ကျရောက်နေတာကို ကျွန်တော့်မျက်လုံးပြင်မှာ ပုံရိပ်ထင်နေတယ်။

တစ်စုံတစ်ယောက်ကြားနိုင်အောင် ကျွန်တော်ဟာ အသံကုန် ဟစ်အော်လိုက်တယ်။ ကယ်ကြပါဗျို့ဆိုတာမျိုး၊ ဒီကို ခဏလောက် လာပေးကြပါဗျို့ဆိုတာမျိုး အတိအကျမမှတ်မိတော့ပေမယ့် အလားတူစကားတစ်ခွန်းကိုတော့ ကျွန်တော်အသံကျယ်ကျယ်နဲ့ အော်လိုက်တယ်။ ဒါပေမဲ့လို့ ခဏကြာတဲ့အထိ ဘယ်သူမှ ရောက်မလာကြတဲ့အခါ ကျွန်တော်ဟာ ရေတွင်းထဲက ခြေထောက်တွေကို တွင်းနှုတ်ခမ်းပေါ် ကိုယ့်ဘာသာပဲ တင်ကြည့်ဖို့ ကြိုးစားရတော့တယ်။ မွေးဖွားလာကတည်းက ပထမဆုံးအဖြစ် အသက်နဲ့ရင်းတဲ့ အလုပ်တစ်ခုကို ကျွန်တော် လုပ်နေမိတာ။ ကျွန်တော့်အသက်ရှူသံတွေဟာဆိုရင် လုံးလုံးလျားလျားကြီးကို မြန်ဆန်လို့နေရဲ့။

သိပ်မကြာခင်မှာတော့ ကံကောင်းထောက်မစွာနဲ့ ကျွန်တော်ဟာ အောင်မြင်ခဲ့တယ်။ မောပန်းထိတ်လန့်ခြင်းတွေနဲ့ အတူ ရေတွင်းနှုတ်ခမ်းပေါ်မှာ ကျွန်တော်မတ်မတ်ရပ်လိုက်နိုင်တယ်။ ဒါပေမဲ့လို့ မနေနိုင်မထိုင်နိုင် ရေတွင်းအောက်ခြေထဲကို ကျွန်တော်နောက်တစ်ခေါက် ငဲ့စောင်းကြည့်မိလိုက်ပြန်တယ်။ ကျွန်တော့်နှလုံးသားဟာ နေရာမှာပဲ ခုန်ထွက်သွားတော့မလား ထင်လိုက်မိရဲ့။ အကြောင်းကတော့ ဟိုးရေတွင်းအောက်ခြေထဲကနေ ကျွန်တော့်ကို ပြန်မော့ကြည့်နေတဲ့ သူ့ကို တွေ့လိုက်ရတဲ့အတွက်ကြောင့်ပဲ။

ကျွန်တော်ဟာ သူ့ကို အတော်ကြာတဲ့အထိ ပြန်စိုက်ကြည့်နေဖြစ်တယ်။ နောက်တော့ ကျွန်တော့်မျက်လုံးတွေကို ကျွန်တော်မယုံကြည်တော့ဘူး။ ကျွန်တော့်အသားတွေ တဆတ်ဆတ်တုန်လာတဲ့အထိ ကြောက်စိတ်ဝင်လာတဲ့အခါ ကျွန်တော်ပြေးထွက်ခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်ပြေးထွက်လိုက်ပြီးမှ စောစောက ကျွန်တော်ခြေစုံရပ်နေတဲ့ ရေတွင်းနှုတ်ခမ်းသားမြေကြီးဟာ တဝေါဝါမြည်ပြီး ရေတွင်းထဲကို ပဲ့ကျလို့သွားတယ်။ ဒါဟာ သူနဲ့ကျွန်တော် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့တဲ့ အဖြစ်အပျက်ပဲ။

(၂)

သူနဲ့ ဒုတိယအကြိမ်တွေ့ကြပြန်တော့ ကျွန်တော့်အသက်ဟာ ၁၄နှစ်လောက်ရှိပြီ ထင်တယ်။ ကောင်းကောင်းတော့ မမှတ်မိဘူး။ ကျွန်တော်ဟာ နယ်မြို့လေးတစ်မြို့က ဆေးရုံတစ်ခုပေါ်မှာ ကာလကြာရှည်စွာ တက်ရောက်ကုသနေရတယ်။ ကံဆိုးချင်တော့ ဆရာဝန်တွေက ကျွန်တော်ဘာဖြစ်မှန်း မကွဲပြားဘူးဖြစ်နေတယ်။ ကျွန်တော်ဖြစ်နေတဲ့ ရောဂါကို ရက်တော်တော်ကြာအောင် အဖြေရှာမရကြဘူး။ ကျွန်တော့်ရောဂါဟာ သာမန်ဖြစ်နေကျရောဂါတွေနဲ့ ဆင်တူသလို ရှိပေမယ့် ကွဲပြားနေတယ်။ ဒါ့အပြင် ဆရာဝန်တွေက ဟိုအရင် ကျွန်တော်ဖြစ်ဖူးတဲ့ ရောဂါဟောင်းတစ်ခု ပြန်ပေါ်တယ်လို့ ယူဆမိကြတာလည်း ပါတယ်။ အမှန်တော့ ရောဂါဟောင်းမဟုတ်ခဲ့ဘူး။

အစောပိုင်း ဆရာဝန်တွေ ယူဆထားတဲ့ ရောဂါကုထုံးအတိုင်း ကုသပေမယ့် ကျွန်တော့်အခြေအနေဟာ တိုးတက်မလာဘူး။ အတွေ့အကြုံရင့် ဆရာဝန်ရှားပါးတဲ့ နယ်မြို့ကလေးတစ်မြို့ဆိုတော့ ပိုဆိုးတော့တာပေါ့။ နေ့နေ့ညည ရောင်စုံဆေးလုံးဆေးပြားတွေ ကျွန်တော်မြိုချခဲ့ရတယ်။ တင်ပါးတွေ အောင့်နေအောင် ဆေးတွေထိုးခဲ့ရတယ်။ ပုလင်းမျိုးစုံချိတ်ခဲ့ရတဲ့အတွက် ကျွန်တော့်လက်ဖျံတွေဟာ အပ်ပေါက်ရာတွေနဲ့ ပြည့်နေလေရဲ့။

တစ်နေ့ပြီးတစ်နေ့ ကျွန်တော့်ခန္ဓာကိုယ်ဟာ ပိန်လှီအားနည်းလာတယ်။ ကျွန်တော့် အသားအရေတွေဟာ ဖျော့တော့ မွဲခြောက်လာတယ်။ တစ်ရက်မှာတော့ ကျွန်တော်ဟာ သတိလစ်မေ့မျောသွားတဲ့ အဆင့်ထိတောင် ရောက်ရှိသွားခဲ့တယ်။ ဒါပေမဲ့လို့ ကျွန်တော်သတိပြန်ရလာတဲ့နောက်မှာတော့ ကံကောင်းစွာနဲ့ ဆရာဝန်တွေဟာ ကျွန်တော့်ရောဂါကို အဖြေရှာနိုင်လိုက်ကြတယ်။ သိပ်မကြာခင်မှာတော့ မှန်ကန်တဲ့ ကုထုံးအောက်ရောက်သွားပြီဖြစ်လို့ ကျွန်တော်ဟာ ရောဂါဝေဒနာကနေ လျင်လျင်မြန်မြန် ပြန်လည်သက်သာလာခဲ့တယ်။ နောက်ဆုံးမှာ ကျွန်တော်ဆေးရုံက ဆင်းမယ့်နေ့ကို ရောက်လာတယ်။

ထုပ်ပိုးထားတဲ့ လူနာအသုံးအဆောင်ပစ္စည်းတွေကို ကျွန်တော့်မိသားစုဝင်တွေက အခန်းအပြင်ဖက် သယ်ဆောင်သွားကြတယ်။ အဲဒီ့အဖွဲ့နောက်ကနေ ကျွန်တော့်မေမေက ကျွန်တော့်ကို တွဲပြီး အခန်းအပြင်ထွက်ဖို့ပြင်တယ်။ အခန်းအပြင်ထွက်ခါနီး တံခါးနားအရောက်မှာ ဘာရယ်မဟုတ်ပါဘဲ ရက်အတော်ကြာလဲလျောင်းခဲ့ရတဲ့ ကျွန်တော့်ဆေးရုံကုတင်လေးဆီ လည်ပြန်လှည့်ကြည့်လိုက်မိတယ်။ ဟင် .. ကျွန်တော်အရမ်းအံ့သြလို့သွားရဲ့။ အံ့သြလွန်းလို့ လှမ်းလက်စကျွန်တော့်ခြေလှမ်းတွေတောင် ရပ်တန့်လို့ သွားတယ်။

ကျွန်တော့်ကုတင်ပေါ်မှာ သူဟာ လဲလျောင်းနေတယ်။ သူ့ကို ကြည့်ရတာ ပိန်လှီဖျော့တော့လွန်းလှတယ်။ သူ့တစ်ကိုယ်လုံးမှာ ပြူးကျယ်ကျယ်မျက်လုံးတွေနဲ့ သူ့နှုတ်ခမ်းထူထူကလွဲရင် ကျန်တဲ့ အရေပြားအားလုံး အတွင်းထဲကို ကျုံ့ဝင်နေတယ်။ ပြူးကျယ်ကျယ်မျက်လုံးတွေနဲ့ သူဟာ ကျွန်တော့်ကို လှမ်းကြည့်နေခဲ့တယ်။ ဒီလိုနဲ့ သူ့ကို ကျွန်တော် ဒုတိယအကြိမ်တွေ့ခွင့်ရခဲ့တယ်။

(၃)

ကျွန်တော့်ဘဝရဲ့ နောက်ပိုင်းအချိန်တွေမှာ သူဟာ အတော်ကြာတဲ့အထိ ထပ်ပြီးရောက်ရှိမလာတော့ဘဲ ပျောက်ဆုံးသွားပြန်တယ်။ အသက်အရွယ် တဖြည်းဖြည်းကြီးရင့်လာတဲ့ ကျွန်တော်ကတော့ လောကဓံနဲ့ သူလိုငါလို ရင်ဆိုင်ကျော်လွှားရင်း နှစ်ကာလတွေ ဟောင်းလွင့်ဖြတ်သန်းခဲ့တယ်။ ရှားပါးလွန်းတဲ့ အခိုက်အတန့်တွေမှာတော့ သူ့ကို သတိရမိတတ်တာမျိုးရှိပေမယ့် မရှိသလောက်ပဲလို့ ဆိုရမယ်။

ကျွန်တော့်အသက် ၂၇နှစ်အရွယ်မှာ သူနဲ့ ကျွန်တော် ပြန်ဆုံတွေ့ကြပြန်တယ်။ ဒါဟာ သူနဲ့ တတိယအကြိမ်တွေ့ဆုံမှုဖြစ် ပြီး နောက်ဆုံးအကြိမ် ဆုံစည်းမှုလည်းဖြစ်တယ်။ ပြီးတော့ ဒီတစ်ကြိမ်ဆုံစည်းမှုဟာ ဟိုအရင်အကြိမ်တွေနဲ့ အများကြီး ခြားနားတယ်။ သူနဲ့ ပတ်သက်ပြီး ကျွန်တော်မသိသေးတဲ့ သဘာဝတရားရဲ့ လျှို့ဝှက်ချက်တစ်ခုကိုလည်း ထိတ်လန့်တကြား သိခွင့်ရလိုက်တယ်။ ဒါပေမဲ့လို့ အဲဒီ့ထိတ်လန့်မှုဟာ ကျွန်တော့်ဘဝနေထိုင်မှုအတွက် အထူးကို တန်ဖိုးရှိလွန်းလှရဲ့။

မှတ်မှတ်ရရ ကျွန်တော့်တစ်သက်စာမှာ ဘယ်တော့မှ မေ့ဖျောက်မရနိုင်တော့မယ့် ချစ်သူများနေ့ (Valentines’ Day) တစ်ရက်မှာ သူနဲ့ တွေ့ရှိဖို့ အကြောင်းဖန်လာခဲ့ကြတာ။ အဲဒီ့နေ့က ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူဟာ တစ်နေကုန်အောင် ကားတစ်စီးနဲ့ လျှောက်သွားနေခဲ့တယ်။ ပန်းခြံတွေထဲလည်း ရောက်တယ်။ ရုပ်ရှင်လည်း ကြည့်တယ်။ စားသောက်ဆိုင်တွေလည်း ဝင်ထိုင်တယ်။ သွားစရာမရှိတော့တဲ့အဆုံး သူငယ်ချင်းတွေရဲ့ အိမ်တွေကိုတောင် ရှောင်တခင်ဝင်လည်ကြသေးတယ်။ နောက်တော့ ဘာမှလုပ်စရာမရှိတော့လို့ ထုံးစံအတိုင်း ကျွန်တော်တို့နှစ်ယောက် ပျင်းရိလာကြတယ်။ ဒါနဲ့ပဲ ချစ်သူက ကျွန်တော့်ကို အကြံတစ်ခုပေးတယ်။ သူမကို ကားမောင်းသင်ပေးဖို့ပဲ။

သူမအကြံကို လက်ခံပြီး နာရီပိုင်းအတွင်းမှာ ကျွန်တော့်ကားကလေးဟာ မြို့ပြင်က လူရှင်းတဲ့ လမ်းမတစ်နေရာကို ရောက်လာခဲ့တယ်။ ကျွန်တော်တို့နှစ်ယောက် နေရာချင်းလဲထိုင်လိုက်ပြီး ကားမောင်းသင်ခန်းစာကို စတင်တယ်။ အဲဒီ့အရင်ကလည်း တစ်ခါနှစ်ခါလောက် နည်းနည်းချင်းစီ သင်ပေးပြီးသား ဖြစ်လို့ အစကနေ သင်ရတာမျိုး မဟုတ်ဘူး။ ကားတစ်စီးကို ဘယ်လို မောင်းနှင်ရမလဲဆိုတဲ့ သဘောတရားကို သူမ သိပြီးသား။ ဒါပေမဲ့လို့ ဘယ်ကိစ္စမဆို လက်တွေ့က အရေးအကြီးဆုံးပဲ။

သူမရဲ့ မောင်းနှင်မှုအောက်မှာ ကားကလေးက လှလှပပ ပြေးနေတယ်။ ဖြစ်ချင်တော့ သူမရော ကျွန်တော်ရော သတိတစ်ချက် လွတ်သွားခဲ့တယ်။ အများအားဖြင့် မြို့ပြင်လမ်းမတွေမှာ ကားရှင်းတယ်ဆိုပေမယ့် ရောက်လာတဲ့ ကားတိုင်းဟာ မြို့ထဲကလို မဟုတ်ဘဲ မြန်နှုန်းမြင့် မောင်းနှင်တတ်ကြတာကို သတိမထားမိလိုက်ကြဘူး။ တစ်နေကုန် ဟိုဟိုဒီဒီလျှောက်သွားပြီး လည်ပတ်ပျော်ပါးခဲ့တဲ့ ပင်ပန်းမှုတွေကို ထည့်မတွက်ခဲ့ကြတာလည်း ပါမယ်။ ရုတ်ခြည်းဆိုသလို သူမဘက်ခြမ်းကနေ ကားတစ်စီးဟာ အရှိန်ပြင်းလွန်းစွာနဲ့ ထွက်ပေါ်လာခဲ့ပြီးနောက် အရာအားလုံးဟာ ပကတိ အမှောင်ကျသွားလေတော့ရဲ့။

နောက်ဆုံးတော့ ဒီအဖြစ်ကြောင့် ချစ်သူတစ်ယောက်ကို ကျွန်တော်ဆုံးရှုံးလိုက်ရတယ်။ ကျွန်တော်ကတော့ ဒဏ်ရာပရဗွနဲ့ အသက်ရှင်ပြီး ကျန်ရစ်ခဲ့တယ်။ ကျွန်တော်ရခဲ့တဲ့ ဒဏ်ရာတွေက အသက်အန္တရာယ်ကို မထိခိုက်ခဲ့ပေမယ့် ကြောက်စရာကောင်းအောင် ရုပ်ပျက်ဆင်းပျက်ပဲ။ ဆေးရုံပေါ်မှာ ကိုးရက်လုံးလုံး ဒဏ်ရာတွေနဲ့ ကျွန်တော်မေ့မြောနေခဲ့ပြီး ဆယ်ရက်မြောက် မနက်ခင်းမှာ ကျွန်တော် သတိပြန်ရလာတယ်။

ကျွန်တော့်မျက်လုံးတွေကို အားယူဖွင့်လိုက်ရင်း အလင်းဒဏ်ခံနိုင်တဲ့အထိ ခဏစောင့်လိုက်တယ်။ အမြင်အာရုံတွေ ကြည်လင် သွားတော့ ကျွန်တော့်ရှေ့တူရှုမှာ ဆေးရုံနံရံကို ခပ်ကွေးကွေးလေး ပုဆစ်တုပ်မှီထိုင်နေတဲ့ သူ့ကို ကျွန်တော်မြင်လိုက်ရတော့တာပဲ။ အဲဒီလို မြင်လိုက်ရတော့ စိတ်ထဲမှာ ကျွန်တော်ဟာ သေဆုံးပြီး တခြားဘုံတစ်ခုကို ရောက်သွားတယ်လို့တောင် ထင်လိုက်မိသေးတယ်။ ထင်လည်း ထင်ချင်စရာပဲ။ ဆေးရုံနံရံကို မှီထိုင်နေတဲ့ သူခန္ဓာကိုယ်ဟာ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့ သွေးအလိမ်းလိမ်းဖြစ်နေတယ်။ သူက အဲဒီ့လို ပုံစံနဲ့ ဆေးရုံကုတင်ပေါ်က ပတ်တီးအဖွေးသား ပိုက်တွေတန်းလန်းဖြစ်နေတဲ့ ကျွန်တော့်ဆီ လှမ်းကြည့်တယ်။

သူ့ကိုကြည့်ရတာ တစ်ခုခုပြောချင်နေပုံရတယ်။ ဒါနဲ့ ကျွန်တော်စကားစလိုက်တယ်။ခင်ဗျားဘယ်သူလဲလို့ ကျွန်တော်မေးလိုက်တယ်။ ငါက မင်းရဲ့ အခြားစနစ်တစ်ခုပဲ။ ကျွန်တော်အံ့အားသင့်ပြီး နားမလည်နိုင်အောင် ဖြစ်သွားတယ်။ ဘာလဲဗျ အခြားစနစ်ဆိုတာလို့ ထပ်မေးလိုက်တယ်။ လူသားတိုင်းမှာ အခြားစနစ်တွေ ကိုယ်စီရှိတယ်။ လူသားတစ်ယောက်ဟာ သေစေနိုင်လောက်အောင် အသက်ဘေးမျိုး တစ်ခါကြုံတွေ့ရတဲ့ အခါတိုင်း အခြားစနစ်တစ်ခုက သူ့ကိုယ်စားထွက်ပေါ်ခံစားပေးရတယ်။ ပြီးရင် အဲဒီ့အခြားစနစ်ဟာ မင်းကိုယ်စားသေဆုံးပေးရတယ်။ သူ့အသံဟာ တစ်ခုခုကို နာကျင်နေပုံမျိုးပဲ။ သူ့စကားတွေ နားထောင်ရတာ ဆန်းကြယ်လွန်းလို့ ကျွန်တော်ထပ်မေးလိုက်တယ်။ နေပါဦး ကျွန်တော်က သေသွားပြီလား။ ဟင့်အင်း မင်းမသေသေးဘူး။

ဆေးရုံခန်းကျဉ်းကျဉ်းလေးဟာ ပြန်ပြီးတိတ်ဆိတ်သွားတယ်။ အဲဒီ့တိတ်ဆိတ်မှုကို ချိုးဖျက်တဲ့အနေနဲ့ ကျွန်တော်ထပ်မေးလိုက် တယ်။ ကျွန်တော့်ကို ဘယ်အချိန်ထိ အခြားစနစ်တွေက ကာကွယ်ပေးနေဦးမှာလဲ။ ဒါတော့ ဘုရားသခင်မှပဲ သိမယ်။ သေချာတာက မင်းရဲ့ အခြားစနစ်တွေက မင်းကို ရာသက်ပန်တော့ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ကျွန်တော့်ကောင်မလေးရော အသက်ရှင်နေလား။ မင်းကလွဲလို့ အပြင်လူတစ်ယောက်ရဲ့ အသက်အန္တရာယ်ဟာ ငါနဲ့မဆိုင်ဘူး။ ဒါပေမဲ့ ငါသိသလောက်ပြောရရင် သူ့ဆီမှာ ရှိတဲ့ အခြားစနစ်တွေဟာ မင်းလောက်မများဘူး။ လူသားတစ်ဦးနဲ့တစ်ဦး အခြားစနစ်တွေ ပိုင်ဆိုင်တဲ့ အရေအတွက်လည်း မတူညီဘူး။ အဲဒါကြောင့် ဒီကမ္ဘာမှာ နေထိုင်တဲ့ လူတွေရဲ့ အသက်ရှည်နှုန်းဟာ မတူညီကြတာပဲ။ မင်းဆီကနေ မင်းရဲ့ အခြားစနစ်တွေ ထွက်ခွာတာ နည်းအောင် လုပ်နိုင်လေ မင်းအသက်ဟာ ရှည်လျားလေပဲ။

သူ့စကားတွေဟာ ဖြစ်နိုင်ချေယုတ္တိလုံးဝမရှိမှန်း သိပေမယ့် ထူးဆန်းစွာပဲ ကျွန်တော် ယုံကြည်နေမိတယ်။ ဒါပေမဲ့လို့ သူပြောတာတွေအပေါ် ကျွန်တော်သိပ်တော့ အစာမကြေချင်ဘူး။ ခင်ဗျားပြောတာတွေက နည်းနည်းလောက် ကြောင်တောင်တောင် နိုင်မနေဘူးလား။ ပြီးတော့ ကျွန်တော့်လိုပဲ တခြားလူသားတွေအားလုံး ခင်ဗျားလို အခြားစနစ်တွေနဲ့ တွေ့ဆုံခွင့်ရကြသလား။ နောက်ပြီး စကားပြောလို့ ရကြသလား။ သူက ခေါင်းကို ခပ်ဖြေးဖြေးခါပြရင်း မတ်တပ်ထရပ်တယ်။အဲဒီလို ထလိုက်တဲ့အခါ သူ့ကိုယ်မှာ စီးနေတဲ့ သွေးစက်တွေက ဆေးရုံကြမ်းပြင်ပေါ်ကို ပြန့်ကျဲကျသွားတယ်။ ဒါပေမဲ့လို့ ကြမ်းပြင်ပေါ်မှာ ပေကျံသွားတာကို မတွေ့ရတော့ ကျွန်တော်အံ့သြမိလိုက်တယ်။

သူက ဆက်ပြောတယ်။ သိပ်မရှိကြဘူး။ တော်တော်ကို အရေအတွက်နည်းတဲ့ လူတစ်ချို့သာ သူတို့ရဲ့ အခြားစနစ်ကို အသက်အန္တရာယ်ကြုံတိုင်းမှာ ပြန်တွေ့မြင်ခွင့်ရကြတာ။ အမှန်တော့ အခုလို မင်းရဲ့ အခြားစနစ်နဲ့ မင်းစကားလက်ဆုံပြောခွင့်ရတယ်ဆိုတာ သိပ်တော့ မကောင်းလှဘူး။ ဒါဟာ ဘာကိုပြသလဲဆိုတော့ မင်းဆီမှာ မင်းကိုယ်ပိုင် အခြားစနစ်တွေ အတော်လေးလျော့နည်းနေပြီဆိုတဲ့ လက္ခဏာပဲ။ သေခါနီးအသက်ကြီးတဲ့ အဘိုးကြီး အဘွားကြီးတွေ တစ်ယောက်တည်း စကားပြောပြောနေတတ်တာကို မင်းမြင်ဖူးမှာပေါ့။ ဒီတစ်ခါတော့ သူ့စကားကို ကျွန်တော် တော်တော်လေးလန့်ဖျပ်သွားမိတယ်။ ကျွန်တော်သူ့ကို အလျင်စလိုပဲ ထပ်မေးလိုက်ပြန်တယ်။ ကျွန်တော့်ဆီက အခြားစနစ်တွေကို ဘယ်လို ထိန်းသိမ်းရမလဲ။ သူက ကျွန်တော့်အမေးကို ချက်ချင်းမဖြေဘူး။ ကျွန်တော့်ကို အချိန်အကြာကြီး စူးစူးစိုက်စိုက်ကြည့်နေတယ်။ ငါသွားရတော့မယ်။

ရုတ်တရက် သူက ကျွန်တော့်ကို ကျောခိုင်းလိုက်တယ်။ ဟေ့ ကျွန်တော်မေးတာ ဖြေခဲ့ဦးလေ။ ကုတင်ပေါ်လှဲနေရာကနေ ထရပ်မိမတတ် ကျွန်တော်အမောတကော လှမ်းမေးလိုက်တယ်။ အဲဒီ့မှာတင် ကျွန်တော့်ကို လှည့်မကြည့်ဘဲ ပြောသွားတဲ့ သူ့ဆီက နောက်ဆုံးအသံကို ကျွန်တော် ကြားလိုက်ရတယ်။

“မေတ္တာတရားနဲ့ ပျော်ရွှင်အောင်နေပါ”။        ။


===================================================== 

သူ နှင့် သူ၏ ကောက်ရိုးများ
-ေ န ကျ ယ် ဝ န်း - 

ရွာတစ်ရွာရှိသည် ။

ထိုရွာတွင် ထူးဆန်းသော အဖြစ်အပျက် နှစ်ခုသည် ၁ ရက်တည်းတွင် တပြိုင်နက်ဖြစ်ပွားခဲ့သည် ။

၎င်းတို့မှာ . . .

ဖြစ်စဉ် ( ၁ )

ယာသမား တစ်ဦးသည် သူ၏ ယာထဲမှ နွားများကို အစာကျွေးရန် အိမ်မှ ကောက်ရိုးများကို မြည်းတစ်ကောင်ဖြင့်သယ်သွားရန် ကြံစည်နေ၏ ။ သူ မြည်းကို ဝယ်ထားသည်မှာ မကြာသေးသဖြင့် မြည်းဆွဲရန် လှည်းမရှိသေးပေ ။ ထို့ကြောင့် မြည်း၏ ကျောကုန်းပေါ်တွင် ဆံ့သမျှ ကောက်ရိုးစည်းများကိုသာ ယနေ့အဖို့တော့ သယ်သွားတော့မည်ဟု စဉ်းစားပြီး ကောက်ရိုးစည်းများကို တင်လေသည် ။ မြည်း၏ကိုယ်ပေါ်တွင်လည်း မဆံ့တော့ ၊ နွားများအတွက်လည်း လုံလောက်လောက်ပြီဟု ယူဆသောအချိန်တွင် ရပ်လိုက်ပြီး ထိုနေရာတဝိုက်တွင် ပွကျဲနေသော ကောက်ရိုးများကို လှည်းကျင်းသိမ်းဆည်းလိုက်သည် ။ ကောက်ရိုးထားရာ ကျီတွင် ကောက်ရိုးမျှင်များ ရှိသည်မှာ မဆန်းပေ ။ သို့သော် သူသည် သပ်ရပ်မှုကို ကြိုက်သဖြင့် ထိုနေရာကိုပါ တတ်နိုင်သမျှ သန့်ရှင်းအောင် ထားသည် ။ လှည်းကျင်းပြီးသော နောက်တွင် သူသည် သူ့မိန်းမ ပြင်ပေးလိုက်သော ထမင်းထုပ်နှင့် မြည်းဇက်ကြိုးကို ကိုင်ရင်း ယာခင်းသို့ထွက်လေသည် ။ ထိုတွင် မြည်း၏ခြေထောက်အောက်တွင် ကောက်ရိုးမျှင်စ တစ်စကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည် ။ လှည်းကျင်းထားတာ ဘာလို့ကျန်ရသနည်းပေါ့ ဆိုပြီး ဘာရယ်ညာရယ်တော့မဟုတ် ထိုကောက်ရိုးမျှင်ကို ကောက်၍ မြည်း၏ကျောပေါ်သို့ တင်လိုက်သည်။

ထိုစဉ် . . .

ဖြစ်စဉ် ( ၂ )

တံငါသည်တစ်ယောက်သည် သူ၏ထုံးစံအတိုင်း မြစ်အတွင်းသို့ငါးဖမ်းထွက်လေသည်။ သာမာန်အားဖြင့် သူသည် သူ၏ အဖော်များနှင့် မြစ်အောက်သို့စုန်၍ ကွန်ပစ်လေ့ရှိသော်လည်း ထိုနေ့မှ ဘာစိတ်ကူးပေါက်သည် မသိ၊ မြစ်အထက်ဘက်သို့ ဆန်၍ ကွန်ချက်ပြောင်းစမ်းကြည့်၏ ။ ပထမ အချက်တွင် ငါးပေါက် ၃ ၄ ၅ ကောင်နှင့် အမှိုက်တချို့ပါလာသည် ။ ဒုတိယ အချက်တွင် ငါးပါမွှား ၂ ကောင်လောက်နှင့် ဒိုက်ဖက် ကောက်ရိုးမျှင်များ အလုံးလိုက်ပါလာသည် ။ စိတ်ပျက်သွားသည် ။ စိတ်ပျက်ပျက်နှင့် ဆေးလိပ်လေးတစ်ဖွာလောက် ဖွာလိုက်မည်ဟု စဉ်းစားပြီး ပိုက်ကွန်ကို လှေဦးတွင် ဖြန့်လျက် ပုံထားလိုက်သည် ။ ဆေးလိပ်ထုတ်ရန် အိတ်ကိုဖွင့်လိုက်သောအခါ ထမင်းထုပ်ကိုတွေ့သွားပြီး မထူးပါဘူး အရင်စားလိုက်တော့မယ်ဟု ဆုံးဖြတ်လိုက်သည် ။ ဟင်းကတော့ ထုံးစံအတိုင်း ။
ငါးကြီးကြီးမားမား မရသေးသ၍ ဟင်းကောင်းကောင်း မြင်ရမှာ မဟုတ်ဟု သက်ပြင်းချ၍ ထမင်းစားရန် မြစ်ရေထဲသို့ လက်ကို ကုန်းနှစ်၍ဆေးလိုက်သည် ။ ညာဘက်ကို ကုန်းနှစ်လိုက်သော အရှိန်နှင့် လှေအလေးချိန် မမျှမှုတို့ဖြင့် လှေသည် တိမ်းစောင်းသွားပြီး သူသည် ရေထဲသို့ ဟပ်ထိုး ပြုတ်ကျသွားလေသည် ။
ရုတ်တရက်ဖြစ်ပျက်သွားသောကြောင့် လှေဘောင်ကို လှမ်းမဆွဲလိုက်နိုင် ။ တံငါသည် မြစ်ထဲ ပြုတ်ကျသည် မှာ ထူးဆန်းသောအရာတော့မဟုတ် ။ ဆိုးတာက သူ ရေမကူးတတ်ခြင်းဖြစ်သည်။ 
သူသည် လှေကိုသာ ကျွမ်းကျင်နိုင်နင်းစွာ လှော်ခတ်နိုင်သော်လည်း ရေကို သေကူးရှင်ကူးပင် မကူးတတ် ။ သူ ရေထဲပြုတ်ကျသွားပြီ ဆိုသော သတိဝင်လာသောအချိန်တွင် သူရေမကူးတတ်ဆိုသော အသိကပါ ကပ်ပါလာ၍ သေဘေးကို မြင်ပြီး ရေထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေလေသည် ။ သူကရုန်းလေ နစ်လေလေ ဖြစ်နေ၏ ။ အဆုတ်ထဲတွင် ကျန်နေသောလေကလည်း ကုန်ခမ်း၍ မွန်းကျပ်စပြုနေပြီ ။ သူသည် ရေအောက်သို့နစ်မြုပ်သွားသည် ။ ထိုစဉ်  ရေမျက်နှာပြင်ပေါ်တွင် သူတွေ့လိုက်ရသည်မှာ ကောက်ရိုးမျှင်တစ်မျှင် ။
နောက်ဆုံးသော အင်အားများဖြင့် ရေကို နင်းကန်ပြီး ထို ကောက်ရိုးမျှင်ကို မျှော်လင့်ချက်ကြီးမားစွာဖြင့် အတင်းရုန်း၍ လှမ်းဆွဲလိုက်သည် ။

သူတို့၏ သတင်းများသည် ရွာအတွင်းသို့ အိန္ဒိယ အမွှေးနံ့သာများလို စူးရှစွာ ပြန့်နှံသွားကြသည် ။ ယာသမားက သူကောက်တင်လိုက်သော နောက်ဆုံးကောက်ရိုးမျှင်ကြောင့် သူ၏ မြည်းခါးရိုးကျိုး၍ သေဆုံးသွားသောကြောင့် ထိုကောက်ရိုးမှာ မကောင်းဆိုးဝါး ကောက်ရိုးဟု ထင်မှတ်ကြောင်း သူ၏ အတွေးအခေါ်များဖြင့် သတင်းလာမေးသမျှ လူများကို အာဘောင်အာရင်းသန်သန် ရှင်းပြနေသည် ။
တံငါသည်ကလည်း သူ သေအံ့မူးမူးအချိန်တွင် မှီရာကမ်းရာ လှမ်းဆွဲမိသော ကောက်ရိုးမျှင်ကြောင့် ၎င်းနှင့် ငြိတွယ်နေသော ပိုက်ကွန် ကျလာပြီး ပိုက်ကိုဆွဲတက်မိ၍ အသက်ချမ်းသာရာရပုံကို သူ၏ အသက်သခင်ကျေးဇူးရှင်အဖြစ် အမောနိုင်မပန်းနိုင်ပြောကြားနေသည် ။

သူတို့၏ သတင်းများသည် သူတို့၏ နေအိမ်ကို လူဝင်လူထွက်များပြားသွားစေသည် ။ ထိုသတင်းကို တဆင့်ပြန်လွှင့်သူများကလည်း ဇာတ်လမ်းကျောရိုးသီးသန့်ချည်းမပြောဘဲ အကွန့် အညွန့်များနှင့် ငါထင်တာကတော့ ဘာညာဖြင့် ကောက်ရိုး နှစ်မျှင် အကြောင်းမှာ အတော်ကြီးမားလာ၏ ။ ရွာအတွင်းမှ ဒဿနိက တတ်ယောင်ကားများ၏ ပါရမီ ရင့်သန်အတွေးအခေါ်များကြောင့် ထို ကောက်ရိုးမျှင် ဇာတ်လမ်းမှာ ကောက်ရိုးပုံ မီးလောင်သလို ဟုန်းဟုန်းတောက်လျက်ရှိသည် ။

နောက်ဆုံးတွင် တံငါသည် သည် သူ၏ အသက်ကို ကယ်တင်လိုက်သော ကောက်ရိုးမျှင်ကို အိမ်ရှေ့တွင် စင်တစ်ခုဆောက်၍ အထူးတလည်ပူဇော်ပသ မှုများလုပ်၏ ။ ယာသမားကလည်း သူ၏ မြည်းကိုဆုံးရှုံးအောင် ကံဆိုးမှုများကို ယူလာသော ကောက်ရိုးမျှင်ကို နောက်ဖေးတွင် စွန့်ပစ်ထား၏ ။ ( အခြားသောသူများ ၎င်းကို ထိတွေ့ပြီး မကောင်းကံများ ဝင်လာမည်ကို မလိုလားသောကြောင့်ဖြစ်သည် )

ဤသို့ဖြင့် အတွေးခေါင်သော လူများ၏ တွေးခေါ်မှုများဖြင့် ရွာထဲတွင် အဖွဲ့ ၂ ဖွဲ့ကွဲသွား၏ ။ ကောက်ရိုးကို ပူဇော်သော အဖွဲ့နှင့် ကောက်ရိုးကို ရွံရှာသော အဖွဲ့ ။ ထို အဖွဲ့ ၂ ဖွဲ့ သည် အချင်းချင်း မတည့်ကြချေ ။ ကောက်ရိုးကို ပူဇော်သူများက သူတို့ အထွဋ်အမြတ်ထားသော ကောက်ရိုးကို အခြားအဖွဲ့က ရွံရှာရကောင်းလား ဆိုပြီး မကြည် ။ ကောက်ရိုးကို ရွံရှာသူများကလည်း သူတို့က မကောင်းဆိုးဝါးဟု သမုတ်ထားသော ကောက်ရိုးကို အခြားအဖွဲ့က ရိုသေနေကြ၍ မိစ္ဆာ အယူသမားများဟု သတ်မှတ်ပြီး အပေါင်းအသင်း မလုပ် ။ တဖြည်းဖြည်း ဇာတ်လမ်းတိုလေး မှ အခန်းဆက် ဇာတ်လမ်းရှည်ကြီး ဖြစ်လာလေသည် ။ ပြဿနာလေးမှ ပြဿနာကြီး ဖြစ်လာသည် ။ ရွာကို အလယ်မှ ထက်ခြမ်းခြမ်းသည် အထိ ဖြစ်သွားကြသည် ။ ရွာသူကြီးလည်း မနိုင် ။ မလွယ်ကြတော့ ။ 
သွေးဆူလွယ်သော လူငယ်တချို့၏ ရန်ပွဲများသည်လည်း မကြာခဏ ဆိုသလို ဖြစ်လာကြသည် ။ ရွာအတွင်း မငြိမ်မသက်မှုများ တစ တစ တိုးပွားလာသည် ။ ( ထို အကြောင်းများကို စာရှည်မည် စိုးသဖြင့် အသေးစိတ် မရေးတော့ )

နောက်ဆုံးတနေ့တွင် အခြေအနေ တင်းမာမှု အဆုံးစွန်ထိရောက်သွားသည် ။ ထိုနေ့တွင် နယ်လှည့် ခရီးသွားနေသော လူကြီး တစ်ဦးသည် သူ၏ ခွေးတစ်ကောင်နှင့် ထိုရွာသို့ရောက်ရှိလာသည် ။
လူကြီးသည် ထိုရွာ၌ ဖြစ်ပျက်နေသော အဖြစ်အပျက်များကို သိရှိသွားသည် ။ အဲဒါနဲ့ ( ဇာတ်လမ်းအရ ) မဖြစ်ချေဘူး ၊ တစ်ခုခုတော့လုပ်ဦးမှ ဆိုပြီး ရွာသူကြီးကို ဆက်သွယ်၍ တစ်ရွာလုံးကို ခေါ်ပေးပါ သူ စကားနည်းနည်းပြောပါရစေ ဟု သူအကူအညီပေးရန် အကူအညီတောင်း၏ ။ ရွာသူကြီးကလည်း ကြံရာမရ ဖြစ်နေတဲ့ အတူတူ တစ်ခုခုများထူးလေမလားဆိုပြီး ရွာသားများ အားလုံးကို ခေါ်လိုက်သည် ။

ရွာသားများ အကုန် ရောက်လာကြသည် ။ သူတို့ အုပ်စုနှင့် သူတို့ နှစ်ခြမ်းခွဲ၍ ထိုင်ကြသည် ။ အဲဒီမှာ လူကြီးက စ ပြောသည် ။ ကောက်ရိုးအကြောင်း ။ သူတတ်ထားသော ပညာများဖြင့် ရွာသားများ စိတ်ထဲမှ ကောက်ရိုး ဇာတ်လမ်းကို ပျောက်ပျယ်သွားရန် psycho သွင်းသည် ။ သူ၏ အတွေ့အကြုံများကို နှင့် ရွာထုကြီး၏ ကောက်ရိုးအစွဲကို ကွယ်သွားအောင် brain wash လုပ်သည် ။ 
( ဇာတ်လမ်း အရ အောင်မြင်သွားသည် ) နောက်ဆုံးမှာ ရွာသားများအားလုံး လက်ခံလိုက်ကြသည်မှာ ကောက်ရိုးသည် နွားစာ ဖြစ်သည် ။ အားလုံး ပျော်သွားကြသည် ။ အချင်းချင်းပြန်ခေါ်ကြသည် ။
ရန်ပွဲတွေ မရှိကြတော့ ။ ပူဇော်ပသမှုများလည်း မရှိကြတော့ ။ ကြောက်ရွံ့စက်ဆုပ်မှုများလည်း မရှိကြတော့ ။ အရင်ကအတိုင်း ပုံမှန်ပြန်ဖြစ်သွားကြသည် ။

ထို့နောက် ရွာသားများသည် ကောက်ရိုးသည် နွားစာ ဖြစ်သည် ဟူသော အထိန်းအမှတ်အနေဖြင့် ရွာသူရွာသားများအားလုံး စုပေါင်း၍ ရွာစပ်တွင် ကောက်ရိုးပုံကြီး တစ်ပုံ ပုံပြီး နွားများကို အစာကျွေး၍ ပျော်ပွဲရွှင်ပွဲ ကျင်းပန်ရန် ကြံစည်ကြသည် ။ ပြင်ဆင်ကြသည် ။ ကောက်ရိုးများကို ရွာအစပ်တွင် သွား၍ ပုံထားကြသည် ။ နောက်တစ်နေ့ မှ ကျွေးမည် ပေါ့ ။ ခရီးသွား လူကြီးကလည်း သူ့ကြောင့် ရွာလေး အေးချမ်းသွားပြီဟု ပီတိတွေ ဖြစ်နေလေသည် ။

နောက်တစ်နေ့ နွားစာကျွေးပွဲသို့ ရောက်သော အခါ လူကြီးနှင့် ပါလာသော ခွေးသည် ထူးဆန်းသောအမူအယာများကို လုပ်ဆောင်လေသည် ။ ကောက်ရိုးပုံကို ငေးလိုက် ။ တစ်ပတ် ပတ် လိုက် ။ မြေကြီးကို နမ်းလိုက်နှင့် အလုပ်ရှုပ်နေ၏ ။ ရွာသားများက နွားများကို ကောက်ရိုးစားစေရန် လွှတ်ပေးလိုက်သည် ။ နွားများသည် ကောက်ရိုးစားရန် ကောက်ရိုးပုံ နားကပ် လာသောအခါ ခွေးသည် ထိုး၍ ဟောင်လေသည်  ။ အစွယ်များကို ဖြဲလျက် မာန်မဲနေသောကြောင့် နွားများသည် ကောက်ရိုးပုံနားသို့ မကပ်ရဲကြ ။ ခွေးကတော့ ဟောင်လိုက် ။ ကောက်ရိုးပုံကို ပတ်လိုက် ၊ ဟောင်လိုက်နှင့် ဖြစ်နေ၏ ။ 
ရွာသားများက ခွေးကို မောင်းရန် သွားသော အခါတွင်လည်း ရွာသားများကို ခုန်ဟပ်တော့မည့်ပုံဖြင့် မာန်ဖီနေသောကြောင့် ကောက်ရိုးပုံနားသို့ မကပ်ရဲကြ ။ ခွေး၏ သခင် လူကြီးမှာ ရွာသားများကို အားနာလျက် ခွေးကို ခေါ်သော်လည်း မရ ။ ချော့လည်း မရ ။ ခြောက်လည်း မရ ။ ခွေးကို လည်ဂုတ်က ကိုင်၍ ဆွဲခေါ်မည် ဟုအနားကပ်သွားသော အခါတွင်လည်း သူ၏ သခင်ကို အနားမကပ်စေလို ဟန်ဖြင့် မာန်ဖီနေ၏ ။ ဘယ်လိုဖြစ်တာတုန်း ။ နွားစာကျွေးပွဲတော့ ပျက်တော့မှာပဲ ဟု စိုးရိမ်လာသည် ။ ရွာသားတစ်ဦးက အကြမ်းနည်း သုံး၍ တုတ်တစ်ချောင်းဖြင့် ခွေးကို ဝင်မောင်းရာ ခွေးက ရွာသား၏ တုတ်ကိုရှောင်၍ ခြေသလုံးကို ကိုက်လိုက်လေသည် ။ ကိုက်လောက်မည်ဟု မထင်ထားကြသောကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွားကြသည် ။ ထိုရွာသားကို ရွာက ဆေးခန်းပို့ ဘာပို့နှင့်  နွားစာကျွေးပွဲကြီး ပျက်သွားလေသည် ။ ရွာသားများလည်း စိတ်ဆိုး မာန်ဆိုးဖြင့် ပွစိပွစိ ပြောရင်း ပြန်သွားကြသည် ။ ခရီးသွားလူကြီးသည် သူ၏ ခွေးကြောင့် ပွဲပျက်သွားသဖြင့် ရှက်လွန်းပြီး ရွာထဲသို့ မဝင်ရဲဘဲ ထိုကောက်ရိုးပုံ ဘေး ခပ်လှမ်းလှမ်းတွင် ထိုင်နေလေသည် ။ ခွေးကတော့ ကောက်ရိုးပုံဘေးတွင် နေ၍ ဖြတ်သွား ဖြတ်လာများကို မလာစေလိုဟန်ဖြင့် ဟောင်လျက်ရှိနေသည် ။ ဒီလိုနှင့် နေဝင်သွားသည် ။

နောက်တစ်နေ့တွင် သန်သန်မာမာ ရွာသား ၄ ၅ ၆ ယောက်လောက်သည် ဝါးတုတ်များကိုင်ကာ ခွေးကို ဆုံးမရန် အတွက် ထို ကောက်ရိုးပုံသို့ ရောက်လာကြသည် ။ လူကြီးကတော့ ဘယ်သွားလည်း မသိ ။ ထိုတဝိုက်တွင် မတွေ့ရ ။ ကောက်ရိုးပုံနား ခပ်လှမ်းလှမ်း သို့ ရောက်၍ ခွေးကို ရှာသော အခါတွင်လည်း ခွေးကို မတွေ့ ရ ။ လူကြီး နှင့် ခွေးတို့ ရွာက ထွက်သွားကြပြီ ဟု ထင်မှတ်၍ ကောက်ရိုးပုံသို့ ချဉ်းကပ်လာသည် ။ ကောက်ရိုးပုံ အနောက်နားသို့ရောက်သော အခါ ရွာသားများ အံ့သြစွာ ငြိမ်သက်သွားကြသည် ။ 

သူတို့ တွေ့လိုက်သော အရာမှာ အဆိပ်တက်၍ သေနေသော ခွေးနှင့် မြွေဟောက် အသေ တစ်ကောင် တို့ ဖြစ်နေလေသည် ။


 ===================================================== 

ပစ္စုပ္ပာန်မှန်းမသိသော မနေ့ကကျပျောက်ခဲ့သည့်နာမ်
- ဏီ အဲ Y -

မနေ့ကအဖြစ်အပျက်က အာရုံပေါ်ခုန်ပေါက်လာကြပြီ။ ဘယ်လိုအသက်ရှူရမှန်းမသိအောင်ကို ဖြစ်ခဲ့တဲ့အဖြစ်အပျက်က ရင်ဝမှာ / အာရုံတစ်ချို့တစ်ဝက်မှာ / ဖြစ်တည်မှုတိုင်းမှာ ဝင်ခွင့်မပြုပဲဝင်လာကြသည်။

အပိုင်း (၁)

“ ဟေ့ ညီလေး၊ မနေ့ကဘာနေ့လဲကွာ။ ”

လူငယ်တစ်ယောက် ကျွန်တော့်ကို ငေးစိုက်ကြည့်နေသည်။ အသံမကြားဘဲ တိတ်ဆိတ်စွာ ကြေကွဲနေတဲ့ပုံရိပ်က သူ့မျက်ဝန်းထဲဖြာဆင်းလို့။ ကျွန်တော့်ကို မျက်တောင်မခတ်ကြည့်နေပြီး နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်ရီလာသည်။ ဆို့နင့်ကြေကွဲနေတဲ့အသံတချို့၊ အမျိုးအမည်မသိတဲ့ အရောင်တချို့၊ အဆက်မပြတ်ပြိုဆင်းလာတဲ့ မျက်ရည်တချို့နဲ့အတူ အသံတစ်ခုထွက်ကြလာသည်။

“ အစ်ကို … မနေ့ကဘာနေ့လဲဟင် ”

ကျွန်တော်ဘယ်လိုပြန်ဖြေရမလဲ။ ကျွန်တော်မေးတဲ့မေးခွန်းနဲ့ထပ်တူထပ်မျှကျနေတဲ့ လူငယ်တစ်ဦးရဲ့မေးခွန်းကို ကျွန်တော်ဘယ်လိုပြန်ဖြေ ပေးရမလဲ။ ကျွန်တော်လည်းသတိမရ၊ သူလည်းသတိမရတဲ့အရာတစ်ခုကို ခေါင်းချင်းဆိုင်ဆွေးနွေးဖို့အတွက် ကျွန်တော်အားမရှိဘူး။ သူ့ရဲ့ အတိတ်ကို ပြန်လှပ်မကြည့်ခင် ကျွန်တော်ကျောခိုင်းထွက်လာခဲ့သည်။ ဗာဒံရွက်တစ်ချို့လေထဲဝဲပျံပြီး မြေပြင်ပေါ်ကျဆင်းလာကြသည်။ မနေ့ က အဖြစ်အပျက်က မြေပြင်ပေါ်သက်ဆင်းကာ ကွဲကြေလို့ …..

အပိုင်း (၂)

“ ဖထီး ” ကန်တင်းရဲ့စားပွဲဝိုင်းတစ်ခုက အသံမကြား၊ တိတ်ဆိတ်ခြင်းအငွေ့အသက်တွေ လေထဲဝဲပျံနေသည်။ ကောင်လေးနဲ့ကောင်မလေး မျက်နှာချင်းဆိုင်ထိုင်လျက် တစ်ယောက်ကိုတစ်ယောက် မမြင်ဖူး၊ မတွေ့ဖူးတဲ့ သတ္တဝါတစ်ကောင်ကို ကြည့်ရှုနေသလို ကြည့်ရှုလို့၊ လေတချို့ ကောင်လေးနဲ့ကောင်မလေးကို ခလုတ်တိုက်သွားသည်။

ကောင်လေးရှေ့က စူပါပလိန်းခွက်လေး ခိုက်ခိုက်တုန်အောင်ချမ်းနေရှာသည်။ ကောင်လေးကတော့ အမှုမဲ့အမှတ်မဲ့လျစ်လျူရှုထားပေမယ့် သူ့ခမျာ သခင့်ရဲ့ယုယမှုကိုခံစားဖို့ အသင့်နေရာယူထားသည်။ ကောင်မလေးရှေ့မှာ မလေးရှားပိတောက်ရွက်တစ်ရွက် အိပ်ပျော်လို့နေပြီ။ တိတ်ဆိတ်ခြင်းက စားပွဲပေါ်လက်ထောက်ကာ ငိုက်မြည်းနေ၏။ ကောင်လေးနဲ့ကောင်မလေးကတော့ မျက်လုံးချင်းခဝါမချ၊ လွတ်လပ်ခြင်း တံခါးပေါက်တွေ သော့ရှာထွက်သွားကြပြီ။ အချိန်တစ်ခုရဲ့ တိုက်စားမှုတစ်ချို့ကို ကောင်လေးနဲ့ကောင်မလေးလက်ခံမိတဲ့အခါ …..

“ နင့်ကို ငါမယုံကြည်ရဲဘူး “ ညီညီ ”၊ မိန်းကလေးတစ်ယောက်ရဲ့ဘဝတစ်ခုလုံးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ နင့်ဆီမှာစွမ်းအားမရှိသေးဘူးလို့ ငါထင်တယ်။ အချစ်ကိုရှေ့တန်းတင်ပြီး တည်ဆောက်တဲ့အိမ်ထောင်တစ်ခုဟာ သဲနဲ့အိမ်ဆောက်သလိုပဲဟ။ ”

“ နင့်ရဲ့သတ္တိကို ငါအသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ငါ့အတွက်တော့ ဒီကိစ္စကစောသေးတယ်လို့ထင်တယ်။ လွတ်လပ်မှုကို ငါမက်မောတွယ် တာနေတုန်းပဲ။ လွတ်လပ်မှုမရှိတဲ့ဒေသတစ်ခုမှာ ဖရိုဖရဲကျရောက်လာမယ့် လောကဓံကြီးကို ငါ …. ငါကြောက်တာတော့အမှန်ပဲ။ နင်… ငါ့ကို နားလည်ပေးပါလို့ မပြောတော့ပါဘူး။ ”

“ နင် ….. နင် ….. နင် ဒီကိစ္စကိုလက်လျှော့လိုက်ပါတော့ ………။ ”

ကောင်မလေးတစ်ယောက် အပြာရောင်မိုးကောင်းကင်ယံကိုမော့ကြည့်ပြီး ခေါင်းကိုဖြေးညှင်းစွာခါလိုက်သည်။ လေတစ်ချက်နုံးချိချိနဲ့ လျှောက် လှမ်းလာသည်။ ကောင်မလေးရဲ့ နာကျင်ခံစားမှုပုံသဏ္ဍာန်တွေ မျက်ဝန်းထဲကနေ ပြေးထွက်လာသည်။ ကဗွီးပင်၊ မလေးရှားပိတောက်ပင်နဲ့ တက္ကသိုလ်လမ်းမတွေက ဝမ်းနည်းစွာ ခေါင်းငိုက်စိုက်ကျလို့ နေရောင်တချို့ သူမပါးပြင်ပေါ် တိတ်တိတ်ဆိတ်ဆိတ်ရပ်နားရင်း …….

“ “ မွန် … မွန်လေး ” နင့်ဆုံးဖြတ်ချက်က တကယ်ပဲလား။ ထပ်ပြီးမပြောင်းလဲတော့ဘူးလား။ ပြောစမ်းပါ။ ငါ့ကိုကြည့်ပြီး ထပ်ပြီး ပြောလိုက်စမ်းပါဦး။ ငါ့ … ငါ့မှာတော့ နင့်အတွက်နဲ့ လွတ်လပ်ခြင်းတံခါးပေါက်တွေကို သေမိန့်ချခဲ့တဲ့ကောင်ပါဟာ။ နင့်အပေါ်ငါဘယ်လောက်ချစ်တယ် ဆိုတာလည်း နင်အသိဆုံးပါ။ ခဏတာအချိန်ကာလတစ်ခုပဲ နင်ပင်ပန်းမှာပါ။ ငါ … ငါနင့်ကိုမဆုံးရှုံးပါရစေနဲ့။ လွတ်လပ်ခြင်းပြတိုက်ထဲ နင့်ကို ထားနိုင်အောင် ငါကြိုးစားမယ်လေ။ ”

“ မွန်လေး ”
“ မွန်လေး ”
“ နင်လိုက်မယ်မလား။ ”
“ မွန်လေး ”
“ နင်လိုက်မယ်မလားလို့။ ငါမေးနေတယ်လေ။ ”
“ မွန်လေး ”
“ နင်လိုက်မယ်မလားလို့ ”
“ “ မွန်လေး ” နင်ငါနဲ့လိုက်ခဲ့မယ်မလားလို့ ………. ”

ကောင်လေးတစ်ယောက် သွေးရူးသွေးတန်းနဲ့ ကောင်မလေးပခုံးနှစ်ဖက်ကို လှုပ်ခတ်ပြီးပြောနေသည်။ မလေးရှားပိတောက်ရွက်တွေ ကြွေ ကျလို့လာသည်။ လူတချို့၊ စုံတွဲတချို့ “ ဖထီး ” ဆိုင်ထဲဝင်လာသည်။ စကားသံတချို့လေထဲမှာ ဝဲပျံရယ်မောနေသည်။ ကောင်းကင်ယံထက် တိမ်ဖြူဖြူလေးများ ပန်းချီကားတစ်ချပ်ကို အဆုံးသတ်နေသည်။ ကောင်မလေးကတော့ စားပွဲခုံပေါ်က တစ်ရှူးဗူးကို တွင်တွင်စိုက်ကြည့်နေသည်။ ကောင်လေးမှာသာ တစ်ယောက်တည်း တသွင်သွင်စီးကျလာတဲ့မျက်ရည်စများကို လျစ်လျူရှုလို့ အဖြေတစ်ခုကို မျှော်လင့်လျက် …..

“ “ ညီညီ ” နင်ငါ့ကို … နားမလည်ခြင်းတွေနဲ့အတူ မေ့လိုက်ပါတော့ ….. ငါနှုတ်ဆက်ခဲ့ပါတယ်။ ”

သူမ ထသွားခဲ့ပြီ။ သူတစ်ယောက်တည်း စားပွဲဝိုင်းတစ်ခုရဲ့လွမ်းဆွတ်ခြင်းဝေဒနာကို ဆုပ်ကိုင်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။ ကဗွီးပင်တစ်ချို့က သူ့အတွက် ကြေကွဲစွာ ငိုကြွေးလျက်၊ လေနုစိမ်းစိမ်းလေးတွေ သူ့ရင်ဘတ်ထဲ တိုးဝင်ကျီစယ်သွားသည်။ သူ့အတွက် ထင်မှတ်မထားတဲ့ ပြဇာတ်တစ်ပုဒ်က ဆုံးရှုံးခြင်း / ငိုကြွေးခြင်း / လွမ်းဆွတ်ခြင်း / ရူးသွပ်ခြင်းတွေနဲ့အတူ Feb 14 , 2000 နေ့ ညနေ ၂ နာရီ ၅၀ မိနစ်မှာ ဒဂုံတက္ကသိုလ်ပရဝုဏ်ထဲ ကျပျောက်လို့သွားခဲ့သည်။

အပိုင်း (၃)

လူတစ်ယောက် လမ်းတစ်ခုအတွင်းမှထွက်လာသည်။ သူ့လက်ထဲ၌ အလွမ်းပန်းချီကားတစ်ချပ်ကို ကိုင်ဆောင်လာသည်။ လူတချို့က သူ့ကို ကွေ့ပတ်ပြီး ရှောင်ထွက်သွားကြသည်။ နေ့တစ်နေ့ရဲ့စားသုံးမှုထဲ သူတစ်ယောက် အသက်ရှင်စွာရပ်တည်လျက် အဆုံးမသတ်နိုင်တဲ့လမ်းဟောင်းပေါ် အမှတ်အသားတွေပစ်တင်ပြီး လေထဲ လွမ်းဆွတ်ခြင်းဂီတကို နားဆင်လို့ လျှောက်လှမ်းနေသည်။

ကျန်ရစ်ခဲ့တဲ့ AD 2000 ပြတိုက်ထဲက ဝေဒနာအချို့နဲ့ ရစ်ပတ်ထားခဲ့ပြီးဖြစ်သော သူ့ခန္ဓာကိုယ်မှာ အမှတ်သညာ ဆိုတာနတ္ထိ၊ လက်ရှိ AD 2001 ကို ချိုးခြေသမှုပြုလို့ ဒဂုံတက္ကသိုလ်ထဲ ကျပျောက်ခဲ့တဲ့ Feb 14 , 2000 နေ့ရက်ကို မနေ့ကလိုပဲ ထင်မြင်ခဲ့သည်။

အခုတော့ သူ့မှာ ရင်ဘတ်ရှိလျှက်နဲ့ ရင်ဘတ်တစ်ခုကိုအဆုံးစီရင်ပြီး သက္ကရာဇ်ဝါးမြိုမှုအောက် လမ်းသလားနေခဲ့ပြီလေ။

“ အမ … အမ … မသိလို့မေးပါရစေ၊ မနေ့ကဘာနေ့လဲ။ ”

“ ညီမလေး … မနေ့ကဘာနေ့လဲ။ ”

လူငယ်တစ်ယောက် ခပ်လှမ်းလှမ်းကနေ လျှောက်လှမ်းလာသည်။ သူနှင့်ကပ်လျှက်အနေအထားအရောက် -

“ ညီလေး … မနေ့ကဘာနေ့လဲ။ ”

“ မနေ့ကလား … အင်း … မနေ့ကဘာနေ့လဲဟင်။ ”

လူတစ်ယောက် မျက်ရည်စများကို အဖော်ပြုလို့ မိုးနဲ့မြေကြား အသက်ရှူကျပ်နေခဲ့သည်။

“ မနေ့ကဘာနေ့မှန်းသိခွင့်မရ / သိခွင့်မရှိတဲ့အခါ ………………………….. ”


=====================================================  
အမျိုးအစားတူများကို မှားယွင်းစွာ ..
- ရ င် န င့်ေ အာ င် -

သူပြန်လာပြီးမှ ပြန်ထွက်သွားတော့ ငါးနာရီထိုးပြီ။ ဇူလိုင်ဟာ ရန်ကုန်နဲ့ပေါင်းပြီး အားကောင်းမောင်းသန် မိုးရွာတယ်။ စိတ်အချဉ်ကို ဖြေလျှော့ရင်း ဝရန်တာထွက်ပြီး မျက်နှာချင်းဆိုင်က ကောင်မလေးလှလှကို လှမ်းကြည့်လိုက်တယ်။ ကောင်မလေးလှလှဆိုတာ လှနေတဲ့ကောင်မလေးလို့ ဆိုလိုတာ မဟုတ်ဘူး။ သူ့နာမည်ကိုက လှလှလို့ အမည်တွင်နေတာ။ ဒီတော့ အဲဒီကောင်မလေးက မလှဘူးလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ တော်တော်လှတဲ့ ကောင်မလေး လှလှဖြစ်ပါတယ်။

မိုးရွာပြီဆိုတာနဲ့ ခိုတွေက တိုက်တွေဆီက နေကာထုတ်ထားတဲ့ တန်းတွေ အောက်မှာ မိုးခိုကြတော့တာပဲ။ ခိုဖြူ၊ ခိုပြာဆိုတာ ကြားပဲ ကြားဖူးတယ်။ ရှိကော ရှိရဲ့လားလို့ သူတွေးမိနေတယ်။ သူဆိုတာ ကောင်မလေးလှလှ မဟုတ်ဘူး။ ကောင်မလေးလှလှကတော့ ခိုတွေ အကြောင်းမတွေးဘဲ ဝရန်တာထွက်ပြီး ဖုန်းပြောနေတာ။ 

စိတ်အချဉ်ပြေလောက်တဲ့အထိ သူရပ်နေတုန်း မိုးက ပိုသည်းလာတယ်။ ကောင်မလေးလှလှကလည်း ဖုန်းတွေ ပိုပြောလာတယ်။ ရယ်လိုက်မောလိုက်၊ ခါးကို ထောက်လိုက်၊ ပါးစပ်ကို ပိတ်ပြီး ရယ်လိုက်၊ နှုတ်ခမ်းကို စူလိုက်၊ ဘယ်ဖက်ကို တိုးလိုက်၊ ညာဖက်ကို ရွှေ့လိုက်၊ တော်တော်စုံနေပြီ။

* * * * * * *

ငါးနာရီက ထွက်သွားတဲ့ သူဟာ ဆူးလေဘုရားနားမှာ ထီးကို ဆောင်းပြီး ရပ်နေတာ နာရီဝက် ကျော်နေပြီ။ ထီးကို သူဆောင်းထားပေမယ့် မိုးကသည်းတော့ သူ့အောက်ပိုင်း တော်တော် စိုနေတယ်။ သူ အသက်ကို ရှူမလို့ လုပ်ပြီးမှ ရှူပြီးသား ဖြစ်နေတာကိုတွေးပြီး လေကို စိတ်ပျက်လက်ပျက်နဲ့ ပြန်ထုတ်လိုက်ရတယ်။

“အစ်ကို ဘုရားမှာ ပန်းလှူဦးမလား”

ကိုးကြိမ်မြောက် သူငြင်းလိုက်တယ်။ လေအဝှေ့မှာ မိုးပက်တော့ သူ့ခါးအထိ တဖြည်းဖြည်း ရေစိုလာပြီ။ အဲဒီအချိန်မှာပဲ သူ့ဖုန်း အသံမြည်လာတယ်။

“ဟဲလို..”
“ခင်ဗျား ဘယ်သူလဲ ..”

သူ့ဆီကို ဖုန်းဆက်တဲ့သူက အရင် ခင်ဗျား ဘယ်သူလဲလို့ မေးလာတော့ ရုတ်တရက် ဖုန်းက နံပါတ်ကို သူပြန်ကြည့်လိုက်တယ်။ သူမသိတဲ့ နံပါတ်တစ်ခုပဲ။ သူက ပြန်ပြီး ဟဲလို လို့ ပြောလိုက်တယ်။

“ခင်ဗျား ဘယ်သူလဲ .. ဒါကျုပ်စော်ရဲ့ ဖုန်းဗျ”

သူ ကြောင်သွားတယ်။ ဘာပြောရမှန်းမသိတော့ သူက ထပ်ပြီး ဟဲလိုလိုက်တယ်။ ခဏနေတော့ ဖုန်းကျသွားတယ်။

* * * * * * *


ဝရန်တာမှာ သူရပ်နေတာ ကြာပြီ။ ဒီအတိုင်း ရပ်နေတာတော့ မဟုတ်ဘူး။ ကောင်မလေးလှလှကို ကြည့်ရင်း ရပ်နေတာပါ။ ဆယ်ကြိမ်မြောက် အဖြစ် သူ ဖုန်းထပ်ဆက်လိုက်တယ်။ ဖုန်းက မအားဘူး။ သူစိတ်တွေ တော်တော်တိုလို့နေပြီ။ ဆူးလေဘုရားနားက လူ ငါးနာရီမှာ ထွက်သွားကတည်းက သူ တောက်လျှောက် ဖုန်းဆက်နေတာ မအားသေးဘူး။ ဒီလူ ဘာတွေ ပြောနေတာလဲလို့ တွေးပြီး တောက်တစ်ချက်ခေါက်ပစ်လိုက်တယ်။ ကောင်မလေးလှလှက ဖုန်းပြောနေတယ်။ ခါးကို ထောက်ပြီး ပြောနေတာ။

“အောင်မာ နင့်မွေးနေ့ကို ငါမသိဘဲနေမလားဟဲ့ စိုပြေမရဲ့ .. ကောင်မညည်းနော် ဟိုဘီးကျဲကြီးနဲ့ပဲ မွေးနေ့မှာ နှစ်ပါးသွားလို့ကတော့ .. ငါနဲ့တွေ့မယ် ..”
“………………………………………………….”
“ဘာ.. အေးလေ .. ငါတို့ကို အရင်ဆုံး မုန့်လိုက်ကျွေးပြီးမှ နင်ဘီးကျဲကြီးဆီသွား”
“………………………………………………….”
“အေးပါ .. နင့်အတွက် စပယ်ရှယ် လက်ဆောင်ပေးမယ် စိတ်ချ .. ဒါနဲ့ ဟိုအကောင်တွေဆီ မသွားဘူးလား .. လေပုကမေးနေတယ်ဟဲ့ …”
“………………………………………………….”
“ဟား ဟား …”
ကောင်မလေးလှလှ ပါးစပ်ကို တော်တော် ဟပြီး ရယ်မောနေတယ်။ သူကတော့ ဖုန်းထပ်ဆက်လိုက်တယ်။
“လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ မအားသေး…”
နောက်ထပ် တော်တစ်ချက်ခေါက်ပြီး သူဖုန်းချလိုက်တယ်။

* * * * * * *

ဆူးလေဘုရားနားမှာ ဘတ်စ်ကားတွေ နည်းလာတယ်။ တစ်စီးရောက်လာတာနဲ့ လူကြပ်လား၊ မကြပ်လား မဟုတ်တော့ဘဲ လူတွေက တက်ကြတော့တာပဲ။ မိုးကလည်း သည်းနေတော့ မြန်မြန် အိမ်ပြန်ရောက်ချင်လို့နဲ့ တူတယ်။ သူက ဖုန်းဆက်မလား စဉ်းစားပြီးမှ ဖုန်းခ အကုန်မခံနိုင်လို့ မဆက်တော့ပြန်ဘူး။ သူက သိပ်ကို ကပ်စေးနဲတယ်လို့ သူ့အိမ်က လူက ခဏတိုင်းပြောတယ်။ ဒါပေမဲ့ သူ့ဟန်းဆက်ကတော့ အသစ်စက်စက်။ Sony Erisson Xperia S တဲ့။ အပြားကြီးကြီးနဲ့ ပါးပါးလေး။ ဖုန်းခကျ ကပ်စေးနဲပြီး ဟန်းဆက်ကျတော့ အကောင်းစားဝယ်တယ်လို့လည်း သူ့ကို အပြောခံရတယ်။ ပြောတဲ့သူက သူ့အိမ်က လူပဲ။ ဒါတောင် အိမ်ကအထွက်မှာ မိန်းမတစ်ယောက်နဲ့ တိုက်မိပြီး သူ့ဖုန်းပါ အိတ်ထဲက ထွက်ကျသွားတယ်။ ဘာမဖြစ်လို့ တော်သေးရဲ့လို့ တွေးလိုက်တယ်။ မိုးက တိတ်ကို မတိတ်တော့ဘူး။ သူရွှဲစိုနေတာ တော်တော်တောင် ချမ်းပြီး တုန်နေတယ်။ သူ့အိတ်ကပ်ထဲက ဖုန်းက မြည်လာပြန်တယ်။ နံပါတ်ကို ကြည့်တော့ သူမသိတဲ့ နံပါတ်တစ်ခုပဲ။

“ဟဲလို”
“မင်းဘယ်သူလဲကွ”

ခုနက ဆက်တဲ့သူရဲ့ အသံပဲ ဖြစ်တယ်။ သူ့ဆီကို ဖုန်းဆက်ပြီး ဘာလို့များ သူဘယ်သူလဲ သိချင်နေလဲ မသိ။ သူကလည်း စကားတွေ သိပ်မပြောချင်လှ။

“ဟဲလို …”
“ဟေ့ကောင် .. မင်းမကြားဘူးလား.. ငါပြောနေတာ”
“ဟဲလို ..”

တစ်ဖက်က စိတ်ညစ်ပြီး ဖုန်းပြန်ချသွားတယ်။ မိုးက နည်းနည်း တိတ်စပျိုးလာသလို နည်းနည်းလည်း မှောင်လာပြီ။

* * * * * * *

ကောင်မလေးလှလှဟာ တော်တော်လှတယ်လို့ တွေးမိပြီးမှ သူဖုန်းထပ်ဆက်ဖို့ စိတ်ကူးလိုက်ပြန်တယ်။ Call Log ထဲက ဖုန်းနံပါတ်တစ်ခု သူခေါ်လိုက်တယ်။ ဒီတစ်ခါလည်း လူကြီးမင်းနဲ့ တိုးတယ်။ မအား ဆိုတဲ့ နေရာအထိ ဆက်သွယ်မှု ဧရိယာ အပြင်ဘက်နဲ့ ကွဲအောင် နားထောင်ပြီး ဖုန်းကို ချလိုက်တယ်။ သူ့ဗိုက်ဟာ မဆာသေးပါဘူးလို့ တင်းထားတဲ့ကြားက ဆာလောင်နေပြီ။ ဗိုက်ဆာလေလေ သူ့ကို စိတ်တိုလေလေ ဖြစ်နေတယ်။ သူဆိုတာ ဆူးလေဘုရားက လူပါ။ သူနဲ့ သူ မနေ့ကမှ စတိုးဆိုင်သွားပြီး ပိုက်ဆံအိတ်ဆင်တူ ဝယ်လာတာ။ ဒင်းက ဟန်းဆက်ပါ ဝယ်ပြီး ရှိသမျှ ပိုက်ဆံ ကုန်နေတယ်။ သူကတော့ ပိုက်ဆံနှစ်သောင်းလောက် ကျန်နေသေးတယ်။ ညနေ ငါးနာရီ သူထွက်သွားတော့ ပိုက်ဆံအိတ်ကို မှားယူသွားတယ်။ သူ့ပိုက်ဆံအိတ်က နှစ်ရာတန် တစ်ရွက်ပဲ ရှိတယ်။ နှစ်သောင်းရှိတဲ့ ပိုက်ဆံအိတ်နဲ့ နှစ်ရာရှိတဲ့ ပိုက်ဆံအိတ်ကို မှားယူရကောင်းလားလို့ သူတွေးပြီး ပိုစိတ်တိုလာပြန်တယ်။


ကောင်မလေးလှလှက ဖုန်းပြောနေတုန်းပဲ။

“အေးဟာ .. ငါလည်း ဝါဝါကို သတိရနေတာ ..  သူနဲ့ မတွေ့တာ တော်တော်ကြာပြီဟ .. ကျောင်းတုန်းကဆို သူ့လောက် ရယ်စရာပြောတာ သူပဲလေ”
“……………………………………………”
“အေးလေ .. နင့်မွေးနေ့မှာ သူရှိရင်တော့ ကောင်းမှာပဲ … ဟဲ့ဟဲ့ .. ဒါနဲ့ ငါလည်း ဟန်းဆက် အသစ်ဝယ်လိုက်ပြီဟဲ့ သိလား”
“……………………………………………”
“အာ .. Samsaung မကြိုက်ဘူး .. လူတကာ ကိုင်နေတာ မကိုင်ချင်ဘူး ..”
“……………………………………………”
“အိုင်ဖုန်းမဝယ်နိုင်လို့ပေါ့ဟယ် .. Sony ဝယ်လိုက်တာ .. နင့်ကို  ကြွားထှာ ဟိဟိ”
“……………………………………………..”
“ဘာရယ် .. ဟယ် .. ဖြစ်ရမယ် .. ဘယ်အချိန်ချိန်းထားတာလဲ”
“……………………………………………..”
“အန်.. ငါးနာရီခွဲ .. ဟဲ့ကောင်မ .. ခု ခြောက်နာရီတောင် ကျော်နေပြီ .. နင့်ဘဲတော့ ခီးနေလောက်ပြီ .. နင်ကလေ … လုပ်လိုက် အဲလိုကြီးပဲ .. ဒါပဲ .. ဒါပဲ .. ငါလည်း ဖုန်းကို Contact တွေ ပြန်ထည့်ရဦးမယ် ဘိုင်ဘိုင်”

* * * * * * *

ကောင်မလေး လှလှက ဖုန်းပြောလို့ ပြီးသွားတဲ့အချိန်မှာ ဆူးလေဘုရားကလူက ရွှဲနစ်နေပြီ။ ထပ်မစောင့်တော့ဘဲ အိမ်ပြန်တော့မလို့ ခြေလှမ်း ပြင်လိုက်တယ်။ သူ့မှာရှိတဲ့ နှစ်ရာနဲ့ ဘတ်စ်ကား မစီးတော့ဘဲ ငါးမှတ်တိုင်လောက် ခြေလျင် ပြန်တော့မယ်လို့ သူတွေးလိုက်တယ်။
ဖုန်းသံတစ်ခုမြည်လာတယ်။ အဲဒီဖုန်းက သူ့ ဖုန်းသံ မဟုတ်သလို သူ့အိမ်ကလူရဲ့ ဖုန်းသံလည်း မဟုတ်ဘူး။ သူ့အိမ်ကလူကတော့ ဖုန်းခေါ်လိုက်တာ ဝင်သွားလို့ ပျော်ပြီး ပြောဖို့အားပြင်နေတယ်။ တစ်ဖက် ဖုန်းကိုင်လိုက်တာနဲ့ပဲ သူ တရစပ်ပြောတော့တယ်။

“ဟေ့ကောင် .. ငကပ် .. မင်း ရောက်ရာ အရပ်က ပြန်လာတော့ .. မင်းယူသွားတာ ငါ့ပိုက်ဆံအိတ်ကွ .. ခွေးလိုကောင် .. ငါနေ့လည်ကတည်းက ပုံဆွဲတာ မပြီးသေးလို့ ထမင်း မစားရသေးဘူးကွ .. ခုဗိုက်ဆာနေပြီ ချီးထုပ်”
“ရှင် ..”

တစ်ဖက်က အသံကြောင့် သူကြောင်သွားတယ်။ မိန်းမတစ်ယောက်ရဲ့ အသံပါလား..။ သူ့ကောင်မလေးများလား မသိဘူး။

“ဟဲ့ .. ဘယ်သူလဲ စိုပြေလား .. ဟိုကောင့်ကို ဖုန်းပေးလိုက်”
“ရှင် .. ဘယ်ကောင်လဲ .. လူမှားနေတာလား … ဖုန်းမှားနေတာလား ..”

သူ စိတ်ပျက်သွားတယ်။ ဖုန်းကို သေချာ ပြန်ကြည့်တော့လည်း မမှားပါဘူး။ သူ့ရှေ့က ကောင်မလေးလှလှကတော့ ဒီတစ်ခါ အူကြောင်ကြောင်ပုံစံနဲ့ ဖုန်းပြောနေတာ သူတွေ့လိုက်တယ်။


 ===================================================== 

ကဗျာဆောင်းပါး


မြို့ပြကြောင်တစ်ကောင်နှင့် ရင်းနှီးခြင်း
- သ စ္စာ နီ -

စာအုပ်အမည်                   -       ကဗျာပြောင်းပြန်
ရေးသူ                            -       မင်းထက်မောင်
ထုတ်ဝေသည့်ကာလ          -       ဇန်နဝါရီ ၊ ၂၀၁၀
စာပေ                             -       လင်းသစ်ရောင်စဉ်


မင်းထက်မောင်နှင့် ကျွန်တော် ဘယ်ကာလက တွေ့ဆုံခင်မင်ခဲ့ကြသလဲ ကျွန်တော်မမှတ်မိတော့။ နှစ်ကာလတွေ တော်တော်တော့ ကြာမြင့်ခဲ့ပြီ ဖြစ်မည် ။ သရဖူမဂ္ဂဇင်းကို ငြိမ်းအေးအိမ် ထုတ်ဝေစဉ်မှာတော့ သေသေချာချာ တွဲမိခဲ့ကြသည်။ ကျွန်တော်တို့ ၊ ဆရာဇော်ဇော်အောင်တို့က ထိုမဂ္ဂဇင်းတွင် ပင်တိုင် အမာခံ ရေးနေသူတွေ။ သူက တာဝန်ခံအယ်ဒီတာအဖြစ် ရောက်ရှိလာ၏။ ကိုမြင့်မြတ်ရှိနေပါလျက် သရဖူကို မော်ဒန်လမ်းကြောင်းအတိုင်း ပြတ်ပြတ်သားသား လျှောက်တော့မည်ဟူသော ရည်ရွယ်ချက်ဖြင့် သူ့ကို ခေါ်ယူခဲ့ခြင်းဖြစ်သည် ။

သရဖူမဂ္ဂဇင်း တစ်ခေတ်ရပ်ခဲ့ရသောအခါ သူနှင့်ကျွန်တော်တို့ သိပ်မတွေ့ရတော့။ သို့သော် ဘယ်မဂ္ဂဇင်းဂျာနယ်ကိုပဲ ကိုင်တွယ်ကိုင်တွယ် ကျွန်တော့်ထံက စာမူတောင်းတတ်သည် ။ သည်လိုနှင့် နယူးစပက်တစ်တာတွင် ရေးမိခြင်းဖြစ်သည်။ သူသည် ဂျာနယ်မဂ္ဂဇင်းများတွင် အယ်ဒီတာချုပ် ၊ တာဝန်ခံအယ်ဒီတာချုပ် ၊ တာဝန်ခံအယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ ထူးခြားသည်မှာ သူလုပ်သမျှ မဂ္ဂဇင်းဂျာနယ်တိုင်းသည် (ဈေးကွက်တွင် ရောင်းကောင်းတာ ၊ မကောင်းတာ အပထား) ချီးကျူးစရာကောင်းလောက်အောင် အပြင်အဆင်ကအစ ၊ သေသပ်ကျန လှပနေတတ်ခြင်းဖြစ်၏။ သည်ဘက်မှာ သူကျွမ်းကျင်တာကို အသိအမှတ်မပြု၍မရ။ သူကနိုင်ငံခြားတွင်သွားကာ ဂျာနယ်လစ်သင်တန်း တက်ဖူးသူ။ မနှစ်ကလည်း အမေရိကတက္ကသိုလ်တစ်ခု၏ စာပေအလုပ်ရုံဆွေးနွေးပွဲ သွားတက်လိုက်သည်။ သူက နိုင်ငံခြားဘာသာစကားကို ကျွမ်းကျင်သည် ။ ကွန်ပျူတာ ၊ အင်တာနက် နှံ့စပ်သည် ။ ထို့ကြောင့် နိုင်ငံတကာစာပေ ယဉ်ကျေးမှုတွေနှင့် ထိစပ်မှုများသည်။
       
သို့သော် သူ့ပုံစံလှုပ်ရှားမှုက Active ဖြစ်သည်ဟုမဆိုနိုင်။ အမြဲပင် ဖြည်းဖြည်းဆေးဆေး၊ လေးလေးမှန်မှန်။ အရပ်ကမြင့်မြင့် ၊ ယခုခန္ဓာကိုယ်က ပို၍ဝဖြိုးလာတော့ ပိုလေးလံနေသလို ထင်ရ၏။ စကားပြောလျှင်လည်း ဖြည်းဖြည်းဆေးဆေးနှင့် ရှည်ရှည်ဝေးဝေး ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောတတ်သည် ။ ကျွန်တော်တို့ AGMP ဟု အဖွဲ့ကလေးဖွဲ့ပြီး စာပေကိစ္စ ၊ လူမှုရေးကိစ္စလေးတွေ
စုပေါင်းဆောင်ရွက်ကြသောအခါ သူနှင့်ပို၍တွဲမိလာသည် ။ သူကလည်း ထိုအဖွဲ့၏ ဦးစီးအဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ကျွန်တော်တို့ကဗျာတွေရွတ်ကြသည်။ သစ်ပင်တွေစိုက်ကြသည်။ နွေတုန်းက ရေရှားသောအရပ်ကို ရေအလှူပေးကြသည်။ သူသည် တခြားအဖွဲ့အစည်းများနှင့်ဆက်နွယ်၍လည်း လူမှုရေးကိစ္စတွေဆောင်ရွက်နေသူဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စကို သူအတော်ပင် စိတ်ဝင်တစားရှိတာ တွေ့ရသည် ။ (ဤဘာသာရပ်နှင့် ပတ်သက်၍ ကမ္ဘောဒီးယားတွင် သင်တန်းတက်ခဲ့သည် ။ အီဗယူမင်တယ် ဂျာနယ်လစ် ) ။
       
လွန်ခဲ့တဲ့ လေးငါးနှစ်က ကမ္ဘာ့ကဗျာနေ့တွင် သူ့ကဗျာရှည်တစ်ပုဒ် "အရူးစိန်တုံးကောက်ရခြင်း" ဆုရခဲ့သည်။ အဲဒီကဗျာကို ကျွန်တော်သဘောကျသွားသည်။ အဲဒီကဗျာအဆက် "အရူးကိုယ့်ကိုယ်ကို သတ်သေပြီးနောက်"(ဟုထင်ပါသည်) ကဗျာရှည်တစ်ပုဒ်ရေးပြန်သည်။ သည့်အရင်က ကဗျာတွင် ဇာတ်လမ်းပါတာကို ကျွန်တော်မကြိုက်။ (သူတို့ဆီမှာတော့
ဘဲလက်ကဗျာဟု ခေါ်သည်။ ဆရာမင်းသုဝဏ်၏ 'ဖိုးမောင်လာပြီ' ကဗျာမှာ ထိုအမျိုးအစားဖြစ်သည်။) ဇာတ်လမ်းကဗျာရေးသော ခေတ်သည် ကုန်ဆုံးသွားပြီဟု ထင်ခဲ့၏။ ယခုသူက ထိုအမျိုးအစားကိုပင် တစ်မျိုးဆန်းသစ်ကာ ရေးသားတင်ပြသောအခါ သူ့အရည်အသွေးကြောင့် နှစ်သက်စဖွယ်ဖြစ်ရသည်။ ထို့ကြောင့် ကျွန်တော်က သူ့ကို Master of Modern Ballad ဟု ဘွဲ့ပေးလိုက်သည်။ ဤစာအုပ်ရှေ့ဆုံးမှ 'ပြောင်းပြန်ဟုခေါ်သည်' ကဗျာရှည်မှာ ထိုအမျိုးအစားပင်ဖြစ်၍ လေ့လာကြည့်စေလိုပါသည် ။
       
ခရစ်နှစ် နှစ်ထောင် နောက်ပိုင်း၌ ထင်ရှားလာသည်မှာ မြန်မာကဗျာလောကထဲတွင် ပင်မရေစီးဟု ဆိုနိုင်သည့် မော်ဒန်ကဗျာလမ်းကြောင်းမှ ခွဲထွက်နိုင်ရန် ကြိုးစားသူတွေ တိုးတက်များပြားသော အချင်းအရာဖြစ်သည်။ တစ်ချို့ကအုပ်စုလိုက် ၊ တစ်ချို့က အယူဝါဒတစ်ခု ထူထောင်၍ ၊ တစ်ချို့က တစ်ဦးချင်း။
       
ပုဂ္ဂလိကအနေဖြင့် စမ်းသပ်ကဗျာရေးသူ Experimental Poet တွေဟုဆိုနိုင်သူများမှာ မင်းထက်မောင် ၊ မောင်ပြည့်မင်း ၊ မြင့်မိုးအောင် ၊ စန်းဦး စသူတို့ဖြစ်၍ ယခုနောက်ပိုင်း သုခမိန်လှိုင် (Icon မှကဗျာများ)၊ အောင်ချိမ့် တို့ကိုပါ ထည့်သွင်းသတ်မှတ်နိုင်ပါသည်။ ယခုနောက်ပိုင်း အောင်ချိမ့်၏ ကဗျာတိုများမှ လွယ်ကူရှင်းလင်းမှုများမှာ ကဗျာရေးသူ ၊
ကဗျာဖတ်သူတော်တော်များများကို ခေါင်းကိုက်စေသည်။ သူ့ကဗျာများကို တစ်ချို့က Minimalism ဟုယူဆနေဆဲမှာပင် 'ကဗျာရေးသူနှင့် ဖတ်သူကြားရှိ အထူအပါးကိုပြောင်းလဲရန် ကြိုးစားမှု' ဟုကြေငြာလိုက်သည့်အတွက် ပိုစိတ်ဝင်စားစရာ ဖြစ်သွားသည်။ ပိုစတာကဗျာရေးရန်ဆိုသော သူ့ဖန်တီးမှုကို တလေးတစား စောင့်ကြည့်ရမည့် အနေအထား ရောက်လာလေသည်။(ကျွန်တော်ဖော်ပြခဲ့သူ ၊ စမ်းသပ်ကဗျာရေးသူ ကဗျာဆရာများမှာ Experimentalist များမဟုတ်ကြပါ။ သူတို့ဆီတွင် Experimentalism ဟူ၍ ၀ါဒတစ်ရပ်ရှိသောကြောင့်ဖြစ်ပါသည်။)
       
ဤကဗျာပြောင်းပြန်/၂၀၀၆ စာအုပ်ပါ ကဗျာအများစုမှာ ကဗျာရေးသူတစ်ယောက် ကဗျာဖန်တီးရာ၌ တွေ့ကြုံရသော အတွေ့အကြုံကို ဖော်ပြရန် အားထုတ်ထားသော ကဗျာများဖြစ်နေသည်ကို တွေ့ရပါသည်။ ဥပမာ - ကဗျာပျောက် ၊ ကဗျာအသစ် ၊ ပြန်ရှာတွေ့တဲ့ကဗျာ စသဖြင့်။ 'ဆာမူရိုင်းလိုကဗျာ' တွင် ကဗျာတစ်ပိုဒ် ခက်ခဲပင်ပန်းစွာ မွေးဖွားဖြစ်မြောက်လာရခြင်းကို ထိထိမိမိဖော်ပြနိုင်စွမ်းရှိသည်ဟု ထင်မြင်မိသည်။ 'ကန္တာရကဗျာ' က ကဗျာဆရာ၏
ခန်းခြောက်မှုကို ဝေဖန်ရေးပြုထားခြင်းဖြစ်သည်။ အခြားကဗျာဆရာများ၏ ကဗျာများတွင် အတွေ့ရများသော ကိုယ့်မိသားစုအကြောင်း ပြန်လည်ရေးဖွဲ့ထားသည့်ကဗျာမျိုးမှာ မတွေ့ရသလောက်ပင်။ သို့သော် သူကိုယ်တိုင် နေထိုင်လှုပ်ရှားနေရသည့် လူလတ်တန်းစား ပညာတတ်တွေ၏ မြို့ပြဘဝထင်ဟပ်မှုများကိုမူ သူ့ကဗျာများတွင် တွေ့ရတတ်သည်။ အထင်ရှားဆုံးကဗျာမှာ 'မြို့ပြကြောင်'ဖြစ်သည်။ သူတို့အုပ်စု အရက်သောက်ကြသည့် (ညနေပိုင်း အပန်းဖြေခြင်းတစ်မျိုး) အကြောင်းရေးဖွဲ့သည့် ကဗျာအတော်များများကိုလည်း တွေ့ရလေရာ (ဥပမာ - A
Docupoem ၊ သူတို့အကြောင်း ၊ ခုန်ကူးတဲ့ည ၊ စိတ်လာရင်လာသလို စသဖြင့်) ဤကိစ္စမှာ သူ့လူနေမှုဘဝတွင် အတော်များသော အစိတ်အပိုင်းအဖြစ် ပါဝင်နေရာယူထားပုံရလေသည်။)

ဤစာအုပ်ထဲတွင် 'ကြောင်ကလေးသုံးကောင်' လို၊ (ကျွန်တော်က ကလေးကဗျာတစ်ပုဒ်ဟု ယူဆသည်) လေးလုံးစပ် ပီပီပြင်ပြင်ဖြစ်သော 'ဆိုခဲ့သောတေး' ကဗျာ (၂)ပုဒ် ထည့်သွင်းထားသည်ကိုမူ ကျွန်တော်နားလည်ရခက်ခဲနေသည်။ ဤစာအုပ်ထဲတွင် သူ့နည်း ၊ သူ့ဟန် ၊ သူ့စတိုင်ဟု ဆိုနိုင်သော ကဗျာကောင်းများကိုလည်း တွေ့ရပါသည်။ (ဥပမာ - ၁၂ x
၁၂ ၊ ရုတ်တရက်ဆိုသလို ) ကဗျာရေးရင်း ကဗျာရေးနည်း (သူ့ရေးနည်းကို)ဖော်ပြသွားသော ကဗျာတစ်ချို့ကိုလည်း တွေ့ရပါသည်။ (ဥပမာ - ရုတ်တရက်ဆိုသလို) သူ့ကဗျာရေးနည်းမှာ ဘာမှရေးစရာမရှိလျှင် အကြောင်းအရာတစ်ခုကိုလည်း ကြိုတင်စဉ်းစားမထားဘဲ ခေါင်းထဲပေါ်ရာ စာကြောင်းကို စတင်ရေးချလိုက်ပြီး နောက်စာကြောင်းများကို မီးစင်ကြည့်ကသွားသော သဘောဖြစ်၏။ အဲဒီလို မျှောလိုက်သွားရာ၌ အရေးကြီးသည်မှာ (အာရုံငါးပါးမှ ထိတွေ့နေသမျှထဲက ဘာကိုအသုံးပြုမလဲဆိုတာ
ရွေးချယ်တတ်မှု အနုပညာသိဖြစ်၍) အဆုံးသတ်မှာလည်း ပါးနပ်ဖို့လိုလေသည် ။ မပါးနပ်ပါလျှင် သယ်ဆောင်လာသမျှ ပျက်စီးကာ လွှင့်ပစ်လိုက်ရသော ကဗျာတစ်ပုဒ်ဖြစ်သွားပေမည်။(ဤနည်းကို စန်းဦးလည်း မကြာခဏ အသုံးပြုတတ်သည်။)

ဤကဗျာများကို စာအုပ်အမည်အတိုင်း ၂၀၀၆၊ဇန်န၀ါရီ  ၁၃ရက်မှ ဒီဇင်ဘာ ၁၃ရက်အတွင်း ရေးသားခဲ့ခြင်းဖြစ်ကြောင်း နောက်ဆက်တွဲမှတ်တမ်းအရ သိရသည်။ ကဗျာအောက်ခြေတွင် မည်သည့် မဂ္ဂဇင်း ၊ ဂျာနယ်များတွင် ပါဝင်သည်ဆိုသော
ဖော်ပြမှုမျိုးကို မတွေ့ရသည့်အတွက် ကဗျာသစ်များဟု ယူဆစရာရှိသည်။ ဤကဗျာစာအုပ် သို့မဟုတ် ကဗျာများနှင့်ပတ်သက်၍ ကဗျာရေးသူကသော်လည်းကောင်း စာအုပ်ထုတ်ဝေသူကသော်လည်းကောင်း ၊ အမှာစကား ၊ နိဒါန်းစကားဦးသန်းခြင်း
မရှိသည့်အတွက် တစ်ခုခုလိုနေသလိုတော့ ခံစားရမိပါကြောင်း။


 ===================================================== 


 ကျွန်တော်၊ ခင်ဗျား -  ခေတ်ပြိုင်ကဗျာဖတ်ခြင်း
- စိ မ်း ခ က် စိုး -


ငယ်ငယ်က ကျွန်တော်တို့ရပ်ကွက်မှာ ကုန်းထိပ်(ဂုန်းထိပ်)ဆိုတဲ့ လူငယ်တွေ ဆုံတဲ့နေရာရှိတယ်။ ကုန်းကျော်တံတားကို ကွန်ကရိဘောင်ထူထူကြီးနဲ့ ဆောက်ထားတဲ့နေရာမို့လို့ ဂစ်တာတီး၊ ဆေးချ၊ ရန်ဖြစ်၊ ဖြတ်သွားဖြတ်လာကောင်မလေးတွေငေး၊ နည်းနည်းညဥ့်နက်ရင် ဂစ်တာဝိုင်းနဲ့ အရက်ဝိုင်းလေး ဖြစ်ရာနေရာပေါ့။ သားတွေကို မိဘတွေ သွားမှာ အပူဆုံးနေရာဖြစ်ပေမယ့် ကျွန်တော်တို့ခေတ်က အရွယ်ရောက်တဲ့ လူငယ်တိုင်းတော့ အဲဒီနေရာလေးက စီနီယာအကိုတော်တွေကို လာရောက် ဂါရဝပြုရာ နေရာပေါ့။


အဲဒီနေရာကို ရင်းနှီးကျွမ်းဝင်အောင်မနေရင် ရပ်ကွက်ထဲမှာ အကြောင်းတခုခုကြောင့် ရန်ဖြစ်တာကစ သာရေးနာရေးအဆုံး ကူညီမယ့်လူငယ်မရှိဘူး။ တခြားရပ်ကွက်နဲ့ သို့မဟုတ် ကျောင်းမှာ လူမိုက်ဆိုတဲ့သူတွေနဲ့ ရန်ဖြစ်လာလို့ အကူအညီလိုရင်လည်း ဒီကုန်းထိပ်လေးကိုလာပြီး နောင်တော်တွေနဲ့ တိုင်ပင်ဖြေရှင်း အကူအညီတောင်းရတာ ဆိုတော့ကာ အရမ်းအေးတဲ့ လူငယ်တွေလောက်ကလွဲပြီး လူငယ်အများစုကတော့ အဲဒီမှာစုကြတယ်။


အဲဒီနေရာလေးမှာ ပညာစုံသင်ကြားရတဲ့အထဲ မာရှီ (စကားချပ်။ ကိုမားဆိုးနဲ့ ဘာမှ မတော်ပါ) လို့ခေါ်တဲ့ ဆေးခြောက်ချတာလည်း ဝါသနာပါရင် အခမဲ့ သင်ကြားလေ့လာခွင့်ရကြတာကိုး။ ကျွန်တော်တို့သူငယ်ချင်းတစ်စု အဲဒီတံတားကို စပြီး ဂါရဝပြုခါစတုန်းက အဖြစ်လေးပေါ့။ ကျွန်တော်တို့သူငယ်ချင်း အာကြီးဆိုတဲ့ တစ်ကောင်က မာရှီချချင်တယ်ဆိုပြီး စီနီယာအကိုတွေကို ပူဆာပါရော။ ကျွန်တော့်မှာ အကိုအရင်း ၅ ယောက်၊ ဝမ်းကွဲ အယောက် ၂၀ လောက်ရှိတာဆိုတော့ အဲလိုနေရာလာတာတောင် အချိန်နဲ့သွား အချိန်နဲ့ပြန်ရတဲ့ကောင်ပေါ့။ တားမရတဲ့အဆုံး အကိုကြီးတစ်ယောက်က ချကွာဆိုပြီး သူကိုယ်တိုင်သွားဖန်ပေးလာတဲ့ သဘာဝဆေးလိပ်ကြီး (သဘာဝ ဆိုတာ အဲဒီတုန်းက တော်တော်နာမည်ရတဲ့ ဖက်ကြမ်းပေါ့) သူတို့အခေါ် တစ်တိုင်ပေးတယ်။


အဲဒီနေ့ တစ်ညနေလုံးမှာတော့ ကျွန်တော်တို့အဖွဲ့ထဲမှာ အာကြီးက သူရဲကောင်းဖြစ်သွားတာပေါ့။ ဒီကောင်က သဘာဝကြီးကို စိမ်ပြေနပြေ ဖွာ။ ၈ ဖွာလောက် ဖွာလည်းပြီးရော အကို ကျွန်တော်ကောင်းလာပြီဗျာ၊ အကိုကြီးတွေကလည်း အေး ဆက်ချ ညီလေး။ နောက် သုံးပုံပုံ တစ်ပုံလောက် ကုန်တော့ တိမ်တွေကလည်း မိုက်တယ်ဗျာ။ လမ်းကြီးက ခုံးလာသလိုပဲ။ ရယ်လည်းရယ်ချင်တယ် အကိုရာ တဲ့။ အကိုကြီး တွေကလည်း အေး မင်းဟုတ်လာပြီ ကုန်အောင်ဆွဲညီလေး ဆိုပြီးတွန်းတယ်။ ကျွန်တော်တို့ကလည်း ဒီကောင့်ပဲ ဂရုစိုက်နေရတာပေါ့။ ဒီကောင်တက်လာတာလေးတွေကို မှတ်ထားနိုင်ရင် အနည်းဆုံးတော့ ကျောင်းမှာ ကိုယ်ချခဲ့ဖူးသလိုလို ပြန်လွှတ်လို့ရတာပေါ့။


နောက်ဆုံး တစ်တိုင်လုံးကုန်သွားတယ်ဆိုပါတော့။ ဒီကောင် ငြိမ်ကျသွားပြီး စကားတွေကလည်း တကယ့်အလွင့်တွေချည်းပဲ ပြောတာ။ ဘာတွေမှန်းကို မသိဘူး။ ငမိုးရိပ်ချောင်းက သူ့အဖိုးတူးခဲ့တာဆိုတာတွေရော၊ ဂျိုးဖြူပိုက်လုံးကြီးထဲမှာ ပွက်ပွက်ဆူသံတွေကြားရတယ် ဆိုတာရော။ အစုံအစုံ။ ကျွန်တော်တို့တွေကလည်း သူငယ်ချင်း သူရဲကောင်းကို ပါးစပ်အဟောင်းသားနဲ့ပေါ့။ ဒီကောင်က ဒီမှာတင်မရပ်ဘူး။ ခုနက မားမဆွဲခင်တုန်းက အကိုကြီးခေါ်နေတဲ့ ကျွန်တော်တို့ရဲ့ စီနီယာအကိုကြီးကို ဘဲကြီး နောက်တစ်တိုင်လောက်ဆွဲချင်တယ်။ သိပ်မထိသေးဘူး အထိ တင်လာပါလေရော။ ကျွန်တော်တို့ဆို ဘာပြောကောင်းမလဲ။ အရုပ်တွေကလည်းအများကြီး၊ ရန်ဖြစ်လိုက်ရင်လည်း လက်ကသွက်၊ မဟုတ်မခံ ကိုယ်တွေရဲ့ စီနီယာအကိုကြီးကိုတောင် ဘဲကြီးတက်ခေါ်လောက်အောင် သွေးကြွလာတဲ့ သူငယ်ချင်းကိုမှ စိတ်ထဲက အားမကျ ဘယ်သူ့အားကျမလဲနော်။


အဲဒီမှာ မထင်မှတ်ပဲ စီနီယာအကိုက အာကြီးကို နပန်ထကျင်းပြီး ခွေးကောင်လေး သဘာဝတစ်တိုင်လုံးထဲကို ဘူးရွက်ခြောက် ချေထည့်ရတာ လွယ်တယ်များအောက်မေ့နေလား။ မင်းအမေ့လင် ဗူးခြံက ဂွနဲ့လှမ်းပစ်မှာလည်း ကြောက်ရတယ်ဟ။ မင်းချနေတာ မာရှီမဟုတ်ဘူး။ ဘူးရွက်ခြောက်တွေ သွား ပြန်တော့။ နောက်တခါ မင်းတို့တွေ အဲဒါလုပ်ရင်သေမယ်သာမှတ် ဆိုပြီး၊ ဟိုကောင် လူအေး (ကျွန်တော့်ငယ်နာမည်ပါ။) မင်း အဲ့ကောင်တွေ အဲဒါချရင် အကို့ကိုလာတိုင် သိလား။ ပြန်ကြတော့ဆိုတော့ သကောင့်သား အာကြီးက ငေါက်ခနဲ ထထိုင်ပြီး အကောင်းအတိုင်း အိမ်ပြန်သွားရောဗျာ။ ကျွန်တော်တို့လည်း အဲဒီတော့မှ ဒီကောင်က သက်ကြီးစကား သက်ငယ်ကြားနဲ့ ဗူးရွက်ခြောက်သိပ်ထားတဲ့ မာရှီဆေးလိပ်အတုကိုသောက်ပြီး တစ်ကယ့်အစစ်လို ဟန်ဆောင်တတ်လာတဲ့ (လူအထင်ကြီးအောင်) အာကြီးကို တညီတညွတ်တည်းနာမည်ပေးခဲ့တာက ခုကျွန်တော်နာမ်စားသုံးသွားတဲ့ “အာကြီး”ဆိုတဲ့နာမည်ပေါ့။



ကျွန်တော့်ဆီကို ကဗျာတွေ၊ စာတွေတော်တော်များများလာတဂ်ကြ၊ ကျွန်တော့်ကို အွန်လိုင်းချက်တင်ကနေကဗျာတွေ (ခေတ်ပြိုင်ကဗျာ) တွေ ဘယ်လိုဖတ်လဲ ဆွေးနွေးကြတော့၊ ကျွန်တော် အမြဲပြန်ပြောဖြစ်တဲ့ ဥပမာတစ်ခုရှိတယ်။ ဘာသာပြန်တဲ့ စိတ်အခံချည်းနဲ့မဖတ်နဲ့လို့။ ခေတ်ပြိုင်ကဗျာတွေ ဖတ်ရင် ကျွန်တော်က ရေကူးကန်ထဲ မြစ်ထဲမှာ ကိုယ်ဖော့မျှောသလိုဖတ်တယ်။ ကိုယ်ဖော့နေတဲ့ အားထုတ်မှုကလွဲပြီး ကန်ကြီး၊ မြစ်ကြီးက ဘယ်လောက်နက်လဲ၊ အောက်မှာ ဘာကောင်တွေရှိမလဲ၊ ဘယ်လောက် အထိကျယ်လဲ လျှောက်တွေးရင် ကြောက်စိတ်ဝင်ပြီး ရေနစ်နိုင်သလို၊ ရေပေါ်မှာ လက်ငင်းကိုယ်ဖော့မျောလို့ရတဲ့ ခံစားမှုအရသာ စစ်စစ်ကိုလည်း မခံစားရဘဲဖြစ်နေမယ်။



ကဗျာတွေဖတ်ရင် ဘာသာပြန်စိတ်အခံနဲ့ ဖတ်တယ်ဆိုတာက ကဗျာတစ်ပုဒ်ကိုဖတ်လိုက်ရင် ကဗျာဆရာက ဘာပြောချင်တာလဲ၊ ဘာကြောင့်ဒီကဗျာရေးတာလဲ၊ သဒ္ဒါတွေကလည်း တလွဲ၊ မျဉ်းစောင်းတွေကလည်း ချလို့မရဘဲ ချထားတယ်။ စာမှတတ်ရဲ့လား မသိဘူး။ ဒီစာကြောင်းနှစ်ခုက တွဲရေးလို့မှမရဘဲ။ သူများစာပိုဒ်ကြီးဖြတ်ယူထားတယ်၊ တစ်ကြောင်းထဲကို ဘာလို့အကြိမ်ကြိမ် ပြန်ရေးထားတာလဲ .. စတဲ့ စတဲ့ ဘာသာပြန်မှုတွေနဲ့ ကဗျာကို နားလည်ဖို့၊ ဘာသာပြန်ကြည့် အနက်တည်ဆောက်ဖို့ စိတ်မှာအတင်းအားထုတ်နေတော့၊ ကဗျာဆုံးသွားရင် ကဗျာဖတ်သူမှာ ကျန်ခဲ့တာ တစ်ခုပဲ “ဘာတွေရေးထားမှန်းလဲ မသိဘူး။ နားလည်းမလည်ဘူး။” ဆိုတာပဲဖြစ်တယ်။



ဒါဘာကြောင့်ဖြစ်ရတာလဲဆိုတော့ ပညာသင်နှစ်တစ်လျှောက်လုံး သူငယ်တန်းကနေ ဘွဲ့ရတဲ့အထိက ကဗျာတစ်ပုဒ်သင်ပြီးရင်၊ ခက်ဆစ် အနက်တွေကို ဖင်ကုန်းကျက်ခဲ့ရသလို၊ သတ်မှတ်ထားတဲ့ ခက်ဆစ်၊ အနက်ဘောင်ထဲက ကျော်စဉ်းစားခွင့်မရခဲ့တဲ့၊ အနုပညာကို သင်္ချာလိုသင်ကြားခဲ့ရတဲ့ ပညာရေးစနစ်က ကျွန်တော်တို့ရဲ့ အနုပညာခံစားတတ်မှုအညွှန့် ပျိုးဥလေးကို သတ်ပစ်လိုက်လို့ပဲလို့ ပြောရမယ်ထင်ပါတယ်။



တကယ်တော့ “လက်သစ်တောင်တာ၊ ယူဇနာပေါင်း၊ တာပြန်လောင်းသော်၊ .....” အစချီတဲ့ကဗျာတွေ၊ “တတောင်ပေါ် တတောင်ဆင့်၊
တောင်အမြင့်ပတ်ခြံရံ၊ တတောင်ဆုံးပြန်တော့၊......” အစချီတဲ့ ကဗျာမျိုးတွေဆို နီတိဘာသာပြန်မျိုးအဖြစ်နဲ့ ခက်ဆစ်တွေ၊ နည်းယူဖွယ်တွေကိုဘဲ ခေတ်အဆက်ဆက် ပုံသေစွဲသင်ကြားခြင်းခံခဲ့ရတော့ အဲဒီကဗျာတစ်ကြောင်းချင်းစီမှာ ကဗျာဖန်တီးသွားသူရဲ့ အားထုတ်မှုအမြင့်ဆုံး၊ အလေးနက်ဆုံး ဖြတ်တဲ့ ကာရံအနိမ့်အမြင့်တွေ၊ ပါဒအချိတ်အဆက်၊ တစ်ကြောင်းနဲ့ တစ်ကြောင်းအဓိပ္ပာယ်ဆွဲချိတ်သွားတဲ့ ပညာရပ်တွေစတာကို မခံစားနိုင်ဘဲ နောင်တ = လုပ်သင့်သည်ကို မလုပ်မိ၊ မလုပ်သင့်သည်ကို လုပ်မိသည့် အချိန်လွန်မှ ရသော ပူပန်မှု စတဲ့ သီအိုရီဆန်ဆန် ဘာသာပြန်မှုတွေကို ကျက်မှတ်ခဲ့ရပြီး အနုပညာအနိုးစိတ်လေး သေသွားတော့တာပဲလို့ ထင်ပါတယ်။


သိပ်ကြောက်ဖို့ကောင်းတဲ့ အနုပညာသေဆုံးမှုပါ။ ကဗျာအနုပညာ ဖန်တီးမှု၊ ခံစားမှုမှာ ဖတ်သူရော၊ ဖန်တီးသူပါ ရိုးသားမှုလိုအပ်ပါတယ်။
တိကျသေချာတဲ့ အခြေခံစည်းမျဉ်းတွေ မရှိသော်ငြားလည်း လိုက်နာစောင့်ထိန်းအပ်တဲ့ သံမဏိစည်းတွေက မမြင်ရဘဲ ကြီးကြီးမားမားကြီးကိုရှိပါတယ်။ ကဗျာတကယ်ဖတ်တဲ့သူတစ်ယောက်အတွက် ဘယ်ကဗျာဟာ ဒန်တော့ဒန်တယ် ဒါပေမယ့် ဖျစ်ညှစ်လိမ်ညာထားတဲ့ ဒန်တွေဖြစ်တယ်ဆိုတာ ဖတ်လိုက်တာနဲ့ သိသလို၊ ကဗျာဖတ်သူတစ်ယောက် ကဗျာတစ်ပုဒ်ပေါ်မှာပေးသွားတဲ့ မှတ်ချက်တစ်စုံတစ်ရာ၊ ဆွေးနွေးမှုပေါ်မှာတည်ပြီး ဒီကဗျာဖတ်သူ ဘယ်လောက်ရိုးသားတယ်၊ မရိုးသားဘူးဆိုတာ သိသာပါတယ်။ “နားမလည်ဘူး” ပြောရုံနဲ့ မရိုးသားရာကျလားဆိုတော့လည်း မဟုတ်သလို၊ နားလည်တယ်ဆိုတိုင်းလည်း ရိုးသားတယ်ပြောမရဘူး။


သေချာတာတစ်ခုက ကဗျာဖတ်သူတချို့ဟာ ကျွန်တော့်သူငယ်ချင်း အာကြီး ဗူးရွက်ခြောက်ကို မာရှီဆို ရှူပြီး ကြားဖူးနားဝတွေ နဲ့ ကောင်းနေသလို မဖြစ်စေချင်တာတော့ အမှန်ပဲ။ ကဗျာဖတ်တာဟာ စာပိုဒ်တစ်ပိုဒ်ကို ဘာသာပြန်ဖို့ အားထုတ်နေတာမျိုးထက် ပိုလာဖို့တော့ ကဗျာဆရာမှာ သင်ပေးခွင့်၊ လမ်းပြခွင့်မရှိဘူးလို့ ရဲရဲပြောချင်တယ်ဗျ။ ခင်ဗျားကဗျာဖတ်ချင်တာလား၊ အနုပညာစိတ်နဲ့ အကြောင်းအရာတစ်ခုအပေါ် ကွန့်မြူးစီးမြောချင်တာလား ကွဲကွဲပြားပြားသိမယ်ဆိုရင် ကဗျာတစ်ပုဒ်ဖတ်ရှုခံစားခွင့်ရတဲ့ ခင်ဗျားဟာ ကမ္ဘာတစ်ခုတည်လိုက်ရသလို ပီတိတစ်ခုစားခွင့်ရမယ်လို့ ကျွန်တော်ပြောချင်တာပါပဲဗျာ။


ရော့ ဒီမှာ ဆရာမင်းထက်မောင်ရဲ့ကဗျာလေးနဲ့ ခင်ဗျားကို ကျွန်တော်လည်း နပန်တစ်ချက်လောက်ရိုက်ခဲ့မယ်............

“မဖြစ်မနေ”

ငါတို့ရဲ့ တွေးခေါ်မြော်မြင်မှုပုံစံကို
ပြောင်းလဲပစ်ရမယ်
ငါတို့ရဲ့ ကဗျာရေးသားမှုပုံစံကို
ပြောင်းလဲပစ်ရမယ်
ငါတို့ရဲ့ ဘဝနေထိုင်မှုပုံစံကို
ပြောင်းလဲပစ်ရမယ်
ငါတို့ရဲ့ အရာရာ အကြောင်းကြောင်း
ပြောင်းကို ပြောင်းလဲပစ်ရမယ်
ငါတို့ရဲ့ သဘာဝပတ်ဝန်းကျင်က လွဲလို့ပေါ့။

မင်းထက်မောင်

ဘာပဲဖြစ်ဖြစ် ဟန်ဆောင်ခြင်းကင်းကွာစွာနဲ့ ခင်ဗျားနဲ့ ကျွန်တော် ကဗျာတွေပေါ်မှာ ပြန်လည်ခေါ်ပြောနှုတ်ဆက်ချင်ပါသေးတယ်ဗျာ။


 ===================================================== 


အွန်လိုင်းအနုပညာရပ်ဝန်း  

ခရမ်းရိပ် အနုပညာ
- လမ်းလျှောက်ဘလော့ဂါ -

ခရမ်းရိပ်ပရိတ်သတ်များခင်ဗျာ..
ယခု facebook ဟာ မြန်မာနိုင်ငံမှာပါ အသုံးများကာ ကျယ်ပြန့်လာသည်နှင့်အမျှ
ယခုလအတွက် လမ်းလျှောက်ဘလော့ဂါအနေနဲ့ facebook က သဘောကျမိတဲ့ post လေးတစ်ခုကိုပဲ ပြန်လည်ဝေမျှလိုက်ပါတယ်။
တွေ့ရှိခဲ့တဲ့ နေရာကတော့ http://www.facebook.com/photo.php?fbid=438867256130760&set=a.358978824119604.104864.100000224670833&type=1&theater ဖြစ်ပါတယ်။ ခံစားကြည့်ကြပါဦး။



အဖေ့သမီးအတွက်
သမီးအတွက်..ဖခင်ရဲ့ ဥပမာကောင်းလေးတစ်ခု.............

ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။
အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီး
လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။

ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။

သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော
 ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။

သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။
သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။
ထိုအခါ သမီးဖြစ်သူက ၁၀ခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။
အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။

အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို
ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။

ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။ ၁ခေါက်လဲမလုပ်နိုင်ဘူး..
တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။

အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့… ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။

အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို
ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား…

" ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင်
သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး.."

သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။
ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား*

တန်းဖိုးသိမှ တန်ဖိုးရှိတယ်...

တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်...

တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်းတွေ ဖြစ်ကြပါစေ....

အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ.....။




မြန်မာနိုင်ငံမှာ ဝတ်စားဆင်ယင်မှုပုံစံတွေပြောင်းလဲလာတာတွေ မြင်ရတွေ့ရ ကြားနေရချိန်မှာ ဒီpost လေးကို
လမ်းလျှောက်ဘလော့ဂါလည်း အတော်သဘောကျမိတဲ့အတွက် ပြန်လည်ဝေမျှလိုက်ရပါတယ်။

 ===================================================== 

အခန်းဆက်ဝတ္ထုရှည်

သူမပြန်ဝင်စားသော မိုးရာသီ 
အခန်း (၄) 
- နေပိုင် - 


ကိုယ်ရေးရာဇဝင်အား လင်းစက်ညီပြန်ဖတ်ကြည့်လိုက်၏။

“မင်းနာမည် မြတ်နိုးအိမ်နော်”

“ × × × ”
“မင်းမှာ တခြားနာမည်တွေဘာတွေရှိသေးလား”

ကောင်မလေးက လင်းစက်ညီအား စူးရှရှ ကြည့်၏။

“မဟုတ်ပါဘူး ကိုယ်သိနေတဲ့ အသိတစ်ယောက်နဲ့ မင်းဟာ သိပ်ရုပ်ချင်း ဆင်နေလို့ပါ”

“မရှိပါဘူး မွေးကတည်းက ဒီနာမည်ပဲ။ နောက်ပြီး ကျွန်မဟာ အဆိုတော် လွန်းသက်ချိုနဲ့ ရုပ်ချင်းဆင်တယ်ဆိုတာလည်း ကျွန်မ သိတယ်”

အပြတ်ပိတ်ပြောလိုက်သဖြင့် လင်းစက်ညီ စကားလမ်းကြောင်းပိတ်မိသွား၏။

လင်းစက်ညီ ကောင်မလေးရှေ့သို့ ရေခွက်လေးထိုးပေးလိုက်၏။

“မင်းကိုယ့်ကို ဒီရေနဲ့ ပက်ရဲလား”

ဇွန်ဦးကိုနှင့် မင်းခတို့ နှစ်ယောက်သား မျက်လုံးအဝိုင်းသားနှင့် ငေးကြည့်ကြ၏။

“ . . . ”

မျက်နှာတွင် စိုသွားသော ရေစက်များအား လင်းစက်ညီ သပ်ချရင်း ပြုံး၏။

“မမြတ်နိုးအိမ်”

“ဟုတ်ကဲ့..”

“ဆိုင်ဖွင့်တဲ့နေ့မှာ အလုပ်စ ဆင်းနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပါ။ လစာကိစ္စနဲ့ ကျန်တာတွေကို ကျွန်တော် ဖုန်းနဲ့ အကြောင်းကြားလိုက်ပါ့မယ်”

ကောင်မလေးက သူနှင့်အတူပါလာသော ဖိုင်တွဲများအား ပွေ့ပိုက်ရင်း…

“ကျွန်မကို ခွင့်ပြုပါဦး”

လင်းစက်ညီ ခေါင်းညိတ်ပြလိုက်၏။

“ဟ ဟေ့ကောင်ညီ မင်းလူတစ်ယောက်ကို ဒီလောက်လွယ်လွယ် အလုပ်ခန့်ရလား”

လင်းစက်ညီ ပြုံး၏။

“အလုပ်နဲ့ ပတ်သက်တဲ့ အရည်အသွေးတွေ ကန့်သတ်ချက်တွေက CV Form ထဲမှာ ပါပြီးသားပဲ”

“ဒါဆို မင်းက ဘာကိုကြည့်ပြီး အလုပ်ခန့်တာလဲ”

“ကိုယ့်အလုပ်ရှင်ကို ရေနဲ့ပက်ရဲတဲ့စိတ်”

မင်းခက ကုလားထိုင်နောက်ကျောတွင် ခြေပစ်လက်ပစ်မှီချလိုက်၏။

“ဟ.. အဲဒါက”

“အဲဒီ့စိတ်က လူတိုင်းမှာရှိမယ်လို့ မင်းထင်လို့လား”

မင်းခ တိတ်ဆိတ်သွား၏။ ဇွန်ဦးကိုက စာရွက်များ စုစည်းနေရင်းက လင်းစက်ညီအား မျက်လုံးထောင့်ကပ်ကြည့်၏။

“သူ့ရုပ်ရည်အခြေအနေကလည်း နင်အလုပ်ခန့်လိုက်တဲ့ နောက်အကြောင်းအရင်းတစ်ခု ဖြစ်မယ်ထင်တယ်။”

သုံးယောက်သား ကိုယ်စီ ပြုံးမိကြ၏။

* * *

“ညီမလေး ရပြီ သွားတော့”

မြတ်နိုးအိမ်၏စကားကြောင့် စားပွဲထိုးကောင်မလေး ခပ်သွက်သွက်ထွက်သွား၏။ မြတ်နိုးအိမ်က လက်ကလေးနောက်ပစ်ရင်း…

“အကိုတို့ ဘာများစိတ်တိုင်းမကျလို့လည်းမသိဘူး”

စားပွဲဝိုင်းတွင် ထိုင်နေသော လူငယ်လေး သုံးယောက်မှ တစ်ယောက်က မတ်တပ်ထရပ်၏။

“မြတ်နိုးကလည်းကွာ သိပ်သူစိမ်းဆန်တာပဲ”

မြတ်နိုးအိမ်၏ အကြည့်များက ပြောင်းလဲမသွား။ အရောင်မဲ့နေ၏။

“ရှင့်နေရာမှာ ကျွန်မရည်းစားဆိုရင်လည်း ကျွန်မ ဒီလိုပဲ ဆက်ဆံမှာပဲ။ ဒါကျွန်မအလုပ်ချိန်ပါ။ Personal ကိစ္စတွေ မပြောပါနဲ့။ ကျေးဇူးပြု၍ နေရာမှာပြန်ထိုင်ပေးပါ”

ချာတိတ်သုံးဦးအနည်းငယ်ရှိန်သွားပုံရ၏။

“ဒီလိုပါ ကျွန်တော်တို့ ထောပတ်သီးဖျော်ရည် သုံးခွက်မှာတယ်။ ၁ခွက်က ပုံမှန် ၁ခွက်က အချိုလျှော့ နောက်တစ်ခွက်က ချိုချိုလေးလုပ်ခိုင်းလိုက်တာ အရသာတူနေလို့။”

မြတ်နိုးအိမ် သိမ်မွေ့စွာခေါင်းလေးညိတ်ပြ၏။

“ကောင်းပါပြီ ခဏစောင့်ပေးပါ”

မြတ်နိုးအိမ်လှည့်ထွက်သွား၏။

လင်းစက်ညီ ၊ မင်းခနှင့် ဇွန်ဦးကိုတို့ ဆိုင်တွင်းရှိ ချောင်ကျကျ စားပွဲဝိုင်းမှနေ၍ အကဲခတ်နေမိကြသည်။

“မြတ်နိုးအိမ်ဆိုတဲ့ကောင်မလေးက လုပ်ရည်ကိုင်ရည်တော့ ရှိမယ့်ပုံပဲနော်”

လင်းစက်ညီ ကျောခိုင်းထွက်သွားသော ဆံပင်ရှည်လေးအား ငေးနေမိ၏။ ဇွန်ဦးကိုက စကားဆက်၏။

“ညီ နင်သူ့ကို လွန်းသက်ချိုလို့ ထင်နေတုန်းပဲလား”

လင်းစက်ညီ ခေါင်းငုံ့ရင်း ကော်ဖီခွက်အား ဇွန်းနှင့်မွှေနေ၏။ လုပ်မိလုပ်ရာ လျှောက်လုပ်နေမိမှန်းလည်း ကိုယ့်ကိုကိုယ် သတိထားမိ၏။

“ညီ ငါတို့ညကျရင် Hot Pot သွားစားရအောင်”

လင်းစက်ညီ မပြောခင် မင်းခက ကြားဖြတ်ပြော၏။

“အင်း ကောင်းသားပဲ သွားစားကြမယ်လေ”

“နင်ကတော့ပြောမနေနဲ့ နင်မစားတာဘာရှိလဲ”

မင်းခက ခေါင်းမော့စဉ်းစားဟန်ပြု၏။

“ငါက.. အင်း.. ဝယ်မစားဘူး။ ကျန်တာအကုန်စားတယ်”

ဇွန်ဦးကိုက မျက်စောင်းထိုးရင်း

“လူဘီလူး”

မင်းခက ပြုံး၏။

“လူဘီလူး အဲဒါ ရုရှားလို ချစ်တယ်လို့ပြောတာ။ နင်က ငါ့ကို လူဘီလူးဆိုတော့”

မင်းခက ခေါင်းတညိတ်ညိတ်နှင့် ကော်ဖီခွက်အား မော့သောက်၏။ ဇွန်ဦးကိုက ပွစိပွစိနှင့်။

“ဝေါ…”

အသံတစ်စုံတစ်ရာကြောင့် အသံလာရာသို့ သုံးယောက်သား လှည့်ကြည့်လိုက်ကြ၏။ ပြဿနာရှာနေသော ချာတိတ်သုံးယောက်၏ ဘေးစားပွဲဝိုင်းတွင် စားဖိုမှူးအကူနှင့် မြတ်နိုးအိမ်။ ထို့နောက် သစ်သီးဖျော်စက်ထဲရှိ ထောပတ်သီးများအား ဖန်ခွက်အလွတ် သုံးလုံးထဲ လောင်းထည့်လိုက်၏။ ချာတိတ်သုံးဦးမှာ မျက်ခြေမပြတ် ကြည့်နေကြ၏။ ထောပတ်သီးဖျော်ရည် ပထမခွက်အား နို့ဆီဇွန်းအသေးဖြင့် တစ်ဇွန်း ခပ်ထည့်၏။ ဒုတိယခွက်အား နှစ်ဇွန်း တတိယခွက်အား သုံးဇွန်းထည့်၏။ ထို့နောက်သကြားလည်း ထိုနည်းတူ တစ်ဇွန်းနှစ်ဇွန်းနှင့် သုံးဇွန်းထည့်၏။ ထောပတ်သီးဖျော်ရည်အရသာအား ပြဿနာရှာနေသော ချာတိတ်သုံးယောက်အား မျက်မြင်ကိုယ်တွေ့ ဖျော်ပြခြင်းပင်။ ထို့နောက် ဖန်ခွက် သုံးခွက်အား ချာတိတ် သုံးယောက်၏ဝိုင်းတွင် မြတ်နိုးအိမ်ကိုယ်တိုင် သွားချပေးလိုက်၏။

“ကျွန်မတို့ဆိုင်မှာ ပုံမှန်သကြားနှစ်ဇွန်းနဲ့ နို့ဆီ နှစ်ဇွန်းဖျော်ပါတယ်။ ဒီခွက်က အချိုပေါ့ ဒီခွက်က ခပ်ချိုချို ဒီခွက်က ပုံမှန်။ အကိုတို့ သုံးဆောင်နိုင်ပါပြီ။”

ထို့နောက်ခန္ဓာကိုယ်ကို အနည်းငယ် တိမ်းညွတ်ပြုံးပြကာ လေးစားမှုပြရင်း မြတ်နိုးအိမ်ထွက်သွား၏။
ချာတိတ်သုံးယောက်ခမျာ ပါးစပ်အဟောင်းသားနှင့် ကျန်ခဲ့ကြ၏။

“ညီ ဒီကောင်မလေး လုပ်ရည်ကိုင်ရည် မဆိုးဘူးကွ။ မျက်စိရှေ့မှာ ဖျော်ပြတာဆိုတော့ ဟိုသုံးယောက် ဘယ်လိုမှ မငြင်းနိုင်တော့ဘူး”

မင်းခက ကောက်ချက်ချ၏။ လင်းစက်ညီလည်း ကျေနပ်စွာပြုံး၏။

“တော်သေးတယ်။ ဟိုသုံးယောက်က နွားနို့မှာမသောက်လို့”

မင်းခ၏ စကားအား ဇွန်ဦးကိုက မျက်မှောင်ကျုံ့၏။ မင်းခက ကော်ဖီတစ်ကျိုက်မော့သောက်၏။

“ဒီလိုလေ ဟိုသုံးယောက်က နွားနို့မှာသောက်ပြီး နွားနို့မစစ်ပါဘူးဆို မြတ်နိုးအိမ်က နွားမကြီးခေါ်လာပြီး ကိုယ်တိုင်ညှစ်ပြနေရတော့မှာ”

သူတို့သုံးယောက်သား ရယ်မောဖြစ်ကြ၏။

* * *

“ကိုယ်မင်းကို အိမ်ပြန်လိုက်ပို့လို့ရမလား”

တွေးတောလိုက်ခြင်းလား အချိန်ကာလအား အကဲခတ်ခြင်းလားမသိ။ မြတ်နိုးအိမ် ကောင်းကင်ကြီးသို့ မော့ကြည့်၏။

“မင်းက ကိုယ့်ဆိုင်မှာ တာဝန်အရှိဆုံးမန်နေဂျာဆိုတော့ ကိုယ် လေးစားတဲ့အနေနဲ့ လိုက်ပို့မယ်လို့ ပြောတာပါ”

မြတ်နိုးအိမ် သူမ၏ လက်ဖဝါးသေးသေးလေးနှင့် ကာပြ၏။

“ဟိုး.. အခုအချိန်မှာ ရှင်ကျွန်မကို မိတ်ဆွေတစ်ယောက်အနေနဲ့ပဲ ဆက်ဆံစေချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်မ အလုပ်ချိန်ပြီးသွားပြီ”

“ဒါဆို မိတ်ဆွေတစ်ယောက်အနေနဲ့ ဆိုလည်း မိတ်ဆွေတစ်ယောက်အနေနဲ့ပေါ့။ ကိုယ်.. လိုက်ပို့ပါရစေ”

“မဖြစ်နိုင်ဘူးထင်တယ်”

သက်ပြင်းသေးသေးတစ်ခု လင်းစက်ညီ ခိုးချမိ၏။ သူ့ကို ကြည့်နေရာက မြတ်နိုးအိမ် အကြည့်လွှဲသွားသော်လည်း လင်းစက်ညီက နှုတ်ခမ်းပါးလေးအား မျက်ခြေမပြတ်ကြည့်နေမိဆဲဖြစ်၏။ သူမ၏ပါးပြင်လေး ဝိုင်းစက်ကာ နှုတ်ခမ်းလေးလည်း တင်းနေသော ကြိုးတစ်ချောင်း ပြေလျော့သိလို ကွေးညွှတ်သွား၏။

“ကျွန်မကို ကျွန်မသူငယ်ချင်း လင်းစက်ညီ လာကြိုမယ်လို့ပြောထားတယ်”

လင်းစက်ညီ သဘောပါက်စွာ ပြုံးမိ၏။ ကားတံခါးကို ဆွဲဖွင့်ပေးလိုက်သည်နှင့် မြတ်နိုးအိမ်က ရို့ရို့ကလေး ဝင်ထိုင်၏။ ထို့နောက်ကားလေးက တဖြည်းဖြည်းချင်း…

* * *

“လင်းစက်”

ခေါ်ပြီးမှ မြတ်နိုးအိမ် ပါးစပ်အား လက်ဖဝါးဖြင့်အုပ်ကာ လင်းစက်ညီအားမျက်လုံးထောင့်ကပ် ကြည့်၏။

“သူငယ်ချင်းတွေ ဖြစ်သွားပြီဆိုတော့ ကျွန်မ ရှင့်ကို လင်းစက်လို့ပဲ ခေါ်မယ်နော်”

“တီ.. တီ..”

ရှင်းလင်းနေသော ကားလမ်းမမို့ လင်းစက်ညီ၏ကားဟွန်းသံက မြတ်နိုးအိမ်အား ကြောင်တောင်တောင်ဖြစ်သွားစေ၏။ လင်းစက်ညီက သူမအား လှည့်ကြည့်ကာ ပြုံးပြ၏။

“ဒါ ဟွန်းတီးတာမဟုတ်ဘူး ကားက ကိုယ့်အစား ဟုတ်ကဲ့လို့ ဝင်ဖြေပေးတာ”

သူမ မျက်ခုံးပင့်ပြ၏။

“ဒါဆို ကားရပ်လိုက်”

ဘုမသိဘမသိနှင့် လင်းစက်ညီ ကားကို လမ်းဘေးချရပ်လိုက်၏။ မြတ်နိုးအိမ်က ကားပေါ်မှ ဆင်းကာ ပလက်ဖောင်းပေါ်တွင် ထိုင်နေ၏။

“မြတ်နိုးက ခုကျတော့လည်း မန်နေဂျာတစ်ယောက်နဲ့တောင် မတူဘူးနော် သိပ်ပေါ့ပါးနေတဲ့ ကလေးလေးတစ်ယောက်လိုပဲ”

“ရှင်ကကော ဘာထူးလို့လဲ။ ဆိုင်ရှင်နဲ့ကို မတူဘူး”

သူမမျက်စောင်းထိုးခြင်းကို လင်းစက်ညီ ပထမဆုံးအကြိမ် မြင်ဖူးလိုက်၏။

“မနက်ဖြန်ဆိုတာ အခက်အခဲတွေ တွေ့ရဦးမှာလေ.. ဒီတော့ မနက်ဖြန်မရောက်ခင် ဒီနေ့မှာ စိတ်ကိုပေါ့ပါးအောင် ဆေးပစ်လိုက်တာ”

လမ်းဘေးမီးရောင်အောက်တွင် သူတို့၏အရိပ်များ ရှည်လျားနေကြ၏။

“ကိုယ်က မင်းလိုမျိုးတော့ မတွေးဖူးဘူး။ အိပ်မပျော်ရင်တော့ အရက်သောက်ပစ်လိုက်တာပဲ”

မြတ်နိုးအိမ် မျက်မှောင်ကျုံ့ပြန်၏။ ဝမရှိဘဲ ဝိလုပ်လို့မရသော်လည်း သူမသည် လှပြီးသားမို့ မျက်မှောင်ကျုံ့လည်းလှဆဲဖြစ်၏။

“ရှင်ကမှ တကယ့်ကလေးနဲ့တူတာ”

“ဘာလို့”

“အင်းပုံပြင်တစ်ပုဒ်ပြောပြမယ်”

“. . .”

“ပထမဆုံးကျောင်းစဖွင့်တဲ့နေ့မှာ ကျောင်းသားလေးက သူ့အဖေကိုပြောတယ်.. ဖေဖေတဲ့ သားကျောင်းက သင်္ချာဆရာက အရမ်းတော်တာပဲ တဲ့”

“…”

“နောက်နေ့ကျတော့ အဲ့ကောင်လေးက ကျောင်းကနေ ငိုပြီးပြန်လာတယ်”

“ဘာလို့လဲ”

“ဒီဆရာနဲ့ဆို သား ကျောင်းမသွားတော့ဘူးတဲ့။ အဖေက ဘာလို့လဲသားရယ်ဆိုတော့ ကလေးက ပြောတယ်။ မနေ့က ဆရာပြောတော့ ၂နဲ့၃ ပေါင်းရင် ၅ရယ်တဲ့။ ဒီနေ့ကျတော့ ၁နဲ့၎ပေါင်းရင် ၅ရတယ်တဲ့”

“ဟဟဟ”

မြတ်နိုးအိမ်က ပြုံးယောင်သမ်းသည်။ လင်းစက်ညီ အရယ်ရပ်သွားတော့မှ…

“အဲဒါကြောင့် ရှင်လည်း အဲ့ကလေးလိုပဲ အိပ်မပျော်ရင် အရက်သောက်တယ်ဆိုတာ ပုံသေနည်းတစ်ခုလို သတ်မှတ်နေတယ်”

လင်းစက်ညီ ဘာပြောရမှန်းမသိ။ ရင်ထဲ ဟာသွား၏။

“ကဲပါ ကျွန်မတို့ သွားရအောင်”


ကားပေါ်တွင် စကားမပြောဖြစ်ကြတော့။ ကက်ဆက်ခွေတစ်ခွေထည့်ကာ နှစ်ဦးသား ဂီတနောက်တွင် မျောပါနေမိကြ၏။

… … …


“ရှေ့နားမှာ ကားရပ်လိုက်တော့”

လင်းစက်ညီ ဘာမှ မမေးမိဘဲ ကားရပ်ပေးလိုက်၏။ မြတ်နိုးအိမ် ကားပေါ်မှဆင်းကာ ကားတံခါးဘောင်ပေါ်သို့ လက်တင်ရင်း…

“ကျွန်မအိမ်က ဒီနားမှာ ကျွန်မအိမ်ကို လမ်းလျှောက်ပြီးပြန်ချင်လို့”

လင်းစက်ညီ ခေါင်းညိတ်ပြကာ ကားကို ပြန်ကွေ့လိုက်၏။

ကားကက်ဆက်သံကို ချဲ့လိုက်၏။ အမှတ်တမဲ့ နာရီကြည့်မိတော့ ညကိုးနာရီခွဲ…။ မီးပွိုင့်တွင် မီးနီနေသည်မို့ သူရောမျက်နှာချင်းဆိုင်မှ ကားများပါ စောင့်နေကြ၏။ ဘေးဘယ်ညာသို့ လှည့်ကြည့်မိ၏။

“ပြည်လမ်း
Pyay Road”

ပြတင်းပေါက်မှ ခေါင်းပြူက ကြည့်လိုက်၏။ တော်ဝင်စင်တာမှ မီးရောင်များ ။ တော်ဝင်စင်တာအလွန်တွင် မြတ်နိုးအိမ်ကားပေါ်မှ ဆင်းသွားခဲ့သော နေရာ။ မြတ်နိုးအိမ် ဆင်းသွားခဲ့သော နေရာ အလွန်တွင် သူနှင့် လွန်းသက်ချိုတို့ ဆုံဖူးရာ မင်းရဲကျော်စွာ လမ်းထောင့်။ စိတ်ထဲတွင် အတွေးများ ဂယက်ရိုက်သွား၏။ မီးပွိုင့်အနီလေးကား စိမ်းသွား၏။ စဉ်းစားမနေတော့ဘဲ လင်းစက်ညီ ကားကို ပြန်ကွေ့လိုက်၏။ ထို့နောက် စိန်ဂေဟာကိုဖြတ်၏။ ထို့နောက် အလယ်တန်းကျောင်းရှေ့မှဖြတ်၏။ ထို့နောက် ဘယ်ဘက်ခြမ်းမ ကားဂိတ်လေးအား တွေ့၏။ ထို့နောက် ကားဂိတ်လေးအလွန်တွင် လက်လှမ်းတားနေသော လက်ကလေးတစ်ဖက်အား သူတွေ့လိုက်၏။

* * *

ဆည်းဆာကို အအေးပတ်အောင်
နောက်တစ်ခါ ရေထပ်ချိုးပေးလိုက်တယ်
ကိုယ့်ကိုကိုယ်မိုးရာသီလို့ ဘယ်တော့မှ မပြောဘူး။



ကိုယ်မရှိတဲ့ ဇူလိုင်ပါ မိန်းကလေး
လက်ဖွေးဖွေးလေး နှစ်ဖက်ကို မြင်ကတည်းက ကိုယ့်မှာ
သေရေးရှင်ရေးကိုပဲ ပြေးပြေးတွက်နေရတယ်။



နောက်တစ်ခါ မလွဲတော့ဘူးလို့
သူမလက်ကလေးကို ဆုပ်ကိုင်ချင်မိ
ကိုယ်ကလည်းခက်တယ်
တစ်လောကလုံးဆိုလည်း
သူမ.. လက်သည်းအရှည်ကလေးနဲ့ လဲမှာပဲ။


 ===================================================== 

ဆောင်းပါး

ငါးပိကင်တဲ့နေ့
- မ မ ဝ သု န် -

ကျွန်မတို့ အရှေ့တောင်အာရှမှလူတွေ တော်တော်များများနှစ်သက်ကြတဲ့ ငါးပိ။ ငါး ငါးပိ၊ ဂွေးငါးပိ၊ ပုဇွန်ငါးပိ ..။ ငါးပိမှန်သမျှ ကျွန်မ လွန်စွာနှစ်သက်၏။ ကင်လည်းကောင်း၏။ အချဉ်သီးတစ်မျိုးမျိုးနှင့် ငပိချက်ချက်လည်း ကောင်း၏။ သုတ်စားလည်း ကောင်း၏။ မန်ကျည်း၊ သံပုရာနှင့်လည်း သုတ်စား၏။ ဆီစိမ်းလေးနှင့်လည်း သုတ်စား၏။ ငပိချက်နှင့် ထမင်းစားသောနေ့တွင် အခြားနေ့များထက် ပို၍နှုတ်မြိန်၏။


ဖခင်ဖြစ်သူသည် တနင်္သာရီတိုင်းသားတစ်ဦးဖြစ်သော်လည်း ထိုကဲ့သို့ အရသာနှင့်ပြည့်စုံလှသော ငါးပိစိမ်းစားကို မည်သို့မည်ပုံ ပြုလုပ်သည်ကိုမူ ညံ့ဖျင်းလှစွာပင် ကျွန်မမသိပါ။ မွန်ပြည်နယ်ဘက်မှ မိခင်ဘက်လိုက်ကာ ငပိရည်ကျိုကိုသာ မည်သို့ပြုလုပ်ရသည်ကို နားလည်ခဲ့သည်။


စိမ်းစားငပိဟု ခေါ်သော ငါးပိအမျိုးအစားသည် ငပိဆိုသည့်အတိုင်း ငါးများကို ပိပြားနေအောင် စီမံထားပြီး အစိမ်းစား၍ရသောကြောင့် စိမ်းစားငပိရယ်လို့ခေါ်သလားဟု မကြာခဏစဉ်းစားမိသည်။ ဟုတ်သည်မဟုတ်သည်အသာထား၍ ထိုကဲ့သို့ ပေါက်ပေါက်ရှာရှာတွေးနေရသည်ကိုလည်း ကျွန်မ ကျေနပ်နေတတ်သေးသည်။ အိမ်ပြန်ရောက်တိုင်း သို့မဟုတ် ဖခင်ဖြစ်သူနှင့် စကားပြောဖြစ်တိုင်း စိမ်းစားငပိကို မည်သို့ပြုလုပ်ရသည်ကို မေးမည်မေးမည်နှင့် ဘယ်တော့မှမမေးဖြစ်ပေ။


ကျွန်မယခုရောက်ရှိနေသောမြို့တွင် ယိုးဒယားကုန်ခြောက်ဆိုင်များ၊ ဗီယက်နမ်ကုန်ခြောက်ဆိုင်များနှင့် တရုတ်ကုန်ခြောက်ဆိုင်များ ရှိသဖြင့် စိမ်းစားငပိကို လွယ်လင့်တကူ ဝယ်၍ရနေခြင်းကား ကျွန်မအတွက် ကံကောင်းလှပေသည်။


တစ်နေ့တွင် ငပိထောင်းစားမည်ဟု အာသီသပေါ်ပေါက်လာသဖြင့် ငပိကင်ရန်စီစဉ်ရသည်။ oven ထဲတွင်လည်း ထည့်မကင်ချင်၊ အချိန်ကြာလှသည်။ ထို့ကြောင့် မိုက်ခရိုဝေ့ဖ်ထဲ ထည့်ကင်မည်ဟု အကြံရ၏။ ထို့ကြောင့် ငပိ၂၀၀ ဂရမ်လောက်ကို ဇွန်းနှင့် အလွှာလိုက်ခပ်ကာ ပန်းကန်ပြားထဲတွင်ထည့်၍ မိုက်ခရိုဝေ့ဖ်ထဲတွင် နှစ်မိနစ် တစ်ခါ၊ တစ်မိနစ်တစ်ခါ ထည့်လှည့်လိုက်သောအခါ လိုချင်သောအနေအထားကို ရသည်။ ထို့နောက် ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်၊ ငရုပ်သီးစိမ်းတို့နှင့် သမနေအောင်ထောင်း၏။ ထို့နောက်တွင်မူ မွှေးပျံ့နေသော ငပိထောင်းကလေးက စားရန် အဆင်သင့်နေပြီ ဖြစ်သည်။


ထို့နောက် ပြတင်းပေါက်ဆီသို့ အကြည့်ရောက်သွားချိန်တွင်မူ အလွန်ပင်လန့်ရ၏။ မြောက်များလှစွာသော ယင်ကောင်တို့သည် မည်သို့မည်ပုံ ရောက်ရှိလာကြသည်မသိ၊ သူတို့၏ တဝီဝီအတောင်ခတ်သံသည် ကျွန်မ၏အသည်းနှလုံးကို ကျလိကျလိဖြစ်စေသည်။ သြော်..ဘိုတိုင်းပြည်ကယင်ကောင်တွေလည်း ဒိန်ခဲတွေကိုသာမက ငါတို့ငပိကိုလည်းကြိုက်ကြသေးသည်ဟု ဘာမဆိုင်ညာမဆိုင် တွေးမိသေး၏။ ပြတင်းပေါက်တို့သည် Fly Screen များ တပ်ထား၍သာ တော်တော့သည်။ သို့မဟုတ်လျှင် ထိုယင်ကောင်အပေါင်းတို့အား မည်သို့မည်ပုံ မောင်းထုတ်ရမည်ကို ကျွန်မ မစဉ်းစားတတ်ပါ။


ထမင်းစားသောက်ပြီး၍ စာကြည့်ခန်းထဲတွင် စာဖတ်နေသောအခါ အီလည်လည်အနံ့အသက်သည် ကျွန်မကို စတင်ဒုက္ခပေးလေသည်။ စာလည်းဖတ်၍မရ။ ငပိကင်အနံ့များသည် အိမ်ထဲရှိအခန်းတိုင်းတွင် ဝင်ရောက်နားခိုနေသည်။ တံခါးများဖွင့်ထားသော်လည်း ပျောက်ပျက်မသွားပါ။ အဆိုးဆုံးကား ဝတ်ဆင်ထားသော အဝတ်အစားများတွင်ပါ စွဲထင်နေခြင်းဖြစ်သည်။ မည်သို့မျှ ထိုအနံ့ကိုမခံနိုင်သည့်အဆုံး အဝတ်ပြေးလဲရ၏။ လဲလှယ်လိုက်သောအဝတ်တို့တွင် အနံ့မစွဲနေသောကြောင့် အနံ့များ မကြာမီတွင် ပျောက်ပြယ်သွားလိမ့်မည်ဟု ယူဆကာ အေးအေးဆေးဆေး စာဖတ်နေ၏။


နေ့လည်နှောင်းပိုင်းအချိန်တွင်မူ လက်ဖက်ရည်သောက်မည်ဟု နို့ဆီကို အနည်းငယ် မိုက်ခရိုဝေ့ဖ်တွင် ထည့်၍ အပူပေးသောအခါတွင် ပြဿနာသည် ပြန်စလာ၏။ နို့ဆီတွင် ငပိနံ့ သင်းပျံ့နေ၏။ ဝတ်ထားသော အဝတ်များတွင်လည်း ထပ်မံစွဲကပ်ပြန်၏။ ထို့ကြောင့် တစ်ခုခုမလုပ်လျှင် မဖြစ်တော့ပြီကို နားလည်မိသည်။


ထို့ကြောင့် ဇီယာအနည်းငယ်ကို ဒယ်အိုးပေါက်စလေးထဲတွင် ထည့်ကာ လျှပ်စစ်မီးဖိုပေါ်တွင် မီးအားအနည်းဆုံးနှင့် တင်၍ ထားလိုက်သည်။ ပြီးလျှင် မိုက်ခရိုဝေ့ အတွင်းကို orange squash နှင့် ဆေးပြီး တံခါးကိုလည်း ဖွင့်ထားလိုက်၏။ ပြီးလျှင် လက်ဖက်ရည်ဖျော်ခြင်းအမှုကို ပြု၏။ ထိုအချိန်တွင် ဒယ်အိုးသည် ကောင်းစွာပူပြီး ထည့်ထားသောဇီယာများလည်း လှော်ပြီးဖြစ်နေသည်။ ထိုအခါ ဒယ်အိုးကို လက်ကိုင်မှကိုင်ကာ တစ်ခန်းဝင်တစ်ခန်းထွက် လုပ်ရ၏။ ပြီးလျှင် မီးဖိုပေါ်တွင်ပြန်တင်ထားလိုက်သည်။ ဇီယာလှော်ရာမှ ထွက်ရှိလာသောရနံ့သည် အိမ်အတွင်းတွင်စွဲထင်နေသော ငပိနံ့ကို ယူဆောင်သွားလေသည်။ ကျွန်မလည်း ငပိနံ့ထပ်မံစွဲထင်လာသော အဝတ်တို့ကို နောက်ထပ်တစ်ခါ လဲလှယ်ရပြန်၏။ မီးဖိုပေါ်မှ ဇီယာတို့ တူးစပြုလာသောအခါတွင် မီးဖိုကိုပိတ်၍ ဒယ်အိုးကိုလည်း ဖယ်လိုက်သည်။ အိမ်တွင်း၌ကား ငပိနံ့တို့ စိုးစဉ်းမျှမကျန်တော့ပေ။ ထိုအခါ Room Spray လိမ္မော်နံ့လေးကို ဖြန်းလိုက်သည်။


နောက်နောင်တွင် ကျွန်မ ဘယ်တော့မှ မိုက်ခရိုဝေ့ဖ်ဖြင့် ငပိမကင်တော့ပါ။ ယခင်ကင်နေကျအတိုင်း oven ကိုသာ သုံးပါတော့မည်။ သို့မဟုတ်ပါက အိမ်ထဲတွင် စွဲကျန်နေသောအနံ့ကို ဖျောက်ရန် နေ့ဝက်မျှ အချိန်ထပ်မံကုန်ရဦးမည်ကို စိုးလှသည်။


မိတ်ဆွေ..။ သင်တို့၏အိမ်တွင် ဟင်းနံ့များ၊ ချက်ပြုတ်ရာမှရရှိသော အနံ့အသက်များ အိမ်တွင်းရှိ လိုက်ကာနှင့် နံရံတို့တွင် စွဲကျန်ဖူးပါသလား။ ဇီယာလှော်သည် အိမ်တွင်း၌စွဲတင်နေသော ဟင်းနံ့တို့အတွက် ကျွန်မတို့၏ အကောင်းမွန်ဆုံး မိတ်ဆွေပင် ဖြစ်ပါသည်။


 ===================================================== 

    
မျောက်ကလေးနဲ့သစ်သားပန်းသီးများ
- သ က် တ န့် ချို -

တစ်ခါတုန်းက တောအုပ်ထဲမှာ ပျော်နေတဲ့ မျောက်တစ်ကောင်ရှိတယ် ။ သူ ဗိုက်ဆာလာတဲ့အခါ အရသာရှိတဲ့ သစ်သီးတွေ စားလို့ သူ မောလာတဲ့အခါ အနားယူလို့ အဲဒီတောအုပ်ထဲမှာ ပဲ ပျော်မွေ့နေခဲ့တယ် ။ တစ်နေ့ မှာတော့ သူဟာ မျက်စိလည်လမ်းမှားရင်း အိမ်တစ်လုံးဆီရောက်လာခဲ့တယ် ။ အဲဒီမှာ သူမြင်လိုက်ရတာက အရမ်း ကို လှပတဲ့ ပန်းသီးတွေထည့်ထားတဲ့ ပန်းကန်လုံးကြီးကိုပေါ့ ။ သူက လက်တစ်ဖက်စီမှာ ပန်းသီးတစ်လုံးစီ ယူပြီး တောအုပ်ထဲ ပြန်ပြေးလာခဲ့တယ် ။

မျောက်က ပန်းသီးကို နှာခေါင်းရှုံ့ပြီးအနံ့ခံတယ် ။ ဒါပေမယ့် ဘာအနံ့မှ မရဘူး ။ ပြီးတော့ ပန်းသီးကို စားဖို့ကြိုးစားတယ် ။ ဒါပေမယ့် သူ့သွားတွေ နာကျင်ပြီး စားမရလောက်အောင်မာကြောနေတယ် ။ ပန်းသီးတွေ ဟာ တကယ်တော့ သစ်သားနဲ့ပြုလုပ်ထားတာဖြစ်တယ် ။ ဒါပေမယ့် သူတို့က အရမ်းလှတယ် ။ တခြားမျောက် လည်း အဲဒီပန်းသီးတွေမြင်တဲ့အခါ အလုအယက်ပြေးယူဖို့လာကြတယ် ။ အဲဒီအခါ ပန်းသီးပိုင် ရှင် မျောက်က သူ့ပန်းသီးတွေကို တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်တယ် ။ ပြီးတော့ သူဟာ ဒီတောထဲမှာ သူ့ရဲ့ ပန်းသီးပိုင် ဆိုင်မှုအတွက် ဂုဏ်ယူဝင့်ကြွားစွာနဲ့ သဘောတွေကျနေခဲ့တယ် ။ ပန်းသီးတွေ က နေရောင်နဲ့ကြည့် တဲ့အခါ နီရဲတောက်ပြောင်နေပြီး သူ့ကို ပြည့်စုံအောင် လုပ်ပေးနေ တယ်လို့ မျောက် ကခံစားနေရတယ် ။ ပန်းသီတွေကိုပဲ သူဂရုတစိုက်ကြည့်နေပြီး ပထမဆုံး သူ ဆာလောင်နေ တာကိုတောင် မေ့လျော့သွားခဲ့တယ် ။

သစ်သီးပင်တစ်ပင်က မျောက်ကို သတိပေးတယ် ။ ဒါပေမယ့် သူ့လက်ထဲကပန်းသီးတွေက လွဲလို့ မျောက်က ဘာကိုမှ ဂရုမစိုက်ဘူး ။ သူစားဖို့ သစ်သီးခူးဖို့ အတွက်သူ့လက်ထဲက ပန်းသီးတွေကို မြေပြင်ပေါ် ခဏချရမှာ ကိုတောင် သူမချနိုင်ဖြစ်နေခဲ့တယ် ။ တကယ်တော့ သူ နားလည်း မနားရသလို သူ့ ပန်းသီးတွေကို တခြားမျောက်တွေလာလုယူမှာစိုးတဲ့အတွက် အချိန်တိုင်းကာကွယ်နေရတယ် ။ ဂုဏ်ယူဝင့်ကြွားမှုတစ်ခုအတွက် အရင်က ပျော်ရွှင်နေတဲ့မျောက်ဟာ ပျော်ရွှင်မှုတွေနည်းလာပြီး သစ်တောတလျှောက် မှာ လျှောက် သွားနေ ခဲ့ရတယ် ။

ပန်းသီးတွေဟာ တဖြည်းဖြည်း လေးပင်လာသလို ခံစားလာရတယ် ။ သနားစရာကောင်းတဲ့မျောက်ဟာ ပန်းသီးတွေကို လွှတ်ချလိုက်ဖို့ အတွက်စဉ်းစားတယ် ။ သူ မောနေပြီ -- သူ ဆာနေပြီ နောက်ဆုံး သစ်သီးပင်ပေါ်တက်လို့ သစ်သီးတွေ သူ မခူးနိုင်တော့ဘူး သူ့လက်ထဲမှာ စားလို့မရတဲ့ ပန်းသီးတွေ နဲ့ပဲပြည့်နေခဲ့တယ် ။ အကယ်၍ သူ့လက်ထဲက ပန်းသီးတွေကို လွှတ်ချလိုက်ရင် သူ ဘာဆက်ဖြစ်မလဲ ?

သူ့လက်ထဲ သယ်ဆောင်ထားတဲ့ပန်းသီးတွေက ရူးသွပ်မှုတွေပဲလို့ သူမြင်လာတယ် ။ သူ အရမ်းလည်း ပင်ပန်းနေ ခဲ့ပြီး နောက်ဆုံး အသီးပင် ရောက်တဲ့အခါ အဲဒီအပင်က သစ်သီးရနံ့တွေကို သူ ရှုရှိုက်ရင်း သူအရာရာကို နားလည်သဘောပေါက်သွားတယ် ။ သူ့လက်ထဲက သစ်သားနဲ့လုပ်ထားတဲ့ပန်းသီးတွေကို သူ မြေပြင်ပေါ် ပစ်ချလိုက် လို့ သူ့အစာအတွက် သစ်သီးပင်ပေါ်တက်သွားတယ် ။ သူ အခု ပြန်ပြီးပြုံးပျော်နိုင်ပါပြီ ။

----------------------------------------------------

မျောက်ကလေးလိုပဲ ကျွန်တော်တို့ဟာ တန်ဖိုးရှိတယ်လို့ ထင်မိတဲ့ အရာတွေကို ကျွန်တော်တို့ ဘ၀တလျှောက် လုံး သယ်ဆောင်ထားကြတယ် ။ ပုံပြင်လေးရဲ့အဆုံးက ၂ ခုဖြစ်နိုင်တယ် ။ မျောက်ဟာ နောက်ဆုံး သစ်သီး ပင်အောက်မှာ သူ့ပန်းသီးတွေကို မစွန့်ပယ်နိုင်လို့ ရင်မှာ ပိုက်ရင်း သေပွဲ ၀င်သွားခဲ့တယ် ။ နောက်တစ်ခုကတော့ ကျွန်တော်အပေါ် မှာရေးခဲ့သလို ပန်းသီးတွေကို လွှတ်ချလို့ ကိုယ့်ရဲ့ ရှင်သန်မှုနဲ့ ပျော်ရွှင် မှုကို ရွေး ချယ်လိုက်တယ် ။ ကဲ ကိုယ်မစားနိုင်တဲ့ ကိုယ်တဲ့အသုံးမ၀င်တဲ့ သစ်သားပန်းသီးကို ရင်မှာ ပိုက်ပြီး တကယ်စားနိုင်တဲ့ သစ်သီးပင်အောက်မှာ သေပွဲ ၀င်တယ်ဆိုတာ တကယ်တော့ မဖြစ်သင့် ဘူးမဟုတ်လား ။

ဒါဆို ကျွန်တော်တို့ဘ၀မှာရော မျောက်ကလေးလိုပဲ ဘာတွေကို သယ်ဆောင်ထားမိကြပါလိမ့် ။ စည်းစိမ် ဥစ္စာ တွေလား ၊ စိုးရိမ်ကြောင့်ကျမှုတွေလား ၊ စိတ်ပျက် ၀မ်းနည်းစရာတွေလား ၊ မာန်မာနတွေလား ၊ ဘွဲ့ထူးဂုဏ် သိမ်တွေလား တစ်ခုခုကိုတော့ သယ်ဆောင်ပြီး တောအုပ်ထဲ ကျွန်တော်တို့ လျှောက်သွားနေမိကြတယ် ။

“ လွှတ်ချသင့်တဲ့အရာကို လွှတ်ချသင့်တဲ့အချိန်မှာ လွှတ်ချနိုင်မှသာလျှင် တကယ့်ပျော်ရွှင်မှုကို ကျွန်တော်တို့ ခံစားနိုင်လိမ့်မယ် ”

The Monkey With The Wooden Apples အားဘာသာပြန်ခံစားသည် ။ 

  ===================================================== 

                                      Download Zone

ခရမ်းရိပ်မဂ္ဂဇင်း သြဂုတ် ၂၀၁၂ အားဒေါင်းလုပ်ရယူရန် >>>ခရမ်းရိပ်အနုပညာမဂ္ဂဇင်း (စက်တင်ဘာ ၂ဝ၁၂)



0 comments:

Post a Comment